Tuesday, May 13, 2025

သင့် ကို လူတွေ က တကယ် ယုံတယ်တဲ့လား



 

❝ သင့် ကို လူတွေ က တကယ် ယုံတယ်တဲ့လား ❞

မိတ်ဆွေ သင်ဟာ ကုန်ထုတ်လုပ်ငန်းရှင် တစ်ယောက် ဖြစ်နေသည် ဆိုပါစို့ ။

အခုမှ စ လုပ်တာလား ။ လုပ် နေတာ ကြာပြီလား ၊ စားသုံးသူ ပရိ သတ် အခိုင်အမာ ရနေပြီလား ၊ လုပ်ငန်း က ခိုင်ခိုင်မာမာကြီး ဖြစ်နေပြီလား ။

လုပ်ငန်း က အဆင်ချောနေပြီဗျာ့ ။

“ ဟာ ကောင်းတာပေါ့ ” 

လုံးလည်လိုက်နေတယ်ဗျာ ။

“ ဟင် သိပ် ဟန်မကျသေးပါလား ”

နောက် တစ်ခု ပြောင်းရ ကောင်းမလားလို့ ဆရာ ။

“ အို ဘယ့်နှယ်ကြောင့်များပါလိမ့် ”

သင့် လုပ်ငန်း ဟာ အဆင်ချော နေပြီဆိုပါစို့ ။ ဘာကြောင့် အဆင် ချော နေရပါသလဲ ။ သင် ထုတ်လုပ် လိုက်တဲ့ ကုန်ပစ္စည်းတွေ ကို စားသုံးသူ ( ကွန်ဆူးမား ) တွေ က လက်ခံ သုံးစွဲ နေပြီ ဆိုပါစို့ ။ ဘာကြောင့် လက်ခံ နေကြပါသလဲ ။

ဤနေရာ ၌ လုပ်ငန်း တစ်ခု ပေါက်သွားသည် ။ အောင်မြင်သွားသည် ၏ နောက်တွင် ခိုင်မာသော အခြေခံ အကြောင်းတရားများ အမှန်ပင် ရှိနေလေပြီ ။

အဓိက အချက် က စားသုံးသူ ၏ ယုံကြည်ကိုးစားမှု ရနေလို့ပဲ ဖြစ်ပါတယ် ။

သင့် ပစ္စည်း ကို စိတ်ချလက်ချ ယုံကြည်နေပြီ ဆိုပါက သင့် လုပ်ငန်း အောင်မြင် နေပါပြီ ။ စားသုံးသူ ရဲ့ ယုံကြည်မှု မယုံကြည်မှု ဟာ သင့် လုပ်ငန်း ရဲ့ ပေတံ ပဲ ဖြစ်ပါတယ် ။

အချို့သော ကုန်ပစ္စည်း ( ထုတ်ကုန် ) များ ဟာ တစ်ပွဲထိုး မှာ ပေါက် သွား သယောင်ယောင် ဖြစ်တတ်တယ် ။ ကြော်ငြာ အား ကောင်း သောကြောင့် ၊ နာမည်ကြီး ရုပ်ရှင်မင်းသား မင်းသမီးများ နှင့် ကြော်ငြာသောကြောင့် ၊ နာမည်ကြီးများ က ဝတ်ဆင်ပြသောကြောင့် ၊ သုံးပြသောကြောင့် သုံးစွဲပြသောကြောင့် ဝုန်းခနဲ ပေါက်သွား ပါသည် ။

အဲသလို ကြေငြာစဉ် က ပစ္စည်း အရည်အသွေး ကောင်းမွန် မှန်ကန် နေသော်လည်း နောက်ပိုင်း နောက် ထွက်လာတဲ့ ကုန်ပစ္စည်း ( ထုတ်ကုန် ) များ အရည်အသွေး ညံ့ သွားသော အခါ စားသုံးသူ ရဲ့ ယုံကြည်မှု ဟာ ထိုးကျ သွားတော့တာပဲ ။

ဘယ်လောက်ပဲ အညွှန်း ကောင်းပေမဲ့ လှည့် မကြည့်ကြတော့ ဘဲ ခေါင်းခါ သွားတတ်ကြပါတယ် ။

ဒါဖြင့် ယုံကြည်မှု ဆိုလာ ဘယ် အပေါ်မှာ မူတည်ပါသလဲ ။ အရည် အသွေး အပေါ် မှာ အဓိက မူတည် နေပါတယ် ။ စာစကား နဲ့ ပြောရရင် တော့ ကွာလတီ ပေါ့ ။ ကွာလတီ ကို ထိန်း မထားနိုင်ရင် ပြုတ်ကျ သွား မှာ အသေအချာပါပဲ ။

သည်နေ့ ထွက် နေတဲ့ ကုန်ပစ္စည်း အမျိုးပေါင်း သိန်းသန်းချီ ရှိ နေပါတယ် ။ ကုန်ပစ္စည်း တစ်မျိုး တည်း မှာပဲ တံဆိပ် အမျိုးမျိုး အသွင်အပြင် အမျိုးမျိုး ရှိနေတယ် ။

ဘယ်တံဆိပ် က တင်ကျန် နေပါသလဲ ။ တင်ကျန်နေတဲ့ တံဆိပ် ၊ စားသုံးသူ က လက်ခံသွားတဲ့ တံဆိပ်ဟာ အစစ်အမှန် ပေါက်သွားခြင်း ဖြစ်ပါတယ် ။

ဒါကြောင့်လည်း သည်နေ့ ကုန်ပစ္စည်း အမျိုးမျိုး တံဆိပ် အမျိုးမျိုး ထွက်နေပေမဲ့ တချို့ဟာ တစ်ပွဲတစ်လမ်း တည်း နဲ့ ပျောက်ကွယ်သွား ပြီး ဆန်ခါတင် ကျန်ရစ်ခဲ့တာက အနည်းစုကလေး ပဲ ဖြစ်ပါတယ် ။

ဒါဖြင့် ကွာလတီ ဆိုတာကို ဘယ်လို ထိန်းမလဲ ။ အဓိက အချက် ကို ရောက်လာပါပြီ ။

စားသောက်ကုန် ပစ္စည်း ဖြစ်စေ ၊ လူသုံးကုန် ပစ္စည်း ဖြစ်စေ ပစ္စည်း အရည်အသွေး အမြဲ မှန်နေဖို့ ဆိုရင် အဲသည် ပစ္စည်း ထုတ်လုပ် တော့မယ့် ကုန်ကြမ်း ရဲ့ အရည်အသွေး ဟာ မှန်နေဖို့ လိုပါတယ် ။

အတု မသုံးမိဖို့ ၊ အရောအနှော တွေ မထည့်မိဖို့ အရမ်း အရေးကြီး ပါတယ် ။ အတုတွေ ထည့် အရော အနှောတွေ ထည့် ဆိုရင် ကုန်ပစ္စည်း အရည်အသွေး က ဇောက်ထိုး ဆင်းသွား ပါပြီ ။ ပက်ကင် က ဘယ်လောက် ပဲ ကောင်းကောင်း အရောင်အဆင်း က ဘယ်လောက် ပဲ ကောင်းကောင်း ကြော်ငြာ အား ဘယ်လောက်ပဲ ကောင်းကောင်း စားသုံးသူ က အရည်အသွေး မကောင်းရင် အားမပေးကြတော့ပါဘူး ။

သင့် ကို ရော သင့် ပစ္စည်း ကိုပါ အယုံအကြည် မရှိတော့ဘူး ။ သင့် ကို ရာ သင့် ပစ္စည်း ကိုပါ အထင် သေး သွားပြီ ဆိုပါက သင် ဘာလုပ် လုပ် မအောင်မြင်နိုင်တော့ပါ ၊ ( စားသုံးသူ ကို တစ်ပတ် ရိုက်ပြီး ) အခြား နာမည် တစ်မျိုး နဲ့ ပြောင်း ထုတ် လည်း လက်မခံကြတော့ပါ ။

ဘာကြောင့်လဲ ဆို စားသုံးသူ ဆိုတာဟာ လူတွေ ဖြစ်နေလို့ပါပဲ ။ စားသုံးသူ ဆိုတာ လူတွေ ဖြစ်တယ် ။ ( တိရစ္ဆာန်တွေ မဟုတ်ဘူး ) ဆိုတာကို လက်ခံ ထားမှ သာ သင့် စိတ်ထား မှန်သွားမှာ ဖြစ်ပါတယ် ။ လူတွေ ကို လူ လို့ မမြင်သမျှ စားသုံးသူ ကို မလိမ့်တစ်ပတ် တစ်ပတ် ရိုက်ဖို့ ကြံစည် နေသမျှ လုပ်ငန်း ဟာ အောင်မြင်ဖို့ မလွယ် ။

ရေရှည် လုပ်စားတော့မယ် ၊ သားစဉ်မြေးဆက် လုပ်စားတော့မယ် လို့ ရည်ရွယ် ရင် သင့် ဘက်က သဘောထား မှန်ဖို့ ရိုးသားဖို့ ( အရမ်း ) အရေးကြီးပါတယ် ။

သည်နေ့ နှစ်ပေါင်း ရာနဲ့ ချီပြီး ပေါက်နေတဲ့ ကုန်ပစ္စည်း အောင်မြင်ပြီး ဈေးကွက် ရနေတဲ့ ကုန်ပစ္စည်း တွေ ဟာ အရည်အသွေး အပြောင်းအလဲ မရှိကြပါဘူး ။ အတုတွေ အရာတွေ အညံ့စားတွေ ထည့်သုံး မထားကြပါဘူး ။

သင့် ကို လူတွေ က ယုံတယ်တဲ့လား ။ သင့် ကို လူတွေ က မယုံကြ ဘူးတဲ့လား ။

သင့် ရဲ့ ရိုးသားမှု မရိုးသားမှု ဟာ သင့် လုပ်ငန်း သင့် ပစ္စည်း ကို အဆုံးအဖြတ် ပေးသွားမှာပါ ။

▢ မောင်ချမ်းသာ
📖 မော်ဒန် သတင်းဂျာနယ်
      ၁၁ ဇွန်လ ၊ ၂၀၁၀

No comments:

Post a Comment