❝ စာပေရေးသားခြင်း အနုပညာ ❞
( ရဲခေါင်မဲမောင် )
Edtior ( အယ်ဒီတာ ) ဆိုသည်မှာ
E. Edit တည်းဖြတ်တတ်ရမယ် ။
လိုအပ်တဲ့ စကားလုံး မလိုအပ်တဲ့ စကားလုံး သိဖို့ လိုပါတယ် ။ စာမူတွေ မှာ ဖောင်းပွပြီး မလိုအပ်တဲ့ စကားလုံး တွေ ကို တည်းဖြတ်တတ်ရမယ် ။
တည်းဖြတ်တဲ့ အခါ မူလ အဓိပ္ပာယ် ကို လည်း မထိခိုက်စေရဘူး ။ အင်မတန် ကျွမ်းကျင်တဲ့ အယ်ဒီတာ တစ်ယောက် ရဲ့ လက် က ထွက်လာတဲ့ မဂ္ဂဇင်း ဟာ ဖတ် ရတာ အနှစ်သာရ ပို များပါတယ် ။
D. Distinction ခွဲခြားခြင်း မပြုရဘူး ။
ကလောင်သစ် ကလောင် ဟောင်း ၊ လူကြီးလူငယ် အမျိုးသား အမျိုးသမီး နာမည်ရှိ နာမည်မရှိ သူ့လူ ကိုယ့်လူ ဆို ပြီး ခွဲခြားပြီး မကြည့်ရဘူး ။ ခွဲခြားပြီး မရွေးချယ်ရဘူး ။
I. Indenpendence လွတ်လွတ်လပ်လပ် ရှိနေရမယ် ။
ဒါကတော့ ဘယ်သူ့ စာမူ မို့ ၊ ဒီ စာမူကတော့ မဖြစ်မနေ သုံးရမယ် ဆိုတဲ့ အခြား လူ က ဝင်စွက်ဖက် တာမျိုး မဖြစ်စေရဘူး ။ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် နဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ရမယ် ။ အမြဲ ကိုယ့် စိတ်ကြိုက် လွတ်လပ် နေရမယ် ။
T. Truth . အမှန်တရား ဖြစ်ရမယ် ။
အချို့ အမှန်တရား နဲ့ ဆန့်ကျင် နေတဲ့ စာမူတွေ ရှိတယ် ။ ဆန်တစ်ပြည် တစ်ထောင် နဲ့ ဝယ်စား နေရတဲ့ အချိန် မှာ ဆန်တစ်ပြည် ငါးဆယ် နဲ့ ရောင်းနေတယ် ဆိုတာမျိုး ဟာ အမှန်တရား နဲ့ လွဲ နေတယ် ။ ဒါမျိုးတွေ ကို ထည့် မသုံးရဘူး ။
O. Organized စည်းရုံးနိုင်ရမယ် ။
ဘယ်လို လူတွေ ကို စည်းရုံးရမလဲ ဆိုရင် ပြည်သူ ကို စည်းရုံးနိုင်ရမယ် ။ အတွေးအခေါ် အယူအဆ မှန်ကန် နေအောင် ။ ကိုယ်ကျင့်တရားတွေ ကောင်းလာအောင် လမ်းမှန် ကို လျှောက်နိုင်အောင် စည်းရုံးနိုင်ရမယ် ။
R. Read စာဖတ်ရမယ် ။
စာ မဖတ် ရင် အယ်ဒီတာ ဟာ တောက်တောက် ပြောင်ပြောင် ဝင်းဝင်းလက်လက် မဖြစ်နိုင်ဘူး ။ အရာရာ ကို တီးမိ ခေါက်မိ ဖြစ်ရမယ် ။ ဝမ်းစာ ဖြည့်ရမယ် ။ အယ်ဒီတာ ဆိုတာ စာဖောင် ကောင်းကောင်း ကိုင်တတ်ရမယ် ။ ကာလာအရောင် ဘယ်လောက် ထည့်မယ် ။
ဘယ်လို ထည့်မယ် ။ စာဖောင် ကို ခေါက်လိုက်ရင် ဘယ်လို ဖြစ်သွားမယ် ဆိုတာ သေချာ လေ့လာရမယ် ။ သင်ပြပေးသူ မရှိတဲ့ အခါ တွေ့ရာ မဂ္ဂဇင်း ကို ချုပ်ရိုး ဖြည်ပြီး သဘော ပေါက်အောင် တစ်ရွက်ချင်း ပြန် ဆက်ကြည့်ရတယ် ။
* ကိုယ် စာရေးတုန်း က မဂ္ဂဇင်းတိုက် မှာ ကိုယ့် စာမူ ပို့တာ အရွေး မခံရလို့ စာမူ ပြန် လိုချင်ကြောင်း အယ်ဒီတာ ဆီ သွား တောင်းတဲ့ အခါ ကိုယ့် စာမူ ကို ကျကျနန ပြန် ပေးတာ မဟုတ်ဘဲ ။ ရှိသမျှ ပယ်စာမူပုံကြီး ချ ပေးလို့ ကိုယ့် စာမူ တွေ့ အောင် မနည်း ပြန်ရှာခဲ့ရ
တယ် ။ ကိုယ်တိုင် အယ်ဒီတာ ဖြစ်လာမှ အယ်ဒီတာ ရဲ့ အလုပ်ရှုပ်ခြင်း ကို သဘောပေါက် ခဲ့တယ် ။
* အရင်က မဂ္ဂဇင်း တစ်ခု ကို ကဗျာ တစ်ပုဒ် ပို့ ဖူးတယ် ။ နှစ်လ လောက် မှာ ကဗျာ ပါလာတော့ ကဗျာ လည်း မှန်တယ် ။ ကလောင် နာမည် လည်း မှန်တယ် ။ ဒါပေမဲ့ မှား နေတာ က သရုပ်ဖော်ပုံ လွဲ နေတယ် ။ ပို ဆိုးတာက သရုပ်ဖော်ပုံ ပေါ် မှာ ပါတဲ့ ခေါင်းစဉ် နဲ့ ကလောင် က ကိုယ့် နာမည် မဟုတ်ဘူး ။ အယ်ဒီတာ ကို သွားပြတော့ သိခဲ့ရတာ က ပုံ က အခြား ကဗျာ တစ်ပုဒ် အတွက် ဆွဲထားတဲ့ ပုံဖြ စ်ပြီး အဲဒီ ကဗျာ ကို စာပေစိစစ်ရေး က အသုံးပြုခွင့် မပေးလို့ ကိုယ့် ကဗျာ အတွက် သရုပ်ဖော်ပုံ သီးခြား မဆွဲတော့ဘဲ အစောက ကဗျာ ဖြုတ် ခံထားရတဲ့ ကဗျာ အတွက် ဆွဲထားတဲ့ ပုံ ကို သုံးလိုက်တာ တဲ့ ။ ကလောင် နာမည် နဲ့ ကဗျာ ခေါင်းစဉ် ကို ပိတ် ( ဖျက် ) ဖို့ မေ့နေတာတဲ့ ။ ဒါဟာ အင်မတန် မလုပ်သင့်တဲ့ အရာပါ ။ စာရေးသူ ကို မလေးစားရာ ကျသလို ပရိသတ် ကို လည်း စော်ကားရာ ကျပါတယ် ။
* ကိုယ် မနှစ်မြို့သူ ရဲ့ မကောင်းကြောင်း ရေးထားတဲ့ စာမူမျိုး ကို ကလောင်ရှင် ရေးထားတာ ထက် ကောင်းကြောင်း ပိုမို ဖြည့်စွက်ပြီး ရေးထည့် တာမျိုး မလုပ်ရဘူး ။ အခြား စာမူ မှာ ကိုယ် ရေးချင်တာ ထည့် ရေးတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့ ။
* အယ်ဒီတာ ဆိုတာ ကိုယ့် ဆီ မှာ ရေး နေတဲ့ စာရေးဆရာတွေ ကို ကာကွယ်စောင့်ရှောက်ရမဲ့ တာဝန် ရှိပါတယ် ။ ဒီ တာဝန် ကို ယူရပါမယ် ။
* အချို့ အယ်ဒီတာတွေ က နာမည် သိပ် မရသေးတဲ့ ကလောင်ရှင်တွေ ရဲ့ စာမူ ကို မူရင်း ကလောင်ရှင် နာမည် ဖျောက် ပြီး ကိုယ့် ကလောင် ပြန်တပ် ကိုယ် ရေး သလိုလို နဲ့ အခြား မဂ္ဂဇင်းတိုက်တွေ ကို ပြန် ပို့ပြီး စာမူခ ဝင်ငွေ ပို ရအောင် လုပ်တတ်ကြပါတယ် ။ ဒီလို အပြုအမူမျိုး ကို လည်း ရှောင်ကြဉ်ရပါမယ် ။
▢ ရဲခေါင်မဲမောင်
📖စာပေရေးသားခြင်း အနုပညာ
No comments:
Post a Comment