Saturday, May 24, 2025

ဇီးကွက် နှင့် ဥဩ

 

❝ ဇီးကွက် နှင့် ဥဩ ❞
          ( ပုံပြင် )

ကလေးတို့ ရေ ...

တိုင်းပြည် တစ်ပြည် မှာ ဘုရင်ကြီး တစ်ပါး ရှိရော့တဲ့ကွယ် ။ ဘုရင်ကြီး မှာ အင်မတန် လှပပြီး ချစ်စရာကောင်းတဲ့ သမီးတော် တစ်ပါး ရှိသတဲ့ ။ သမီးတော်လေး နာမည် ကို လှလွန်းတဲ့ အတွက် လှကလျာ လို့ ခေါ်တာပေါ့ ။ မင်းသမီးလေး မှာ ကစားဖော် အဖြစ် အမတ်ကြီး တစ်ဦး ရဲ့ သမီးလေး ရှိသတဲ့ကွယ် ... ။ မင်းသမီးလေး နဲ့ ယှဉ် လျှင် အလွန် အကြည့်ရ ဆိုးတဲ့ ရုပ်ရှိလို့ အမတ်ကြီး သမီး ကို မကျည်းတန် လို့ ခေါ်တယ် ။

သူတို့ နှစ်ယောက် ဟာ မိဘ ရဲ့ ဂုဏ်အဆင့်ချင်း ခြားနားကြတယ်ကွဲ့ ။ သူတို့ရဲ့ ရုပ်ချင်း ကလည်း ကွာခြားကြတယ် ။ ဘုရင်ကြီး ရဲ့ နောက်လိုက် ဟာ အမတ် ဖြစ်သလို မင်းသမီးလေး ရဲ့ အစေခံ ဟာလည်း မကျည်းတန်လေး ပဲ ဖြစ်ရတာပေါ့ ။ ဒါပေမယ့် မကျည်းတန် လေး ကို မင်းသမီးလေး က အစေခံ လို သဘော မထားဘဲ သူငယ်ချင်း လို ပေါင်းသင်းပြီး စား အတူတူ ... သွား အတူတူ နေတာပေါ့ကွယ် ။ ကလေးတို့ လည်း ဒီလို အဆင့်အတန်း မခွဲခြားတတ်တဲ့ စိတ်ရှိရင် ကောင်းတာပေါ့နော် ။

တစ်နေ့တော့ မင်းသမီးလေး ဟာ ကောင်းမွန်တဲ့ ပန်းသီး တစ်လုံး ကို သူ့ ခမည်းတော် ထံ မှ တောင်းခံရခဲ့တယ် ။ ဒီပန်းသီး ဟာ အပင် စိုက်လာ ကတည်း က ပထမဆုံး အကြိမ် သီးတာမို့ အလုံး လည်း ထွား ၊ အရသာ လည်း ရှိသတဲ့ ။ ဒါပေမယ့်ကွယ် ဒီတစ်ခါ သာ သီးပြီး နောက် သုံးနှစ် ကြာ မှသာ တစ်ခါ ထပ် သီးမှာတဲ့ကွယ့် ။ လက်ဦး “ ပင်သစ်သီး ” မို့ လည်း လူတိုင်း က သိပ် စားချင် ကြတာပဲတဲ့ ။ များများလည်း မသီး ။ သီးသမျှ လည်း အားလုံး စားကြသောက်ကြ ၊ ဘုရင် ဆက်ရ နဲ့ အပင် မှာ နောက်ထပ် မရှိတော့ဘူး ဆိုပဲ ။ ဆိုခဲ့တဲ့ ပန်းသီး ကို ဘုရင်သမီးတော်လေး က သူ့ သူငယ်ချင်းမလေး မကျည်းတန် ကို ထုံးစံအတိုင်း ပေးစားပါရော ။ အဲဒီလို စားနေခိုက်မှာ ဥယျာဉ်မှူး ရဲ့သမီး မမိုး ဆိုတာ ရောက်လာတယ် ။ မင်းသမီးလေး က အားလုံးကို သူငယ်ချင်း သဘော နဲ့ ဆက်ဆံတော့ မမိုး ကို လည်း ခေါ်တာပေါ့ ။ ဒါထက် မမိုး ရောက်လာချိန် မှာ ပန်းသီး က ကုန်ပြီမို့ ပေးမစားနိုင်တာ ကိုတော့ စိတ်မကောင်းကြဘူးတဲ့ ။ မမိုး ကလည်း ဥယျာဉ်မှူး သမီး ဖြစ်လို့ သူ သာ အရင် စားထိုက်ပေမယ့် ဘုရင့် အမိန့် အရ အကုန် ဆက်ရပြီး သူ မစားလိုက်ရတော့ စိတ်ဆိုးတာပေါ့ ။ အဲ ... မကျည်းတန် စားရပြီး သူ မစားရတာကို ပိုပြီး အခဲ မကျေဘူးတဲ့ ။ ဒါပေမဲ့ နှုတ် က ဘာမျှ မပြောမဆို နေတယ်လေ ။

နောက်များ မကြာမီ နွေ နဲ့ မိုးဦးရာသီ ရောက်လာပါရော ပန်းတွေ က ဖူးပွင့်ပြီး အနံ့သင်း နေတာ နဲ့ မင်းသမီးလေး နဲ့ မကျည်းတန် တို့လည်း ဥယျာဉ် ထဲ လာ ကစားကြတာပေါ့ ။ ဒီလို လာနေစဉ် မကျည်းတန် နဲ့ မင်းသမီးလေး တို့ဟာ သူတို့ ဘာသာ ခူး ၊ ကိုယ်တိုင် ခင်းထားတဲ့ ပန်းမွေ့ရာ ပေါ် ထိုင်ကြတယ်တဲ့ ။

မမိုး လည်း ဥယျာဉ် ထဲ လာတဲ့ သူ့ အဖော်တွေ ကို သွား တွေ့ပြန်ရာ ဒီအခါလည်း မင်းသမီး နဲ့ မကျည်းတန် တို့ရဲ့ နှစ်ယောက်စာ ခင်းထားတဲ့ ပန်းမွေ့ရာ ပေါ်မှာ မမိုး  မထိုင်သာပြန် တော့ဘူးပေါ့ကွယ် ။ ဒီတော့ မမိုး က သိပ် စိတ်ဆိုးပြီး အကြံ တစ်ခု ပြုလုပ်ဖို့ စိတ်ဆုံးဖြတ်လိုက် သတဲ့ ။ ဒါနဲ့ပဲ မကျည်းတန် လေး ကို “ မင်း နှစ်ခြိုက်တဲ့ ခရေပွင့်တွေ ဥယျာဉ် ထောင့်မှာ ကောက် ချေပါ ” လို့ ခိုင်းသတဲ့ ။ မင်းသမီးလေး ကိုတော့ “ သခင်မလေး နှစ်သက်ပြီး မြင်လိုတဲ့ ဥဩငှက်လေး မိထားတာ ပြမယ် ” လို့ ဥယျာဉ်တွင်း ရှိတဲ့ ကန်ကြီး တစ်ခု အနား ခေါ်သွားပါရော ။ မင်းသမီး လေး နဲ့ မကျည်းတန် ဟာ အခါတိုင်း လည်း ဒီလိုပဲ ခွဲခွာပြီး နှစ်သက်ရာ ရှာကြမြဲမို့ မကျည်းတန် က ခရေ ကောက် သွားသလို မင်းသမီး က ဥဩငှက် အရှာ သွားကြပြီ ဆိုပါတော့ ။ မင်းသမီးလေး ဟာ ဥဩငှက်သံ ကို နား မှာ ကြားယောင် သလိုလို ရှိပေမယ့် ချုံ ထဲ က လား ၊ စမ်းရေအိုင် ဘေး က လား သစ်ပင်ကြီးတွ ပေါ် က လား မခွဲခြားနိုင်ဘဲ အကောင် လည်း ရှာမရလို့ မောပြီး ကန်ဘေး က မြက်ပင်တွေ ပေါ် ထိုင်နေရသတဲ့ ။ မင်းသမီးလေး  မောနေတုန်း မမိုး က မကျည်းတန်  ပန်းကောက် ရာ သွားပြီး “ ဟေ့ ... မင်း မျက်နှာ က ပြည့်ပြည့်ဝန်းဝန်း နဲ့ သိပ် လှတာပဲကွယ် ။ မင်းသမီးလေး ဟာ လှကလျာ လို့ မှည့် ထားပေမယ့် ရုပ်က မဲ့ခွက်ခွက်ပဲ ” လို့ ရုတ်တရက် ပြောသတဲ့ ။ ဒီတော့ မကျည်းတန် ဟာ အကြောင်းမှန် သိသူမို့ ရယ်လို့သာ နေသတဲ့ ။ တစ်ခါ မမိုး က မင်းသမီး ထံ သွားပြီး “ မကျည်းတန် ဟာ သခင်မလို လည်း မလှပဲ နဲ့ သူ က ပိုလှပြီး သခင်မ ရဲ့ မျက်နှာ က မဲ့ခွက်ခွက် နဲ့ အရုပ်ဆိုး ကြောင်း ပြောနေတယ် ” လို့ဆိုပြီး မကျည်းတန် ကောက်ထားတဲ့ ထဲက ယူလာတဲ့ ခရေပွင့်တွေ နဲ့ မင်းသမီးလေး ကို ပေါက်ကစားတာပေါ့ ။ မကျည်းတန်  အခု ပြောလိုက်တယ် ဆို တာကို ခရေပွင့် သက်သေတည်လို့ မင်းသမီးလေး က ယုံပြီး စိတ်ဆိုးတယ်တဲ့ ။ သူ ရှာနေတဲ့ ဥဩငှက် က လည်း မတွေ့ ဆိုတော့ သာလို့ စိတ်တိုသွားရော ။

ဒီအချိန်မှာ မကျည်းတန်လေး က ပန်းခြင်းကြီး နဲ့ မင်းသမီး အနား ပြန် ရောက်လာပြီး “ သခင်မလေး ပန်ဖို့ပါလို့ ” ပန်းတွေ သီသတဲ့ ။ မမိုး စကား ကို မကျည်းတန် က မေ့ထားပေမယ့် မင်းသမီးလေး က သူ့ကို အရုပ်ဆိုးတယ် ပြောရပါမို့လားလို့ မကျည်းတန် ကိုမေးရာက ဆုံလား ၊ ရှင်းလား ဖြစ်ကုန်တယ်တဲ့ကွယ် ။ သူတို့ချင်း ဆုံရှင်းနေခိုက် မမိုး က သူငယ်ချင်း အတွက် ရေနွေး ကျိုပါမယ်လို့ အိမ်ထဲ ဝင်နေတယ် ။

မကျည်းတန် နဲ့ မင်းသမီးလေး လည်း ဘဝ တစ်လျှောက် မှာ ယုယစွာ ရိုင်းပင်း နေခဲ့ ကြတဲ့ အလျောက် ဆုံရှင်းကြတော့ မမိုး ရဲ့ မနာလိုမှု ဆိုတာ သိသွားပြီး ရန်ဖြစ်ရတဲ့အခိုက်အတန့် အတွက် ဝမ်းနည်းလွန်းလို့ နှစ်ဦးသား ဖက်ပြီး ငိုကြွေးကြသတဲ့ကွယ် ။ အဲဒီတုန်းမှာ မမိုး လည်း သူ့ အကြောင်း ပေါ်သွားပြီး မထူးတော့ဘူးလို့ ယူဆပြီး ဆီကျက်အိုး နဲ့ သူငယ်ချင်း နှစ်ယောက် အပေါ် လောင်း လိုက်တာပေါ့ ။

ဧည့်ခံရန် ရေနွေး ကျိုပါမည် ဆိုသော်လည်း တကယ်တော့ ထောပတ်တွေ ချက်နေတာတဲ့ကွယ့် ။ ထောပတ် ဆိုတာ အလိုလိုက အေးပေမယ့် နီရဲအောင် ချက်ထားတော့ ခြစ်ခြစ်တောက် ပူတာပေါ့ ။ ထောပတ်ဆီကျက်တွေ ဟာ မကျည်းတန် ရဲ့ ကိုယ်ပေါ် ပထမဆုံး နဲ့ အများဆုံး ကျသွားတယ် ။ မကျည်းတန် က မင်းသမီးလေး ကို မထိခိုက်စေလိုလို့ တအားတွန်း လိုက်သတဲ့ ။ မင်းသမီးလေး  လွတ်ထွက် သွားပေမယ့် မကျည်းတန် ရဲ့ တစ်ကိုယ်လုံး ရွှဲကုန်ပြီး မမိုး ကလည်း တအား ထပ်ထပ် လောင်း လေတော့ မကျည်းတန် ရဲ့ပါးစပ် က “ အော်အော် ... အော်အော် ” နဲ့သာ ဆိုနိုင်တော့သတဲ့ ။ တစ်ကိုယ်လုံး လည်း အိုးမဲခဲ လို မည်းနက် သွားတာပေါ့ ။

နောက်ဆုံးတော့ မကျည်းတန် ဟာ ကျီးကန်း လို မည်းနက်တဲ့ အသွင် နဲ့ ဥဩငှက်ကလေး ဖြစ်သွား ပြီး ကန်ဘေး က ရင့်ရော် နေတဲ့ ပိတောက်ကိုင်း ပေါ် နားတယ် ။ ပြီးတော့ မင်းသမီး ကို ကြည့်ပြီး “ အော်အော် အော်အော် ” လို့ နှုတ်ဆက် အော်မြည်ရင်း အဝေး ကို ပျံသွားပါရော ။ အဲဒီနေ့ က စပြီး ဥဩငှက် ကို ထင်ရှားစွာ မမြင်နိုင်သလို တွေ့ဖို့ လည်း မလွယ်ကူပါဘူးတဲ့ကွယ် ။ တကယ်တော့ သူ ဟာ တောတောင်တွေ ထဲ မှာ လှည့်ပတ်လို့ ပြေးလွှားရင်း အသံတစာစာ နဲ့ အော်နေပါ သတဲ့ ။ သူ့ အသံ ရဲ့ အဓိပ္ပာယ် က “ အော်အော် ... သူငယ်ချင်း ပေါင်းသင်းရတာ ဒီလို စိတ်ဝမ်း ကွဲ ရပါလား ။ သူငယ်ချင်းကောင်း နဲ့ လည်း စုပေါင်း မနေနိုင် ။ တစ်ကိုယ်တည်း နေရတော့မှာပါလား ” လို့ ညည်းရှာတာကွဲ့ ။ ဒီသဘော ကို မမိုး သိသွားတော့ တစ်ခါတည်း နောင်တရ ဝမ်းနည်းလို့ အသည်း ထိခိုက်ပြီး သေသွားတယ် ။သူ့ သူငယ်ချင်း နှစ်ဦး ရဲ့ ခင်မင်မှု ကို အံ့ဩပြီးသူ့ ယုတ်မာမှု ကို လည်း သတိရ လွန်းတာနဲ့ ငေးတွေ ကြည့်ရင်း သေရတာမို့ သေပြီးတော့ မျက်လုံးပြူး နဲ့ ဇီးကွက် ဖြစ်သွားရှာရောကွယ် ။ မင်းသမီးလေး ကတော့ သူ့ သူငယ်ချင်း ဥဩငှက် ကို တွေ့နိုးနိုးနဲ့ ရှာနေ ခဲ့ပါသတဲ့ ... ။

အဲဒီ နေ့က စပြီး ဒီနေ့ ထက်တိုင် ဥသြငှက်လေး ကို ဘယ်မှာ မှ ရှာ မရသော်လည်း သူ့ ရဲ့ ညည်းသံကို သူ့ ဘဝ ပြောင်း တဲ့ နွေ နဲ့ မိုးဦး အချိန်ကျလျှင် မှန်မှန် ကြားရတတ်ပါတယ် ။ မင်းသမီးလေး မှ တစ်ဆင့် တစ်ဆင့် ပေါက်ဖွားလာတဲ့ ဒို့တစ်တွေ ဟာလည်း ခုထိ အသံ သာ ကြားပြီး အကောင် မမြင်ရတဲ့ ဥဩငှက် ကို ရှာနေပေမယ့် ဒဏ်ခံရဖူးတဲ့ ငှက်ငယ် ဟာ လူတွေ ရဲ့ ထံပါး မရောက်လာ သလို အမြင် မခံနိုင်ဘူးပေါ့ကွယ် ။

ကလေးတို့ ရေ ... သူငယ်ချင်းတွေ အပေါ် မနာလို စိတ်မျိုး မထားကြပါနဲ့ကွယ် ။ အချင်းချင်း သည်းခံရမယ်ကွယ့် ။ တစ်ဦး နဲ့ တစ်ဦး ချစ်ခင်ယုယစွာ နေပြီး အမှန် ကိုသာ ပြောဆို တတ်ကြမယ် ဆိုရင် တစ်နေ့တော့ ဥဩငှက်ကလေး ဟာ ဒို့များ ထံ ရောက်လာမှာ အသေအချာ ပဲကွယ် ... ။

ကလေးတို့ ချမ်းမြေ့ ရွှင်လန်း၍ အလိမ္မာ တိုးကြပါစေ ။

▢ ယဉ်မြမြလေး - ပျော်ဘွယ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၅ ၊ ဖေဖော်ဝါရီ

No comments:

Post a Comment