❝ အစည်းအဝေး ရှိသည် ❞
( မင်းကျော် )
ခြောက်ထပ်တိုက်ကြီး ပေါ် တက်ခဲ့ရလို့ ထင့် ။
ဓာတ်လှေကား အပြင်သို့ ရောက်သည် နှင့် သက်ပြင်းရှည်ကြီး ကို အမှတ်မထင် မှုတ်ထုတ်လိုက်သည် ။
‘ မောလိုက်တာ ’ ဟူသော စကား သုံးလုံး ကို နှုတ် က မညည်းပေမဲ့ မျက်နှာပြင် မှာတော့ ထို စကား သုံးလုံး အထင်းသား ပေါ်နေသည် ။ လက် ထဲ မှာ ကလည်း ဧရာမ လက်ဆွဲအိတ်ကြီး ကို ဆွဲလာခဲ့ရသေးသည် ။ လေး က လည်း လေးပါဘိသနှင့် ။
တစ်စက္ကန့်မျှ ခြေလှမ်း ရပ်သွားသည် ။ ပြီးမှ ရေးကြီးသုတ်ပျာ ခြေလှမ်းသည် ။ ‘ အစည်းအဝေးရှိသည် ’ ဟူသော ဆိုင်းဘုတ် ကို ကျော်ခဲ့သည် ။ အခန်းတံခါး ရှေ့ ရောက်သောအခါ တံခါးမကြီး ကို တွန်း ဝင်လိုက်သည် ။ အတွင်း က အသံများသည် နားထဲသို့ စုပြုံဝင်လာသည် ။
“ ဝူး နောက်ကျ သွားသဗျို့ ။ ဟိုဘက်က အစည်းအဝေး က မပြတ် လို့ဗျာ ။ ဆောရီးပဲဗျို့ ”
အတွင်းရေးမှူးကြီး သည် စားပွဲ က လူများ ကို လှမ်း ကြည့်ပြောရင်း စားပွဲထိပ်ဘက်နား က ကုလားထိုင်တွ င် နေရာ ယူ လိုက်သည် ။
“ ခင်ဗျား လိုပဲပေါ့ဗျ ၊ ကျုပ် လည်း ဟို ဌာနက အစည်းအဝေး တက်နေတာနဲ့ ။ အဲဒါ အစည်းအဝေး တောင် မပြီးသေးဘူး ၊ လစ်လာခဲ့ရတယ် ”
စားပွဲထိပ် ရှိ ဦးခေါင်း ထိပ်ပြောင်ပြောင် နှင့် လူကြီး က ဆီးပြောသည် ။ သူ သည် ဥက္ကဋ္ဌ ။
“ မပြောနဲ့ ခင်ဗျ ။ ဒီနေ့ တစ်နေ့တည်း ချည်း အစည်းအဝေး သုံးခု ရှိပြီ ။ ပင်ပန်းလိုက်တာ မပြောနဲ့တော့ ။ ကဲ ဗျို့ စားစရာလေး ဘာလေးတော့ လုပ်ဦးမှပဲ ။ ခင်ဗျားတို့ကလည်း တစ်ခုခု မှာနှင့်ကြရောပေါ့ ”
အတွင်းရေးမှူး သည် ပြောပြောဆိုဆို စားပွဲ အောက်ဘက်ကို လက် နှင့် နှိပ်လိုက်သည် ။
ကရင်ခနဲ အသံ ၊ ကျွီခနဲ အသံ ၊ ထို့နောက် ရုံးလုလင် ။
“ ဟေ့ စားစရာ လုပ်ကွာ ။ နေ့လယ်စာ ပေါ့ ။ ကျုပ်တော့ဗျို့ မနက် အစည်းအဝေး တုန်းက ကော်ဖီ နဲ့ မုန့် ။ နောက် အစည်းအဝေး ကျ ထမင်း ။ စောစောက အစည်းအဝေးကတော့ ဟန်သဗျ ။ ဥက္ကဋ္ဌ ရုံးခန်း က ဖရစ် ထဲ မှာ ဘီယာကလေး လက်ကျန် ရှိတာနဲ့ ဝင် မော့ခဲ့ရသေးတယ် ။ ကဲ ဘာ စားကြမလဲ ။ အောက်မှာ ကားရှိတယ် မဟုတ်လား ။ ဟိုက်စွမ် သွားကွာ ။ အစည်းအဝေး က မိုးချုပ်မယ် ။ ဒီတော့ ညစာလွတ်ပေါ့ဗျာ ။ အဲဒီတော့ ငါးကျပ်တန် ခေါက်ဆွဲ လေးထုပ် နဲ့ အစုံကြော် လေးပွဲ ဝယ်ချေကွာ ။ ဒါဆို လုံလောက်ပါတယ်နော် ”
အတွင်းရေးမှူး သည် ရုံးလုလင် ဘက် တစ်လှည့် ၊ အစည်းအဝေး သို့ တက်ရောက်လာသူများ ဘက် တစ်လှည့် လှည့်ကာ လှည့်ကာ ပြောလိုက်သည် ။
“ ဟုတ်တယ်ဗျို့ ၊ ဗိုက် ထဲ က အစာ ရှိမှပဲ ။ နို့မဟုတ်လည်း ပြောရ ဆိုရတာ တယ်မသွက်ချင်ဘူးဗျ ။ ကျုပ် က ဒီက ပြန်ရင် ရပ်ကွက် ထဲ က အစည်းအဝေး ဆက် ရဦးမယ် ”
အတွင်းရေးမှူး နှင့် မျက်နှာချင်းဆိုင် အသက်ကြီးကြီး ဗိုက်ရွှဲရွှဲ လူ က ပြောလာသည် ။
“ ကျုပ် လည်း ဒီလိုပါပဲဗျာ ။ ခက်ပါတယ် ။ ကျုပ် မှာက ရပ်ကွက် ထဲ က အစည်းအဝေး ဆိုလို့ ရှောင် နေပေမဲ့ မရဘူး ။ ရလက လူကြီး ကလည်း ကျုပ် မှ မလာရင် လိုက် ခေါ်တော့တာပဲ ။ ခက်ပါတယ်ဗျာ ။ အရပ် ထဲ က လူတွေကျတော့လည်း ခုထိ ဆိုရှယ်လစ် အသိ ရှိကြသေးတာ မဟုတ်ဘူး ဗျ ”
မျက်နှာချင်းဆိုင် ကုလားထိုင် က လူခပ်ငယ်ငယ် က ဝင် ပြောပြန် သည် ။ သူ့ မှာ ပြောစရာ မကုန်သေး ။
“ ဘယ့်နှယ်ဗျာ ၊ ဘာပစ္စည်းလေး ဖြစ်ဖြစ် လိုချင်တဲ့ လူ ချည်းပဲ ။ ဒီတော့ ပစ္စည်း တစ်ခု ရောက်ပြီဆို တစ်ရပ်ကွက်လုံး ကော်မတီတွေ ကို ခေါ်ရပြန်ပြီ ။ ပြီးရင် ဆိုရှယ်လစ်အသိ ကို ရှင်းရ ပြန်ပြီ ။ ကြည့်ဗျာ ကနေ့ ပဲ ရောက်တဲ့ ပစ္စည်းက ဓာတ်ခဲ သုံးလုံး ၊ မီးသီး သုံးလုံး ။ လိုချင်တဲ့ လူတွေ က အကုန်လုံး ။ ဒါကို ဘယ်လို ခွဲတမ်း ချရ မလဲ ။ တကယ် အသုံးလိုတဲ့ လူ ယူဖို့ ကောင်းတာပေါ့ ။ အခုတော့ လက်နှိပ် ဓာတ်မီး မရှိတဲ့ လူ ကလည်း ဓာတ်ခဲ လိုချင်တာပဲ ။ ရေဒီယို မရှိတဲ့ လူ က လည်း ဓာတ်ခဲ လိုချင်တာပဲ ။ ဒီတော့ ရှင်းရ ပြန်ရော ။ ရပ်ကွက် ထဲ မှာ ချက်ကျလက်ကျ ဒိုင်ခံ ရှင်းတတ်တဲ့ လူဆိုလို့ ကလည်း ကျုပ် ပဲ ရှိတာ မဟုတ်လား ”
“ အင်း အင်း ဆိုစမ်းပါဦး ၊ ခင်ဗျား က ဘာတွေ ရှင်းပြလို့လဲ ”
ဘေးနား ကပ်လျက် လူ က ဝင်၍ ပင့်သည် ။
“ ဘယ့်နှယ် မရှင်းလို့ ရမလဲဗျာ ။ ဒီ လူတွေ ဟာ ခုထိ ခေတ်ပြောင်း တော်လှန်ရေး ရဲ့သဘော ကို မသိကြသေးဘူးဗျ ။ အခွင့်အရေး ဆိုတာ ဘာလဲ ၊ တာဝန် ဆိုတာ ဘာလဲ ကွဲကွဲပြားပြား မသိဘူး ။ ကြည့်လေဗျာ ၊ လူတွေ ဟာ ကိုယ် တကယ် မလိုဘဲ နဲ့ လည်း ထုတ်တာပဲ ။ ပြီးတော့ ရောင်း စားတယ် ။ ဒီတော့ ဘာဖြစ်လဲ ။ လူတွေ ဟာ တဖြည်းဖြည်း နဲ့ အကျင့် ပျက်လာကြရော မဟုတ်လား ။ ဒါက တကယ် မလိုအပ်ဘဲနဲ့ ထုတ်ယူတဲ့ လူ အဖို့ ထိခိုက်တာ ။ တစ်ဖက်မှာ ကျတော့ တကယ် လိုတဲ့ လူ အဖို့ အပြင် ဘက် မှာ ဈေးကြီး ပေး ဝယ်ရတော့ ထိခိုက်ပြန်ရော ။ အဲ အဲ ဒါမျိုးတွေ ရှင်းပြ ရတာပေါ့ ။ ရပ်ကွက် ထဲ က လူ ဆိုတာတွေ က ဒီလောက်ကလေးတောင် မှ အသိအဆင်ခြင် ရှိတာ မဟုတ်ဘူး ”
“ အဲဒီလို ရှင်းလိုက်တော့ သဘော ပေါက်ကြရောလား ”
“ ပေါက် မပေါက်တော့ မသိဘူးလေ ။ ပြီးခဲ့တဲ့ တစ်ပတ် က ဆို ပလတ်စတစ် ကြယ်သီး က နှစ်ဒါဇင် ဗျာ ။ ဆံညှပ် က ခြောက်ချောင်း ၊ လက်ဆေးခွက် က တစ်လုံး ၊ ဓာတ်ခဲသုံး ရေဒီယို က တစ်လုံး ။ အဲဒါ ရောက်လာတာ ကော်မတီ က ဘာလုပ်ရမှန်း မသိဘူး ဆိုပြီး ကျုပ် ကို ခေါ်တာနဲ့ အစည်းအဝေး လုပ်ရတယ် ။ ည ခုနစ်နာရီ လောက် ကနေ ရှစ်နာရီ သာ ထိုးရော ။ အပိုပါပဲဗျာ ။ ရသမျှ ပစ္စည်း လူတိုင်း လိုချင်ကြတာချည်းပဲ ။ ရပြီးသား လူ ကလည်း လူများ လို့ ထပ် လိုချင်တာပဲ ။ မရသေးတဲ့ လူ က လည်း မရသေးလို့ ဆိုပြီး လိုချင်တာပဲ ။ ကိုယ် တကယ် အသုံး လို ၊ မလို ဆိုတာ မဟုတ်တော့ဘူးလေ ။ အဲဒါနဲ့ ငြင်းလိုက်ကြ ခုံလိုက်ကြ တာ ကိုးနာရီ ထိုးရော ။ နောက်ဆုံးတော့လည်း မတတ်နိုင်ဘူးဗျို့ ၊ နည်းဟောင်း အတိုင်း ပြန် လုပ်ရတော့တာပဲ ”
“ မဲချရတယ် ဆိုပါတော့ ”
ဥက္ကဋ္ဌ က ဝင်ထောက်သည် ။
“ ဒါပဲ ရှိတော့တာပေါ့ ”
“ ဒီတော့ ရေဒီယို ကို ကော်မတီဥက္ကဋ္ဌ က ရသွားရော ဆိုပါတော့ ”
ဗိုက်ရွှဲရွှဲကြီး က ဝင် နှောက်ပြန်သည် ။
“ ဆရာကြီး က ဗေဒင် အတတ်သားပဲ ”
ကိုလူငယ် က ပြုံးကျဲကျဲ ဖြေသည် ။
ထိုကြား မှာ ပင် တစ်ယောက် က အတွင်းရေးမှူး အား လှမ်း ၍
“ ဒါထက် စောစောက အစည်းအဝေး ကိစ္စ က ”
“ အလကားပါ ဗျာ ။ အလုပ်ရုံ ထဲမှာ အလုပ်သမား တစ်ယောက် က အလုပ်သမ တစ်ယောက် ကို ခိုးပြေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လုပ်ငန်းခွင် စည်းကမ်းထိန်းသိမ်းရေး အရ ဘယ်လိုများ အရေးယူ နိုင်မလဲ စည်းဝေးကြတာပါ ”
“ ဒီတော့ ”
“ ဘာဖြစ်မလဲ ၊ သူတို့ချင်း ကြိုက်လို့ ခိုးပြေးတဲ့ဟာ ”
“ ဒါပေါ့လေ ”
“ ခင်ဗျား အစည်းအဝေး က တော်သေးတာပေါ့ ။ ကျုပ် က ကနေ့ ရုံး မှာ အစည်းအဝေး ထိုင်ရသေးတယ်ဗျ ”
စောစောက လူငယ် ဘေး ရှိ လူ က ဝင်ပြောသည် ။
“ ကိစ္စကတော့ တခြား မဟုတ်ပါဘူး ။ ရုံး က စာရေးမကလေး နှုတ်ခမ်းဆိုးဆေး ခဏခဏပျောက်တဲ့ ကိစ္စလေ ”
“ ကဲပါလေ ဒါတွေ ထားပါ ။ ကျုပ်တို့ ကနေ့ အစည်းအဝေး ကိစ္စပဲ ပြောရအောင် ”
အတွင်းရေးမှူး က ကြားဖြတ် လိုက်သည် ။
“ ဩော် ၊ ဒါထက် အရင်အပတ် အစည်းအဝေး တုန်းက ကျုပ်တို့ အဖွဲ့ အပြင်ဘက်က ဦးပဏ္ဍိ ကို အဖွဲ့ဝင် ခန့်ဖို့ ကိစ္စ မစ်နစ်စထရီ ကို စာ ရေး တာ ဘယ်လိုတဲ့လဲ ”
ဗိုက်ရွှဲကြီး က ဖောက်ပြန်သည် ။
“ ဟာဗျာ ၊ ဒီအကြောင်း မပြောချင်ပါဘူး ။ အရင်တစ်ခါ စာ ရေးတုန်းကလည်း စာ က တာဝန်ခံ ဆီ မရောက်ဘူးတဲ့လေ ။ နောက်တစ်ခါ က အစည်းအဝေး တက်တဲ့ ပြင်ပပုဂ္ဂိုလ် အတွက် အစည်းအဝေး ထိုင်ခ ပေးဖို့ ကိစ္စ ကို လည်း ကြည့်ဦး ။ အဲဒါကို မစ်နစ်စထရီ က ဘဏ္ဍာရေး ကို အမိန့်ခံရမယ် ဆိုတာနဲ့ ဘဏ္ဍာရေး ကို အမိန့် ခံလိုက်ပါတယ် ။ ရှစ်လ လောက် တောင်ရှိပြီ ။ အဲဒါဆို အရင် တစ်ခါ အစည်းအဝေး မထိုင်ခင် က မှ ဘဏ္ဍာရေး က ခွင့်ပြုချက် မပေးတာနဲ့ ကျုပ် လည်း ရုံးတွင်း အသုံးစရိတ် က နေပြီး အဘိုးကြီး ကို ဘယ်လို ပေးနိုင်မလဲ နည်းလမ်း ရှာနေရတယ် ”
“ နေပါဦး နေပါဦး ၊ ဦးပဏ္ဍိ ကိစ္စလား ”
လူငယ် က အတွင်းရေးမှူး စကား ကို ဖြတ် ပြောသည် ။
“ ဒါပေါ့ ”
“ ဒီလိုဆို မလုပ်နဲ့တော့ဗျို့ ”
“ ဘာဖြစ်လို့လဲဗျ ”
ဥက္ကဋ္ဌ က ကြားဝင်မေးသည် ။
“ ဦးပဏ္ဍိ ခုမ နက်ကပဲ ဆုံးသွားပြီဗျ ”
“ ဗျာ ”
“ ဦးပဏ္ဍိ ဆုံးသွားပြီ ဟုတ်လား ။ ဘယ်လို ဖြစ်လိုက်တာပါလိမ့် ။ ဆေးရုံ တက်တာတောင် မသိလိုက်ရပါကလား ”
“ ခု မနက် က ပဲ ဖြစ်တာ ။ နှလုံး ထင်ပါတယ် ။ အဘိုးကြီး က လူတော်ပါ ”
“ ဘယ့်နှယ် မတော်ရမလဲဗျာ ။ မြန်မာဝေါဟာရများ လေ့လာရေး အဖွဲ့ မှာ သူ အများကြီး လုပ်ခဲ့တာဗျ ။ ဒီ လူကြီး က ဘာသာစုံ လည်း တတ် ပါပေတယ် ။ အသက် သာ ကြီးတယ် ။ မှတ်ဉာဏ် က လည်း အလွန် တော် တာဗျ ။ ခင်ဗျား ပြန် စဉ်းစားကြည့်စမ်း ။ လောင်းလှေ ဆိုတဲ့ စကားကို သူ ရှင်းသွားပုံများ ဆို ။ ဥက္ကဋ္ဌကြီး က မြန်မာစာ ဝါသနာ ပါလို့ ပြောရဦးမယ် ။ လောင်းလှေ ဆိုတာ ကို ကျွန်တော်တို့ ကြားဖူးနေတာပဲ ၊ ဒါပေမဲ့ အဓိပ္ပာယ် ဖွင့်ဖို့ကျ မလွယ်ဘူး မဟုတ်လား ။ အဲဒါ အဘိုးကြီး လို တော်တဲ့ လူမျိုး ရှင်းလိုက်တော့ လည်း လင်းနေတာပဲဗျို့ ”
“ အင်း အင်း ဆိုစမ်းပါဦး ”
“ အမှန်ကတော့ ရိုးရိုးကလေးဗျ ။ ကျွန်တော်တို့ က မစဉ်းစားမိကြ လို့ ။ လောင်း ဆိုတာက အင်္ဂလိပ်စကား ၊ ရှည်သော လို့ အနက် ထွက်တယ် မဟုတ်လား ။ အဲဒီတော့ လောင်းလှေ ဆိုတာ ရှည်သော လှေ ၊ ရှည်မျောမျော သဏ္ဌာန် ရှိသော လှေ တဲ့ ။ ကဲ ဘယ်လောက် ရှင်းသလဲ ။ အဘိုးကြီး က အဲဒီလောက် စွယ်စုံ တော်တာဗျ ။ ဒါ ဥပမာ တစ်ခု ပြောသေးတာ ။ တချို့ ကိစ္စတွေ မှာ ဆို အဘိုးကြီး က ပြည်သူတွေ ထဲ က ကောက် ပြတာဗျ ။ သတင်း ဆိုတဲ့ စကားကို သူ ရှင်းသွားတာပဲ ကြည့် ”
“ စိတ်ဝင်စားစရာ အကောင်းသားကလား ”
“ သတင်း ဆိုတာ သီတင်းနေ့ ၊ သီတင်းဥပုသ် စောင့်တဲ့နေ့ မှာ ပြော တဲ့ စကားတဲ့ ။ ဟုတ်တယ်ဗျ ၊ ကျုပ်တို့ မြန်မာတွေ မှာ ရှေးတုန်းက သတင်းစာတွေ ဘာတွေ မရှိသေးဘူး မဟုတ်လား ။ ဥပုသ်နေ့ ကျမှ ဥပုသ်ဇရပ် မှာ လူ စုမိပြီး သတင်း ဖလှယ်ကြရတာ မဟုတ်လား ”
“ ဒီလိုဆို သတင်းစာ ဆိုတာ ဥပုသ်နေ့စာ ပေါ့နော် ”
တစ်ယောက် က ဝင် ကလိသေးသည် ။
သို့ပေမဲ့ လူငယ် သည် အကလိ ခံရပြီကို သတိပြုမိပုံ မပေါ် ။
“ ဒါပေါ့ ၊ ကနေ့ ထွက်နေတဲ့ သတင်းစာမျိုး ဟိုတုန်းကသာ ထုတ် ရင် ဥပုသ်နေ့စာ လို့ ခေါ်ချင် ခေါ်မှာ ”
သို့ဖြင့် လူတို့သည် ဦးပဏ္ဍိ ၏ ဂုဏ်ပုဒ်များ ကို ချီးကျူးလိုက်ကြ သည်မှာ နာရီဝက်ကျော်လာခဲ့သည် ။
“ ကဲလေ ၊ ခု ဦးပဏ္ဍိ လည်း ဆုံးသွားပြီ ဆိုတော့ ည ကျမှ အသုဘ အိမ် သွားရမှာပဲ ။ ကျုပ်တို့ အစည်းအဝေးလေး စကြဦးစို့လား ။ အစည်းအဝေး အစီအစဉ် အရ ပထမဆုံး အရင် တစ်ပတ်က အစည်းအဝေး မှတ်တမ်း ကို အတည်ပြုကြမယ် ”
အတွင်းရေးမှူး သည် စကား ဖြတ်ပြီး လက်ဆွဲအိတ်ကြီး ထဲမှ စာရွက်များ ၊ ဖိုင်တွဲများ ကို ထုတ်၍ စားပွဲပေါ် သို့ တင်နေ၏ ။ ထို့နောက် စာရွက်များ ကို လှန်လှော ရှာဖွေပြီး အစည်းအဝေး မှတ်တမ်း ကို ဖတ်သည် ။
ထိုအခိုက် မှာ ပင် ရုံးလုလင် ဝင်လာသည် ။ ရုံးလုလင် သည် အတွင်းရေးမှူး နား ကပ်ပြီး တီးတိုး ပြောသည် ။ ထို့နောက် ပြန် ထွက်သွားသည် ။ အတွင်းရေးမှူး သည် အစည်းအဝေးမှတ်တမ်း ဖတ်ပြီး လျှင် ဖတ်ပြီးချင်း
“ ဒါပါပဲ ၊ အစည်းအဝေးမှတ်တမ်း နဲ့ ပတ်သက်လို့ ဆွေးနွေးစရာ ရှိတာတော့ စားရင်းသောက်ရင်း ဆွေးနွေးကြတာပေါ့ ။ စားပွဲသောက်ပွဲ ပြင်ပြီး နေပါပြီတဲ့ ။ စားလိုက်ကြဦးစို့ဗျာ ”
ဥက္ကဋ္ဌ သည် နာရီ ကို လှမ်းကြည့်သည် ။
“ အလို ဘာလိုလိုနဲ့ ကျုပ်တို့ အစည်းအဝေး တစ်နာရီတောင် ကျော်သွားပြီပဲ ”
နှစ်နာရီ က စ သော အစည်းအဝေး သည် စားရင်းသောက်ရင်းမှာ လေးနာရီ ထိုးလုလုဖြစ်လာသည် ။ သူတို့ အစည်းအဝေးစားပွဲ ပြန်ထိုင် သောအခါ သုံးနာရီ မိနစ်ငါးဆယ်ရှိပေပြီ ။
“ ကဲ ၊ အစည်းအဝေးမှတ်တမ်း အတည်ပြု ပြီးရင် ကနေ့ ကိစ္စဆွေး နွေးရအောင် ”
“ ဒါကိုတော့ အားလုံးပဲ အလေးအနက် စဉ်းစားစေချင်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ်တို့ အနေနဲ့ ကျုပ်တို့ အဖွဲ့ရဲ့လုပ်ငန်း ကို စာအုပ် ရိုက်မယ် ဆိုတဲ့ နေရာမယ် ဒီစာအုပ် ဟာ တစ်သက်လုံး တည်တံ့ သွားမှာ ဆိုတော့ စာအုပ်မျက်နှာဖုံးပိုင်း ဟာ အရေးကြီးပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ မျက်နှာဖုံး က မျက်နှာစာ ကိုး ။ ဒါကို လူ မက်စရာ ဖြစ်အောင် လုပ်ထားမှ ကောင်းမှာ ”
“ ဒါပေါ့ ”
သို့ဖြင့် သူတို့ သည် စာအုပ်မျက်နှာဖုံး နှင့်ပတ်သက်၍ စတင် ဆွေးနွေးကြလေတော့သည် ။
တချို့က ပန်းချီဆရာ ထံ တွင် ပုံအပ်ရန် အကြံ ပေးသည် ။ သည်မှာ ပင် မူ ကွဲပြန်သည် ။ တချို့က စံတိုး ထံ အပ်စေချင်သည် ။ တချို့က မောင်စိန် နှင့် သင့်သည် ဟု ဆိုသည် ။ တစ်ယောက် က မူ ဦးဘကြည် ကို အဆွဲ ခိုင်းချင်သည် ။ သို့ဖြင့် ပန်းချီ ဆရာ ရွေးဖို့ ကိစ္စ ကို နာရီဝက် ကြာ ငြင်းကြသည် ။ မပြတ် ။
ပြီးတော့ အရောင် ကိစ္စ ။ ဆယ့်ငါးမိနစ် သာ ကုန်သည် ။ အဆုံးအဖြတ် မရ ။
ထို့နောက် မျက်နှာဖုံး ရိုက်ရေး ကိစ္စ သည် လည်း စဉ်းစားစရာ ဖြစ်လာ၏ ။ အော့ဖ်ဆက်လား ၊ ရိုးရိုးလား ။ စာပေဗိမာန် အပ် မလား ။ ဘယ် အပ်မလဲ ။ ဆယ်မိနစ် ကြာတော့
“ ကျုပ် တော့ လှဖို့ ၊ ခမ်းနားဖို့ ထက် သိသာမြင်လွယ်စေဖို့က အရေးကြီးတယ် ထင်တယ် ”
အတွင်းရေးမှူး က ဝင်ပြောသည် ။
“ ပန်းချီတွေ ဘာတွေ လုပ် နေရင် ငွေ လည်း ပိုကုန်မယ် ၊ အကြောင်း လည်း မထူးဘူး ။ ကျုပ်တို့ အဖွဲ့ အနေနဲ့ ထုတ်တဲ့ စာအုပ် ဟာ ရောင်းပန်းစာအုပ်တွေ လို အများကြိုက်အောင် လုပ်စရာမှ မလိုဘဲ ”
အတွင်းရေးမှူး သည် အဖွဲ့ က ထုတ်ဝေမည့် စာအုပ် နှင့် ပတ်သက်၍ ထားရှိအပ်သော သဘောထား ကို အတန်ကြာ ရှင်းလင်း ပြောပြနေ၏ ။
ထိုအခါ ဤ ကိစ္စသည် ဆွေးနွေးစရာ ဖြစ်လာပြန်သည် ။
စင်စစ်တော့လည်း အဖွဲ့ ၏ လုပ်ငန်းဆိုင်ရာ အစီရင်ခံချက် ကို တိုင်းပြည် သို့ ထုတ်ဝေရောင်းချရန် စီစဉ်ပြီး ဖြစ်သည် ။ ယခုအခါ ထို အစီရင်ခံစာအုပ် မှာ လည်း ရိုက်နှိပ်ပြီးစီးပြီ ဖြစ်၏ ။ ယခု အစည်းအဝေး မှာ စာအုပ်မျက်နှာဖုံး အတွက် တိုင်ပင် ဆွေးနွေးသည့် အစည်းအဝေး ဖြစ်သည် ။
သူတို့ မျက်နှာဖုံးကိစ္စ ဆွေးနွေးလာခဲ့ကြသည် မှာ တစ်နာရီ ခန့် ရှိပေပြီ ။ လေးနာရီ ပင် ကျော်လာပြီ ။
“ ကဲပါလေ ဒီတော့ ဒီ ကိစ္စကို ဒီလို လုပ်ပါ ။ ကျုပ်တို့ အတွင်းရေးမှူး ကတော့ အပြင်စာပေလောက နဲ့ လည်း နီးစပ်တယ် ၊ စာအုပ် ထုတ်ဝေရေးလုပ်ငန်း အကြောင်း လည်း အတန်အသင့် သိထားတယ် ဆိုတော့ ဒီကိစ္စကို ခုလောက် ရှည်ရှည်လျားလျား ဆွေးနွေး မနေဘဲ အတွင်းရေးမှူး ကို ပဲ တာဝန် ပေးလိုက်ရင် မကောင်းဘူးလား ”
ဦးဗိုက်ရွှဲ က ကြားဖြတ် ပြောလိုက်သည် ။
ဦးဗိုက်ရွှဲ စကားကြောင့် အားလုံးပင် ဦးဗိုက်ရွှဲ ဘက်သို့ လှည့် ကြည့် ကြသည် ။ လူငယ် က
“ တကယ်ဗျာ ၊ ကျုပ်တို့ ဘယ်တော့ စည်းဝေး စည်းဝေး ဦးဗိုက်ရွှဲ က အဆုံးအဖြတ် ပေးတာချည်းပဲ ။ ခုတိုင်းက အလကား အချိန်ကုန် ခံပြီး ဆွေးနွေး နေကြသလို ဖြစ်နေတာပေါ့ ။ ဦးဗိုက်ရွှဲ က လည်း စောစော ကတည်း က ဒီ အကြံ ပေးလိုက်ရင် ပြီးနေတာပဲဟာ ။ ဒါထက် နေစမ်းပါဦး ဗျ ။ ခင်ဗျား ဟိုတလောက ပြောတဲ့ သတင်း နောက်ဆက်တွဲကလေး ဆိုစမ်းပါဦး ”
“ ဘာပါလိမ့် ”
“ နိုင်ငံခြားက အပြန် ဟိုဟာတွေ ဝယ်လာလို့ ဟိုလို ဖြစ်နေတယ် ဆိုတဲ့ ဟိုဌာန က ဟိုဆရာကြီး အကြောင်းလေဗျာ ”
“ ဟား ဟား ဟား ”
ဦးဗိုက်ရွှဲ က အားရပါးရ ရယ် လိုက်ပြီး
“ ဒါ ဘာ ဟုတ်သေးသလဲဗျ ။ ခု နောက် တစ်ခု တောင် ကြားရပြန်ပြီဗျို့ ။ အဲဒါတော့ ဟောဟို လူ ဟောဟို လူ ယူလာတဲ့ သတင်းပဲ ”
သူ့ မျက်စောင်းထိုး လူ ကို လက်ညှိုး ညွှန်လျက်
“ ပြောပြစမ်းပါဦးဗျ ၊ ဗဟုသုတဟင်းလေးအိုး ကြီးရ ”
“ ဘာလဲဗျ ”
ဗဟုသုတဟင်းလေးအိုး က ပြုံးကျဲကျဲ အမူအရာ နှင့် လှမ်း မေးလိုက်သည် ။
“ ဟိုဒင်းလေဗျာ ၊ တာဝန်ခံ မသိအောင် ဟိုဟာတွေ လုပ်တာ ဟိုလို ဖြစ်သွားလို့ ဟိုဒင်း လုပ်ပစ်လိုက်ရတဲ့ ဟို ဟို ဟို ကိစ္စဟာလဗျာ ”
“ ရှင်းပါ့ဗျာ ၊ ရှင်းပါ့ ”
တစ်ချိန်လုံး ငိုက်မျဉ်း နေသော ရှုတည်တည် လူ က ဝင် ပြောရင်း တစ်ဆက်တည်း
“ ဒါထက် ခင်ဗျားတို့ ကြားပြီးပြီလား ။ ဟိုဌာန က ဟိုလူ့ အကြောင်း ”
“ ဘယ်ဌာန က ဘယ်လူလဲဗျ ။ ခင်ဗျားတို့ ဟာတွေ ကလည်း ပဟေဠိတွေ ချည်းပဲ ”
ဥက္ကဋ္ဌ က စိတ်ရှုပ်လာဟန် ဖြင့် ပြောလိုက်တော့မှ ပင်
သူတို့ သည် နိုင်ငံတော် အတင်းအဖျင်းများ ကိုလည်းကောင်း ၊ ကောလာဟလ သတင်းများ ကို လည်းကောင်း ၊ သား ကြောင်း မယား ကြောင်း များ ကို လည်းကောင်း ၊ လည်းကောင်း ၊ လည်းကောင်း ၊ လည်းကောင်း များစွာ တို့နှင့် အတူ ပုပ္ပားတောင် ၌ စိန်တွင်းကြီး တွေ့သည့် အကြောင်းစုံ အထိ စုံတကာစေ့ ပြောကြကာ ညနေ ငါးနာရီခွဲ တွင် အစည်းအဝေး ကို ရုပ်သိမ်းလိုက်လေသည် ။
မှတ်ချက် ။ ။ ထို အစည်းအဝေးမျိုး ၌ နိုင်ငံတော်သီချင်း ဆို၍ အစည်းအဝေး ရုပ်သိမ်းသော အစဉ်အလာ မရှိချေ ။
⎕ မင်းကျော်
📖 မိုးဝေ မဂ္ဂဇင်း
မေ ၊ ၁၉၆၉
No comments:
Post a Comment