❝ မုန်ညင်းချဉ် ❞
ကျွန်တော် မသိတာတွေ အများကြီး ရှိတယ် ။ အဲဒီ ထဲမှာ မန္တလေး က မောဒို့ဆယ် ဆိုတဲ့ ရှမ်းမုန်ညင်းချဉ်ဆိုင် ကို မသိဘူး ။
မန္တလေးမှာ နေတဲ့ ကျွန်တော် က သာ မောဒို့ဆယ် ကို မသိတာ ။ စင်ကာပူ ၊ ထိုင်ဝမ် ၊ ဟောင်ကောင် ၊ အမေရိကန် က မြန်မာတွေ သူတို့ နေရတဲ့ နိုင်ငံ ကို အပြန် မှာ မောဒို့ဆယ် ရှမ်းမုန်ညင်းချဉ် ကို ပိဿာ နဲ့ ချီပြီး ဝယ်သွားတယ် ။ စီးတီးမတ် တို့ ၊ အိုးရှင်း တို့ ၊ စူပါမားကက်ကြီး တွေ ပေါ်မှာ သူ က နေရာ ရနေတယ် ။ တစ်နေ့ တစ်နေ့ သူ ရောင်းရတဲ့ ရောင်းကြေး က စိတ်ဝင်စားစရာ ။
မောဒို့ဆယ် ကို ထူထောင်ခဲ့တဲ့ ဒေါ်နန်းခင်ခင်ဝင်း က မန္တလေး ကို ရောက်စ မှာ ကြယ်မြင်လမြင် မလုံမခြုံ အိမ်စုတ်လေး ကို ငှား နေပြီး လမ်းဘေး မှာ တိုးကာ ဝှေ့ကာ ရောင်းရတဲ့ ဘဝ က အစပြုခဲ့တယ် ။
အခုတော့ လူ နေတဲ့ အိမ် လည်း ဟုတ် ၊ လုပ်ငန်းခွင် လည်း ဟုတ်တဲ့ အိမ်ကြီး တစ်ခုလုံး မှာ မုန်ညင်းချဉ်တွေ သိုလှောင် ထားတဲ့ ကွန်ကရစ် ကျောက်စည်ကြီးတွေ နဲ့ ပြည့်နေတယ် ။
ဧည့်ခန်း စားပွဲ ပေါ် မှာ ကျွန်တော့် ကို ဧည့်ခံ ကျွေးမွေးတာ ကလည်း မုန်ညင်းချဉ် အမျိုးမျိုးပါ ။ ယိုးဒယားရှယ်အချို ၊ ယိုးဒယားရှယ်အချဉ် ၊ အရိုးလုံးအချဉ် ၊ အရိုးလုံးအချို ၊ မုန်ညင်းဖူးချဉ် ၊ မုန်ညင်းဖူးအချို ၊ အစုံချဉ် တော်တော် စုံပါတယ် ။
မုန်ညင်းချဉ် ချည်း အမျိုးကွဲ ဆယ်မျိုး လောက် လုပ်ထားတာ ။ သူ မုန်ညင်းချဉ်သည် ဘဝ ရောက်လာပုံ ကလည်း စိတ်ဝင်စားဖို့ ကောင်းလို့ ကျွန်တော် မေးကြည့် မိပါတယ် ။
“ ကျွန်မ ကို လားရှိုးမြို့ မှာ မွေးတယ် ၊ ငယ်ငယ် ကတည်း က လားရှိုး မှာ ပဲ နေခဲ့ရတာ ၊ ကျောင်း တက်တော့လည်း လားရှိုး အမှတ် ၂ အထက်တန်းကျောင်း မှာ ပဲ ၊ မိဘတွေ က လားရှိုးဈေး ထဲ မှာ ပန်းကန် ၊ ဓာတ်ဘူး ၊ ဓာတ်ခဲ တို့ အစုံ ရောင်းတာ ၊ ငယ်ငယ် ကတည်း က ကျောင်း တစ်ဖက် နဲ့ ဈေးကူ ရောင်းခဲ့ရတာ ”
“ လားရှိုး မှာ ဘယ် အရွယ် အထိ နေခဲ့တာလဲ ”
“ အသက် ၁၆ နှစ် ၊ ၁၇ နှစ်အထိ ၊ တရုတ်နယ်စပ် မှာ အရောင်းအဝယ် ကောင်းတော့ အဖေ က သွား လေ့လာတယ် ၊ မူဆယ် က ပို တွင်ကျယ်တယ် ဆိုပြီး မိသားစုလိုက် မူဆယ် ပြောင်းသွားကြတာ ”
“ အဲဒါ ဘယ် အချိန်လောက်လဲ ”
“ ၁၉၈၉ ခုနှစ် ၊ နယ်စပ် ကုန်သွယ်ရေးတွေ လုပ်တဲ့ အချိန် ၊ အဲဒီတုန်း က မူဆယ်ရွှေလီ က ဖွံ့ဖြိုးခါစ ၊ ဟိုဘက်ကမ်း က ပစ္စည်း ဝယ်ပြီး မူဆယ် မှာ ဆိုင်ဖွင့် ရောင်းတာ ၊ မူဆယ် ရောက်ခါစ မှာ အဖေ က ကျွန်မ ကို ရွှေလီ ကို ဈေးဝယ် လွှတ်တာပေါ့ ”
“ အဆင်ပြေလား ”
“ ရောက်ခါစ က စမ်းတန်းစမ်းတန်း နဲ့ လုပ်ရတာ ၊ အပေါင်းအသင်း က လည်း မရှိ ၊ အဲဒီ အချိန်က ရွှေလီမြစ်ကူးတံတား မရှိသေးဘူး ၊ အိမ် က နေ မြစ်ဆိပ် ကို ခြေကျင် လျှောက် ၊ ရွှေလီမြစ် ကို ဖောင် နဲ့ ပဲ ကူးရတာ ၊ ဟိုဘက်ကမ်း ရောက်တော့ လိုင်းကားလေး စီးပြီး ရွှေလီ သွားတယ် ၊ ဓာတ်ဘူး ၊ ဓာတ်ခဲ ၊ ပန်းကန်တွေ ဝယ်ပြီး ထော်လာဂျီ နဲ့ သယ်တယ် ”
နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးခါစ ၊ မြန်မာတွေ တရုတ်ပြည် နဲ့ ဥဒဟို ကုန်ကူး ခါစ အဲဒီတုန်းက ကျွန်တော် ရောက်ဖူးခဲ့တဲ့ မြင်ကွင်းတွေ ကို ပြန်ပြီး မြင်ယောင် မိတယ် ။ မူဆယ် နဲ့ ကပ်လျက် ကြယ်ကောင် က လည်း မဖွံ့ဖြိုးသေးဘူး ။ ရွှံ့အိုင် ၊ လယ်ကွင်း ၊ သက်ငယ်တဲလေး တစ်လုံးစ နှစ်လုံးစ ပဲ ရှိသေးတဲ့ အနေအထား ။ နယ်စပ်တွေ ကလည်း ယခုလို အကာအရံတွေ လုံလုံခြုံခြုံ မဟုတ်သေးဘူး ။
“ မြစ်ဆိပ် မှာ ရဲ စောင့်တာ ရှိတယ် ၊ ကျွန်မတို့ ပစ္စည်းတွေ က ည ၁၂းဝဝ နာရီ ၊ ၁းဝဝ နာရီ ရဲ မရှိ မှ ထော်လာဂျီ နဲ့ ကဲ့ရတာ ”
“ မူဆယ် မှာ ဘယ်လောက် ကြာကြာ နေခဲ့လဲ ”
“ ငါးနှစ် ၊ ခြောက်နှစ် လောက်ပဲ နေတယ် ၊ အသက် ငယ်ငယ် နဲ့ အိမ်ထောင် ကျတယ် ၊ အမျိုးသား က ကုန်ကားဂိတ် မှာ အလုပ် လုပ်တယ် ၊ နယ်စပ်ကုန်သွယ်ရေး ဂျူတီစာရွက်တွေ ဘာတွေ လုပ်တာ ၊ မိဘ က သဘော မတူဘူး ။ ကျွန်မ က အမျိုးသား ကို ချစ်လှချေ ရဲ့ ဆိုပြီး မိဘ ကို ခြေစုံကန် ပြီး အမျိုးသား ဆီ လိုက်သွားတာ ”
“ လိုက်သွားတော့ ”
“ လိုက်သွားတော့ ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်ပြီး ရှာ စားရတော့တာ ၊ အမျိုးသား က တစ်ရက် နှစ်ထောင် ( ကျပ် ၂၀ဝ၀ ) ရလိုက် ၊ သုံးထောင် ( ကျပ် ၃၀၀၀ ) ရလိုက် ၊ ပိုက်ဆံ လည်း တန်ဖိုး ရှိတော့ မဆိုးပါဘူး ။ ဒါပေမဲ့ ”
“ ဒါပေမဲ့ ဘာဖြစ်လဲ ”
“ ကုန်တင်ကားကြီးတွေ နဲ့ ကုန်တင် ပေးနေရာ ကနေ တရုတ်နယ်စပ် ကို လက်ကြီးသမားတွေ ရောက်လာတယ် ၊ သူတို့ ကားကြီးတွေ နဲ့ သူတို့ သယ်တယ် ၊ ကျွန်မတို့ အဆင် မပြေတော့ဘူး ၊ မန္တလေး ဆင်းပြီး စီးပွား ရှာကြမယ် ဆိုပြီး လာခဲ့ကြတာ ”
“ မန္တလေး ရောက်တော့ ကော ”
“ မန္တလေး ရောက်တော့ အမှတ် ၈ ရဲစခန်း နား မှာ မူဆယ်အမဲလုံး ၊ ရှမ်းခေါက် ဆွဲဆိုင် ဖွင့်တယ် ”
“ အမဲလုံး လုပ်တာ အမေ က သင်ပေးထားတာလား ”
နန်းခင်ခင်ဝင်း က ရယ်တယ် ။
“ မဟုတ်ဘူး ၊ သူများ ဆီ က ပညာ ခိုးထားတာ ”
“ ပညာ ခိုးပုံလေး ပြောပြပါဦး ”
“ မူဆယ် မှာ တုန်းက အမဲလုံး ရောင်းတဲ့ ဆိုင် ကို သွားပြီး ဝိုင်းကူ လုပ်ရင်း နည်းရတာ ၊ တတ်သလောက် မှတ်သလောက် နဲ့ လုပ်ရောင်းတာပေါ့ ”
“ ရောင်းရရဲ့လား ”
“ အဆင် မပြေဘူး ၊ ကိုယ် က မန္တလေး မှာ နယ်စိမ်း တိုးရတာ ၊ ခေါက်ဆွဲဆိုင် က မရောင်းရဘူး ၊ အမျိုးသား က ဖားကန့် တက်တယ် ၊ တစ်ခေါက် ပြန်လာ တစ်ခါပြုတ် ၊ ကိုယ် က ရှိတာလေး ထုတ်ပေး ၊ ရှိတာလေး ထုတ်ပေး ၊ ဒီလိုနဲ့ ရှိတဲ့ ရွှေလည်း နောက်ဆုံးမှာ ကုန်ရော ”
“ အဲဒီတော့ ”
“ အဲဒါနဲ့ ဆုကြေးလေး ထည့် ၊ နှစ်စု သုံးစု ထည့်ပြီး ပိုက်ဆံ ချေးတော့ ငါးသိန်း ( ကျပ် ၅၀၀၀၀၀ ) ရတယ် ၊ ဗင်ကား က အဲဒီတုန်း က ကျပ် ၄ဝဝဝဝဝ ကျော်ပဲ ရှိသေးတာ ၊ ဒါနဲ့ ဗင်ကားလေး တစ်စီး ဝယ်ပြီး မန္တလေး - မူဆယ် ခရီးသည်တင်လိုင်း ထဲ ဝင် ဆွဲတယ် ”
“ အမျိုးသား က ကားမောင်းသလား ”
“ သူ က ကား မမောင်းတတ်ဘူး ၊ ရန်ကုန် က ဒရိုင်ဘာ ငှားပြီး မောင်းခိုင်းတာ ၊ ဒရိုင်ဘာ က ကားနံပါတ် ကို နှစ်မျိုး သုံးမျိုး လုပ်ထားပြီး လိုင်းဆွဲတာ ၊ သုံးခေါက်ကြေး ရရင် ကျွန်မတို့ ကို တစ်ခေါက် ပဲ ပေးတာ ၊ အဲဒီလို လုပ်ရင်း သူ က ကား တစ်စီး ဝယ်နိုင်သွားတယ် ၊ ကျွန်မတို့ က ဘာမှ မရဘူး ”
“ ဘယ်လောက် ကြာမှ သိသလဲ ”
နန်းခင်ခင်ဝင်း က ပြုံးတယ် ။
“ နှစ်နှစ်ကျော် ကြာမှ သိတာ ၊ သိတော့မှ ယောက်ျား ကို ချောက်ထဲ ကျကျ ၊ ကိုယ့် ကား ကိုယ် မောင်းစမ်းပါ ပြောလို့ သူ မောင်းတယ် ၊ ဒါပေမဲ့ ခဏပါပဲ ၊ သူ့ ညီ ပဲ မောင်းခိုင်းတယ် ၊ ရတဲ့ ဝင်ငွေ တစ်ယောက် တစ်ဝက် စား ၊ ကား ပြင်တာ ကျွန်မ က တာဝန် ယူရတယ် ၊ ဝင်ငွေ က မကိုက်ဘူး ၊ လင်မယား စကား များတာက ခဏခဏပဲ ”
“ ကလေး ကော ”
“ ကလေး က နှစ်ယောက် ရှိလာပြီ ၊ အဲဒီ အချိန် မှာ ကား က ယာဉ်တိုက်မှု ဖြစ်တယ် ၊ ကိုယ့် ကား က အတိုက် ခံရတာ ၊ လမ်းဘေး ချရပ်ထားတုန်း ငြိမ်းချမ်းရေးအဖွဲ့ကား က ဝင်တိုက်သွားတာ ၊ ကား က စုတ်ပြတ်သွားတယ် ၊ အလျော်တော့ ပေးပါတယ် ၊ ဒါနဲ့ ကား တစ်စီး ထပ် ဝယ်တယ် ၊ အမျိုးသား က သူ့ ညီ ပဲ မောင်းခိုင်းပြီး သူ ကတော့ ဖားကန့် တက်တယ် ”
“ ဒီတစ်ခါ ဖားကန့် တက်တော့ အဆင် ပြေသလား ”
“ အဆင် မပြေတာ များတယ် ၊ သူ က လူ တစ်ယောက် နဲ့ တွေ့ လာတယ် ၊ အဲဒီ လူ က စပ်တူ ကြေးချက်ဖို့ ပြောတယ် ၊ အမျိုးသား က ငွေစိုက် ၊ အဲဒီ လူ က နေရာ စိုက် ၊ ကြေးချက်မယ် ဆိုပြီး ကား ကို ပေါင်ပြီး ကြေး ချက်တာ ၊ တစ်နှစ် သာ ကျော်ရော ကား ပြန် မရွေးနိုင်ဘူး ”
“ နောက်ဆုံးကျတော့ ”
“ နောက်ဆုံးကျတော့ ရက်လ လွန် လို့ အပေါင်ခံတဲ့ လူ က ကား ကို အရွေး မခံတော့ဘူး ၊ လက်မဲ့ ဖြစ်သွားတယ် ”
“ မိသားစု စားဝတ်နေရေး အတွက် ဘာ ဆက်လုပ်လဲ ”
“ ကျွန်မ ရဲ့ ညီမတွေ ၊ အစ်ကိုတွေ ထောက် သလောက် နဲ့ စားနေရတာ ၊ ကျွန်မ ညီမ တစ်ယောက် က အိမ်ဖော် လူ လို နေတယ်တဲ့ ၊ ဒါနဲ့ ခေါက်ဆွဲဆိုင် ဖြုတ်ပြီး တစ်လ ကျပ် ၂ဝဝဝဝ နဲ့ အခိုင်းအစေ လို သွား လုပ်တယ် ၊ အိမ်ဖော်မလေး တစ်ယောက် နဲ့ ကျွန်မ နဲ့ ကလေးထိန်း ၊ ကလေးကျောင်းပို့ ၊ အိမ်မှုကိစ္စတွေ လုပ်ရတာပေါ့ ”
“ အမျိုးသား က ကော ”
“ အမျိုးသား က တစ်ရက် မှာ သူ့ အသိ အိမ် ကို သွားတာ ၊ ဖြစ်ချင်တော့ အဲဒီ အိမ် ကို မူးယစ်ဆေး လုပ်တယ်လို့ ရဲ က ဝင် ဖမ်းနေတာ နဲ့ တည့်တည့် တိုးပြီး သူ လည်း အဖမ်း ခံရတယ် ၊ အရိုက်အနှက် အစစ်အဆေး ခံရပြီး ထောင် ၁၆ နှစ် ကျသွားတယ် ၊ ယောက္ခမတွေ က သူ့ သား ထောင်ကျတာ ကျွန်မ ကြောင့် လို့ ထင်တာ ”
နန်းခင်ခင်ဝင်း က ဘာမှ မပြောဘဲ အသံတိတ် နေတယ် ။ ကျွန်တော် လည်း ဘာမှ မမေးဘဲ တိတ်ဆိတ် နေတယ် ။ ခဏ နား ပြီး သူ က ဆက် ပြောပါတယ် ။
“ ကျွန်မ ချေးငှား ပေါင်နှံပြီး အယူခံ ဝင် ပေးတော့ ၁၂ နှစ် ပြုတ်သွားပြီး လေးနှစ် ကျန်တယ် ၊ မန္တလေး အိုးဘိုထောင် မှာ နေရတယ် ၊ နောက်တော့ မေမြို့ ( ပြင်ဦးလွင် ) ၂၁ မိုင် ကို ပြောင်းဖို့ လုပ်ပေးပါဦး တဲ့ ”
“ ကိုယ် က ဘယ်လို ဆက်ပြီး ရပ်တည်သလဲ ”
“ ကျွန်မ မူဆယ် တက်ပြီး ကယ်ရီ သယ်တယ် ၊ ကလေး နှစ်ယောက် ကလည်း ကိုယ် မရှိလို့ မဖြစ် ၊ မိန်းကလေး တစ်ယောက် အနေ နဲ့ ကယ်ရီ အလုပ် က ဣန္ဒြေ မရှိဘူး ၊ ဘာလုပ်ရမှာလဲ စဉ်းစားတယ် ၊ ဘာ အကြံဉာဏ် မှ လည်း မရှိတော့ ဘာ ရောင်းရမှာလဲ ၊ ဈေး ထဲ လိုက် ကြည့်တယ် ၊ မုန်ညင်းချဉ်ဆိုင် တစ်ဆိုင် က တအား ရောင်း နေရတာ တွေ့တယ် ၊ ကိုယ် လုပ်ရင် လည်း ရောင်းရမှာပဲ ၊ ကိုယ် က သူများ နဲ့ မတူအောင် လုပ် ရောင်း မယ်ပေါ့ ”
“ သူများနဲ့ မတူတဲ့ မုန်ညင်းချဉ် ဘယ်လို လုပ်သလဲ ”
“ မုန်ညင်းချဉ် လုပ်ရာမှာ သူများ က အရက် ထည့်တယ် ၊ အရက် ထည့် တာ အနံ့ တအား ဆိုးတယ် ၊ အရက် ကို ကျွန်မ မကြိုက်ဘူး ၊ ဒါကြောင့် ပျားရည် စမ်း ထည့် ကြည့်တော့ အဆင်ပြေ သွားတယ် ၊ အရောင် လည်း လှတယ် ၊ မှို လည်း မတက် ဘူး ၊ ကျွန်မ က အသန့်ရှင်း ကြိုက်တော့ နေ လည်း မလှန်းဘူး ”
“ ဘာကြောင့်လဲ ”
“ နေ လှန်းရင် ဖုန် တက်မယ်လေ ၊ ကိုယ် ငှား နေတဲ့ အိမ်က သေးသေးလေး ၊ လှန်းစရာ နေရာလည်း မရှိပါဘူး ”
နန်းခင်ခင်ဝင်း က ပြောရင်း ရယ်တယ် ။ ပြီးတော့ ဆက်ပြောပါတယ် ။
“ ငှားနေရတဲ့ အိမ် က အိပ်လိုက်ရင် ကြယ်မြင် လမြင် ၊ ကိုယ် က အိမ်လခ မှန်မှန် မပေးနိုင်တော့ အိမ်ရှင် ကလည်း အမိုး မလုံတာ မိုး မပေးနိုင်ဘူး ၊ မိုး ရွာရင် ကလေး နှစ်ယောက် ကို မိုးလုံတဲ့ နေရာ မှာ သိပ်ပြီး ၊ ကိုယ် က မိုး မလုံတဲ့ နေရာ မှာ မိုးကာ ခြုံ ပြီး ထိုင် နေရတာ ၊ အိမ်တံခါး က လည်း ပိတ်မရဘူး ”
“ သူများ လာ စော်ကားမှာ မကြောက်ဘူးလား ”
“ ဆင်းရဲလွန်းတော့ ဘာမှ မကြောက်တော့ဘူး ၊ မိဘ အိမ် လည်း ခေါင်းငုံ့ပြီး ပြန် မဝင်ချင်ဘူး ၊ ကိုယ် လုပ်ခဲ့တာ ၊ ကိုယ် ဖြစ် ကိုယ် ခံ ၊ အဆိပ်သောက် သေချင်တာ အခါပေါင်း များစွာပဲ ၊ စိတ် ကို တင်းပြီး ဘဝ ကို ကျော်ဖြတ်ခဲ့ရတာ ၊ သူများ လည်း လက် ပါတယ် ၊ ကိုယ် လည်း သူများ လို လက်ပါတာပဲ ၊ ဘာကြောင့် ရှာ မစားနိုင်ရမှာလဲ ဆိုပြီး လုပ်ခဲ့တာ ”
“ ရောင်းတော့ကော ”
“ တရုတ်တန်းဈေး မှာ သွား ရောင်းတယ် ၊ ရောင်းစရာ နေရာ မရှိဘူး ။ ဘယ်သူ က မှ မုန်ညင်းချဉ်ပုံး အချ မခံဘူး ။ နောက်ရက် ကျ မုန်ညင်းချဉ်လေး ကျွေးလိုက် တော့ အိမ်ရှင် က ကြည် သွားတယ် ၊ နောက်ကျ အိမ်ရှင် ကို တစ်ရက် ငါးရာ ( ကျပ် ၅၀ဝ ) ပေးပြီး သူ့ အိမ်ရှေ့ ရောင်းခွင့် ရသွားတယ် ”
“ ရောင်းရသလား ”
“ တစ်ခါတလေ ဈေးဦး မပေါက်ဘူး ၊ တစ်လ နှစ်လ လောက် နေမှ လူ နည်းနည်း သိလာတယ် ၊ စ ရောင်းတုန်းက မုန်ညင်းချဉ် လေးမျိုး ပဲ လုပ်တယ် ၊ အချိုရယ် ၊ အချဉ်ရယ် ၊ ရှမ်းချဉ်အစိမ်းချဉ် ၊ သိပ် မချဉ်တာရယ် ပဲလုပ်တာ ၊ နောက်တော့ စမ်းလုပ်ပြီး အသစ်တွေ ထွင်တာ ”
“ စမ်းလုပ်တော့ မပျက်ဘူးလား ”
“ စမ်းလုပ်ရင်း ပျက်တဲ့ အခါ ပျက်ကုန်တယ် ၊ ပုပ်တဲ့ အခါ ပုပ်ကုန်တယ် ”
“ မငိုချင်ဘူးလား ”
“ မျက်ရည်တွေ ခံထားရင် ဇလုံကြီး နဲ့ ရလိမ့်မယ် ”
နန်းခင်ခင်ဝင်း က ရယ်တယ် ။
“ မရှိမဲ့ ရှိမဲ့ နဲ့ လုပ်ရတာ ၊ ကိုယ် ငိုတာ ကလေးတွေ မြင် မှာ ကြောက်တယ် ၊ သူတို့ မြင်ရင် အမေ ဘာလို့ ငိုတာလဲ မေးတယ် ၊ ဒါကြောင့် တစ်ခါတလေ အိမ်သာ ထဲ သွားငိုတယ် ”
“ အမျိုးသား ကို ထောင်ဝင်စာ သွား တွေ့ရသလား ”
“ သူ စားချင်တာလေးတွေ ကြော်လှော် ၊ ကလေးတွေ ကို သူများ အပ် ၊ မိန်းမဖော် တစ်ယောက် ခေါ်ပြီး သွားတွေ့တာ ၊ ယောက်ျား က ကျွန်မ လမ်းဘေး မှာ မုန်ညင်းချဉ် ရောင်းတယ် ဆိုတာ သိတော့ ရှက်သတဲ့ ”
သူ က အတိတ် ကို ပြန်တွေး နေပုံရတယ် ။ တွေတွေလေး ငေးမော နေတယ် ။
“ ကျွန်မ ဘဝ က ဈေးရောင်း ၊ ညနေ အိမ် ပြန် တော့ ကလေးတွေ ထမင်းကျွေး ၊ သိပ် ၊ ပြီးတော့ ည မအိပ်ဘဲ မုန်ညင်းချဉ်တွေ နယ် ၊ ည ၁းဝဝ နာရီ လောက် မှ ပြီးတယ် ၊ တစ်ခါတလေ ၃းဝဝ နာရီ မှ ပြီးတယ် ၊ ၄းဝဝ နာရီ ပြန်ထ ”
“ နိုးရဲ့လား ”
“ ဆိုက်ကားဆရာ ကို မှာ ထားရတာ ၊ ၄းဝဝ နာရီ ကျ လာနှိုး ၊ မနိုးရင် ခဲ နဲ့ ပေါက် နှိုးတယ် ”
“ နေ့ခင်း ဈေး ရောင်းရင်း မအိပ်ချင်ဘူးလား ”
“ ဈေး ရောင်းချင်လို့ ဈေးဝယ် ပဲ မျက်လုံးပြူး ပြီး လိုက် ကြည့်နေတာ နဲ့ မအိပ်ချင်ပါဘူး ၊ ကလေးတွေ ကျွေးဖို့ ဈေး ရောင်းရမယ်လေ ၊ ဦးလေး ရယ် ၊ ဆင်းရဲတဲ့ ဇာတာ ပါလို့လား မသိဘူး ၊ တစ်ခါ မှ မဖျားဘူး ”
နန်းခင်ခင်ဝင်း က အားရပါးရ ရယ်မောတယ် ။
“ နှစ်နှစ် သုံးနှစ် လောက် ရောင်းလိုက်တော့ မုန်ညင်းချဉ် လူ သိလာပြီ ၊ အဝယ် တအား လိုက်ပြီး ရောင်းကောင်းလာပြီ ”
“ အမျိုးသား ထောင် က လွတ် လာတော့ မုန်ညင်းချဉ် ရောင်းတာ လက်ခံသလား ”
“ သူ လွတ်လာတော့ ကျွန်မ ကို အဆင့်အတန်း မရှိဘူးလို့ ပြောတယ် ၊ ကျွန်မ နဲ့ ရက် ၂ဝ လောက် လာနေတယ် ၊ နေတာ က ရက် ၂ဝ ၊ ရန်ဖြစ်တာ က အခါ ၅ဝ လောက် ရှိတယ် ”
နန်းခင်ခင်ဝင်း ရယ်တယ် ၊ ပြီး မှ ဆက်ပြောတယ် ။
“ ဒါတောင် မိဘ ပေးစားတာ မဟုတ်ဘူးနော် ၊ ကျွန်မတို့ လမ်းခွဲ လိုက်ကြတယ် ၊ ကျွန်မ က တော့ ကလေး နှစ်ယောက် ကို မုန်ညင်းချဉ် ရောင်းပြီး လူ တစ်လုံး သူတစ်လုံး ဖြစ်အောင် လုပ်ပေး နိုင်ခဲ့ပါပြီ ”
⎕ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ
No comments:
Post a Comment