Thursday, May 8, 2025

လန်းဖိုင်စာသိုက် ( ၂၃ )


 

❝ စနေသမီး စူဒါနမ် ❞

ကျွန်တော်တို့ နှစ်ဦး စိတ်ကူးယဉ် ခဲ့သော အချစ်သည် ကား လက်တွေ့ တွင် စိတ်ဆင်းရဲခြင်း ကြီးစွာ ရင်ဆိုင်ရလေပြီ ။ ဖိုင် နှင့် အဒါ တို့ ၏ ချစ်သမျှ ဇာတ်ကြောင်း သည် ခြားနားခြင်း များစွာ ရင်ဆိုင်ရလေပြီ ။ ဖိုင် သည် သူ့ ရင်သွေး ကို ပိုက်၍ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက် ၏ ဒုက္ခမျိုးစုံကို ခါးစည်းခံပြီး သူ့ နှလုံးသား ထဲမှ ကျွန်တော့် ကို ဆွဲထုတ်လိုက်ပြီလား ။ ကျွန်တော် လက်မခံချင် ။ ဖိုင် သည် ကျွန်တော့် ၏ ဖိုင် ဖြစ်သည် ။ အချစ်ပေါင်း များစွာ ၊ ကြင်နာမှုပေါင်း များစွာ ၊ သည်းခံမှုပေါင်း များစွာ ၊ ယုံကြည်မှုပေါင်း များစွာ ကို ကျွန်တော် ဖိုင့် ဆီမှ ရပြီးသူ ဖြစ်သည် ။ ဆက်ပြီး လည်း ရချင်သည် ။ သူ ရှောင်ပြေးလေသည် ကို အရှိန်ကောင်းကောင်း နှင့် လွှတ်ထားသော်ငြား ကျွန်တော့် နှလုံးအိမ်၌ မချိ ။ အမြဲ ရနေသော အခွင့်အရေး ကို အဆုံးရှုံး ခံရသူ လို ဖြစ်နေ၏ ။

ကျွန်တော် သည် ဥပေက္ခာ ၌ လွန်စွာ ကျင်လည် ကျွမ်းကျင်နှံ့စပ်သူ ဟု ထင်ခဲ့၏ ။ ကျွန်တော့် ဘဝ၌ ဘာသာတရား မှ လွဲ၍ မည်သည့် ပြောင်းလဲမှု ကို မှ မမှု ။ ကျွန်တော့် ဘဝ တွင် နေရာဒေသ ၊ အချိန်အခါ အခွင့်အလမ်း ၊ အရှုံး နှင့် အနိုင်များ သည် တစ်မုဟုတ်ချင်း ပြောင်းလဲတတ်သည် မှာ များ လှပြီ ။ ထို့ကြောင့် ဝန်းကျင်အသစ် ၊ အခြေအနေသစ်များ ကို မကြာခဏ ကြုံရသည် ။ ဤသို့ဖြင့် ဥပေက္ခာနယ်ပယ် ၌ ကျွန်တော် အစွမ်းထက်ခဲ့သည် ။ ကျွန်တော့် မှာ ဘယ်နေရာ ရောက်ရောက် ကိစ္စအဝဝ တို့ ဖြင့် ရှုပ်ထွေး နေတတ်သည် ။ အရင်က ကိစ္စများ ကို သာသာလွယ်လွယ်ပင် မေ့ထားနိုင်ခဲ့သည် ။

ယခု ဖိုင့် ကို ကျတော့ ကြာကြာ မမေ့ ။ ကျွန်တော့် ကြောင့် ဖိုင် ပြင်းပြစွာ စိတ်လက်ဆင်းရဲ ရသည် ဆိုလျှင် ကျွန်တော် လည်း စိတ်ဆင်းရဲ နေရ ပါသည် ။ မေ့လွယ် ပြီးပျောက်ခြင်း ဆိုသည့် လမ်းစဉ် ကို ကျွန်တော် ရော သူ ပါ ရွေးချယ်မည် ဆိုလျှင် ဘာကြောင့် သားသမီး ယူမည်နည်း ။ စူဒါနမ် ဆိုသော စနေသမီး ကို ဘာကြောင့် ဖန်တီးခဲ့ မည်နည်း ။ ဖိုင် သည် ငွေ မက်သူ မဟုတ် ၊ ဂုဏ်ပကာသန အဆောင်ယောင် ကို အားကိုးသူ မဟုတ် ။ ကျွန်တော့် မှာ ဒါတွေ မရှိမှန်းလည်း ဖိုင် သိသည် ။ သိလျက် နှင့် ပင် ချစ်ကျွမ်းဝင်ကြသည် ။ ယခု သူ့ ရင်သွေး ကို ဖက်တွယ်ရင်း ကျွန်တော့် ကို စိမ်းလေသလား ။ ကျွန်တော် မခံနိုင် ။ တစ်သက်လုံး အနိုင် ရလာသူမို့ ဖိုင် ၏ တန်ပြန် ထိုးကွက် က ရင် ထဲမှာ စူးအောင့် နေ၏ ။ ကျွန်တော့်၌ အင်အားတွေ ဆုတ်ယုတ်နေ၏ ။ ဖိုင် နှင့် ဝေးနေသည့် တိုင် အချစ်များစွာ ဖြ င့် ဝေး နေချင်သည် ။ အခုလို ရင် ထဲ အောင့် နေသည့် ဝေးကွာခြင်းမျိုး ကို ကျွန်တော် မလို ။ ဖိုင့် ဆီမှာ ကျွန်တော့် ကို ဆက်သွယ်လို့ ရသည့် လိပ်စာ ရှိသည် ။ ဖုန်းနံပါတ် ရှိသည် ။ လူကြုံတွေ ရှိသည် ။ ဖိုင့် ဘက် ကသာ ဆက်သွယ် လာ လျှင် အတော့်ကို လွယ်ပါသည် ။

ကျွန်တော် အပြေးအလွှား သွား ရှာလျှင် မုချ တွေ့ပါမည် ။ ဖိုင် ဘယ် လောက် မှ ဝေးဝေး မပြေးနိုင် ။ သူ့ ချစ်ကျွမ်းဝင်သော သူ့ မိသားစု ကို ခွာ ပြီး ဖိုင် မနေနိုင် ။ ကျွန်တော် နှင့် တွေ့ဆုံခဲ့ကြစဉ် ကပင် ဖိုင် သည် ၂၄ နာရီ ပြည့်အောင် သူ့ မိသားစု ကို  မခွဲနိုင် ။ သူ က အကြီးဆုံး မို့ အိမ် မှာ တာဝန် အရှိဆုံး ဟု ဆို၏ ။ သူ့ မိဘ ၏ လက်ရုံး ဟု ဆို၏ ။ ဒါကို ကျွန်တော် အပြစ် မမြင် ။ ကျွန်တော် ကတော့ လူမှန်း သိလို့ ကိုယ့် ကိုယ် ကို ဟန်လောက်ပြီ ထင် ကတည်း က အိမ် ကို တွယ်တာသူ မဟုတ် ။ အခြေအနေ အသစ် ၊ အပြောင်းအလဲ အသစ် ၊ အလုပ်အကိုင် အသစ်များ ကို သာ တွယ်တာသူ ။

ဖိုင့် ကို စဉ်းစား လိုက်လျှင် ကျွန်တော် ဖြေရ ခက်နေသည် ။

ဆင်းရဲခြင်း ၏ ဒဏ် အလုပ် ၏ ဖိစီးမှုဒဏ် ၊ အချုပ်အနှောင် ၊ အဖမ်းအဆီး လူမှုဘဝ များစွာ ကို ကျွန်တော် ခံနိုင်သည် ။ ဖိုင် ရှောင်ထွက်သွားခြင်း ကို ကျွန်တော် ဖြေ၍ မရ ။ ဖိုင် တစ်ယောက် သူ့သမီး ကို ပွေ့ဖက်ယုယချိန် များ တွင် တကယ်ပင် ကျွန်တော့် ကို မေ့နေသလား ။ ကျွန်တော့် ကြောင့် ခံစားခဲ့ရသမျှ စိတ်ဒုက္ခ အလုံးစုံ ကို သမီး အား ထွေးပွေ့၍ ချေဖျက် ပစ်လိုက်ပြီလား ။ ဒီလိုလုပ်ကြစတမ်းလား ဟု ကျွန်တော် စဉ်းစားသည် ။ ဖိုင် ကျွန်တော့် ကို ဆက်သွယ် မလာလေ ကျွန်တော် ခံရခက်လာလေ ဖြစ်ပြီ ။

ထို့ကြောင့် ကျွန်တော် ကျွမ်းကျင်နှံ့စပ်ပြီးသော ဥပေက္ခာ ကို အင်အား နှစ်ဆ တိုး၍ နှလုံးဗဟို သို့ ထည့်သွင်း စုဆောင်း လိုက်တော့၏ ။ ဖိုင် က တော့ ထွက်ခွာ မသွား ။ သို့သော် သူ ရှိနေသော ပုံရိပ်ရိပ်လေး အပေါ်မှာ ကျွန်တော် ၏ ရှုပ်ထွေး ကျယ်ပြောလှသော ကိုယ်ရေးကိုယ်တာ များ ကို ဖုံးလွှမ်း ထားလိုက်သည် ။

စာပေ နှင့် နုပညာနယ်ပယ် ။

ကျွန်တော် အစိမ်းသက်သက် တိုးဝင်ရမည့် နယ်ပယ် ။

ထိုနယ်ပယ်များ တွင် တိုးဝှေ့ရင်း ဖိုင်နှင့် သူဒါနမ်တို့ ကို ဥပေက္ခာပြု လိုက်တော့၏ ။

မြန်မာပြည် ပြန် ရောက်ပြီး အရင်ဆုံး ကျွန်တော် ဆောင်ရွက်သည် က စာရေးဆရာမ ဂျူး ထံသို့ သွားရောက် တွေ့ဆုံခြင်း ဖြစ်သည် ။ ကျွန်တော် ပြည်ပ မှာ နေစဉ် က ဂျူးစာပေတိုက် သို့ ဝတ္ထုတိုစာမူများ ပို့၍ ထုတ်ဝေပေးပါရန် တင်ပြခဲ့သည် ။ စာတိုက် မှ ကျွန်တော် ပို့လိုက်ခြင်း ဖြစ်ပါသည် ။ ဆရာမ နှင့် တွေ့သောအခါ ပို့သော စာမူများ စာတိုက်သို့ ရောက်လာကြောင်းတော့ သိရသည် ။ သွား ရွေးရာ တွင် နာမည် လွဲမှား နေ၍ ရွေးမရ ဟု သိရသည် ။ ကျွန်တော့် မှာ လည်း ပို့လိုက်စဉ် က ပြေစာ မရှိတော့ ။ ဆုံးပါလေရော ။ ကိစ္စ မရှိ ။ ဤ ကိစ္စ အတွက် ဆွေးတမြည့်မြည့် အဖြစ် ကြာနေလို့ မရ ။ ရှေ့ ဆက်ပြီး စာပေတွေ ရေးရဦးမည် ။ ဇာတ်ညွှန်းဒါရိုက်တာ ဖြစ်ဖို့ အားထုတ် ရဦးမည် ။

ထိုအချိန်မှာ ပင် သရုပ်ဆောင်ဝိုင်း နှင့် သူငယ်ချင်း ဖြစ်ခဲ့ကြသည် ။ သူ နှင့် ကျွန်တော်တို့ က မျက်နှာချင်းဆိုင် ရပ်ကွက် မှာ နေကြသူများ မို့ စားသောက်ဆိုင် မှာ တွေ့ ကြပြီး ရင်းနှီးခဲ့ကြ၏ ။ သူ က ဇာတ်ညွှန်းဒါရိုက်တာ ပိုင်း မှာ ကျွန်တော့် ထက် လက်တွေ့ ကျနသူ ဖြစ်သည် ။ သရုပ်ဆောင် လုပ်နေရပေမယ့် သူ တကယ် လေ့လာနေသည် က ဒါရိုက်တာလိုင်း ဟု ကျွန်တော့် ကို ပြောပြပါသည် ။ သူ နှင့် ကျွန်တော် ပုဇွန်တောင် လိပ်ကန်လမ်း တွင် တိုက်ခန်း ငှားပြီး အနုပညာနယ်ပယ် သို့ တိုးကြသည် ။ သူ က ဇာတ်ညွှန်းရေးပြီးသား နမူနာ များစွာ ယူလာ၏ ။ ကျွန်တော် က ရေးပြီး သား ရုပ်ရှင်ဇာတ်လမ်းများ ကို ဝတ္ထုဆန်ဆန် ရေးထားသည် ။ အဆင်ပြေ လျှင် သူ နမူနာ ပေးထားသည့် ဇာတ်ညွှန်းရေးဟန်များ အတိုင်း ရေးမည် ။ ပြီးတော့ သူ နှင့် အတူ ရိုက်ကွင်းများ သို့ လိုက် လေ့လာ ခဲ့ပါသည် ။

စ လိုက်သွားချိန်မှာ ပင် တွေ့ရမြင်ရသော ဗီဒီယိုလောက မှ မြင်ကွင်း များကြောင့် ကျွန်တော် အတော့် ကို စိတ်ဓာတ် ကျမိလေပြီ ။ သရုပ်ဆောင်မှု အတတ်ပညာ ကို စိတ်ပျက်သည် မဟုတ် ။ အနုပညာ ကို စိတ်ပျက်သည် မဟုတ် ။ ဇာတ်ကား တစ်ကား ဖြစ်ပေါ်လာရန် အဓိက အခြေခံသော ဇာတ်လမ်း ကို အရေးမထားမှုကြီး အား စိတ် ပျက်ခြင်း ဖြစ်သည် ။

အားလုံး လောလော လောလော ဖြစ်နေကြ၏ ။ ရိုက် ရသည် က လောလော သရုပ်ဆောင်ကြသည် က လောလော ။ အခွေ ဖြစ်လာဖို့ လောလော ၊ နောက်တစ်ကား ဖြစ်ဖို့ လောလော နှင့် လွန်စွာ စိတ်ပျက်ဖို့ ကောင်းနေပါလေပြီ ။ ကျွန်တော် မည်သို့ ပညာသင်ရမည်နည်း ။ ကျွန်တော် တွေးဆ ထားသော စိတ်ကူး နယ်ပယ်ကြီး က ဤသို့ မဟုတ် ။ ဇာတ်ကား တစ်ကား မှ ဇာတ်ဝင်ခန်း တစ်ခန်း ကို ဒါရိုက်တာ ၊ ဇာတ်ညွှန်းဆရာ ၊ ရိုက်ညွှန်း ဆရာ ၊ ကင်မရာမန်း ၊ သရုပ်ဆောင်များ အကျေအတင် ဆွေးနွေးကြမည် ။ အသံ ၊ အရုပ် ၊ အမူအရာ ၊ အပြောင်းအလဲ ၊ ကင်မရာပြကွက် တို့ စနစ်တကျလေ့ကျင့်ပြီး ဇာတ်ဝင်ခန်း ကို ဖန်တီးကြမည် ။ ကျွန်တော် တွေးဆ သမျှ သူရဲကောင်းဝါဒ တို့ ရေစုန် မျောလေပြီ ။ မင်းသား ၊ မင်းသမီး ရိုက်ရက် ရလျှင် ဇာတ်ကား ဖြစ်၍ မရလျှင် ဘာ ဇာတ်လမ်း မှ လာ လုပ်၍ မရ ။ လဲသာ သေဖို့ ကောင်းသော အနုပညာလောကပါတကား ။

ကျွန်တော် လေးငါးခါ လိုက်၍ ဝင်ရောက် ပျော်မွေ့ ကြည့်သည် ။ မရ ။ ကျွန်တော် အဲဒီ ထဲ ကို ရောက်သွား တိုင်း နားထင်တွေ ထူပူ ၊ သွေးတွေ တက် ၊ ပုံမှန် စိတ်တွေ ကမောက်ကမ ဖြစ်ပြီး အသက်ရှူ ကျပ်သည် ။ ဤ ဗီဒီယို လောကကြီး ၌ ပြင်ပ မှ လူမှုဘဝ ဖြစ်ရပ်များ ရာခိုင်နှုန်း အနည်းဆုံး စီးပျော် နေရုံ မှ တစ်ပါး ဘာမှ အနှစ်သာရ မရှိ ။ ထို့ကြောင့် ကျွန်တော် ဝိုင်း ကို ပြောသည် ။ ဗီဒီယိုလောက ပျက်လိမ့်ဦးမည် ဟု  ။ ထိုစဉ်က ( ၁၉၉၈ ) ။

ကျွန်တော် တစ်နည်းတစ်ဖုံ ကြံ ပြန်သည် ။ ရုပ်ရှင်ဇာတ်လမ်းများ လိုက် ရောင်းသည့် နည်း ကို ရွေးချယ်လိုက်သည် ။ မည်သည့် တိုက် မှ မဝယ် ။ တစ်ဖန် ရိုက်ကွင်းသမား နှင့် ဝင် လုံး၍ တိုးဝင်ဖို့ စဉ်းစားပြန်သည် ။ ဒါကလည်း တကယ် အထ မမြောက် ။ ဝိုင်း ကတော့ ကျွန်တော့် ကို တားသည် ။ ဤမျှ လိုက်၍ အပင်ပန်း မခံပါနှင့် ဟု ။ ပြီးတော့ ကျွန်တော့် ဇာတ်လမ်းများ ကို ထုတ်ရဲမည့် တိုက် မရှိ ။ ဇာတ်အိမ်တွေ က ကြီးလွန်းသည် ဟု ဆို၏ ။ ဒီကနေ့ ခေတ် နှင့် အရင် ခေတ် တို့ မတူ ဟု ပြောပြသည် ။ မြန်မြန် ပြီးမည့် ဇာတ်လမ်းလေးများ ရေးပါ ။ သူ စပ်ပေးမည် ဟု ဆို၏ ။ ကျွန် တော် မရေးခဲ့ ၊ ပဲပြုတ်သည် နှင့် သူဌေးသား မတော်တဆ တွေ့ကြ ၊ ချစ်ကြ ၊ လွမ်းကြ ပြီးတော့ ညားကြတာမျိုး ကို ရေး မိလျှင် ကျွန်တော့် ကိုယ် ကျွန်တော် ဇာတ်ညွှန်းသမား ဟု မသတ်မှတ် ဝံ့ ။ မရေးနိုင် ။ ဝိုင်း က ဒီလိုဆို ဝတ္ထု ရေးပါ ဟု ဆိုသည် ။ ဒါကိုတော့ ကျွန်တော် မငြင်း ။ ဝတ္ထုတို သည် ကျွန်တော်ရေး ကျင့်ရှိပြီး ဖြစ်သည် ။ ကျွန်တော် အကြမ်း ရေးထားသော ဝတ္ထုတို တစ်ပုဒ် ကို ဝိုင်း က သဘောကျပြီး သူ့ ဘာသာ အစာသွတ်၍ သွား ရောင်းပေး သည် ။ နယ်မင်းသား အတွက် ဇာတ်လမ်းကောင်းလေး ဖြစ် သွားပြီး ကျွန်တော် ငွေသုံးထောင် ရ၏ ။ ဝတ္ထုပိုင်ရှင် နေရာ မှာ တော့ တခြားလူ ဖြစ်သွား၏ ။ သူတို့ က ဒီလိုလား ဟု ကျွန်တော် သဘောပေါက် လိုက်ပြီ ။

အကောင်း ကို သာ မခန့်မှန်းတတ်ချင် နေမည် ။ အဖျက် ကို တွေးဆ၍ ခန့်မှန်းရာ၌ ကျွန်တော် ကျင့်သားရနေပြီ ။ ဤ ဗီဒီယို ဖွတ်ချက် ဖွတ်ချက် လောက မကြာခင် ပျက်တော့မည် ကို ကျွန်တော် မြင်ယောင် နေပါ၏ ။ နေပါစေတော့ ။ အဲဒီ ဖွတ်ချက်ဖွတ်ချက် လောက ထဲ ကိုတော့ ဝင် မမျောချင်တော့ ။ ကျွန်တော် ကြုံတွေ့ခဲ့သော လူတို့ စရိုက် သဘော သဘာ တွေသည် ဖွတ်ချက်ဖွတ်ချက် မဟုတ် ။ ဒါတွေကို ကိုယ့် ဘာသာ တန်ဖိုး ထားလျှင် မည်သူ လာ ဈေးနှိမ်ဝံ့ မည်နည်း ။ ကိုယ် တန်ဖိုး မထားမှ တော့ တန်ဖိုး လျော့မည် ။ ဤ မာနမျိုး ကိုတော့ ဒေါင်ဒေါင်တင်းတင်း ကျွန်တော် ဆုပ်ကိုင် ရဲသည် ။

စာပေအနုပညာ လုပ်ပြီ ဆိုလျှင် အောင်မြင်ကျော်ကြားတာ တွေ ငွေရ လွယ်တာတွေ ထက် ပရိသတ် အသိအမှတ် ပြုခဲ့ရခြင်း ကို မည်သူမဆို လိုလားကြပါသည် ။ ငွေ ကို ကျွန်တော် ဂရု မစိုက် ။ အနုပညာ ကို အနုပညာဖြင့် တည်ဆောက်ချင်သည် ။ ဤ မာန အတွက် ဒုက္ခတော့ များရဦးမည် ။ သို့သော် ကိုယ် ကြိုက်သည် ကိုသာ ကိုယ် လုပ်ချင်သူမို့ အနှစ်နှစ်ဆယ် စိန်ခေါ်မှု ကို ကျွန်တော် အဓိဋ္ဌာန် လိုက်သည် ။

အနှစ်နှစ်ဆယ်

စာပေအနုပညာ ကို အနှစ်နှစ်ဆယ် တိုင်တိုင် ကြိုးစားမည် ။

ထို အနှစ်နှစ်ဆယ် စိန်ခေါ်မှု အတွက် ဘာတွေကို စွန့်ရမည်နည်း ။ စွန့် ပါမည် ။ ဘယ်လို စွန့်စားရမည်နည်း ။ ကျွန်တော် အသက်ရှူ နေနိုင်သမျှ အနှစ်နှစ်ဆယ် တိုင်တိုင် ကျွန်တော် ကြိုးစားမည် ။

ဤ ဆုံးဖြတ်ချက် ကို ချလိုက်ပြီး နောက် ကျွန်တော် ဖိုင့် ကို တွေ့ဖို့ ဆုံးဖြတ်လိုက်သည် ။ ဖိုင် နှင့် စူဒါနမ် ကို ကျွန်တော် တွေ့မည် ။ ကျွန်တော့် ခရီးစဉ် ကို ပြောမည် ။ ထို အနှစ်နှစ်ဆယ် တွင် မအောင်မြင် ပါ က ကျွန်တော့် အား အရူး တစ်ယောက် အဖြစ် သတ်မှတ်ပါတော့ ဟု ပြောပြမည် ။ ထို စိန်ခေါ်မှု အတွက် သူ့ ထံမှ ခွင့်တောင်းမည် တော့ မဟုတ် ။ အသိ ပေးခြင်းသာ ဖြစ်မည် ။ ကျွန်တော့် အား ဖိုင်နှင့် တကွ ဖိုင် တို့ မိသားစု အားလုံး ရော ဆွေတွေမျိုးတွေပါ မုန်းနိုင်ပါ၏ ။ သို့သော် စူဒါနမ် သည် ကျွန်တော့် ကို မုန်းခွင့် မရှိ ။

ကျွန်တော့် သမီး ကျွန်တော့် ကို မမုန်းတီးရ လေအောင် မည်သူမှ မပြုနိုင်သည့် မေတ္တာတရား ဖြင့် ကျွန်တော့် သမီး ကို လွမ်း နေမည် ။ ထို မေတ္တာ အလွမ်း ဖြင့် စူဒါနမ် ကျွန်တော့် ကို မမုန်းစေရ ဟု ကျွန်တော့် ဘာသာ ယုံသည် ။ စိတ္တဇ မဟုတ် ။ အသေအချာ ကျွန်တော် ယုံခြင်း ဖြစ်ပါသည် ။

ဖိုင့် ကို ရော

ဖိုင့် ကိုတော့ ကျွန်တော် မယုံရဲတော့ ။ နှလုံးသား ထဲမှာ ရှိနေသော်ငြား ယုံရန် မဝံ့ပြီ ။

ဖိုင် သည် သူ့ ဝပ်ကျင်း အတွက် ဘာမဆို ခိုင်ခံ့အောင် လုပ်ရဦးမည် ။ ကျွန်တော် မပါသော တစ်ခုလပ် ကလေးအမေ ဘဝဖြင့် အနှစ်နှစ်ဆယ် ကျော် ဖြတ်ရမည် ။ ထို့အတွက် အမှီသဟဲ ပြုနိုင်ကောင်း၏ ။ ကျွန်တော့် ကို စာနာသော စိတ် ဖြင့်ပင် သူ့ ဝပ်ကျင်း အတွက် စိတ်ချအောင် ပြုပြင် ပြောင်းလဲချင် ပြောင်းလဲလိမ့်မည် ။ ဖိုင် ကျွန် တော့် ကို ဦးစွာ သစ္စာဖောက်လိုက်သည့် အတွေ့အကြုံ က ကျွန်တော့် မှာ ခါးနေဆဲ ပင် ။ သူ့ ရင်သွေး ကို သူ့ နှလုံးသား ထဲ ထည့်၍ ကျွန်တော့် ကို သူ့ နှလုံးသား ထဲမှ နှင်ထုတ်ခဲ့သည် ကို ကျွန်တော် မမေ့ ။ ဖိုင် ၏ ရက်စက်မှုသည် တည်ငြိမ်၏ ။ ထိရောက်၏ ။ ပြင်းထန်သော အားပါ၏ ။ ကျွန်တော် အတော့် ကို ခံရပါသည် ။ ဖိုင် တစ်ယောက် စူဒါနမ် ကို မည်သို့ ပေါက်မြောက်အောင် မွေးမြူမည်နည်း ။ ကျွန်တော့် အနေဖြင့် စူဒါနမ် ကို မတွေ့ရသေးသည့် တို င် ကျွန်တော် နှင့် ခွဲမရအောင် တူသည် ဆိုသော သတင်းစကား ဖြင့်ပင် စူဒါနမ် နှင့် ကျွန်တော့် အချစ် ကို ကျွန်တော် ယုံ လိုက်ပါပြီ ။ ကျွန်တော့် ဘဝ ၏ အနာဂတ် တွင် စူဒါနမ် သည် အဓိက ကျလာဦးမည် ကို ထင်ထင်ရှား ရှား ကျွန်တော် တွေ့မြင်နေမိသည် ။ ဤအကြောင်း ကို ဖိုင့် ကို ကျွန်တော် မပြောရက် ။ ဖိုင် သည် ကျွန်တော့် ကို ဆုံးရှုံးခြင်း နှင့် အတူ လင်သား တစ်ဦး ၏ ဇနီးမယားဘဝ ကိုပါ အစတေးခံခဲ့ရပြီး ဖြစ်သည် ။ ကျွန်တော် သည် ဖိုင့် ကို ခင်ပွန်း အရာ မစွမ်း ဆောင်နိုင်ခဲ့ ။ ဖိုင် ၏ ဒုက္ခများ ကို လက်တွဲဖြေ ရှင်း ပေးနိုင်သူ မဟုတ်ခဲ့ ။ ကျွန်တော့် ဘာသာ အတ္တ နှင့် လွင့်ချင်ရာ လွင့် နေသူ ဖြစ်သည် ။ ဖိုင် က စူဒါနမ် ကို သူ့ ပစ္စည်း ၊ သူ့ အချစ် ၊ သူ့ ဘဝ ဟု အပိုင် တွက်ကာ ကျွန်တော် နှင့် ဝေးရာ သို့ ပြေးသည် ။ ကျွန်တော် သိပ် မလိုက် ချင်ပါ ။ ဖိုင် ပိုင် ထားသော စူဒါနမ် ၌ ကျွန်တော် အငွေ့အသက်တွေ ရှစ်ဆယ်ရာခိုင်နှုန်း ပါနေမည် ။ ကျွန်တော့် သူငယ်ချင်း ‘ ကဗာ ’ ၏ ပြောပြချက် အရ ကျွန်တော့် ရုပ်သွင် ၊ ကျွန်တော့် အရောင် များ ရစ်ပတ်နေသည် ဟု ကျွန်တော် ကြားပြီးပြီ ။ ဖိုင့် ကို ကျွန်တော် သနားပါ၏ ။

ဖိုင် သည် တကယ်ပင် သနားစရာ ဖြစ်နေသည် ။

ကျွန်တော် လာတွေ့ မှာ ကို ကြောက်နေရရှာ၏ ။ အထူးသဖြင့် စူဒါန မ် ကို ကျွန်တော် နှင့် ပေး မတွေ့ချင် ။ ဖိုင် မှ မဟုတ် ။ ဖိုင့် မိဘနှစ်ပါး က လည်း စူဒါနမ် ကို ကျွန်တော် နှင့် မတွေ့စေလို ။ ကျွန်တော် တွေးပြီးသား ဖြစ်သည် ။ စူဒါနမ် ကို ဝိုင်းဝန်း ချစ်ခင်မြတ်နိုးခြင်း က ပင်လျှင် စူဒါနမ် နှင့် ကျွန်တော့် အတွက် အခွင့်အရေး ဖြစ်သည် ။ စူဒါနမ် သည် ကျွန်တော့် ကဲ့သို့ပင် လုပ်ချင်ရာ လုပ်ပြလိမ့်မည် ။

စနေနေ့ ၌ မွေးသော စူဒါနမ် သည် ဖိုင် တို့ မိသားစု ကို အသာကလေး အနိုင်ယူ ပါလိမ့်မည် ။ ဖိုင် ၏ ဝပ်ကျင်းလေး တွင် ကျေနပ်နေမည် မဟုတ်ပါ ။ ဒါကို ကျွန်တော် သိနေသည် ။ စူဒါနမ် ကျွန်တော့် ကို စိတ်နာ နိုင်သည် ဒေါသ ဖြစ်နိုင်သည် ။ ကလဲ့စား ချေနိုင်သည် ။ သို့သော် သူ ကျွန်တော့် ကို မုန်း၍ မရ ။ အကြောင်းမှာ သူ သည် ကျွန်တော့် ကိုယ်ပွား ဖြစ်နေ သောကြောင့် ပင် ။ ထို့အပြင် သူ သည် မတော်တဆ လောက ထဲ ရောက် လာသူ မဟုတ် ။ ဖိုင် နှင့် ကျွန်တော်တို့ အချစ်များ စွာဖြင့် ထုဆစ်ပုံဖော်ခဲ့သည့် မနုဿ ပန်းပုရုပ်လေး ဖြစ်သည် ။ ဒါတွေကို နောင် အနှစ် နှစ်ဆယ် ကြာလျှင် ကျွန်တော် ရှင်းပြမည် ။ လောကကြီး ၌ ကျွန်တော် သည် သူ့ အနား၌ ကျင်လည် မနေခြင်း ကြောင့် ဖခင် ၏ မေတ္တာတရားတွေ သူ မဆုံးရှုံးစေရ ။ ကျွန်တော် သူ့ ကို အဝေးမှ ပင် အချစ် များစွာဖြင့် တွေးဆ နှစ်သိမ့်နေ ဖြစ်၏ ။

အနှစ် နှစ်ဆယ် ဆိုသည် မှာ ဘဝ တစ်ဆစ်ချိုး မျှသာ ဖြစ်ပါမည် ။ စာ ပေ ၊ အနုပညာနယ်ပယ် သို့ ကျွန်တော် တိုးဝင်တော့မည် ။ ထိုသို့ ဝင် မတိုး မီ ငွေကြေး နှင့် ဂုဏ်သိက္ခာ တစ်ရပ် ကျွန်တော် တည်ဆောက်ရမည် ။ အသိုက်အမြုံ ကိုတော့ မတောင့်တ ။

စာပေ ၊ အနုပညာ ခရီး ကို အနှစ်နှစ်ဆယ် သတ်မှတ်ထားရသည် မှာ လွယ်လွယ်ပြီးပြီး သမား မဖြစ်ချင်၍ ပင် ။ ဝုန်းခနဲ ထ တောက်ပြီး ချုပ်ငြိမ်း ပျောက်ကွယ် သွားရသည့် အနုပညာသမား မဖြစ်ချင် ၊ ဖြည်းဖြည်းချင်း ကျွန်တော် ရင်ဆိုင် ကြည့်မည် ။ တစ်ကြိမ် အဆင်မပြေ လျှင် နောက် တစ်ကြိမ် ၊ နောက်ထပ် တစ်ကြိမ် ၊ နောက်ထပ် ၊ နောက်ထပ် ကြိမ်ဖန်များ စွာ ကျွန်တော် ချီတက်မည် ။ ကျွန်တော် ရေရွတ် နေသည့် “ မြင့်မြတ်ရမည် ၊ ထက်မြက်ရမည် ” ဟူသော လမ်းစဉ် အတွက် ကိုယ်ကျင့်သိက္ခာ ကို အဓိက တည်ဆောက်တော့မည် ။ ဤ ကိစ္စမှာ မလွယ် ။

ဣတ္ထိယတို့ ၏ ရင်ခွင်များစွာ ၊ နှုတ်ခမ်းများ စွာ ၊ နှလုံးသားများစွာ တွင် ကျင်လည်ခဲ့သော ကျွန်တော့် အတွက် စာပေ ၊ အနုပညာရှင် အဖြစ် ဝင်ရောက် ကျင်လည်ရာတွင် သိက္ခာ သမာဓိ ကြီးမားဖို့ အတွက် ထို ရင်ခွင် များကို ဆန့်ကျင်ရတော့မည် ။

စိတ်ဓာတ်ရေးရာ နှင့် စေတနာ ၊ ဝီရိယ နှင့် အကြံအစည် တို့ ကို ကျွန်တော် မမှု ၊ ကျွန်တော့် မှာ ဖြတ်ထိုး ဉာဏ် နှင့် ချိန်ဆတတ်မှုပါရမီ က အတန်အသင့် ရှိသည် ။ ကျွန်တော့် လမ်းစဉ် သည် ပရိသတ် ၏ နှုတ်ဖျားဆီ သို့မ ဟုတ် နားဝဆီ သို့မဟုတ် ရင်ထဲ သို့ သွားမည့် လမ်းစဉ် ဖြစ်သည် ။ လောဘကြီးသည် ဟု ဆိုရမည်လား မသိ ။ ပေါ့ပေါ့တန်တန်တော့ ကျွန်တော် မဖန်တီးချင် ။ ကျွန်တော့်ရင် ၌ မကြိုက်သော အဘယ် စာပေ ၊ အနုပညာ ကိုမှ ငွေကြေးအတွက် မဖန်တီး ၊ ပျော်စေ ပျက်စေ အတွက် မဖန်တီး ၊ ဂုဏ်သတင်း အတွက် မဖန်တီး ။ စေတနာ လှုံ့ဆော်မှု ဖြင့် သာ ဖန်တီးချင်သည် ။ ကိုယ် ကြိုက်သည် ဆိုမှ သာ သူများ ကြိုက်အောင် တင်ပြချင်သည် ။ လွယ်တော့ မလွယ် ။ ထို့ကြောင့် ပင် အနှစ် နှစ်ဆယ် ဟု ကျွန်တော် ခန့်မှန်းခဲ့ခြင်း ဖြစ်သည် ။

ကျွန်တော် ကြိုက်သော အရာ ကို မှ ကျွန်တော် တင်ပြချင်သည် ဆိုခြင်း မှာ အမေ့ပုံပြင်လေး ကြောင့် ဖြစ်သည် ။ ကိုယ်ချင်းစာတရား နှင့် ပတ်သက်သော ပုံပြင်လေး ကို အမေ က အစ်ကို့ ကို ပြောပြဖူးပါသည် ။ ထို ပုံပြင်လေး က အစ်ကို့ အတွက် အသုံး ဝင် မဝင် မသေချာ သော်လည်း ကျွန်တော့်အတွက် ဘဝကဏ္ဍ တော်တော်များ များ ၌ အသုံးဝင် နေပါ၏ ။

ဖိုင့် ဆီ ကို အလုအယက် သဘော ဆောင်ကာ ကျွန်တော် မသွားချင်သည် မှာ လည်း အမေ ပြောပြသော ကိုယ်ချင်းစာတရား ကြောင့် ပင် ဖြစ်ပါသည် ။ ကျွန်တော် ပင်လျှင် ဝမ်း နှင့် မလွယ်ခဲ့ပါလျက် စူဒါနမ် ၏ ဘဝ ရှေ့ရေး ကို အတိုင်း မသိ တွေးဆရည်ရွယ် နေလျှင် ဖိုင် သည် ဝမ်း နှင့် လွယ် မွေးခဲ့ရ၏ ။ ဘာမှ ရေရာသေချာမှု မရှိသော တရားမဝင် နိုင်ငံခြားသား ခြေသလုံးအိမ်တိုင် ဖြစ်သူ နှင့် ရာသက်ပန် ခရီး အတွက် ဤ အမှုကြီးကို သူ ဖန်တီးခဲ့ရသည် ။ ထို ကိုယ်ချင်းစာတရားများ ဖြင့် ကျွန်တော် စူဒါနမ် ကို လု မယူရက်တော့ ။ ဖိုင် ရင်ဆိုင်ရဲခဲ့သည် ကိုပင် ကျွန်တော် အံ့ဩ ချီးကျူးနေမိသည် ။ စိတ် ၌ သူ ကျွန်တော် ကို ရှောင်ပြေး၍ မခံမရပ် ဖြစ် ရသော်ငြား ကျွန်တော် ဖိုင့် ကို ချစ်မြဲ ချစ်နေသည် ။

ကျွန်တော် သွား လုယူ၍ ဖိုင် သာ စူဒါနမ် နှင့် ခွဲရလျှင် ကျွန်တော် ပျော်မွေ့မည် မဟုတ် ။ အမေတို့ ကလည်း လက်မခံ ။ ဖိုင့် ကိုပါ ခေါ်လာရမည် ဟု ဆို၏ ။ ဖိုင် ဘယ် လိုက်ဝံ့ပါမလဲ ။ ကျွန်တော် သိပြီးပြီ ။ ဖိုင် တို့ ထိုင်းတီဗွီ များ ၌ ကျွန်တော်တို့ နိုင်ငံသတင်းများ ဆိုလျှင် ကောင်းကွက် ကို ပြခဲ၏ ။ ပဋိပက္ခများ အရှုပ်အထွေးများ နယ်စပ် ပြဿနာများ ကို သာ ပြလေ့ ရှိသည် ။ ဤ သတင်းများကြောင့် ပင် ကျွန်တော်တို့ ၏ မြို့ပြရပ်တည်မှု ကို ဖိုင် မယုံရဲ ။

ကျွန်တော် နှင့် ဖိုင် တို့ သည် တရားမဝင် လုပ်ကိုင်စားသောက်များ ၏ မဆန်းသော ဆုံစည်းမှုလေး သာ ဖြစ်သည် ။ သို့ရာတွင် ခိုင်မာချင်သည် ။ တည်တံ့ချင်သည် ။ ပြီးပြီးရော မဖြစ်ချင် ။

ကျွန်တော် ဖိုင့် ကို လက်ထပ် လိုက်ပါလျှင် ရုံးတော်သို့ လျှောက်ကြား ရမည် ။ ဘဏ်အာမခံငွေ တင်သွင်းရမည် ။ လုပ်ငန်း ပြရမည် ။ ကလေး မှာ လည်း နိုင်ငံသား အခွင့်အလမ်း အပြည့်အဝ မရတော့ ။ ဒါကိုတော့ ဖိုင် က မလိုလား ။ ကျွန်တော် လည်း မလိုလား ။ နောက်တော့လည်း ဒါတွေကို ဂရုမစိုက်ချင်တော့ ။ ထို ဥပဒေသတွေ သည် အချစ် ၌ မရှိ ။ လူတို့ ၏ နှလုံးသား ဖြင့် ရေးဆွဲခဲ့သည် မဟုတ် ။

ကျွန်တော် ၊ ဖိုင် ၊ စူဒါနမ် တို့ အတွက် အတားအဆီး မဟုတ် ။ ကျွန်တော်တို့ သိုက်မြုံ ကို ထို ဥပဒေသများ ဟန့်တားထားသည့် တိုင် ကျွန်တော်တို့ ကို ချေဖျက်၍ မရ ။ မိဘ နှင့် ဇနီး သားမယား ဟူသော မဟာရံတံတိုင်းကြီး သည် ( ၁၉၉၈ ) မတ်လ စနေနေ့ တွင် စူဒါနမ် ကို မွေးဖွားသန့်စင်ခြင်း ဖြင့် တည်ဆောက်ခဲ့လေပြီ ။ မည်သူ ချေဖျက်ဝံ့ အံ့နည်း ။

▣  မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်

No comments:

Post a Comment