❝ ထိုင်းနိုင်ငံ ကို စွန့်ပြီ ❞
( ၁၉၉၅ )
သုံးဘတ်ခွဲ ဖြင့် ဘတ်စ်ကား စီး၍ ဂိတ်စ မှ ဂိတ်ဆုံး လိုက်လေ့လာခဲ့ ဖူးသော ဘန်ကောက်မြို့ကြီး လမ်းဘေး ပလက်ဖောင်း ပေါ်တွင် ရောင်း သော ငါးခူကင် ၊ အသားဆုပ်ကင် ( လုချင်း ) ၊ အမဲသားကင် အသည် များ ဖြင့် ရင်းနှီးကျွမ်းဝင် ခဲ့ရသော ဘန်ကောက်မြို့ကြီး အဆင်းရဲဆုံး ဘဝ အလုပ်သမား အဖြစ် နှင့် လောကဓံကို ကြံ့ကြံ့ခံ နိုင်အောင် သင်ကြား ပေးလိုက်သော ဘန်ကောက်မြို့ကြီး ၊ ချစ်သော လန်းဖိုင် ( စာသိုက် ) နှင့် တွေ့ဆုံခဲ့ ဖူးသော ဘန်ကောက်မြို့ကြီး ညနေခင်း နိဗ္ဗာန်ဈေးများ ဖြင့် စည်ကား နေသော မြို့တော်ကြီး ၊ အငွေ့ထောင်းထောင်း ထနေ သည့် မီးကင် အသားသွပ်များ ၊ ငါးခူကောင်လုံးကင်များ နေရာမရွေး ဝယ်စား နိုင်သော မြို့တော်ကြီး ၊ နှုတ်ခမ်းနီ ၊ ပါးနီ မခြယ်သသည့် မျက်နှာဖြူနုနု မချောများ ကြီးစိုးသည့် မြို့တော်ကြီး ၊ ချွေးဒီးဒီး ကျနေသည့် မြို့တော်ကြီး ၊ နိုင်ငံတကာ မြို့တော်ကြီးများ ကို အားကျမခံ တုမီအောင် ကြိုးစားနေသည့် မြို့တော်ကြီး ၊ ပူပြင်းခြောက်သွေ့သည့် ရာသီဥတု နှင့် ယာဉ်ပိတ်ဆို့မှု ကြောင့် ချွေးတဒီးဒီး ကျနေသည့် မြို့တော်ကြီး ၊ အနောက်ကမ္ဘာ ၏ ယဉ်ကျေးမှု ကို အမောဆို့ မတတ် တွန်းလှန်နေရသည့် မြို့တော်ကြီး ၊ ဘာသာပေါင်းစုံ ၊ လူမျိုးစုပေါင်းစုံ ဖြင့် ယှက်ဖော်ထားသည့် အံ့မခန်းမြို့တော်ကြီး ကို ဧည့်သည် သဘောမျှဖြင့် ကျွန်တော် ခုနစ်ရက် မျှ ပြန်ရောက်လာခဲ့သည် ။
စင်ကာပူ သို့ ရှိုးဂျော့ ဖြင့် သွားမည့် လူငယ် တစ်ဦး အဖြစ် ကျွန်တော် ခဏတာ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည် ။ ဖိုင့် ကို ကျွန်တော် သွား မတွေ့တော့ပါ ။ သုံးနှစ် ပြည့်မည့် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ တွင် ပြန်လာမည် ဟု ကတိပေး ထားပြီးဖြစ်သည် ။ သူ မည်ကဲ့သို့ ကျန်ရစ်ခဲ့သည် ဖြစ်စေ ၊ သူ့ ဘဝ သူ ကောင်းကောင်း ထိန်းသိမ်းနိုင်မည် ကို ကျွန်တော် သံသယ မရှိ ။ ကျွန်တော် မည်သည့် အခြေအနေ ရောက်ရောက် သုံးနှစ် ပြည့်လျှင် ပြန်လာမည် ကို သူ သံသယ မရှိပါ ။
ကျွန်တော် ဝင်ရောက် တည်းခိုသော အိမ်သည် ကျွန်တော် နေခဲ့သော L ATPHRAO လမ်းမကြီး နှင့် မဝေးကွာလှသော ရခမ်ဟမ်းလမ်းမကြီး မှ လမ်း ၈၁ ထဲ ၌ ဖြစ်သည် ။ တစ်နေ့ ဘတ်တစ်ရာ ပေးရသည် ။ သင်္ဘောသားများ အများစု နေကြသည် ။ တစ်နေ့ ထမင်းနှစ်နှပ် ကျွေးသေးသည် ။ စင်ကာပူ သို့ ဝင်လျှင် ပြောရမည့် စကားများ ဖြည့်သွင်းရမည့် ဖောင်၌ ပါရှိသော မေးခွန်းများ ကို လေ့ကျင့်ပေးရသည် ။ ဗီဇာများ လျှောက်စရာ မလို ၊ ဆယ့်လေးရက် ဖြစ်စေ ၊ တစ်ပတ် ဖြစ်စေ ၊ သုံးရက် ဖြစ်စေ ပေးချင် ပေးမည် ။ ပြန် နှင်လျှင် နှင်မည် ။ ဘာမှ မသေချာ ။ အပြောအဆို အမူအရာ နှင့် ရှိုးမန်းနီး ပေါ်တွင် မူတည်၍ လ.ဝ.က မှ ပေး ဝင်လျှင် ဝင်လိုက်သည် ။ ဗီဇာ ကို လေယာဉ်ကွင်း မှာ ပင် လျှောက်နိုင်သည် ။ အဝင် မခံ၍ ပြန်လာသူများ ကို လည်း ၈၁ လမ်း အိမ် ၌ တွေ့ရသည် ။ နောက်တစ်ကြိမ် ပြန် ဝင်မည် ဟု ဆိုသည် ။ များ သောအားဖြင့် စာအုပ်အသစ်သမား များ ကို တစ်ကြိမ် တစ်ခါမှ မရောက်ဖူး သဖြင့် လာရောက်လည်ပတ်ပါသည် ဆိုလျှင် ဝင်ခွင့်ပြုသည် ။
ကျွန်တော် နှင့် ပါလာသော ကျောက်တံတား လမ်း ၄၀ မှ ကိုမြင့်ဦး က ဘုရားစာ ကို မပြတ် ရွတ်နေသည် ။ သူ့ အသက် က သုံးဆယ်ကျော် နေသဖြင့် ( ဝှိုက်ကတ် ) ထဲ တွင် ကျောင်းသား ဟု ဖြည့်ရ ခက် ၊ ဝန်ထမ်း ဟု ဖြည့်ရ ခက် ၊ လုပ်ငန်းရှင် ဟု ဖြည့်ရ ခက် ဖြင့် နောက်ဆုံး ဈေးကွက်မန်နေဂျာ ဟု ဖြည့်လိုက်သည် ။ ရှိုးမန်းနီး ကို ဒေါ်လာငါးရာစီ ဆောင် သွားကြသည် ။ မြန်မာနိုင်ငံ နိုင်ငံခြားငွေဘဏ် မှ တစ်ဦး လျှင် ၆၂ ဒေါ်လာ လဲ လှယ်ပေးသည် ။ ကျွန်တော် တို့ သည် သူရဲကောင်းများ သဖွယ် စင်ကာပူလေဆိပ် ( လ.ဝ.က ) သို့ ရင်ကော့ကာ ဝင်လာခဲ့ကြသည် ။ ( လ.ဝ.က ) ရောက်လျှင် ရှောင်ရမည့် အသားမည်းမည်း ၊ ဝဝတုတ်တုတ် အမျိုးသမီးကြီး ကောင်တာ ကို လှေကား မှ ဆင်းလာ ရင်း မသိမသာ ရှာမိသည် ။ စင်ကာပူလေဆိပ် ( လ.ဝ.က ) ကောင်တာတန်းကြီး သည် မြေအောက်ခန်းကြီး တစ်ခု ထဲ မှာ တည်ဆောက် ထားသည့် အလား တိတ်ဆိတ် အေးချမ်း လွန်းလှသည် ။ ဘန်ကောက်လေဆိပ် ကဲ့သို့ သွားလာ လှုပ်ရှားသူများ နည်းပါးလှသည် ။ ကျွန်တော် တို့ မြှားညွှန်း စာတမ်းများ အတိုင်း ကွေ့ကာ ကောက်ကာ ရောက်လာ ခဲ့ကြပြီ ။ မှာ လိုက်သူ က “ ကိုယ့် အမေအိမ် ကိုယ် ပြန်လာ သလို ၊ သဘောထားပြီး ဝင်သွား ” တဲ့ ။ ရယ်စရာ ဟု ထင်သော်ငြား ထို စိတ်မျိုး ဖြင့်ပင် ( လ.ဝ.က ) ရှေ့သို့ ကျွန်တော် ရောက်သွားသည် ။ ဘာမှ များများ မမေးပါ ။ အသား မည်းမည်း ဝဝတုတ်တုတ် အဒေါ်ကြီး ပင် ကျွန်တော့် စာအုပ် ကို ကြည့်သည် ။ “ မင်း ကျောင်းသားလား ” ဟု တစ်ခွန်း မေးသည် ။ “ ဟုတ်ကဲ့ ” ဟု ကျွန်တော် ဖြေပြီး သူ့ ရှေ့ မှ သကြားလုံး တစ်လုံး ကောက် စားလိုက်သည် ။ မည်သူမဆို စားခွင့်ရှိသည် ဟု အစ်ကို က မှာထား၍ ဖြစ်သည် ။ သူ က ဘာမှ မပြော ။ ဆယ့်လေးရက် ဗီဇာ ပေးလိုက်ပြီ ။ ကျွန်တော့် နောက်မှ ကိုမြင့်ဦး ကို လည်း ဘာမှ မမေးပါ ။ သူ ကျတော့ သကြားလုံး ကို နှစ်လုံး တောင် ယူစားသည် ။ ဆယ့်လေးရက် ပေးလိုက်သည် ။
အပြင် ရောက်တော့ တက္ကစီတန်း မှာ သွား ရပ်၍ ကားစောင့်သည် ။ အလှ ည့်ကျ တက္ကစီ ပေါ် တက်၍ “ ရေရွှန်း ” ဟု ပြောကာ လိပ်စာကတ်လေး ကို ထုတ်ပေးလိုက်သည် ။ မိနစ်နှစ်ဆယ် ခန့် မောင်း ပြီး တိုက်ခန်းတွဲကြီး များ ထဲ ကွေ့ကာကောက်ကာ မောင်းဝင်လာရင်း တိုက်ဘလောက် တစ်ခု ရှေ့၌ ကားရပ်ပေးသည် ။ ကျွန်တော်တို့ ကားပေါ် မှ ဆင်းပြီး ပစ္စည်းများ ယူကာ ငါးလွှာ သို့ ဓာတ်လှေကား ဖြင့် တက်ခဲ့သည် ။ အခန်း ကို ရှာ တွေ့၍ ဘဲလ် နှိပ်လိုက်ရာ အထဲ မှ မြန်မာ တစ်ယောက် တံခါး လာ ဖွင့်ပေးသည် ။ ကျွန်တော့် အစ်ကို နာမည် ပြောသဖြင့် တံခါး ဖွင့်ပေးသည် ။ အထဲ မှာ မြန်မာသုံး လေးဦး တွေ့ရသည် ။ ဘယ်အခန်း မှာ နေရမှန်း မသိသေး ၍ တစ်ခန်း ထဲမှ ဘန်ကောက် တည်းခိုအိမ် တွင် ကျွန်တော် နှင့် ရင်းနှီးဖူးသော ကိုဝင်းနိုင်ဦး ထွက်လာ သဖြင့် ကျွန်တော်တို့ အား အခန်း ထဲ ခေါ် ကာ နေရာ ပေးသည် ။ ကျွန်တော့် အစ်ကို က ညဆယ်နာရီ ကျော် မှ ပြန်လာမည့် အ ကြောင်း ရှင်းပြသည် ။ သူ အလုပ် သွားစရာ ရှိ၍ ညကျမှ ပြန်ဆုံမည့် အကြောင်း ရှင်းပြသည် ။ ကျွန်တော်တို့ နား နေစဉ် လူ တစ်ယောက် က ဖဲ ရိုက်ရန် လာ ခေါ်သဖြင့် ကိုမြင့်ဦး ပါသွားသည် ။
ကျွန်တော် မအံ့ဩပါ ။ မြန်မာများ လူ စုမိလျှင် ဖဲရိုက်ကြသည် ကို ဘန်ကောက် ရှိ တည်းခိုအိမ် တွင် တွေ့ခဲ့ပြီးသား ။ များသောအား ဖြင့် အလုပ်လက်မဲ့များ စုပေါင်းပြီး ဖဲကစားလေ့ ရှိသည် ။ ယခုလည်း ဖဲဝိုင်း က တဖြည်းဖြည်း အရှိန် ကောင်း လာခဲ့ပြီ ။ ညရှစ်နာရီကျော် တွင် အလုပ် မှ ပြန်လာသူများ အပြင် ဧည့်ခန်းတွင် တီဗွီ ကြည့်နိုင်ရန် ဖဲဝိုင်း က အတွင်းခန်း သို့ ပြောင်းရွေ့ လာခဲ့ကြသည် ။
ကျွန်တော် တိုက်အောက် သို့ ဆင်း လာပြီး ပတ်ဝန်းကျင် ကို လိုက် လေ့လာမိသည် ။ ကျွန်တော်တို့ တိုက် နှင့် ကားလမ်းမကြီး မှာ ဘာမှ မဝေးပါ ။ မြက်ခင်း ဆင်ခြေလျှောလေး တစ်ခု သာ ခြားသည် ။ ကားလမ်းမ မှာ ကား အသွားအလာ များသည် ။ လေယာဉ်ကွင်း မှ လာခဲ့ရာ လမ်းတစ်လျှောက် တွင် ထုထည်ကြီးကြီးမားမား အဆောက်အဦးများ မရှိ ၊ လူနေတိုက်ခန်းတွဲ တွေသာ တွေ့ရသည် ။ သစ်ပင်များ ၊ ပန်းခြံများ ၊ ကွင်းပြင်များ ၊ လူကူးတံတား များမှာ နေရာတိုင်း လိုလို တွေ့ရသည် ။ လူနေမှု အဆင့် မြင့်လှ၏ ။ မိုးပျံတိုက်ကြီးများ ထက် အေးချမ်းကျယ်ဝန်းသော လူနေတိုက်ခန်းတွဲများကို သာ စနစ်တကျ ဆောက်ထားသည် ။
မြို့ထဲပိုင်း တွင် မည်သို့ ရှိမည်မသိ ။
အစ်ကို ပြန် ရောက်သော အခါ ကျွန်တော့် ကို ခေါ်၍ ထမင်း သွားစား ကြသည် ။ မနက် ကျလျှင် အလုပ် ဝင်ရ မည်ဟု ပြောသည် ။ အင်္ဂလိပ်စကား လေ့လာထား မှ ဖြစ်မည် ဟု ဆိုသဖြင့် ကျွန်တော် တော်တော်စိတ်ညစ်သွားသည် ။ လုပ်ရမည့် အလုပ် မှာ ရေကူးကလပ်ကြီး တစ်ခု ၏ မီးဖိုချောင် တွင် အချက်အပြုတ် အကူ လုပ်ရမည် ဖြစ်သည် ။ စဉ်းစားရင်း ပင် ကျွန်တော် စိတ်မသက်သာလှ ။ အဓိက မှာ အင်္ဂလိပ်ရုပ်ရှင်ကား ကို ပင် ထိုင်းနိုင်ငံ မှာ ထိုင်းဘာသာ ဖြင့် ပြန်ဆိုထားသည့် ကား မျိုးသာ ကြည့်ဖူးသည် ။
ပညာမဲ့သူ ၏ ခံစားချက်မျိုး ကို ကျွန်တော် လက်တွေ့ ကြုံရပြီ ။ ည အိပ် ရသည် ကို ပင် စိတ် ကျဉ်းကျပ် လှသည် ။ မနက် ရောက်တော့ အစ်ကို က သူ နှင့် အတူ အလုပ်သို့ ခေါ်လာခဲ့သည် ။ လမ်း မှာ ဘတ်စ်ကား စီးလျှင် သုံးသည့် ကတ်ပြား နှင့် အတူ သုံးစွဲပုံ တို့ ကို ပြပေးသည် ။ ကတ်ပြားလေး ကို ကား ရှေ့ခန်း မှ တက်တက်ချင်း လမ်းဘေး တယ်လီဖုန်း လို စက် တစ်ခု ထဲ ထိုး ထည့်လိုက်သည် ။ ပြီးမှ ဘေးနား တွင် ရေးထားသည့် ကိုယ် ပေးဆောင်ရမည့် ကားခ ကို ခလုတ် နှိပ်ရသည် ။ ကတ်ပြားလေး က အောက်ဘက် မှ နေ ကားလက်မှတ် နှင့် အတူ ပြန် ထွက်လာသည် ။
မြို့နယ် အတွင်း ပတ်ပေးသော ကားများ မှာ ကားခ နှိပ်စရာ မလို ၊ သုံးဆယ့်ငါးဆင့် ပုံမှန် ဖြတ်ပေးသည် ။ ရထား နှင့် ဖြစ်စေ တစ်ဆင့် စီးခြင်း ဖြစ်လျှင် စက် က အလိုလို စီးခ လျှော့၍ ဖြတ်ပေးသည် ။ ဥပမာ ဆင့်ရှစ်ဆယ် တန် ခရီး အား ဆင့်ခြောက်ဆယ် သာ ယူသည် ။ အကြွေ ထည့်လျှင်တော့ အပြည့် ထည့်ရသည် ။ ကတ်ပြား မှာ ငွေ ကုန်နေ လျှင် ရထားဘူတာ နှင့် ကားဂိတ်များ တွင် ငွေ ပေး၍ ကတ်ပြား ကို ငွေ သွင်းနိုင်သည် ။ ဆယ်ဒေါ်လာ မှ ဒေါ်လာ ငါးဆယ် အထိ သွင်းနိုင်သည် ။ ဘဏ်ကတ် ရှိလျှင် ဘဏ်ကတ် ဖြင့် ကိုယ်တိုင် သွင်းနိုင်သည် ။ အဆင့် မြင့်လှသည် ။ ရထား မှာ လည်း လျှပ်စစ်ရထား ဖြစ်သည် ။
ဤမျှ အဆင့်မြင့်သော တိုင်းပြည် သို့ ရောက်သောအခါ လောက ကို ထီ မထင်သည့် ဘဝကြမ်းကြမ်း ဖြတ်သန်းလာသူ ကျွန်တော့် အဖို့ ကြောင်စီစီ ပင် ဖြစ်၍ နေတော့သည် ။ ပညာရှင် ဦးစားပေးသော ဝန်းကျင် မှာ ကျွန်တော် အံဝင်အောင် အတော် လုပ်ရမည် ကို တွေး၍ သက်ပြင်း အခါခါ ချ နေမိတော့သည် ။ နေပူပူ ၊ မိုးရွာရွာ ၊ တုံးတိုက်တိုက် ၊ ကျားကိုက်ကိုက် နှင့် သူလျင် ကိုယ်လျင် အပြိုင် ကျဲကာ လုပ်စားချင်သူ ကျွန်တော့် အဖို့ “ လူအ ” ဖြစ်ရ သော အခြေအနေ ဖြစ်တော့သည် ။
အလုပ်ခွင် ထဲ ရောက်တော့ ချုံးပွဲချ ငိုမတတ်ပင် ခံစားရတော့သည် ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment