❝ သုဝဏ္ဏဘုမ္မိ လူငယ် တစ်ဦး ❞
( မောင်ရန်ပိုင် )
( ၁ )
အမောင် လုလင် အဘယ်နည်း ။
သုဝဏ္ဏဘုမ္မိ လုလင် ဖြစ်၏ ။
သုဝဏ္ဏဘုမ္မိ လူငယ် တစ်ဦး ဖြစ်၏ ။
အသင် သည် မွေးရပ်မြေ ကို ချစ်ခြင်းမေတ္တာ ထားပါသလော ။
ထား၏ ။
မွေးရပ်မြေ အပေါ် ချစ်ခြင်းမေတ္တာ ထားလေ မှ မိမိ နိုင်ငံ အပေါ် ချစ်ခြင်းမေတ္တာ ထားခြင်း ဖြစ်မည် ။ မိမိ နိုင်ငံ အပေါ် ချစ်ခြင်းမေတ္တာ ထားလေမှ မိမိ ကမ္ဘာ အပေါ် ချစ်ခြင်းမေတ္တာ ထားခြင်း ဖြစ်မည် ။ သုဝဏ္ဏဘုမ္မိ လူငယ် သည် အမြင် မတိမ် ။ ဗုဒ္ဓမြတ်စွာ သာသနာ ကမ္ဘာနေလ လင်းရမည် လို့ ယုံကြည်ချက် တစိမ့်စိမ့် တသိမ့်သိမ့် ဖြစ်ထွန်းသော လုလင် ဖြစ်၏ ။
တို့များသည် မသိမှု အဝိဇ္ဇာ ကို ချဲ့ထွင်သူများ မဟုတ် ။
တို့များသည် အမှန် မသိမှု အဝိဇ္ဇာ ကို ချဲ့ထွင်သူများ မဟုတ် ။ တို့များသည် တစ်လောကလုံး ဆိုင်ရာ အမှန်တရား အကောင်းတရား အတွက် ဉာဏ် ဦးစီးသော ဗြဟ္မစိုရ်တရား ဖြင့် အကြောင်းပြုသူများ သာ ဖြစ်သည် ။ ထိုမှန်သော သစ္စာ စကားကြောင့် ... ။
စည်သံ ၊ မောင်းသံများ ထွက်ပေါ်လာသည် ။ အဆင့်ဆင့်သော ကုသိုလ်ကောင်းမှု အသီးသီး အတွက် သာဓုခေါ်သံများ သောသောညံ သွားသည် ။
( ၂ )
မွန့်တို့ဌာနေ သာစွလေ သုဝဏ္ဏဘုမ္မိ ရွှေလိုလှတဲ့ မြေ ဟု လုလင် သည် အဆိုပြုလျက် ယုံကြည်ချက် ရှိ၏ ။ မွေးရပ်မြေ ကို နဖူး ဖြင့် ထိလျက် မြေစောင့်နတ်သား အသိ သက်သေ အရာမှာ ထားလျက် ဗုဒ္ဓဘာသာ မျိုးမြန်မာ ကမ္ဘာနေလ လင်းရမည် လို့ သစ္စာစကား ဆိုခဲ့သော လုလင် ဖြစ်သည် ။ မွန်ပြည်နယ် ဇုတ်သုတ် စံပြကျေးရွာကြီး ၏ သုဝဏ္ဏရွှေဝါမြေလမ်း အတိုင်း ကျိုက်ထီးဆောင်း ဆံတော်ရှင် စေတီတော်မြတ်ကြီး ရှိရာ ကုန်းတော် ပေါ်သို့ လုလင် လျှောက်လှမ်း လာခဲ့သည် ။
ယနေ့ လုလင် ၏ မွေးနေ့ ဖြစ်သည် ။ ကျိုက်ထီး ဆောင်းဆံတော်ရှင် စေတီတော်မြတ်ကြီး ကို ရှေးဦးစွာ ဖူးမြော်မာန်လျှော့ ကန်တော့မည် ။ ထို့နောက် လုလင်တို့ မိဘများ လက်ထက် မှ စပြီး ကိုးကွယ် လာခဲ့သော ကျိုက်ထီးဆောင်း ဆရာတော်ဘုရားကြီး အား သွား ကန်တော့မည် ။ ဆရာတော်ကြီး က စေတီတော်မြတ်ကြီး နှင့် မလှမ်း မကမ်း တောင်ထန်းမိုး တဲကျောင်းလေး တွင် သီတင်းသုံးသည် ။
ဆရာတော်ကြီး ကို လုလင် ကန်တော့ ပြီးခဲ့ပြီ ။ အဆို အဆုံးအမများ ကိုလည်း မှတ်မှတ်သားသား ကြည်ကြည်လင်လင် နာယူပြီးခဲ့ပြီ ။ သူ့စိတ်များ ကို ရေချိုး ထားသလို ခံစားနေရသည် ။ စိတ် သည် ဟောင်း မနေဘူး ၊ သစ်နေ သကွဲ့ ၊ သစ်ပြီး လို့ ပိုသစ်တဲ့ သစ်ခြင်း ရဲ့ ပို အသစ် ။ ဘုရား ရှိခိုးချင် လာသည် ။
ဘုရားတပည့်တို့ ၏ အကျင့်ဂုဏ် ၊ သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ဉာဏ်ပညာဉာဏ် ၊ သစ္စာဂုဏ် ၊ မေတ္တာ ဂုဏ် ၊ ပါရမီဂုဏ် ၊ အဓိဋ္ဌာန်ဂုဏ် တို့ဖြင့် လည်းကောင်း ဤ အသိမြတ် ၊ ဤ အကျင့်မြတ် ၊ ဤ အလုပ်အကျွေး တို့ဖြင့် ရှိခိုးပါ၏ ။
ပူဇော်ပါ၏ ။
ဖူးမြော်ပါ၏ ။
မာန်လျှော့ပါ၏ ။
ပုန်းအောင်းပါ၏ ။
လဲလျောင်းပါ၏ ။
မှီခိုပါ၏ ။
အားထားပါ၏ ။
ကိုးကွယ်ပါ၏ ။
ဆည်းကပ်ပါ၏ ။
ကန်တော့ပါ၏ ။
ဝန်ချပါ၏ ။
တောင်းပန်ပါ၏ ။
သုံးတန်စေတနာ သုံးဖြာဒွါရ ပဏာမ ဖြင့် ရှိခိုးကန်တော့လိုက်ပါ၏ ။
အတုလံ အတုမရှိ အနှိုင်းမဲ့ ဗုဒ္ဓအရှင်မြတ်ကြီးဘုရား ။
ဘုရား ကို ရှိခိုးခြင်း နှင့် ဘုရား ၏ သားတော် ကို ရှိခိုးခြင်းဆိုင်ရာ သန့်ရှင်းသော ပီတိ အာရုံလှိုင်းများ သည် လုလင်ရင် ထဲ တွင် အားကောင်းစွာ ဖြတ်ထွန်းလျက် ရှိ၏ ။ စေတီတော်မြတ်ကြီး အထက် မိုးကောင်းကင် ရှိ တိမ် တို့ သည် လှပြီး ရင်း လှ ... လှ .... လှနေ တော့သည် ။ တိမ်ပန်းချီ ကားချပ်တို့ ပူဇော် ကန်တော့ခန်း ... ။
( ၃ )
သုဝဏ္ဏဘုမ္မိ လုလင် က ယခုအချိန် တွင် မြို့တော် ရန်ကုန်တွင် နေထိုင်လျက် ရှိသည် ။ မြို့တော်ရန်ကုန် ၏ သက်ရောက်မှု အာရုံလှိုင်းများသည် သူ့ နှလုံးသား ပေါ်သို့ ရောက်ရှိ နေသည် ။ မြို့တော် ၏ အရောင်များ ၊ မြို့တော် ၏ အနံ့အသက်များ ၊ မြို့တော် ၏ အတွေ့ အထိ အပွေ့ အပိုက်များ ... ။
မြို့တော် ၏ ပုံရိပ် အပေါင်းအစုများ ဖြင့် သူ ရင်ဆိုင်ရသည် ။ သုဝဏ္ဏဘုမ္မိ မှာ နေရ သလောက်တော့ မပျော်ပိုက်ချေ ။ သို့သော် ပျော်ရာ မှာ မနေရ ၊ တော်ရာ မှာ နေရ ဆိုသော ဘဝကဗျာ ကို လုလင် သဘောပေါက်သည် ။ ဘဝ ကို အကာလေး သာ ကြည့်ပြီး အောက်ခြေ လွတ် တတ်သော လုလင် မဟုတ် ။
လူ သည် ရှိရင်းစွဲ စိတ်ကလေး အရ ရိုင်းစိုင်း သောင်းကျန်းမှု သာ ကြီးစိုးသည် ။ ဒါကို တချို့က ဟန်ဆောင်မှု မာယာတွေ ပေါင်းစပ်ပြီး ကောက်ကျစ်ယုတ်မာသူတွေ ဖြစ်အောင် ကြီးထွား ယူကြသည် ။ တော်စမ်းပါ ။ ဒါမျိုးကို လုလင် မကြိုက် ။ တို့ မကြိုက် ။ တို့ မလို ။ ရင်ခုန်သံ အလို ဆန္ဒအရိုင်း ကို အစွမ်းကုန် ဖယ်ရှားလျက် အသိတရား အလင်းဖြင့် ဘဝ ကို တည်ဆောက်အံ့ ။ ထိန်းချုပ်ခြင်း ကို လုလင် အထူး ယုံကြည်သည် ။ ဘဝခရီး မှာ တားစရာ ၊ ရှောင်စရာတွေ တားလိုက်ခြင်း ဟာ ကိုယ့် အတွက် ထိန်းချုပ်ခြင်းပေါ့ ။ ဒီလို တစ်ဖက် မှာ ထိန်းချုပ် လိုက်တော့မှ တစ်ဖက် တွင် လုပ်ကောင်း လုပ်ထိုက်သည်များ ပွားများ ပွင့်လန်းလာသည် ။
သုဝဏ္ဏဘုမ္မိ လုလင် သည် အာရုံခြောက်ပါး တံခါး ခြောက်ပေါက် ဖြင့် မြို့တော်ကြီး ကို ခံစားရင်း ဆင်ခြင် နှလုံးသွင်း နေမိသည် ။ အရာရာ မှာ အသိတရား ဟာ ပထမနော် ။ အသိတရား ကြည်လင်ဖို့ လိုတယ်နော် ။ အသိတရား ကျယ်ပြန့်ဖို့ လိုတယ်နော် ။ Wide Open ။ Wide Open ။ Wide Open ထိန်းချုပ်ခြင်း ကြောင့် ဘဝ ရဲ့ အရောင်အလင်းတွေ ပိုမို တောက်ပ လာရမည် ။ ထိန်းချုပ်ခြင်း သည် ညှိုးမှိန်ခြင်း မဟုတ် ၊ ဖောင်းပွ ဖောသွပ်ခြင်း ဖြစ်ဖို့ ဆိုတာ ဝေးပါရော ။
ထိန်းချုပ်ခြင်း ဆိုသော စိတ်ကလေး ဖြစ် - ပျက် ပြီးတော့မှ လုပ်သင့် လုပ်ကောင်းသည် ကို ပြုလုပ်သော ကောင်းမွန် စိတ်ကလေး ဖြစ်လာနိုင်သည် ။ ရေသောက်မြစ် နေရာ မှာ ချုပ်ကိုင် ထားတာ ကတော့ အသိတရား ပေါ့ ။ သိမှုဗေဒ ပေါ့ ။ ခံစားမှု သေရည် ယစ်မူးလို့ ကတော့ လာ လိုက်မယ့် ဖြစ်ခြင်း အမောမုန်တိုင်း တွေ ။ အမိုက်မုန်တိုင်း တွေ ။ သုဝဏ္ဏဘုမ္မိ လုလင် ၏ သိမှုဗေဒက ပွင့်ဖူးလာသော ပန်းပွင့်များ ကို ပြပွဲ လုပ်နေသည် ။ တစ်ကိုယ်တော် စိတ်ပြပွဲလေ ။ မျဉ်းကျား မှ လုလင် လမ်းဖြတ် ကူးလိုက်သည် ။ တုန့်ခနဲ ရပ်သွားသော ပတ်ဂျီရိုကား ပေါ် က လူ သည် လုလင် ကို အပေါ်စီး အကြည့်ဖြင့် ကြည့်လိုက်သည် ။
ကောင်မလေးတွေ ဖြတ်လျှောက် သွားကြသည် ။ အသုဘကား တစ်စီး မောင်းလာသည် ။ မင်္ဂလာဆောင် အဆင်အပြင် ဖြင့် ကားတစ်စီးလည်း ဝေးဝေး မှ မောင်းလာ ပြန်သည် ။ မဟာဗန္ဓုလပန်းခြံ ထဲ တွင် ငုပန်းဝါဝါ တွေ ပွင့် နေသည်ကော ။ ညနေပိုင်း ဖွင့်ခွင့် ပေးထားသော ပလက်ဖောင်းဈေးသည် တို့၏ အသံ လှိုင်နေသည် ။ ရုပ်ရှင်ရုံတို့ မှာ ရုပ်ရှင် ပြီးချိန်တွင် လူဒီဂရီ ပိုမြင့်လာသည် ။
သုဝဏ္ဏဘုမ္မိ လုလင် ထိုင်နေသည် မှာ ၃၃ လမ်း ထဲရှိ လေထန်ကုန်း လက်ဖက်ရည်ဆိုင်လေး တွင် ဖြစ်သည် ။ ဖယ်ခွာခြင်း အကြောင်း ကို လုလင် ကောင်းကောင်း သိ သည်လေ ။ အလုံအလောက် ဖယ်ခွာမှု ၊ နက်ရှိုင်းသော ဖယ်ခွာမှု မရှိပါ က ကောင်းမြတ်သော အရည်အချင်း များ တရိပ်ရိပ် မြင့်မလာနိုင် ။ အရောအနှောတွေ ၊ ပေါင်းသင်းဆက်ဆံရေးတွေ လိုအပ်သည်ထက် ပို မများသင့် ။ လိုအပ်သည် ထက် ပို မများသင့်သော စကားရပ် အပေါ် သုဝဏ္ဏဘုမ္မိ လုလင် အသေးစိတ် ခံစား သဘောပေါက်လို့ ရသည် ။ ကြည့်စမ်းပါ့ လေထန်ကုန်း မှာ သူ တစ်ယောက် တည်း ထိုင် နေသည် ။
သူ့ သဘော ကို သူ ဆောင်သော မိုး သည် ရုတ်တရက် ရွာချလာသည် ။ မိုးရွာခြင်း ကို ဖန်ဆင်းသော ဖန်ဆင်းရှင် မရှိ ။ အကြောင်းအကျိုး ဆက်သွယ်မှု သဘော နိယာမ သာ ရှိသည် ။ လမ်းကြားလေး တွင် တာလပတ် မိုးထား သော လက်ဖက်ရည်ဆိုင်လေး ကျောကော့ နေအောင် ခံရ၏ ။ ရွာ သည် ဆိုတာ ထက် ကြမ်းလိုက်သည့် မိုးရယ် ။ တာလပတ် ရွက်ဖျင် မှ မိုးရေစက်တွေ ပေါက်ကျလာသည် ။ လေသရမ်း ကြောင့် မိုး ထားသော ရွက်ဖျင်ကြီး ဖောင်းထ လာသည် ။
ရွက်ဖျင်အမိုး အောက် တွင် ပင် ကျဉ်းကျဉ်းကျပ်ကျပ် ထဲ ၌ မိုးလွတ်ရာ ကို နေရာ အရွှေ့အပြောင်း လုပ်ကြရသည် ။ ကောင်တာခုံ အနီး တွင် ဖွင့်ထားသော ရောင်စုံထီးကြီး လန်ထွက် မသွားအောင် စားပွဲထိုးလေး တစ်ယောက် က ထီးတိုင် မှ ဆွဲ ထားရသည် ။ လေထန်ကုန်း လက်ဖက်ရည်ဆိုင်လေး ၏ အဖြစ် မှာ ပင်လယ်ပြင် တွင် မုန်တိုင်း မိသော သင်္ဘော တစ်စင်း လို ... ။
မိုးကြမ်း နှင့် အတူ သူ့ စားပွဲ သို့ ကဗျာဆရာ ကောင်မလေး ရောက်လာသည် ။ သုဝဏ္ဏဘုမ္မိ လုလင် ရေးသား သော ကုသိုလ်ရနံ့ သင်းသည့် ဝတ္ထုတိုလေး တွေ ကို သိပ် ကြိုက်သည် ဟု မကြာခဏ ပြောတတ်သော ကဗျာဆရာ ကောင်မလေး ဖြစ်သည် ။ ကောင်မလေး စကား ကို သူ မယုံခဲ့ပါ ။ လေသံ အရ ပင် အမှန် ကို သဘောပေါက်ခဲ့ သည် ။ လူချင်း သူ နှင့် နီးစပ်ချင် သောကြောင့် ကြံဖန် ပြော သော စကားမှန်း သိခဲ့သည် ။ မုသားမာယာ တို့ မလိုပါ ။ ကောင်မလေး ကို သူ ရှောင်ခဲ့သည် ။ နှုတ်ခမ်း ထူထူ ၊ မျက်လုံး ပြူးပြူး ၊ စိတ်ထား ဟော့ဟော့ရမ်းရမ်း ဒီကောင် မလေး ကို အဆွေခင်ပွန်း ဖွဲ့ ချင်သော စိတ် သူ့ တွင် မရှိ ခဲ့ပါ ။
အလိုလေး ... မရှောင်သာ မိုးကြမ်းခိုက် မိုက်မယ် ထင်လို့လား မသိ မျက်နှာချင်းဆိုင် လာ ထိုင်နေ ပြန်ပြီ ။ ဘဝ အပေါ် သိမြင်နားလည်မှု ဉာဏ်အား ကောင်း သလောက် ရွေးချယ်စရာတွေ များစွာ ရှိသော လောကကြီးတွင် လုလင် အရွေးအချယ် တတ်ပါသည် ။ ရှောင်လေ ဝေးဝေး အမိုက်မလေးပေါ့ ။ လေရူးမလေး ( သို့ ) ရွက်ဝါ လို ဟိုကြွေ သည်ကြွေ ကောင်မလေး ကို ကရုဏာ ဖြစ်မိသည် မှန်သော်လည်း လက်တွဲ မိုက်ဖို့ရာ အသိတရား က ခွင့်မပြုပါ ။
ကောင်မလေး က နွဲ့တဲ့တဲ့ ခရာတာတာ လေသံဖြင့် စကားတွေ ကို ဆက်တိုက် ဆိုနေသည် ။ သုဝဏ္ဏဘုမ္မိ လုလင် က တုံ့ပြန်သော စကား မဆို ။ ဆုံးဖြတ်ချက် ပါသော တည်ငြိမ်သည့် အကြည့် ဖြင့်သာ ပြန်ကြည့်သည် ။ မိုး ကလည်း ကြမ်းလိုက်တာနော် ။ သိပ်ချမ်းတာပဲနော် ။ ပျင်းစရာကောင်းလိုက်တာ ။ မိုးရွာ ထဲ လမ်းမလျှောက် ရဲဘူးလား ။ လုလင် က ပြတ်သားသော အကြည့် ဖြင့် သာ တုံ့ပြန်သည် ။
လောက တွင် လုပ်ကောင်းသော အလုပ်တွေ များစွာ ရှိကြသည် ။ အဆင့်ဆင့်ပေါ့ ။ အာနိသင် အရှိန်နှုန်းထား အမျိုးမျိုးပေါ့ ။ လူသာမန် ကဗျာဆရာ မျိုးလည်း ရှိသည် ။ ဘဝ ခဏ ရသည့် အခိုက် ဧည့်ဆိုး လို ကဗျာဆရာ မျိုး လည်း ရှိသည် ။ လူကောင်းလူတော် ကဗျာဆရာ မျိုး လည်း ရှိသည် ။ ရမ္မက်ထူထူ အတ္တပျစ်ခဲခဲ ကဗျာဆရာ မျိုး ကတော့ လုလင် အတွက် တော်စမ်းပါ ။ သံသရာဆုံး တိုင် လက်မတွဲကြစတမ်း ။
ကဗျာဆရာ ကောင်မလေး ၏ စကားသံတွေ ရပ် သွားပြီ ။ စကား ရပ် သော်လည်း အကြည့်တွေ က မရပ်ချေ ။ ယောက်ျား တစ်ယောက် အနေနှင့် မိမိ ၏ ဇနီး မယား ချစ်သူသက်ထား မဟုတ်သူ အပေါ် တွင် ဒီ အကြည့်မျိုး ဖြင့် မကြည့်သင့်ချေ ။ မိန်းမသား တစ်ယောက် အနေ နှင့် လည်း ထို သဘောတွင် အကျုံးဝင်သည် ။ လိုအပ်သည် ထက် ပို မများသင့် ။ လိုအပ်သည် ထက် ပို မများသင့် ၊ လိုအပ်သည် ထက် ပိုမများသင့် ။
လေထန်ကုန်း လက်ဖက်ရည်ဆိုင်လေး က မိုးကြမ်း အောက် တွင် မုန်တိုင်းထန် ပင်လယ်ပြင် မှ သင်္ဘော တစ် စင်း လို ရှိနေဆဲ ။ ကဗျာဆရာ ကောင်မလေး ၏ အကြည့် တွေ က လုလင် ထံ သို့ ဆက်လက် စီးဆင်းနေဆဲ ။ လိုအပ်သည် ထက် ပို များနေပြီ ။ လိုအပ်သည် ထက် ပို များနေပြီ ။ ကဗျာဆရာ ကောင်မလေး သည် သူ့ ညီမ အရွယ် မျှ သာ ရှိသေးသည် ။ အားနာစိတ် ဖြစ်မိပါသည် ။ သို့သော် ဆိုသင့်သော စကား ကို ဆိုရပေဦးမည် ။ ဆိုရေး ရှိပါလျက်သား မဆိုခဲ့သော် သံသရာ ဂရပ်ဖစ် တွင် အစွန်းအထင်း ဖြစ်တော့မည် ။
လိုအပ်သည် ထက် ပို များနေပြီလား ။ မလိုအပ်ဘဲ ပို များသည် ထက် များလာသည် ဟု ဆိုရမည် ။ ငါ ဟာ ငါ့ ချစ်သူ မဟုတ်သူ ကို ချစ်သူ လို မနေတတ်ဘူး ။ စကား တိုတို ကို သာ ဆိုပြီး လုလင် သည် မိုးတော ထဲ သို့ ထွက် လာခဲ့၏ ။ ကဗျာဆရာ ကောင်မလေး ကျန်ခဲ့သည် ။ ကျန်စမ်းပါစေ ။ လောက ဆိုသည် မှာ အရင်းခံ သဘာဝ အရပင် ဥပေက္ခာ လုပ်ရတာတွေ အလွန် များသည် ။ မိုးရေစက်များ သူ့ ကိုယ် ပေါ်တွင် ခုန်ပေါက် နေသည် ။ အချိန်တိုင်း ဘယ်အရာ ကို ဦးစားပေး ပြီး ဥပေက္ခာ ပြုမလဲ ။ ဥပေက္ခာ ဆိုင်ရာ ရွေးချယ်မှု အထူး အရေးကြီးသည် ။ လုပ်ကောင်းသော အရာ အပေါ် စွဲမြဲပွားများခြင်း ဆိုသည် မှာ ပယ်ကောင်းသော အရာ ပယ်ပြီး မှသာ ဖြစ်နိုင်သည် ။ မိုးတော ထဲ တွင် လွတ်လွတ်လပ်လပ် လက်လွှဲ လျှောက်ရခြင်း ကို လုလင် နှစ်သက်သည် ။
( ၄ )
ဘဝ နှင့် သံသရာ ကို သုဝဏ္ဏဘုမ္မိ လုလင် အတွေး စစ်တမ်း ထုတ် နေမိသည် ။ ဒီရေတွေ တက် လာသည် ။ ဒီရေတွေ တက် လာသည် ။ မရဏဒီရေတွေ ဖြစ်သည် ။ လူ့သက်တမ်း သတ္တဝါတွေ ရဲ့ သက်တမ်း နှင့် အတူ သက်တမ်း ရင့်လှပြီ ဖြစ်သော မရဏဒီရေတွေ ဖြစ်သည် ။ လူသား အများစုကြီး မှာ ဒီရေတွေ တက်လာသည် ကို သိကြသည် မဟုတ် ။ မသိပျော် ပျော် နေကြသည် ။ မသိငို ငို နေကြသည် ။ နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ တိမ်းစောင်းသော ကမ္ဘာကြီး ၏ နေရာ များစွာသည် အိပ်မောကျ လျက် ရှိသည် ။ ဒီရေတွေ ကလည်း မြင့်မြင့်တက် လာလိုက်တာ ။ အိပ်မောကျ နေရာ မှ နိုးလာသော တစ်ယောက်စ နှစ်ယောက်စ သည် ပြတင်းတံခါး ဖွင့် ကြည့်ပြီး မြင်ကွင်း အပေါ် ကောက်ချက်ချ လွဲနေကြ ပြန်သည် ။ မရဏဒဏရေ ဟု မမြင် ။ သာယာလှပသော ဒီရေ ဟု မြင်နေကြ ပြန်သည် ။
တက်လာသော ဒီရေတွေ က လေးလေးရင့်ရင့် အသံကြီးတွေ ဖြင့် သီချင်း တစ်ပုဒ် ကို အော်ဆို နေကြသည် ။ ရှင်ခြင်းသည် မမြဲ ၊ သေခြင်းသည် မြဲပါလေ ။ ဘဝတွေ ၊ ရုပ်နာမ်တွေ ၊ ဇာတိ စ လို့ ဇရာ လာသလေ ... ဗျာဒိ မရဏ ချန်ထားလို့ မရပေ ... လောင်စာတွေ ။ ဒီရေ ပြန် ကျသွားချိန် တွင် ကျဒီရေ နှင့်အတူ ဘဝ အသီးသီး အစဉ်အတိုင်း ပါသွားကြ မှာ အလွန် သေချာသည် ။ အသက်ကြီးသူ က ရှေးဦးစွာ ဒီရေ ထဲ ပါမည် ။ အသက် ငယ်သူ က နောက်မှ ပါမည် ။ ဒီလို အစဉ် အတိုင်း မဟုတ် ။ ဘဝ နှင့် သံသရာ တွင် ရှိခဲ့သော အကြောင်းတရား အပေါင်းအစု ကြောင့် ဖြစ်ထွန်းသော အစီအစဉ် ။ ဒီ အစီအစဉ်ကြီး ကို သွေဖည်လို့ မရဘူးလား ။ လေးလေးရင့်ရင့် သီချင်း ဆိုသံတွေ က ဆန္ဒတွေ ကို ဝါးမျို ပစ်သည် ။
သေပြီး ရှင် တဲ့ ရှင်ခြင်းတရား မရှိတော့ဘူးလား ။ သေသော သေခြင်း မဟုတ် ။ သေသော ရှင်ခြင်း လေ ။ သေတော့ မသေခြင်းတရား ။ ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော် ရှိ ထီးပဒံ အာရုံခံ တန်ဆောင်း တွင် သုဝဏ္ဏ ဘုမ္မိလုလင် ရောက် နေသည် ။ ထက်ဝယ်ဖွဲ့ခွေ နေသော ထိုင်နည်း ဖြင့် ထိုင်လို့ ။ တက်ဝယ်ဖွဲ့ခွေ နေသော သုခဿနထိုင်နည်း ဖြင့် ထိုင်နေသည် ။ နှာသီးဖျား မှ တိုးဝင် တိုးထွက်နေသော ထွက်လေ နှင့် ဝင်လေ အပေါ် သတိ ကပ် လျက် ရှုမှတ်နေသည် ။ ကျေးဇူးတော်ရှင် ကျိုက်ထီးဆောင်း ဆရာတော်ဘုရားကြီး က သူ့ ကို ပေးသနားထား သည့် ကိုးနဝင်းဂုဏ်တော် ပုတီး ဖြင့် သမထဘာဝနာ ပွားများ ပြီးနောက် ဝိပဿနာဘာဝနာ ဆက်လက် ပွားများ နေခြင်း ဖြစ်သည် ။ သမထဝိပဿနာ ယင်း နှစ်ဖြာ ကို ရွှင်ကြည်ယိုဖိတ် သဒ္ဓါစိတ်ဖြင့် တည်စိတ်ကယ် ခိုင်ခံ့ ။
မတော်မတရား စိတ် ဖြင့် တစ်ကိုယ်ကောင်း ဆန်ခြင်း မဟုတ်သော ၊ ကိုယ် လုပ်ရသော ၊ သူတစ်ပါး ကောင်းဖို့ လမ်းညွှန်ပြသော ၊ ဖေးမရသော ၊ အမြတ်ဆုံး ဗေဒ သဘောပေါက်ခဲ့သည် ။
မတော်မတရား စိတ်ဖြင့် တစ်ကိုယ်ကောင်း ဆန်
ခြင်း မဟုတ်သော ၊
ကိုယ် ကောင်းဖို့ ကိုယ် လုပ်ရသော ၊
သူတစ်ပါး ကောင်းဖို့ သူတစ်ပါး လုပ်ရသော ၊
သူတစ်ပါး ကောင်းဖို့ လမ်းညွှန် ပြရသော ၊
ဖေးမရသော အမြတ်ဆုံး ဗေဒ ။
နှာသီးဖျား ၏ ထိမှု ၊ သိမှု သတိ ကပ်လျက် ရှုမှတ်မှု အားကောင်းလာသည်နှင့် အမျှ ။ ဘဝ ၏ အဟောင်းဆုံးသော ဖွဲ့စည်းမှု ကို ရုန်းထွက်လျက် ဘဝ ၏ အသစ်ဆုံး
သော ဘဝ အမြင်သစ် လမ်းကြောင်း ကို ဖွဲ့စည်းအား ကောင်းလာ၏ ။
သုဝဏ္ဏဘုမ္မိ လုလင် သည် ဓမ္မမေတ္တာ အလင်းစက် ကလေးများ အကြောင်း ကို တန်ရာ တန်ရာ သဘောပေါက်လာ၏ ။
ဓမ္မကလျာမိတ္တ တို့ ဝမ်းမြောက် ။
သာဓု ခေါ်စေ …. ။ ။
▢ မောင်ရန်ပိုင်
📖 ဟန်သစ် မဂ္ဂဇင်း
အမှတ် ၉၉
၂၀ဝ၂ ခုနှစ်
No comments:
Post a Comment