Sunday, May 11, 2025

လန်းဖိုင်စာသိုက် ( ၃၀ )


 

❝ ဘန်ကောက် ကို သစ္စာ ဖောက်မိသူ ❞
         ( ပထမပိုင်း )

ကျွန်တော်တို့ အား သက်ဆိုင်ရာ မှ နှစ်ကြိမ် နှစ်ခါ ခေါ်ယူ စစ်ဆေးပြီး ချိန်တွင် ဘန်ကောက် ကို ကျွန်တော် အမုန်းစိတ် ဝင်လာသည် ။ နှစ်ခေါက်စလုံး မှာ နိုင်ငံရေး နှင့် ဆက်နွှယ်ပတ်သက်မှု ရှိ မရှိ ခေါ်ယူ စစ်ဆေးခြင်း ဖြစ်ပြီး ပိုပြီး စိတ်ပျက်လာသည် ။ သူတို့ က ရိုးရိုး စစ်တာ မဟုတ် ။ မှတ်တမ်းမှတ်ရာ အချက်အလက်များ ၊ ပတ်စ်ပို့ဒ်မိတ္တူများ ၊ ဓာတ်ပုံများ ဖြင့် ဖောင် လုပ်ပြီး စစ်ချက် ယူထားကြပါသည် ။ ဤ ပြဿနာ က မလွယ်လှ ။ ကျွန်တော်တို့ က ပတ်စ်ပို့ဒ် အတည်တကျ ကိုင်သူများ မဟုတ် ၊ စင်ကာပူဗီဇာ မရှိသည့် စာအုပ် ကို အဓိက ကိုင်သူများ ဖြစ်၍ မကြာခဏ နာမည်လွဲ နေတတ်၏ ။ နောက်တစ်ကြိမ် လာ စစ်ပါက ပတ်စ်ပို့ဒ် မတူ လျှင် သေဖို့ သာ ရှိတော့ မည် ။ ဤ အပူကား မသေးလှ ။

နောက် အပူ တစ်ခု က ဖိုင့် ကို ဇနီးအေး ကိစ္စ ဖွင့် ပြောရမည့် အပူ ဖြစ်သည် ။ ဖိုင် ၏ ကြီးမားသော သစ္စာတရား ကို ကျွန်တော် ဥပေက္ခာ မပြုခဲ့ ။ ကျွန်တော် မိန်းမ ယူပါလျှင် သူ့ ကို ဖွင့်ပြောပါ ဟု ကတိ တောင်းခဲ့သည် မှာ ကြာခဲ့ပြီ ။ ကျွန်တော် မည်သို့ ပြောရမည် မသိသေး ။ ဝေ့လည်ကြောင်ပတ် လုပ်နေမိသည် မှာ ကြာပြီ ။ ကျွန်တော် အဖျား တက်ပြီးချိန် တွင် ဖိုင် ၏ သစ္စာတရား က ကျွန်တော့် ကို မရမက နှိုးဆော်လေပြီ ။ ဖိုင် ၏ ဖြူစင်သော သစ္စာ တရား ကို ကျွန်တော် တုန်လှုပ်လာ၏ ။

ဒုတိယအပူ ဖြစ်သည့် ဇနီးအေး ကိစ္စ ကို ဖွင့်ပြောရန် အတွက် ဖိုင့် ထံမှ အားနည်းချက် ကို ကျွန်တော် အကွက် ချောင်း နေသည် ။ ဘာမှ မတွေ့ရသေး ။ စင်ကာပူ ပြန် တက်ရန် ရက် မှာ လည်း နီး၍ လာချေပြီ ။ တစ်ရက် မှာ တော့ ' နမ့်ရို ' နေမကောင်းချိန် မှာ ဖိုင် တစ်ယောက် အချိန်ပို ဆင်း နေသည့် အတွက် ကျွန်တော် ဆူရင်း ငေါက်ရင်း ကိုယ့် အပူ ကိုယ် ပါ တစ်စွန်းတစ်စ ပြောချလိုက်သည် ။ ဖိုင် က ရုတ်တရက် ခွန်းတုံ့ မပြန် ။ နောက် နေသည် ပဲ ထင်၏ ။ ကျွန်တော် နှင့် လိုက် လာပြီး ထပ်ခါထပ်ခါ မေးလာတော့ မှ

“ ကျွန်တော် မတောင်းပန်ချင်ဘူး ။ ကျွန်တော် မိန်းမ ရခဲ့ပြီးပြီ ”  
“ တကယ်လားရှင် ”

“ တကယ်ပါ ဖိုင် ။ ကျွန်တော် ဖျားတဲ့ နေ့ က သမီးလေး မွေးတယ်တဲ့ ။ မနက် အစောကြီး ဖုန်း ခေါ်တာလေ ” 

“ ကျွန်မ မယုံဘူး ” 

“ မယုံလို့ မရဘူး ဖိုင် ။ ကျွန်တော် ပြောနေတာကို ယုံရမယ် ၊ မြန်မာပြည် မှာ ရှိတယ် ”

“ ဟင့်အင်း ရှင့် မိန်းမ ဒီမှာပဲ မဟုတ်လား ဘယ်မှာ ထားလဲ ပြော ”

ဖိုင် က ပြောပြောဆိုဆို ကျွန်တော့် အိမ် မှာ ရောက်နေသော မိန်းကလေး နှစ်ယောက် ဟု ထင်ကာ ချက်ချင်း သွား တွေ့ရန် ပြင်သည် ။

“ မဟုတ်ဘူး ဖိုင် ။ သူတို့ က ဧည့်သည် တွေပါ ။ အစ်ကို့ ဧည့်သည် တွေ ဖိုင် ။ ကျွန်တော် ပြောတာ မယုံရင် ဆက် မပြောတော့ဘူး ”

ကျွန်တော့် စကားကြောင့် တိုက်ခန်းလှေကား တွင် ထိုင် ရင်း အမုန်း ခွန်အား ကို ဖိုင် တည်ဆောက်သည် ။ ကျွန်တော် သိလိုက်ပါပြီ ။ သူ့ နှလုံးသား မှ ကျွန်တော့် ကို နှင်ထုတ်ရန် အမုန်းခွန်အား ကို ဖိုင် ထူထောင်ပါတော့မည် ။ ဖိုင် သည် သံယောဇဉ် အပူ ကို ဘယ်သူ့အကူ မှ မပါဘဲ ငြိမ်းပါတော့မည် ။ ကျွန်တော် အခန်း ထဲ သို့ မနည်းခေါ် ယူ၍ ဓားတစ်ချောင်း ချပေးသည် ။ ဖိုင် က ဓား ကို ဆတ်ခနဲ ကိုင်သည် ။ ထိုးလိမ့်မည် ဟု ပင် ကျွန်တော် ထင်၍ ခေါင်းငုံ့ကာ ငြိမ် နေလိုက်သည် ။ ခဏ အကြာ မှ ဖိုင် ထွက်သွား၏ ။ လှေကားဝ တွင် သွား ပြန် ထိုင်နေသည် ။

ကျွန်တော် ဖိုင့် ကို မချော့ချင် ။ ပေးတဲ့ အပြစ် သာ ခံယူလိုက်ချင်သည် ။ ခက်သည် က ဖိုင် က ဘာ အပြစ် မှ မပြော ။ သူ့ ကိုယ် သူပင် အပြစ်တင် ရင်း သူ့ ဝေဒနာကို သူ ကုစား နေပြန်သည် ။ နောက်နှစ်ရက် ကျော် အထိ ဖိုင် မလာတော့ ။

ကျွန်တော် ဖိုင့် အိမ် သို့ ရောက်သွားချိန်တွင် ဖိုင် ဖျားသည် ။ ကျွန်တော် ထွေးပွေ့ သောအခါ ရှိုက်ကြီးတငင် ငိုပါတော့သည် ။ နမ့်ရို မရှိ ၍ သာ တော်ပါသေး၏ ။ ဖိုင် က ကျွန်တော် နှုတ် မှ တောင်းပန်စကား ထွက်လာမလား ဟု ငေးကြည့်သည် ။ ကျွန်တော် မတောင်းပန်ရက်တော့ပါ ။ ဤ ဖြစ်ရပ်များ ကို စိတ် အားလပ်သော နေ့ တစ်နေ့ တွင် ကျွန်တော် ငိုချ ရင်း ပြန် စဉ်းစားချင်၍ ဖြစ်သည် ။ ငိုချရင်း အောက်ပါစကားတွေ တစ်ယောက်တည်း ပြောလိုက် ချင်သည်  ။

“ ကျွန်တော့် နှလုံးသား ထဲမှာ ဖိုင် ဘယ်နေရာ အထိ တိုးဝင်ရှိနေတယ် ဆိုတာ ကျွန်တော့် ဘာသာ ငိုချရင်း တမ်းတမ်းတတ တွေးမိဦးမှာ ပါ ဖိုင် ရယ် ။ နှလုံးသား ထဲ က အပြစ်တွေ ကို ဘဝ တစ်လျှောက်လုံး သိမ်းထား ရင်း လောကဓံ လှိုင်းကြောင့် စိတ်ပန်း နွမ်းရိ လေတိုင်း ကျွန်တော် မှားခဲ့လေခြင်း လို့ အောက်မေ့နေမှာပါ ” 

“ ဖိုင် တို့ ၊ နမ့်ရို တို့ ၊ ဇနီးအေး တို့ ၊ ရဝေ တို့ က အစ တစ်ချိန်မှာ ကျွန်တော် ရဲ့ အပြစ် မြောက်မြားစွာ အတွက် နာကြည်းဒေါသ ဝင်ကြမှာပါ ။ ဘယ်သူ့ကို မှ ကျွန်တော် မတောင်းပန်ဘူး ဖိုင် ။ ဒါဟာ ‘ အဒါ ’ ရဲ့ မာနတရား အစစ် ပဲ ။ နှလုံးသား က မခံနိုင်လို့ ငိုချမိသည့် တိုင် ကျွန်တော့် ဝေဒနာ ၊ ကျွန်တော့် ခံယူချက် ၊ ကျွန်တော့် အတ္တတရားတွေ အတွက် ဒူးမညွတ်ချင်တော့ဘူး ။ အားလုံးကို တတ်စွမ်းသရွေ့ ကျွန်တော် ချစ်ပြခဲ့တာပါပဲ ဖိုင် ။ တစ်ဦး တစ်ယောက်တည်း အတွက် ပုံ မပေးနိုင်တဲ့ အပြစ်ကြောင့် ဥပေက္ခာတရား ကိုယ်စီ နဲ့ ကျွန်တော့် ကို မုန်းတီးကြ ရင် လည်း တောင်းပန်ဖို့ ကျွန်တော် ဆန္ဒ မရှိဘူး ။ ငိုချခွင့် ကြုံတဲ့ နေ့မှာ တောင် တစ်ယောက်တည်း ကျိတ် ငိုပစ်မယ် ။ ကျွန်တော့် အပြစ် ကို ကျေပါစေလို့ ခံစား ယူမယ် ။ ဖိုင့် ခံစားချက် ကို စာနာမိ ရင်လည်း ကျွန်တော် ငိုချင်တယ် ။ ဇနီး အေး ရဲ့ ခံစားချက် ကို ငဲ့ကြည့်မိရင်လည်း ကျွန်တော် ငိုချချင်တယ် ။ တင်းထားနိုင်သရွေ့ တော့ ခံနိုင်ဦးမှာ ပါ ”  

ဖိုင့် ကို ဖွင့်ပြောပြီးချိန်က ဘန်ကောက် ဟာ ကျွန်တော့် ကို မပျော်ရွှင် စေတော့ပါ ။ ဘန်ကောက် မနက် ၊ ဘန်ကောက် ညနေ၊ ဘန်ကောက် ည အခြေအနေတွေ က အစ ကျွန်တော် နှစ်ပေါင်းများ စွာ သာယာကြည်နူးခဲ့ တဲ့ ဘန်ကောက်မြို့တော်ကြီး ဟာ ကျွန်တော့် အတွက် ပိုလို့ ပျင်းရိစေခဲ့ပါပြီ ။

ဘန်ကောက် မှာ ကျွန်တော် မပျော်တော့ ။

ဘန်ကောက် ဟာ ပျော်စရာ မရှိဘူး လို့ သစ္စာဖောက်တဲ့ စကား ကျွန်တော် ပြောခဲ့မိပါပြီ ။

ဘန်ကောက် ကို မှ မဟုတ် ။

ဖိုင့် ကို လည်း သစ္စာ ဖောက်ပြခဲ့ပြီ ။ ထို့အတူ ဖြောင့်မတ်ရဲရင့်သော ' အဒါ ' ဟူသည့် ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်း ကိုယ်ပွား တစ်ခုလုံး ကို လည်း သစ္စာဖောက်ခဲ့ပြီ ။

ကျွန်တော် ဘန်ကောက် မှ မစွန့်ခွာမီ ဖိုင့် ကို လေးနက်သော ကတိစ ကားနှင့် တကွ စာတစ်စောင် ပေးထားဖြစ်သည် ။ ' နမ့်ရို ' အသက် နှစ်ဆယ် ပြည့် ချိန်တွင် ကျွန်တော် ပြန်လာမည် ဟု ။ ဤသည် မှာ ဘဝ ၏ တိုက်ပွဲ တစ်ခု ကို လှမ်းမျှော်စဉ်းစားရင်း ကျွန်တော် ကတိ ပေးခဲ့ခြင်း ဖြစ်သည် ။ ထို ကာလတွင် ကျွန်တော် ကျဆုံးပါက ဖိုင့် အား ကျွန်တော် သည် လူရူး တစ်ယောက် သာ ဖြစ်ကြောင်း ၊ သမီး ကို အသိပေးနိုင်ကြောင်း ကတိခံခဲ့သည် ။ ကျွန်တော် ဖိုင့် ဆီ သို့ ပြန်မလာချင်၍ မဟုတ် ။ ကျွန်တော့် ဘဝခရီး အတွက် ရုတ်တရက် ပြန်လာနိုင်ဦးမည် မဟုတ် ဟု တွက်ဆထား၍ ဖြစ်သည် ။ လာ တွေ့သည် မှာ တော့ ဘာမှ မခက် ။ သို့သော် ဖိုင် နှင့် နမ့်ရို တို့ အတွက် သာမန် ဧည့်သည် တစ်ဦး အဖြစ် ကျွန်တော် မလာချင်တော့ ပြီ ။ စိုးရိမ်ထိတ်လန့် နေရသော လူနေမှုဘဝများ ၊ စည်းမျဉ်းများ ၊ သောက ကို ဖုံး ၍ ပြုံးနေရသည့် ဒုက္ခများ ကို ကျွန်တော် မလိုတော့ပြီ ။ ဤ ဒုက္ခ များ ကို ကျော်လွှားနိုင်ဖို့ အတွက် ကျွန်တော် အောင်မြင် မှ ဖြစ်မည် ။ ပြည့်စုံ မှ ဖြစ်မည် ။ ငွေ ရှိလျှင် ထို ပရိဒေဝများ ကွယ်ပျောက် သွားလိမ့်မည် ။ သာမန် ဘဝလေး ဖြင့် ရုန်းကန်လှုပ်ရှားရင်း သူ့ အပူ ကို ကိုယ် မကယ်နိုင်၊ ကိုယ့် အပူ ကို သူ မကယ်နိုင်သည့် ဖြစ်ရပ်မျိုးတွေ ကျွန်တော် မလိုလား တော့ပြီ ။

အနှစ် နှစ်ဆယ် စိန်ခေါ်ပွဲ ကို  နွှဲရန်အတွက် ပထမဦးဆုံး ခြေလှမ်း မှာ ပင် ကျွန်တော် အထိနာစွာ စင်ကာပူ ထောင်တွင်း သို့ ကျဆင်းခဲ့ရပါ တော့သည် ။

ဖြစ်ရပ်က ဆန်းလှသည် တော့ မဟုတ် ။ သစ္စာပျက်ခဲ့သော ကျွန်တော် အား သစ္စာဖောက်သော မိတ်ဆွေ သည် နောက်မှာ ရပ်၍ ချောက်တွန်း ခဲ့ခြင်းပင် ဖြစ်သည် ။ သစ္စာဖောက် က ကိုယ့် နောက်မှာ ရပ် နေသည် ကို ကျွန်တော် နောက်ကျစွာ သိခဲ့ချိန်၌ အချုပ်ဆောင် တွင် မျက်နှာ နှင့် သမံတလင်း အပ်ကာ နာကြည်းဒေါသ ဖြစ်ရုံမှ တစ် ပါး ။

အဖမ်း ခံရသည့် ကိစ္စကို ကျွန်တော် အပြစ် မတင်လိုသော်ငြား အဖမ်း ခံရပုံ ဆန်းကြယ်လှသည် ကို ကျွန်တော် အံ့ဩနေပါသည် ။ ကျွန်တော် ကိုင်ဆောင် လာသော ပတ်စ်ပို့ဒ်စာအုပ် အား ကာယကံရှင် ဖြစ်သူ ထံ လွှဲပြောင်းပေး အပြီး နာရီပိုင်း မှာ တင် ရဲ ဖမ်းခြင်း ဖြစ်သည် ။ ပြောရလျှင် မိတ်ဆွေအိမ် သို့ သွား လည်ရင်း ကျွန်တော် အဖမ်း ခံရခြင်း ဖြစ်သည် ။ ထို အိမ် ကို ရဲ ဝင် နေမှန်း ကျွန်တော် မသိ ။ လက် ထဲ မှာ ကိုင်၍ ဖတ်လာသ ည့် “ မောင်ထွန်းသူ ၏ ရှန်ဂရီလာ ” ဘာသာပြန် စာအုပ် ၏ အရှိန်ကြောင့် အိမ် ထဲ ရောက်မှ ပင် ရဲ ဝင်စီးတော့မည့် အခြေအနေ ကို သိရတော့သည် ။

ကိစ္စမရှိ ။

လ.ဝ.က များ ဝင်လာချိန်တွင် ကျွန်တော့် မှာ ကျောင်းသားကတ် အစစ် တစ်ခု ရှိနေ သဖြင့် ထို ကတ် ကို ထိုး ပြ လိုက်သည် ။ ပြဿနာ က ထို ကတ်သည် အတုကတ် ။ အပွား လုပ်ထား သဖြင့် လ.ဝ.က က ချက်ချင်းပင် ကျွန်တော့် အား ထို ကျောင်းသားကတ် ၏ မူရင်း ပတ်စပို့ဒ် တောင်းတော့သည် ။ နောက်ဆုံးတော့ ကျွန်တော် ဝန်ခံရပြီ ။ ငှား၍ ကိုင်လာမိကြောင်း ဖြောင့်ချက် ပေးတော့သည် ။ ကျွန်တော့် အတွက် တစ်ခု သက်သာစေသည် မှာ ထို ကျောင်းသားကတ် နှင့် အတူ တခြား ကျောင်းစာအုပ် နှင့် ပတ်စ်ပို့ဒ် တစ်ခု အား ထိုင်းဗီဇာ သွားရောက် လျှောက်ထားခဲ့သည့် စလစ်စာရွက် များ ရှိနေ၍ ပင် ။ ရဲစခန်း ကို မရောက်မီတော့ ကျွန်တော့် ထို အကြံဉာဏ် ဝင် မလာခဲ့သေး ။ လ.၀.က များက ရိုင်းလှသည် ။ ကျွန်တော်တို့ လေးယောက် စလုံး အား လက်နောက်ပြန် ဖြင့် လက်ထိပ်ခတ် ၍ အမျိုးမျိုး စစ်သည် ။ ထိုးသည် ။ ရိုက်သည် ။ ကျွန်တော် ဝမ်းဗိုက် မခံမရပ်နိုင်အောင် ဖြစ်လာ၍ ဝမ်းသွားချင်ပါသည် ဟု ခွင့် တောင်းသည် ကိုပင် ခွင့်မပြု ။ ထိုအချိန် မှာ ပင် ကျောင်းသားကတ် ပိုင်ရှင် အစစ် ဖြစ်သူ တောင်ကြီး မှ ကိုစိုင်း ရောက်လာပါသည် ။ သူ့ ကိုတော့ လက်ထိပ် မခတ် ။ ကျွန်တော် တို့ ကို သိသလား ဟု မေးသည် ။ ကိုစိုင်း က ကျွန်တော့် ကို သာ သိ ကြောင်း ၊ မနက်ကပင် ထိုင်းဗီဇာ လျှောက်ပေးရန် ကတ်ပြားများ ပေးခဲ့ကြောင်း ၊ ယခု ပတ်စ်ပို့ဒ်စာအုပ် လာ ယူရန် ချိန်းထားကြောင်း ပြောပြသည် ။

လ.ဝ.က တစ်ဦး က ခေါင်း တညိတ်ညိတ် လုပ်ကာ ကျွန်တော့် ကို ကုပ်ပိုး မှ ဆွဲမ၍ ဝမ်းဗိုက် သို့ လက်သီး ကျွေးပြန်သည် ။ သည် တစ်ချက် ကိုတော့ ကျွန်တော် မခံနိုင်တော့ပြီ ။ ကျွန်တော် ဝမ်းပျက်ပြီ ဖြစ်ကြောင်း ၊ ကိုစိုင်း ကို ပြောပြ၍ ကိုစိုင်း က အပြင်မှ လ.ဝ.က အား သွား ပြောသောကြောင့် သူတို့ အပြေးအလွှား ဝင်လာကြသည် ။ စောစောက ထိုးသည့် လ.၀.က အား ဆူကြ၊ ငေါက်ကြ ပြီး ကျွန်တော့် ကို ရေအိမ် သို့ ဝင်ခွင့်ပြု၏ ။ တစ်ဦးတည်း ဝင်ခွင့်ပြုခြင်း မဟုတ် ။ ကိုစိုင်း နှင့် လက်ထိပ်တွဲ ခတ်၍ ဝင်ခွင့်ပေးခြင်း ဖြစ်သည် ။ ဝမ်းပျက် သွားသည့် ဘောင်းဘီရှည် အား လဲခွင့် ပေးဖို့ အတွက် ထပ် ပြောရသည် ။ ထိုအခါမှာ လည်း ကိုစိုင်း ကို လက်ထိပ် ဖြုတ်ပေးပြီး ကျွန်တော့် အား အိမ်သာဘောင် နှင့် တွဲ၍ ခတ်ထားသည် ။ ထပ်ပြီးတော့ မေးမြန်း စစ်ဆေးခြင်း မရှိတော့ ။

ထို့နောက် တစ်အိမ်လုံး အား မွေနှောက် ရှာဖွေရင်း သူတို့ လိုချင်သည့် ကျောင်းသားကတ် အတု လုပ်သည့် စီဒီပြား အား မေးမြန်းရှာဖွေ ပြန်သည် ။ မရှိကြောင်း ယုံကြည်တော့ မှ ရဲစခန်း သို့ ခေါ်ဆောင် သွား တော့သည် ။ စုစုပေါင်း ကျွန်တော်တို့ အဖမ်း ခံရသည် က လေးဦး ဖြစ်သည် ။ လင်မယားစုံတွဲ တစ်တွဲ ပါသည် ။ လမ်း ၌ ကျောင်းသားကတ် အတု နှင့်အဖမ်း ခံလာရသူ မောင်ကျော် ဆိုသည့် ကရင် တစ်ဦး နှင့် ကျွန်တော် တို့ ဖြစ်သည် ။ အဓိက တရား ခံမှာ မောင်ကျော် ဖြစ်၏ ။ စင်စစ် သူ က ဒီ အိမ် မှာ နေသူလည်း မဟုတ် ။ သူ့ အိမ် ကို ပြရမည့် အစား အလည်အပတ် လာဖူးသော ဤ အိမ် သို့ ခေါ်လာသဖြင့် ကျွန်တော်တို့ မှ နေရင်းထိုင်ရင်း အကုသိုလ် ဝင်ခြင်းပင် ဖြစ်သည် ။ ကျွန်တော့် အကုသိုလ် က ပို ဆိုး၏ ။ အိမ် အလည် လာရင်း အဖမ်းခံရသူ မို့ ဆွမ်းခံရင်း ငှက်သင့်သည့် ကိန်းပင် ။

ကျွန်တော့် အကုသိုလ် က ဤမျှနှင့် မရပ်သေး ။

ကိုစိုင်း အား ရဲများ က ရဲစခန်း ၌ စစ်ချက် ယူပြီး ပြန် လွှတ်ချိန်တွင် ကိုစိုင်း ၏ မလိမ္မာမှုကြောင့် ကျွန်တော့် အစ်ကို အိမ် ရော ၊ ကျွန်တော် တည်းသော အိမ် ပါ အဖမ်း ခံရပြန်သည် ။ ကိုစိုင်း က ရဲစခန်း မှ ထွက်ထွက်ချင်း အစ်ကို့ အိမ် သို့ ဝင် တည်း၏ ။ ရဲများ က တစ်ပတ်အတွင်း နှစ်အိမ်စလုံး ကို ဝင် ဖမ်းပါတော့သည် ။ စုစုပေါင်း လူ သုံးဆယ်ကျော် အဖမ်း ခံရလေပြီ ။ ကျွန်တော့် အစ်ကို က ရန်ကုန် ပြန် သွား သဖြင့် အဖမ်း မခံရ ။

ထို ပြဿနာများ အားလုံးသည် ကျွန်တော့် အစ်ကို ၏ ရည်းစားဖြစ်သူ ဖြူဖြူ အပေါ်၌ ပုံ၍ ကျလာပါတော့သည် ။ ကျွန်တော့် အား အိမ်ရှင် အဖြစ် စွပ်စွဲသူ တစ်ယောက် မှ မရှိ ။ ဖြူဖြူ ကို တော့ သူ့ အိမ်သားများ က အိမ်ရှင် အဖြစ် စွပ်စွဲကြတော့သည် ။ တစ်ဦး မိလျှင် အိမ်ရှင် မှာ ခြောက်လ အပြစ် ဒဏ်ခံရမည် ဖြစ်၍ ဖြူဖြူ အဖြစ် မှာ မသက်သာ ။ အိမ် သုံးအိမ် အဖမ်းခံ ရာ၌ နှစ်အိမ် မှာ အိမ်ရှင် မရှိ ။ စုပေါင်း နေကြပါသည် ဟု ထွက်ဆိုကြ သော်ငြား ဖြူဖြူကို ကျတော့ အိမ် မှာ နေသူများ က သူတို့ လစဉ် လစဉ် လစာ ပေးရပါသည် ။ ဖြူဖြူ နှင့် အစ်ကို မှာ အိမ်ရှင် ပါ ဟု စွပ်စွဲကြသည် ။
ကျွန်တော် ကံကောင်းပြီ ဟု ထင်နေခိုက် မှာပင် နောက်ကျော ကို ဓား ဖြင့် ထိုးသူ တစ်ဦး ပေါ်လာခဲ့ပါသည် ။ တခြားသူ မဟုတ် ။ အညာ မှ ကျွန်တော် နှင့် အတူ စင်ကာပူ သို့ အလုပ် လုပ်ရန် လိုက်လာသည့် ငယ်သူငယ်ချင်း ဖိုးကျော် ၏ အစ်ကို အရင်း ပင် ဖြစ်သည် ။

သူခမျာ မိဘ က ယာသမား ဖြစ်၍ တောထဲ တောင်ထဲ တွင် ရိုးသားစွာ လယ်ယာကိုင်းကျွန်း လုပ်နေသူ ဖြစ်ပါကြောင်း ၊ ကျွန်တော် က နိုင်ငံခြား ပို့ပေးမည် ၊ ကြီးပွားစေရမည် ဟု ဆိုသဖြင့် ယုံစားကာ လယ် ကို ရောင်း၍ လိုက်လာခဲ့ပါကြောင်း ၊ ယခု ရောက်သည် မှာ ရက်ပိုင်း မျှသာ ဖြစ်ကြောင်း ၊ သူ့ အား သနားညှာတာစေလိုကြောင်း စကားပြန် မှ တစ်ဆင့် ငိုချင်းချပါတော့သည် ။

အမှုစစ်ရဲ က ကျွန်တော့် ကို ခေါ်၍ စွဲချက် တင်သောအခါ ကျွန်တော် ခေါင်းနားပန်း ကြီးသွားသည် ။ အံ့သြ ထိတ်လန့် သွားသည် ။ မကြုံဘူးသော ဖြစ်ရပ်မို့ တုန်လှုပ် ချောက်ချား မိတော့သည် ။ သူ နှင့် ကျွန်တော် သည် ထမင်း အတူစား ၊ ခရီး အတူသွား ၊ ပွဲ အတူ တက်ခဲ့ကြဖူးသည့် ဇာတိနယ် မှ မိတ်ဆွေရင်းများ ဖြစ်ကြသည် ။ သူ့ညီ ဖိုးကျော် နှင့် ကျွန်တော် က ကျောင်းနေဖက် ။ သူ့ မိဘများ က ကျွန်တော့် ကို သား လို ချစ်သည် ။ သူ စင်ကာပူ ရောက် တာ တစ်နှစ် ကျော်ခဲ့ပြီ ။ ငွေ ပင် သိန်းနှစ်ဆယ်ကျော် ပို့ ပေးခဲ့ ပြီးပြီ ။ သူ ဘာကြောင့် ကျွန်တော့် အား ချောက်တွန်း ရသနည်း ။

ကျွန်တော် ငုံ့ ခံ၍ မဖြစ် ။ စကားပြန် မိန်းမကြီး ကို ဖြစ်ကြောင်းကုန်စင် ပြောပြသည့် အပြင် ယခု ရောက်နေသူများ အား ကျွန်တော့်ဘက် က မှား သည် ၊ မှန်သည် ကို သက်သေ ပြနိုင်ကြောင်း ပြောပြမိတော့သည် ။ နောက်ဆုံး သူ ငွေ လွှဲခဲ့သည့် ရက်စွဲ ကို ပါ ပြောပြလိုက်သည် ။ ရဲ က ပြုံး၍ နားထောင်နေ၏ ။ စင်စစ် ရဲ က သူ့ အား သူလျှို မွေး လိုက်ခြင်းသာ ဖြစ်မှန်း တရားရုံး ရောက်မှ ကျွန်တော် သိတော့သည် ။ သူ က ဖော်ကောင် လုပ် သွားသည် ကိုး ။ ကိစ္စ မရှိ ။ ကမ္ဘာမြေ က ကျဉ်းပါသည် ။ ကျွန်တော် အလွန်ဆုံး ထောင်ကျ လျှင် သုံးနှစ် သာ ကျမည် ။ ဒါတောင် သက်သေခိုင်လုံပါ မှ ကျနိုင်မည် ။ ယခု ကျွန်တော့် အား လူမှောင်ခို အဖြစ် စွဲချက်တင်ရန် ကြိုးစားနေသည် မှာ ဘာမှ မခိုင်လုံ ။ လူမှောင်ခို ဟူသည် တရားမဝင် သော နည်းလမ်း ဖြင့် တခြား နိုင်ငံ သို့ ခိုးဝင်နိုင်အောင် ဆောင်ရွက်ပေး သူ ကို ဆိုလိုသည် ။ ယခု အဖမ်းခံရသူများ မှာ တရားဝင် ပတ်စ်ပို့ဒ် ဖြင့် ထွက်လာကြပြီး တရားဝင် ဗီဇာ ဖြင့် စင်ကာပူ သို့ ဝင်လာကြပြီး ဒီ ရောက် မှ အိုဗာစတေး ( Over Stay ) နေကြသူများ ဖြစ်သည် ။ နယ်စပ် က ခိုးဝင် လာသူ မရှိ ။

နောက်ဆုံး ကျွန်တော့် အား ကျောင်းသားကတ် ငှားရမ်း ကိုင်ဆောင်မှု ၊ ပတ်စ်ပို့ဒ် မရှိမှု၊ တရားမဝင် နေထိုင်မှုများ ဖြင့် စွဲချက်တင်တော့သည် ။

တစ်မှုချင်း သာ ဆိုလျှင် ကျွန်တော် သည် တစ်နှစ် နီးပါး အပြစ်ဒဏ် ခံရတော့မည် ။

အချုပ် ၌ ရက် နှစ်ဆယ်ကျော် နေရချိန် တွင် ကျွန်တော့် အတွေး၌ “ ငါ ကတိပျက်လို့ လောကပါလနတ် တွေ က သတိပေးတာ ဖြစ်မယ် ” ဟူသော အတွေး က ဆင့်ကာဆင့်ကာ ဝင်လာပါတော့သည် ။ လွန်ခဲ့သော ရှစ်နှစ် လောက် က ယိုးဒယားနိုင် ငံရှိ ကြံခင်း ထဲ တွင် အသက်ဘေး မှ လွတ်အောင် ပြေးရင်း ကျွန်တော် သစ္စာ ဆိုခဲ့ဖူးသည် ။

“ မြတ်စွာဘုရား နှင့် တကွ လောကပါလ နတ်အပေါင်းတို့ အား တိုင် တည်ပါ၏ ။ ကျွန်တော် ယခု ကြုံတွေ့နေရသော အသက်ဘေး မှ လွတ်မြောက်ပါလျှင် အများ အတွက် အသက်ရှင်သူ ဖြစ်ရပါစေမည် ”  

ဤ ကတိစကား ကို ကျွန်တော် မလုပ်နိုင်သေး ။

ယခုတော့ ကျွန်တော် ကတိ မတည်၍ မဖြစ်တော့ ။ လောကပါလနတ်များ သည် ကျွန်တော့် အား ဒဏ်ခတ် လေပြီ ။ ကျွန်တော် ဆက်၍ ဂတိ ပျက်ယွင်းလျှင် အသက်ပါ နုတ်ချင် နုတ်သွားမည်လား မသိ ။ ထို့ ကြောင့် တည်ငြိမ်စွာ ကျွန်တော် ဆုံးဖြတ်ရလေပြီ ။

သားသမီး ၊ ဇနီးမယား ဟူသည် က ကိုယ်စီ ကံတရား ရှိကြသည် ။

မိဘ၊ ညီအစ်ကိုမောင်နှမ သည် လည်း ကိုယ်စီ ကံတရား ရှိကြသည် ။

မိမိ သည် သာ မိမိ ကတိတရား အတိုင်း အများ အတွက် ကြိုးစားမှ ဖြစ်တော့မည် ။ မည်သူက လက်မခံ မခံခံ နားလည် ပေးပေး မပေးပေး လောက အပေါ် ထားသည့် ကတိ ကို တည်ဖို့ လိုပြီ ။

ကျွန်တော် အချုပ်နံရံ ကို မှီ၍ ကတိစကား ဆိုပါတော့သည် ။

ဤ အပြစ်ဒဏ် မှ လွတ်လျှင် တကယ်ပင် ကတိ တည်ပါတော့မည့် အကြောင်း လောကပါလ နတ်များ အား ကတိ ပေးရပါတော့သည် ။
သည် တစ်ချီ မှာ လည်း လောကပါလနတ်များ က ကျွန်တော့် ကို ငဲ့ ညှာ ပြန်သည် ။ တရားသူကြီးမင်း က ကျွန်တော့် အား ပြစ်မှုများ နှင့် ပတ်သက်၍ ဘာပြောလိုပါသနည်း ဟု နောက်ဆုံး မေးခွန်း ကို မေးလာချိန် တွင် ကျွန်တော် က စကားပြန် အမျိုးသမီး က တစ်ဆင့် “ ကျွန်တော် နောက်နောင် ဘယ် တရားဥပဒေ ကို မှ မဖောက်ဖျက်ပါမည့် အကြောင်း ” ပြောခိုင်း၏ ။ စကားပြန် ရှေ့နေမကြီး က ကျွန်တော့် ကို ငေးကြည့် လာ၏ ။ ထိုစကား ကိုပင် ကျွန်တော် က တရားသူကြီးမင်း အား ပြောပြပေးပါ ဟု တောင်းဆို သောကြောင့် ရှေ့နေမကြီး က အင်္ဂလိပ် လို တစ်ဆင့် ပြောပြပေးပါသည် ။

ထို တဒင်္ဂ ကို ကျွန်တော့် တစ်သက် တွင် ဘယ်တော့မှ မေ့တော့မည် မဟုတ် ။

 ▣  မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်

No comments:

Post a Comment