Thursday, May 15, 2025

ကျွန်တော် သစ်သူခိုး


 

❝ ကျွန်တော် သစ်သူခိုး ❞
          ( ဗေလုဝ ) 

“ ကျွန်တော် သစ်သူခိုး ” ဆိုလို့ အကြီးအကျယ် ခိုးတဲ့
သစ်သူခိုး မဟုတ်ပါဘူး ။ နှစ်ပဲ တစ်ပြား ခိုးတဲ့ သူခိုး ပါ ။

ကျွန်တော် အခုမှ ပြန် စဉ်းစားကြည့်မိသည် ။ အဲဒီ အချိန် ၁၉၇၆ ခုနှစ် ကျော်ကျော် ၊ ၁၉၈၀ မပြည့်မီ က ဖြစ်လိမ့်မည် ထင်သည် ။ သာယာဝတီ အရှေ့ဘက် ဇိမ်ဇာ ၊ ငှက်ပေါက်ကုန်း ၊ စာပြေစု အရှေ့ / အနောက် ၊ ဂွေးချောင်း ၊ ဖားရွှေကျော် တောင် / မြောက် ၊ ရေတိုက်ရွာများ တစ်ခွင် ပြဲပြဲစင် ။

အဲဒီ အချိန် က ကျွန်းသစ် မိရင် ဥပဒေ က ဘယ်၍ ဘယ်မျှ မသိ ။

ကျွန်တော် ကား နွေရာသီ ကျောင်းပိတ်ရက် သာယာဝတီ သို့ နှစ်စဉ် အရောက် သွား တတ်သည်  ။ ကျွန်တော် ကား သစ် နှင့် ပတ်သက်လျှင် ကျွန်း ၊ ပျဉ်းကတိုး ၊ သစ်မာ လောက် သာ သိသည် ။ ကုဗပေ ဘယ်၍ ဘယ်မျှ ဆိုလျှင် သစ်ဘယ်လောက် ထွက်သည် ကို မသိ ။ ကျွန်တော့် ညီ ရဲမြင့် က ကုဗပေ တွက်တတ်သည် ။ သူ က ကျွန်တော့် ညီ ဖြစ်ပေမဲ့ သူ က ဆရာ ၊ ကျွန်တော် က တပည့် ။ ညီအစ်ကို ဝမ်းကွဲ ဆိုပေမဲ့ ညီအစ်ကို အရင်းလို ။ အသက်တွေ က သိပ် မကွာကြ ။

သစ်ခိုးပုံ က ထူးထူးဆန်း ဆန်းတော့ မဟုတ် ။ သစ် ရောင်းမည့် သူ က အဖေ့ သစ်စက် ထံသို့ စာရင်း ပို့သည် ။ ခန့်မှန်းခြေ မည်၍ မည်မျှ ရှိသည်ပေါ့ ။ အဖေ က သူ ၏ လက်ရွေးစင် သား နှစ်ယောက် ကို လွှတ်လိုက်သည် ။

အဲဒီ ရွာတွေ ကို ကုန်းကြောင်း သွားရသည် ။
နိုင်ငံကျော် သာယာဝတီ ထောင်ကြီး ကို ဖြတ်ကျော် သွားရသည် ။ ရောင်းမည့် သူ ၏ အိမ် ကို ရောက်တော့ သူတို့ ကျွေးမွေးတာလေးတွေ စားပြီး အခြေအနေ ကို အကဲခတ်ရသေးသည် ။ သစ်တော ဘာညာပေါ့ ။

ရောင်းမည့်သူ က ကျွန်းတိုင်ကြီး ကို မြေကြီး ထဲ မှ ဖော် ၊ ပထမအဆင့် က လုံးပတ်တိုင်းဖို့ ထိပ်ဝ ပဲ အပေါ် တူးရသည် ။ ပြီးတော့ ပေရှည် တိုင်း ၊ ကုဗပေ တွက် ငွေချေရသည် ။ ဒါက သစ်ရောင်းမည့် သူ နှင့် ပတ်သက်သည့် ကိစ္စ အဝဝ ဖြစ်သည် ။

ပြီးတော့ သူ့ ကို ထပ်မံ အကူအညီ တောင်းရသည် ။ လှည်း ငှားဖို့ ကိစ္စ ။ ည သန်းခေါင် ထွက်မည် ။ ရေဝေ က သစ်စက် ထဲကို နံနက် ၄ နာရီ အရောက် အားလုံး အဆင်ပြေသည် ။ လေးသံ ၊ မြားသံ နားထောင် တော့ အခြေအနေ ကောင်းသည် ။ ည ၁၀ နာရီ ထွက်မည် ။

သစ်လုံးတင်သည့် လှည်း ဆိုတော့ ‘ ကက်အိမ် ’ မပါ ။ လှည်း ကက်အိမ် မပါတော့ သစ်လုံး ပေါ် မှာ တင် ထိုင်လိုက်ရသည် ။ ဟိုရွှေ့ ဒီရွှေ့ နှင့် ရွာစဉ် တွေ ကို ဖြတ်ရသည် ရှိသလို ရွာပြင်တွေ က နေ ဖြတ် မောင်းရတာလည်း ရှိသည် ။

လှည်း က တကျွီကျွီ ၊ လူ က တငိုက်ငိုက် ၊ လ သာရင် ကောင်းကင် ကို မော့ ကြည့်ပြီး လမိုက်ရက် ဆိုလျှင်တော့ ရောက်တတ်ရာရာ လှည်းမောင်း သည့် ဆရာ ကို လျှောက် ပြောတော့သည် ။  အဓိက က တော့ သရဲ ကြောက်၍ ဖြစ်သည် ။

“ ရန်ကုန်သားလေး ... ”

“ ဗျာ ”

“ ဟိုးက .. ကညင်ပင်ကြီး တွေ့လား ”

“ အင်း ... သိပ်တော့ မသဲကွဲဘူး ... ရေးရေးတော့ မြင်တယ် ”

“ မင်းတို့ ကြောက် မှာ စိုးလို့ အဲဒီ အပင် နဲ့ ရှောင် မောင်းလာ ခဲ့တာ ... သိပ် ခြောက်တဲ့ အပင် ... အဲဒီ အပင် က ကောင်ကြီး ဆို အစွယ် တောင် ထွက် နေမလားတောင် မသိဘူး ”

ကျွန်တော် နေစရာ မရှိတော့ ။ စက် ထဲ ကို မြန်မြန် ရောက်ပါစေလို့ ပဲ ကျွန်တော် တွေးနေတော့သည် ။ လူ က နေစရာ မရှိတော့ ။ လှည်းဆရာ က တမင် ဖန်တီး ပြောတာလား ၊ အမှန်လား ဆိုတာ ကျွန်တော် မဝေခွဲဘဲ ကြောက်စိတ် က သာ မွှန် နေသည် ။

ကျွန်တော်တို့ သစ်စက် ကို ရောက်သည် ။ နောက်ဖေးဘက် က သွင်းရသည် ရေကန် ထဲ ကို သစ်လုံး ပစ်ချပြီး ဇာတ်မြှုပ် လိုက်သည် ။ လိုအပ်မှ ဖော်ပြီး ခွဲခြမ်း ပစ်သည် ။ ဒါ ကျွန်တော် ခိုးခဲ့ သော သူခိုး နောက်လိုက် ဘဝ ဖြစ်ပါသည် ။

ထိုထိုကဲ့သို့ အကြိမ်ပေါင်း များစွာ ခိုးခဲ့ပါသည် ။ သစ်ထုတ်လုပ်ရေး က ကားဆရာ တို့ နှင့် ပေါင်း၍ လည်း ခိုးခဲ့ရပါသည် ။ တစ်လုံးစ ၊ နှစ်လုံးစ ၊ သူခိုးပါ ခင်ဗျာ ... ။

တစ်တောလုံး ပြောင် အောင် ခိုးတဲ့ သူခိုး မဟုတ်ပါကြောင်း နှင့် ဗေလုဝ သည် လည်း တစ်ချိန် တစ်ခါက သစ်ခိုး တဲ့ သူခိုး လုပ်ခဲ့ဖူးပါကြောင်း နှင့် တခြား ခိုးနည်းများစွာ ကို အလျဉ်း သင့်သလို ရေးပြ ပါမည် ။ လူ စုံတုန်း ရှင်းပြတာပါ ။

▢ ဗေလုဝ
📖တဲ့တောက် နှင့် ပြာသောနားရွက်

No comments:

Post a Comment