Sunday, May 4, 2025

ဂန္ဓမာမြိုင် ကကြိုး


 

❝ ဂန္ဓမာမြိုင် ကကြိုး ❞
       ( မိချမ်းဝေ )

ဧည့်ခန်း ထဲ မှာတော့ ကိုယ် တစ်ယောက်တည်းပါ သော်ဇင် ။ ခန်းဆီးပြာ လွင်လွင်ကလေးတွေ ဟာ လေ အသွဲ့ မှာ နွဲ့ချင်တိုင်း နွဲ့လို့ ။ အရာရာဟာ နေသားတကျ တိတ်ဆိတ်ငြိမ်သက် နေလိုက်တာ စောစောက ဒီ ဧည့်ခန်းကလေး ထဲမှာ မုန်တိုင်းလေပွေ တစ်ခု မဖြစ်ပေါ်သွားတဲ့ အတိုင်း တကယ်တော့လည်း စောစောက တိုက်ခတ် သွားတာ အသံမုန်တိုင်းတွေပါ ။

ဒီလို အသံမုန်တိုင်းငယ်လေးတွေ တစ်ခါတစ်ရံ အတန်အသင့် ပြင်းထန်တဲ့ မုန်တိုင်း အလတ်စားတွေ အိမ်မှာ ဖြစ်ပေါ်လေ့ ရှိတယ် ။ မုန်တိုင်းက ကြီးတာနဲ့ သေးတာပဲ ကွာတာ ၊ မကြာခဏ ရက်ခြား ဆိုသလို ဖြစ် ပေါ်လေ့ရှိတယ် ။ မုန်တိုင်း မဖြစ်ပေါ်ရင်လည်း ရာသီဥတု က မှိုင်းတွဲ နေတတ်ပြန်ရော ၊ တိမ်ညိုတွေ ဆို့ဆိုင်းနေတဲ့ နေ့ရက်တွေ ဟာ အိမ်ကလေး ထဲမှာ တဖြည်းဖြည်း ထူပျစ် လာတယ်လို့ ကိုယ့် စိတ် ထဲမှာ ထင်နေမိတယ် ။

တိမ်ပြာပြီး ကောင်းကင် ကြည်လင်နေတဲ့ နေ့တွေ အိမ်ကလေး ထဲမှာ တကယ်ပဲ မရှိခဲ့ဖူးလားလို့ မင်း မေးဖူး တယ်နော် ။ ရှိခဲ့တာပေါ့ သော်ဇင် ၊ လင်းပနေတဲ့ အပြာ ရောင်ကောင်းကင် ကို ကိုယ် တကယ်ပဲ ပိုင်ဆိုင်ခဲ့ဖူးပါ တယ် ။ ကိုယ် ရဲ့ ကောင်းကင်ပြာ ကို ဘယ်သူတွေ အရောင် ဆိုးလိုက်ကြသလဲ ။ ကိုယ် ရဲ့ တိမ်ဂွမ်းဆိုင် တွေကို ဘယ်သူတွေ ဆေးမှိုင်း ခြယ်လိုက်ကြတာလဲ ။

ကိုယ် ကြားဖူးတယ် သော်ဇင် ။

သားသမီး က မိဘ ကို ရွေးချယ်ပိုင်ခွင့် မရှိဘူးတဲ့ ။ ဘယ်လို မိဘ ကို မဆို သားသမီး က လက်ခံရမယ် ဆိုတဲ့ သဘောထင်ပါရဲ့ ။ ဖေဖေ နဲ့ မေမေ ဆီ ကိုတော့ ကံတရား က ရွေးချယ် စေလွှတ်လိုက်တာ လို့ ကိုယ် ယုံတယ် ။

ဖေဖေ့ ကိုရော မေမေ့ ကိုပါ ကိုယ် ချစ်ခဲ့တယ် ဆိုတာ သေချာပါတယ် ။ အထူးသဖြင့် ဖေဖေ ပေါ့ ။ သည် အဖေရဲ့ သမီး အဖြစ် ဂုဏ်ယူခဲ့ရတဲ့ ရက်တွေဟာ ကိုယ့် ငယ်ဘဝ တစ်လျှောက်လုံး ကို စိုးမိုးခဲ့တာ အမှန်ပါ ။ အကောက်ခွန် ဦးစီးအရာရှိကြီး ဖေဖေ ရဲ့ ဂုဏ်သိမ် အဟန့် အောက်မှာ ကိုယ် ဆိုတဲ့ ခင်မိုးပြာ တစ်ယောက် လန်းစွင့်ဝင်းဝါမှု တွေနဲ့ အတူ အစွမ်းကုန် ဖူးပွင့်ခဲ့တာပေါ့ ။

သည်တုန်းက မေမေ ဆိုတာ သာမန် ကျောင်း ဆရာမလေး တစ်ယောက် မျှသာပါ ။ နယ်မြို့တွေကို လှည့်လည် တာဝန်ထမ်းရင်း ဘဝ ကို ရိုးစင်းစွာ ဖြတ်သန်းခဲ့တဲ့ ကာလ တစ်ခု ချေဖျက်လို့ မရတဲ့ မိုင်တိုင် တစ်ခုလို သိပ်သည်း ခိုင်မာလှပါတယ် ။

တကယ်တော့လည်း ဖေဖေ နဲ့ မေမေ ဟာ ပျိုမျစ် နုနယ်ချိန် ကာလမှာ တွေ့ ရှိ ကျွမ်းဝင်ခဲ့ကြတဲ့ ချစ်သူ တွေပါ ။ သူတို့ ဟာ မော်လမြိုင်တက္ကသိုလ် မှာ ဖူးစာ ဆုံခဲ့ ကြတယ် ။ အနှောင့်အယှက် ကင်းကင်းနဲ့ နှစ်ဖက် မိဘ သဘောမျှပြီး ညားခဲ့ကြတဲ့ အကြင်လင်မယားတွေ လည်း ဖြစ်သေးတယ် ။

အိမ်ထောင်ဦး ကာလမှာ သားသမီး မရဘဲ အိမ်ထောင်သက် ရှစ်နှစ် ကြာမှ ခဲရာခဲဆစ် မွေးဖွားပြီး ရခဲ့တာ ဒီ သမီး ခင်မိုးပြာ ပေါ့ ။ တစ်ဦးတည်းသော သမီးလေး လည်းဖြစ် နောက်ကျသားလေး လည်းဖြစ်တဲ့ ကိုယ့် ကို ဖေဖေ ၊ မေမေတို့ က ပိုးမွေး သလို မွေးခဲ့ကြတာပါ ။

ကိုယ် ငယ်ငယ်က အရမ်း ကို ချူချာခဲ့တယ် သော် ဇင် ၊ အရွယ် နဲ့ မမျှတဲ့ လေရောဂါ ရှိခဲ့သလို ၊ ခေါင်းကိုက် ဇက်ထိုး ဝေဒနာတွေ ကလည်း ထပ်ဆင့် နှိပ်စက်တတ် ပြန်သေးတယ် ။ ဒါကြောင့် ကိုယ် ဟာ ဖေဖေ မျှော်လင့် သလို ထွားကျိုင်းသန်မာတဲ့ သမီး တစ်ယောက် မဖြစ်ခဲ့ဘူး ။ ကိုယ့် ရဲ့ ခန္ဓာ ဟာ ခပ်ပိန်ပိန် ၊ ခပ်သေးသေး ၊ ခပ်နွဲ့နွဲ့ ဖြစ်နေတာဟာ ဖေဖေ့ အတွက် ပထမဦးဆုံး အလို မကျမှုဘဲ ဆိုရင် မင်း အံ့သြနေမလား ။

ကိုယ့် ချို့ယွင်းချက်က အစား ကို ဇီဇာကြောင်စွာ ရွေးချယ်တတ်တယ် ။ အစားတင် မဟုတ်ပါဘူးလေ ။ အဝတ်အစား အသုံးအဆောင် ပစ္စည်း က အစ ကိုယ် နှစ်သက်ရာ ကိုသာ ရွေးချယ်ဝတ်ဆင် သုံးစွဲတတ်တာ ကို ငယ်စဉ် ကတည်းကပါ ။ အားရှိတဲ့ အမဲသား ၊ ဆိတ်သား တွေ စားဖို့ကို ကိုယ် ငြင်းပယ်တာ ၊ လူ နဲ့ သိပ် မတည့်တဲ့ အချဉ်တွေ ၊ အစပ်တွေ စားချင်တာ ကိုယ့် ချို့ယွင်းချက် တွေပါ ။

ပဲတို့ ၊ နို့မလိုင်တို့ ဆိုရင်လည်း ကိုယ် မကြိုက် ပြန်ဘူး ။ ထမင်းစားပွဲ မှာ မိသားစု ဆုံရင် ကိုယ့် ချို့ယွင်းချက်ကြောင့် ပျော်ရွှင်ဖွယ် ထမင်းဝိုင်း ပျက်ရတာ အခါခါပါ ။

“ အာဟာရ ဆိုတာ ဖြစ်အောင်စားရတယ် ။ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရ ကို ထည့်မှ အသက်ရှည် ကျန်းမာမှာ ၊ ဒါတွေကို လေ့ကျင့်ပေးပါလို့ တိုက်တွန်း ခဲ့တာ အခါပေါင်း မနည်းတော့ဘူး ။ ကလေး တစ်ယောက် ပုံစံမကျ ဖြစ်နေတာ အမေ အလိုလိုက် များနေလို့ပေါ့ ။ မင်း ကိုလည်း ငါ သတိပေးပေါင်း များပြီ ။ ဒီပုံစံ အတိုင်းဆို မင်း သမီး ဘယ်တော့မှ ဖွံ့ဖြိုးလာမလဲ ။ ဒီအရွယ်ကလေး နဲ့ မိဘက သားသမီးကို မနိုင်ဘူးဆိုတာ ဖြစ်ကို မဖြစ်သင့်တဲ့ ကိစ္စ ”

“ ကိုကျော် နှယ် စကားပြော ဆင်ခြင်ပါဦး ၊ သမီး က ဘာများ ဆိုးနေလို့လဲ ။ သူ စားချင်တာ ရွေးချယ်တာ ကို အမေ က လုပ်ပေးတာ အပြစ်လားရှင် ။ အသား မစားပေမယ့် အရွက်စား နေသားဟာ ရှင် က ရှင့် သမီး ကို တာဝေးပြေး ခိုင်းမှာလား ၊ သံလုံးပစ် ခိုင်းမှာလား ”

“ ကြံ့ခိုင်ဖို့ ပြောတာဟေ့ ၊ ကြံ့ခိုင်ဖို့ ဒီပုံဆို မင်းသမီး သာခွေယိုင် ဖြစ်နေမှာ စိတ်ချ ”

“ အို .. ဘာလို့ဖြစ်ရမှာလဲ ၊ အရွယ်ရောက် လာရင် သူ့ အလိုလို ဖွံ့ဖြိုး လာမှာပေါ့ရှင် ။ ဆန္ဒ မစောနေစမ်းပါနဲ့ ”

အဲဒီလို တစ်ယောက် တစ်ပေါက် ဖြစ်ပြီးရင် ဖေဖေက လက်ဆေးပြီး ထသွားပါရော ။ မေမေ လည်း ထမင်း တစ် ဝက်တစ်ပျက် နဲ့ မျက်နှာမလှ ဘာမဟုတ်တဲ့ အစားအသောက် ကိစ္စကလေး က တင်းတင်းမာမာ ဖြစ်သွား ရတာ ကိုယ် နားမလည်နိုင်ဘူး ။ ဖေဖေ စားစေချင်တဲ့ အသားတွေ ကိုယ့် ပါးစပ်ထဲ မထည့်နိုင်တာတော့ စိတ် မကောင်းပါဘူး ။

အဲဒီ ခပ်ငယ်ငယ် လေးငါးရှစ်နှစ် အရွယ် ကတည်းက ဘာမဟုတ်တာကလေး ကို ဖေဖေ ဇာချဲ့ ဒေါသကြီး  တတ်တာ သတိထား မိနေတယ် ။ ပြောလိုက်ရင် မင်း သမီး ၊ မင်း သမီး နဲ့ သူ့ သမီး မဟုတ်တာကျလို့ ။

“ သမီး ဖေဖေ က ငယ်စဉ် ကတည်းက စနစ်တကျ ကြီးပြင်းလာလို့ သမီး ကိုလည်း ပုံစံ ချနေတာပါ ။ လူ တစ်ယောက် ရဲ့ အကျင့်စရိုက် ဆိုတာ သူ နေထိုင်ကြီးပြင်း ခဲ့ရတဲ့ ပတ်ဝန်းကျင် ငယ်ဘဝနဲ့ ဆိုင်တယ် ။ အဓိက သူ့ မိသားစု ပေါ့ ။ နည်းစနစ်ကျကျ နေလာခဲ့ရတော့ သမီး ကို လည်း ကောင်းစေချင်တဲ့ ဆန္ဒနဲ့ ပုံသွင်းတာပါ ။ ဖေဖေ က ဒေါသ ကြီးပေမယ့် စေတနာပါ ပါတယ် ”

ဖေဖေ့ နောက်ကွယ် မှာတော့ မေမေ့ မှာ ကိုယ့် ကို နားချရှာတယ် ။ ကိုယ် ဖေဖေ့ အပေါ်မှာ အမြင်စောင်း သွားမှာ ၊ အထင်မှား သွားမှာ မလိုဘူးလေ ။ ကြားက ဖျန်ဖြေတဲ့ သဘောပေါ့ ။ ဒါပေမဲ့ ဒါဟာ သိပ်ပြီး အရာ ရောက်လှတယ် မဟုတ်လား ဆိုတာ ကိုတော့ တဖြည်းဖြည်း သိလာရတယ် ။

ဘာလို့လဲ ဆိုတော့ ကိုယ် က တဖြည်းဖြည်း ကြီးပြင်း လာတာလေ ။ ဖေဖေ့ မျက်စိထဲမှာ ကိုယ်ဟာ အရာရာ အချိုးမတည့်သူ ဖြစ်နေတော့တာပေါ့ ။ သားအမိ နှစ်ယောက် ဈေးက ပြန်လာပြီး အဝတ်အစား ဝယ်လာတဲ့ အခါမျိုး ဆိုရင်လည်း ဖေဖေ စိတ်တိုင်း မကျပြန်ဘူး ။ ကိုယ် ဝတ်ချင်တဲ့ အဝတ်တွေ ကို ဖေဖေ သဘောမကျဘူး ။ မေမေ ကတော့ ကိုယ့် စိတ်ကို သိတယ် ။ ကိုယ့် အကြိုက် ကို လိုက်လျောတယ် ။ ခေတ် ကို လည်းမြင်တယ် ၊ အပျို ပေါက်ကလေး ဖြစ်လာတဲ့ လွတ်လပ်ပေါ့ပါးတဲ့ အဝတ် အစားတွေကို နှစ်သက်တာ မေမေ သဘောတူတယ် ။ လုံခြုံရင် ပြီးရော ၊ မမြင်မရိုင်းရင် ပြီးရော ... ။

“ မိန်းကလေး ဆိုတာ .. ”

အဲဒီလို ဖေဖေ က အစချီ လိုက်ရင် မေမေ က ...

“ တော်ပါတော့ရှင် .. ရှင့်ရဲ့ ဘိုးတော်ဘုရား လေး ဖက်တွားက အတွေးအခေါ်တွေ ... ”

အင်္ကျီသစ် တစ်ထည် ဝတ်ရမယ့်အရေး နားတွေ ပူလိုက် ၊ စိတ်တွေ ရှုပ်ထွေးလိုက်ရတာ အရမ်းပါပဲ ။ အိမ် မှာတော့ အရာရာတိုင်း ခလုတ် ဖြစ်နေတော့တာပါ ။ တီဗွီ ကြည့်တာက အစ ဖေဖေ ရှိရင် အဆင်မပြေဘူး ။ မေမေ နဲ့ ကိုယ်က ကိုရီးယားကား ကြိုက်တယ် ။ ဖေဖေ က သူ ငှား လာတဲ့အခွေ ၊ စစ်ကားတွေ ကြည့်ချင်တယ် ။ ဒီတော့ ကျောင်းသူ ဖြစ်တဲ့ သမီးဘက် လှည့် တော့တာပေါ့ ။ ဒါတွေနဲ့ အချိန်ကုန် ခံနေတာလား ဘာလားပေါ့  ။ တကယ်ဆို ၇:ဝဝ နာရီ က ၈းဝဝ နာရီ အတွင်းပဲ ကြည့် ဖြစ်တာပါ ။ မေမေ လည်း အလုပ်ခွင် မှာ ပင်ပန်းလာတော့ စိတ်အညောင်းဖြေတဲ့ သဘောပါ ။ ကိုယ် လည်း ဒီတစ်နာရီ လောက် စိတ်အပန်းဖြေတာပါ ။ ဖေဖေ ကမှ အခွေတွေ ကို မအိပ်မနေ တောက်လျှောက် ကြည့်တာလေ ။

သော်ဇင် ရေ အခုတစ်လော အိမ်မှာ မုန်တိုင်းတွေ က ပိုမို ပြင်းထန်လာတယ် ။ အဲဒါ ဖေဖေ က အလုပ်ခွင် ပြောင်းလဲမှု တစ်ခုနဲ့ တိုက်ရိုက်သက်ဆိုင် နေတာ ခင်မိုးပြာ အဖို့ ကံဆိုးဖို့ ဖြစ်လာတော့တာပေါ့ ။

••••• ••••• •••••

ဖေဖေ ဟာ လုပ်ငန်းခွင်မှာ ကေ့စ်တစ်ခု နဲ့ ငြိပြီး အလုပ် က ရပ်နားခြင်း ခံရတယ် ။ တစ်ယူသန် စိတ်ထား ရှိတဲ့ ဖေဖေ ဟာ လုပ်ငန်းခွင် မှာလည်း သင်းကွဲ ဖြစ်ပြီး လူမုန်းများဟန် တူပါတယ် ။ နယ်တကာ လှည့်နေပြီး ရန်ကုန် ပြောင်းဖြစ်တော့မှ အလုပ် ရပ်စဲခြင်း ခံရတာ အတော်ပဲ နစ်နာပါတယ် ။ တော်ပါသေးရဲ့ ဒီအချိန်မှာ မေမေက ရန်ကုန် မှာ လုပ်ငန်း အခြေကျနေပြီ ။

အစောပိုင်း ကာလ ကတည်းက အစိုးရ အလုပ် က ထွက်ပြီး တိုက်ခန်းတွေ ၊ မြေကွက်တွေ ၊ ဝယ်ရောင်းတဲ့ အလုပ်ကို မေမေ အစပျိုးခဲ့တာပါ ။ ရန်ကုန် ပြောင်းတော့ တိုက်ခန်း တစ်ခန်း မဖြစ်မနေ ဝယ် နေရင်း‌ အဲဒီ တိုက်ခန်းတွေ ရောင်းဝယ်တဲ့ လောကထဲ ရောက်သွား တာပါ ။ ရှိတဲ့ ငွေကလေး ရင်းနှီးမြှုပ်နှံရင်း ကံ ကလည်း လိုက်လာတာမို့ မေမေ့ အလုပ် က အတော် အောင်မြင် တယ်လို့ ဆိုရမယ် ။

မေမေ လုပ်ငန်း အောင်မြင်နေချိန် ဖေဖေ အလုပ် ရပ်စဲခံရတော့ အိမ်ဟာ အများ ထင်သလို မယိုင်သွားပါဘူး ။ မေမေ့ ရဲ့ ကျားကန်မှုတွေ နဲ့ ဣန္ဒြေမပျက် ခရီး ဆက်နိုင်ခဲ့ တယ် ။ စီးပွားရေး အခြေ မပျက်ပေမယ့် ဖေဖေ့ စိတ်ဓာတ် ရေးရာကတော့ အတော်ကလေး အခြေ ပျက်ခဲ့ရပါတယ် ။ နဂိုက အရာရာ စိတ်တိုင်းမကျတဲ့ ဖေဖေ ဟာ သူ့ ရဲ့ နိမ့်ပါးလာတဲ့ အနေအထား ကို ရုတ်တရက် လက်မခံ နိုင်ဘဲ ဘာမဆို ဒေါသတွေ ပိုကြီးနေတော့တာ တွေးထင် မထားနိုင်အောင်ပါပဲ ။

“ ယောက်ျားနဲ့ မိန်းမ အတက်အဆင်း မှာ တွေ့ကြ တာလေ ။ မေမေ ဟာ အရင်တုန်းကလို သာမန် ကျောင်းဆရာမလေး မဟုတ်တော့ဘူး ။ အိမ်ကို ဦးဆောင်နိုင်တဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်နေပြီ ။ ဒါဟာ ဖေဖေ့ အတွက် ခါးသီးတဲ့ ခံစားချက်တွေ ကို ဖြစ်ပေါ်စေတယ် ထင်ပါရဲ့ ။ ယောက်ျားတွေ ရဲ့ စိတ်ဓာတ် ကလည်း ကျပြီ ဆို အကျ သိပ်မြန်တယ် ။ သမီး ဖေဖေဟာ အိမထောင်ဦး လောက် ဆီက ညင်သာပျော့ပျောင်းတဲ့ ဖေဖေ ဘယ်တော့မှ ပြန် ဖြစ်မလာတော့ပါဘူး ”

ဖေဖေ နဲ့ ပတ်သက်ပြီး မေမေ ကိုယ်တိုင် စိတ်ပျက် အားငယ်လာတယ် ထင်ပါရဲ့ ။ ကိုယ့် ကိုလည်း လူကြီး အရာ ထားပြီး တီးတိုး ရင် ဖွင့်လေ့ ရှိတဲ့ အတွက် ကိုယ် ဟာ မေမေ့ ရဲ့ တိုးတိုးဖော် ဖြစ်လာတော့တာပေါ့ ။ ကိုယ် ကတော့ ငယ်စဉ်တောင်ကျေး ကလေး ဘဝက ဖေဖေ ချီပိုးခဲ့တာ ၊ အရုပ်ကလေးတွေ ဝယ်ပေးခဲ့တာ ၊ ဟိုဟိုဒီဒီ သွားလာ လည်ပတ်ခဲ့တာ တွေကို စိတ်မှန်းနဲ့ လွမ်းနေတတ်ခဲ့ တယ် ။ အဲဒီ ဖေဖေ ဟာ ဘယ် ရောက်သွားတာလဲ ။ ဘာဖြစ်လို့ မာကျော ခက်ထန်လာရတာလဲ ။ အလို မပြည့်မှု တွေနဲ့ အစဉ် ပြည့်အိုင်နေတဲ့ ဖေဖေ့ စိတ် အစဉ်ဟာ မိသားစု ကိုပါ ဘောင်ဘင်ရိုက်ခတ် စေခဲ့ပြီ ။

“ ကျော်လွင် ငွေ မရှာနိုင်ဘူး ဆိုတော့ ကျော်လွင့် စကားတွေ အရာ မရောက်ဘူးပေါ့ ။ မင်းတို့ ကို တစ်သက်လုံး ဦးဆောင် လာတာ ဒီကောင်ပါကွ ၊ ခုတော့ မင်း က ငွေရှာ တော်တဲ့ မယား ဖြစ်နေမှတော့ ငါ့ သြဇာ မတည် ဖြစ်ရပြီ ပေါ့ ။ ဟိုကောင်မလေး လည်း တူတူပဲ ။ မအေ နဲ့ တစ်ဂိုဏ်း ထောင်နေတဲ့ဟာလေး ၊ ဖအေ့ စကားဆို အရာ သွင်းတာမဟုတ်ဘူး ။ နင်တို့ အမြင် တစ်ထွာ လောက်နဲ့ ထင်ရာ စိုင်းကြဦးမလို့လား ”

ဖေဖေ ဟာ မေမေ့ ကို ပြောနေရင်း ကိုယ့် ကိုပါ ပတ် ရမ်းလေ့ရှိတယ် သော်ဇင် ။ ဒီတစ်ခါ ကိုယ့်ရဲ့ တက္ကသိုလ် ကိစ္စ ၊ ဖေဖေ့ စိတ်တိုင်းကျ မစီမံနိုင်တာ ၊ အကြိတ်အခဲ ဖြစ်နေဟန်တူတယ် ။

ကိုယ်ရဲ့ ဆယ်တန်း အောင်မှတ် က တော်တော် ကောင်းနေတာမို့ ဖေဖေ က ကွန်ပျူတာတက္ကသိုလ် တက် စေချင်တယ် ။ ကိုယ့် ရွေးချယ်မှုက အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် ပန်းချီ အထူးပြု တက်ဖို့ပါ ။ အဲဒီမှာ သားအဖ နှစ်ယောက် အကြီးအကျယ် သဘော ထား ကွဲလွဲပြီပေါ့ ။

ဖေဖေ့ သဘော က ခေတ်ကြီးက တိုးတက် ပြောင်းလဲ နေပြီ ၊ ကွန်ပျူတာခေတ် IT ခေတ် ရောက်နေပြီ ။ လူတစ်လုံး သူတစ်လုံးဖြစ်ဖို့ ကွန်ပျူတာဘာသာရပ်ပညာ အရေးကြီးတယ် ။ ကွန်ပျူတာပညာရှင် တစ်ယောက် အဖြစ် အနာဂတ် မှာ လင်းပစေချင်တယ် ။

ဖေဖေ့ သဘောတရားတွေ မှန်ကောင်းမှန်ပါလိမ့်မယ် ။ ဒါပေမဲ့ ကွန်ပျူတာ ဘာသာရပ် ကို ကိုယ် ဝါသနာ မပါဘူး သော်ဇင် ။ ကိုယ် ဟာ ကျောင်းမှာ ငယ်စဉ် ကတည်းက ကလေးပန်းချီ ဆုတွေ အကြိမ်ကြိမ် ရခဲ့သူပါ ။ တခြား သူတွေ ( အိမ်နီးနားချင်း ) တွေနဲ့ ဆော့ကစားတာ ဖေဖေ မကြိုက်တာမို့ ကိုယ်ဟာ ချောင်ကလေး ထဲမှာ စာရွက်လွတ် ပေါ်မှာ ခဲတံတစ်ချောင်း နဲ့ အရုပ်ကလေး တွေ ဆွဲရင်း ကိုယ့် ဗီဇဝါသနာ ကို ပေါင်းသင်ရေလောင်း သလို ဖြစ်ခဲ့ရတာပေါ့ ။

ကျောင်းနေတဲ့ အရွယ် ရောက်တော့ ကျောင်းတွေ မှာ ဆရာတွေနဲ့ စနစ်တကျ သင်ရင်း ရှန်ကာ ဆုတွေရခဲ့ တယ် ။ ဖေဖေ က ကိုယ့် အောင်မြင်မှုကို အသိအမှတ် မပြု ခဲ့ပါဘူး ။ ဆုပေးပွဲတွေ ဆို မေမေ နဲ့ချည်း တက်ခဲ့ရတာပါ ။
ကြာလာတော့ ဖေဖေ နဲ့ ကိုယ် ဟာ နီးလျက်နဲ့ ဝေးနေတော့ တာပေါ့ ။

ကိုယ့် ကိုယ်ထဲမှာ ဖေဖေ့ သွေးတွေ အတော်များ တယ် ထင်တယ် ။ ကိုယ် ဟာ ခေါင်းမာတဲ့ ကလေး တစ်ယောက် ၊ ယုံကြည်ထင်မြင်ရာကို ဆုပ်ကိုင်စူးနစ်တဲ့ ကလေး တစ်ယောက် ဖြစ်မှန်း မသိဖြစ်ခဲ့တာ အိမ်မှာ မုန်တိုင်း ထန်ပြင်းစေတဲ့ အကြောင်းတစ်ရပ် အဖြစ် ပါဝင် ခဲ့တယ် ဆိုပါတော့ ။

အဲဒီလို အိမ်မှာ သုံးယောက် နှစ်ပါတီ ကွဲနေတဲ့ အချိန် အိမ်ကို ဘွားလေးညို ရောက်လာတာ တိုက်ဆိုင်မှု တစ်ရပ်ပဲထင်ပါရဲ့နော် ။ ဘွားလေးညို က မေမေ့ ရဲ့ အဒေါ်ရင်း ပါ ။ ကိုယ်တို့ မှာ အဘွား အရင်း မရှိတော့ ပါဘူး ။ မေမေ အိမ်ထောင်ကျ စက လာနေဖူးတာမို့ ဘွားလေးညို ဆိုတာ ကိုယ်နဲ့ မစိမ်းလှပါဘူး ။ တစ်ပတ် ဆယ်ရက် မကြာခင် အိမ်ရဲ့အနေအထား ကို အကဲခတ် ကြည့်မိတဲ့ ဘွားလေးညို က ကိုယ့်ကို ခေတ္တ ယာယီကယ်ထုတ်ဖို့ ကြိုးစားခဲ့တယ် ။ ဖေဖေ နဲ့ အတိုက်အခံ ပြောပြီး ကိုယ့် ကို ရွာကလေး ဆီ ခေါ်ဆောင် လာခဲ့တာလေ ။

ဘွားလေးညို နေတဲ့ ရွာ က မီးရထားကြီး စီးပြီး သွားရင် ရောက်တဲ့ ရွာကလေးပါ ။ ခရိုင်မြို့ကြီး တစ်မြို့ မှာ ဆင်း ကား နဲ့ တစ်ဆင့် သွားရတဲ့ ရွာလေး နာမည်က မြေနီကုန်း တဲ့ ။ မြန်မာရွာတွေ က ‘ ကုန်း ’ ဆိုတဲ့ စကားတွေ သုံးထားလေ့ ရှိတယ် ။ သပြေကုန်း ၊ ပုတီးကုန်း ၊ နံ့သာ ကုန်း စသည်ဖြင့်ပေါ့ ။ မြေနီကုန်းရွာကလေး က ပအို့ဝ် တိုင်းရင်းသားတွေ နေထိုင်တဲ့ ရွာကလေးပါ ။ ဘွားလေးညို ရဲ့ ခင်ပွန်း ကိုယ်တိုင်က အလွန် ရိုးသားတဲ့ ပအို့ဝ် ကြီးပါ ။

အဲဒီ ရွာ မှာ ကိုယ် ဟာ ခွန်နော် လို့ ခေါ်တဲ့ သော်ဇင်ဦး နဲ့ တွေ့ဆုံကျွမ်းဝင်ခဲ့ရတယ်နော် ။ ရွာ ရောက်ချင်း ကိုယ့် ကို ဖမ်းစားလိုက်တဲ့ အရာက အဘွားလေးညို တို့ရဲ့ ပြန့်ပြော ညီလွင်တဲ့ စိုက်ခင်းခြံကြီးပါပဲ ။ ကိုယ်ဟာ ခြေတံတို သစ်သားအိမ်ကလေး ပေါ် အထုပ် ချပြီးတာနဲ့ အိမ်နောက် ဖေးက စိုက်ခင်းပြင်ဆီ ပြေးလွှား မိန်းမောမိတယ် ။ တစ်နေ့တာလုံး ရထား ပေါ်မှာ ညောင်းညာလာလို့ လေကောင်းလေသန့် ရှူချင်တာလည်း ပါတာပေါ့ ။

ဒီအချိန်မှာ ခြံ ရဲ့အစပ်မှာ ရထားတစ်စင်း မှန်မှန် ခုတ်မောင်း ဖြတ်ကျော် လာတာ တွေ့ ရတယ် ။ ကိုယ် ဘယ်လို ပျော်သွားမှန်း မသိဘူး ။ ဟေး ... ဟေး .. ဟေး … မရည်ရွယ်ဘဲနဲ့ နှုတ်က တဟေးဟေး အော်ပြီး လက်ပြ လိုက်တော့ ရထား ပေါ်က လူတွေ ကလည်း ပြန်ပြတယ် ။ ဒီခံစားမှု ဟာ ကိုယ့် အတွက် ခံစားမှု အသစ်ပါ ။ မြို့ပြမှာ မရနိုင်တဲ့ ကိုယ်တို့ အိမ်ပေါ်မှာ မရနိုင်တဲ့ ခံစားမှုအသစ် ပေါ့ ။

ကိုယ် စိတ်လွတ်ကိုယ်လွတ် ပျော်နေတာကို တစ် ဖက်ခြံ က ကောင်းလေး တစ်ယောက် ငေးကြည့် နေတာ သိသွားတဲ့အခါ ကိုယ် တော်တော် ရှက်သွားမိတယ် ။ ဘွားလေးညို က အဲဒါ ခွန်နောင် တဲ့ ။ ညနေ ရေမိုးချိုး တော့ မြို့ပြနဲ့မ တူတဲ့ လူနေမှုစရိုက်ကြောင့် ကိုယ် နည်းနည်း စိတ်ညစ် သွားရတယ် ။ ဘွားလေးညိုတို့ ခြံ ထဲက ရေတွင်း ဟာ အကာအရံ မရှိတဲ့ တွင်း ၊ မောင်း တက်နဲ့ ခပ်ရတဲ့ တွင်းဆိုတော့ မြို့သူ တော့ အခက် တွေ့ပြီ ပေါ့ ။ နောက်ပြီး ရေချိုးခန်း နဲ့ ရေချိုးလေ့ ရှိတဲ့ ကိုယ် ဟာ လေဟာပြင် ထဲမှာ ဘယ် အဆင်ပြေနိုင်ပါ့မလဲ ။ ဖိုးလေး ကတော့ နောက်နေ့ မှာ ကိုယ့်အတွက် ယာယီရေချိုးခန်း ကလေး ဆောက်ပေးမယ့်အကြောင်း ပြောရင်းနဲ့ အိမ် မှာ ခြံအကူ လုပ်တဲ့ မမိတုတ် ကို ကိုယ့်ကို ကူညီဖို့ ထည့်ပေးလိုက်တော့တယ် ။

မမိတုတ် ခပ်ပေးတဲ့ ရေ ကို အားနာပါးနာ ချိုးရင်း တွင်းရေ နဲ့ အေးစိမ့်မှုမှာ ကျေနပ်သွားတဲ့ ကိုယ် ဟာ ဘယ်သူ တစ်ဦးတစ်ယောက်များ စောင့်ကြည့် နေဦးမလဲ စိုးရိမ်ခဲ့ပေမယ့် ဘယ်သူမှ စောင့်ကြည့် မနေခဲ့ပါဘူး ။ ညနေ ထမင်းစားခါ နီးတော့ အိမ်ရှေ့မှာ လူရိပ်မြင်လို့ ကြည့် လိုက်တဲ့အခါ အမျိုးသား တစ်ယောက် ၊ အမျိုးသမီး  တစ်ယောက် ၊ ဘွားလေးညို က ...

“ ခွန်နောင် တို့ ၊ နန်းမူ တို့ ပါလားဟေ့ ... လာလေ ၊ အတော်ပဲ ဒီမှာ ဘွားညိုမြေးလေး ရန်ကုန် က ရောက်နေတာ ”

“ ကျွန်တော်တို့ သိပါတယ် ၊ ဒါကြောင့် ဧည့်သည် စားဖို့ ဟင်းလာပို့တာပါ ”

ကိုယ် နည်းနည်း အံ့သြသွားတယ် ။ တစ်အိမ် မှာ ဧည့်သည် ရောက်ရင် အိမ်နီးနားချင်းတွေ ဟင်းပွဲ ပို့လေ့ ရှိတာ ဒီရွာ ထုံးစံတဲ့ ။ ချစ်စရာ ဓလေ့စရိုက်လေး လို့ ဆိုရမှာပေါ့ ။ ရောက်စတုန်းက ကိုယ့် ခြံ ထဲမှာ ပြေးနေတုန်း ငေးကြည့် နေတဲ့ ကောင်လေး ဆိုတာ ကိုယ် ချက်ချင်း သိလိုက်ပါတယ် ။

နန်းမူ ကတော့ အသားဖြူဖြူ ပါးချိုင့်ကလေး နဲ့ တောသူ ပြောလို့ မရအောင် ဖြူစင်လန်းလှနေတဲ့ ရုပ်ရည် ပါ ။ ခွန်နောင် က ...

“ ကျွန်တော့်နာမည် သော်ဇင်ဦး ပါ ။ ဒီနားက စိုက်ပျိုးရေးသိပ္ပံ ကျောင်းဆင်းပါ ။ နန်းမူ က မော်လမြိုင် တက္ကသိုလ် တက်ဆဲပါ ။ အခု ကျောင်းပိတ်လို့ ရွာကို ခဏ ပြန်လာတာပါ ။ ဒီက မ …..  ”

“ ကိုယ့် နာမည်လား ခင်မိုးပြာ တဲ့ ၊ ကိုယ်က ဒီနှစ်မှ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် တက်ဖို့ စီစဉ်နေဆဲပါ ”

ဘွားလေးညို မပါလိုက်ရဘဲ ကိုယ်တို့ လူငယ်တွေ တစ်ခဏချင်း အဖွဲ့ကျသွားကြတယ် ။ ကိုယ် က ကိုယ့် ထက် သုံးနှစ်လောက် ကြီးပေမယ့် ရွယ်တူလို သဘောထားပြီး စကားပြော နေလို့ ဘွားလေးညို က ဆူနေသေးတယ် ။ ဒါလည်း ကိုယ့်ရဲ့ အချိုးမကျမှု တစ်မျိုး ထင်ပါရဲ့ ။ အသက်တွေ မေးကြည့်လိုက်တော့ မွေးသက္ကရာဇ်တွေ တူနေကြတယ် ။ ကိုယ် က ငယ်စဉ် ကတည်းက ကျန်းမာရေးမကောင်းလို့ ကျောင်းနေ နောက်ကျတာရယ် ၊ ရှစ်တန်းနှစ် က စာမေးပွဲ ဖြေခါနီးမှ အက်ဆီးဒင့် တစ်ခု ကြောင့် ဆေးရုံပေါ် ရောက်သွားတာရယ် ပေါင်းပြီး ပညာ ရေး နှောင့်နှေးခဲ့ရတဲ့ အကြောင်းလေးတွေ ပြောဖြစ်ခဲ့ကြတယ် ။ တစ်ထိုင်တည်း မှာ ရင်းနှီးခင်မင် သွားတယ် ဆိုပါ တော့ ။

“ မနက်ဖြန် မနက် မခင်မိုးပြာကို ကျွန်တော်တို့ အိမ် လက်ဖက်ရည် သောက် ဖိတ်မလို့ ”

ဒါလည်း ရွာကလေး ရဲ့ ထုံးစံပဲလားလို့ ဆိုတော့ နန်းမူ က ပါးချိုင့်ကလေးတွေ ပေါ်အောင် ရယ်တယ် ။

••••• ••••• •••••

သော်ဇင် တို့ အိမ် ရောက်တော့ ဘွားလေညို အိမ်လို မဟုတ်ပါဘူး ။ တစ်ထပ်ခွဲ တိုက်ပြားလေးပါ ။ ကြည့်ရ တာ စီးပွားရေး ကောင်းပုံ ပေါ်ပါတယ် ။ အိမ်ထဲ မှာ ခေတ်မီ အသုံးအဆောင်ပစ္စည်းတွေနဲ့ တစ်နေရာ မှာတော့ ကွန်ပျူတာ တစ်လုံး တွေ့ ရပြီး ခြံထဲ မှာ ဂြိုဟ်တုစလောင်းတွေ ဘာတွေနဲ့ ၊ ရွာကလေး ဟာ ကမ္ဘာကြီး နဲ့ မပြတ် ဆက်သွယ်နေပြီပေါ့ ။ အဲဒီ ကွန်ပျူတာ က နန်းမူ ကိုင် တာတဲ့ ။ သူ က ဒီ အပေါ်မှာ သီးခြား ဝါသနာ တစ်မျိုး ရှိနေတယ် ။ ကိုယ် ဖေဖေ့ ကို သတိရလိုက်တယ် ။ ကိုယ် သာ နန်းမူ လောက် ဖြစ်ကြည့် ဖေဖေ စိတ်တိုင်း ကျမှာ ...

လက်ဖက်ရည်ဝိုင်း က မုန့်လက်ကောက် ၊ ကောက် ညှင်းထုပ် စတဲ့ ဒေသ မုန့်ပဲသရေစာတွေ နဲ့ပါပဲ ။ သော်ဇင် က လက်ဖက်ရည် သောက်ပြီးရင် မိုးပြာ ကို ဘုရား ပို့ရအောင်တဲ့ ။ အလဲ့ .. ဒီနေ့ သော်ဇင် ကိုယ့်ကို ခေါ်လိုက်ပုံက မိုးပြာ ဆိုပါလား ။ ပိုမို ရင်းနှီးလာတဲ့ သဘောပေါ့ ။ သူတို့ မိခင်ကလည်း ရိုးသားတဲ့ ပအို့ဝ်မကြီး ပါပဲ ။ ဖခင် ကိုတော့ မတွေ့ရဘူး ။

ဘုရား ကို ထွက်လာတော့ နန်းမူ က ဆိုင်ကယ် တစ်စီး ၊ သော်ဇင် နဲ့ ကိုယ်က ဆိုင်ကယ် တစ်စီး ။

“ လမ်းက ကုန်းတက် ၊ ကုန်းဆင်း များလို့ နန်းမူ နဲ့ဆို စိတ်မချဘူး ။ တော်ကြာ ရန်ကုန် မှာ ဘာမှ မဖြစ်ဘဲ မြေနီကုန်း ရောက်မှ တစ်ခုခု ဖြစ်နေဦးမယ် ”

ဆိုင်ကယ်ပေါ် အတက်မှာ သော်ဇင် က မလုံမလဲ ပြောလိုက်သေးရဲ့လေ ။ ကိုယ် ဟာ ဆိုင်ကယ်စီး အတွေ့ အကြုံ မရှိပါဘူး ။ သော်ဇင် ခါးကို မြဲမြဲ ကိုင်ပြီး ဆိုင်ကယ် နောက်မှာ ထိုင်လိုက်ရတဲ့ ခံစားမှုအသစ် ၊ သူစိမ်း ယောက်ျားလေး တစ်ယောက် ရဲ့ ကိုယ်သင်းနံ့ ကို ကိုယ် စတင် ရှူရှိုက်မိခြင်းပါ ။

“ ဒါဟာ ရန်ကုန် - မော်လမြိုင် ကားလမ်းမကြီး ပေါ့ ။ ကျွန်တော်တို့ အခု ရန်ကုန်ဘက် ကို ပြန် မောင်းနေတာ ပါ ”

သိပ် မမောင်းရပါဘူး ။ မကြာခင် ပေတစ်ရာလမ်းမကြီး ကနေ မြေနီလမ်း ထဲ ဖဲ့ဆင်း ၊ အတွင်းထဲ တော်တော် လေးဝင်မိတော့ မြင်ရတဲ့ စေတီကြီး ကို ကြည့်ပြီး ကိုယ် အံ့သြသွားတယ် ။ ဒါဟာ အလံတစ်ရာစေတီ တဲ့ ။

“ ဆယ်နှစ် အရွယ် ကလေး ရဲ့ အလံတစ်ရာ အတိုင်း အထွာ ရှိတယ်လို့ ပြောစမှတ်ပြုခဲ့တယ် ။ ဆရာတော်ကြီး ရှိစဉ်က တစ်နေ့ လုပ်အားခ ပြားနှစ်ဆယ် နဲ့ တည်ခဲ့တဲ့ ဘုရားပေါ့ ။ ဒီရွာ တစ်ရွာလုံး သက်သတ်လွတ် စားကြတယ် ၊ အဖြူနဲ့အနက် နှစ်မျိုးပဲ ဝတ်ဆင်တယ် ”

မကြားဖူးတာတွေ ကြားနေရ သလိုပါပဲ ။ တစ်နေ့ လုပ်အားခ ပြားနှစ်ဆယ် နဲ့ ဘုရားတည်တဲ့ ရွာသား တွေရဲ့ သဒ္ဓါတရား ကို လည်း မလေးစားဘဲ မနေနိုင်ဘူး ။ အတွင်းမှာ ဘုရားတွေ အများကြီး ရှိသေးတယ် ။ တောရိပ် တောင်ရိပ် ကလည်း သာသာယာယာ အချိန် မဟုတ်လို့ မဖူးပွင့်သေးတဲ့ ကံ့ကော်ပင်တန်းတွေလည်း စီစီရီရီ ။ တကယ်ပါ ။ ဘယ်လို ကျေးဇူး တင်မှန်းကို မသိဘူး ၊ ဘုရားဖူးတာရော ရေမြေတောတောင် ခံစားရတာပါ တန်ပါတယ် ။

နောက်ရက်တွေ ကျတော့ ဒီထက်မက အံ့သြဖွယ်ရာ တွေနဲ့ ထပ်မံကြုံတွေ့ ခဲ့ရတာဟာ အိပ်မက် ပမာပါပဲ ။ သော်ဇင် ဟာ ကိုယ့် ကို အံ့သြမှင်တက်စရာတွေ တစ်ခု ပြီး တစ်ခု မိတ်ဆက် ပေးတယ် ။ အဘွားလေးညို ဆီမှာ ခွင့် တောင်းပြီး ဒီနေ့တော့ ကိုယ့် ကို သူ့ရဲ့စိုက်ခင်းဆီ ခေါ် သွားမယ် ဆိုတော့ ကိုယ် က ဆိုင်ကယ် နဲ့ သွားမယ် ထင် ထားခဲ့တာပါ ။ သော်ဇင် ဟာ သူတို့ရဲ့ အနောက်ဘက် တင်းကုပ်လိုလို အဆောက်အအုံကလေး ဆီ ခေါ် သွားပြီး ...

“ ဒါက ကျွန်တော့် အချစ်တော် မြင်းမလေးပေါ့ ၊ သူ့ နာမည် က ဒေါင်းမလေးတဲ့ ။ ဒေါင်း ရေ ဒီမှာ ရန်ကုန် က ငါ့ မိတ်ဆွေနော် ၊ ကိုင်ပါ ... မိုးပြာ ရဲ့ ။ ဒေါင်း က စိတ် ကောင်းပါတယ် ”

တကယ်တော့ ကိုယ် ဟာ မြင်း နဲ့ သိပ်ဝေးသူပါ ။ ဒေါင်းမလေး ဆိုတဲ့ မြင်း ကို မြင်တော့ တွန့်ဆုတ် နေသေး တာ ။ အုန်းခွံရောင်မြင်း မှာ က ကြိုးတွေ လည်း ဆင်ထား တာမို့ လှချင်တိုင်း လှနေတာပေါ့ ။ သော်ဇင် က ဒေါင်းမလေး ကို ကြိုးဖြုတ် ၊ ကျောပေါ် ကို လွှားခနဲ ခုန်တက် ၊ ကိုယ့် ကို လက်ကမ်းပြီး...

“ ကဲ ... သွားကြရအောင် ”

“ ဟင် .. ဘယ်ကိုလဲ ”

“ စိုက်ခင်းတွေ ဆီလေ ၊ မိုးပြာ ပဲ ဂန္ဓမာခင်းတွေ ကြည့် ချင်တယ် ဆို ”

ကိုယ် ကတုန်ကယင် နဲ့ မြင်းပေါ် ရောက်သွား တယ် ။ မနေ့ ကတော့ သူစိမ်းယောက်ျား ရဲ့ ကျောမှာ ၊ ဒီနေ့ တော့ သူစိမ်းယောက်ျား ရဲ့ ရင်ခွင် မှာ ။ သော်ဇင် တော့ မသိဘူး ။ ကိုယ် ကတော့ ရင်ခုန်သံတွေ ဒိန်းဒိန်းညံလို့ ။

ဒေါင်းမလေး ဟာ မနေ့က နဲ့ ဆန့်ကျင်ဘက် လမ်း အတိုင်း မြို့ထဲ ဘက်ဆီ ခေါ်ဆောင်လာတယ် ။ လူနေအိမ်ခြေတွေ ကို ဖြတ်ကျော်ပြီး ရွာအစွန် ရောက်တော့ မြေနီလမ်း အတိုင်း ဆက် သွားတဲ့အခါ နည်းတဲ့ ဂန္ဓမာခင်းကြီး မဟုတ်ဘူး ။ အဖြူတစ်ကန့် ၊ အဝါတစ်ကန့် ဂန္ဓမာတွေ ၊ ကိုယ် ဟာ ဂန္ဓာမာခင်း အစပ်မှာ မှင်တက် နေမိတယ် ။ သဘာဝပန်းချီကား ဟာ ကိုယ့် ကို ဖမ်းစားခဲ့ပြီ ။

နောက်နေ့တွေ မှာ ကိုယ် ဟာ ဂန္ဓမာခင်း ဆီ သွားပြီး ပန်းချီ ဆွဲမိတယ် ။ ဂန္ဓမာပန်းခင်း ကိုရော ပန်းခင်း အစပ်မှာ ရပ်နေတဲ့ ဒေါင်းမလေး ဆိုတဲ့ မြင်းမလေး ကိုရော ခပ်ဝေးဝေး အထိ ကုန်းကြောင်း သွားကြပြီး ရွာအနောက် က ပတ်ပြီး ထွက်လာတဲ့ မီးရထား ခုတ်မောင်းလာနေပုံရော ၊ မြင်မြင်ရာဟာ ကိုယ့် အတွက် ဆေးချက်တင်စရာ ဖြစ်နေ တော့တာပေါ့ ။

နောက်ရက်တွေ မှာတော့ သီတင်းကျွတ်လပြည့် နဲ့ ကြုံလို့ နဂါးသင်္ကန်းလှည့်ပွဲ ကို သွား ကြည့်ပြန်ကြပါသေး တယ် ။ ဒီဘုရား ကတော့ ပေါ်တော်မူဘုရား တဲ့ ။ ဘုရားကြီး ရွှေသင်္ကန်း ကပ်ဖို့ သင်္ကန်းရဲ့ ထိပ်မှာ နဂါးခေါင်း ၊ နောက်ဆုံးမှာ နဂါးအမြီး ၊ အလယ်မှာ ပအို့ဝ်လှပျိုမျစ် ကလေးတွေ သင်္ကန်းတိုင်ကလေးတွေ ကိုင်လို့ လှည့်လည်ပွဲဟာ ကိုယ့် မျက်စိထဲမှာ အဆန်းတကြယ် ဖြစ်နေ တော့တယ် ။ ထူးခြားတာက လှပျိုဖြူတွေ ဝတ်ထားတဲ့ ပအို့ဝ်ဝတ်စုံပါ ။ ခေါင်း မှာ ပဝါပေါင်းပြီး အနက်ရောင် အထပ်တွေ ပါတဲ့ ပအို့ဝ်ဝတ်စုံ ဟာ ဓလေ့ဘာသာ ကို ကိုယ်စား ပြုတာမို့ ကိုယ် တော့ ဓာတ်ပုံမှတ်တမ်းတွေ အထပ်ထပ် တင်မိတော့တယ် ။ အဲဒီ ပအို့ဝ်မလေးတွေ ထဲမှာ နန်းမူ က အလှဆုံးပါပဲ ။ ခေါင်းပေါင်း အောက် ဝင်းပနေတဲ့ မျက်နှာလေး ဟာ အနက်ရောင် ရိုးရာဝတ်စုံနဲ့  ဟပ်နေပုံများ ။

သော်ဇင် ရေ ကိုယ်ဟာ တဒင်္ဂ တွေ့ဆုံရတဲ့ မင်းတို့ရဲ ရိုးရာဓလေ့ အစဉ်အလာ ကြားမှာ စွဲနစ်ပျော်ဝင်သွား မိတာ ရှေးရေစက်ကြောင့် ပေလား ။ အဲဒီ ညနေက သော်ဇင် က ရှမ်းဘောင်းဘီ အနက် ၊ စပို့ရှပ်အဖြူရောင် နဲ့ ရှင်းသန့်ချောမော နေလိုက်တာ ။ လူနောက်လူပြောင် တွေရဲ့ ကျွဲအက ဝှေ့ယမ်းပြီး ဝင်လာတဲ့အခါ ကိုယ်ဟာ သော်ဇင် ကျောနောက်မှာ ပုန်းခိုရင်း ပျော်လည်းပျော် မော လည်းမော ။

“ မကြောက်ပါနဲ့ မိုးပြာ ရဲ့ ၊ ကျွဲတွေ က အရုပ် တွေပါ ။ တကယ် မဝှေ့ပါဘူး ။ မတွေ့ဘူးလား ၊ ဈေးဆိုင် တွေမှာ ပိုက်ဆံ အလှူခံ နေကြတာ ပျော်ကြလို့ပါ ”

ဘုရားပွဲ က အုန်းထမင်း နဲ့ ကြက်သားဟင်း ကိုတော့ ကိုယ် အစွဲဆုံး ။ အပြန်ကျ ပေါ်တော်မူ နဲ့ မြေနီကုန်း အတော် လှမ်းသေးပေမယ့် ကိုယ် နဲ့ သော်ဇင် လမ်းလျှောက် ပြန်ခဲ့ကြတယ်နော် ။ ရိုးပြတ်နံ့ ၊ ကောက်ရိုးနံ့ ၊ စိုက်ခင်း တွေ ကို ဖြတ်သန်းလာတဲ့ လေနုအေး က ဖွဖွညင်သာ ၊ သီတင်းကျွတ်လပြည့် ရဲ့ ဝင်းပပ လရောင် အောက်မှာ ကိုယ်တို့ နှစ်ယောက်စလုံး တစ်ယောက် ရင်ထဲက ချစ်ခြင်း သံစဉ် ကို တစ်ပြန်တစ်လှည့်စီ တီးခတ်မိတာ တစ်သက် တာ မမေ့နိုင်စရာပါပဲ ။

••••• ••••• •••••

ဆယ့်ငါးရက်တာ ကြာခဲ့တဲ့ ခရီး ဟာ ကိုယ့်ရဲ့ဘဝ ကို ကာလ အကြာကြီး လွှမ်းမိုးပါတယ် ဆိုရင် သော်ဇင် ယုံမှာလား ။ အိမ် မှာတော့ အရင်လိုပဲ ဘာမှ မပြောင်းလဲ ၊ ဆင်တူ အရောင်မကွဲ နေ့ရက်တွေ ကို ဖြတ်ကျော်ဆဲပေါ့ ။

ဒီဘက် နှစ်ပိုင်းတွေမှာ ဖေဖေ ဟာ စိတ်ထောင်း ကိုယ်ကြေ ဖြစ်ပြီး လေဖြတ်ချင် သလိုလို ဖြစ်သွားတာမို့ မေမေ နဲ့ ကိုယ့် ကို သိပ်ပြီး ရန်မရှာတော့ပါဘူး ။ လူ လည်း အတော် အိုစာ သွားတယ် ။ ကိုယ် လည်း အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် က ဘွဲ့ရပြီ ။ မြေနီကုန်း ရွာကလေး က ပြန်လာပြီး တစ်နှစ်တိတိ ကြာတဲ့အခါ ကိုယ် နဲ့ သော်ဇင် အတိအလင်း ချစ်သူတွေ ဖြစ်ခဲ့ကြ တယ် ။ အခုဆို ကိုယ် လည်း အင်တာနက်ဆိုင် သွားပြီး ကွန်ပျူတာ ကို အတော် သုံးတတ်နေပြီ ။ ရက်ခြား ဆိုသလို မင်း နဲ့ ရော နန်းမူ ပါ အွန်လိုင်း ပေါ်မှာ တွေ့ဆုံလေ့ ရှိတယ် ။

အဖေ က တောင်ကြီး ဇာတိပါ ။ အဖေ နဲ့ အမေ စိတ် သဘောထား မတိုက်ဆိုင်လို့ အဖေ တောင်ကြီး ပြန်သွား ပေမယ့် နန်းမူတို့ မောင်နှမ ကို ပစ်မထားပါဘူး ။ ခွန်နောင် ကို မကြာခဏ ခေါ်ပြီး စိုက်ပျိုးမြေ နဲ့ သင့်တော်မယ့် သစ်စေ့တွေ ၊ ငွေအရင်းအနှီးတွေ ထုတ်ပေးလေ့ ရှိတယ် ။ နန်းမူ ကို လည်း စင်ကာပူ ထွက်ပြီး အလုပ် လုပ်မလားတဲ့ ။ ခွန်နောင် ရော နန်းမူ ပါ ရွာ ကို မခွဲနိုင်ကြဘူး ။ လူတွေ နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်ကြတာ ဘာကြောင့်လဲ ၊ ငွေ အတွက် ထင်ပါရဲ့ ။ အပြင်ထွက် ရှာမယ့်ငွေ ကိုယ့် တိုင်းပြည် မှာ ရှာလို့ရနေရင် သွားစရာ မလိုဘူးလို့ နန်းမူ ယူဆ ပါတယ် ။

ဒါက နန်းမူ ရဲ့ အယူအဆပါ ။ နန်းမူ လည်း ဘွဲ့ရပြီး သူ့ အိမ်က မြေကွက်လပ် မှာ ကျူရှင် နဲ့တွဲပြီး ဘော်ဒါ ဆောင် ဖွင့်ထားလေရဲ့ ။ သော်ဇင် ကတော့ ရန်ကုန်မှာ သစ်သီးဝလံ ပြပွဲပြိုင်ပွဲ ရှိတဲ့ အခါမျိုး တက်လာလေ့ ရှိတယ် ။ သူ့ ရဲ့ သင်္ဘောသီးတွေ ၊ ရွှေဖရုံသီးတွေ ပြပွဲ လာ တင်ရင်းပေါ့ ။ ဂန္ဓမာ အပြင် သီးနှံစိုက်ခင်းတွေပါ တိုးချဲ့ပြီး တကယ့် တောင်သူကြီး ဖြစ်နေပါပြီ ။ မောင်နှမ နှစ်ယောက် သူတို့ ရဲ့ အရိုးခံ ကျေးလက် မှာ စီးပွားရေး တိုးတက်စည်ပင် နေမှတော့ နိုင်ငံခြား ဆိုတာကို လွမ်းပါဦး မလား ။

သော်ဇင် ရေ အခုဆို ကိုယ် လည်း အိမ်မှာ နေတတ် သွားပါပြီ ။ ဖေဖေ ကလည်း မာန်တွေ ကျပြီး အရင် က လောက် မတင်းမာတော့ပါဘူး ။ ကိုယ်တို့နှစ် ပန်းချီ ကျောင်းဆင်းတွေ စုပြီး အမှတ်တရ ပန်းချီပြပွဲ ပြုလုပ် ရာမှာ သော်ဇင် ကို ဖိတ်ကြားထားတာ လာမယ် ဆိုလို့ ကြို ပျော်နေမိတယ် ။ ကိုယ် ပြပွဲ တင်ထားတဲ့ ပန်းချီကားတွေ အကြောင်းတော့ ကြိုပြီး ပြော မထားပါဘူး ။ ကိုယ် မင်းတို့ ရွာ ကို ရောက်ခဲ့စဉ်က အာရုံထဲ မှာ စွဲခဲ့တဲ့ မြင်ကွင်း ပန်းခင်းကား ကိုတော့ ‘ ဂန္ဓမာမြိုင် ’ လို့ အမည် ပေးထားတယ် ။ ပန်းခင်း အစပ်မှာ ဒေါင်းမလေး ရပ်နေပုံ အနီးကပ် မြင်ကွင်း ကိုတော့ ‘ ကကြိုး ’ လို့ ရိုးရိုးလေး ပေးထားပါတယ် ။ ပါးချိုင့်ကလေး ပေါ်အောင် ပြုံးနေတဲ့ ပအို့ဝ် ဝတ်စုံ နဲ့ နန်းမူ ပုံကိုတော့ ပေးမိတာက ‘ ပြုံးတဲ့ယဉ်သူ ’ တဲ့ ။

သော်ဇင် လာလို့ ပန်းချီကားတွေ မြင်ရင် အံ့သြအောင် ကြိုပြီး ပြောမထားတာပါ ။ သော်ဇင် ကလည်း ကိုယ့် ကို ပြောမပြ ထားတဲ့အရာတွေ နန်းမူ ဖော်ကောင် လုပ်လို့ သိရပါသေးတယ် ။ သော်ဇင် လာတဲ့အခါ အမေ ပါ လိုက်လာပြီး ကိုယ့် ကို ဖေဖေ ၊ မေမေတို့ ဆီမှာ လာ တောင်းမယ့် အကြောင်းပေါ့ ။ ကိုယ့် မေမေ က ကိုယ်တို့ နှစ်ယောက် အကြောင်းတွေ သိပြီးသားမို့ အကြောင်း မဟုတ်ပေမယ့် ဖေဖေ့ သဘောထား ကိုတော့ ကြိုတင် တွက်ဆလို့ မရပါဘူး ။ ငါ့ သမီး အရွယ် ရောက်နေပြီ ၊ အိမ်ထောင်ရက်သား ကျသင့်ပြီ လို့ ယူဆပြီး ရှောရှောရှူရှူ ဖြစ်ချင်လည်း ဖြစ်မယ် ။ မဖြစ်ချင်လည်း မဖြစ်ဘူး ။

ကိုယ် ဟာ ဖေဖေ နဲ့ ပတ်သက်ရင် ဘာမဆို ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားပါတယ် ။ ဘယ်ကိစ္စမှာ အသာတကြည် မဖြစ်တာလည်း အရိုးစွဲကျီးပေါင်းတက် နေတဲ့ ဖြစ်နေကျ ဝေဒနာ တစ်ခု ဖြစ်နေပါပြီ ။ ကိုယ်က လိုချင် တာကို မဖြစ်ဖြစ်အောင် ၊ မရရအောင် ကြိုးပမ်းသွား မှာပါ ။ လုပ်နည်းလုပ်ဟန် နည်းလမ်း မှန်ဖို့တော့ လိုတာပေါ့ ။ သော်ဇင် ကိုယ့် ကို ဖုန်း ထဲက မကြာခဏ နောက် ပြောင်ဖူး သလိုပေါ့ ။

အဖေ ဆူရင် မောင့် ဆီ ပြေးခဲ့တဲ့ ။

ကိုယ် ဟာ တစ်နေ့ကျရင် အဖေ ၊ အမေတို့ ရဲ့ တရား ဝင် ခွင့်ပြုချက် နဲ့ မြေနီကုန်း ရွာကလေး ဆီ လာခဲ့မှာပါ ။ လယ်ကွင်းတွေ ကို ဖြတ်သန်းလာတဲ့ လန်းဆတ်တဲ့ လေ ၊ မောင်းတက် နဲ့ ခပ်ရတဲ့ တွင်းရေ အေးအေး ၊ ခြံထောင့်က မီးရထားကြီး တဂျုန်းဂျုန်း ခုတ်မောင်းသံ ၊ အရည်ရွှန်း သစ်သီးတွေ ၊ ပုန်းခိုနေတဲ့ စိမ်းစိုစိုစိုက်ခင်း ။ ပြီးတော့ ဒေါင်းမလေး ကို စီးပြီး စိုက်ခင်းတွေ ဆီ သွားရတဲ့ ကောင်းဘွိုင်ဆန်ဆန် ခံစားမှု ၊ ဘုရားပွဲ ဆီ က ပျံ့လွင့်လာတဲ့ တွံတေးသိန်းတန် သီချင်း အားလုံးဟာ ကိုယ့် ရဲ့ အနက်ရှိုင်းဆုံး နှလုံးသား တစ်နေရာ မှာ စိုက်ဝင် နေခဲ့ပြီ ။  ။

▢ မိချမ်းဝေ
📖မြန်မာသစ် မဂ္ဂဇင်း
     ၂၀၀၀ ၊ ဒီဇင်ဘာလ

No comments:

Post a Comment