Sunday, May 4, 2025

လန်းဖိုင်စာသိုက် ( ၁၇ )


 

❝ ခရမ်းချဉ်သီးလား ၊ ကြက်သွန်လား ❞ 
( ၁၉၉၅ )

အင်္ဂလိပ်စကားပြော အသိုင်းအဝိုင်း သို့ ကောက်ခါငင်ခါ တိုးဝင်ရသော အတွေ့အကြုံ သည် ကျွန်တော့် ဘဝ အတွက် ထိခိုက်ပြင်းရှ သလို သူတို့ အတွက် လည်း ကျွန်တော့် ကြောင့် စိတ်မသက်မသာ ဖြစ်ကြမည် ။ ကျွန်တော် ဇောချွေး ပြန်လာပြီ ။ တစ်နာရီ လျှင် စင်ကာပူဒေါ်လာ ၅ ဒေါ်လာ နှင့် တစ်နေ့ ၈ နာရီ လုပ်ခွင့် ရှိသည့် ဆွဲဆောင်မှုသည် ကြီးမားပါ၏ ။

အလုပ်ခွင် သို့ ခေါ်ဆောင် ပေးသော ကျွန်တော့် အစ်ကို ပင်လျှင် ကျွန်တော် ၏ ကြမ်းတမ်း မွဲခြောက်သော အသားအရေ နှင့် အလုပ်ကြမ်းသမား ပုံစံ လုံးလုံး စွဲကပ်နေသော အဆင်းအင်္ဂါ ကို ကြည့်၍ ထောင်းခနဲ ထလာ၏ ။ သို့ရာတွင် ဤ SINGAPORE SWIMMING CLUB ( SSC ) ၏ မီးဖိုချောင် လုပ်ငန်းများ ကို ဘယ်လို မှ အသားမကျ ။ ကျွန်တော် လုပ်ရသည့် တာဝန် က အနောက်တိုင်း အစားအစာဌာန ဖြစ်၏ ။ အင်္ဂလိပ် လိုတော့ WESTERN FOODS ဟု သိရ သည် ။ ကျွန်တော့် အထက်၌ စင်ကာပူလူမျိုး ရှပ် တစ်ဦး ၊ မလေးရှား တစ်ဦး ၊ တရုတ် တစ်ဦး နှင့် မြန်မာ တစ်ဦး ရှိသည်  ။ ရှပ် က သဘောကောင်း လှ၏ ။ တွေ့တွေ့ချင်း ပင် HELLO ဟု ဆိုကာ သူ့ နာမည် ကို နှုတ်ခွန်းဆက်၏ ။ ထို့နောက် ကျွန်တော် ထမ်းဆောင်ရမည့် တာဝန်တွေ ကို အင်္ဂလိပ် လို တောက်လျှောက် ပြောချပါလေပြီ ။

ကျွန်တော် ဘာမှ နားမလည် ။ မနက်ခင်းကြီး မှာ ပင် ဇောချွေး ပြန် လေပြီ ။ ကျွန်တော့် အစ်ကို က ဝင်ရောက် ပြောဆို ပေးသဖြင့် အနည်းငယ် သက်သာသလို ရှိသော်ငြား အလုပ် တစ်ခု ပြီး သွားလျှင် ဘာဆက် လုပ်ရမည်ကို ကျွန်တော် မသိ ။ ထိုအဖြစ် ကို ‘ ရှပ် ’ က သိသွားသဖြင့် ဖြည်းဖြည်းချင်း သင်ပြ ပေးသည် ။ ကျွန်တော် ဂျူတီ ဝင်ရသည် က မနက် ဆယ်နာရီ မှ နေ့လည် နှစ်နာရီ အထိ ပထမဂျူတီ ဖြစ်သည် ။ နေ့ခင်းတွင် နားနေဆောင်၌ သွားနား ခွင့်ရသည် ။ ဆယ်နာရီ ဂျူတီ ဝင်ရသော်ငြား ရှစ်နာရီ သာ သတ်မှတ်သည် ။ ညနေပိုင်း မှာ တော့ ကျွန်တော် နှင့် အတူ မြန်မာ တစ်ယောက် ပါ ဂျူတီ ဝင်သည် ။ သူ က ကျွန်တော့် ထက် လုပ်ငန်းရော စကားပြော ပါ အတွေ့ အကြုံ ရှိ သဖြင့် ကျွန်တော် အတော်ပင် ဝမ်းသာမိသည် ။ သို့ရာတွင် ကျွန်တော် က သူ့ ထက် ပို၍ ဂျူတီချိန် များသည် ကို ကျွန်တော် နားမလည် ။ နောက်တော့မှ ကျွန်တော် သိရသည် မှာ အစ်ကို က ကျွန်တော့် ကို ကြိုတင်၍ စာရင်းပေးထား သောကြောင့် သူ့ ကို ယာယီ ဝင် လုပ်ခွင့် ပြုခြင်း ဖြစ်သည် ။ ကျွန်တော် တတ်ကျွမ်းနားလည် လာလျှင် သူ က ပြောင်းရွှေ့ ထွက်ခွာ သွားပေးရမည်ဟု သိရ၏ ။ စိတ် တော့ မကောင်း ။ သို့သော် ဤသည် ကား စင်ကာပူ စနစ်ပေ ကိုး ။

ကျွန်တော် အင်္ဂလိပ်စကား နားမလည်ခြင်းသည် သွေးလန့် နေ၍ ဖြစ်၏ ။ တကယ်မှာ သူတို့ ပြောဆို သုံး စွဲနေသည့် အခေါ်အဝေါ် အပြောအဆိုများ သည် စာသင်ခန်း ထဲ တွင် ကျွန်တော်တို့ ထိတွေ့ခဲ့ ပြီးသော အသုံးအနှုန်းများ သာ ဖြစ်သည် ။ ထို့ထက်ပင် လွယ်သေးသည် ကို နောက်တော့ ကျွန်တော် သိခဲ့ပြန်သေး၏ ။ လောလောဆယ် မှာ တော့ သွေးလန့်လိုက်သည် မှာ ခရမ်းချဉ်သီး သွား ယူခိုင်းသည် ကို ကြက်သွန်နီ ယူလာ ပေးမိသည် ။ အအေးခန်း သို့ စေလွှတ်သည် ကို အိမ်သာ ထဲ သို့ သွား လိုက်လိုက်သည် ။ လူ က ထူပူ နေပြီး တစ်ခွန်း ပြောလာ မှာ ကို ကြို၍ သွေးလန့် နေသဖြင့် ဘာဆိုဘာမှ ကွဲကွဲပြားပြား မသိခြင်း ပင် ။ နှစ်ရက်လောက် ကြာတော့ သွေးအေး သွားပြီ ။ ကြောက်လန့်စိတ် ကို မောင်းထုတ်နိုင်ပြီ ။ ပြီးတော့ မြန်မာလူမျိုး လေး ငါးဦးနှင့် တွဲလုပ်ရ သည် မို့ နေသာထိုင်သာ ရှိလာ၏ ။ မှန်တာကို ပြောရလျှင် လုပ်ငန်းခွင်နှင့် အလုပ်သမား အတွေ့အကြုံသည် သူတို့ ထက် ကျွန်တော် အပါးဝခဲ့ပြီ ဖြစ်သည် ။ သူတို့ က မနေ့တစ်နေ့ ကမှ အလုပ်သမား ဘဝ ကို ဝင်လာကြ သူတွေ ပင် ။ အင်္ဂလိပ်စကား ကောင်းကောင်း တတ်ကြ၏ ။ ရန်ကုန် မှ ပတ်စ်ပို့ဒ် ဖြင့် လာကြ၏ ။ စင်ကာပူ ဒေါ်လာစား ဘဝဖြင့် အလုပ်ခွင်သို့ ဝင် ကြ၏ ။ အင်တာဗျူးများ ကို ဖြတ်သန်းခဲ့ကြ၏ ။ တော်ကြပါသည် ။ ကျွန်တော် က နေပူပူ လေပူပူ အောက်မှာ ရှစ်နှစ်ကျော် နေလာခဲ့သူ ။ အခြေခံအလုပ်သမား ဘဝဖြင့် အလုပ်ရှင်မျိုးစုံ ကို ဆက်ဆံခဲ့သူ ။ ထိုင်းနိုင်ငံ ဘန်ကောက် တွင် ကိုယ်ပိုင်အလုပ် နှင့် အလုပ်သမား နှင့် အခန်း ငှား၍ နေခဲ့ဖူးသူ ။ အလုပ် နှင့် ယှဉ်လာလျှင် ကျွန်တော် တစ်စက်ကလေး မှ မကြောက် ။ ကျွန်တော့် မူဝါဒ ကို က အလုပ်ရှင် က တားမြစ်သည် အထိ အလုပ် ကျွမ်းကျင် ပြီးမြောက်မှု ကို ပြချင်သည့် ဝါဒသမား ပင် ။

S.S.C ဟု အတိုကောက် ခေါ်သည့် စင်ကာပူ ရေကူးကလပ်ကြီး မှ အချိန်ပိုင်းဝန်ထမ်း ဖြစ်ရသည် မှာ နည်းနည်းတော့ ခမ်းနားပါသည် ။ တစ်နာရီ လျှင် ၅ ဒေါ်လာ ရသည့် အပြင် ထမင်း ကျွေးသည် ။ ကော်ဖီ နှင့် အအေး စိတ်ကြိုက် သောက်ရသည်  ။ တစ်ပတ်တစ်ခါ လစာ ရှင်းပေးသည် ။ ကိုင်း ဘယ်လောက် ကံကောင်းကြသည့် ဘဝများ ဖြစ်နေသနည်း ။ ထိုစဉ်က ငွေလဲနှုန်း မှာ စင်ကာပူ တစ်ဒေါ်လာလျှင် ကျပ် ၈၀ ဖြစ်၏ ။

ငွေပုံကြီး ပေါ် တက်ထိုင်မိသည် ဟု ပင် ပြောရပါမည် ။

ကျွန်တော်တို့ မီးဖိုးချောင် တွင် မြန်မာအလုပ်သမား ၅ ဦး ရှိသည် ။ အစ်ကို ၊ မသန်းသန်းဝင်း ၊ မမင်းမင်းဟန် ၊ အောင်စိုးနိုင် နှင့် ကျွန်တော်တို့ ဖြစ်သည် ။ စားပွဲထိုးဝန်ထမ်း ကတော့ ခုနစ်ဦး ၊ ရှစ်ဦး ရှိပါလိမ့်မည် ။ သူတို့ ထဲမှာ လည်း တစ်နေ့ ရှစ်နာရီ ဆင်းရသူ ၊ လေးနာရီ ဆင်းရသူ ဟု ကွဲပြား သေးသည် ။ လိုအပ်လျှင် စနေ ၊ တနင်္ဂနွေ မှာ သီးသန့် အချိန်ပိုင်း ထပ် ခေါ်သည် ။ ဝန်ထမ်းများ နှင့် ဆိုလျှင် မြန်မာ နှစ်ဆယ်ကျော် ဝင်ရောက် အလုပ်လုပ် သည့် ရေကူးကလပ် ဖြစ်သည် ။

ကျွန်တော် အလုပ်ရပြီး တစ်ပတ် အကြာတွင် အောင်စိုးနိုင် အလုပ် ပြောင်း သွားသည် ။ ကျွန်တော် နှင့် အတူ တာဝန်ကျသည့် မလေးရှား ၊ တရုတ်လူမျိုး အကွိ ကလည်း သဘော ကောင်းပါသည် ။ ပြီးတော့ သူ လည်း ကျွန်တော့် လိုပင် အင်္ဂလိပ်စကား မကျွမ်းကျင် ။ တစ်ခုခု ကျွန်တော့် ကို ခိုင်းလျှင် သူ့ စကား ကို ကျွန်တော် နားလည်ရန် အတော့် ကို ကြိုးစားရသည် ။ သူ နှင့် ရှပ် ကျတော့ တရုတ်လို ပြောကြသည် ။ မီးဖိုချောင် မှာ က အပိုင်း ငါး ပိုင်းခွဲထား၏ ။ အကင်ပိုင်း ၊ အနောက်တိုင်း အစားအစာပိုင်း ၊ တရုတ်စာပိုင်း ၊ အသီးအနှံ အလှပြင်သည့် အပိုင်း ၊ အအေးနှင့် အပူ အပါအဝင် မုန့်အချိုရောင်းချသည့် အပိုင်းတို့ ဖြစ်သည် ။ အဓိက ဆက်နွှယ်နေ သော ပြောဆိုဆက်ဆံမှု မှာ တရုတ်စကား ဖြစ်သည် ။ အားလုံးမှာ လည်း စင်ကာပူ တရုတ် နှင့် မလေးရှား တရုတ်များ သာ အများစု ဖြစ်သည် ။ ကျွန်တော့် အစ်ကို က တရုတ်စာပိုင်း မှာ ၊ မသန်းသန်းဝင်း နှင့် မင်းမင်းဟန် က သီးနှံပွဲ အပိုင်းမှာ ။ ကျွန် တော် က အနောက်တိုင်း အစားအစာပိုင်း မှာ တာဝန် ယူရသည် ။ တစ်ဦး နှင့် တစ်ဦး တွေ့နေ မြင်နေကြပေမယ့် အလုပ်တာဝန် မတူ ။ အား မှ သာ ဝိုင်းဝန်းကူညီ ပေးနိုင်သည် ။ အလုပ် နှင့် အချိန်မှာ ပိုလှသည်တော့ မရှိ ။

နောက်ပိုင်းတွင် ကျွန်တော် ကြုံးဝါးခဲ့သလိုပင် ။ ကျွန်တော်တို့ အလုပ်ခွင် တွင် ကျွန်တော် အသာစီး ရလာသည် ။ ကျွန်တော် ထားရှိသည့် အလုပ်အပေါ် တာဝန်ယူမှုများကြောင့် အလုပ် မှာ လည်း ကျွန်တော် အနိုင်ရ လာခြင်းပင် ။ ဤသည်ကား ကျွန်တော့် မူပိုင် အကျင့်ပင် ။ မလုပ်ရ လျှင် တော့ ဘာမှ မလုပ်ချင် ။ လုပ်ပြီ ဆိုလျှင် ထို အလုပ် ကို ထိပ်က တက် ရပ်နိုင်သည် အထိ ကျွမ်းကျင်အောင် ကျွန်တော် ကြိုးစား ပစ်လိုက်သည် ။

တစ်ခုချင်း ခွဲခြား ပြရလျှင်တော့ တာဝန် က ဘာမှ မရှိ သလိုပင် ။ မနက်ပိုင်း ဂျူတီ ဝင် လာချိန်တွင် တစ်နေ့တာ အသုံးချရမည့် အသီးအနှံများ ကို ဖြည့်ပေးရန် ကြေးချွတ်ရသည် ။ ခရမ်းချဉ်သီး ၊ သခွားသီး ၊ ဆလတ် ၊ မုန်လာဥ စသည် များကို စတို မှ သွား ယူ၍ ဆေးကြောပြီး လှီးရသည် ။

ပြီးလျှင် ကြက်တောင်ပံများ ကြက်ကောင်လုံးများ ကို ဖြည့်ရသည် ။ အားလူးချောင်း ကြော်မည့် ပါကင် ထုပ်များ ထုပ်ရသည် ။ ပေါင်မုန့် အသားညှပ်များ ၊ ဘာဂါများ အတွက် ဝက်ပေါင်ခြောက် ၊ ကြက်သား နှင့် အမဲပြား များ ဖြည့်ရသည် ။ ထို ပေါင်မုန့် ဘာဂါများ နှင့် တို့ စားမည့် သီးနှံ အချဉ်များ ကို ပေါင်းရသည် ။ နောက်ပိုင်းမှာ ကြက်တောင်ပံ နှင့် ကြက်ကောင်လုံးကြော်များ အတွက် ကိုယ်တိုင် စီမံစမ်းသပ်၍ အအေးခန်း တွင် ထည့်ထားရသည် ။ ရောင်းချသည့် အမည် က မများ လှသော်လည်း လုပ်ရသည် က များလှ၏ ။ ပေါင်မုန့်တို့  ၊ ဘာဂါတို့ နှင့် တို့ စားသည့် သီးနှံအချဉ် ကိုပင် အတော်လေး လက်ဝင်အောင် လုပ်ရသည် ။ သူတို့ အ ခေါ်အဝေါ်မှာ တော့ “ မျူရို နှင့် ဆော့စ် ” ဟု ခေါ်သည် ။

ဦးစွာ လုပ်ရသည် က မုန်လာဥများ ကို အခွံ ခွာပြီး အတုံးသေးသေး လေးများ ဖြစ်လာသည် အထိ အဆင့်ဆင့် လှီးရ၏ ။ ပြီးလျှင် ကြက်သွန်နီကို ထိုအတိုင်း လှီးရ၏ ။ ပြီးလျှင် ဂေါ်ဖီကို လှီးရ၏ ။ ပြီးလျှင် ဒန်အိုး အကြီးကြီး ထဲ ထည့်ကာ ရှာလကာရည် ၊ သကြား ၊ ဆား တို့ ရော၍ ဖျော်ရသည် ။ မျူရို နှင့် ဆော့စ်ဗူးကြီးများ ထည့်ပြီး လျှင် အသီးအနှံများ ထည့် ၍ နှပ်ထားရသည် ။ အတော့်ကို လက်ဝင်ပြီး အတော့် ကို အရသာ ရှိသလို အတော့် ကို ဈေးကြီးလှသည့် ဆော့စ်ပင် ။

ကြက်တောင်ပံ နှင့် ကြက်ကောင်လုံးကြော်များ အတွက် စီမံစပ်ဟပ် ရသည့် ပါဝင် ပစ္စည်းများ မှာ လည်း မနည်းလှ ။ သကြား ၊ ရှာလကာရည် ၊ ဝိုင် ၊ ဆီမွှေး စသည် တို့ ကို ရေ နှင့် ရော၍ ကြက်တောင်ပံ ပါကင်ထုပ်များကို ဖောက်ထည့်ရသည် ။ ပြီးလျှင် အထူး အအေးခန်း ထဲ သွင်းထားရသည် ။ တစ်ကြိမ် စပ်လျှင် သုံးလေးရက်စာ စပ်ပြီး အေးခဲသည် အထိ စိမ်ထားရသည် ။

အလွယ် လုပ်ရသည့် အစားအစာမှာ တော့ ပေါင်မုန့် ၊ အသားညှပ် နှင့် အာလူးကြော်များ သာ ။ လေးထောင့် ပေါင်မုန့် နှစ်ချပ် ကို မီးကင် ၊ အနား များ လှီးထုတ် ၊ အလယ် တွင် ချိစ် ၊ ဆလတ်ရွက် ၊ ခရမ်းချဉ်သီးတစ်ကွင်း ထည့်ပြီး ပေးရုံပင် ။ ထောပတ်သုတ်ခိုင်းသူ လည်း ရှိသည် ။ “ ဆန်းဒ်ဝစ်ရှ် ” ဟု အမည်တပ်ပြီး နောက်က အမျိုးမျိုး တွဲစပ် ခေါ်ကြပါ၏ ။ ချိစ် ပါလျှင် ချိစ်ဆန်းဒ်ဝစ်ရှ် ၊ ကြက်သား ပါလျှင် ချစ်ကန်းဆန်းဒ်ဝစ်ရှ် ၊ အသီးအနှံ ချည်းသာ ဆိုလျှင် ဗက်ဂျီတေးဘဲ ဆန်းဒ်ဝစ်ရှ် ၊ ဝက်ပေါင်ခြောက် ပါလျှင် ပေါ့ခ်ဆန်းဒ်ဝစ်ရှ် စသည် ဖြင့် ခေါ်ကြသည် ။ ဘာဂါများ ကိုလည်း ထို့အတူ ခေါ်ဝေါ်ကြသည် ။

နေပူပူ ၊ လေပူပူ အောက်၌ အကြမ်းပတမ်း လုပ်ကိုင် လာခဲ့သော ကျွန်တော့် အဖို့ ရေကူးကလပ်ကြီး ၏ မီးဖိုဆောင် တွင် ဝတ်စုံဖြူ ၊ ဖိနပ်အရှည်ကြီး စီး ၊ စက္ကူဦးထုပ် ဆောင်း၍ တစ်နာရီ ၅ ဒေါ်လာ ရသော အလုပ်သည် တစ်ပတ် အတွင်း ခြေဖြင့် တက်နင်းနိုင်သည် မှာ မဆန်း ။ နှစ်ပတ်မြောက် တွင် လုပ်ငန်း တော်တော်များများ ကို ကျွန်တော် စကား တစ်ခွန်း မပြောဘဲ သက်သေ ပြနိုင်ခဲ့ပြီ ။ ထို့ကြောင့် ပင် အချိန်ပိုများ ဆက်ကာ ဆက်ကာ ရလာ ပါတော့သည် ။
ပထမတွင် တစ်နေ့ ၂ နာရီ အချိန်ပို ရသည် ။ ထို့နောက် ၄နာရီ ရလာ၏ ။ တစ်နေ့ တွင် အလုပ်ချိန် ၁၂ နာရီ စာ ရလာသည် ။ ရှပ် ကရော ၊ အကွိ က ပါ ကျွန်တော့် ကို စိတ်ချလေပြီ ။ ထို အထဲ မှာ ပင် ကံကောင်းချင်တော့ အကင်ပိုင်း မှ အလုပ်သမား တစ်ဦး ခွင့်ရက်ရှည် တင်လာ သဖြင့် အကွိ ကို ထို ဘက်ပိုင်းသို့ တာဝန် ခွဲပေးတော့သည် ။ ကျွန်တော့် အလုပ်ချိန်မှာ တစ်နေ့လျှင် ၁၂ နာရီ ပုံမှန် ဖြစ်တော့သည် ။ အရင်လို မနက် ၁၀ နာရီ လာရသည် မဟုတ်တော့ ။ မနက် အစောပိုင်း ရေလာ ကူးသူများ အတွက် ဆန်ပြုတ်ရောင်းချသည့် ဂျူတီ ကို ပါ ကျွန်တော် ရလာသည် ။ မနက် ၆ နာရီ အလုပ်ခွင် ဝင်ရတော့သည် ။ အလုပ် ကတော့ တကယ်ပင် ချောင်ချိသည် ဖြစ်ခြင်း ။ ည က နှပ်ခဲ့သော ဆန်ပြုတ် ကို မီးငွေ့ငွေ့ ပေးပြီး ကြက်သား ၊ ဝက်သား ၊ ကြက်ဥ စသည် ဖြင့် မှာသည့် ဆန်ပြုတ် အမျိုးအမည် ပေါ် မူ တည်၍ နှမ်းဖြူး ပေးလိုက်ရုံပင် ။ ထို ဂျူတီ က ၃ နာရီ ဝင်ရသည် ။

ငွေ ဆိုသည် က သူ က လိုက်လျှင် ခြေလေးချောင်း မို့ ပြေး၍ မလွတ် ဆိုသည် မှာ မှန်ခဲ့လေပြီ ။

တစ်နေ့ကို ကျွန်တော် ဘယ်နှနာရီ ဆင်းချင်သနည်း ဟု ဂျူတီ မန်နေဂျာ က မေးလာသည် အထိ ဝင်ငွေ ကောင်းလှလေပြီ ။ လူ ကတော့ အားနှင့် မာန်နှင့် မို့ မငြီးငွေ့ မိသေး ။ ထိုစဉ်က စင်ကာပူရေကူးကလပ်ကြီး တွင် ဝင်ရောက် လုပ်ကိုင် နေသော မြန်မာများ ထဲ ၌ ကျွန်တော် နှင့် အစ်ကို တို့ ဝင်ငွေစံချိန် တင်ခဲ့ကြသည် မှာ တစ်နှစ်ခွဲ နီးပါး ကြာသည် ။ ဤသို့ ဘာကြောင့် ဖြစ်ရသည် ကို နောက်တော့ သိရသည် မှာ ရှက်ဖို့ ခပ်ကောင်းကောင်း ။ ကုသိုလ်ထူး ဟု ပင် ပြောရမလားမသိ ။ မြန်မာများ အလုပ် ကို နင်းကန်လုပ်လေ သူတို့ သက်သာလေပင် ။ ငွေ လည်း ပိုသက်သာသေး၏ ။ အလုပ် လည်း တကယ် ပြီး၏ ။ ထို့ကြောင့် ကျွန်တော်တို့ အချိန်ပိုများများ ဆင်းလေ ပုံမှန်လစာ ရသော ဝန်ထမ်းများ သဘောကျလေပင် ။

ဘာပဲ ဖြစ်ဖြစ် ထို အခွင့်အရေး ကို တစ်နှစ်ကျော် အသုံးချ ဖြစ်ခဲ့ကြ၏ ။ နောက်ပိုင်းတွင် မီးဖိုဆောင် တစ်ခုလုံး၏ သုံးစွဲပစ္စည်းများ သွားရောက် ထုတ်ယူရသည့် တာဝန် ကို ပါ ကျွန်တော် နှင့် အစ်ကို လက်တွဲ ယူခဲ့ကြသည် ။ မီးဖိုချောင်သုံးပစ္စည်းများ က လက်မှတ် ထိုးပြီးပါ မှ စတိုခန်း တွင် သွားရောက် ထုတ်ယူခွင့် ရှိသည် ။ လက်တွန်းလှည်း ဖြင့် သုံးခေါက်မျှ တိုက်လျှင် တစ်နေ့တာ ပစ္စည်း လုံလောက်၏ ။ ထို တာဝန်များ အတွက်လည်း တစ်နာရီစာ ဂျူတီခ ရသေးသည် ။ ထို့ထက် ဟန်ကျသည် က စတိုခန်းမှ ရို့စ် ဟု ခေါ်သော အိန္ဒိယသူ မနှင်းဆီ ရှေ့တွင် လက်မှတ် ထိုးရခြင်း ၊ လုံခြုံရေးစခန်း တွင် လက်မှတ် ထိုးရခြင်း နှင့် မန်နေဂျာ အား လက်မှတ် ထိုးပြီး စာရွက် ပေးရ ခြင်းပင် ။ တယ်ဟုတ်သည့် ငါ ပါလားပေါ့ လေ ။ စင်ကာပူ တွင် ငါ လက်မှတ် ထိုး မှ ပြီးသည့် အလုပ်မျိုး ရှိနေသကိုး ဟု စိတ်ကြီး ဝင်ရသေး၏ ။

ကျွန်တော် က လက်မှတ် ထိုးလျှင် ထိပ်ဖျားအစွန်၌ ကြယ်တစ်လုံး အမြဲ ရေးထည့်တတ်သည် ။ မြင့်မြတ် ရမည် ။ ထက်မြက်ရမည် ဟူသော အတိတ်နိမိတ်ကို နမူနာ ယူထားခြင်းပင် ။ ပြီးတော့ အောက်ခြေမှ အထက်သို့ ထောင်တက်သွားသော လက်မှတ်မျိုး ကို ထိုးတတ်၏ ။ ထိုသို့ ထိုးလိုက်ပါ မှ ဘဝ အခြေ မြင့် သထက် မြင့်လာမည် ဟု ကျွန်တော့် ဘာသာ ယုံကြည်နေ၍ ဖြစ်သည် ။

စင်ကာပူ တွင် အလုပ် ရပြီး နောက် ကျောင်းတက်ခွင့် ရသော အခြေအနေသို့ ရောက်လာခဲ့ပြန်သည် ။ အစ်ကို ၏ အစီအစဉ် ကြောင့် ဖြစ်သည် ။ သူ က စင်ကာပူတွင် အခြေတကျ နေဖို့ ဆန္ဒ ရှိသည် ။ ထို့ကြောင့် ကျွန်တော့် ကို ကျောင်းအပ် ပေးသည် ။ ပတ်စ်ပို့ ကတော့ ကိုယ်တိုင် မဟုတ် ၊ ငှားထားရခြင်း ဖြစ်သည် ။ ကျောင်း က လည်း အင်္ဂလိပ်စာ အရေး ၊ အပြော ၊ အဖတ် သင်တန်းကျောင်းလေးသာ ဖြစ်သည် ။

ကျောင်း တက်ရတော့မည် ဆိုတော့ မနက် ဂျူတီ ကို အစ်ကို က အစားဝင် ပေးသည် ။ မည်သူမျှ မကန့်ကွက် ။ ကျောင်း လွှတ်လျှင် အလုပ်ခွင် သို့ ကျွန်တော် လာ၍ မူလ သတ်မှတ်ထားသည့် အားလပ်ချိန် တွင် စတင် အလုပ်ဆင်းရသည် ။ မသန်းသန်းဝင်း လည်း တရုတ်စာပိုင်း ၌ ထိုသို့ပင် ဂျူတီ ဝင်နေသည် မို့ မီးဖိုဆောင် တွင် သူ နှင့် ကျွန်တော် နှစ်ယောက် တည်း ဂျူတီ ဝင်ဖြစ်ကြသည် ။ ထို့ကြောင့် အလုပ်ချိန်တော့ လျော့မသွား ။

▣  မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်

No comments:

Post a Comment