❝ ပန်းနုရောင်နှင်းဆီ ❞
( သန်းမြင့်အောင် )
ခြေလှမ်းတွေ က ရှေ့ကို သွက်သွက် လှမ်းနေသည့် တိုင် ခရီး က မတွင်ချင် ... ။
မနေ့တုန်း က သူ့ ရဲ့ နွမ်းလျတွယ်တာမှုတွေ ကို ခုချိန်ထိ မျက်လုံး ထဲ က မထွက် .... ။ ပန်းနုရောင် ပွင့်ဖတ်ကလေး လို ဖျော့တော့ နွမ်းလျတဲ့ ခန္ဓာကိုယ် ပါးလှပ်လှပ် ကို လူနာ ခုတင် ထက် မှာ ကျွန်မ ရင်ခွင် ကို မှီပြီး အကြာကြီး ထိုင်နေနိုင်တာ ကို စာပေ ညီအစ်မတွေ အားလုံးက ဝမ်းသာကြသည် ။ တစ်ယောက် နှင့် တစ်ယောက် အပျော်တွေ ကူးစက်ပြီး မျှော်လင့်ချက် ရောင်ခြည်တွေ လင်းလက်ခဲ့ကြသည် ။ ပြီးခဲ့တဲ့ ရက်တွေတုန်း ကတော့ ဒီလောက်တောင် မလန်းဆန်းနိုင်ဘဲ အိပ်ရာ ထဲ မှာ သွေးပိုက်တွေ ၊ ဆေးပိုက်တွေ တန်းလန်း နဲ့ ပက်လက်ကလေး မှေးမှိတ်လို့ ။
လူတစ်ယောက် လာ ရပ်ရင် လည်း အသံ ကြားမှ မျက်လုံးကလေး ခဏ ဖွင့် ကြည့်ပြီး စကား မပြောနိုင်ဘဲ ပြန် မှိတ်သွား ရှာတယ် ။ မိန်းမူးရီဝေ နေတဲ့ လက္ခဏာမျိုး နဲ့ မသိ တစ်ချက် သိ တစ်ချက် ပုံသဏ္ဌာန် ၊ သူ့ ကို ချစ်ကြတဲ့ အနုပညာသွေးနှောသူ စာပေ ညီအစ်မတွေ က အဲဒီ အခြေအနေ ကို မြင်လေတိုင်း ရင် မှာ စိုးထိတ်အားငယ်စိတ်တွေ နဲ့ ။
ကျွန်မတို့ မှာ ပွင့်ဖတ် ကြွေမယ့် နေ့ ကို ရင်မဆိုင်နိုင်လို့ သောက လေညင်း သက်ပြင်း တောင် ရဲရဲ မခြွေဝံ့ကြတော့တဲ့ သူတွေပါ ။
ရှေးဦးအစ ဝေဒနာတွေ တုန်း က အလွန် ဝတ္တရား ပျက်ကွက်ခဲ့တဲ့ မမဝင်း က သာ အချိန်ပြည့် ကျွန်မတို့ ညီမငယ်တွေ အစား ဝတ္တရား မပျက် အနီးကပ် စောင့်ကြည့် နေခဲ့တာ ။
“ မမစု ရဲ့ ရောဂါက ကင်ဆာ .. နောက်ဆုံး အချိန်ကို ရောက်နေပြီ ”
ဆိုတော့မှ ညီမငယ်တွေ ပျာပျာသလဲ ဖြစ်ပြီး အပြေးအလွှား ရောက်လာကာ ပျာပျာသလဲ ပြုစုကြရတယ် ။ ဒါပေမဲ့ သူ ဟာ အရင်တုန်း က လို အားမာန် အပြည့်နဲ့ ။
“ ခုမှ ပဲ ပေါ်လာကြရသလား မဖုရားတို့ ရယ် ” လို့ ဆီးကြို မနှုတ်ဆက် နိုင်ရှာတော့ဘူး ။
ထူးထူးခြားခြား မနေ့တုန်း က ကျွန်မတို့ မနက် ၁၁ နာရီ ကနေ ည ၇ နာရီခွဲ လောက် အထိ မမစု နား မှာ အချိန် ကြာရှည် နေဖြစ်ခဲ့သည် ။ အစ်မကြီး မမဝင်း က မနက် ၈ နာရီ ကတည်း က ရောက်နေပြီး မမစု ရဲ့ လျှော်ဖွပ်စရာ ဆေးရုံ က အဝတ်အထည်တွေ တစ်ထုပ်ကြီး နဲ့ မို့ ကျွန်မ လူချင်း လဲ ပြီး ပြန် လွှတ်လိုက်တယ် ။ နေ့လယ်ကျရင် အခြား စာပေ ညီအစ်မတွေ လည်း လာကြဦး မှာ မနက် စောစော မမဝင်း ရှိတဲ့ အချိန် က စပြီး နေ့လယ် ၁၂ နာရီခွဲ လောက် ခင် ( တိုင်းရင်းမေ ) နဲ့ ပြုံး ( ပြုံးစာပေ ) တို့ ရောက်လာပြီး ထိုင်စောင့် နေကြတဲ့ အထိ မျက်လုံး မဖွင့်ဘူး ။
ကျွန်မတို့ စာပေညီအစ်မ သုံးယောက် သူ နိုးသွားမှာ စိုးလို့ စကားသံ ချွေတာပြီး ခြေဟန် လက်ဟန် နဲ့ ဆက်ဆံနေကြဆဲ မမစု ရဲ့ ချစ်လှစွာသော ကိုကိုကြီး က မွေးတဲ့ တူမချော မခင်နှင်းဆီ ရောက်လာတယ် ။ လက် ထဲမှာ ပန်းနုရောင် ရေမွှေးနှင်းဆီတွေ တစ်ပွေ့ကြီး နဲ့ ရောက်လာသူ ကို ကျွန်မတို့ ညီအစ်မ သုံးယောက် က ဆီးကြိုပြီး နှင်းဆီရိုးတံတွေ ဝိုင်းညှိ ၊ ရွက်စိမ်းရင့်တွေ ဖယ် ၊ ဆူးတွေ ထွင်ပေး နဲ့ ချက်ချင်းပဲ ဆေးရုံခန်းလေး ရဲ့ စားပွဲ ပေါ်က ပန်းအိုးမှာ ပန်းနုရောင် နှင်းဆီတွေ ဝေဆာ ပြီး တစ်ခန်းလုံး နှင်းဆီရနံ့တွေ သင်းပျံ့သွားတယ် ။
“ ရေ ... ရေလေး နည်းနည်း သောက်ချင်တယ် ”
နှင်းဆီရနံ့တွေ ကို ရှူရှိုက်လိုက်ရလို့ လန်းဆန်း သွားတယ် ထင်ရဲ့ ၊ သူ့ မျက်ခွံတွေ ပွင့်ပြီး လေသံ သဲ့သဲ့ ထွက်လာတယ် ။
“ ဟယ် .. ကြီးကြီး နိုးပြီ ၊ ရေသောက်ချင်တယ် ဟုတ်လား ရမယ် ... ရမယ် ”
သူ့ ရဲ့ အထူး သူနာပြုမလေး မချို က ချက်ချင်းပဲ ရေခွက် ထဲ က ရေ ကို ဇွန်းနဲ့ ခပ်ပြီး ဖြည်းဖြည်း တိုက်နေရာက -
“ တစ်ခါတည်း ကယ်စီလန် သောက်ရအောင်နော် ၊ အန်တီတို့ ရောက်နေတာ ကြာပြီ ”
ဆိုတော့ -
“ သိပါတယ်နော် ၊ အကုန် သိတယ် ”
လို့ ပြောတဲ့ သူ့ အသံ ဟာ ဖျော့တော့ပေမဲ့ အရင်လိုပဲ ချို နေတယ် ။ ဆရာမလေး က ကယ်စီလန် ဖျော် နေတုန်း ကျွန်မတို့ ထဲ ညီမငယ် ‘ ဝိုင်း ’ ရောက် လာတယ် ။ မကြာခင် ဆရာမ မရီဝေ ။
“ မနက်က တစ်ချိန်လုံး အဝင်း ထိုင် နေတာလည်း သိတယ် ။ ပြန်သွားတာပဲ မသိလိုက်တာ ၊ မေ့ခနဲ အိပ်ပျော်သွားလို့ ”
ဆိုတော့ တစ်ယောက် က -
“ ဟယ် ... မမစု စကားပြော အရင်လိုပဲတော့ ”
“ အရင်လို မပြောလို့ ဘယ်လို ပြောရမလဲ ”
ကျွန်မတို့ ကို သူ က လေသံတိုးတိုး နဲ့ ချိုချိုသာသာပင် ပြန် နောက်နေသေးတယ် ။
မနက် စောစော ကတည်း က အားဆေးပိုက်တွေ ၊ သွေးပိုက်တွေ ဘာမှ မကျန်တော့ဘဲ ဖြုတ်ထား ပြီးပြီမို့ ဆရာမလေး က -
“ ကြီးကြီး ထိုင် ကြည့်မလား ... ”
ဆိုတော့ ခေါင်းညိတ်ပြီး နောက် က ဆရာမလေး ခု ပေးတဲ့ ခေါင်းအုံးတွေကို ကျောမှီ ထိုင်ပြီး ကယ်စီလန် သောက်တယ် ။ ခဏနေတော့ ကျွန်မ ကို -
“ ညောင်းတယ် ၊ နောက်က လာထိုင် ” လို့ ခေါ်တော့ ကျွန်မ သူ့ နောက် မှာ ကပ်ထိုင်ပြီး သူ့ ပခုံးကလေးတွေ ကို ဖေးမ ထားလိုက်တယ် ။ ကျွန်မရဲ့ ရင်ခွင် နဲ့ ကပ်နေတဲ့ သူ့ ကျောပြင်ကလေး က နွေးလို့ ... ။
“ ရေခဲ .....စားချင်တယ် ”
ဝိုင်း က ဆရာမလေးချို ယူခဲ့ပေးတဲ့ ရေခဲတုံး သေးသေးလေးတွေ ကို တစ်ခုစီ ဇွန်းကလေး နဲ့ တယုတယ ခွံ့ပေးတော့ သူ တစ်ခါ ငုံပြီးတိုင်း ကျွန်မ ပခုံး မှာ ခေါင်းမှီ လို့ ကလေး တစ်ယောက် လို ပြုံးပြီး ကျေနပ်ဟန် ပြနေတော့ -
ဆရာမလေး က ...
“ အမယ် အမယ် ... သူ့ ညီမတွေ ၊ သူ့ သမီးတွေ လာလို့ ချွဲနေတာ ... ချွဲနေတာ ”
လို့ ပြောတာကို သူ က အားကျမခံ ပိုပြီး လုပ်ပြလိုက်သေး ။
အဲဒီလိုနဲ့ အချိန်တွေ ဘယ်လို ကုန်သွားတယ် မသိဘူး ။ ည ခုနစ်နာရီ ကျော်သွားမှ မမစု နဲ့ ဆရာမလေး ကို ထားခဲ့ပြီး ကျွန်မတို့ အားလုံး ပြန်ခဲ့ကြတယ် ။
လမ်းပေါ် ရောက်တော့ -
“ စုမေ က ဒီနေ့ တော်တော် လန်းတယ် ။ အန်တီဝင်း သိရင် ဝမ်းသာမှာ ။ ဟုတ်တယ် ၊ မမဝင်း က သူ နည်းနည်း ပြန် ထောင်လာရင် သူ့ မိသားစု နဲ့ တိုင်ပင်ပြီး အိမ် ကို ပြန် ခေါ်ချင်တယ်လို့ ပြောနေ တာ ”
“ မမစု က သူ့ အိမ်ကလေး ကို လွမ်းလှပြီ ၊ အိမ် ပဲ ပြန်ချင်တယ်လို့ မမဝင်း ကို ပူဆာ နေတာတဲ့ ”
“ မမစု အတွက် အချိန်က ရက်ပိုင်းကလေး ပဲ ရှိတော့တာ ။ သူ့ ရဲ့ အိမ်ကလေး မှာ ပဲ စိတ်ချလက်ချ နောက်ဆုံး ထွက်သက် အထိ နေသွားချင်ပုံရတယ် ”
“ ဟုတ်ပါတယ်လေ ၊ ဒီ ညနေ လို သာ ပြန်ပြီး လန်းဆန်းလာမယ် ဆိုရင် သူ့ ဆန္ဒတွေ ပြည့်ဝ သွားမှာ ပါ ”
“ မနက်ဖြန်ခါ ကျရင်လည်း မမစု ဒီအတိုင်းပဲ လန်းလန်းဆန်းဆန်း ရှိပါစေ ၊ သူ့ အိမ်ကလေး ဆီ ရောက်ပြီးတဲ့ အထိ စိတ်ကျေနပ်မှု ရပါစေ ၊ မမစု ရဲ့ နောက်ဆုံး အချိန်မှာ စိတ်ချမ်းသာပါစေ ”
လို့ ညီအစ်မတွေ တစ်ယောက် တစ်ပေါက် ဝိုင်းပြီး ဆုတောင်း မိကြတယ် ။
အချိန်တိုတိုကလေး ပဲ ကျွန်မတို့ နဲ့ အတူ ရှင်သန် နေထိုင်ခွင့် ပေးတော့မယ့် သူ့ ရဲ့ ကင်ဆာ ရောဂါဆိုးကြီး ကို ကျွန်မတို့ က ချော့မော့ပြီး မျက်နှာချို သွေး နေကြရတာလေ ။
စိတ်တူ သဘောတူ ဝါသနာတူ ပြီး အချိန်တိုတိုလေး အတွင်း မှာ တစ်ဦး ပေါ် တစ်ဦး ချစ်ခင် တွယ်တာ စိတ်ဓာတ်တွေ နဲ့ ရစ်ပတ်နှောင်ဖွဲ့မိကြတဲ့ ကျွန်မတို့ လူငယ် လူလတ်ပိုင်း စာရေးဆရာမ တွေ အတွက် ဂန္ထဝင် စာပေတွေ ရေးဖွဲ့နိုင်ခဲ့ကြတဲ့ သူတွေ နဲ့ ရင်းနှီး ကျွမ်းဝင်ခွင့် ရခဲ့တာ ဟာ ကျွန်မတို့ အတွက် မင်္ဂလာ တစ်ပါးပါ ။
အခု အချိန်မှာ တော့ -
စာပေအဝန်းအဝိုင်း ထဲက ညီမတစ် ယောက်ယောက် ကို မတွေ့ရတာ ကြာလေတိုင်း မြင်မြင်ချင်း -
“ ခုမှ ပဲ ပေါ်လာတော် မူရသလား မဖုရားရယ် ” လို့ အသံချိုချို နဲ့ ဆီးကြို ပြောတတ်လေတဲ့ သူ့ အနားမှာ ကျွန်မတို့ နေ့စဉ်ရက်ဆက် ရောက်လို့ နေကြရလေပြီ ။
မိသားစု သွေးသားရင်းချာတွေ နဲ့ တစ်နယ်စီ ခြားနေတာမို့ သူ့ ဘဝ မှာ အားအကိုးဆုံး က ကျွန်မတို့ ရဲ့ တတိယ အစ်မကြီး ဖြစ်တဲ့ မမဝင်း ပေါ့ ။ “ အဝင်း တစ်ယောက် ရှိပေလို့ သာပေါ့ ” လို့ သူ့ နှုတ် က တဖွဖွ ပြောတတ်လေတဲ့ အတိုင်းပဲ အိမ်ချင်း ၊ လူချင်း ၊ နှလုံးသားချင်း အနီးဆုံး ရိုင်းပင်း ပြီး မကွဲမကွာ ရှိတဲ့ မမဝင်း ကို သူ တစ်ယောက် သာ မဟုတ်ဘဲ ကျွန်မတို့ အားလုံး ကလည်း အားကိုး အားထား ပြုမြဲပင် ။
ကျွန်မတို့ စာပေညီအစ်မ တစ်စု ရဲ့ အစ်မ အကြီးဆုံး က မမစု ( ခင်နှင်းယု ) ၊ နောက် ဒုတိယ အစ်မကြီး မမဦ ( ခင်ဆွေဦး ) ၊ အဲဒီ ခင်ဆွေဦး ဆိုတဲ့ ညီမ က မမစု ကို “ ခင်ဦး ကလေ ... ခင်ဦး ကလေ ... ” လို့ ကလေး တစ်ယောက်လို ပြောတတ်ပြီး မမစု က ထုံးစံအတိုင်း -
“ နေစမ်းပါဦး မဖုရားရဲ့ ” လို့ အစချီပြီး သိချင်တာတွေ ကို မေးစမ်းတတ်တာ ။
ကျွန်မတို့ အထဲ က တတိယ အစ်မကြီး ကတော့ မမဝင်း ( ကလျာ - ဝိဇ္ဇာ / သိပ္ပံ ) ပေါ့ ။ ကျွန်မတို့ လို ပေါက်စနေး ... ပေါက်စန ညီမတွေ ရဲ့ မှီခိုရာ နဲ့ အစ်မကြီးတွေ ရဲ့ ယုံကြည်စိတ်ချ အားကိုးရာ စာပေညီအစ်မ မိသားစု အားလုံး ရဲ့ ဒဏ် ကို အခံနိုင်ဆုံး ၊ အကြမ်းခံ ၊ ရေစိမ်ခံ ၊ အနစ်နာခံ နှလုံးသားပိုင်ရှင်ကြီးပေါ့ ။ ဒါပေမဲ့ လူ ကသာ အကြမ်း ခံနိုင်ပေမဲ့ သူ့ မှာ အလွန် စိုးရိမ်စရာ ကောင်းတဲ့ နှလုံးရောဂါ အခံ ရှိတာကို သူ ကိုယ်တိုင် တစ်ခါခါ မေ့လျော့ ထားပုံရတယ် ။
နောက် စတုတ္ထမြောက် အစ်မ တစ်ယောက် က -
ခင် ( တိုင်းရင်းမေ ) ..
သူ က အစ်မကြီး သုံးယောက် နဲ့ ကျွန်မတို့ ညီအစ်မတွေ ကြားမှာ ထားရမယ့် ဂါရဝတရား ကို အစဉ်အမြဲ ဦးဆောင် လမ်းညွှန်သူ ။ သူ့ ရဲ့ အစီအစဉ် နဲ့ နှစ်တိုင်း အစဦးဆုံး ရက် မှာ ကျွန်မ တို့ လူငယ်တွေ စုပြီး အစ်မ သုံးယောက် ရဲ့ သီလ ၊ သမာဓိ ၊ ပညာဂုဏ် ကို စုပေါင်း ကန်တော့ခဲ့ကြတယ် ။ ဆေးရုံ မရောက်ခင် အိမ် မှာ မမဦး နဲ့ မမဝင်း တို့ ကို ကန်တော့ခဲ့ကြပြီး ကျွန်မတို့ ညီအစ်မ အားလုံး ရဲ့ စုဆောင်း ငွေ နဲ့ မမစု အတွက် အခု အချိန် မှာ အသုံးဝင်ဆုံး ဖြစ်တဲ့ ကယ်စီလန်ဘူးတွေ ဝယ်ပြီး -
“ ဒီနေ့ ဇန်နဝါရီလ ၁ ရက်နေ့ လေ ၊ ကျွန်မတို့ အစဉ်အလာ မပျက် ဆေးရုံ အထိ လာကြတာ ”
ဆိုတော့ မမစု က ပြုံးလို့ -
“ ဒါကြောင့် မဖုရားတွေ လူအစုံ ပါလာတာကိုး ”
လို့ ပြောပြီး ဝိုင်း ၊ မမွှေး ၊ ပုလဲ ၊ မိုးမိုးစန်း ၊ မဦး ၊ မပြုံး ( ပြုံးစာပေ ) ၊ မသက်ဆွေ ၊ မြသက်ခိုင် ၊ မမခင် ၊ မမဝင်း ၊ မဦး ၊ ကျွန်မ အပါအဝင် သူ့ အနား မှာ ဝိုင်းအုံ နေတဲ့ စာပေ ညီအစ်မတွေ သမီးတွေ ကို ကြည့်ပြီး ကျေနပ် နေရှာတယ် ။
မနေ့တုန်း က ကျွန်မတို့ အားလုံး တွေ့ဆုံပြီးတဲ့ ရက် နှစ်ဆယ်မြောက်နေ့ မမစု က ထူးထူးခြားခြား လန်းဆန်းလာလို့ ... သူ့ ကို အသက်ရှည်ရှည် နေစေချင်တာ က ကျွန်မတို့ စာပေညီအစ်မ တွေတင် မှ မဟုတ် ။ သူ့ ကို ချစ်သော ၊ သူ့ အနုပညာ ကို ချစ်သော သူ့ စာဖတ်ပရိသတ်တွေ ၊ သူ့ အပေါ် မြတ်နိုး တွယ်တာသူတွေ အများအပြားပါ ။ သူ ကိုယ်တိုင် ကလည်း စာပေ အဝန်းအဝိုင်း ကို အလွန်အမင်း တွယ်သူ ။ မန္တလေး က အမေ လူထုဒေါ်အမာ မွေးနေ့ပွဲ ကို နှစ်စဉ် မမဝင်း နဲ့ အတူ သွားနေကျ ။ ဒီနှစ် တော့ ကျန်းမာရေး ချို့ယွင်းမှု က သူ့ ကို ခရီးသွားဖို့ ခွင့် မပြုတော့ ။ မမဝင်း နှင့် ကျွန်မ သာ မန္တလေး သို့ ရောက်ခဲ့ရသည် ။
ကျွန်မတို့ မန္တလေး ရောက်နေတုန်း မှာ သူ့ ကို ရန်ကုန် ဗဟိုစည် ဆေးရုံ ကို တင်လိုက်ရတယ်လို့ သတင်း ကြားတော့ မမဝင်း က နှလုံး ထိခိုက်ပြီး ရောဂါအခံ ကြွလာလို့ ကျွန်မတို့ မျက်လုံးပြူး မျက်ဆန်ပြူး နှင့် မမဝင်း ကို မန္တလေး မှာ ဆေးရုံ ပြေး ပို့ကြရသေးသည် ။ ရန်ကုန် ပြန် ရောက်တော့ ကျွန်မ ရယ် ၊ မိချမ်းဝေ ရယ် ဘူတာကြီး ကနေ ဗဟိုစည်ဆေးရုံ ကို တန်းပြီး သွားကြတော့ သက်သာ နေပြီ ၊ သူကတောင် ဆီးပြီး -
“ မမမာ မွေးနေ့ပွဲ လုပ်တဲ့ ရက် တုန်းက မမစု လေ ဆေးရုံ မှာ အိပ်မက်တွေ မက်နေတာ ။ မစု တစ်ယောက်တည်း မန္တလေး ကို ရောက်ပြီး ဝါးခယ်မ မုန့်ဟင်းခါးတွေ အချိန် ၁ဝဝ တောင် ချက်နေတာတဲ့ ”
လို့ ပြောရှာတယ် ။ ကျွန်မ မမစု နဲ့ မမဝင်းတို့ ရဲ့ မျက်နှာတွေ ကို တစ်ယောက် တစ်လှည့်စီ ကြည့်ပြီး သူတို့ နှစ်ယောက် ရဲ့ သံယောဇဉ် ကွန်ရက်တွေ ကို တွက်ဆ နေဖြစ်တယ် ။ တစ်ဆက်တည်း မှာ ပဲ မနှစ်တုန်း က အဖြစ်အပျက် တစ်ခု ကို လည်း ပြေး မြင်ယောင် လိုက်တယ် ။ အမြဲ တတွဲတွဲ သွားနေကျ ဖြစ်တဲ့ နှစ် မှာပေါ့ ။
တည်းခိုရိပ်သာ ရဲ့ နှစ်ယောက်ခန်း တစ်ခု စီ မှာ မမစု နဲ့ မမဝင်း က တစ်ခန်း ၊ ကျွန်မ နဲ့ မရီဝေ က တစ်ခန်း ။
ည အိပ်ရာဝင်တိုင်း နှလုံးဆေးတွေ သောက်ရပြီး သူ့ အလိုလို နိုးလာမှ ကြည်ကြည်လင်လင် ရှိနိုင်တဲ့ မမဝင်း နဲ့ မမစု ရဲ့ အခန်း ကို မနက် အိပ်ရာနိုး ပြီးတာနဲ့ ကျွန်မ အခန်းတံခါး ကို သွား ဖွင့်ပြီး ချောင်း ကြည့် ဖြစ်တယ် ။
အခန်းတံခါးကလေး ဟ သွားတာ နဲ့ တစ်ဖက် ခုတင် မှာ တုန်ရီမိန်းမော နေတဲ့ မမဝင်း နဲ့ ဖြူဖွေး ပျော့ဖပ် နေတဲ့ နှုတ်ခမ်းအစုံ နဲ့ မျက်နှာလေး ငယ်ပြီး ရင်ဘတ် ပေါ် ကို လက်ကလေး ဖိပြီး အကြောက်ကြီး ကြောက် နေတဲ့ မမစု ကို မြင် လိုက်တော့ ကျွန်မ လန့် သွားတယ် ။
“ မမ ... မမစု ... ဘာဖြစ်လို့ လဲ ”
“ အဝင်း အဝင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေတုန်း မစု မနက် စောစောကြီး ကြွပ်ကြွပ်အိတ် ထဲက အဝတ်တွေ ရွေးတာ အဝင်း လန့် နိုးသွားပြီး နှလုံးခုန်တွေ မြန်နေလို့ လုပ်ပါဦး ၊ အဝင်း သာ တစ်ခုခု ဖြစ်ရင် မမစု ... မမစု ကြောင့် လုပ်ပါဦး ”
“ ရ ... ရပါတယ် ...... ခဏလေး ငြိမ်ငြိမ် မှိန်း နေလိုက်ရင် ပျောက်သွားမှာ ပါ ၊ ဆေး လည်း သောက်ပြီးပါပြီ ၊ မမစု ... စိတ်မပူနဲ့ ”
တစ်ယောက် နဲ့ တစ်ယောက် အပြန်အလှန် စိတ်ပူနေ အားပေး နေကြတဲ့ သူတို့ စာပေ ညီအစ်မ ကို ကြည့်ပြီး ကျွန်မ ... ။
••••• ••••• •••••
ဆေးရုံကြီး ဆင်ဝင်အောက် ကို ရောက်မှ ပဲ ကျွန်မ စိတ်တွေ က ပို မြန်လာတော့တယ် ။ လှေကားထစ်တွေ ပေါ် ခြေချ လိုက် မိပြီး မကြာခင် အဆောင် ၁၂ ကို ဖြတ်လို့ ဆေးရုံကြီး ရဲ့ သီးသန့်ခန်းကလေး ဆီ ကျွန်မ ဦးတည်လိုက်ရင်း -
မနေ့ က ထက် ပို နေကောင်းပါစေ ... မမဝင်း လည်း ရှိပါစေ .. အခြေအနေ ပေးရင် အိမ် ကို ပြန် ခေါ်သွားလို့ ရပါစေ .. လို့ ရင် ထဲက ထပ်တလဲလဲ ရေရွတ် နေမိပါတယ် ။
သီးသန့်ခန်းကလေး ရှေ့ အရောက် မှာ တော့ ကျွန်မ ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားတာ နဲ့ အတူ ရင်မှာ ထိတ်ခနဲ ဖြစ်ပြီး ဝေခွဲ မရတဲ့ ကြောင်စီစီ မျက်ဝန်းတွေ နဲ့ ပိတ်ထားတဲ့ တံခါးချပ်တွေ နဲ့ သော့ ခလောက်ကြီး ကို ငေးကြည့် နေမိတယ် ။
အဲဒီ အချိန်မှာ ဆေးရုံ က မျက်မှန်းတန်းမိတဲ့ သူနာပြုဆရာမလေး ရောက် လာပြီး
“ မနက် ၈ နာရီခွဲ ကပဲ ဆုံးသွားလို့ အအေးတိုက် ပို့လိုက်ပါပြီ ”
ကျွန်မ ရဲ့ ခေါင်း တစ်ခုလုံး အိုးထိန်းစက် လို ချာချာလည် ပြီး ဆေးရုံကြီး တစ်ခုလုံး မြေကြီး ထဲ ခွဲဝင် သွားသလို ခံစားလိုက်ရတယ် ။ ရင်ထဲ မှာ လည်း “ ဟာ ” ခနဲ ဒါဆိုရင် ... ဒါဆိုရင် ... မနေ့က အသွင်သဏ္ဌာန် ဟာ ညီမတွေ အပေါ် လှည့်စားရက်ခဲ့တာလား ၊ မျှော်လင့်ထားခဲ့တာ မှန်ပေမဲ့ ဒါလောက် မြန်မြန် မယုံချင်သေးဘူး ။
“ ဘယ် ... ဘယ်လို ဖြစ်သွားတာလဲ ဟင် ၊ ညတုန်းက အခြေအနေက ... ”
“ သန်းခေါင်ကျော် ပြီးလောက်မှာ Bleeding ရ လာပြီး ဆက်တိုက် ပင်ပန်းတော့တာ ၊ မနက် စောစောကြီး မှာ အတော် အားလျော့သွားလို့ ခြေထောက် ကို ခွဲပြီး အကြော ထဲ ကို သွေးတွေ သွင်းပေမဲ့ မရတော့ဘူး ၊ သူ့ ညီမ ရယ် ၊ သူ့ သမက် ရယ် ၊ ဆရာမကြီး ဒေါ်ကလျာရယ် ကို အကြောင်းကြားပြီး သူတို့ ရှေ့မှာ ပဲ ဆုံးသွားတယ် ”
ဪ ... မမဝင်း ရှေ့ မှာ တင် ဆုံးသွားတာတဲ့ လား ။ ဆရာမလေး လှည့်ထွက် သွားချိန် အထိ ကျွန်မ နေရာ က မခွာနိုင်သေး ။
အတန်ကြာမှ လေးလံတဲ့ ခြေလှမ်းတွေ နဲ့ လှည့် အထွက် ကြမ်းပြင်ထက် မှာ ....
“ ဟင် ... ”
နှင်းဆီပွင့်လေး တစ်ပွင့် ...
မနေ့တုန်းက လန်းဆန်း လှပနေတဲ့ပ န်းနုရောင် နှင်းဆီကလေး တစ်ပွင့် ...
တံခါး အောက်ခြေ မှာ ကျကျန်ခဲ့ပြီး ညှိုးဖျော့နွမ်းဖပ်လို့ ပါလား ...
▢ သန်းမြင့်အောင်
📖 ဝတ္ထုတိုပေါင်းချုပ်
No comments:
Post a Comment