❝ ပြည်တော်ပြန် အကျဉ်းသား ❞
( ပထမပိုင်း )
( ၂၀၀၁ ခုနှစ် )
ဒုတိယ အလုပ် ပြောင်းလာချိန်မှာ တော့ အလုပ် မှာ သက်သာ သွားသလို ခြင်းလုံးခတ်ခွင့် ၊ တီဗွီကြည့်ခွင့် များ အတော့်ကို အချိန် နည်းပါးသွား တော့သည် ။
ပြီးတော့ သေဒဏ် ချမှတ်ထားသူများ ကိုပါ အစားအသောက် ပို့သည့် ကိစ္စကြီး ပါလာခဲ့သည် ။ တခြား လိုက်ပို့ရသည့် အခန်းများ မှာ လည်း မများလှ ။ အခန်း နှစ်ဆယ်ကျော်မျှ သာ ရှိသည် ။ သို့ရာတွင် မိန်းမလျာ များ ပါသည့် အခန်းသုံးခန်း ကို နေ့စဉ် သန့်ရှင်းရေး လုပ်ရ ၊ ထမင်း ၊ ဟင်း ၊ လက်ဖက်ရည် ပို့ရသည် မှာ တော့ အထူး ပျော်စရာ ကောင်းလှ၏ ။ စင်ကာပူ မှာ လိင်တူဥပေဒ က ထောင်ချသည် ။ များများတော့ ဟုတ်မည် မထင် ။ တချို့အား တစ်ပတ် ၊ ဆယ်ရက် သာ တွေ့ရ၏ ။ သူတို့ အခန်းများ ရှေ့သို့ သန့်ရှင်းရေး သွား လုပ်ရလျှင် ကျွန်တော်တို့ ဝန်ထမ်း သုံးဦး မှာ မဲ ခွဲရသေးသည် ။ မနက် တစ်လှည့် ၊ နေ့လည် တစ်လှည့် ၊ ညနေ တစ်လှည့်နှုန်း ဖြင့် သွား ရစ်ကြသည် ။ သူတို့ ကလည်း ဟန်ရေး ပြကြသည် ။ ဖလိုင်းကစ်တွေ ပေးကြသည် ။ ထောင်ဝန်ထမ်း တွေ့ လျှင်တော့ အဆဲ ခံကြရသည် ။
မိန်းမလျာများ အတော့် ကို ချောသည် ကိုတော့ ဝန်ခံရပါမည် ။ သူတို့ ကို ကျတော့ ဆံပင် ဖြတ်ချင် မှ ဖြတ်သည် ။ အချုပ်ကြီး သဘောမျိုးထားသည် နှင့် တူပါသည် ။ သေသေချာချာတော့ မသိ ။ ငမ်းလို့ ကောင်းသည် မှာ တော့ အမှန်ပင် ။ ထောင်ကျ နေတုန်း အချိန်တွင် ဣတ္ထိယဆင်ဆင် များ နှင့် တွေ့ရသည် မှာ အတော့် ကို ဘဝင် ချမ်း မြေ့သော ကိစ္စ ဟု ထင်ပါသည် ။ အောက်ထပ် မှာ တော့ ထောင်ဝန်ထမ်းမများ တွေ့ရပါသည် ။ သို့ရာတွင် ယူနီဖောင်း ကြောင့် အနေ စိမ်းလှ၏ ။ ကိုယ့် ကို ထောင်ချထား သည့် ရန်သူ ဟု ပင် မြင်မိသေးသည် ။
ကျွန်တော် နှင့် အတူ တာဝန်ကျသည် က အိန္ဒိယသား နှစ်ဦး ဖြစ်သည် ။ သူတို့ နှစ်ဦး က လကြီးသမားများ ဖြစ်သည် ။ အနီဝတ်သမားများ ဘက် ကို တော်ရုံ ကိစ္စ ဖြင့် မသွားရ ။ အလုပ်မှာ လည်း မည်မည်ရရမရှိရှာ ပါ ။ စင်္ကြံ လမ်း တစ်လျှောက် သန့်ရှင်းရေး လုပ်ရချိန်၌ သာ အနည်းငယ် ပင်ပန်းသည် ။ ချွေးထွက်လောက်အောင် ပင်ပန်း လောက်ပြီ ဆိုလျှင် အလုပ် ကလည်း ပြီးပြီ ။ မိန်းဆောင် မှာ တုန်းကလို ပြေးဟဲ့ လွှားဟဲ့ မရှိ ။ ထို့ကြောင့် စာအုပ် များများ ဖတ်ဖြစ်သည် ။ ထောင်တွင်း သို့ သွင်းခွင့်ရသည့် စာအုပ်များ မှာ စာမဲ့ကာတွန်းများ ၊ သရဲတစ္ဆေ ဝတ္ထု များ နှင့် သတင်းစာများ လောက်သာ တွေ့ရသည် ။ ကျွန်တော် စမ်းတဝါးဝါး ဖတ်ဖြစ်သည် က NIGHT MARA နိုက်မာရား ခေါ် ညတစ္ဆေဝတ္ထုများ သာ ဖြစ်၏ ။ ဝတ္ထုရေးဖွဲ့ပုံများ က ခပ်ဆင်ခင်ချည်း ဖြစ်၏ ။ ကျောင်းသား ၊ ကျောင်းသူများ ပျော်ပွဲစား ထွက်ရင်း တစ္ဆေ ဝင်ပူးခံရတာမျိုး ၊ အိမ်မှာ တစ်ယောက် တည်း နေစဉ် တစ္ဆေ လာ ခြောက်တာမျိုး ၊ တစ္ဆေ က အိပ်မက် ပေးတာမျိုး စသည့် ပုံစံများ သာ အများစု ဖြစ်သည် ။ မြန်မာပြည် က လို နှစ်ဆောင်ပြိုင်အိမ်ကြီး ဇာတ်လမ်းမျိုး ၊ အိမ်ကြီးမာယာ ဝင်္ကပါဇာတ်လမ်းမျိုး ၊ သရဲ ခြောက်သည် ဆိုသော အိမ်ကြီး ဇာတ်လမ်းမျိုး မရှိ ။ ကျွန်တော့် မှာ ပျင်း ၍ ပင် သွားရသည် ။ ယိုးဒယား မှာ ဝက်မွေးခဲ့စဉ် က ကြိုးဆွဲချသေသွား သော သူဌေး ၏ မိတ်ဆွေ အား သူဌေး က တရုတ်ပီပီ အစောင့်အရှောက် အဖြစ် ပြန် နေပေးပါရန် တောင်းပန်ထားသည့် အိမ်ကြီး တွင် တစ်ဦး တည်း နေလာခဲ့သော ကျွန်တော့် အဖို့ စင်ကာပူ နှင့် မလေးရှား တစ္ဆေ ဇာတ်လမ်းများ သည် နားယားရုံမျှသာ ။
ကျွန်တော် မှ နားယားရုံ ဖြစ်သည် မဟုတ် ။
အိန္ဒိယသား နှစ်ယောက် မှာ ဖတ်၍ ပင် မကြည့် ။ သူတို့ ဝါသနာပါသ ည် က သီချင်း ကိစ္စ ၊ အိန္ဒိယတေး သီချင်းများ ကိစ္စသာ ။ သရဲတစ္ဆေကိစ္စ ကို သူတို့ က စိတ်မဝင်စား ။ ထို့ကြောင့် မဲများ ရာ သူတို့ ဘက်သို့ လိုက်၍ ကျွန်တော် လည်း အိန္ဒိယဇာတ်ကားများ ကိစ္စ ဝင် ဆွေးနွေးရတော့သည် ။ သူတို့ အတွက် ကမ္ဘာ့ဟီးရိုး ဖြစ် နေသော ‘ ရပ်ကူးမား ’ ကို ကျွန်တော် မသိ ။ ကျွန်တော် သိသော အမီတာဘဂျမ်း ၊ ရှိုးလေး ၊ ကုလားကျော်ဟိန်း စသည့် မင်းသား များ ကို သူတို့ က လှောင်သည် ။ သူတို့ အထင်မကြီး ။ သူတို့ မင်းသားကြီး ပုံ ကိုပြတော့ နှုတ်ခမ်းမွှေးကားကား နှင့် ချောတော့ ချောပါသည် ။ သူတို့ ပြောနေ လောက်အောင် ကမ္ဘာ့ ဟီးရိုးကြီး အဖြစ် ကျွန်တော် မသိ ။ နောက်တော့မှ ပြောရင်း ဆိုရင်း သူတို့ မှာ ဘာသာကွဲ လူမျိုးကွဲ ကိစ္စများ ပြည့်နှက် နေကြောင်း သိရတော့သည် ။ ကျွန်တော် သိသော မင်းသားများ က ဘူဇွာ ဖြစ်၍ သူတို့ ဟီးရိုး မှာ အလုပ်သမားဆန်သ ည် ကိုး ။ အိန္ဒိယလူတန်းများ ၏ အများဆုံးသော အခြေခံလူတန်းစား ကြား မှာ ဟီးရိုး ဖြစ်နေသည် ကိုး ။
ကျွန်တော့် မှာ သူတို့ နှင့် အင်္ဂလိပ်စကားပြော လေ့ကျင့်ရသည် ။ အကြီးကောင် က ကျွန်တော့် ကို စိတ် မရှည် ။ အငယ်ကောင် က တစ်ခါတစ်ရံ ကျွန်တော် ပြောသည် ကို ဝါကျ မပီသ၍ လှောင်ပြောင် သော်ငြား ပြန် ၍ ပြုပြင် သင်ကြားပေးပါသည် ။ စစ်တုရင်ကစားရာ မှာ တော့ ကျွန်တော် က ဗိုလ် ။ တစ်ခါတစ်ရံ မြင်း အကျ ပေးရသည် ။ ဘီးရှော့ အကျ ပေးရသည် ။ သူတို့ နှစ်ယောက် ကစားလျှင်ပင် တရားသူကြီး ဝင် လုပ်ပေးရ ပြန်သည် ။ သူတို့ နှင့် သဘောတူညီသည့် အချက် က ဘာသာတရား ဝတ်ပြုချိန် တွင် မနှောင့်ယှက်စတမ်း ဖြစ်၏ ။ သူတို့ ဝတ်ပြုလျှင် ကျွန်တော် ရှောင် ပေးနေသည် ။ ကျွန်တော် ဘုရားရှိခိုး လျှင် လည်း သူတို့ ရှောင်ပေးသည် ။ ဘာသာရေး အငြင်း အခုံကိစ္စများ လည်း မပြောဖြစ်ကြ ။ ပထမအဆောင် နေတုန်းက အိန္ဒိယသား တစ်ဦး နှင့် စကားများခဲ့ချိန် မှ စပြီး ကျွန်တော် ဘာသာရေးကိစ္စ ကို အထူး ဆင်ခြင်တော့သည် ။ သူ က ဗုဒ္ဓ အား ရာမ ဝင်စားသူ ဟု လည်းကောင်း ၊ ဗြဟ္မာကြီး ၏ ကိုယ်ပွား အဖြစ် လည်းကောင်း သတ်မှတ်ထားသည် မို့ ကျွန်တော် နှင့် ငြင်းရသည် ငြင်းရင်း နှင့် မချေမငံ ဖြစ်ကြသည် ။ ထို အတွေ့အကြုံ က ရှိခဲ့ပြီမို့ အိန္ဒိယသားများ နှင့် ဘာသာရေး မဆွေးနွေးမိအောင် သတိ ထားရသည် ။ ကျွန်တော် သိသမျှ ခန့်မှန်းရလျှင် အိန္ဒိယ တစ်တိုင်းလုံး ၌ ဗုဒ္ဓဘာသာ အကြောင်း သိသူများ မှာ မြန်မာပြည် ၏ ဆယ်ပုံတစ်ပုံ ပင် ရှိတော့မည် မထင် ။ ထို့ကြောင့် မသိသူများ နှင့် ငြင်းနေ၍ အကျိုးမမြင် ။
ဤသို့ဖြင့် ပျင်းရိငြီးငွေ့စွာ ထောင်ကျရက်များ ကို ဖြတ်သန်းရင်း လွတ်ရက်သို့ ရောက်လာခဲ့တော့သည် ။ သို့ရာတွင် မပျော်အား ။ ကျွန်တော် က လှေ ဖြင့် ပြန်ရမည့် စာရင်း ၌ ပါသွားပြီးသူ ဖြစ်သည် ။ အိမ် ကို စာရင်းပို့စဉ် က လေယာဉ်လက်မှတ် ပို့ပေးရန် မှာ လိုက်သော်ငြား သံရုံး မှ ထောက်ခံစာ ပါမှ လေယာဉ်စီးခွင့် ရမည် ဆိုသဖြင့် ကျွန်တော် မစောင့်ချင်တော့ ။ အဖမ်းခံရစဉ် ကပင် လျှင် ခိုးဝင်ပါသည် ဟု အပြစ်ဒဏ် ခံခဲ့သည် ကိုး ။ အမှုစစ်ရဲ က ကျွန်တော် ပတ်စ်ပို့ဒ် ဖြင့် ဝင်လာမှန်း သိသော်ငြား ထူးထူးထွေထွေ မမေး ။ ပတ်စ်ပိုဒ် ကိစ္စ ဝင်လာလျှင် လေယာဉ် လက်မှတ်ကိစ္စ က အပူမသေးလှကြောင်း မြန်မာများ နည်းတူ ရဲများ လည်း သိကြသည် ။ လေယာဉ်လက်မှတ် ဈေးနှုန်းကြောင့် မြန်မာ တော်တော်များများ က ခိုးဝင်ပါသည် ဟု သာ ဖြေကြသည် ။ ထို လူများ အား စက်လှေဖြင့် ပြန် ပို့သည် ကို သိထားကြသည် ။ တစ်ပြား မှ မရှိ လည်း ပို့ပေးရသည် ကိုး ။ ရှိလျှင်တော့ လှေစရိတ် S$ 50 တောင်းသည် ။
ကျွန်တော် က တော့ လှေ ဖြင့် ပြန်ရန် ဆုံးဖြတ်ထားသည် မို့ လွတ်မည့် ရက် တွင် မပျော် ။ ပို့ဒေါင်းအကျဉ်းထောင် မှာ သွားနေရဦးမည်ဟု ကြား ထားပြီး ဖြစ်သည် ။
မနက်ပိုင်း တွင် ကျွန်တော် တို့ မြန်မာ တစ်စုအား ထောင် မှ ထုတ်၍ တရားရုံး သို့ ခေါ်သွားပြီး တရားသူကြီး ထံ အချုပ်ရက် တောင်းသည် ။ ဘယ်နှရက် တောင်းမှန်းတော့ ကျွန်တော် လည်း မသိ ။ လ.၀.က အချုပ် သို့ လွှဲပြောင်း ပို့ပေးပြီး နှစ်ရက် ထားသည် ။ ပြီးမှ ပို့ဒေါင်းအကျဉ်းထောင် သို့ လွှဲပို့ လိုက်ပါတော့သည် ။
တရားမဝင် ဝင်ရောက်လာသူများ ကို အစွမ်းကုန် တရားပြ ချေချွတ် သည့် ထောင် မှာ ပို့ဒေါင်းထောင် ဖြစ်သည် ။ ကြိမ်လုံး ၊ လက်ဖဝါး ၊ စစ်ဖိနပ်ဝတ် ခြေထောက် ၊ အစားအသောက် ဆင်းဆင်းရဲရဲ ၊ ပိတ်လှောင် မွန်းကျပ် အောင် စုပြုံထည့်ထားသော တရားမဝင် အလုပ်သမားများ နှင့် ပြည့်နှက် နေသော ပို့ဒေါင်းအကျဉ်းထောင် သို့ ကျွန်တော် ရောက်ခဲ့ပါပြီ ။
တစ်ပတ်လား ၊ နှစ်ပတ်လား ၊ တစ်လလား ၊ နှစ်လလား မည်မျှကြာမှ ပြန်ပို့ပါမည်နည်း ။ အကယ်၍ သံရုံး သို့ အကြောင်းကြားစာ ပို့လိုလျှင် ပို့ နိုင်သည် ။ လေယာဉ်လက်မှတ်ခ အား ပေးနိုင်ပါလျှင် သံရုံး ထောက်ခံစာ ဖြင့် လေယာဉ် စီး၍ ပြန်ခွင့် ရမည် ။ အချိန်ကာလတော့ မူသေ မရှိ ။
စ ဝင်ဝင်ချင်း မှာ ပင် ဟစ်တလာရုပ် နှင့် ထောင်ဝန်ထမ်း က ကျွန်တော်တို့ အုပ်စု အား ထောင်စည်းကမ်း များ ကို ပါးစပ် ရော လက်ပါ ခြေနှော ၍ လက်တွေ့ ပြ၏ ။ ခြောက်ယောက် ပါးရိုက် ခံရသည် ။ လေးယောက် အကန် ခံရသည် ။ အပြစ် က ဘာမှ မဟုတ် ။ ဘယ်လှည့် ညာလှည့် ထိုင်ထ စသည့် အမိန့်ပေးသံ အား အင်္ဂလိပ် လို နား မလည်၍ ဖြစ်၏ ။ ကျွန်တော့် ဘေး မှ ချာတိတ် ဆိုလျှင် လက်သီး တစ်ချက် အရှိုက်သို့ သွင်းခံ လိုက်ရ၍ ပုံခနဲ ကျသွားသည် ကို ငနဲ က ဖိနပ် ဖြင့် ပိတ်ကန်၍ ထ ခိုင်း၏ ။ ကျွန်တော်တို့ အဖွဲ့တွင် အိန္ဒိယ ၊ ထိုင်း ၊ တရုတ် ၊ ဖိလစ်ပင်း ၊ နီပေါ ၊ မြန်မာ စသည် တို့ ပါကြသည် ။
အဝတ်အစား အပ်သည့် ခန်းမ သို့ မရောက်ခင် မှာ လည်း ငနဲ က လက်စွမ်းပြ၍ သုံးယောက် ပါးရိုက် ခံကြ ရသေးသည် ။ တစ်ဦး မှာ အဘိုးကြီး ဖြစ်၍ အတော့်ကို ကြည့်ရ ဆိုးသော မြင်ကွင်း ဖြစ်၏ ။ ကျွန်တော့် ကို လည်း နားသယ်မွေး ကို ဆွဲရင်း ဆံပင်ရိတ်ပါ ဟု ပြော၏ ။ ရက်ဆာ ဟု ခပ်ကျယ်ကျယ် အော် ပေးလိုက် မှ လွှတ်ပေး၏ ။ စောစောက ပုန်ကန်ချင်စိတ်လေး လည်း လန့်ဖျပ်၍ ပြေးသွားရှာပြီ ကိုး ။
ထောင်ကျဆောင်ထဲ ရောက်တော့ ချန်ဂီထောင် ကို ပို၍ လွမ်းမိတော့သည် ။ လူတွေ ပြွတ်သိပ်၍ ထည့် ထားသော အခန်းကျယ်ကြီး ထဲတွင် ပူလောင် အိုက်စပ် စွာ နေရလေပြီ ။
ချန်ဂီထောင် သည် မြန်မာများ အတွက် အနားယူစခန်း ဖြစ်၍ ပို့ဒေါင်းထောင် သည် တရားမဝင် အလုပ်သမား ဘဝ ကို ချေချွတ် ၊ သံဝေဂ ယူဖွယ် ကောင်းသော ထောင် ဖြစ်ပါမည် ။ အစား က ထမင်း နှင့် ပဲပင်ပေါက်ပဲပြား ၊ သီးရွက်စုံပြုတ် ၊ ခေါက်ဆွဲကြော် အညံ့စား စသည် တို့ သာ ။ အားကစား ကိစ္စ မရှိ ။ တီဗွီ ကြည့်ဖို့ ၊ စာဖတ်ဖို့ ၊ သတင်းစာ ဖတ်ဖို့ ဘယ် နေမှန်းတောင် မသိ ။ တော်ရုံတန်ရုံ စိတ်ဓာတ် မကြံ့ခိုင်သူများ ကျန်းမာရေး ညံ့ဖျင်းသူများ ဗုန်းဗုန်းလဲကျ သွားစေသည့် ထောင် ဖြစ်သည် ။ သည် ထောင် မှာ က ထောင်ကျသူများ တွင် စင်ကာပူလူမျိုး တစ်ယောက် မှ မရှိ ။ တရားမဝင် အလုပ်သမားများ သာ သီးသန့် ချေချွတ်ရာ ထောင်ကြီး ဖြစ်သည် ။
ကျွန်တော့် အတွက် ကံကောင်းသည် မှာ အဆိုးဆုံး အတွက် ပြင်ဆင် ထားခဲ့ခြင်း ကြောင့် ဖြစ်သည် ။ ဤသည်မှာ ယိုးဒယားနိုင်ငံ ချုံဘော်မြို့ ၌ အချုပ် ကျစဉ် မြိတ်ကိုတင်အေး ထံမှ နမူနာ ယူခဲ့သော နည်းလမ်းကောင်း ဖြစ်၏ ။ ချန်ဂီထောင် မှာ ကတည်း က ပုံစံခွက် မှ ထမင်း အား တစ်ဝက် သာ စားသည့် အကျင့် ၊ ပေါင်မုန့် လုံးဝ မစားသည့် အကျင့် ၊ လက်ဖက်ရည် တစ်ဝက် သာ သောက်သည့် အကျင့်များ ကို အစပျိုးခဲ့သည် ။ ဘယ်လောက်ပဲ ဟင်းကောင်းကောင်း ခံတွင်း တွေ့တွေ့ ထမင်း အား တစ်ဝက် သာ စား၍ ဟင်း လည်း တစ်ဝက် သာ စား၏ ။ ယခု ပို့ဒေါင်းထောင် ကို ရောက်သည့် အခါ ကျွန်တော့် အတွက် အံဝင်ခွင်ကျ ပင် ။ အစား အတွက် ဘာမှ မတုန်လှုပ်တော့ ပြီ ။ အနေ အတွက်တော့ ပထမရက်များ တွင် အလူးအလိမ့် ခံရပါသည် ။ သမံတလင်း မှ တစ်ဆင့် ကြမ်းခင်းပေါ် တွင် လူတစ်ကိုယ်စာ နေရာလေး ရဖို့ စောင့်ခဲ့ရသည် ။ လူဟောင်းများ လစ်လပ်ပါ မှ တက်ခွင့်ရ၏ ။
အဆိုးဝါး ဆုံး မှာ ဘယ်နေ့ လွှတ်ပေးမည် ကို မသိရသော ကိစ္စ ဖြစ်သည် ။
လှေ ဖြင့် ပြန်မည့်သူများ ဖို့ လှေ ဝင်လာပါ မှ ပြန်ရမည် ။ ထို့အပြင် အလှည့်ကျပါဦးမှ ။ ကိုယ့် အလှည့်ကျ တာချင်း အတူတူ ဤ ပို့ဒေါင်းထောင် တွင် ပြစ်ဒဏ် ခံရသော ထောင်ကျများ ကို ပို၍ ဦးစားပေးသည် မို့ သူတို့ နှင့် လွတ်ရက်ချင်း မတိုက်ပါဦး မှ ။ မိုးလေဝသ ကောင်းပါဦးမှ ။
ကျွန်တော့် အတွက် ဝမ်းသာစရာ သတင်းကောင်း မှာ ကျွန်တော့် အား သစ္စာဖောက် ခဲ့၍ ချောက်တွန်းခဲ့သူ ငနဲ ၏ သတင်းစကားကြောင့် ဖြစ်သည် ။ တရားရုံး မှ ၂ ရက် သာ ပြစ်ဒဏ် ကျ၍ လွတ်သွားသော ငနဲ သည် ဤ ပို့ဒေါင်းထောင် တွင် နှစ်လကျော်ကျော် စက်လှေ စောင့်သွားခဲ့ရသည် တဲ့ ။ ကောင်းလိုက်လေခြင်းလို့ ဝမ်းသာမိပါ တယ် ။ ငနဲ လွတ်တဲ့ အချိန် က စက်လှေများ အဝင် အထွက် ကျဲပါး သဖြင့် ဤ ထောင် ၌ သောင်တင် နေခြင်း ဟု သိရသည် ။ ယခုတော့ စက်လှေများ အဝင်အထွက် များ နေပြီ ။ သို့ရာတွင် စက်လှေတိုင်း က လူတင် မခံ ။ ကုန်ပစ္စည်း မရသည့် စက်လှေများ နှင့် ရန်ကုန်ဘက် သို့ မဝင်သည့် စက်လှေများ ကသာ လူ အတင်ခံသည် ဟု ဆိုကြပြန်သည် ။
ဤ ထောင် တွင် ဆယ့်လေးရက် နီးပါး သောင်တင် နေပြီး စက်လှေ လာပြီ ဟူသော သတင်း ကို ကြားရသည် ။ ကြားရသည် မဟုတ် ။ လူတွေ ခေါ်ထုတ်တာ တွေ့ရပြီ ။ ဘယ်အဆောင် ၊ ဘယ်အခန်း ၊ ဘယ်သူတွေ သည် ဖြင့် တွေ့နေ ကြားနေရသည် ။ မနက် လက်ဖက်ရည် ပို့ချိန်မှာ ယခင် ပို့နေကျ မြန်မာများ ပါမလာပြီ ဆိုကတည်းက အားလုံး ရုန်းစုရုန်းစု ဖြစ်နေကြ၏ ။ မကြာခင်မှာ ပဲ စက်လှေသမားတွေ လွှတ်တော့မည် ၊ ငါးဆယ် လောက်ခေါ် လိမ့်မည် ဟု သတင်း လာပေးသည် ။ အဲဒါမှ ဒုက္ခ ။ ဘယ် ငါးဆယ် လည်း ဆိုတာ သိချင်လာ၏ ။ လူတွေ ရှိနေသည် က ရာကျော် နေသည် ကိုး ။
ထမင်းစားချိန် မှာ လည်း သတင်း က မသဲကွဲသေး ။ နေ့လည်ပိုင်း ရောက်တော့ အဆောင်တိုင်း ရှိ မြန်မာ လူစာရင်း လာ ကောက်သည် ။ နာမည် ခေါ်သည် ။ ကိုယ့် နာမည် တင် မက ကိုယ့် အဖ နာမည် ပါ ထောင် ထဲ ရောက်ရသည် ကို စဉ်းစားမိသေး၏ ။ သူတို့ က အဖေ နာမည် နှင့် တွဲ ၍ ခေါ်သည် ကိုး ။ ဒါကလည်း နာမည်တူ ရှိနေတတ်၍ ဖြစ်သည် ။ သား သမီး မကောင်း မိဘခေါင်း ဟူသည် ထောင် ထဲ ၌ မှန်နေ၏ ။
နေ့လည်စာ စားပြီးချိန် မှာ တော့ ထွက်ရမည့် လူစာရင်း နှင့် တကွ လာ ခေါ်ထုတ် သွားပါတော့သည် ။ သို့ သော် ယနေ့ မလွှတ်သေး ။ မနက် ကျ မှ လွှတ်မည် ဟု သိရ၏ ။ အရေးထဲ မှာ ဆံပင် ကို ခေါင်းတုံး သွား ရိတ် ပေးရသေးသည် ။ လမ်းမှာ ထွက်ပြေး မှာ စိုးသတဲ့ ။
နောက်နေ့မှာ တော့ အဝတ်အစားများ ပြန် ရွေးခြင်း ၊ လွှတ်ပေးမည့် ဌာန သို့ ကားဖြင့် တစ်ဆင့် သွားရ ခြင်း ၊ ငွေများ ပြန် ပေးခြင်း ၊ စက်လှေခ တောင်းခြင်း ၊ စင်ကာပူ နှင့် ပတ်သက်သော စာရွက်စာတမ်း ၊ ဓာတ်ပုံ ၊ အင်္ကျီများ ပါမကျန် သိမ်းဆည်းခြင်း ၊ လူတွေ့အစစ်ခံရခြင်း ၊ နောက်တစ်ခါ မလာတော့ပါ ခင်ဗျား ဟု လက်မှတ် ထိုး ပေးရခြင်း ၊ လက်ဗွေ နှိပ်ရခြင်း စသည် များ ကို ဆောင်ရွက်ရန် အကြာကြီး စောင့်ကြရသေးသည် ။
စက်လှေ ဆီ ခေါ်သွားပုံလေး ကို မမေ့နိုင် ။
သံချပ်ကာ အလုံကာကြီး ပေါ် သို့ နာမည် ခေါ်စဉ် တက်ရသည် ။ ရှေ့ ရော နောက်ပါ အစောင့်အရှောက် ထူထပ်စွာ ချ၍ ထွက်တော်မူ နန်း က ခွာရလေသတည်း ။
သူ့ကောင်းသားများ က စက်လှေ ပေါ် အထိ မလိုက်ဝံ့ ။ ဘောတံတား ထိပ်ဝ မှာ သေနတ်များ ကို အသင့် ချိန်ထာပြီး စောင့်ကြသည် ။ မြန်မာများ ကလည်း အတော့် ကို မလွယ် ။ စက်လှေ ပေါ် ခြေချသည် နှင့် အမေ နှမ စုံ အောင် နှုတ်ဆက်ရှာကြသည် ။ မြန်မာ လို နှုတ်ဆက်သည့် တိုင် သင်း တို့ မျက်မှောင် ကုတ်သည် ။ ဆဲဆိုနေမှန်း သိလျက် ဘာမှ တော့ တားခွင့် မရှိ ။ လူ စုံသည့် အခါ စက်လှေ ပေါင်းမိုးကြီး ကို အုပ်လိုက်သည် ။ နံဘေး မှ ရေတပ် အခြွေအ ရံက ပါချေသေး၏ ။ စင်ကာပူ ရေပိုက်နက် လွန်သည် အထိ လိုက်ပို့မည် ဟု ပြောကြသည် ။
ဘာပဲဖြစ်ဖြစ် အားလုံး ပျော်ကြပါသည် ။
စက်လှေ စ၍ ထွက်သည် နှင့် ဟန်းဖုန်းများ ထုတ်ကာ ခေါ်ကြ ပြော ကြသည် ။ ထောင် မှ ထွက်စဉ် ဘယ်လောက်ပင် ဖုန်းကတ်များ သိမ်းသည် ဆိုဆို မရရအောင် ယူလာတတ်သည့် ကိုယ့် မြန်မာများ ကို ဝမ်းသာ အားရ နှုတ်ဆက် ခေါ်ရင်း သူငယ်ချင်း ဇော်ဝင်းနိုင် ဆီ သို့ ဖုန်း တစ်ခါ ခေါ်ခဲ့ဖြစ်သည် ။ သူ နှင့် မတွေ့သော်ငြား ဖုန်း လာကိုင်သူ ကို အကျိုးအကြောင်း ရှင်းပြ၍ အိမ်သို့ လှမ်း ပြောပေးပါရန် နှုတ်ခွန်း ဆက်ရသည် ။ စက်လှေသမားများ က ဖုန်း မြန်မြန်ပြောကြပါ ။ ရှေ့က ရေမိုင် လွန်လျှင် ဖုန်းလိုင်းတွေ မမိတော့ဘူး ဟု သတိပေးသည် ။
ရေကြောင်းခရီး ကတော့ စ လေပြီ ။ စက်လှေ ပေါ်တွင် စုစုပေါင်း လူနှစ်ရာနီးပါး တင်လာခဲ့သည့် တိုင် စက်လှေ မှာ ပေါ့ပါးနေဆဲ ။ ဆလင်ခန်း မှာ နှစ်ထပ် ဖြစ်သည် ။ ဝမ်းဗိုက်ခန်း မှာ ကုန်တင်သည့် စက်လှေ ဖြစ်၍ ဟောင်းလောင်းကြီး ဖြစ်နေ၏ ။ ပဲ့ပိုင်း မှာ သာ လူအများ စု နေရာယူ ထားကြသည် ။ ကျွန်တော် က ဆလင်ခန်း အောက်ထပ်နား မှာ နေရာ ယူ ရင်း အတူတကွ လွတ်လာသည့် ပုစွန်တောင် အိမ်ရှေ့ အိမ် မှ မောင်မောင် နှင့် စကား လက်ဆုံ ကျနေသည် ။ သူ လည်း စင်ကာပူ ကို ဝင်လာရသည် မှာ ကံမကောင်း ။ အကြွေး မကျေခင်မှာ အဖမ်း ခံရသည် ။ ကျွန်တော်တို့ နှင့် အတူတူ အဖမ်း ခံရသည် တော့ မဟုတ် ။ တခြား မှာ နေရင်း အဖမ်းခံရခြင်း သာ ဖြစ်သည် ။ အကျဉ်းသား ဘဝဖြင့် ပြည်တော် ပြန်ခဲ့ကြရလေပြီ ။
ပင်လယ်ကြီး က ကျွန်တော်တို့ ကို မသိ ။ မလှမ်းမကမ်း မှာ ဖြန်သန်း ခုတ်မောင်း နေကြသော ပင်လယ်ကူး သင်္ဘောကြီးများ ကလည်း ကျွန်တော်တို့ ကိုမ သိ ။ အမိ မြန်မာပြည်ကြီး က ရော သူ့ ရင်ခွင်သို့ ပင်လယ် ကို ခုနစ်ရက် ၊ ခုနစ်လီ ဖြန်သန်းပြန်လာနေသည့် သားဆိုးများ ကို မသိနိုင်သေး ။
ဖိုင်
ဇနီး အေး
သမီး နမ့်ရို နှင့် သမီး ရဝေ
သက်ဆိုင်သော မိဘ သားချင်း မောင်နှမများ လည်း ကျွန်တော့် ဖြစ် စဉ် အစုံ ကို မသိနိုင် ။
ပြည်တော်ပြန် အကျဉ်းသားဘဝ နှင့် ပင်လယ်ကြော ၌ လွင့်ပါလာခဲ့ သော ကျွန်တော့် မှာ တာဝန်တွေ က သီတန်း၍ နေပါသည် ။ ဤအရာ များ ကို နောင် အနှစ် နှစ်ဆယ် တွင် ဖိုင် တို့ သိကောင်းသိကြမည် ။ ဇနီး အေး ကတော့ မကြာခင် သိတော့မည် ။ အလုံးစုံတော့ မသိနိုင် ။
ကျွန်တော့် ရင်၌ ရှိသော အပူ ။
ကျွန်တော် တည်ဆောက်ရမည့် ဘဝခရီး ။
အမျိုး ၊ ဘာသာ ၊ သာသနာ အတွက် မဝံ့မရဲ ပေးဆပ်ချင်သူများ စာပေခရီးလမ်း နှင့် တစ်ကိုယ်ရေ မျှော်မှန်းထားသော လူ့ ဘ ဝ ၏ ပန်းတိုင် ဆိုသည် များ ကို ကျွန်တော့် ရင် မှ တစ်ပါး အခြား မည်သူမှ သိနိုင်လိမ့်ဦး မထင် ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment