Wednesday, May 28, 2025

မြန်မာဝတ္ထုများ နှင့် ပတ်သက်၍


 

❝ မြန်မာဝတ္ထုများ နှင့် ပတ်သက်၍ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ဝတ္ထု ရေးရာမှာ အထူးသဖြင့် ဝတ္ထုရှည် ရေးသားရာ မှာ ဇာတ်ဆောင် တစ်ယောက် ၊ ရှေး အခေါ် ဇာတ်လိုက် တစ်ယောက် ကို ဗဟိုပြု ပြီးတော့ ကျန်တဲ့ လူတွေ က ဝိုင်းဝန်း ပံ့ပိုးပေးကြပြီး ဇာတ်လမ်း ကို ပုံ ဖော်တယ် ။ အဲဒီ ဇာတ်လိုက် ကို ထင်ထင်ရှားရှား မြင်သာအောင် ထောက်ကူ ပေးကြတယ် ။ အဲဒါကို စေတီ တည်တာ နဲ့ နှိုင်းပြီး ပမာ ပြချင်ပါတယ် ။ စေတီ တစ်ဆူ တည်တဲ့ နေရာမှာ အောက်ခြေ အဝန်းအဝိုင်း ဖိနပ်တော် က ကျယ်ပြန့်ပြီး ကြီးမား ရတယ် ။ ပြီးမှ အပေါ် ကို တဖြည်းဖြည်း နဲ့ စုစု လာပြီး အပေါ်ဆုံး ရောက်တော့ သေးသေးလေး ရှိအောင် ထားတယ် ။ အောက်ခြေ မကြီးရင် အပေါ် သေးသေး ကို ကြာရှည် ထမ်း မထားနိုင်ဘူး ။ ဒီတော့ အပေါ်ကသေးသေး က မတည်တံ့နိုင်ဘူး ။ အောက်ခြေ ဖိနပ်တော် ကြီးမားကျယ်ပြန့်တယ် ။ ထုထည် ရှိတယ် ၊ တဖြည်းဖြည်း မြင့် လာတယ် ။ အမြင့်ဆုံး ရောက်တော့ ထီးတော် ရှိတယ် ။ ထီး ရဲ့အထက် မှာ စိန်ဖူးတော် ရှိတယ် ။ အဲဒီ စိန်ဖူးတော် ကို လူတွေ ထင်ထင်ရှားရှား ဖူးမြင်ရ သလို ဝတ္ထု ထဲ က ဇာတ်လိုက် ကိုလည်း အဲသလို မြင်ရအောင် အောက်ခြေ ကနေ အဆင့်ဆင့် ပံ့ပိုး ထောက်ကူ ပေးထားရတယ် ။

ရှေးခေတ် က ဝတ္ထုတို ဆိုတာ မြန်မာတွေ ရေးလေ့ မရှိကြသေးဘူး ။ ဝတ္ထု ရှည်တွေ ရေးတာပဲ ရှိတယ် ။ ဇာတ်တော်ကြီးတွေ ဟာ ဝတ္ထုရှည် တွေ ပါပဲ ။ အဲဒီ ဝတ္ထုရှည် တွေ မှာ ဇာတ်လိုက် ရှိတယ် ။ ဇာတ်ပို့ ရှိတယ် ။ ဇာတ်ရံ ရှိတယ် ၊ လူကြမ်း ရှိတယ် ။ အဲဒါတွေ က ဇာတ်လိုက် ကို ထင်ရှားပေါ်လွင်အောင် ဝိုင်းပြီး ပို့ ပေးကြတယ် ။ ဒီသဘောပဲ ။

ဇာတ်ကြီးဆယ်ဘွဲ့ မှာ ပထမဦးဆုံး တေမိမင်း ဇာတ် ဖွဲ့ပုံကို ပြော ပြချင်တယ် ။ အဲဒီ ဇာတ် မှာဆိုရင် ခမည်းတော် ၊ မယ်တော် တို့ က သားတော်လေး ထွန်းကားလာတာ ကို အလွန် ဝမ်းသာကြတယ် ။ သားတော် ကို ထီးမွေ နန်းမွေ လွှဲ ပေးချင်တယ် ။ တစ်နေ့ မှာ တော့ သားတော်လေး ရှေ့မှာ ရာဇဝတ်သားတွေ ကို တရား စီရင်မိတယ် ။ ဘယ်သူ့ ကို တော့ ကြိမ်ဒဏ် ပေး ၊ ဘယ်သူ့ ကို တော့ သ,တ် စသည်ဖြင့်ပေါ့ ။ အဲဒါကို ကလေးလေး က ကြားတော့ သူ က နောက် ဘ၀ ကို ပြန် မြင်တယ် ။ အဲဒီတော့ သူ က သိပ် ကြောက်သွားတယ် ။ အဲဒီမှာပင် ထီးချက်စောင့် နတ်သမီး က အားပေးတယ် ။အားမငယ် ဖို့ ပြောတယ် ၊ ငါ မင်း ကို စောင့်ရှောက်မယ် ဆိုပြီး အကြံ ပေးတယ် ။ အဲဒီ အချိန် က စပြီး အဲဒီ ကလေး က ခြေလှုပ်လက်လှုပ် လည်း မလုပ် ၊ ငိုငိုရယ်ရယ် လည်း မလုပ် ၊ စကား ပြောဆိုတာ လည်း မလုပ် ၊ ကြောက်လန့် အောင် ခြောက်လှန့် ရင်လည်း မတုန်မလှုပ် နေတယ် ။ ဒါတွေဟာ ဇာတ်လမ်း သဘော အရ ဆိုရင် တေမိမင်းသား က စိတ်ဝင် စားစရာ ၊ သနားစရာ ဖြစ်လာတယ် ။ဒီလို ဖြစ်လာအောင် ခမည်းတော် မယ်တော် တို့ က ဝမ်းနည်းကြတာ ၊ ငိုကြွေးကြတာ ၊ သုနန္ဒာရထားမှူး က သူ့ ကို အဆွံ့ အ အ ဆိုပြီး သ,တ်မယ် ၊ ဖြတ်မယ် ၊ မြေတူး မြှုပ်ပစ်မယ် ဆိုတဲ့ အကြောင်းအရာတွေ ဟာ တကယ်တမ်း ကျတော့ စေတီတစ်ဆူ ကို တည်ရာ မှာ အောက်ခြေ ကနေ ထု နဲ့ ထည် နဲ့ ဝန်းရံပေးကြတဲ့ သဘောပဲ ။ တေမိမင်း ဆိုတဲ့ အဓိက ဇာတ်လိုက် ကို ပိုပြီး လူမြင်သာအောင် ဂရုစိုက် လာအောင် ဝိုင်းပြီးတော့ တွန်းအား ပေးကြ တာပဲ ။ အဓိဋ္ဌာန်ပါရမီ ကို အားပေးတဲ့ ဇာတ်ပါပဲ ။

နောက် ဇနက ဇာတ် ၊ ဇနက ဇာတ် ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ လုံ့လ ဝီရိယ ရှိခြင်း ရဲ့ အကျိုးကျေးဇူး ကို ပြ ချင်တာပဲ ဖြစ်တယ် ။ ဒီ ဇာတ် မှာလည်း ဇနကမင်းသား ဆိုတဲ့ ဇာတ်လိုက် ကို ထင်ရှားလာအောင် ငယ်ရွယ်စဉ် ကလေးဘဝ က ကစားဖော်တွေ ၊ သူ့ ရဲ့ မယ်တော် ၊ နောက် စမ္ပာနဂိုရ်ပြည် က ဒီသာပါမောက္ခကြီး ။ အဲဒီလို လူတွေ နဲ့ ရံ ထားပါတယ် ။ ဇနက ကို အားလုံး က ဝိုင်းပြီး မင်း မှာ အဖေ မရှိဘူး မင်းတို့ သား အမိ က တခြား အရပ် က ပြေး လာကြတဲ့ လူ တွေ စသည်ဖြင့် ပြောကြတာတွေ က ဇာတ်လမ်း အရ ကြည့်ရင် သနားစရာ ၊ လွမ်းစရာပေါ့ ။ ဝတ္ထု သဘောတရား အရ ကြည့် ရင်တော့ ဒါတွေက ဇနက မင်းသား ကို မြင်သာအောင် ဝိုင်းတွန်းပြီး ပို့ဆောင် ပေးကြတာပဲ ။ ဇနက မင်းသား ဟာ မယ်တော် ဆီ မှာ ခွင့် တောင်းပြီး သင်္ဘော နဲ့ ကုန်ကူးသွားတယ် ။ လမ်း မှာ သင်္ဘော ပျက်တယ် ။ အဲဒီအခါ သူ ဟာ ရွက်တိုင်ထိပ်ဖျား ပေါ် တက်ပြီး မိတ္ထီလာ ပြည် ရှိမယ့် အရပ် ကို မျှော်ကြည့်ပြီး ခုန် ချတော့တာပဲ ။ ဘယ်သူမျှ ကူးခတ်ဖို့ စိတ် မကူးရတဲ့ သမုဒ္ဒရာ ထဲ မှာ ခုနှစ်ရက် လုံးလုံး ကူးတယ် ။ ဒါဟာလည်း အတု ယူစရာ နမူနာပြ ဖြစ်တယ် ၊ လုံ့ဝ ဝီရိယ ဇွဲ ရှိတာ ကို ပြတာ ။ ဇနက မင်းသား ဟာ သီဝလိဒေဝီမင်းသမီး နဲ့ လက်ထပ်ပြီး မိတ္ထီလာပြည် မှာ ထီးနန်း စိုးစံတယ် ။ နောက် အသီး သီး တဲ့ သရက်ပင် နဲ့ အသီး မသီးတဲ့ သရက်ပင် ကို မြင်ပြီးတော့ သံဝေဂ ရပြီး တော ထွက်သွားတယ် ။ ဒါတွေက တရားသဘော အရ ကြည့်ရင် စည်းစိမ်ဥစ္စာ ရှိခြင်း ဖြင့် ရန်သူ ကို ဖိတ်ခေါ်ရာ ရောက်တယ် ။ စည်းစိမ်ဥစ္စာ မရှိခြင်း ဟာ ဘေးအန္တရာယ် ကင်းတယ် ။ စိုးရိမ်ကြောင့်ကြမှု ကင်းတယ် ဆိုတာ ပြတယ် ။ ဝတ္ထုပုံစံ အရ ကြည့်ရင်လည်း ဇနက ဆိုတဲ့ မင်းသား ၏ ကလေး ဘဝ ကနေ ဘုရင်မင်းတရားကြီး ဖြစ်တဲ့ အထိ ထင်ရှား ပေါ်လွင်အောင် ကျန်လူတွေ က ဝိုင်းဝန်း ပံ့ပိုးထားကြတာ ကို တွေ့ရပါမယ် ။

အဲသလိုပဲ သုဝဏ္ဏသျှံ ဇာတ် ၊ သူ့ ရည်ရွယ်ချက် က မိဘ ကို လုပ်ကျွေး ပြုစုခြင်း ။ ဒါပေမဲ့ စေတီတည်တဲ့ ပုံစံမျိုး မကျတဲ့ ဇာတ်ပန္နက် ရိုက်တာ ကို ပြောရမယ် ဆိုရင် ဝတ္ထုပုံစံ မပီသဘူး လို့ ပြောနိုင်တယ် ။ ဘာကြောင့်လည်း ဆိုတော့ သုဝဏ္ဏသာမ မဖြစ်ခင် သူ့ ရဲ့ မိဘနစ်ပါး ဖြစ်တဲ့ ဒုကူလ နဲ့ ပါရိက တို့ အကြောင်း ကို သိုင်းဝိုင်း ချဲ့ထွင် နေတာက ဇာတ် ရဲ့ လေးပုံ တစ်ပုံ လောက် ရှိ နေတာပဲကိုး ။ သိပ် များနေတော့ သုဝဏ္ဏသာမ ကို ပံ့ပိုးမှု မှာ အား နည်းသွားတယ် ။ ဒုကူလ နဲ့ ပါရိက တို့ နှစ်ဦး ဟာ ဗြဟ္မာပြည် က လာ တယ် ။ ဒါကြောင့် သူတို့ ဟာ အိမ်ရာ ထောင်တဲ့ ကိစ္စ ကို မနှစ်သက်ကြဘူး ။ အိပ် ရင်တောင် နှစ်ယောက် ကြား မှာ ပန်းကုံး ခြားပြီး အိပ် ကြတယ် တို့ ဘာတို့ တွေ ပါတော့ စိတ်ဝင်စားစရာ ကောင်း ပြီး ဒီ နှစ်ယောက် ဆီ မှာပဲ စာဖတ်သူ ရဲ့ အာရုံ က ရောက်တယ် ။ သုဝဏ္ဏသာမ ဆီ မရောက်တော့ဘူး ။ သုဝဏ္ဏသျှံ ဆိုတာ က သိကြားမင်း က ပါရိက ရဲ့ ချက် ပေါ် ကို လက်တော် နဲ့ သပ် ပြီး သန္ဓေ ရစေလာတဲ့ သားလေးပါ ။ ဝတ္ထု သဘောတရား အရ ဆိုရင် ဒီ ဇာတ် က အားနည်းတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သုဝဏ္ဏသျှံ ပေါ်မလာ ခင် က မိဘနှစ်ပါး နဲ့ အဖြစ်အပျက်တွေ ကို သိုင်းဝိုင်း ချဲ့ထွင်တာတွေ များနေလို့ပဲ ။

ဇာတ်လမ်း အရ သုဝဏ္ဏသာမ ဟာ မိဘ ကို လုပ်ကျွေးတယ် ။ သမင် တွေ ခြံရံပြီး ရေခပ် ဆင်းတယ် ၊ အဲဒီမှာ မူလ စာ ထဲ မှာ မပါတဲ့ အကြောင်း ပါ လာတယ် ။ ဇာတ်တော် ဟာ အဖျက်ဆီး ခံရတယ် ။ ဘယ်သူ ဖျက်ဆီးတယ် တော့ မပြော နိုင်ဘူး ။ ဘယ်လို ဖျက်ဆီးသလဲ ဆိုတော့ သုဝဏ္ဏသာမ မြား ထိ ၊ မြားဆိပ် တက် ပြီး လဲ ၊ လဲ တဲ့ အခါ ကျတော့ အိမ်ရာ ထောင်ပြီး လူ့ဘောင် မှာ နေရတဲ့ ကိစ္စ ကို ရွံမုန်းလွန်းလို့ အဲဒါတွေ အားလုံး ကို စွန့်ခွာပြီး တောထွက် လာကြတဲ့ ရသေ့ လုပ်နေကြတဲ့ ဒုကူလ နဲ့ ပါရိက ဟာ “ သား ရွှေအိုး ထမ်းလာတာ ကို မြင် လိုပါတယ် ” ဆိုတဲ့ အကြောင်း ဟာ မူလ ကျမ်းစာ ထဲ မှာ မပါဘူး ။ နောက်ပိုင်း ဇာတ်ထုပ်တွေ က တဲ့ အခါ ကွက်စိပ် ဆရာတွေ ဟောတဲ့ အခါ အဲဒါ ပါ လာတယ် ။ တကယ်တော့ ဇာတ်လမ်း အရ ယုတ္တိ လည်း မတန်ဘူး ။ လူ့ဘောင် စည်းစိမ် ကို ငြီးငွေ့လို့ တောထွက်ပြီး ရသေ့ ဝတ် နေကြတဲ့ ဒုကူလ နဲ့ ပါရိက တို့ဟာ “ ရွှေအိုး ကို ဘာလုပ်မှာလဲ ” “ ဘာလုပ်ဖို့လဲ ” လို့ မေးစရာ ဖြစ်လာတယ် ။ ဒီတော့ ဇာတ်လမ်း အရ အားနည်း သွား ပြန်တယ် ။

သုဝဏ္ဏသျှံ ဇာတ် လိုပဲ ဇာတ် တည်ဆောက်ပုံ က စေတီဘုရား တည် ထား တဲ့ ပုံစံ နဲ့ မကိုက်ညီဘဲ မပီပြင်တဲ့ ဇာတ် တစ်ခုရှိသေးတယ် ။ အဲဒါက နေမိမင်း ဇာတ် ဖြစ်တယ် ။ နေမိ ဆိုတာက မဃဒေဝမင်း က စတဲ့ မင်းပေါင်း သုံးသိန်း  ၊ ခြောက်သောင်း ကို အနားသပ် ပေးတဲ့ နောက်ဆုံးမင်းဆက် ဖြစ်တယ် ။ ဆံပင် ဖြု တစ်ချောင်း တွေ့ရင် တောထွက်လေ့ ရှိတဲ့ အစဉ်အလာ ရှိတဲ့ မင်းဆက် က နေမိမင်း မှာ နောက်ဆုံး ပြတ် သွားတာပဲ ။ နေမိမင်း ဇာတ် မှာ နေမိမင်း က နတ် ပြည် သွားတယ် ။ ငရဲပြည် သွားတယ် ။ ဇာတ် ရဲ့ သဘော အရ နေမိမင်း ဟာ ဇာတ်လိုက် အဖြစ် ပေါ်လွင်တယ် ၊ ထင်ရှားတယ် ။ ဒါပေမဲ့ စေတီ တည်ထားတဲ့ ပုံစံ အရ ပြော ရရင် ဇာတ် တည်ဆောက်ပုံ မပီပြင်ဘူး  ။

မဟော်သဓာ ကျတော့ ဇာတ်လမ်း သဘော ပီပြင်ပြန်ရော ။ သူ့ ကို ဝိုင်းဝန်း ပံ့ပိုးတွန်းပို့ပေးတဲ့ ဇာတ်ကောင်တွေ ၊ အဖြစ်အပျက်တွေ အများကြီး ပါလာ တယ် ။ ဘုရင်ကြီး အိပ်မက် မက်တယ် ၊ မီးပုံကြီး လေးပုံ ရဲ့အလယ် မှာ မီးပုံသေးသေးကလေး ပေါ်လာပြီး မီးညွန့် က တက် သွားလိုက်တာ ဗြဟ္မာဘုံ အထိ ရောက် သွားတယ် တဲ့ ။ အဲဒီ ကတည်း ကစပြီး မဟော်သဓာ သတို့သား ဟာ စာဖတ်သူ စိတ်ဝင်စား ခံရတဲ့ ထင်ရှားတဲ့ ဇာတ်လိုက် ဖြစ်လာတာပဲ ။ မဟော် သဓာ ဉာဏ်ပညာ ရင့်သန်ကြောင်း ၊ တော်ကြောင်း ကို စာဖတ် ပရိသတ် သိ အောင် အမတ်ကြီး လေးပါး က ပံ့ပိုး သလို ဝိဒေဟရာဇ် မင်းကြီး ရဲ့ ပြိုင်ဖက် ကေဝဋ်ပုဏ္ဏား က လည်း အထောက်အကူ ပေးတာပဲ ။ ကလေးငယ် ကို လူ ယောင် ဆောင်ထားတဲ့ ဘီလူးမ နဲ့ ကလေးငယ် ရဲ့ မိခင် အစစ် တို့ သား လုခန်း မှာလည်း လူသား မိခင် အစစ် ဖြစ်တဲ့ အမေ က သူ့ ရင်သွေး ခြေလက်တွေ နာကျင်သွား မှာ စိုးလို့ လွှတ် ပေးလိုက်တာ ကို ကြည့်ပြီး မဟော်သဓာ က ဘီလူးမ နဲ့ လူသားမိခင် ကို ခွဲခြား အကဲဖြတ် အနိုင် ပေးနိုင်တယ် ။ နောက်ပြီး မြင်းလှည်း ကို လုတော့ လူသားစစ်စစ် နဲ့ လူယောင် ဆောင် ထားတဲ့ နတ်တို့ အပြိုင် ပြေးခန်း မှာလည်း နတ် က မမောဘဲ ပြေးနိုင်တာ ၊ ချွေး လုံးဝ မထွက်တာတွေ ကို ပြပြီး ဖြေရှင်း ပေးနိုင်တယ် ။ အဲဒါတွေ ရေးသား ထားတာဟာ မဟော်သဓာ ပညာ ရှိတဲ့ အကြောင်းအချက်တွေ ကို မြင်သာအောင် ဖော်ပြတာ ။ ဒါဟာ ပညာ ရဲ့ ပြယုဂ် ပဲ ဖြစ်တယ် ။ အဲဒီလို အထောက်အကူ ၊ တွန်းအားတွေကြောင့် စေတီ ရဲ့ အမြင့်ဆုံး မှာ ရှိတဲ့ စိန်ဖူး လိုပဲ မဟော်သဓာဇာတ် လိုက် ကို စာဖတ်သူ က ထင်သာ မြင်သာ စေတယ် ။ ဒါကြောင့် မဟော်သဓာဇာတ် ဟာ စေတီတစ်ဆူ တည်ဆောက် သလို ပုံစံမျိုး နဲ့ ကိုက်ညီတဲ့ ဇာတ် ဖြစ်တယ် ။

အကျဉ်းချုံး ပြောရရင် သီလစောင့်ထိန်းခြင်း ကို ပြတဲ့ ဘူရိဒတ်နဂါးမင်း ဇာတ် ။ ဒီ ဇာတ် မှာ ရှေ့ပိုင်း က ပါလာတဲ့ မယ်တော် နဲ့ ခမည်းတော် ၊ စူဠလိပ် စတာ တွေ ဟာ အရှိန်အဝါ သိပ် များပြီး ဘူရိဒတ် ကို လွှမ်းမိုး သွားတယ် ။ ဝတ္ထု ပုံစံ ဖော်ဆောင်ရာမှာတော့ တည်ဆောက်မှု အားနည်းတယ် ။

စန္ဒကုမာရ ဇာတ် ကျတော့ ပီပြင်တယ် ။ ဇာတ်လိုက် ကို ကွင်းကွင်းကွက် ကွက် မြင်စေနိုင်တယ် ။ 

နောက် ဝိဓူရ အမတ်ကြီး ဇာတ် ၊ ဒီမှာ လည်း စိတ်ဝင်စားစရာ ကောင်း အောင် ပြနိုင်တယ် ။

နောက် ဝေဿန္တရာ ဇာတ် ၊ ဒီ ဇာတ် ဟာ အလောင်းတော် ရဲ့ ဒါနပါရမီ ကို ဖော်ပြတယ် ။ ဝေဿန္တရာမင်းကြီး ထင်ရှားအောင် ကျန် လူတွေ က ဝိုင်းဝန်း အထောက်အပံ့ ပေးပြီး ဝေဿန္တရာမင်းကြီး ကို စိတ်ဝင်စားအောင် တွန်းပို့ပေးနိုင်တဲ့ အတွက် ဝတ္ထုပုံစံ ကျတဲ့ ဇာတ် တစ်ဇာတ်ဖြစ်တယ် ။ 

မြန်မာဝတ္ထုတွေ ၊ ရှေးကျတဲ့ မြန်မာဝတ္ထုတွေ ဖွဲ့စည်းပုံ ဟာ အဖွင့် မှာပြောခဲ့ သလိုပဲ အောက်ခြေ မှာ အဝန်းအဝိုင်း အကြီးကြီး တည်ဆောက် ၊ ပြီးမှ အပေါ်ကို တဖြည်းဖြည်း စု တက်သွားရတယ် ။ ဇာတ်လိုက် တစ်ယောက်တည်း ကိုသာမြင် တွေ့စေတဲ့ ပုံစံမျိုး ဖြစ်တယ် ။ ဒီလို ရေးသားတဲ့ ပုံစံဟာ ဟိုး ရှေး က ရှင်မဟာ ရဋ္ဌသာရ တို့ ခေတ် က ပါရာယနဝတ္ထု ပုံစံ အတိုင်းပဲ ။ ကနေ့ အထိ မပြောင်းလဲ ဘူး ။ ဒါကြောင့် ဝတ္ထု ရေးသားတဲ့ ပုံစံ ဟာ မပြောင်းလဲ လို့ မတိုးတက်ဘူး လို့ ပြောလို့ ရတယ် ။

အခုနောက်ပိုင်း ကျတော့ ဇာတ်လိုက် တစ်ယောက် တည်း ခေါင်းဆောင် တဲ့ ဝတ္ထု မဟုတ်တော့ဘဲ ဇာတ်လိုက် သုံးလေးဦး ပါတဲ့ ဇာတ် ကို ရေးဖို့ ကြိုးစား နေကြပေမဲ့ စာဖတ် ပရိသတ် ကတော့ ဇာတ်လိုက် တစ်ယောက်တည်း ပါတဲ့ ဇာတ် ကိုပဲ သဘော ကျကြတယ် ။

ဒီကနေ့ ခေတ် “ ရသစာပေ ”
ကို ဖတ်ကြတယ် ဆိုတာ ဟာ ရသစာပေ ကို ထိတွေ့ဖို့ ၊ ရသစာပေ ကို သိချင်လို့ လေ့လာဖို့ ထက် အဖျော်ဖြေ ခံချင်လို့ ဖျော်ဖြေမှု ရဖို့ ဖတ်တာပဲ ။ ရသစာပေ ဝတ္ထုတွေ ကို ဖတ်တဲ့ လူ ဟာ ဇာတ်လိုက် တစ်ယောက် က ဦးဆောင်ပြီး လှုပ်ရှားတဲ့ သူ့ ရဲ့ လှုပ်ရှားမှု ထဲမှာ နစ်မျောပြီးတော့ နေတယ် ။ များသောအားဖြင့် မင်းသား နဲ့ မင်းသမီး မပေါင်းရင် မကြိုက်ဘူး ။ ပေါင်း မှ ကြိုက်တယ် ။ စီးပွားဖြစ် ရေးတဲ့ လူ အများစု ဟာ မင်းသား နဲ့ မင်းသမီး ကို ဘယ်တော့မှ ခွဲ မပစ်ဘူး ။ ပေါင်းပေးတာ များတယ် ။

“ နေမင်းတစ်ထောင် ” ဝတ္ထုရှည်တွဲကြီး ရေးခဲ့စဉ် က ပထမဆုံး ဘာ ကို ဦးတည်ချက် ထား ရေးမလဲ စဉ်းစားတယ် ။ နယ်ချဲ့ဆန့်ကျင်ရေး အခြေခံ တဲ့ ဇာတ် ရေးမယ် ။ သားစဉ်မြေးဆက် သယ်ဆောင်သွားမယ့် ဒီ နယ်ချဲ့ဆန့်ကျင်ရေး ဦးတည်ချက် ကို ဘယ်လို ပုံဖော်မလဲ ဆိုတာ စဉ်းစားရတယ် ။ အကွက် ချရတယ် ။ ရေးတော့မယ် စိတ်ကူးတော့ ပထမဆုံး ကိုယ့် ကိုယ် ကိုယ် သွေးနှိုး လှုံ့ဆော်တဲ့ အနေနဲ့ ဂန္တဝင်မြောက် ဝတ္ထုရှည်ကြီး တွေ ကို ပြန် ဖတ်ရတယ် ။ “ ခန်းဆောင်နီ အိပ်မက် ” တို့ “ စစ် နဲ့ ငြိမ်းချမ်းရေး ” တို့ဆိုတဲ့ ဝတ္ထုရှည်ကြီးတွေ လည်း ပါ တာပေါ့ ။ အဲဒါတွေ တစိမ့်စိမ့် ဖတ်ပြီး သွေး ကြွလာတဲ့ အခါ ပုဂံမင်း လက်ထက် က စ ရေးမယ် ၊ ဇာတ်အိမ် တည်မယ် လို့ ဆုံးဖြတ်တယ် ။ ပုဂံမင်း လက်ထက် က စမှာ ဆိုတော့ သက်ဆိုင်တဲ့ အချက်အလက်တွေ ရှာရတယ် ။ အချက်အလက် တွေ က တစ်နေရာတည်း က မရဘူး ။ ဟို တအုပ် ၊ သည် စာအုပ် ၊ ဟို ကျမ်း ၊ သည် ကျမ်း ၊ ဟို တစ်စ ၊ သည် တစ်စ အားလုံး ရှာဖွေစုဆောင်း မှတ်သားရတယ် ။ အချက်အလက်တွေ စုံမှ အကွက် ချပြီး ရေးရတယ် ။ ပုဂံမင်း လက်လက် ကနေ လက်ရှိ အခြေအနေ ထိ နယ်ချဲ့ဆန့်ကျင်ရေး ဦးတည်ချက် ကို ပုံဖော်ပြီး ရေး လိုက်တာ အတွဲ အမှတ် ( ၈ ) အထိ စာအုပ် ထွက်တယ် ။ 

အခု ပြောခဲ့တာတွေ ဟာ မြန်မာတွေ မြန်မာဝတ္ထုရှည်တွေ ကို ဘယ်လို ဖန်တီး ရေးသားကြတယ် ဆိုတဲ့ အကြောင်းပါပဲ ။ ဒီ အကြောင်းအချက်တွေ က နေပြီး ဝတ္ထုရှည် ရေးသားဖို့ အတွက် အခြေခံ လမ်းညွှန်မှုတွေ ကို ရှာ တွေ့နိုင်မယ် လို့ မျှော်လင့်ပါတယ် ။

◾ ဆင်ဖြူကျွန်းအောင်သိန်း

📖 စာရေးနည်း လမ်းညွှန်

No comments:

Post a Comment