Thursday, May 15, 2025

ပြောပေါင်


 

❝ ပြောပေါင် ❞
( ရန်ကုန်ဘဆွေ )

သိပ် ရယ်ချင်တာပဲ ။

ရင် ထဲ မှာ လည်း ဟာတာတာ ချည်း ၊ ဝမ်းနည်းရ မလိုလို ပျော်ရ မလိုလို နဲ့ မျက်ရည်တွေ ဝိုင်းရင်း ကတုန်ကယင် ဖြစ်နေရာ က သိပ် ကို ရယ်ချင်တာပဲ ။

အစ်မ တို့ အကြောင်း ကို တွေးမိလို့ပေါ့ ။

ဒါကို သူ က ဇွတ် မေး နေတယ် ။

ဘာ ပြုံးတာတုံး … တဲ့ ။

သူ မေး ကာ မှ ပိုပြီး ရယ်ချင်လာတယ် ။ မျက်ရည်တွေ ဝိုင်းနေရာ က ခစ်ခနဲ ကို အသံ ထွက် သွားတာပဲ ။

ဒါပေမယ့် သူ့ တော့ မပြောချင်ပေါင် ။

သူ က လည်း မပြောချင်တာကို မှ ဇွတ်မေး မေးနေတာပဲ ။

နေရာတကာ အားကြီး သိချင်တယ် ။

လူကြီး ကို က ...

မုန်းစရာ …. ။

••••• ••••• •••••

ဦးစွန်းဖုတ်ကလေး နဲ့ တုန်းကပေါ့ ။

လမ်းမ ပေါ် က အသံတွေ ကတော့ ...

ဘီးဘီး ၊

ဘာဘီးလဲ ....

ရွှေဘီး ... ၊

ရွှေစော်နံ ပြန်လေဦး … တဲ့ ။

သံပန်းကန် ထဲ မှာ ကျန်နေတဲ့ ထမင်းတွေ ကို ပလုတ်ပလောင်း ဆုပ်ဆုပ် သိပ်တာတောင် မကုန်နိုင်တော့ ဖိနပ်ချွတ် ပေါ်က နေပြီး အိမ်ရှေ့ ကို ပက်ကြဲ ပစ်လိုက်တယ် ။

အဲတော့ အမေ့ လက်ခေါက် အရိုးချွန်ချွန်ကလေး ဟာ ပြောင်းဖူးမွေးရောင် သမ်းနေတဲ့ ကျွန်မ ခေါင်းပေါ် ကို ဒေါင်ခနဲ မြည်အောင် ကျလာပြီး ...

“ တံမြက်စည်း နဲ့ လှဲပစ်စမ်း ၊ စည်းကမ်းမဲ့တဲ့ ကောင်မ ” တဲ့ ။

ပါးစပ် ထဲ မှာ ကျန် နေတဲ့ ထမင်းလုတ် ကို စားရင်း ဘယ်လက် က တော့ ခေါင်း ကို ပွတ်လို့ ။ ညာလက် ကတော့ ရေအင်တုံ ထဲ နှစ်ပြီး လမ်းဘက် ကို ခပ်ငေးငေး နဲ့ ဆယ် အတင်လိုက်မှာ ...

“ ထမင်းအိုးလေး … တည်ပါရစေဦး ”

“ ဟင်းအိုးလေး … တည်ပါရစေဦး ”

“ ငါးပိရည်အိုးလေး ... တည်ပါရစေဦး ”

ဆင်ဖြူတော် တံခါးပိတ် ဂျိတ် ။

ဒီ ကောင်မလေး ဘယ်က ကောက်ရတယ် ။

ထန်းပင် အောက် က ကောက်ရတယ် ။

ထန်းသီး သီးချိန် တို့လှူချိန် တို့သမီး တို့သား ပျောက်ပါတယ် .. ။

ဆိုတဲ့ အသံတွေ ဟာ နား ထဲ ကို အလုအယက် စုပြုံပြီး ဝင်လာကြသတော့ ။

လမ်းဘက် ကို ငေးကြည့် နေရာက သံပန်းကန်ပြား ကို ဂွမ်းခနဲ ကျပ်ခိုးစင် ပေါ် ပစ် တင်လိုက် ပြီးတော့ တင်ပါး ပေါ် လက်ကလေး သုတ် လို့ အိမ် အောက် ကို ဆင်းပြေးမယ့် အလုပ် မှာ ..

မီးခွက် တစ်ခွက် နဲ့ သနပ်ခါး လိမ်း နေတဲ့ မမ က ပေါ့ -

“ ဟဲ့ ကောင်မလေး … စားပွဲခုံ သိမ်းလိုက် ” တဲ့ ။

ဒါနဲ့ နှုတ်ခမ်း ကို ချွန်ပြီး မျက်စောင်း ပစ်ထိုး လိုက်ရင်း စားပွဲခုံကြီး ကို ဒီအတိုင်း ထရံဘေး ဆွဲထောင် လိုက်တာပေါ့ ။

ဖိနပ်ချွတ် ကို လည်း ဆင်း လိုက်ရော ...

အမေက “ နင် ကြဲထားတဲ့ ထမင်းတွေ လှဲ မပစ်ဘူးလား ” တဲ့ ။

“ ညောင်ပင်တစ္ဆေ ၊
ဝေလေလေ ၊
နင် ဘယ်ကိုင်း မှာ နေ ၊
ညောင်ကိုင်း မှာ နေ ၊
နင် ဘာသီး စား ၊
ညောင်သီး စား ၊
နင် ဘာရေ သောက် ၊
ညောင်ရေ သောက် ... ”

“ ဒါ … သာမြ တို့ ပွတ်စူး တို့ အသံတွေပဲ ”

ဒီလိုဆို သာအေး တို့ ကြွက်နီ တို့ ဂွတို တို့ တောင် ရောက်ကုန်ကြပါပကော ။

အိမ်ရှေ့ က မြေတလင်းကလေး ကို တံမြက်စည်း နဲ့ နှစ်ချက် သုံးချက် ယမ်းပြီး ရွာလမ်းမ ဆီ ကို ပြေးမယ် လည်း လုပ်ကရော …

အဖေ က “ ဟဲ့ … ကောင်မလေး … ဆေးပြင်းလိပ် တစ်လိပ် သွားဝယ်စမ်း ” တဲ့ ။ ကြည့်ပါဦး သူ့ သမီးကြီး ကိုတော့ မခိုင်းဘူး ။ ဘာလေးဖြစ်ဖြစ် သူများချည်း ဝိုင်းဝိုင်း ခိုင်းကြတာပဲ ။ အဖေ့ လက် ထဲ က ပိုက်ဆံ ကို စူစူအောင့်အောင့် ဆတ်ခနဲ ဆွဲထည့်ပြီး ကိုဆာမိကြီး တို့ဆိုင် တန်းအပြေး မှာ ဧသာ က လှမ်း အော် လိုက်သေးတယ် ။

“ ဟဲ့ ကောင်မ …. မလာဘူးလားတဲ့ ”

အေး … ငါ ခု လာခဲ့မယ်လို့ လှည့် ပြောလိုက်ရင်း စိတ် ထဲ ကလည်း ပျော် သွားတော့ ပါးစပ် က “ ဖြီးဖြီး - ဖြီးဖြီး ” နဲ့ အော်ပြီး ခြေထောက် ကလည်း စည်းချက်ကျကျ ခုန်ဆွ ခုန်ဆွ နဲ့ ပြေးလိုက်တာ ကိုဆာမိကြီး တို့ ဆိုင် ထဲ ဒုတ်ဒုတ်ထိ ပဲ ။

ကိုဆာမိကြီး က လည်း သူ့ကွင်း ထဲက ကု,လားမတွေ နဲ့ ဝန်းဒု - နာလု - မွန်းဒု လုပ်နေလိုက် တာ ဆေးလိပ် ကို တော်တော် နဲ့ ဝယ်လို့ မရဘူး ... တော့ ။ ဒါနဲ့ အတင်း ပိုက်ဆံ ပေး ၊ အတင်း ဆေးလိပ် ဆွဲ ၊ အိမ် လည်း ပြန်ရောက်ရော အဖေ့ ကို ဒရောသောပါး ပေးပြီး လှည့်ပြေးမယ့် အလုပ်မှာ …

“ ဟဲ့ ... ဘုရားမီး ထွန်း သွားဦးလေ ” တဲ့ အဖေ က …

သူ့ သမီးကြီး က တော့ ခုထက်ထိ မှန် ရှေ့မှာ ။ မှန် ထဲ များ ဖောက်ဝင် မတတ်ပဲ ...

ကြည့်ပါဦး … မီးခြစ် ပေးတာတောင် မျက်နှာ ကို မှန်ဘက် က မလှည့်ဘူး ။ ရော့ မီးခြစ် ဆိုပြီး ပစ်ပေးလိုက်တာပဲ ။

ကဲ ... ဒါလောက်တောင် ဖြစ်တာ ဒီ မီးခြစ် ကို ကြမ်းပေါက် ထဲ တမင် ဖြဲချ ပစ်လိုက်မယ် ။ မှတ်ကရော … ။

“ ဟောတော့ ... မီးခြစ် အောက် ကျသွားပြီ ”

“ ဘာလဲ … ညည်း တမင် ချပစ်တာ မဟုတ်လား ”

“ ဘယ်ဟုတ်ရမှာလဲ … မမ က လှည့် မကြည့်ဘဲ ပစ်ပေးလိုက်တာ ကို ”

“ ညည်း … မပလီပါ နဲ့ ၊ ညည်း တမင် ချပစ်တာပါ ၊ ငါ မြင်ပါတယ် ”

“ အမယ် မမ မမြင်ပါဘူး .. မမ ဟာ မမ မှန် ထဲ မှာ စက်စက်ယို နေပြီး မီးခြစ် ကိုတောင် မကြည့်ဘဲ လက် နဲ့ စမ်းပစ်လိုက် လို့ ကြမ်းပေါက် ထဲ ကျသွားတာပေါ့ ”

မမ ဖြစ်ပုံလေ .. စိတ်ဆိုးလွန်း လို့ တစ်ကိုယ်လုံး တုန်နေရာက အပုံချည်း ကြာမှ ငါ သနပ်ခါးတုံး နဲ့ ပေါက်လိုက်ရ သွား .. ညည်း သွား ကောက်ချေတဲ့ ။

ဒီတုန်းကများ ခုလို နည်းနည်းကလေး ကြီးလို့ ရွယ်သာ တူရင်တော့ သွားချေးယိုးဒယား ကပ်သွားအောင် မမ ပါးကြီး ကို ဗြန်းခနဲ ပြေး အခွပ်လိုက်ပေါ့ ။

ဟိုတုန်းက ဆိုတော့ မျက်စောင်း ထိုးရုံ ထိုးပြီး ဇောင့်ခနဲ လှည့်လာခဲ့ရုံ က လွဲလို့ ဘာမှ ကို မလုပ်ဝံ့ဘူး ။

အို ... အဲဒီ အချိန်က ဆိုရင် အစ်မ ကို သိပ် .. သိပ် မုန်းတာ ။

••••• ••••• •••••

ခဏခဏ ပြေပြေကျတဲ့ သျှောင်ကလေး ကို ရစ် ၊ ထဘီကလေး ကို တိုတိုကျစ်ကျစ် ဝတ်ရင်း ပြေးရ ၊ လွှားရ ၊ အော်ရ ၊ ဟစ်ရ ၊ ငြင်းရ ၊ ခုံရတာ ဖတ်ဖတ်ကို မောလို့ ။

ငွေရည်တွေ ယို နေတဲ့ လ,ကလေး ကွေးကွေးတောင် ပဲ့ကလေး ထောင်ထောင် နဲ့ မိုးပြာကြီး အလယ်ကောင် ကို ရောက်နေပြီ ။

တူပြီလားဟေ့ ... တဲ့ ။

လိုက်တဲ့ လူ ကဖြင့် မေးလှပြီ … တူပြီဟေ့ လို့ ပြန် အော်မယ့် အလုပ် ငှက်ပျောပင်အုပ်ကြီး ရဲ့ အောက် မှာ ကြောက်စရာချည်းတော့ ။

အလိုလေးတော် … ဘာများပါလိမ့် ။

တစ်နေရာတည်း ရပ်ပြီး ရှေ့ လည်း မတိုးဝံ့ ၊ နောက် လည်း မဆုတ်ဝံ့ ၊ အော် လည်း မအော်ဝံ့ ၊ လှုပ် လည်း မလှုပ်ဝံ့ နဲ့ ကျွန်မ တစ်ကိုယ်လုံး ချွေးစေးတွေ ကို ပြန် … လို့ ။

လေပြည်ကလေး က အေးခနဲ အသိမ်းလိုက် .. ယိမ်းခနဲ တိမ်းသွားတဲ့ ငှက်ပျောရွက်တွေ ကြား မှာ ဖွေးခနဲ ယိုဆင်းလာတဲ့ လ,ရောင်ကြောင့် တော်သေးတာပေါ့ ။

အစ်မရယ် လေ .. မျက်နှာ မှာလည်း သနပ်ခါးတွေ အဖွေးသား နဲ့ ဒီ ငှက်ပျောပင်အုပ်ကြီး ကြား မှာ ဘာများ လာ ... လုပ် .. နေ ။

အလို .. ဟိုဘက်က … လာနေတာ .. ကိုရင်သာဇ ။

သူတို့ …. သူတို့ ...

လမ်းပေါ် က အဖော်တွေ က ဒွေးမေရေ လာဟေ့ ဒီမှာ မိနေပြီတဲ့ ... ။

မကစားရရင် နေပေစေ ဒီတစ်ခါ အစ်မ တော့ လား ။

••••• ••••• •••••

သူတို့ တော်တော်နဲ့ လည်း စကား မပြောကြဘူးတော့ ။

ကိုရင်သာဇ မျက်နှာ ကလည်း ရယ်စရာကြီး ။

သူ့ လက်ကိုင်ပဝါ ညစ်ထပ်ထပ် ကို အိတ် ထဲ က ခဏခဏ ထုတ်ပြီး နဖူးက ချွေး ကိုပဲ သုတ် နေရတာနဲ့ အမော ။

အစ်မ က တော့ ခေါင်းကလေး ငုံ့လို့ သူ့ အင်္ကျီ က ဖန်ကြယ်သီးကလေး ကို ပဲ လက် နှစ်ဖက် နဲ့ ဆိတ်ဆိတ် နေတာပဲ ။

လရောင်ကြောင့် ဖန်ကြယ်သီးကလေး က လက်လက် သွားတာများ ငုံ့ ... ငုံ့ ... ကြည့်နေတာလား ။

ငါ့ နှယ်နော် ... သူတို့ အစား ပျင်းစရာ ကောင်းပါဘိ ။

ကြည့်ပါဦး ... စိန်ပြေးတမ်း လည်း မကစားရဘဲ နဲ့ အလိုလို ရပ် နေရင်း မောနေလိုက်ကြတာ ၊ သူတို့ အသက်ရှူသံတွေ ဒီက တောင် ကြားနေရတယ် ။

ဟော ... ဟော .. ကိုသာဇကြီး က လက်ကိုင်ပဝါ နဲ့ ချွေး သုတ်ပြန်ပြီ ။

အလဲ့ … ကိုသာဇကြီး က အစ်မ အနား တစ်လှမ်း တိုးလာတယ်တော့ ။

အစ်မ က တော့ မော့တောင် မကြည့်ဘူး ၊ ရပ်မြဲ ရပ် ငြိမ်မြဲ ငြိမ်လို့ ။

“ ငါ လာမှ လာ တွေ့ပါ့မလားလို့ … ”

“ လာမယ် ဆိုတဲ့ နောက် လာမှာပေါ့တော့ ”

အမယ်လေး …. သူတို့ အသံတွေ ကလည်း အဖျား တက်နေတဲ့ လူတွေ ကျနေတာပဲ ၊ ဘာပြု လို့များ ဒီလို ဖြစ်နေကြပါလိမ့် ။

ကြည့်ပါဦး ... တိတ်သွားကြ ပြန်ပြီ ။

လမ်းပေါ် က ကစား နေတဲ့ လူတွေ တောင် သိမ်းကုန်ကြပြီ ။ ကတဲတော် သူတို့ စကား တစ်လုံး တစ်လုံး ပြောမယ့် အရေး ကလည်း စောင့်လိုက်ရတာ အိပ်တောင် အိပ်ချင်ပါပြီ ။

သုတ်ရပြန်ပြီတော့ ... ချွေး … ။

အစ်မ လက် ထဲက ဖန်ကြယ်သီး လည်း ချေရတာ နဲ့ ကြေသွားတော့မှာပါပဲ ။

သူတို့ စကားပြောတာ နားထောင် နေမယ့် အတူတူ ၊ အခု ကြား နေရတဲ့ တောင်ပိုင်း က ကိုသာလူကြီး ပလွေသံ သွား နားထောင် နေရတာ က ခပ်ကောင်းကောင်း ရှိဦးမယ် ။

ဟော … ဟော … အစ်မ က ကိုရင်သာဇကြီး ကို မျက်လုံးသူခိုး နဲ့ ကြည့်ပြီး မျက်လွှာ ပြန် ချလိုက်တယ်တော့ ။

“ ကျုပ် ပြန်တော့မယ် ... တော့ ”

“ နေပါဦး … စကားမှ မပြောရသေးဘဲနဲ့ ”

ဟေ ... ဟေ့ ... ကိုရင်သာဇကြီး က အစ်မ လက်မောင်းကို ကိုင် ထားတယ်တော့ ။

အစ်မ က ကိုရင်သာဇ ရဲ့ လက်ချောင်းကြီးတွေ ကို လက် တစ်ဖက် နဲ့ ရွရွကလေး ဆွဲ ဖြေ နေတယ် ။ ကိုရင်သာဇကြီး က လွှတ်မပေးဘူး ၊ အာဂ လူကြီး …. ။

ဟော ... ကျန်တဲ့ လက်တစ်ဖက် နဲ့ ချွေးသုတ်ရ ပြန်ပြီ ။

အမယ်လေးနော် ... သူတို့ နှစ်ယောက်သား ဖြစ်နေ လိုက်ကြတာ ၊ ဘာပြုလို့များ ဒါလောက် တုန်တုန်ယင်ယင်ချည်း အသံတွေ ရော လက်တွေ ရော ... ။

“ ဘာ … ဘာပြော မလို့လဲ .. ပြော ၊ ပြောမှာ ဖြင့် မြန်မြန် ပြောပါ ”

အမယ်လေး ဟဲ့လေး … အစ်မ က လည်း ဖြစ်နေလိုက်တာ ၊ အခုမှ အသံ မထွက်တော့ဘူး တော့ ။ စောစောက ငါ သနပ်ခါးတုံး နဲ့ ပေါက်လိုက်ရ ဆိုတုန်း ကဖြင့် ထွက်လာလိုက်တဲ့ အသံ .. ။

“ ဟို .. ဟို .. ငါ နင့် ကို သိပ်ချစ်တာပဲဟ .. ”

“ စာ ရ ကတည်း က သိသားပဲ ”

“ နို့ ... နို့ ... နင် က ”

“ စာ ထဲမှာ ပြန် ပေးထားသားပဲ ”

“ ပါးစပ် က လဲ ပြော ... ပြောဦးမှပေါ့ဟ ”

ဟီဟိ ... သူတို့ စကားပြော နေကြတာက ရယ်စရာချည်းတော့ ။

တစ်ယောက် မျက်နှာ လည်း တစ်ယောက် မကြည့်ရဲကြဘူး ။ အစ်မ ဆိုရင် အသံတောင် မနည်း နားထောင်ယူရတယ် ။

ဟော ... ဟော .. ခုမှ သူတို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကြ ... အမယ် အစ်မ က မျက်စောင်း နဲ့ ခပ်ထေ့ထေ့ ကြည့်တာတော့ ဟော ... ဟော ... ။

“ ချစ် .. ချစ်ပါတယ် ဆိုနေမှ ”

အဟေ့ … အစ်မ ပြောပုံက မပွင့်တပွင့် နဲ့ နှုတ်ခမ်းလေး စူလို့ ၊ သူ့ ကိုယ် သူ ကလေးလေးများ အောက်မေ့နေလား သိဘူးတော့ .. တကယ့်ကို ရယ်စရာချည်း ။ အမယ်လေး အသံ မထွက်အောင် မနည်းချည်း ကို အောင့်ထားရတယ် ၊ ရယ်စရာကောင်းလိုက်တာ ။

ဟောတော့ .. ကြက်တွေ တောင် တွန် ကုန်ကြပြီ ၊ အိပ်လည်း အိပ်ချင်လှပါပြီ ။ အစ်မတို့ ကလည်း ဒီအတိုင်း ဒီအတိုင်း ရပ်လို့ တော်ပါသေးရဲ့ ။

“ ကျုပ် ပြန်တော့မယ်တော့ ” တဲ့ အစ်မ က … ။

“ နေ … နေပါဦး ”

အမယ် ကိုရင်သာဇ အသံကြီး ကလည်း ဘယ်လိုပါလိမ့် ။

“ ဘာ … ဘာပြောစရာ ရှိသေးလို့လဲ ”

ဟင် … အစ်မ အသံ ကလည်း ကတုန်ကယင်ကြီး နဲ့ ။

“ သွားတော့မယ် တော် .. ”

“ နေ … ။ နေပါဦး ဒွေးလှ ရာ ”

“ အို … လွှတ်လို့ ဆို ”

အစ်မ ကို လေ ကိုသာဇကြီး က ဖက်နမ်းတယ် တော့ ။ အစ်မ က လည်း ခေါင်း သာ ငုံ့ ပြီးတော့ ရှောင်နေတာ ၊ ရုန်း တောင် မရုန်းဘူး ။

သူတို့ ကို ကြည့်ရင်း သိပ်သိပ်ပြီး ရယ်ချင်လာတာ နဲ့ ပါးစပ် ထဲ မှာ ထဘီကလေး ဆို့ပြီး တခွီးခွီး နဲ့ ဖြစ်နေတော့ … ။

အစ်မတို့ က အသံ ကြားတယ် ထင်ပါရဲ့ ၊ လန့်ပြီး လူချင်း ခွဲလိုက်ကြတယ် ။ ကိုသာဇကြီး က လည်း ပြေးမလို့ …. ။

ပြီးတော့မှ အစ်မ က အထိတ်တလန့် နဲ့ ကြည့်ရင်း “ ဒွေးမေ … ” တဲ့ ။

“ ဟီဟိ .. ဘာတုံး ”

သိတဲ့ အတူတူ မထူးဘူး ဆိုပြီး ပုန်းနေရာ က မတ်တတ်ထ လိုက်တော့ ..

“ နင် ဘာလို့ ဒီကို ... ”

“ အမယ် ဘာလဲ ၊ အမေ့ ကို တိုင်ပြောမယ် ”

အစ်မ လည်း တစ်ခါတည်း ကို တိတ် သွားတာပဲ ။ ကိုရင်သာဇကြီး ကတော့ နောက်ကနေ ဖက်ထားရင်း ...

“ မတိုင်ပါနဲ့ ညီမလေး ရာ ... တိုင်ရင် နင့် မမ အရိုက် ခံရမှာပေါ့ ” တဲ့ ... ။

“ ရိုက်ပေစေ ၊ ရိုက်အောင် တိုင်မှာ ။ ဖယ် ... ကိုရင်သာဇကြီး ”

“ လိမ္မာသားနဲ့ဟယ် … ညီမလေး ကလဲ ဒေါသချည်းပဲ ။ ဘာလို့ နင့် မမ ကို ရိုက်စေချင်ရတာလဲ ”

“ ရိုက်စေချင်တာပေါ့ ၊ ညနေက ဘာလို့ သူများ ကို သနပ်ခါးတုံးနဲ့ ပေါက်မယ်လို့ ပြောလဲ ။ ပြီးတော့ ခဏ ခဏ ထုလဲ ထုတယ် ၊ ဆွဲဆွဲလဲ လိမ်တယ် ။ ဒါ့ကြောင့် တိုင်မယ် ... တိုင်မယ် … ဟောဒီမှာ အမေ ရဲ့ ”

ကိုရင်သာဇကြီး က ပါးစပ် ကို အတင်း ပိတ်ထားရင်း …

“ ဒွေးမေ ၊ ညီမလေး ရယ် နောက်ကို နင့် မမ က ဒီလို မလုပ်စေရပါဘူး .. နော် .. နော် ၊ ဒွေးလှ ကလဲ မလုပ်ဘူး မဟုတ်လား ။ ကဲ မလုပ်ပါဘူးတဲ့ကွယ် ၊ ကြည့်စမ်း နင့်မမ ငိုနေတာ ကို မသနားဘူးလား ၊ နင့် မမ ကို မကျေနပ်ရင် ရိုက်ပေါ့ ၊ ဟောဒီလို ဟောဒီလို ရိုက်ပေါ့ ၊ နင့် မမ က ခံမှာပဲ ၊ ဘယ့်နှယ့်မှ မလုပ် တော့ဘူး ”

ကိုသာဇကြီး က ပြောပြောဆိုဆို နဲ့ ကျွန်မ လက် ကို ယူပြီး မမ ကို ရိုက်ပြတယ်တော့ ။ မမ ကလည်း တရှုပ်ရှုပ် ငိုနေတာပဲ ၊ ဘာမှ ပြန် မပြောတော့ဘူး ။

“ နော် … နော် … ညီမလေး ရယ် ၊ နင့် မမ ကို ပြန် မတိုင်ဘူး မဟုတ်လား ”

ကျွန်မ လည်း မမ ကို ကြည့်ရင်း စိတ် ထဲ မှာ နည်းနည်း သနားလာတာနဲ့  ။

“ ဒါဖြင့် နောက်ကို မရိုက်ဘူး ၊ မဆူဘူး လို့ မမ က ပြောမှ ... ”

“ မရိုက်ပါဘူး မဆူပါဘူးတဲ့ကွယ် .. ဟုတ်တယ်နော် ဒွေးလှ ”

မမ လည်း ငိုနေရာ က တွင်တွင်သာ ခေါင်း ကို ညိတ်ပြ နေရှာတာပဲ ။ ဒီတော့လည်း သနားစရာ အကောင်းသား ။

အဲဒီနေ့ က စပြီး ကျွန်မ ကို မမ က ဘယ်တော့မှ မဆူတော့ဘူး ။

••••• ••••• •••••

မမ လေ .. နောက် မကြာခင်ပဲ ကိုရင်သာဇကြီး နောက် ကို ခိုးရာ လိုက်မလို့ … တဲ့ ။

“ မလိုက်ပါနဲ့ မမ ရယ် … ဘာလို့ လိုက်မလဲ ၊ ကိုရင်သာဇကြီး ကို အိမ် ခေါ်ထားပါ ” ဆို တော့ အမေ တို့ က သဘော မတူလို့တဲ့ ။

“ အမေတို့ က သဘော မတူလဲ မယူဘဲ ထားလိုက်ပေါ့တော် ၊ ကိုယ့် အမေ တွေ အဖေ တွေ နဲ့ တော့ မခွဲနိုင်ပါဘူး ။ ကိုယ် မယူဘဲ ထားရင် ဘယ်လိုမှ ဆွေမျိုး တော်မှာ မှ မဟုတ်တာ ” လို့ ပြောလိုက်တော့ မမ က ပြုံးသတော့ ။ မမ ပြုံးခါ မှ ပြုံးရော ၊ “ မမတို့ တွေ့ကြတဲ့ ည က ဆိုရင် မမတို့ ကြည့်ရတာ ပျင်းစရာကြီး ၊ အိပ်ငိုက်တောင် လာတာပဲ ” လို့ ပြောလိုက်တော့ မမ လေ သွားကလေးတွေများ တောင် ပေါ်လို့ ။

အရင်တုန်း က သာ မမ တစ်ယောက် ဒီလို အိမ် က ထွက်သွားရမှာ သိရင် သိပ်ဝမ်းသာမှာ ။

အခု မမ က အရင်လို မဆူမရိုက်တော့ မမ သွားတော့မယ် ဆိုရင်ပဲ စိတ် ထဲ မှာ ဟာတာတာ ။

ဒါပေမယ့် မမ စိတ်ချမ်းသာပါစေ ဆိုပြီး ကိုရင်သာဇကြီး နဲ့ ခိုးရာလိုက် ပြေးကြတာ ကို ကမ်းနား သမ္ဗန်ဆိပ် ထိအောင် လိုက်ပို့ ပေးခဲ့ပါရဲ့ … ။

••••• ••••• •••••

ရွာကြီး တစ်ခုလုံး တိတ်ပြီး တုတ်တုတ်မှ မလှုပ်ပေမယ့် မိုးဖွဲကလေးတွေ ကတော့ ကျနေလျက်ပဲ ။

မိုးမိုးမည်းမည်း နဲ့ ငုတ်တုတ်ကြီးတွေ ထိုင် နေကြတဲ့ ကမ်းနား က လမုပင်ကြီးတွေ ဟာ တစ်ခါတစ်ခါ လေကလေး လာပြီ ဆိုမှဖြင့် သူတို့ ရဲ့ ကိုယ် ပေါ်မှာ တင်နေကြတဲ့ မိုးဖွား မိုးပေါက် တွေကို ခါချ ပစ်ကြတယ်တော့ ။

ပလွေသံကလေး ရပ်သွားပြီးတဲ့ နောက် မြောက်ပိုင်း က သံရှည် ဆွဲပြီး အူ လိုက်တဲ့ ခွေးအူသံ လည်း ပျောက်ကရော ကိုရင်သာဇကြီး လည်း ရောက်ကရော ။ ကျွန်မတို့ ညီအစ်မ နှစ်ယောက် လည်း ကိုရင်သာဇကြီး နဲ့ အတူ ကမ်းနား ကို ဆင်းခဲ့ကြတာပဲ ။

သမ္ဗန်ဆိပ် ဘေးမှာ ရှိတဲ့ ဓနိပင်တွေ ကတော့ လက်ဝါးကြီးတွေ ဖြန့်ဖြန့်ပြီး ကျွန်မတို့ တစ်တွေ ကို ဆီးကြိုရင်း လက်ယပ် ခေါ်ကြလို့ …. ။

အေးရတဲ့ အထဲ မှာ တိုက် လိုက်တဲ့ လေ က လည်း လွန်ပါရော ။

ရှောစောင်ကလေး ခြုံ ထားတဲ့ မမ ကို ကိုရင်သာဇကြီး က လည်း တယုတယ နဲ့ ကျောကလေး ကို ဖေးလို့ ။

မမ တို့ စီးရမယ့် သမ္ဗန်ကလေး က လည်း တံတား ပေါ် ကို မေးတင်လို့ ။ သူတို့ နှစ်ယောက် သမ္ဗန် ပေါ် ရောက်တဲ့ အချိန် မှ မိုးမှုန်တွေ ကြား ထဲက လ,ရောင်ကလေး ခပ်ရေးရေး ကတော့ ခပ်မှေးမှေး နဲ့ လင်းလိုက်ရှာတယ် ။

“ သွားမယ် ဒွေးမေ … ” ဆိုပြီး သမ္ဗန် ကို ခွာသွားတော့ မမ ရဲ့ မျက်လုံး မှာ မျက်ရည်ကလေး တွေ က ဝဲလို့ ။

နက်ကျောကျော မြစ်ပြင်ကြီး ပေါ်မှာ သမ္ဗန်ကလေး ခွာသွားတယ် ဆိုရင်ပဲ ခတ်တက် က ရေရောင်ကလေးတွေ ဟာ လက်ခနဲ လက်ခနဲ ဖြစ်ပြီး ရေ ပေါ်မှာ အကွက်ကလေးတွေ ထင်ထင် သွားလေရဲ့ ။

သမ္ဗန်ကလေး ဟာ တဖြည်းဖြည်း ဝေးပြီး မိုးမှုန်ကလေးတွေ ဝေ့ နေတဲ့ မြစ်ပြင် ပေါ် မှာ ခတ်တက်သံ နှင့် အတူ ပျောက်ကွယ်သွားခါ မှ မျက်ရည်ပေါက်ကြီးတွေ ကျကျ လာပြီး အလိုလို ရှိုက် နေမိလျက်သား ဖြစ်နေတော့တာကိုး ။

စိတ် ထဲ မှာတော့ မမတို့ ဒီလို သွားကြတာ ကို ပဲ သနားရ မလိုလို ၊ ကြောက်စရာ ကောင်းတယ်ပဲ ပြောရ မလိုလို ၊ အတင့်ရဲတယ်ပဲ ပြောရ မလိုလို နဲ့ ငါ သာ ကြီး ရင်တော့ ဒီလိုများ ဘယ်တော့မှ လိုက် မပြေးပါဘူးလို့ ။

••••• ••••• •••••

ကဆုန်မိုးသေး မြက်သားမွေး ဆိုတဲ့ အခုလို လ …

ခုည ခုအချိန်မျိုးပေါ့ ။ ငါ သာ ကြီးရင် ဒီလိုများ ဘယ်တော့မှ လိုက် မပြေးပါဘူးလို့ ဦးဦးဆုံး စိတ် ထဲ က တွေးပြီး ခေါင်းငိုက်စိုက် နဲ့ အိမ် ကို ပြန်လာခဲ့တာ ။

ခုတော့ သူ့ ကြောင့် ဒီ မြစ်ပြင် ထဲ က ဒီ သမ္ဗန် ပေါ်မှာ ဒီ အကြောင်းတွေ ကိုပဲ တွေးလို့ ။

သူ ကတော့ မတုန်မလှုပ် နဲ့ အရုပ်ကြီး လို လူ ကို ပဲ ကြည့်ကြည့်ပြီး ပြုံး နေတာပဲ ။ သူ့ ကို မြင်ရင် သိပ် ရယ်ချင်တယ် .. ။

ပြီးတော့ “ ဘာရယ်တာတုံး ဒွေးမေ ” တဲ့ သူ က ။

“ ဘာရယ်ရယ် နေရာတကာ သိချင်တယ် ၊ အမြင်ကတ်စရာ လူကြီး ကို က သိပ် မုန်းတာပဲ ”

⎕ ရန်ကုန်ဘဆွေ
📖မြဝတီ မဂ္ဂဇင်း
     ဇွန် ၊ ၁၉၅၄

No comments:

Post a Comment