❝ မသိုးထမင်း မသိုးဟင်း ❞
( ညီပုလေး )
မိုး က ကျလာတယ် ဆိုရုံလေး ၊ သည်း လည်း မသည်း ၊ တဖွဲဖွဲ မနေ့ည ကတည်း က ဒီလိုပဲ ရွာနေတယ် ။ လျှပ် လည်း မလက် ၊ မိုး ကလည်း မခြိမ်း ၊ လေကလေး က တော့ တချက် တချက် ဆောင့် တိုက်တတ်တယ် ။ အဲဒီ အခါမှာ ဝရန်တာ က သံဆန်ခါ တွေ ကို ကျော်ပြီး မိုးစက်ငယ် တချို့က ဘုရားဝတ်ပြု နေတယ့် ဒေါ်မယ်ဝန် ရဲ့ ပခုံးစွန်း နဲ့ လက်မောင်း ကို လာ နှုတ်ဆက်တတ်ကြတယ် ။ ဘုရား ရှိခိုး နေပေမယ့် စိတ် ကတော့ မိုးရေစက်တွေ လို နေရာ အနှံ့ ရောက်နေမိတယ် ။ သွားလေသူ အတွက် အမျှအတမ်း ဝေပြီး ကြေးစည် ကို အသာအယာ တီးလိုက်တယ် ။ ကြေးစည်သံ ဟာ
လွမ်းလွမ်းဆွတ်ဆွတ် တိုးတိုးညင်ညင်သာသာ ပျံ့လွင့် သွားတယ် ။ ကြေးစည် ကို ဒီလို မတီးယင် အခန်း ထဲ မှာ အိပ်နေတဲ့ မြေးကြီး လန့် နိုးသွားမှာ စိုးရတယ်လေ ။ ဒေါ်မယ်ဝန် ရဲ့ စိတ် ထဲ မှာတော့ ကျေးဇူးရှင် ဦးထွန်းအေး ရုပ် နဲ့ ဒီ မြေးဦး နဲ့ ရုပ် က တထေရာ တည်း ပဲတဲ့ ၊ သိပ် တူတာပဲ ၊ ဒေါ်မယ်ဝန် သေချာပေါက် ပြောလိုက်ပါရဲ့ ။ ဒီ မြေး က ကိုထွန်းအေး မှ ကိုထွန်းအေး ၊ ဒါကြောင့် မြေးကြီး ကိုအသက်လို ချစ်ပြီး ၊ အတိုင်းအတာ မရှိ အလိုလိုက် နေမိတယ် ။ ဒေါ်မယ်ဝန် ရဲ့ နှလုံး ကို လှည့်ပတ် နေတဲ့ သွေးတွေ ထဲ မြေးကြီး ရဲ့ သွေးတွေ ပါ လှည့်ပတ်နေတယ် လို့ ထင်မိတယ် ။ ဒီ သွေးတွေ က နှလုံးသား ကို ဖြတ် စီးကြတာလေ ။
တမြန်နှစ် က ဒီလို ရက် ၊ ဒီလို မိုး တစိမ့်စိမ့် ၊ ဒီလို မိုးအေး နေတဲ့ရက် ၊ မနက် အိပ်ရာ က တော်တော် နဲ့ မထလို့ ဦးထွန်းအေး တော့ အိပ် ကောင်းကောင်း နဲ့ အိပ်ပျော် နေတယ် လို့ ပဲ သူ ထင်မိတယ် ။ တဖက်အိမ် ရေဒီယို က စံတော်ချိန် စိန်ဘမောင် တီးလုံးသံ ကြား တော့မှ နှိုး မလို့ သွား ကြည့်တော့ ညာဘက်စောင်း လို့ ခွေခွေကလေး အိပ်နေ သလိုပါပဲ ၊ အိပ်နေတယ် ထင်လို့ တောင် လှုပ်နှိုး ကြည့်သေးတယ် ။
ခေါင်း ကိုက်တယ် ၊ ဇက်ထိုးတယ် လို့ လည်း ပြောသံ မကြား ၊ ဗိုက်အောင့်တယ် ၊ အောက်ပိုင်း လေးတယ် လို့ မှ ပြောသံ မကြား ၊ အခုလို မမျှော်လင့်ပဲ ဗြုန်းကနဲ ဆိုတော့ ဒေါ်မယ်ဝန် မြေလူးရ ရှာတာပေါ့ ၊ ရူးမယ် ဆိုယင် ရူးနိုင်တယ် ။ ဦးထွန်းအေး က ကပ်စေးနဲတယ် လို့ ပြောပြော နေတဲ့ ဒေါ်မယ်ဝန် အသိတရား တခု ရင် ထဲ မှာ သံမှို စွဲသလို စွဲ သွားတယ် ။
“ လူ့ အသက် လောက် ဘယ်ဟာကမှ အဖိုး မတန်ပါကလား ”
ဒီ အဖြစ်ဆိုး ၊ အပျက်ဆိုး ကို သား နဲ့ ချွေးမ ရှိရာ ဆည်တော်ကြီး ဆည်မြောင်းဌာန က ကြေးနန်းစက် အကူအညီ နဲ့ အကြောင်းကြား လိုက်ရတယ် ။ ဖြောင့်မတ်တဲ့ ဝန်ထမ်းကောင်း လည်း ဖြစ်ပြန် ၊ လူချစ်လူခင် များတဲ့ ပင်စင်စား က လည်း ဖြစ်ပြန် ၊ ရပ်ရေး ရွာရေး လက် မနှေးကြပဲ အပြေး ကူညီတတ်တဲ့ ဇနီးမောင်နှံ မို့ ပင်စင်စား အသုဘ တွေ ထဲ မှာတော့ ဦးထွန်းအေး အလောင်း ဟာ မြေ အကျကောင်း ၊ မြေ အကျလှရှာပါတယ် ။
အဖော် ရအောင် ချွေးမ ကို အိမ်ခေါ် ထားတော့ သား ဖြစ်သူရဲ့ စားအိုး က လည်း တအိုး ကနေ နှစ်အိုး ဖြစ်သွားတယ်လေ ။ အမေ နဲ့ ဇနီး ကို သားကလည်း တတ်နိုင်သလောက် ထောက် ရှာပါတယ် ။ ဆင် က တကောင် ထဲ မဟုတ်တဲ့ အပြင် နှမ်း က အလုံး သေးပြီး နည်း နေလိုက်သေးတယ် ။ ဒေါ်မယ်ဝန် တို့လည်း ကျန်ကောင်း ကျန်ရာ ပင်စင်လေး နဲ့ ခြစ်ခြုတ်ပြီး စားသောက်ကြရတယ် ။ ချွေးမ ကလည်း အချုပ်အလုပ်ကလေးတွေ အိမ်ယူပြီး ချုပ်ရှာပေမယ့် စားစရိတ် ၊ နေစရိတ်တွေမြင့် လာလို့ ပိုလျှံတယ် တို့ ၊ စုစုဆောင်းဆောင်း တို့ မရှိရှာဘူး ၊ တလ နဲ့ တလ အလျင် မီဖို့ မချေးချင် ပဲ ချေးကြရတယ် ။ မုဆိုးမ ဆိုတော့ သိပ် မချေးချင်ကြဘူးလေ ။ ဒါကြောင့် အတတ်နိုင်ဆုံး မချေးရအောင် သိုသိုသိပ်သိပ် ပိပိရိရိ နေထိုင်စားသောက်ကြတယ် ။ ဒီလို ကြားထဲ ချွေးမတော် က အိပ်ရာ အထ မှာ ပျို့ သတဲ့ ။ အဲဒီ နေ့က ဦးထွန်းအေး ဆုံးတာ ငါးလပြည့်တဲ့ နေ့ ၊ ချွေးမ က တော့ ဘယ် မှတ်မိမလဲ ၊ ဒီလို နေ့တွေ မှတ် ရက်တွေ မှတ်တာတို့ အတိတ်နိမိတ် ကောက်တာတို့ ဆိုတာ မုဆိုးမ ပူပူနွေးနွေးတွေ ရဲ့ အလုပ် မဟုတ်လား ။
ဒီလို လာပြီး တိုက်ဆိုင်နေတာ ကို ဒေါ်မယ်ဝန် အံ့ လည်း အံ့ဩမိပါရဲ့ ၊ ဝမ်းလည်း သာ ပါရဲ့ ၊ အံ့ဩတာ နဲ့ ဝမ်းသာတာ ချိန်စက် ကြည့်ယင် ချိန်ခွင်လျှာ က ဝမ်းသာတဲ့ ဘက် ကို သာသာထိုးထိုး ညွှန်း လိမ့်မယ် ။ ဒါကြောင့် ချွေးမ ကိုယ်ဝန်ဆောင်တာ ကို ကိုယ်တိုင် ကိုယ်ဝန် ဆောင်နေရ သလိုပဲ ဒေါ်မယ်ဝန် စောင့်ရှောက်တယ် ။ မုဆိုးမ ဘုရားရှိခိုး ယင် ဆုတောင်းတွေ များရတဲ့ အထဲ ၊ အခုတော့ သား ယောက်ျားလေး ထွန်းကားဖို့ ဆုတောင်း တခု တိုး လာပြန်တယ် ။ ချွေးမ ရဲ့ လုံးလုံးဝန်းဝန်း ဗိုက် ကို ကြည့်ပြီး ဒီလို စူစူ ချွန်းချွန်းကလေး ဆိုယင် သားယောက်ျားလေး မွေး မတဲ့ ။ မောင်အောင်မောင်းကြီး တုန်း ကလည်း ဒီလို စူချွန်းချွန်း ပဲတဲ့ ။ ချွေးမ ရဲ့ လုံးဝန်းတဲ့ ဗိုက် ကို သူ လိုရာ ဆွဲပြီး စူချွန်း ပစ်လိုက်တယ် ။ ဒီ ကိုယ်ဝန် ရှိမှ ဦးထွန်းအေး အကြောင်း အိပ်မက် ခဏခဏ မက်တယ်တဲ့ ။ ဝတ်ဖြူစင်ကြယ် နဲ့ တမျိုး ၊ သင်္ကန်း ဆီး လို့ တခါ ၊ စိပ်ပုတီး လည်မှာ ဆွဲလို့ တကြိမ် ၊ အိပ်မက်ကောင်းတွေချည်း မက်တယ် ၊ ခက်တာ တခုက သူ့ ချွေးမ က မမက်ပဲ ဒေါ်မယ်ဝန် ကချည်း မက်တာမို့ ၊ အိပ်မက် ကို ပြောင်းလို့ရွှေ့လို့ ရယင် ပြောင်းမက်စေချင်တယ် ။ ချွေးမ ကို လည်း အိပ်ယာဝင်ယင် ဘုရားရှိခိုး အိပ်ဖို့နဲ့ ရတနာသုံးပါး ဦးထိပ်ထားဖို့ ခဏခဏ မှာရတယ် ။ အိပ်မက် ဆိုတာ စိတ်ကောင်း နှလုံးကောင်း ရှိမှ အိပ်မက်ကောင်း မက်တာ မဟုတ်လားတဲ့ ။ ဘာပဲဖြစ်ဖြစ် သားယောက်ျားလေး သာ မွေးယင် ဦးထွန်းအေး ပြန်လာတာပဲ ဖြစ်ရမယ် လို့ မျှော်လင့် နေရှာတယ် ။
အနှစ် လေးဆယ် နီးပါး အတူ ပေါင်းလာတော့ လည်း နေရာတကာ သွားလေသူ ကို သတိရစရာ ချည်းပဲပေါ့ ၊ သမ ကုန်ဝယ် စာအုပ် မြင် ယင်လည်း သတိရ ၊ မဆုံးခင်က အိမ် ကို ရေနံချေး သုတ်ဖို့ စီစဉ်ခဲ့တာ ကို ပဲ နောင် အတွက် အမြော်အမြင် ကြီးပါပေ့ ဆိုပြီး ကျေးဇူးတင်မိ ၊ သတိရမိ ။ ရပ်ရေးရွာရေး ဖိတ်စာတွေ မှာ ခါတိုင်းလို မဟုတ်ပဲ ဒေါ်မယ်ဝန့် နာမည် တခုတည်း ရေးထားတာ မြင်ယင် လည်း သတိရ ၊ သာရေး နာရေး ဖိတ်စာတွေ မှာ ဦးထွန်းအေး နာမည် ကို လက်သည်းကွင်းခတ်ပြီး ဖိတ်ယင် လည်း တသမိ ။ နေရာတကာ မှာ သတိရစရာချည်း ဖြစ်နေတော့တယ် ။ အိမ်ရှေ့ က ပိတောက်ပင်ကြီး ကို မိုးကြိုး ထိတော့မှ ဒီ ပိတောက်ပင်ကြီး ရဲ့ အရိပ် နဲ့ ပိတောက်ပန်း ရဲ့ အနံ့ ကို လွမ်းဆွတ် နေရ သလိုပါပဲ ။ သွားလေသူ ရဲ့ အရိပ်ကြီးမားကြောင်း သူ မရှိခါမှ သိတော့တယ် ။ မုဆိုးမ ဆိုတာ တယ်လည်း လူရာ မဝင်ပါလား ဆိုပြီး အားငယ်ရတာလည်း ခဏခဏ ၊ ဒီလို အားကိုးရာမဲ့လွန်း လို့ ဦးထွန်းအေး မဆုံးပါးပဲ ဒေါ်မယ်ဝန် ပဲ ဆုံးပါးလိုက်ချင်တော့တယ် ။ လောက ရဲ့ အကြပ်အတည်းစုံ ၊ ဒုက္ခစုံ ကို ဒေါ်မယ်ဝန် တယောက်တည်း ရင်ဆိုင် နေရပြီ ၊ ဒါပေမယ့် သူ့ စိတ် ကိုတော့ လျှော့ချလို့ မဖြစ်ဘူး ၊ မျှော်လင့်ချက် နဲ့ အသက် ရှင်ပြီး ဒီ မျှော်လင့်ချက် ဓားမတို နဲ့ သောကပူဆွေး ခြုံနွယ်တွေ ကို လမ်းထွင် ရှင်းလင်း ခရီး ဆက်ရမယ်လေ ။ ‘ သားအချစ် မြေးအနှစ် ’ ဆိုတဲ့ စကားကို ရှေးလူကြီးသူမတွေ အကြောင်းမဲ့ ထားခဲ့ကြတာ မဟုတ်ဘူး ဆိုတာ ဒေါ်မယ်ဝန် နားလည် နေပြီ ။
မြေးဦး ‘ ဇော်ဝိတ် ’ ရဲ့ မျက်လုံး နဲ့ ပါးစပ်ပေါက် က ကိုထွန်းအေး နဲ့ တထေရာတည်းပဲ တဲ့ ၊ ချွေးမ က လည်း တူသလိုလိုပဲတဲ့ ။ တခါတလေတော့ လည်း ဖွားအေ က ‘ သည်း ’ နေလို့သာ တူလိုက်ရတာ ၊ သူ့ စိတ်ထဲမှာတော့ တယ်ပြီး တူတယ်လို့ မထင်မိဘူး ။ သူ့ အမျိုးသား ကိုအောင်မောင်း နဲ့ ပဲ တူစေချင်တာပေါ့ ၊ ဒေါ်မယ်ဝန် က
သွေးနုသားနု ချွေးမ အတွက် စိုးရိမ်တာ အပြင် သူ့ မြေး ဇော်ဝိတ် ကြီး နေမကောင်းမှာ စိုးလို့ ချွေးမ ကို မတည့်တာတွေ မစားဖို့ ပြောရတယ် ။ မီးနေသည် ထမင်းဟင်း ကို သူ လည်းပဲ မီးနေသည် လုပ်ပြီး ချက်ပြုတ် စားလိုက်တယ် ။ ဒီလို စားမှ လည်း အကုန်အကျ သက်သာမယ် မဟုတ်လား ။
မြေးအသစ်ကျပ်ချွတ် ကို နှိုက်ချွတ် နေပြန်တော့လည်း စိတ်သက်သာရာ ရမလား အောက်မေ့ မိတယ် ၊ သူ့ ဖိုးအေ နဲ့ တူလွန်းလို့ ဆိုပြီး သွားလေသူကို သတိရပြန်ရော ၊ အော် မုဆိုးမဘဝ ဆိုတာဟာ တယ်လည်း ပင်ပန်းဆင်းရဲလှပါတကား လို့ ဒေါ်မယ်ဝန် တွေးမိတယ် ။ ရှေ့လျှောက် ဘယ်လောက် ဆင်းရဲ ပင်ပန်းရအုံးမှာပါလိမ့် ။ ပူဆွေးခြုံနွယ် ၊ ဆင်းရဲပင်ပန်းခြုံနွယ်တွေ ထူထပ်လွန်းလှပါလား ။ မြေးကြီး ကျောပူခေါင်းပူ ထတာ ဒီနေ့ ဆိုယင် ရှစ်ရက်မြောက် ပြီ ၊ ဒီ ညနေ ဆရာဝန် ဆီ သွား ပြဖို့တောင် တော်တော် စဉ်းစားနေရပြီ ၊ ဗမာဆေးများ ပြောင်း တိုက်ရယင် ကောင်းမလား ၊ ငွေ ကလည်း ခပ်ခက်ခက် ၊ ဘေးအိမ် ကလည်း အယင် ယူထားတာ မပြေပဲ ထပ် ယူဖို့ မကောင်းတော့ ၊ နောင် ဘယ်နှစ်ရက် ဖျားနေအုံးမယ် မသိ ၊
ဒေါ်မယ်ဝန် ရင် ထဲက သောက မီးကျီး မီးခဲ ဟာ ရဲ နေအောင် တောက်နေပြီ ၊ သူ့ အဖိုး ကိုယ်ပွားလေး ဆိုတော့ စိုးရိမ်တာ ၊ စိတ်ပူတာ အထွတ်အထိပ် ကို ရောက်နေတာပေါ့ ။ မြေးကြီး ရဲ့ အသက် ရှည်ဖို့ က လောလောဆယ် အရေးကြီးဆုံး ပဲ မဟုတ်လား ။ ဒီ မှန်ဗီရို ကို ဖွင့် မကြည့်ဖြစ် ၊ ဖွင့်ချင်စိတ် လည်း မရှိ ၊ ဗီရို ထဲက ဦးထွန်းအေး ရဲ့ အဝတ်အစား အသုံးအဆောင်တွေ က အလွမ်း မပြေစေပဲ ၊ အလွမ်း ဝေစေတတ်တယ် မဟုတ်လား ၊ သော့တံ ကို သော့ပေါက် ထဲ ထည့်ပြီး ဒေါ်မယ်ဝန် တွေနေမိတယ် ။ သူ အခါခါ စဉ်းစားတယ် ။ စဉ်းစားယင်း ငယ်ထိပ် ချိုင့် ၊ မျက်တွင်း ဟောက်ပြီး ၊ ကြုံလှီ လာတဲ့ ဇော်ဝိတ် မျက်နှာ ကို မြင်မိတယ် ။ အယင်က ဝဖြိုးပြီး ချစ်စရာ ကောင်းတဲ့ ဇော်ဝိတ် ဟာ သူ့ အဖိုး နောက်ကို လိုက်တော့မှာလားလို့ ပူပန်မိတယ် ။ သော့တံ ကို ညာဘက် လှည့် လိုက်တော့ ဗီရို ထဲက ပရုတ်နံ့ က ခုန်ထွက် လာတယ် ။ အဝတ်အစား အသုံးအဆောင်တွေ က ဦးထွန်းအေး ထားခဲ့တဲ့အတိုင်း အရာမယွင်း သေး ။ ရုပ်အလောင်း ပေါ် က လွှားတဲ့ ဘန်ကောက်ပုဆိုးတထည် နဲ့ တခြား ချည်လုံချည် တထည် သာ ဘုန်းကြီး ကို ‘ နေကထိုင် ’ အဖြစ် ပြင်ချုပ်ပြီး လှူလိုက်တာပဲ လျော့သေးတယ် ။ ကိုအောင်မောင်း ကြိုက်တဲ့ ပုဆိုးအဆင်နု အကွက်စိပ်ကလေး တွေတောင် မပေးရက် ။ သား က လည်း အလိုက် တသိ ၊ မယူ ။ သူ့ သုံးနေကျ လက်ကြယ်သီးတွဲ က လည်း စီးကရက် ၅ဝ - ဝင် သံဘူးဟောင်းထဲမှာ ဒီအတိုင်း ၊ မုတ်ဆိတ်ရိပ်ဂျုပ် နဲ့ ဓားတွေ လည်း သန့်သန့်ရှင်းရှင်း ၊ လက်ကိုင်ပုဝါ အသစ်ကလေး ပေါ်က လျှော်ပြီး ဖွပ်ပြီး လက်ကိုင်ပုဝါလေး ၄ ၊ ၅ - ထည် က ထပ်လျက် ၊ ရုံးဆင်း ရုံးတက် သုံးခဲ့တဲ့ ပိုင်းလော့ဖောင်တိန် ကလည်း သူ့ သခင် အငြိမ်းစား ကတည်း က သူ့ လည်း ရေမိုးချိုးပြီး အငြိမ်းစား ယူလျက် ၊ အလုပ်ကြိုးစား ၊ အလုပ်ပျက်ရက် မရှိလို့ ဆုရတဲ့ ပတ်ကားဖောင်တိန် ကလည်း ပတ်ကား
ဂျပ်သေတ္တာလေး ထဲမှာ အသစ်အတိုင်း ။
ဂုဏ်ယူစရာ ပစ္စည်း တခု အနေနဲ့ ဦးထွန်းအေး က ဒီ ပတ်ကားဖောင်တိန်လေး ကို မြင်သာအောင် ဂျပ်သေတ္တာအဖုံးလေး ကို ဖွင့်ထား လှပ်ထားတယ် ။ ဖောင်တိန် ကို ဖိထားတဲ့ ဖဲပြား အစိမ်းရင့်ကလေး ကတော့ အနုသွေးဘက် ကို လုစ ပြုနေပြီ ။ ဂျပ်သေတ္တာ ရဲ့ မျက်နှာကျက် က ပိုးစဖြူဖောင်းအိအိ ကလေးပေါ်က ပတ်ကား ဆိုတဲ့ စာလုံးအနက် နဲ့ ရွှေမျှားတံကလေး က သစ်လွင်တောက်ပနေ တုန်းပဲ ။ ရန်ကုန် နေပြည်တော် နာရီတိုက် က ဝယ်လာတဲ့ ‘ အိုဂျီဘယ် ’ နာရီလေးလည်း သူ ရဲ့ ကတ္တီပါ နက်ပြာရောင် သေတ္တာ ထဲ မှာ မှေးစက် နေရှာတယ် ။ နာရီဆိုင် ကိုပြင်ဖို့ တခါမှ အလည် မသွားတဲ့ နာရီအမျိုး မို့ ဦးထွန်းအေး က သိပ်မြတ်နိုးတဲ့နာရီလေး ။ ရွှေရောင် နာရီအိမ် က တောက် နေပေမယ့် သော့သီး ကတော့ ရွှေရောင်ပြယ်ပြီး ရွှေဖြူရောင် သန်းနေပါပြီ ။ ဒီ နာရီ အမျိုးက ခေတ်မမီတော့ပေမယ့် ၊ နာရီအမျိုး အကောင်းအဆိုး ခွဲခြားသိသူ ဦးထွန်းအေး ရဲ့ အကြောင်း သိသူတွေ ကို နာရီကလေး က ဖွင့်ဟထားတဲ့ နာရီ ဂျပ်သေတ္တာလေး ထဲ ကနေ လက်ယပ် ခေါ်နေတယ် ။ ဗီရို ကို မလွဲသာ လို့ သာ ဖွင့်ရတယ် ၊ ဒေါ်မယ်ဝန် မှာ နည်းနည်းမှ စိတ် ထဲမှာ မကောင်းလှ ။ ဟယ် မတတ်နိုင်ပါဘူး ၊ ဒီနည်း က လွဲပြီး တခြားနည်း မရှိတော့တာမို့ ... ။
သူ့ ရဲ့ လက်ဟာ ရှပ်အင်္ကျီ အထပ်ရဲ့ အောက်ကို သွင်းလိုက်တော့ ဟိုဒီ စမ်းနေစရာ မလို ၊ တန်းကနဲ စမ်းမိတယ်လေ ။ လူပျိုဘဝ ကတည်း က တပ်ခဲ့တဲ့ ရွှေကြယ်သီး တစုံ ဟာ ဗီရို မှာ ခင်းထားတဲ့ သတင်းစာ အဟောင်း နဲ့ ညိနေသေးတယ် ။ ဒီ ကြယ်သီး အစုံ ကို လက် ထဲ မှာ ဆုတ်ထားယင်း သူ့ နား နှစ်ဖက် က ရွှေပါး နဲ့ ပြင်သစ်ကျောက် နားကပ် တစုံ ကို သတိရမိတယ် ။ ဇော်ဝိတ် ရဲ့အဖျား က ဘယ်နှစ်ရက် ရှည်နေအုံးမှာ မသိနိုင်တာမို့ ၊ နားပေါက်ဟောင်းလောင်း နဲ့ မုဆိုးမ ကို ကဲ့ရဲ့ကြမယ့် မျက်လုံးတွေ ကို မြင် နေယင်း ၊ နားကပ် က လည်း ထုခွဲလို့ ဘာမှ မရတဲ့ အတူတူ ကိုထွန်းအေး ရဲ့
ကြယ်သီး အစုံ ကို ပဲ ပိုင်ရှင် ပြောင်းဖို့ စိတ်ပိုင်းဖြတ် လိုက်ရတယ် ။ ရင် ထဲ ကတော့ ဘယ် ချိမလဲ ။သူ့ မြေး ကြီးလာတော့ ဒါ ဘယ်သူ့ ပစ္စည်းလဲ လို့ ပြပြီး အရင် ဘဝ အကြောင်းတွေ ပြန် မေးစရာ ၊ ပြစရာ ပစ္စည်း တခုတော့ လျော့သွားရှာပြီ ၊ ဇော်ဝိတ် မြန်မြန် ကြီးစေချင် ၊ စကားတွေ ပြောတတ်စေချင်လှပြီ ၊ စကားတွေ တတ်ယင်
ဘာတွေများ ပြောမှာပါလိမ့် ၊ သူ့ အမေကို ဘယ်လို ခေါ်လို့ ၊ သူ့ကို ရော ဘယ်လို ခေါ်လိုက်မှာပါလိမ့် ။ တနေ့တနေ့ ဒါတွေပဲ မုဆိုးမ တွေး တွေးနေတယ် ။ ဇော်ဝိတ် ကတော့ ထုခွဲ လိုက်တာလေး ကုန်ခါနီးမှာ နာလန်ထလာတယ် ။ လေးဘက် သွား ကနေ မတ်တတ် ရပ်ချင်လို့ ဖျားတာ ၊ ဝမ်းသွား တာ ကိုပဲ ဒီ အဖျားမျိုး က ကိုထွန်းအေး လည်း ဖျားတတ် သတဲ့ ၊ တခါ ဖျားယင် တငွေ့ငွေ့ နဲ့ ၄ ၊ ၅ ၊ ၁ဝ - ရက် မပျောက်ဘူးတဲ့ ။ နာလန်ထ ကို အားရှိစေချင်တဲ့ ကလေးအမေ နဲ့ အဖွား ကလည်း အယူအဆ ကွဲနေရသေးတယ် ။
‘ သမီး ကလေး ကို ပဲအိုးကပ်ကလေး နဲ့ ထမင်းပျော့ပျော့ကလေး ဆီဆမ်းဆား ဖြူး ပြီး ခွံ့ပါကွယ် ၊ ကြက်ဥတော့ မကျွေးနဲ့ ၊ ကလေး ဝမ်းပုပ် နေပါ့မယ် ။ ကြက်ဥ က ချုပ် လည်း ချုပ်တတ်တယ် ’ တဲ့ ။
တကယ်တော့ ဝမ်းပုပ် မှာ ဝမ်းချုပ် မှာ ထက် ကြက်ဥ စားယင် အယင် ဘဝ က အကြောင်းတွေ မပြောမှာ စိုးပြီး ဟန့် နေရှာတာလေ ။
ဇော်ဝိတ် က မတ်တတ် ရပ်စ ။ တလှ မ်းနှစ်လှမ်း လှမ်းနိုင်စ အရွယ် ၊ တိန်ချိုလား ချိုလား သီချင်း ဆိုပြီး ထိန်းယင်း ဒေါ်မယ်ဝန် က ဦးထွန်းအေး ၂ - နှစ်လည် ဆွမ်းကျွေး အတွက် တွက်ချက် နေမိတယ် ။ မနှစ်က ဘုန်းကြီး ငါးပါး ဆွမ်းကပ်တာ နဲ့ မိသားစု စားတဲ့ စားရိတ် နဲ့ ဒီနှစ်တော့ ဘယ်နည်း နဲ့ မှ မလောက်မှန်း သိတယ် ။ အလှူကြီး အတန်းကြီး မပေးနိုင်ပေမယ့် ၊ ကျေးဇူးရှင် ကို အောက်မေ့တသ ကျေးဇူး ဆပ်တဲ့ အနေနဲ့ ဆွမ်းကပ်ပြီး အမျှအတမ်းဝေချင်သေးတယ် ။ တနှစ် မှာ တခါ လုပ်ရ တာမို့ ဒီလို နှစ်လည် ဆွမ်းကျွေး ကိုတော့ သူ သေတဲ့ အထိ အတတ်နိုင်ဆုံး ကျွေးသွား ချင်တာပဲ ။ ဒီ ဆွမ်းကျွေး အတွက် ကြိုပြီး စုဆောင်းပြင်ဆင်ပေမယ့် ဘယ်လို စုလို့မှ မရဘူး ၊ ငွေ ကုန်စရာတွေ တမျိုး ပြီး တမျိုး ၊ ရပ်ရွာ နဲ့ လူမှုရေးစရိတ် ၊ စားစရိတ်တွေ ကို အလျင် မီအောင် မနည်း လိုက်နေရတယ် ။ ငွေ က ဒေါ်မယ်ဝန် အဖို့ သိပ် လက်ကြား ယိုလွယ်တာပဲ ၊ ဒါပေမယ့် မတတ်နိုင်ဘူး ၊ ဦးထွန်းအေး အတွက် ဆိုတော့ မဖြစ် ဖြစ်အောင် စီစဉ်တယ် ။ သား အောင်မောင်း ကို လည်း ဆွမ်းကျွေး အမီ လာဖို့ လူကြုံ နဲ့ မှာလိုက်တယ် ။ ချွေးမ ကို လည်း ဦးထွန်းအေး ကြိုက်တဲ့ ငါးပတ်မွှေချက် နဲ့ သီးစုံချဉ်ရေတော့ မပါမဖြစ်တဲ့ ဆွမ်းဟင်း အဖြစ် ချက်ခိုင်းတယ် ။ ကိုအောင်မောင်း အိမ် မပြန်လာတာ ကြာပြီမို့ သူ ပြန်လာတော့ ဒေါ်မယ်ဝန် က ဝမ်း လည်း သာ ၊ အား လည်း ရှိတာပေါ့ ၊ ဇော်ဝိတ် က လည်း ပျော်တာပေါ့ ၊ သူ့ မယား ကတော့ အပျော်ဆုံး ။ ဒီလို ပျော်ရလို့ ဆွမ်းကျွေး အတွက် အလုပ်များ ပင်ပန်းတာတွေ ခဏ မေ့သွားကြတယ် ။
ဆွမ်းကပ်တဲ့ နေ့တော့ ဒေါ်မယ်ဝန် အဖို့ အဟောင်းတွေ အသစ်ပြန် ဖြစ်ရှာတယ် ။ မနက် အိပ်ယာ က ထ ကတည်း က မျက်စိ မျက်နှာ မကောင်းလှ ၊ ည က လည်း ကောင်းကောင်း အိပ်ပျော်ပုံ မရ ၊ ဘုရား ရှိခိုးယင်း ပုခုံး ပေါ် က တဘက်နဲ့ မျက်စိ မှာ တွဲခိုတဲ့ မျက်ရည်စတွေ ကို သိမ်းရ ၊ တို့ရတယ် ။ မျက်ဝန်း နံဘေးက အရစ် အကြောင်း ၊ ဇရာလမ်းကြောင်းတွေ ထဲမှာ မျက်ရည်ငွေ့တွေ ပျံ့နေကြတယ် ။ ရက်ပေါင်း ၇၃ဝ - ဟာ မနေ့တနေ့ က လိုပါပဲ ။ မနက်ခင်း မြန်မာပိုင်းအစီအစဉ် ပြီးကြောင်း ကြေညာသံ ကို ကြားနေရ တယ် ။ ဆရာတော်များ ကြွမလာကြသေး ၊ ဒေါ်မယ်ဝန် ကတော့ ဒီ ဆွမ်းကျွေး အစီအစဉ် ကို မြန်မြန် ပြီးသွားစေချင်လှပြီ ၊ အစက ဒီလောက် စိတ်ပင်ပန်း နွမ်း လိမ့်မယ်လို့ မထင်မိ ၊ အချိန်တွေ မြန်မြန် ကုန်သွား စေချင်တာပဲ ဒေါ်မယ်ဝန် သိတယ် ။ ဆရာတော် ၊ သံဃာတော်မျာလည်း ပြည့်ပြည့်စုံစုံ ဘုဉ်းပေးကြရတယ် ။ ရေစက်ချတော့ ရေစက်ခွက် ထဲ ဒေါ်မယ်ဝန် ရဲ့ မျက်ရည်စ တချို့ ရော သွားကြတယ် ။ အမျှဝေသံ က ခါတိုင်း ထက် ပိုပြီး တုန်ယင် နေတယ် ။ ဆရာတော်များ ပြန် ကြွသွားလို့ အိမ်သားတွေ လက်ဆုံ စားကြပြန် တော့လည်း ဒေါ်မယ်ဝန် ထမင်း စားလို့ မကောင်း ၊ ‘ ဆန်ဖြူ နဲ့ ဟင်းကောင်း ’ မို့ ဟို သားအမိ သားအဖ သုံးယောက် က မြိန်ရေရှက်ရေ စားကြတယ် ။ ကိုအောင်မောင်း သူ့ အဖေ ရဲ့ မှန်ဗီရို နား က ခဏခဏ ဖြတ်သွား နေပေမယ့် ဗီရို ထဲ ကို တော့ လှမ်း မကြည့်မိ ၊ လှမ်း ကြည့်ယင်လည်း အဝတ်အစား နဲ့ အသုံးအဆောင်တွေ က အယင်က လို နေသားတကျပါပဲ ၊ သူ့ နေရာနဲ့ သူ ။ သေသေချာချာ ဂရုစိုက် ကြည့်မှ ပတ်ကားဖောင်တိန် ဂျပ်သေတ္တာ နဲ့ နာရီသေတ္တာတွေ ဟာ ခါတိုင်းလို ဖွင့်ရက် မဟုတ်ပဲ ၊ ပိတ်ထားတာ တွေ့ရလိမ့်မယ် ။ ဒေါ်မယ်ဝန် ကလည်း သံယောဇဉ် ကြီးတယ် ။ ဒီ ဂျပ်သေတ္တာခွံလေး တွေ ကိုတော့ မရောင်းဘူး ၊ ဟန် မပျက်ပေါ့ ၊ ချန်ထား လိုက်တယ် ။ မုဆိုးမ မဟုတ်လား ၊ ဟန် ကိုယ့်ဖို့ ဆိုတဲ့ စကား လည်း အရှိသား ၊ ဘယ်သူက ဒီလို ထုခွဲတဲ့ အလုပ် ကို လုပ်ချင်မလဲ ။
▢ ညီပုလေး
📖စံပယ်ဖြူ မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၁၉၈၅
No comments:
Post a Comment