❝ အကြွေး ယူမလို့လား သွားပြီ ❞
၂ဝဝ၆ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ။
“ ဝယ်လိုက်ပြီလား ”
“ မဝယ်ဖြစ်တော့ဘူး ဦးလေး ”
“ အေး ကောင်း ”
ဤသည်မှာ ဇာတ်လမ်း အ ဆက်ပါ ခင်ဗျာ ။ လွန်ခဲ့သော တစ်ပတ် ခန့် က သည် ကလေး နှစ်ယောက် ကျွန်တော့် ဆီ ပေါက်ချလာ ကြသေးတယ်ဗျာ ။
“ ကဲ ဆို ကောင်တွေ ”
( တူတော်မောင်များ ဖြစ်ကြသောကြောင့် )
“ ဆီစက် ဝယ်မလို့ စက်သမား နဲ့ လာ ညှိတာ ဦးလေး ”
“ ဘယ်မှာ ”
“ အောင်လံ ဆီစက်သမား ဆီ က စက် ကို ဝယ်ပြီး သမ္ဘူလရွာ ( အောင်လံ အရှေ့ဘက် က ရွာ ) မှာ တည်မလို့ ”
“ ဘယ်လောက် ကုန်မလဲ ”
“ စက် က ချည်းပဲ ၁၅ သိန်း ၊ ၂၂ ကောင် အင် ဂျင် တစ်လုံး ဝယ်ရမယ် ”
“ မြေကွက် က ”
“ ရှိပြီးသား ဦးလေး ”
“ နေပါဦးကွ ငါ မသိလို့ ၊ မင်းတို့ ဒီ စက် ဝယ်ဖို့ အတွက် ပိုက်ဆံ ရှိရဲ့လား ”
“ ယာခင်းကွက်တွေ နဲ့ နွားမအုပ် ကို ရောင်းထုတ်ရမှာ ”
“ ဟကောင်တွေ ရှေ့ဆက် မပြောနဲ့ တော့ ပြန်တော့ ပြန်တော့ ၊ မင်းတို့ ထက် မိုက်တဲ့ကောင် ရှိမှာ မဟုတ်တော့ဘူး ”
တူများ ဖြစ်သောကြောင့် လေသံ ခပ်မာမာ နှင့် ခပ်တင်းတင်းကလေး ပြော လွှတ်လိုက်၏ ။
ယနေ့ နောက် တစ်ကြိမ် လာသည် ။ ထို စက် အတွက် မဟုတ်တော့ပါ ။
“ ဦးလေး ရဲ့ သဘောထား ကို ဆွေမျိုးတွေ ပြောပြ လိုက်တော့ အားလုံးက ဝိုင်း ကန့်ကွက်ကြတာ နဲ့ ... ”
“ အေး ဟုတ်တာပေါ့ ၊ မင်းတို့ စဉ်းစားကြည့် ၊ စက်ဖိုး က ၁၅ သိန်း ၊ စက်ရုံ ဆောက်ဦး ၊ အင်ဂျင် ဝယ်ဦး ၊ ပီပါခွံတွေ ဝယ်ဦး ၊ ဒီဇယ်ဆီ ဝယ်ဦး ။ ကြိတ်ဖို့ နှမ်းတွေ ဝယ်ဦး ၊ နည်း တဲ့ ပိုက်ဆံတွေ လားကွ ၊ မလောက် တော့ ငွေချေး ထည့်ရမယ် ၊ တစ်နာရီ မှာ ငွေလေး တစ်ထောင် လောက် ပြန်ရမှာ ၊ ဒါတောင် နဝလီ လာ ကြိတ်တဲ့ လူ က အမြဲ ရှိဦးမှ ”
“ ..... နဝလီ မကြိတ်ရလို့ ကိုယ့် နှမ်း ကိုယ် ကြိတ်မယ် ဆိုပြန်တော့ လဲ ဆီ ဝယ်စားသူ ရှိဦးမှ ”
“ ..... မြို့ မှာက လျှပ်စစ်ဓာတ်အား နဲ့ ကြိတ် မှာ ၊ တို့ တော မှာ က ဒီဇယ် နဲ့ မောင်းရမှာ ”
“ ..... ငွေရင်း သိန်း လေးငါးဆယ် လောက် သွားမှာ ၊ အေး ငွေ တွေ ပေါ နေတယ် ၊ ပို နေတယ် ဆို အကြောင်း မဟုတ်ဘူး ၊ လိုတဲ့ ငွေ ချေးထည့် နေရရင်တော့ မင်းတို့ စားရဖို့ နေနေသာသာ အတိုး ဆပ် ဖို့ ငွေတောင် အလျဉ် မီအောင် ရပါ့မလား ”
အမှန်ပါပဲ ခင်ဗျာ ။
လုပ်ငန်း တစ်ခု ထူထောင်ရာ မှာ သူတစ်ပါး ထံ မှ ချေးငွေ နှင့် ရင်းနှီးမတည် ခဲ့ ရသော် အကြွေး ဆပ် လို့ မပြတ်တော့ပါ ။ နောက်ဆုံး စက် ပါ ထိုးရောင်း ၊ ဆွေတွေ မျိုး
တွေ ဆီက ရွှေတွေ ဆွဲရောင်း ၊ ဆပ်ပါ သော်လည်း အကြွေးမ ကျေနိုင်ပါသဖြင့် လက်ရှိ က လက်မဲ့ ဖြစ်သွားရသူပေါင်း မနည်းတော့ပါ ။ မျက်စိ နဲ့ အမြင်ပဲဗျာ ။
ကဲ လား ဒါက လုပ်ငန်းထူ ထောင်တာ ။
ကုန် လှောင်ကြည့်ရအောင် ၊ သည်နှစ် အောင်လံ မှာ ၊ ပဲစင်းငုံသမား နဲ့ ဝါသမား အထိ အလွန် နာပါသဗျာ ။
မျှော်ရင်း မျှော်ရင်း လာဘ် ကို မျှော်ရင်း နဲ့ သူများ ဆီက ငွေတွေ ဆွဲဆွဲ ပြီး စာရင်း ထဲ ထိုးထည့် ထိုး ထည့် ၊ လေးကျပ်တိုး ၊ ငါးကျပ်တိုး ၊ ခြောက်ကျပ် ၊ ခုနစ်ကျပ်တိုး တွေ ။
ဝါ ဟာ ဆယ်လ တိတိ ကြာ သွားပါသည် ။ စောင့်လိုက်ရတဲ့ ဆယ်လ ၊ အတိုး က မနေပါ ။
တစ်တိ တစ်တိ နဲ့ ဝါဂွမ်း ကို ရောင်းထုတ် ၊ ရောင်းထုတ် ၊ နောက်ဆုံး မဖြစ်စလောက်ကလေး လက် ထဲ ကျန်ခါမှ ဂွမ်းဈေး က တက်လာ ၊ သွားပြီ သေရော ၊ ဆပ်လဟဲ့ အတိုး ဆပ်လဟဲ့ အတိုး ။
အဲသည့်တော့ လုပ်ငန်း လုပ်ရာမှာ ကုန် လှောင်ရာမှာ ကိုယ်ပိုင် ငွေ နဲ့ ချည်း လုံလောက်တယ် ဆို သိပ် မသိသာ သော်လည်း အမှန် ကတော့ မမြတ် ရင် ရှုံးတာပဲ ၊ ငြိမ်နေလို့ လူ မသိတာပါ ။ ချေးငွေ အတွက် အတိုးပါ ပေးဆပ်ရဦးမယ် ဆိုရင်တော့ အမြတ်ရဖို့ ထက် ၊ အတိုး ဆပ်ရဖို့ တွေး ပူနေရတော့မယ် ။
ကဲ ဘယ့်နှယ့်လဲ ၊ တွက် လည်း ကြည့်ဦးပေါ့ ။ ပိုက်ဆံ သူဌေး ဖြစ် မလာဘဲ အကြွေးသူဌေး ဖြစ်သွား နိုင်တယ် ။
တော်သေးတယ် ၊ တော က ကလေးတွေ က ( အမျိုး ဆိုတော့) ငေါက်ငမ်း ထားလို့ ရပေသေးလို့ ။ မြို့ပေါ် က သူဌေးကြီးတွေ ကိုတော့ သွားပြီး ဆရာ မလုပ်ရဲပါဘူးဗျာ ။
( မောင်ချမ်းသာ ဆိုတဲ့ ကောင် ကိုလည်း ဘယ်သူက မှ ဆရာ မတင်ကြပါဘူး ၊ သူ့သဘောနဲ့ သူ ဆရာ လုပ်နေတာ ။ )
တစ်ခုတော့ ရှိတယ် ။ သေချာ နေတဲ့ အလုပ် ၊ စဉ်ဆက် မပြတ် လည်ပတ်နေတဲ့ အလုပ်မျိုး မှာ ဆို ရင်တော့ .. ၊
အရင်းအနှီးအတွက် ငွေချေး ထည့်သင့် ထည့်ရလိမ့်မယ် ။ နှစ်လုံးပေါက် အလုပ် ၊ တစ်ချိန်လုံး ၊ ရေရှည် လုပ်ရမယ့် အလုပ်မျိုး အတွက် ကတော့ လုပ်ငန်းပိုင်ရှင် နဲ့ ငွေတိုး ချေးစားသူများ အကြား လင်မယား ဖြစ်သင့်ပါ၏ ။
ဒါလည်း လျှော့လျှော့ပေါ့ပေါ့ အတိုး မှ နော် ။ အတိုး က နင်းကန် ကြီး နေရင် လုပ်ငန်းရှင် က အတိုးသမား ကို လုပ်ကျွေး နေရတဲ့ အပေါက်မျိုး ရောက်သွားနိုင်တယ် ။
သည်လို အခါမျိုး မှာ အစေး ကပ် နေရာ ကနေ ခွာပြဲ သွားတတ်တယ် ။ ဘာကြောင့်လဲ ဆိုတော့ ဘယ်လောက်ပဲ ရင်းနှီး နေပေမဲ့ အတ္တ ( ကိုယ်ကျိုး ) က ပါလာတာကိုးဗျာ ။ အဲသလို ဖြစ်ပြီ ဆိုရင် သွားရော ၊ နှစ်ဦးလုံး သေပြီ ။
◾မောင်ချမ်းသာ
📖ကုမုဒြာ ဂျာနယ်
၂၂ စက်တင်ဘာလ ၊ ၂၀၀၆
No comments:
Post a Comment