Monday, May 26, 2025

နှောင်းလွန်ကြင်ဝေး


 ❝ နှောင်းလွန်ကြင်ဝေး ❞ 

▢ မောင်နွယ်အောင် ( ဒဂုံဆောင် )


ကွေ့ကြော ထဲ ကို အရှိန်ပြင်းပြင်း နဲ့ ချိုးဝင်လာတဲ့ ကားကလေး ကို လက်ဖက်ရည်ဆိုင် ထဲ ကနေ တွေ့လိုက်တယ် ။ ပလက်ဖောင်း အစပ် ကို ပြေးဆင်းလာပေမဲ့ လက် တားဖို့ မမီတော့ ။ လွယ်အိတ် နဲ့ အားကုန် လွှဲရိုက်လိုက်တယ် ။


ရှေ့မှန် ကြွေကျသံ ၊ ဘရိတ်ဖမ်း လိုက်တဲ့ အသံ ၊ ကားဘီး နဲ့ လမ်း ပွတ် ဆွဲသွားသံ ၊ လူတွေ အော်ဟစ်သံတွေ က တစ်ပြိုင်တည်း လိုပဲ ဆူညံသွား တယ် ။


•••••   •••••   •••••


စကားတွေ အများကြီး ပြောဖြစ်မယ် ထင်ခဲ့ပေမဲ့ ငြိမ်သက်လွန်းနေ တယ် ။ မျက်လုံးချင်း ဆုံမိကြပေမဲ့ စကား မပြောတတ်ကြတော့တဲ့ မျက်လုံးတွေ မှန်း နှစ်ယောက်စလုံး သိနေပြန်ရော ။


တူတစ်စုံ ကို ယူပြီး လက်သုတ်ပဝါ နဲ့ သုတ် နေတယ် ။ မိဌေး ဆီ က ဘီယာဘူးဖုံး ခပ်ကြမ်းကြမ်း ဆွဲ ဖွင့်လိုက်သံ ကို သတိပြုနေမိရဲ့ ။


သူ့ ရှေ့ မှာ ဘီယာဘူး ကို ဆောင့် ချလိုက်တယ် ။ အငွေ့တထောင်း ထောင်း နဲ့ ရှိနေသေးတဲ့ ခေါက်ဆွဲကြော် ကို တူ နဲ့ ထိုးဆွ နေမိတယ် ။ 


မိဌေး က နေကာမျက်မှန် အနက် ကို ချွတ်ပြီး စားပွဲ ပေါ် အတင်မှာ သူမ မျက်လုံးတွေ ကို ထင်ထင်ရှားရှား မြင်ရပြီ ။ မျက်ဝန်း ထဲမှာ အပြုံးငွေ့ငွေ့ ကို ပထမဆုံး ရှာတွေ့ လိုက်တယ် ။ အပြုံး ရဲ့ အဓိပ္ပာယ် ကို တော့ သူ သေချာ မသိတာ အမှန် ။


မိဌေး က သိသိသာသာ သက်ပြင်း ချလိုက်ချိန်မှာ တော့ သူ စီးကရက် တစ်လိပ် ကို ကောက်ပြီး မီးညှိ နေပြီ ။ မိဌေး ပြုံးတယ် ။ အမှုစစ် တစ်ယောက် က ပြစ်မှု ကျူးလွန်ပြီးခါစ တရားခံ တစ်ယောက် ကို ကြည့်ပြီး ပြုံးတဲ့ အ ပြုံးမျိုး ။ ပြီးတော့ မိဌေး ရယ်ပြန်တယ် ။ လှုံ့ဆော်မှု တစ်ခုကြောင့် ရယ်တာ မဟုတ်မှန်း သိအောင်ကို ရယ်တာ ။


စားသောက်ဆိုင် အပြင် မှာ ရပ်ထားတဲ့ ရှေ့မှန် မရှိတော့တဲ့ ကား ကို ငေးကြည့် နေလိုက်တယ် ။ မိဌေးက အရယ် ရပ်ပြီး ...


“ ဟေ့ ... ဖိုးဇော် ” 


လို့ ခေါ်လိုက်မှ သူ့ မျက်နှာ ပြန် လှည့်လာတယ် ။


“ စားလေ ”  


ဆိုတော့ သူ ခေါင်းညိတ်ပြီး ခေါက်ဆွဲကြော် ကို တူ နဲ့ စိတ်ပါ လက်ပါ မွှေ လိုက်တယ် ။ ဘာမျှ မပြောဖြစ်သေးတဲ့ အတူတူ တော့ ဒီလိုမှ ပဲ နေရ ထိုင်ရ သက်သာ မှာ မဟုတ်လား ။ ဘယ်က စ ပြောရမှာလဲ ။ ဘာကို စ မေးရမလဲ မစဉ်းစားရသေးခင် မှာ အထင်တွေ နဲ့ အကြောင်းအရာ တော်တော်များများ ကို သိနေနှင့် ပြီပဲ မဟုတ်လား ။


လမ်းတစ်လျှောက်လုံး မှာ လည်း ကားမှန် ခွဲမိတဲ့ အကြောင်း ကိုပဲ ပြောဖြစ်ခဲ့တာ ။ ပြီးခဲ့တဲ့ နှစ်လ လောက် တုန်းက မီးပွိုင့် မှာ ရပ်ထားတဲ့ ကားလေး ဆီ ကို အပြေး သွားခဲ့ပေမဲ့ အနား ရောက်မှ မီးစိမ်း သွားလို့ “ မိဌေး ... မိဌေး ” နဲ့ အော်ပြီး ကြောင်တောင်တောင် ကျန်ရစ်ခဲ့တာ ။ အဲဒီမှာ သူ့ ကားနံပါတ် ကို မှတ်ထားခဲ့တယ် ။ “ မိဌေး ရယ် နင့် ကို ဘယ်လောက် ကြာကြာ ၊ ဘယ်လောက် ဝေးဝေး ၊ ဘယ်လို အနေအထား မျိုး နဲ့ တွေ့တွေ့ ငါ မှတ်မိပါတယ် ” လို့ သူ ပြောတော့ မိဌေး ကျေနပ်စွာ ပြုံးခဲ့ပါ တယ် ။ ချက်ချင်းပဲ အဲဒီ အပြုံး ဟာ အသွင် ပြောင်းပြီး တန့်သွားခဲ့တာ ကို သူ သတိ ထားမိခဲ့ပြန်တယ် ။ အဲဒီ နောက်တော့ သူ ဆွံ့အ သွားရော ။


“ ဖိုးဇော် ” 


ခေါက်ဆွဲကြော် ငုံ့ စား နေရင်းက မော့ ကြည့်လိုက်တယ် ။ 


“ နင် ငါ့ ကို အမြဲ သတိရ နေတာပဲလား ” 


ဝါးနေရက် က ရုတ်တရက် ရပ်သွားပြီး ကလေး တစ်ယောက် လို ခေါ င်း ညိတ် လိုက်တယ် ။ မိဌေး သက်ပြင်း ချပြန်ပြီ ။ ပြီးတော့ ... 


“ နင့် လိုတော့ ငါ အမြဲ သတိရ မနေဘူး ” 

 

လို့ ပြောတယ် ။ သူ တူ နှစ်လက် ကို ယောင်ယမ်း လွှတ်ချ လိုက်လို့ ပန်းကန် နဲ့ ထိခတ်သွားသံ ၊ ပြီးတော့ ငြိမ် သွားပြန်တယ် ။ နားလည်တဲ့ ဟန်မျိုး နဲ့ “ အင်း ” လို့ အသံသဲ့သဲ့ ပြုပြီး အပြင် ကို ငေးကြည့် ။ အပြင် မှာ မြူခိုးတွေ ဝေနေပြီ ။ သူတို့ ထီးရွက် အရိပ် အစပ် ကနေ တဖြည်းဖြည်း နောက်ဆုတ် သွားတဲ့ နေရောင် ဟာ ခပ်လှမ်းလှမ်း က ပုဏ္ဏရိပ်စည်းရိုး နား ရောက်နေပြီ ။


“ သောက်လိုက်ဦးလေ ” 


ဘီယာဘူး ကို လက်ညှိုး ထိုးပြီး မိဌေး ပြောတော့ ခေါင်ရည် ထည့်တဲ့ ဝါးဆစ်ခွက် ရှည်ရှည် ကို သွား မြင်ယောင်တယ် ။ စားသောက်ဆိုင် အတွင်း ထဲ က အနောက်တိုင်းတေး တစ်ပုဒ် တိုးတိုးလေး ပျံ့လွင့် လာတာ ကို အာရုံစိုက် နေလိုက်တယ် ။


အပြင်မှာ မရနိုင်တဲ့ လက်ဝဲရစ် နာရီလေး ရဲ့ လက်တံတွေ ဟာ သူ့ နှ လုံးသား ထဲမှာ မြန်မြန်ဆန်ဆန်ပဲ ။ အတိတ် ဝေးဝေး ဆီ ရောက်သွားတယ် ။ ဘီယာ ကို ငုံမိလိုက်စဉ် မှာ တော့ ဟို တစ်စ သည် တစ်စ နဲ့ ဖြစ်သလို ဆက်ထားတဲ့ ကလေးရုပ်ရှင် ပြကွက်တွေ လို ပေါ်လာလိုက် ပျောက်သွား လိုက်ပေါ့ ။


“ ဟိုတုန်းက အဖြစ်တွေ ကို မနေ့တစ်နေ့ က လို့ နင် ထင်နေတုန်းပဲ မဟုတ်လား ” 


“ အင်း ” 


“ ငါ့ အတွက်တော့ မေ့လုလု ဖြစ်နေပြီ ” 


သူ့ နှုတ်က “ ဟင် ” လို့ အာမေဍိတ်သံ ထွက်ကျလာတယ် ။ မိဌေး က နည်းနည်း ဘေး ရောက်နေတဲ့ ခေါက်ဆွဲပန်းကန် ကို သူ့ တည့်တည့် ရွှေ့ ပေးပြီး စားပွဲထိုး တစ်ယောက် ကို လှမ်း ခေါ်လိုက်တယ် ။ ကတ်တလောက် ကို ကြည့်ပြီး စာရွက်ငယ် တစ်ခု ပေါ်မှာ သူမ တစ်စုံတစ်ခု ရေး နေတုန်း သူ ကတော့ အစား ကို အားရပါးရ စား နေလိုက်ပြီ ။


ချစ်သူစုံတွဲတွေကို သူ မေးကြည့်ဖူးတယ် ။ ချစ်သူတွေ ဟာ တစ်ယောက် နဲ့ တစ်ယောက် စိတ်ချင်း သိနေကြတယ် မဟုတ်လားလို့ ။ အားလုံးလိုလို က ဟုတ်တယ်လို့ ဖြေတယ် ။ ချစ်သူ ရဲ့ အပြုံး ကို သိတယ် ။ နှုတ်ဆိတ် နေကြပေမဲ့ မျက်လုံးချင်း စကားတွေ အများကြီး ပြောတတ်ကြတယ် ။ နောက်ပြီး ဘေးလူတွေ ဘယ်လိုမျှ နားမလည်နိုင်တာတွေ ကို သူတို့ချင်း နားလည် နေတတ်ကြတယ် ။


•••••   •••••   •••••


သူတို့ ဟာ နားလည်မှုကို  ကိုးကွယ်ခဲ့ကြပါတယ် ။ အချစ် ရဲ့ အခိုင်အမာဆုံး သစ္စာပြယုဂ် အဖြစ် ခံယူထားခဲ့ကြပါတယ် ။ သူတို့ နှစ်ယောက် သိပ်ချစ်ခဲ့ကြပါတယ် ။


နေရာက မြန်မာပြည် မြောက်ဖျား ဥရုချောင်းနံဘေး က နန့်မဖြစ်ရွာ ကလေး မှာ ။ မိဌေး အိမ် ကို သူ ရောက်သွားစဉ်မှာ စုတ်ချာချာ လူတစ်ယောက် အဖြစ်ပါ ။ ကျောက်တူးမယ် ဆိုပြီး သူငယ်ချင်း အဖေ ရဲ့ အဆက်အသွယ် နဲ့ မိဌေး ဖေဖေ ဆီ မှာ ခိုလှုံခွင့် ရခဲ့ပါတယ် ။


အချိန် ကတော့ လွန်ခဲ့တဲ့ ငါးနှစ် က ။ လက်ချိုး ရေကြည့်ရင် မကြာလှသေး သလိုပါပဲ ။ အနေနီး တဲ့ မိဌေး နဲ့ နားလည်တတ် လွန်းစွာ ချစ်မိခဲ့တာ တော့ သာမန် တွေ ထဲ က သာမန် ဖြစ်ရပ် တစ်ခုပါ ။


သူ ပြန်ခဲ့ရတာတော့ လွန်ခဲ့တဲ့ သုံးနှစ်ခွဲ က ။ သားရေပေါ် အိပ် သား ရေနား စား လို့ ရက်ရက်စက်စက် လက်ညှိုး ထိုး ယိုးစွပ် နှင်လွတ်တာ တော့ မဟုတ်ပါဘူး ။


“ ဘယ်လိုမှ မဖြစ်နိုင်လို့ လူကလေး ရာ ။ လေးလေးတို့ လူကြီးချင်း ကတိကဝတ်တွေ ရှိနေလို့ ပါ ။ အကောင်းဆုံး ကတော့ လူကလေး ပြန်ပါကွာ ” 

 

သူ့ လက်ထဲ ထည့်ပေးတဲ့ ဂဏန်းငါးလုံး မျှ ငွေတွေ ကို ယူပြီး ထွက်လာခဲ့တယ် ။ ငွေ ရှာဖို့ သွားတာ ငွေ ရပြီပဲလို့ ကိုယ့် ကိုယ် ကိုယ် အယုံသွင်း ဖြားယောင်း ခဲ့ရပါ တယ် ။


အဲဒီနောက် မှာ နန့်မဖြစ်ရွာကလေး နဲ့ သူ အဆက်ပြတ်ခဲ့တယ် ။ စိတ် အစဉ်ကတော့ မကြာခဏ အလည် ရောက်စမြဲ ။


ဒါပါပဲလေ ။


ဒါပေမဲ့ မိဌေး ကို တွေ့နိုး ၊ ဆုံရနိုး နဲ့ မျှော်လင့်ချက်တွေ ရှိနေသေးတယ် ဆိုတာ ခဏခဏ အထိတ်တလန့် သိနေရတယ် ။


သူ့ ဘဝ ကတော့ ခပ်ညံ့ညံ့ ကဗျာသမား တစ်ယောက် ဖြစ်ခဲ့တာက လွဲ လို့ ဘာမျှ ထူးထူးခြားခြား မပြောင်းလဲခဲ့ပါဘူး ။


 •••••   •••••   •••••


အရင်က အကြောင်းတွေ ကို မပြောကြသလို အခု အကြောင်းတွေ ကို

လည်း မပြောချင်ကြပါဘူး ။


“ နင့် ကဗျာတွေ ကိုတော့ ငါ အမြဲ ရှာဖတ်နေပါတယ် ” 


ဆိုတော့ သူ အံ့သြ သွားတယ် ။ မိဌေး ကတော့ ဟန်မပျက် လက်သုတ်ပဝါ နဲ့ နှုတ်ခမ်း အောက်အစပ် ကို တို့ နေတယ် ။


“ ငါ ကဗျာ ရေးနေတာ နင် ဘယ်လို သိသလဲ ” 


လေသံ က တော့ အံ့ဩ ပြီး လောကြီးနေသံ ဟာ ထိန်းမရပါဘူး ။


“ စာရေးဆရာကြီး တစ်ယောက် အိမ် ရောက် သွားတော့ သူ့ မွေးနေ့ဓာတ်ပုံ တွေ ပြလို့ နင့် ပုံ တွေ့တာနဲ့ မေးကြည့်လို့ သိတာ ” 


“ ဪ ... ” 


ဆိုတဲ့ တစ်လုံးတည်း သော စကားလုံး မဆုံးခင် သူမ ကောင်တာ ကို ထွက်သွားတယ် ။ ကောင်တာ မှာ ငွေရှင်း နေတာကို လှည့် ကြည့်လို့ မြင် နေရတယ် ။ ငွေ ရှင်းပြီး ပြန်လျှောက်လာတဲ့ သူမ ရဲ့ သဏ္ဌာန် က နားလည်မှုတွေ ပြယ်သွားပြီ ဆိုတာ ကို နားလည်လိုက်စေသလိုပဲ လို့ တွေးမိနေတယ် ။ အနား အရောက် မှာ ပဲ ...


“ လာလေ ... သွားကြစို့ ” 


လို့ ပြောပြီး သူ့ ကို တောင် မစောင့်ဘဲ ကား ဆီကို လျှောက်သွားတယ် ။ သူ့ ဆီ က တုံ့ပြန်လာဦးမယ့် မေးခွန်း ကို သူမ မဖြေချင်လို့ စကားစ ဖြတ်တောက် လိုက်တာ ဆိုရင် ။ “ ဒါနဲ့ များ ငါ့ကို ဘာလို့ မဆက်သွယ်သလဲ ” လို့ သူ မေးစရာ မလိုတော့ဘူးလေ ။


ကားပေါ် ရောက်ပြီး ကားမောင်း ထွက်လာသည် အထိ စကား မဆိုမိကြတော့ဘူး ။


“ ပွင့်လင်းတဲ့ နားလည်မှု ဆိုတာ တကယ် မလိုအပ်ပါဘူး ဖိုးဇော်ရာ ”   


ငြိမ်သက်ခြင်း ထဲ က ညည်းသံလေး က ဖျော့တော့တော့ နိုင်လွန်းလှချည့် ။


“ ဘယ်လို ” 


“ ဟိုတုန်းက နင် နဲ့ ငါ့ ကြား မှာ ရှိခဲ့တဲ့ နားလည်မှုမျိုး ဟာ ခုချိန်မှာ တကယ် မလိုအပ်လှပါဘူး ။ ငါ့ အိမ်ထောင်ဖက် ကို တော့ တတ်နိုင်သမျှ ငါ နားလည်ပေးပါတယ် ။ သူ့ ဆီ ကလည်း နားလည်မှု ကို ဘယ်နည်း နဲ့ ရရ ယူတယ် ။ ဒါပေမဲ့ ပွင့် လင်းတဲ့ နားလည်မှုမျိုးတော့ မဟုတ်ဘူး လေ ”   


ဒီတစ်ခါ ဘာမှ ပြောစရာ မရှိသူ က သူ ။ ဆက် ပြောလာမယ့် စကား ကို သာ နားစွင့် နေမိတယ် ။ ဒါပေမဲ့ ဘာမှ မပြောတော့ဘူး ။


“ နင် အခု ဘယ်မှာ နေသလဲ ” 


လို့ သူ မေးတော့မှ လိပ်စာကတ် တစ်ခု ကို သူမ ပေးတယ် ။


“ ဟင် ” 


အံ့သြရပြန်ရောလား ။ သူမ အိမ်ထောင်ဖက် ရဲ့ လိပ်စာကတ်ပြား လေး ။ ဒါပေမဲ့ ...


“ ဟို အရင်လူ မဟုတ်ပါလား ” 


“ အေးလေ ၊ လူကြီးတွေ က သာ ကတိ ဘာညာ လုပ်ကြတာ ။ တို့ လူငယ် တွေ ကတော့ လက်ခံနိုင်ကြတာ မှ မဟုတ်ဘဲ ။ ဆိုပါတော့ဟာ ။ ဟိုလူ က သူ့ ချစ်သူ နဲ့ လက်ထပ် သွားတယ် ။ ငါ က ဦးမောင်မောင်လွင် နဲ့ ရတယ် ” 


သူမ က တော့ စကားသံ ရော ၊ အမူအရာ ပါ အေးစက်စက် ရယ် ။ လမ်း ကို သာ ကြည့် မောင်းနေရဲ့ ။ အပြင်မှာ နှင်းတွေ ဝေနေပြီ ။ အမှောင်ထု က ဆည်းဆာ ကို သိမ်းပိုက် လိုက်ပြီ ။


“ ဒါနဲ့ ကားမှန် ကွဲသွားတာ ဘယ်လို လုပ်ရမလဲ ” 

 

သူ မေးတော့ သူမ ပြန် မဖြေ ။ လူပြတ်တဲ့ လမ်းကြား ထဲ ကွေ့ဝင်လိုက်တယ် ။


“ သိုင်းကြိုး ပတ်ထားလိုက် ” 


သူ သိုင်းကြိုး ကို ပတ် အပြီး မှာ သူမ က ချိတ်မိ ၊ မမိ ပြန်စစ်တယ် ။ ပြီးတော့ လီဘာ ကို တဖြည်းဖြည်း လျှော့ချ ။ လမ်းဘေး က ရေတမာ ကို ဝင် တိုက်လိုက်တယ် ။ တိုက်လိုက်တဲ့ အရှိန် ကတော့ မသေးလှဘူး ။ နောက်ပြန် ဆုတ်ပြီး ရှေ့ လမ်း ပေါ် ကွေ့မောင်းမယ် အလုပ် မှာ သူ့ ဘေး က ကားတံခါး ကို  သူ ဖွင့်လိုက်တယ် ။ 


“ ငါ သွားတော့မယ် မိဌေး ”  

သူမ ခေါင်းညိတ် ပြုံးပြတယ် ။ သူ ပြန် မပြုံးမိဘူး ။ ကားတံခါး ကို တွန်း အပိတ် မှာ ကားကလေး မောင်းထွက် သွားရော ။ သူ ကတော့ လမ်း ပေါ် မှာ ။ နှင်းတွေ က ခပ်ပါးပါး ကျလို့ ... ။


 ▢ မောင်နွယ်အောင် ( ဒဂုံဆောင် )

📖 ရွှေအမြုတေရုပ်စုံ မဂ္ဂဇင်း 

      အမှတ် ၄၂

      ဧပြီလ ၊ ၁၉၉၃ ခုနှစ်

No comments:

Post a Comment