Monday, May 19, 2025

စာဖြူဘုရင်

 

❝ စာဖြူဘုရင် ❞
      ( ပုံပြင် )

ရှေးအခါ က ရွာကြီး တစ်ရွာ ၌ ဝင်းခြံ အကျယ်ကြီး တစ်ခု တွင် လက်သမားကြီး တစ် ယောက် နေထိုင်လေ၏ ။ ၎င်း လက်သမားကြီး သည် ၎င်း ၏ သားငယ် တစ်ယောက် ၊ သမီးငယ် တစ်ယောက် တို့ နှင့် သပ်ရပ်လှပသော အိမ် တစ်ဆောင် ကို ဆောက် လုပ်ကာ ပျော်ရွှင်စွာ နေ လေ၏ ။

ထို ခြံဝင်းကြီး ထဲ၌ ရေတွင်း တစ်တွင်း လည်း ရှိလေ၏ ။ ရေတွင်း ကို ပတ်ဝန်းရံလျက် စိမ်းမြသော အခက်အလက်များ နှင့် ဝေဆာ လှပသော အုန်းပင်ကြီးများ လည်း ရှိလေ၏ ။

ထို အုန်းပင်များ ၏ အကိုင်းအခက်များ တွင် စာကလေးငှက် အကောင်ပေါင်း ငါးရာမျှ သည်စာပေါင်းသိုက်များဆောက်လုပ်ကာ အအုပ်အသင်း ဖွဲ့၍ နေထိုင်ကြလေ၏ ။

တစ်နေ့သော် .. ဥငယ် တစ်လုံး မှ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူဖွေးသော စာကလေး ငှက်ငယ် တစ်ကောင် ပေါက်ဖွား လာလေ၏ ။ စာကလေးငယ် ၏ အတောင်အမွေး တို့ မှာ ထုံးသို့ ဖြူဖြူဖွေး နေပြီး နှုတ်သီး နှင့် ခြေထောက်များ မှာမူ လက်ပံပွင့် ကဲ့သို့ နီရဲ နေလေ၏ ။ မျက်လုံးများ မှာ နက်မှောင် တောက်ပနေ၏ ။ ဤကဲ့သို့ ထူးထူးခြားခြား လှလှပပ ပေါက်ဖွားလာသော စာဖြူ ကလေး အရွယ် ရောက်လတ်သော် ကျန် စာကလေး အပေါင်းက အညီအညွတ် တိုင်ပင် ကြကာ စာဖြူ အား ၎င်းတို့၏ ဘုရင်မင်းမြတ် အဖြစ် တင်မြှောက် ကြလေ၏ ။

စာဖြူ လည်း ဘုရင် အဖြစ် တင်မြှောက်ခြင်း ခံရသည့် နေ့မှ စ၍ စာကလေး အပေါင်း ရှာဖွေ ဆက်သသော စားကောင်း သောက်ဖွယ်ရာများ ကို စားသောက် မှီဝဲကာ စည်းစိမ်ယစ်မူး နေလေ၏ ။ အစာအဟာရ ရှာဖွေ စားသောက်ခြင်း မပြုရသဖြင့် စာဖြူဘုရင် သည် ၎င်း နေထိုင် စံစားရာ စာပေါင်းသိုက် မှ ပျံဝဲ သက်ဆင်းကာ လက်သမားကြီး ၏ သားငယ် ၊ သမီးငယ်တို့နှင့် ပျော်ပါးရွှင်မြူးစွာ ကစားလေ့ ရှိလေ၏ ။

ကလေးတို့ သည် စာဖြူဘုရင် အား များစွာ ချစ်ခင်ကြလေ၏ ။ တစ်ခါမျှ မတွေ့ဖူးသော ကြောင့် အထူးအဆန်း ဖြစ်ကာ စာဖြူဘုရင် ကို ခုံမင် နှစ်သက်ကြလှရကား စာဖြူဘုရင်အား တယုတယ နှင့် သစ်သီးချိုများ ကို ကျွေးမွေးလေ၏ ။

ထိုသို့ လက်သမားကြီး ၏ ရင်သွေး မောင်နှမ တို့ ၏ ယုယမှု ကို ခံယူရသော အခါ စာဖြူဘုရင် သည် “ လူတွေ ဟာ တိရစ္ဆာန်တွေ အပေါ်မှာ ကြင်နာလှကြပါတကား ” ဟု တွေးမိလေ၏ ။ အခြားသော လူသားများ လည်း ဤမောင်နှမ ကဲ့သို့ တိရစ္ဆာန်များ အပေါ် ကြင်နာချစ်ခင်လေမှာ ပဲ ဟု တစ်ထစ်ချ ယူဆ မှတ်ထင် နေလေ၏ ။

သူ့ အတွေး သူ့ အထင်အမြင် နှင့် စာဖြူဘုရင် သည် ပျော်ရွှင်လျက်ရှိ၏ ။ အခြားသော လူသားများ နှင့် တွေ့ဆုံလိုစိတ် လည်း စာဖြူဘုရင် ၏ ဦးနှောက် ထဲ မှာ စိမ့်ဝင်နေလေ၏ ။

ထို့ကြောင့် နောက် တစ်နေ့တွင် စာဖြူဘုရင် သည် ရွာထဲ သို့ လှည့်ပတ် ဝဲပျံကာ သွားလို စိတ် ပြင်းပြလှရကား သူ ၏ ခရီးတာ အတွက် ပြင်ဆင်မှုများ ပြုလေတော့၏ ။

ဤသို့ ပြင်ဆင်နေသော စာဖြူဘုရင် အား မြင်ကြသောအခါ စာကလေးများ အထဲ မှ စာကလေး တစ်ကောင် သည် ညှိုးငယ်စွာ နှင့် ထွက်လာ၍ စာဖြူဘုရင် ရှေ့မှောက် သို့ ရောက်လာ လေ၏ ။ ရောက်လာပြီး သော် ထိုစာကလေး က

“ အရှင်မင်းမြတ် ... ရွာ ထဲ သို့ အရဲကိုး ၍ မပျံဝဲပါနှင့် ။ အရှင်မင်းမြတ် ထင်သလို လူတိုင်း သည် တိရစ္ဆာန်များ အပေါ် ၌ မကြင်နာကြပါ ။ ကျွန်ုပ် ကို ကြည့်ပါ ။ ဟိုတစ်နေ့ က အစာ သွားရှာခိုက် ၊ လူ တစ်ယောက် က လေးဂွ ဖြင့် ပစ်သဖြင့် အတောင် တစ်ဖက်၌ ဒဏ်ရာ ရခဲ့ပါသည် ။ စဉ်းစားတော် မူပါ အရှင်မင်းမြတ် မသွားတော်မူပါနှင့် ” ဟူ၍ ပြောဆို တားမြစ်လေ၏ ။

ဤတွင် စာဖြူဘုရင် ၏ မျက်နှာ သည် ညိုသွား လေ၏ ။

ထိုစဉ် နောက်ထပ် စာကလေး တစ်ကောင် လည်း ထွက်လာ ပြန်ကာ “ အရှင်မင်းမြတ် ကျွန်ုပ် ကို လည်း ကြည့်ပါဦး ။ ကျွန်ုပ် ၏ ခြေတစ်ချောင်း သည် လည်း လူတို့ ထောင် ထားသော ထောင်ချောက် တစ်ခု တွင် အစာ သွား ကောက်မိ၍ ပြတ်ခဲ့ရပါသည် ။ လူသားတိုင်း သည် တိရစ္ဆာန်များ အပေါ် မကြင်နာကြပါ ။ မေတ္တာ မထားကြပါ ။ တိရစ္ဆာန်များ အပေါ်  ချစ်ခင်သော လူသား မှာ နည်းပါးလွန်းလှပါသည် ။ မသွားတော်မူပါနှင့် ” ဟုပြောဆို တားမြစ် ပြန်လေ၏ ။

စာဖြူဘုရင် သည် အတန်ငယ်မျှ ကြာ လတ်အောင် သူ့ အား လျှောက်တင်သော စကားတို့ ကို ဝေဖန် သုံးသပ်လေ၏ ။ သို့သော် လျှောက်တင်သော စကားတို့ ကို မယုံကြည် ။ တား၍ မရ ။ အစီအစဉ် ပြင်ဆင်မှု အားလုံး ပြီးသည်နှင့် တစ်ပြိုင်နက် တစ်ကောင်တည်း ပင် ပျံဝဲ၍ ရွာထဲ သို့ ဝင်သွား လေ၏ ။

အမှန်သော် စာဖြူဘုရင် သည် ရွာ ထဲ တွင် နေထိုင်သူ တို့၏ စိတ်ထား ကို မလေ့လာ ထား၍ မသိ ။ ဘဝမှန် ကို တင်ပြပြီး သူ့ အား တားမြစ်ခဲ့သော စာကလေးများ ကိုလည်း အရမ်းမဲ့ အထင် သေး၍ ရွာ ထဲ တွင် ငှက်လှလှပပ ကလေးများ ကို ထောင်ချောက် ဖြင့် ဖမ်းယူ၍ လှည့်လည် ရောင်းချ အသက်မွေးသော ငှက်ဖမ်းသမားကြီး တစ်ယောက် နေထိုင်သည် ကို လည်း သူ မသိချေ ။

စာဖြူဘုရင် သည် ဆက်၍ ပျံဝဲလေ၏ ။ ထန်းရွက်တဲကလေးများ သစ်ပင် ပန်းပင်များ သည် သူ့ အောက်၌ အထင်းသား မြင်နေရလေ၏ ။

ကံဆိုးချင်၍လား မသိ ။ အတန်ကြာ ဝဲပျံ နေခိုက် တွင် စာဖြူဘုရင် သည် တဲငယ် တစ်လုံး ရှေ့ မြေတလင်းပြင် ၌ ထမင်းလုံးများ ဖြန့်ကြဲ ထားသည် ကို အပေါ် မှ စီး၍ မြင်ရလေ၏ ။

ဤတွင် စာဖြူဘုရင် သည် “ ငါ့ ကို ဖိတ်ခေါ် လေပြီတကား ... ဤ တဲအိမ်ငယ် တွင် နေသော လူသား နှင့် တွေ့ဆုံ၍ သူ နှင့် ကစား မြူးပျော်အံ့ ။ သူ ၏ ယုယကြင်နာမှု ကို ခံယူအံ့ ” ဟု တွေးလိုက်ပြီး အတောင် ကို ရုပ်သိမ်းကာ ထိုးစိုက် ဆင်းသက်လေ၏ ။

စာဖြူဘုရင် မြေတွင် သက်ဆင်း လိုက်သည် နှင့် တစ်ပြိုင်နက် တဲ အတွင်း မှ လူ တစ်ယောက် သည် ဖြည်းညှင်းစွာ ထွက်လာ လေ၏ ။ ပါးစပ် မှ “ ကစ်ကစ်ကစ် ” ဟု တယုတယ ဆိုကာ လက်ဖျစ် တီးလျက် ညင်သာစွာ စာဖြူ အနား သို့ ကပ်လာလေ၏ ။

အနား သို့ ရောက်လတ်သော် ကျင်လည် လျင်မြန်စွာ စာဖြူ အား ဖမ်းယူ လေတော့၏ ။

စာဖြူဘုရင် ကား သူ့ ကို ချစ်ခင်၍ ဖမ်းယူသည် ဟု ထင်လိုက်သေး၏ ။ သို့သော် သူ့ အထင်ကား မှားခဲ့လေပြီ ။

ငှက်ဖမ်းသမား သည် စာဖြူဘုရင် အား အသင့် ရှိနေသော လှောင်အိမ် တစ်ခု အတွင်း သို့ သွင်း၍ လှောင်အိမ်တံခါး ကို သေချာစွာ ပိတ်လိုက် လေတော့၏ ။

ဤတွင်မှ စာဖြူဘုရင် သည် မိမိ အဖမ်း ခံရသည့် အဖြစ်မှန် ကို သိရှိလာ ကာ ကြီးစွာ သော နောင်တ ဖြစ်လေတော့၏ ။ သို့သော် နောင်တ ဟူသည် မှာ နောင်သော အခါမှ မှားလေပြီ ဟု တမ်းတရသည် ဖြစ်၍ စာဖြူဘုရင် အတွက် အကျိုး မရှိလေတော့ပြီ ။

လှောင်အိမ် အတွင်း မှာပင် ကျဉ်းကျပ်စွာ နေရလေပြီ ။ တိရစ္ဆာန်တို့ ဘာသာဘာဝ လွတ်လပ်စွာ ပျော်ရွှင်စွာ လေထဲ ၌ မပျံဝဲရတော့ဘဲ ပင်ပန်းဆင်းရဲစွာ နေရလေတော့ သတည်း ။

“ ငါ ၏ မဆင်မခြင် မိုက်မဲမှုကြောင့် ငါ အခုလို လှောင်အိမ် ထဲမှာ နေရပါကလား ” ဟု လည်း တွေးတော ငေးမောကာ သူ နေထိုင် စံစားခဲ့ရာ အုန်းပင် စိမ်းညို့ညို့များ ကို မှန်းဆ၍ နွမ်း လျကာသာ နေရလေတော့ သတည်း ။

▢ အင်းဝ - ညွန့်အေး
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၄ ၊ ဒီဇင်ဘာ

No comments:

Post a Comment