Friday, May 9, 2025

ပေတစ်ရာဆီ လျှောက်ပါလို့ လင်ပျောက် ကိုတဲ့ ရှာလိုက်ချင်


 

❝ ပေတစ်ရာဆီ လျှောက်ပါလို့ လင်ပျောက် ကိုတဲ့ ရှာလိုက်ချင် ❞
            ( မွန်းဇူး )

သူ့ ကို “ နာဂစ်စိန် ” ဟု ခေါ်ကြသည် ။ ဧရာဝတီတိုင်း ကို နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ဒုတိယနှစ် ၊ ဒုတိယအကြိမ် လာရောက် နှိပ်စက်လေဦးမလား ဟု စိုးရိမ်ထိတ်လန့် ကြောက်ရွံ့နေကြသည့် အချိန်တွင် ဒီ မြို့ကလေး ကို သူ ရောက်ရှိလာခြင်း ဖြစ်၏ ။

သူ ရောက်လာစက ဗိုက် တစ်လုံး ပါလာ၏ ။ သူ့ ပါးစပ် ကလည်း “ နာဂစ် ” ၊ “ နာဂစ် ” ဟု မကြာမကြာ ရွတ်တတ် သဖြင့် လွယ်လွယ်ကူကူ “ နာဂစ်စိန် ” ဟု ခေါ်လိုက်ကြသည် ။ ပါလာသည့် ဗိုက်ကြောင့် မြို့ မှာ မျက်နှာပွင့်လှ၏ ။ ဟိုဆိုင် က ခေါ်ကျွေးကြ ၊ ပေးကြ ။ ဒီအိမ် က အဝတ်အစား အဟောင်းတွေ ခေါ်ပေးကြ ၊ ဆင်ကြ နှင့် ကိုယ်ဝန်ဆောင် စိတ်ဝေဒနာရှင် တစ်ယောက် အတွက် ပြည့်ဝ ဖူလုံလျက်ရှိ၏ ။

ဒီ မြို့ကလေး မှာ စိတ်ဝေဒနာရှင် မပြတ်တတ်ပေ ။ စိတ်ဝေဒနာရှင် ဆိုသည် မှာလည်း ဘဝ ဝဋ်ကြွေး ပေးဆပ်နေရသူများ ဟု နားလည်ပေးပြီး ရေနစ်သူ ကို ဝါးကူ ထိုး မပေးတတ်ကြချေ ။ သူ့ အရင် က စိတ်ဝေဒနာရှင် တစ်ယောက် ရှိခဲ့ဖူး၏ ။ ကိုကြင်မြ ဟု ခေါ်သည် ။ ဥတုသုံးပါး တစ်ဆယ့်နှစ်လ လုံး သူ့ ကို ပုဆိုးတစ်ထည် မှ တစ်ပါး အင်္ကျီ ၊ စွပ်ကျယ် ဝတ် ပေး၍ မရပေ ။ ထို့အတူ ဖိနပ် စီးခိုင်း ၍ လည်း မရပေ ။ သူ ဆာ လျှင် နေပူပူ ၊ မိုးရွာရွာ ၊ နှင်းကျကျ သူ နေထိုင်ရာ ဘုရားကြား မှ ထွက် လာပြီး သူ စိတ်ကူးရသည့် ဆိုင် ရှေ့တွင် ရပ် နေလိုက်၏ ။ မည်သည့် စားပွဲ ကို မှ လည်း မနှောင့်ယှက် ၊ ပါးစပ် မှ လည်း မည်သည့် စကား ကိုမျှ မဆိုပေ ။ ဆိုင်ရှင် မှ ပါဆယ် ထုပ်ကာ ပေးရ၏ ။ သူ ကလည်း ဣန္ဒြေရရ ပင် ပါဆယ်ထုပ် ဆွဲလျက် ထွက်ခွာသည် ။ သူ ရှိစဉ်က သူ နေထိုင်ရာ ဘုရားဝန်းကျင် သန့်ရှင်းရေး ကို အင်တိုက် အားတိုက် လုပ်လေ့ ရှိသဖြင့် သူ သေသောအခါ သူ့ အသုဘ မှာ အတော်ကြီး စည်ကားခဲ့ သည် ။

“ နာဂစ်စိန် ” ကတော့ ဗိုက် နှင့် အတော် ပနံ ရနေ၏ ။ အပျိုဗိုက် မို့လေလား ၊ တခြား ဗိုက်ကြီးသည်များ ကဲ့သို့ ကော့ကော်ကန်ကား အကြည့် ရ မဆိုးပေ ။ သူ က လမ်း တကာ တွင် ဗိုက်ဖက်ရှင်ရှိုး ကို အပူအပင် ကင်းစွာ လျှောက် နေသော်လည်း ဆေးရုံ ဝန် ထမ်းများက သူ့ အစား ဝင် ပူပင်ရရှာ၏ ။

“ နာဂစ်စိန် ရေ တို့နဲ့ အတူ လာ နေနော် ၊ အခု ညည်း ဗိုက် ထဲမှာ သားသားလေး ရှိတယ် ၊ သိလား ။ အဲဒါ တို့က အပြင် ခေါ်ထုတ် ပေးမှာနော် ”

သက်တူရွယ်တူ ထဘီ နီမလေးများ က အမျိုးမျိုး ချော့မော့ ပြောတတ်သော် လည်း နာဂစ်စိန် နားမဝင် ချေ ။ ဆေးရုံ ဟု သိသည် နှင့် အတင်း ရုန်းကန် ထွက်ပြေး တတ်သည် ။ 

“ ကောင်မတွေ ငါ့ သား ကို လုမလို့ ၊ ဘာရမလဲ ။ နင် တို့ ဆက် လိုက်လာရင် ငါ ကားရှေ့ လှဲ အိပ် လိုက်မှာဟေ့ ”

ဟု အော်ဟစ် ခြိမ်းခြောက် နေ ၍ ထဘီနီ တို့လည်း ကိုယ်ရှိန် သတ်ကာ လက်လျှော့လိုက်ရတော့၏ ။ တချို့ အရပ်ထဲ မှ မိန်းမတွေ ကလည်း မိန်းမ ချင်း ကိုယ်ချင်းစာ စိတ်ဖြင့် ကလေးမွေးရေး ချော့မော့ သိမ်းသွင်းကြ သော်လည်း သူ့ ခြိမ်းခြောက် စကား အရ တကယ် လုပ်လိုက်လျှင် ကိုယ်ကျိုး နည်းရချည်ရဲ့ ဟု တွေး ကြောက်ကြကာ ဆက် မပြောရဲကြပေ ။

ဤမြို့ကလေး ၏ မြို့ ဆင်ခြေဖုံး အရပ်များ တွင် မီးသတ်ရေကန်များ တည်ဆောက် ပေးထားသည် ။ လမ်းထောင့်ချိုး ရှိ မီးသတ် ရေကန် နှင့် ပနံရစွာ ကွမ်းယာ ဆိုင် ကလည်း တွဲလျက် ပေါ် ပေါက်လာ၏ ။ အချို့ ကွမ်းယာဆိုင် က အလုပ် ဖြစ်၏ ။ အချို့က အလုပ် မဖြစ် ။ နောက် ဆုံးတွင် “ နာဂစ်စိန် ” ၏ မီးနေခန်း မှာ အလုပ် မဖြစ်၍ ပိတ် ထားသော ကွမ်းယာဆိုင် တစ်ဆိုင် ဖြစ်လာပေ၏ ။

“ နာဂစ်စိန် ” ရွေးချယ်မှု မှန်ကန်သည် ဟု ဆို ရမည်  ။ မနက်ခင်း မှာ မြို့ ထဲ ကို တစ်ပတ်လည် လျှောက်လိုက် ၊ စားသောက်ပြီး ဗိုက်ပြည့်တော့ သူ့ ဝပ်ကျင်းကလေး ဆီ ပြန်လာကာ မီးသတ်ရေကန် မှ ရေ ကို ချိုး၏ ။ နေ့ခင်း မှာ ဆိုင်ကလေး အပေါ် တက်လျက် တစ်ရေးတစ်မော အိပ်ကာ နား ပြီး ညနေစာ အတွက် မြို့ထဲ တစ်ပတ် လျှောက်ပြန်လျက် ။ “ နာဂစ်စိန် ” မှာ ကျန်းမာရေး ဒေါင်ဒေါင် မြည် နေပေရာ ကျန် ကိုယ်ဝန်ဆောင်များ အားကျ ဖွယ် ဖြစ်နေပေတော့၏ ။

သို့သော် “ နာဂစ်စိန် ” နှင့် သူ့ ဗိုက် ထဲမှ သားကလေး တို့ ၏ ကံ ကောင်းသည် ဟု ပြော ရလေမလား ။ ဘဝ တစ်လျှောက်လုံး တွေ့ရမည့် လူမှုဒုက္ခ အပေါင်း မှ ရှောင်ရှားကာ လူ့ ဘဝသို့ ရောက် မလာရှာ ပေ ။ ဤသို့ ကလေး ပျက်ကျ သွားကာ မှ “ နာဂစ်စိန် ” လည်း အတော်အတန် ငြိမ်သက် သွားတော့၏ ။ သူ့ ဂေဟာလေး အနီးအနား ရှိ မိန်းမတွေ က တက်ညီလက်ညီ ပြုစု ပေးကြ ၏ ။ စားဖွယ်သောက်ဖွယ် လည်း အလျှံပယ် ၊ မြို့ထဲရှိ သူ့ ဖောက်သည် ဆိုင်များ က သတင်းကြား နှင့် လာရောက် ပို့ပေးကြခြင်း ဖြစ်သည် ။ မိန်းမတွေ ၏ ပြောဆို ညွှန်ပြမှု  အတော်များများ ကို လိုက်နာပါ၏ ။ သို့သော် ခေါင်း ကို အုန်းဆီ လိမ်းဖို့ နှင့် ဖိနပ် စီးဖို့ ကိုမူ မည်သို့မျှ ခိုင်း၍ မရ ။ ချော့မော့ ပြောသော်လည်း လက် မခံပေ ။ ဤသည်မှာ စိတ္တဇဝေဒနာရှင် တို့ ၏ စတိုင် ဟု သာ နားလည် ပေးရတော့သည် ။

မြို့ကလေး၏ လမ်း များ ပေါ်မှ အတော် ပျောက် နေသော “ နာဂစ်စိန် ” တစ်ယောက် ဗိုက် လည်း ပျောက်ကာ တစ်သားမွေး တစ်သွေးလှ ပုံစံဖြင့် ကြွကြွ ရွရွလေး လမ်းလျှောက် နေပုံကြောင့် လက်ဖက်ရည်ဆိုင် များ တွင်ရှိ မုဆိုးဖို ၊ လူပျိုကြီး တို့မှ အစ လူပျိုသိုး ၊ လူပျိုပေါက် တို့ မကျန် ပုရိသ အချင်းချင်း ခပ်ရွှင်ရွှင် ၊ ခပ်သောသော စ , နောက် နေကြကုန်၏ ။

••••• ••••• •••••

ဤအချိန် မှာ ကျောက်မဲ နမ့်ဆန် ဘက်သို့ လက်ဖက်ခူး တက်သွားကာ ကွမ်းယာဆိုင် ပိုင်ရှင် မိုးကြည် ပြန် ရောက် လာ၏ ။ ဆောင်းတွင်း နှစ်ဆန်းပိုင်း ကတည်း က သူ့ ဇာတိ မြင်းခြံ ဘက် မှ အဖွဲ့နှင့် လက်ဖက်ခူး ထွက် သွားခဲ့ရာ အခု လက်ဖက်ခူးရာသီ သိမ်းချိန် မိုးရာသီ အစ နှစ်လယ် ရောက်တော့ ပြန် ဆင်းလာကြ ခြင်းဖြစ်၏ ။ မိုးကြည် တစ်ယောက် ရှမ်းပြည် မှာ အနေ ကြာခဲ့၍ လေလား အသားအရေတွေ လတ်လာပြီး နှုတ်ခမ်းမွေး စစဖြင့် ရှမ်းချော ချော လာ၏ ။ လူ ကတော့ တစ်ခုလပ် ပီပီ မျက်နှာပိုး မသေ ။ လူပျိုလေး ကဲ့သို့ ဟေးလား ဝါးလား နေတတ်၏ ။ သူ့ မိန်းမလေး နှင့် နှစ်နှစ် ခန့် ပေါင်းလိုက်၏ ။ သို့သော် သူ့ ဝါသနာ အတိုင်း အဖော် ကောင်း လျှင် လက်ဖက်ခူး လိုက်သွားလိုက် ၊ ရွှေတူး လိုက်သွားလိုက်နှင့် သွားဖန်များ သောအခါ မိန်းမ နှင့် ကွဲ တော့သည် ။ ကွမ်းယာဆိုင် လည်း ပိတ်လိုက်ရတော့သည် ။ သူ့ အိမ် နှင့် သူ့ ကွမ်းယာဆိုင် ကြား မှာ အိမ် နှစ်လုံး နှင့် အကြော်ဆိုင် တစ်ဆိုင် ခြား၏ ။ သူ ပြန် ရောက်တော့ တကူးတက “ နာဂစ်စိန် ” ဆီ သွားကာ နှုတ်ဆက် လိုက်သေးသည် ။

“ ဟော ... အခုတော့ ဥစ္စာရင်း မှန်လို့ ပြန်ရောက် လာပြီပေါ့လေ ။ မင်း အဝတ် အစားဟောင်းလေးတွေ ရှိ သေးတယ် ။ ယူ ဝတ်လေကွာ ” ဟု သူ နဲ့ ကွဲသွားသည့် မိန်းမ အလား နှုတ်ဆက်၏ ။ “ နာဂစ်စိန် ” ကတော့ မတုန်မလှုပ် ။ ဒါပေမဲ့ အကြော်ဆိုင် ထဲကတော့ “ မင်း မျှော်ရင်း နဲ့ တစ်ဗိုက်တောင် ထွက်သွားပေါ့ ” ဟု လှမ်း အော်သံကြား လိုက်သည် ။ အကြော်သည် မိန်းမကြီး က အကြော်တွေ ကို ဂေါ် ဖြင့် ထိုးဆယ်ပြီး ဆီ စစ်ရင်း “ ငမိုးတို့ လည်လှ လည်လှ နဲ့ ဒီတစ်ခါတော့ ဆိုင်ပေါ် ထိုင်ပြီး ကို စောင့်နေတာလေ ။ ပြေး လွတ်တော့ဘူး ဟေ့ ” ဟု တဟားဟား ရယ်နေတော့ သည် ။

မိုးကြည် ကလည်း ကြက်ခေါင်းဆိတ် မခံ ။ “ မင်း တို့ကိုလည်း အပြစ်မမြင် xxx ချစ်ခင် xx  မောင်တင် ကိုယ့် ကိုယ်ကိုပင် xxx သနားလှချည့်ရဲ့အစဉ် ” ဟု ရွှေမန်းတင်မောင် သီချင်း ဖြင့် ရွှေမန်း တင်မောင် ဂိုက်ပေးကာ သူ့ အိမ်ရှေ့မှာ မြိန့်မြိန့်ကြီး ရပ်နေ လိုက်သေး၏ ။

ကြာတော့ နာဂစ်စိန် ပါးစပ် က “ နာဂစ် ၊ နာဂစ် ” အစား “ မိုးကြည် ၊ မိုးကြည် ” ဖြစ်လာ၏ ။ လူ ကလည်း အစားအသောက် အနေအထိုင် မှန်ကန်ပြီး ကြည်လင်ဝင်းပ နေ၏ ။ သူ့ ရဲ့ ယောက်ျား ဒါမှ မဟုတ် မိဘဆွေမျိုး တို့ တွေ့ လျှင် နှမြော ကြေကွဲကြပေ လိမ့်မည် ။ ဒါပေမဲ့ ဘယ်ကမှ ဘယ်သူမှ လိုက် မလာကြလေတော့ နာဂစ် အတွင်း မှာ သူ့ ထက် ကံဆိုး သွားကြဟန် တူပေသည် ။ အကြော်သည်မကြီး ဒေါ်လှထွေး ကလည်း သူ့ အိမ် ကို အတင်းကပ်ခေါ် ၏ ။ ဘာမှ ခိုင်းစားချင်၍ ၊ အမြတ်ထုတ်ချင်၍ မဟုတ် ပါ ။ သမီးကလေး ကဲ့သို့ သံယောဇဉ် စိတ်ဖြင့် သူ့ မျက်စိ အောက်မှာ ရှိနေစေချင်တာ သာ ဖြစ်သည် ။ နာဂစ်စိန် က ဒေါ်လှထွေး အိမ်သို့ လိုက်၏ ။ သူ့ အတွက် ရည်ရွယ်ထားသော ခုတင်လေး ကို ပြသဖြင့် ကြည့်၏ ။ ထိုင် ၏ ။ သို့သော် ကြာကြာ မနေ ။ သူ့ ဝပ်ကျင်းကလေး ဆီ သို့သာ ပြန်သွား လေသည် ။

မိုးကြည် တစ်ယောက် ကတော့ ကျောက်သွေး လုပ်ငန်း က ခေါင်းထောင် လာသဖြင့် သူ့ သူငယ်ချင်းတွေ လာ ခေါ်၍ ပါသွားပြန်ချေပြီ ။ သူ့ အိမ်ကလေး ကို တစ်ပတ် တစ်ခါ ၊ နှစ်ပတ် တစ်ခါတော့ ပြန် လာတတ်သည် ။ ရောက် လျှင်တော့ နာဂစ်စိန် ဆီ တကူးတက သွားကာ “ နေကောင်းတယ်နော် ၊ ပေးခဲ့တဲ့ ပိုက်ဆံ လောက်ရဲ့ လား ၊ အမေထွေး ဆီက ယူရသေးလား ” ဘာညာ သာရကာ ဖြင့် ဟုတ်တာ ရော ၊ မဟုတ်တာ ရော ဖွယ်ဖွယ်ရာရာ နှုတ် ဆက် နေတတ်၏ ။ နာဂစ်စိန် ကတော့ “ မိုးကြည် ၊ မိုးကြည် ” ဟု မပွင့်တပွင့် ရွတ်ဆိုကာ ကလေး တစ်ယောက် ကဲ့သို့ မျက်လုံးရွဲကြီးများ ဖြင့် တွေ တွေငေးငေးကြီး ကြည့်နေ တတ်သည် ။

အဲဒီလို အခါများမှာ တော့ မိုးကြည် မနေတတ်ပြန် ။ “ အမေထွေး ရေ ဒီမှာ နာဂစ်စိန် က ဘာ ပြောချင်လို့ မှန်း မသိဘူး ၊ မေးပေးပါဦး ” ဟု ကုန်း အော်၏ ။ အမေထွေး က လည်း တိုဟူး လှီးနေရာမှ အပြေး အလွှား ထ , လာ ရှာသည် ။

“ ဟဲ့သမီးလေး မုန့်စား ချင်လို့ လား ၊ ဘာမုန့်လဲ ။ နန်းစိန်ကိတ်လား ၊ မိုးကြည် ကိတ်လား ”

အမေထွေး ကတော့ သူ့ ဝသီ အတိုင်း ပြဿနာ ကို ရွှင်ရွှင်မြူးမြူး ၊ ပေါ့ပေါ့ပါးပါးလေး ဖြေရှင်းပေး၏ ။ နာဂစ်စိန် က ဘာမျှ ပြန် မဖြေ ။ မိုးကြည် ကိုသာ ပြုံးပြုံးကြီး ကြည့်နေ၏ ။ 

“ ဘာမှ ပေရှည် မနေနဲ့ မိုးကြည် ရဲ့ ၊ နင် ကြိုက်တာသာ ဝယ် ကျွေးလိုက် ၊ သူ ကျေနပ်မှာတဲ့ ”

နာဂစ်စိန် ကို လည်း ချော့ချော့မော့မော့ ပြော ကာ အမေထွား သူ့ အကြော်တဲ သို့ ပြန် ၏ ။ မိုးကြည် မြို့ထဲကို မုန့် ဝယ် ထွက်ရပြန်၏ ။ ဆိုင်ကယ်လေး ဖြင့် သွားရတာမို့ မပင်ပန်းပါ ။ မြို့ထဲ ရောက်တော့လည်း ဝယ်ရတာက နည်းနည်း နာဂစ်စိန် ကျန်းမာရေး မေးရင်း ထည့်ပေးလိုက် ကြသည့် မုန့်တွေ က များနေ တော့သည် ။

မိုးကြည် မကြာမကြာ စိတ်ကူးမိသော နာဂစ်စိန် ကို ဆေးကုသရေးကိစ္စ က ခေါင်းထဲ ပေါ်လာပြန်၏ ။ ဓာတ် သဘော ဖောက်ပြန် ပျက်စီးသော ဝေဒနာ တစ်ခု ဆေး ကုသသည် မှာ ရောဂါ အတိမ် အနက် အလိုက် ငွေကြေး ကဏ္ဍတွင် ကျယ်ပြန့် ပေတော့မည် ။ ငွေကြေးကိစ္စ စိတ်ချရအောင် လုံးပန်း နေ လျှင်လည်း တစ်ဖက်သား ၏ ဝေဒနာ က တိုးလာမှာ စိုးရသေးသည် ။ ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက် တစ်ခု အား စ , ထားသည်မှာ အကောင်းဆုံး ဖြစ်သည် ဟူသော စိတ်ကူးဖြင့် မြို့ ထဲရှိ ဒေါက်တာ ဒေါ်မြင့်မြင့်သော် နှင့် ဝင်ရောက် ဆွေးနွေးဖြစ်သည် ။

“ အခုလို လာ ဆွေးနွေး တာ ကောင်းတယ် ။ မောင်မိုးကြည် အန်တီ လည်း အဲဒီ ကလေးမလေး အကြောင်း ကြားတယ် ။ ဒါပေမဲ့ ကိုယ့် အလုပ် နဲ့ ကိုယ် ဆိုတော့ ခေါင်း ထဲမှာ ကြာကြာ မရှိဘူး ။ အခု မောင်မိုး ပြောသလို ဆိုရင်တော့ စိတ်ဝေဒနာရှင်တွေ ကို အဆင့် သုံးဆင့် သတ်မှတ် ထားရာမှာ ပထမအဆင့် ပဲ ရှိ သေးတယ်လို့ ပြောနိုင်ပါတယ်ကွယ် ။ ဒါကြောင့် အန်တီတို့ သူ့ကို “ စီတီဇက် ” ဆေး တိုက် ကျွေးပြီး လုပ်ငန်း စ , ကြည့် ကြတာပေါ့ ။ ကောင်း သွားဖို့ အများကြီး မျှော်လင့်နိုင်ပါ တယ်ကွယ် ” 

မိုးကြည် မျက်နှာ ကြည်လင်ရွှင်လန်း သွား၏ ။ သူ့ ရင်ထဲမှာ အကြိတ်အခဲ တစ်ခု ပမာ ဆို့နင့်နေသည့် ဝေဒနာ ကိုပါ တစ်ခါတည်း မေးဖြစ် သွားသည် ။

“ ဒါဆိုရင် ကျွန်တော့် ရင်ထဲ အဖုအထစ် ဖြစ်နေတာ တစ်ခု ကို မေးခွင့်ပြုပါ ဆရာမကြီး ”

“ မေးပါ မေးပါ ၊ ပွင့်ပွင့်လင်းလင်း ရှိခြင်း ဟာ ပြဿနာကို တစ်ဝက် ဖြေရှင်းပြီး သားလို့ ဆိုတာပဲကွဲ့”

“ ဟုတ်ကဲ့ ၊ နာဂစ်စိန် ယောက်ျား ယူမယ် ဆိုရင် သူ့ ဝေဒနာ လျော့မယ်လို့ ကျွန်တော် ထင်တာ မှားသလား ၊ မှန်သလား ဆိုတာပါ အန်တီ ”

ဒေါက်တာ ဒေါ်မြင့်မြင့်သော် က မိုးကြည် ကို ကြည့်ကာ ပြုံးပြီး သူ့ မေးခွန်း ကို အားရပါးရ ဖြေတယ် ။

“ ဒီမေးခွန်း ကောင်း တယ် ။ အဲဒီ ကလေးမလေး ရဲ့ ပထမ ဖြစ်စဉ် ကို က ကြောက်လန့်စရာ အဖြစ်ဆိုးကြီးကြောင့် သမုဒယ သံယောဇဉ်ကြိုးတွေ ပြတ်တောက် ခံရပြီး စိတ် ကစဉ့်ကလျား ဖြစ်သွားတာလေ ။ သူ နဲ့ ပါလာတဲ့ ကိုယ်ဝန် က လည်း ဘာပဲ ဖြစ်နေပါစေ အဖတ်တင်ပြီး သူ့ ရင်ခွင် ထဲ ထွေးပွေ့ထားကာ နို့ချို တိုက် နေရရင် အား အကြီးဆုံး ကြိုး တစ်ကြိုး ပြန် ဆွဲမိသလို နှလုံးသည်းခြေ တို့ ငြိမ်သွားစေနိုင်တယ် ။ အဲဒီ ကြိုး ကလည်း လုံးဝ ပြတ်တောက် သွားပြန်တယ် မဟုတ်လား ။ ဒါကြောင့် ချစ်ခြင်းမေတ္တာတွေ နဲ့ သူ့ ဘဝ ကို လုံခြုံစေမယ် ။ စေတနာတွေ ၊ ကိုယ်ချင်းစာတရားတွေ နဲ့ သူ့ ကို ဝန်းရံပေးမယ် ဆိုရင် လူသာဓုခေါ် ၊ နတ်သာဓုခေါ် စရာ အကောင်း ချည်းပါပဲကွယ် ”

••••• ••••• •••••

မိုးကြည် က မန္တလေး ကျောက်ဝိုင်း နှင့် သွားချည် ပြန်လှည့် ကူးကာသန်းကာ ဝမ်းစာရေး အတွက် လှုပ်ရှား နေရပေမဲ့ အရင်ကလို အိမ် ကို တမေ့တမြောကြီး ပစ်မထား တော့ချေ ။ ဒီမှာ နာဂစ်စိန် ကို ဆေးတိုက်ဖို့ တာဝန်ခံကြီး အမေထွေး အားကိုးဖြင့် ထား ခဲ့ရလေတော့ ပြန်လာလျှင် “ နေကောင်းလား ၊ နေကောင်းလား ။ ဘယ်လိုလဲ အခြေအနေ တိုးတက်မှု ရှိတယ် မဟုတ်လား အမေထွေး ရဲ့ ” ဟု အပြေးအလွှား ၊ အမောတကော မေးရသည် ။

အမေထွေး ကလည်း သူ ပြုစုနေသည့် လူမမာ အခြေ အနေ ကောင်းလေတော့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် “ မြင်တဲ့ အတိုင်းပဲလေ ။ ကေသီပန် သောက်ထားသလို ကျန်းမာ ဝဖြိုး အလှတိုး နေလေရဲ့ ” ဟု လက်မ ထောင်ချေ၏ ။

နာဂစ် စိန် ကလည်း မိုးကြည် ကိုတော့ ကောင်းကောင်းကြီး မှတ်မိ နေချေပြီ ။ မိုးကြည် မို့ သူ နေသည့် ကွမ်းယာဆိုင် တဲလေး နား ကို လာ ရပ် လျှင် ပါးစပ် မှ “ မိုးကြည် ၊ မိုးကြည်  ” နာမည် ကို မပွင့် တပွင့် ရွတ်ဆိုရင်း ခေါင်းကြီး ငုံ့ထားတတ်၏ ။ မိုးကြည် က “ နေကောင်းတယ်နော် ” ဟု မေးပါက “ ဟုတ် ” ဟု တစ် ခွန်းတည်း ဖြေသော်လည်း ခေါင်း ကို ငုံထားဆဲ ပင် ။

နောက်တစ်ခေါက် မိုးကြည် ကျောက်ဝိုင်း က ပြန် လာတော့ အမေထွေး မျက်နှာ မကောင်းချေ ။ သူ့ အပေါ် ဆက်ဆံရေး မှာ ယခင် ကလို ရင်းနှီးဖော်ရွေမှု မရှိတော့ ဟု မိုးကြည် ခံစားရ၏ ။ နာဂစ်စိန် ကို ကြည့်ရတာ လည်း  ယခင် အခေါက်တွေ ကဲ့သို့  ရွှင်လန်း သွက်လက်မှု မရှိ ဟု ထင်မိ၏ ။ သို့သော် မိုးကြည် ဝယ်လာသည့် ဘုရားကြီး အချဉ်ပေါင်း ထုပ် ကိုတော့ လိုလိုချင်ချင် လှမ်းယူကာ နှစ်နှစ်ခြိုက်ခြိုက် စားသည် ။ အမေထွေး အိမ်မှာ ည နေ ရေနွေးကြမ်းဝိုင်း ထိုင်ဖြစ် ကြတော့ အမေထွေး က စိတ် မချမ်းမြေ့ဖွယ် စကားတို့ကို ပွင့်အန်လာ၏ ။ 

“ မိုးကြည် ၊ မင့် ကောင်မလေး မှာ ကိုယ်ဝန် ရှိနေပြန်ပြီ ။ သူ အော့လိုက်အန်လိုက် သရိုး သရီ ဖြစ်နေတာ နဲ့ ဆရာမ တစ်ယောက်ကို ခေါ်ပြီး စမ်းခိုင်းတာ သေချာတယ်တဲ့ ”

မိုးကြည် မမျှော်လင့်တဲ့ စကားကို အမေထွေး ကိုယ်တိုင် ပြောတာမို့ အံ့ဩမှုနှင့် အတူ ခေါင်းကြီး သွားသော်လည်း ယုံလိုက်ရပေပြီ ။ ခေတ်ကြီး လည်း ယခုအခါ ဇောက်ထိုးမိုးမျှော် ပျက်စီး သွားချေပြီ ကော ။ မိန်းမ တို့ သည် အရွယ် မရွေး ၊ ဒေသ မရွေး ၊ အချိန်အခါ မရွေး အကြမ်းဖက်မှု က စိန်ခေါ် လျက် ရှိသည် ကို နယ်စုံ ရောက်ဖူးနေသည့် မိုးကြည် က နား နှင့် မဆံ့အောင် ကြားဖူးနေ သည် ။ သို့သော် အမေထွေး ကိုယ်တိုင် ကပင် “ မင့် ကောင်မလေး ” ဟူသော အသုံးအနှုန်း ကို အသုံး ခံလိုက်ရဖြင့် မိုးကြည် တစ်ယောက် ပို၍ ကြေကွဲ ဝမ်းနည်းစွာ ခံစားသွားရ၏ ။

“ ကျွန်တော်တို့ ဘာလုပ် ရမလဲ အမေထွေး ”

အံ့သြစိတ် နှင့် ခေါင်းရှုပ် စေမည့် မေးခွန်းကို မေးမိ ပြန်၏ ။ အမေထွေး ကလည်း  ပါးစပ် မှ ဆေးပေါ့လိပ်ကြီး ကို ဖြုတ်ကာ ဦးနှောက်ခြောက်သည့် လေသံ ဖြင့် “ အဲဒါ မင်း ဆုံးဖြတ်ရမှာ ” ဟု အသံမာမာ ပြောသည် ။ မိုးကြည် အခံရ ခက်လှ၏ ။ အခုတော့ စေတနာ တို့သည် သဲထဲ ရေ သွန် ဖြစ်ကာ ဝေဒနာ တောင်ပို့ သည် ငွားခနဲ ပေါ်လာချေ၏ ။

“ နာဂစ်စိန် ကို ကျွန်တော် ကိုယ်တိုင် မေးမယ်ဗျာ ။ လာ အမေထွေးလိုက်ခဲ့ ”

သွေးရူးသွေးတန်း ဖြင့် အမေထွေး ကို ခေါ်၏ ။

“ ငါ ကိုယ်တိုင် စိတ်ရှည် လက်ရှည် ချော့မော့မေး ပြီးပြီ ။ သူ ကတော့ ထုံးစံအတိုင်း မိုးကြည် ၊ မိုးကြည် ပဲလေ ”

အမေထွေး စကားကြောင့် “ အမယ်လေး ၊ ဘုရားကယ်တော်မူပါ ” ဟု မိုးကြည် ဘုရား တ , မိ၏ ။ နေ့ခင်း မန္ထလေး မှ ပြန် ရောက်ခါစကမူ မိမိ စိတ် ကလည်း ရှင်းနေချိန်မို့ နာဂစ်စိန် ဆီ ကို သွားခဲ့ ရတာ ဘာမျှ စိတ်မှာ မဖြစ်မိ ။ အခုချိန် မှာတော့ ရပ်ကွက်လေး မှာလည်း အသီးသီး လုပ်ငန်းခွင် မှ ပြန်လာကြကာ လူတွေ စုံချိန်ရောက်ပြီမို့ အခုပင် မိမိတို့ ကို အိမ်ရှေ့ မှ ကွက် ကြည့်ကွက်ကြည့် လုပ်ကုန်ကြပြီ ။

“ မောင်မိုး ၊ မင်း တကယ် ကျူးလွန်မိရင်လည်း တာဝန်ယူပါ ”

အမေထွေး က မျက်နှာ ပျက်ပျက် ၊ အသံပျက်ပျက် ဖြင့် ပြော၏ ။ မိုးကြည် ခေါင်းခါယမ်း ရင်း အမေထွေး ကို လက်အုပ် ချီလျက်

“ အမှန်တိုင်း ပြောရရင် ကျွန်တော် သူ့ အပေါ် သံယောဇဉ် ရှိပါတယ် ။ မညာပါဘူး အမေထွေး ။ သူ့ ဝေဒနာ ကို ရအောင် ကုပြီး သူ့ ကို ယူမယ် လို့ လည်း စိတ်ကူးမိပါတယ် ။ ဒါပေမဲ့ ဒီလို စိတ်ဝေဒနာရှင် တစ်ယောက် အပေါ် အခွင့် အရေး ယူပြီး ခွေးကျင့်ခွေးကြံ မကြံပါဘူး ဆိုတာ ကို ကျွန်တော် ရဲရဲကြီး သစ္စာရေ သောက်ပြီး ကျိန်ဝံ့ပါတယ် ” ဟု အသံတွေ တုန်ကာ မျက်ရည် ပေါက်ပေါက် ကျလျက် ရှင်းပြသည် ။ ထိုနောက် စိတ် ကို ထိန်းလျက် အမေထွေး ကို နှုတ်ဆက်ကာ အိမ် ကို ပြန်၏ ။ ထိုနေ့ ညနေစာ မစားဖြစ် ။

အိမ်ရှေ့ရှိ ကွပ်ပျစ်ကလေး ပေါ်တွင် ခြေပစ် လက်ပစ် လှဲ အိပ်နေမိ၏ ။ ထိုညနေ သည် အကျည်းတန်စွာ အမှောင်ထဲ ကို တိုးဝင် နေ၏ ။ မုန်တိုင်း မလာမီ ငြိမ်သက်သည် သို့ အန္တရာယ် အနံ့ ကို ရှူရှိုက်ရင်း ကျက်သရေ ကင်းမဲ့စွာ တိတ်ဆိတ်နေ၏ ။

“ ဘုန်း ... ဘုန်း .. ဘုန်း ...”

ခဏနေတော့ ခဲ သုံးလုံး မိုးကြည့် အိမ် ပေါ်သို့ ကျလာ၏ ။ မိုးကြည် အိမ်ထဲ ဝင်ကာ အပေါက် ပိတ် နေလိုက်သည် ။ မိုးကြည် ၏ ကွမ်းယာဆိုင် ဘက် ကိုလည်း ခဲ ကျသံ ကြား ရ၏ ။ မိန်းမ တစ်ယောက် ၏ “ လာကြပါဦး ” ဟု စူးစူးဝါးဝါး အော်သံ လည်း ကြားလိုက် ရကာ မရှေးမနှောင်းပင် လူမှု ကူညီရေးအသင်း မှ လူနာတင်ယာဉ် ကားသံပါ ကြားရလေသည် ။

ကွမ်းယာဆိုင် ပေါ် ကို ခဲ ကျတော့ နာဂစ်စိန် လန့်ကာ ဆိုင် ပေါ်မှ ခုန် အချမှာ ဆိုင် အမိုး နှင့် ခေါင်း တိုက်မိပြီး သတိ မေ့မြောသွား၏ ။ ရပ်ကွက် မှ မိန်းမတွေ ဝိုင်းဝန်း ပြုစုကာ လူမှုရေးအသင်း သို့ ဖုန်းဆက် အကြောင်းကြားသည် ။ အခုတော့ နာဂစ်စိန် ကို မန္တလေး စိတ်ကျန်းမာရေး ဆေးရုံ ကို ခေါ်သွားကြပြီ ဖြစ်ကြောင်း မိုးကြည် အိမ်ဘေး မှ လင်မယား နှစ်ယောက် က တိုးတိုးတိတ်တိတ် လာရောက် သတင်းပေး၏ ။ ကား ထဲ ဝင် ခါနီး မျက်လုံး ဖွင့်ကြည့်ပြီး “ မိုးကြည် ၊ မိုးကြည် ” ဟု ခေါ် သွားသေးကြောင်း ကြားရတော့ ရင်ထဲ နင့်နေအောင် ခံစား လိုက်ရသည် ။ သတ္တဝါ တစ်ခု ၏ ပျက်ချိန်တန်သော ပျက်စဉ် တို့သည် မြန်လွန်းလှပေ၏ ။

အိပ်ရေး မဝသော နံနက်ခင်း သည် အလန့်တကြား နိုး လာခဲ့ပြန်သည် ။ လမ်းထိပ် ရေကန် အနီး ရှိ ကွမ်းယာဆိုင် ကို ရပ်ကွက် လူငယ်တစ်စု က ဝိုင်းဝန်း ဖျက်ကာ အရူး ဂေဟာလေး ကို ရှင်းပစ်လိုက်ကြ၏ ။ ထိုစဉ်မှာပင် စောစော စီးစီး ရပ်ကွက်လူကြီး အိမ်သို့ မိုးကြည် ၏ ယခင် ဇနီးဟောင်း ဆိုသူ ရောက်လာသည် ။ နာဂစ်စိန် ၏ ဗိုက် ကို စမ်းသပ် ပေးရသော ထဘီနီဆရာမ  သူ နှင့် တစ်မြို့တည်း ငယ်သူငယ်ချင်း က ဖုန်းဆက် ခေါ်၍ ဟု ဆိုသည် ။ သူ့ ဇာတိ မြို့လေး မှာ ယခု နောက် ယောက်ျား နှင့် ကလေး နှစ်ယောက် ရနေပြီ ။ မိုးကြည် နှင့် ကွာခဲ့သည် မှာလည်း မိုးကြည် က ကလေး မရနိုင်သောကြောင့် ဖြစ်၏ ။ ယခု ပြဿနာကြီး တွင် မိုးကြည် အပေါ် သံသယ ကင်းကြစေရန် လာရောက် ရှင်းပြခြင်း ဖြစ်ကြောင်း ဆို၏ ။

အချို့ လူတို့ သည် စေတနာ မေတ္တာ ဖြူစင်ကြ၏ ။ သို့သော် ကံ မကောင်းတတ်ပေ ။ အချို့ လူတို့ သည် စေတနာ မေတ္တာ ယုတ်ညံ့၏ ။ သို့သော် ကံကောင်း နေတတ်သေး၏ ။ ရပ်ကွက်လူကြီး နှင့် တကွ မိုးကြည် ၏ ဇနီးဟောင်း ၊ အမေထွေး တို့ မိုးကြည့် အိမ်ကလေး ရှေ့ ရောက်လာကြ သည် ။ သို့သော် အိမ်ကလေး မှာ သော့ ခတ်လျက် တိတ်ဆိတ်နေ၏ ။

မိုးကြည် ကား မရှိတော့ ။

◾မွန်းဇူး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
    ၂၀၁၆ ခုနှစ် ၊ ဩဂုတ်လ

No comments:

Post a Comment