❝ ကာလဝိပါက် ❞
( သန်းမြင့်အောင် )
“ အလိုလေး ၊ ကျွတ် ... ကျွတ် .. ကျွတ် ဖြည်းဖြည်း လုပ်ကြပါဗျာ ၊ နာလွန်းလို့ ပါ ကျွတ် ... ကျွတ် ”
ယောက်ျားကြီး တန်မဲ့ မျက်ရည်များ ဝိုင်းပြီး တဆတ်ဆတ် တုန်နေရှာသော ဦးကျော် ကို ကြည့်ကာ ကျွန်မ ရင်ထဲ များ စွာ ထိခိုက်နာကျင် သွားမိပါသည် ။ သန်သန်မာမာ ယောက်ျား နှစ်ယောက် တစ်ဖက် တစ်ချက်စီ ချိုင်း မှ ထူကာ ဟီးလေးခို သလို ခြေထောက် တွဲလောင်း နှင့် တရွတ်တိုက် လိုက်ပါရင်းမှ တစ်ချက်တစ်ချက် အသည်းခိုက် သွားသော နာကျင်မှုကြောင့် မအောင့်အည်း နိုင်ဘဲ မျက်ရည် ပေါက်ပေါက် ကျရရှာသော ဦးကျော် မှာ ဒူးဆစ် နာကျင်သော ဝေဒနာကြောင့် တောရွာ တစ်ရွာ မှ ဆေးလာ ကုသည့် ဖေဖေ့ သူငယ်ချင်း တစ်ယောက် ဖြစ်ပါသည် ။
ကျွန်မတို့ မောင်နှမများ မှာ ခံစားလွယ်သော ကလေးသာသာ အရွယ်များ မို့ ဦးကျော်ကြီး ဆေးခန်း သွားချိန် ၊ ပြန်ချိန် ၊ အညစ်အကြေး စွန့်ရန် လှုပ်ရှားချိန်များ တွင် တညည်းတညူ နှင့် နာကျင်ပုံ ၊ ငိုယိုပုံများ ကို မကြည့်ဘဲ နှင့် လည်း မနေနိုင် ။ လူကြီးများ က အနားကပ် မခံလျှင်လည်း ခပ်ဝေးဝေး ကနေ ချောင်း ကြည့်ကြ ။ ဦးကျော်ကြီး တစ်ယောက် မျက်နှာကြီး နီရဲပြီး မျက်ရည် ပေါက်ပေါက် ကျ ကာ ဝေဒနာဒဏ် ကို အပြင်းအထန် ခံစားနေရပုံ ကို မြင်ပြန်လျှင် လည်း ကျွန်မတို့ တစ်တွေ ပါ မျက်ရည် တဝဲဝဲ ၊ နှာရည် တရှုပ်ရှုပ် နှင့် ကိုယ်တိုင် ခံစားနေရသလို ကိုယ်ချင်းစာ သနားမိကြ ပြန်ပါသည် ။
တစ်ခါတစ်ရံလည်း ကလေးအတွေး ကလေးအသိ နှင့် “ ဒီ အဘိုးကြီး လို လူမမာမျိုး ဒီတစ်ခါပဲ တွေ့ဖူးသေးတယ် ။ သူ့ရောဂါ ကလည်း ကြောက်စရာကြီး ။ အချိန် နဲ့ အမျှ ငိုနေရတာပဲ ။ အခင်းကြီး တစ်ခါ တစ်ခါ သွားခါနီးတိုင်း လည်း ဒီ ဒူးကြီး ကြောင့် ညည်းသံရော ငိုသံရော အသံစုံ ထွက်နေတာပဲ ။ ဒီစိတ်ညစ်စရာ ရောဂါကြီး ကို ခံစားနေရတာ ထက် စာရင် သေလိုက်တာကမှ အေးသွားဦးမယ် ” ဟု တွေးမိကာ သူ့အပေါ် သနားစိတ်နှင့် အတူ သူ့ ဘဝ ကို စိတ်ဝင်စားမိ သဖြင့် တစ်နေ့သော ညနေခင်း တွင် ကျွန်မတို့ မိသားစု စကားဝိုင်း ဖွဲ့ကြခိုက် ကျွန်မ က စ၍ ဖေဖေ့ကို မေးကြည့်မိပါသည် ။
“ ဖေဖေ ဦးကျော်ကြီး က ဆွေမျိုး မရှိဘူးလားဟင် ၊ မိန်းမတွေ သားသမီးတွေ ကော မရှိဘူး လား ၊ သမီးတို့ အိမ် ကို သူနဲ့ အတူ ပါလာတာက သူ့ တပည့်တွေ ဆို ၊ သူ က ဘာလုပ်လို့ လဲဟင် ”
“ အိမ်ထောင်တော့ ကျဖူးတယ်ကွဲ့ ၊ သားသမီး လည်း မထွန်းကားဘူး ။ ခုတော့ အိမ်ထောင်နဲ့ ကွဲသွားတာလည်း ကြာပါပြီ ။ သူ့ အလုပ် က မုဆိုး အလုပ်လေ သမီး ရဲ့ ”
“ မုဆိုး ၊ ဟုတ်လား အဖေ ၊ မုဆိုး ဆိုတာ အမဲလိုက်တဲ့ မုဆိုးပေါ့နော် ၊ ဒါဆို ကျားတွေ ၊ ဆင်တွေ ကို သူ ပစ်ခဲ့တာပေါ့ အဖေ နော် ”
မောင်လေး က ယောက်ျားလေး ပီပီ မုဆိုး ဆိုသည် နှင့် စိတ်ဝင်တစား နှင့် မေးကာ လူ ကလည်း ရှေ့တိုး လာသည် ။
“ အေးပေါ့ကွ ၊ အဲဒီ မုဆိုးပေါ့ ”
“ သူ့ ရောဂါ ဘာတဲ့ လဲ ဖေဖေ ၊ ဘယ်က စ ဖြစ်တာလဲဟင် ”
“ အင်း ပြောရတာတော့ ခပ်ခက်ခက်ပဲ သမီး ရယ် ၊ အခု အဖေတို့ ပြနေတဲ့ ဆေးခန်း ကလည်း သူ့ ကို ဓာတ်မှန်တွေ ဘာတွေ ရိုက်ပြီး ရောဂါ ရှာနေကြတုန်းပဲ ၊ သမီး နားလည်အောင် ပြောရရင်တော့ တံကောက်ကွေး ထဲ မှာ တစ်စုံတစ်ခု ချွတ်ယွင်းချက် ရှိနေတာ သေချာတယ်လို့ ပဲ ဆိုပါတော့ ”
“ အဲဒါ ကုရင် ပျောက်တယ် မဟုတ်လား ဖေဖေ ဟင် ”
“ ပျောက်ပါစေလို့ ဆုတောင်းရတာပဲ သမီး ရယ် ၊ ဝဋ်နာ ၊ ကံနာ မဟုတ်ရင်တော့ ပျောက်ကောင်း ပျောက်မှာ ပါ ။ ဒါပေမဲ့ သူ အရင် က ပြုခဲ့မိတဲ့ အပြစ်တွေ ကြောင့်များ ဒီလောက် ဝေဒနာဒဏ် ကို ပြင်းပြင်းထန်ထန် ခံနေရရှာတာလားလို့ တစ်ခါတစ်ခါ တွေးမိတော့ လည်း ဖေဖေ စိတ်မကောင်းဘူး ”
“ အပြစ်တွေ ဟုတ်လား ၊ ဘာ အပြစ်တွေ ကို ဦးကျော်ကြီး က လုပ်ခဲ့မိလို့ လဲ ဖေဖေ ”
“ ဖေဖေတို့ ဗုဒ္ဓဘာသာတွေ မှာ ကိုယ် လုပ်သမျှ ကောင်းမှု မကောင်းမှု ဟာ ကိုယ့် နောက် ကို အရိပ်ပမာ လိုက်ပါလာတတ်ကြတယ် ဆိုတာ သမီးတို့ ၊ သားတို့ ကို ဖေဖေ ခဏခဏ ဆုံးမဖူးတယ် နော် ၊ အခုလည်း ဖေဖေ တော့ မောင်ကျော် ကို မြင်ပြီး ပို သံဝေဂ ရတယ် ။ သမီးတို့ သားတို့ လည်း နောင် ဆင်ခြင်နိုင်အောင် ပြောပြမယ်နော် ”
••••• ••••• •••••
ဖိုးကျော်တို့ နေသော မွန်ပြည်နယ် အတွင်းရှိ ရွာကလေး မှာ မြို့ နှင့် အတန် အလှမ်းကွာ ဝေးလံ လှသဖြင့် မူလတန်းကျောင်း ပင် မရှိသေးချေ ။
ဖိုးကျော်တို့ သူငယ်ချင်း တစ်သိုက် မှာ ထိုရွာ မှ ဆယ်မိုင်ခန့် ဝေးသော ရွာကြီး တစ်ရွာသို့ ကျောင်းသွား တက် ကြရသည် ။ ထိုစဉ်က လမ်းပန်းဆက်သွယ်ရေး ကလည်း မကောင်းသေးသော ကြောင့် ရွာနှစ်ရွာအကြား၌ တောအထပ်ထပ် ကို ဖြတ်ကာ ခြေကျင်ခရီး နှင်ကြရသည် ။ သို့သော် ကျန်းမာသန်စွမ်းသည့် လူငယ်များ မို့ ထို ခရီးလောက်ကို မောပန်းရမှန်း မသိကြဘဲ နေ့စဉ် အသွား အပြန် လျှောက်နိုင်ကြသည် ။
ထို အထဲတွင် အပျော်ရွှင်ဆုံး အတက်ကြွဆုံး သူမှာ ဖိုးကျော် ပင်ဖြစ်သည် ။ ဖိုးကျော် သည် အလွန် တောပျော်၏ ။ တောအထပ်ထပ် ကို ဖြတ်ကျော်လာတိုင်း လက် ထဲရှိ လောက်လေးခွ ကို တယမ်းယမ်းနှင့် တွေ့သမျှ ကြက် ၊ ငှက်များ ကို အပျော် ပစ်ခတ်လေ့ ရှိသည် ။ သူငယ်ချင်းများ က ထိုသို့ မပြုလုပ်ရန် တားသော်လည်း မရ ။ နောက်ပိုင်းများ တွင် ဖိုးကျော် တစ်ယောက် မှာ ဝါသနာဗီဇ ကို တားမရ ဖြစ်လာရကာ ကျောင်း ပင် မှန်အောင် မတက်တော့ချေ ။ သူငယ်ချင်းတွေ နှင့် ရွာ မှ ကျောင်းသွားမည် ဆိုကာ အတူ ထွက်လာကြပြီး တော ထဲ ရောက်ပါ က တစ်ယောက်တည်း လောက်လေးခွ တစ်လက် နှင့် နေရစ်ကာ ညနေ သူငယ်ချင်းတွေ ပြန် မှ ပစ်ခတ်ထားသော ကြက် ၊ ငှက် များ ကို လက်တစ်ဖက် က ဆွဲ ကာ အတူ ပြန်လိုက်ပါ လာလေ့ ရှိသည် ။
သို့နှင့် အခြား သူငယ်ချင်းတွေ သာ ကျေးရွာ မူလတန်းကျောင်း မှ တစ်ဆင့် မြို့ကျောင်း သို့ အလယ်တန်း ၊ အထက်တန်း ပညာများ သွားရောက်၍ သင်ကြရသည့် အဆင့် ရောက်ကာ ဖိုးကျော် နှင့် လမ်းခွဲခဲ့ကြရ သော်လည်း ဖိုးကျော် တစ်ယောက် မှာ မူ တောပျော်ဘဝ နှင့် တောထဲ တွင် ပင် တဝဲလည်လည် နှင့် ကျန်ရစ်နေဆဲပင် ။
••••• ••••• •••••
“ စားကြစမ်း ဟေ့ကောင်တွေ ၊ အရသာ မရှိဘူးလား ၊ အဲဒါ ယုန်သားကွ ၊ ဟို ပန်းကန်ထဲမှာ ဆီစိမ် ထားတာက ဆတ်သားကွ ၊ အဲဒါအားလုံး ငါ ပစ်ထားတာတွေချည်းပဲ ”
“ ဟ ... တယ် ဟုတ်ပါလား ၊ ဖိုးကျော် က တအားကို တိုးတက်နေပါလားကွ ”
မြို့ကျောင်း မှ စာမေးပွဲ ဖြေ အပြီး ပြန်လာကြသော သူငယ်ချင်းများ အား ဖိုးကျော် က သူ့ အိမ်သို့ ခေါ်၍ အကြမ်းဝိုင်း နှင့် ဧည့်ခံနေခြင်း ဖြစ်သည် ။ ဖိုးကျော် ကို ကြည့်ကာ သူငယ်ချင်းတွေ မှာ အံ့ဩ နေကြ၏ ။
ညိုမောင်းမြင့်မားသော အရပ် ၊ ကျစ်လျစ်သန်မာ၍ အဖုအထစ်တွေ ထ နေသော ရင်အုပ် နှင့် လက်မောင်းကြွက်သားများ စူးရှပြောင်လက်သော မျက်ဝန်းတစ်စုံ ၊ မေးရိုးကားကားကြီး နှင့် အတူ အမြဲတမ်း တင်းတင်းစေ့ထားသော နှုတ်ခမ်းများ က မာန်အပြည့် နှင့် ပီဘိ မုဆိုးပျို တစ်ဦး နှယ် ။
သူ့ အိမ်ပေါ်တွင် လည်း ကျားသားရေ ၊ ဆင်စွယ် ၊ သမင်ချိုစသည့် တောတွင်း အမွေပစ္စည်းများ က ဟိုနေရာ ချိတ်လျက် ၊ ဒီနေရာ ဆွဲလျက် နှင့် နေရာ အနှံ့ ။
“ ဖိုးကျော် ၊ မင်း တကယ်ပဲ မုဆိုး လုပ်စားနေပြီလား သူငယ်ချင်း ”
သူငယ်ချင်းများ က တအံ့တဩ မေးကြသည် တွင် ဖိုးကျော် က ဝမ်းသာဂုဏ်ယူစွာဖြင့် -
“ဒါပေါ့ကွ ၊ မင်းတို့ က မင်းတို့ အလုပ် အတွက် ခေတ်ပညာ တတ်ခဲ့သလို ငါ ကလည်း ငါ့ အတွေ့ အကြုံ က ငါ့ ကို သင်သွားလို့ မုဆိုးပညာ ကို တတ်မြောက်နေပြီ ဆိုပါတော့ကွာ ၊ ဒီ ပညာ နဲ့ ငါ တစ်သက်လုံး စားလို့ ရတယ်ကွ ၊ ကျား လို ၊ ဝက် လို ၊ ဆင် လို အကောင်မျိုး တစ်ကောင် လောက် မိလိုက် တယ်ဆို အပွ ပဲ မောင် ၊ အကြိုက်သာ သုံးပေတော့ ”
“ နေ့ ရှိသ၍ တောကောင်တွေ နဲ့ လုံးပန်း နေရတာ မင်း အလုပ်ကြီး က အန္တရာယ် ကြီးလှပါ တယ်ကွာ ”
ထိုအပြော ကို ဖိုးကျော် က အားပါးတရ ရယ် ကာ ...
“ ဟား ဟား ဟား ဟား မင်းတို့ က ရွာပြန် ရောက်တာ နှစ်ရက် ပဲ ရှိသေးတော့ တောင်လုံးကျော် အကြောင်း ကို မကြားရသေးဘူး နဲ့ တူတယ် ”
“ တောင်လုံးကျော် ဟုတ်လား ၊ ဘယ်သူလဲကွ တောင်လုံးကျော် ဆိုတာ ”
“ ငါ လေကွာ ၊ ဟောဒီ နယ် တစ်ဝိုက် က တောတွေ တောင်တွေမှာ အမဲလိုက် ကောင်းလို့ ဟိုးလေး တကျော်ကျော် နာမည်ကြီး ပြီး အားလုံးက ဝိုင်းခေါ်ကြတဲ့ နာမည်ပေါ့ကွ ၊ မင်းတို့ တစ်နေ့ လောက် ငါ နဲ့ တောပစ်လိုက်ခဲ့ကြပါလား ”
ဖိုးကျော် ၏ ဖိတ်ခေါ်ချက် ကို အားလုံးက လက်ခံ လိုက်ကြသည် ။
••••• ••••• •••••
ငယ်ငယ်က လောက်လေးခွ တစ်လက် ဖြင့် တော မှာ ပျော်ခဲ့သော ဖိုးကျော် မှာ ခုတော့ ယခင် က ထက် အဆများ စွာ ဝေးသီ လွင်ခေါင်သော တောနက် ထဲ ဝယ် ရိုင်ဖယ်သေနတ် တစ်လက် ဖြင့် အခန့်သား ကြွားကြွားဝင့်ဝင့် တောနင်း လာပုံမှာ ...
“ တောင်လုံးကျော်တဲ့ ဟေ့ ” ဟု ကြွေးကြော် နေသယောင် ။
သူငယ်ချင်းများ အပြင် သူ့ နောက်သို့ တပည့်ခံ ရင်း လိုက်ခဲ့ကြသော မုဆိုး လက်သင် သုံးလေးယောက် ခန့်လည်း ပါသေးသည် ။
“ ဒိုင်း .. ”
သေနတ်သံ တစ်ချက် နှင့် အတူ ကျားသစ်ပေါက်ကလေး တစ်ကောင် နာကျင်စွာ အော်ဟစ်သံ နှင့် အတူ မြေပေါ် တုံးခနဲ လဲကျသွားသည် ကြိုးစားပြီး အထ မှာ နောက်ထပ် သေနတ်သံ တစ်ချက် ထပ်ပေါ်လာ၍ နေရာတွင် နှစ်ပတ်သုံးပတ် လည်ပြီး ပြန်ကျသွားသည် ။
“ တွေ့လား မင်းတို့ ၊ ပစ်မှတ် ကို သေသေချာချာ ချိန်ပြီးမှ အဲဒီလို တစ်ချက်တည်း နဲ့ မှန်အောင် ပစ်ရတယ် မှတ်ထား ၊ ထိချင်တဲ့ နေရာ ထိ ထိရင် ပြီးရောဆိုပြီး ပစ်လို့ကတော့ မသက်သာဘူး ။ သူတို့ ပြေးနိုင်သလောက် လိုက် ပစ်နေရမှာ ။ ခါးတို့ နံဘေးတို့ ကို ထိသွားလို့ သူတို့ က တော်ရုံတန်ရုံ လဲတာ မဟုတ်ဘူး ။ ဆက် ပြေးမှာ ပဲ ။ တတ်နိုင်လို့ မျက်လုံးတည့်တည့် မှန်အောင် ပစ်လည်း သွေးရူးသွေးတန်း နဲ့ ပြေးပြီး ပက်လိမ့်မယ် ။ အခု ငါ ပစ်တဲ့ နည်းက ဘယ်လောက် ကြီး တဲ့ တောကောင်ကြီး ဖြစ်ဖြစ် တံကောက်ကွေး နှစ်ဖက် ကို သာ ပထမဦးဆုံး မှန်အောင် ပစ်ထား ၊ နေရာမှာ ပင် တုံးခနဲပဲ ။ ဘယ်မှ ဆက် မပြေးနိုင်တော့ဘူး ။ ပြီးမှ သေစေလောက်တဲ့ နေရာ ကို အနီးကပ် ပစ် ၊ ချက်ချင်း မပေါ်ချင်တဲ့ သားကောင် ဆို ဒူးနှစ်ဖက် ကို ပစ်ထားပြီး ဒီအတိုင်း ကြိုးနဲ့ ဆွဲ ခဲ့ပြီး အိမ်တိုင် မှာ ချည် ထားလိုက် ၊ ရောင်းခါနီး မှ သ,တ်ရောင်းလို့ ရတယ် ။ ငါ ပစ်သမျှ သားကောင် ဆို ငါ ဒီလိုပဲ လုပ်တာပဲ ”
သားကောင် တစ်ကောင် ချောင်း ပစ်လိုက် ၊ တပည့်တွေ ကို ရှင်းပြလိုက် နှင့် တောထဲ လည်ခဲ့ သည် မှာ ညနေ မှောင်ရီပျိုး ၍ ရွာထဲ ပြန် ဝင်ချိန်တွင် သူ့ နောက်မှ တပည့်များ ပခုံး ပေါ် ၌ ဝါးလုံး နှင့် လျှို၍ ကျားသစ်ပျို တစ်ကောင် ၊ ယုန် နှစ်ကောင် နှင့် တောဆိတ် တစ်ကောင် တို့ က ကံဆိုးစွာ လိုက်ပါလာကြသည် ကို သူငယ်ချင်း တစ်သိုက် မှာ နောက်ကနေ ကြည့်ရင်းမှ အားကျရ မလို ၊ ဝမ်းနည်းရ မလို နှင့် ဖိုးကျော် ၏ ပြည့်တင်း တောင့်မတ်သော ကျောပြင်ကျယ်ကြီး ကို ငေးပြီး -
“ ဪ ... တောင်လုံးကျော် ၊ တောင်လုံးကျော် တဲ့ ၊ တောတွင်း ဘုရင်တစ်ဆူ တောင် ဖြစ်နေပါ ပေါ့လား ”
ဟု အသိအမှတ် ပြု ဖြစ်လိုက်ကြသည် ။
••••• ••••• •••••
“ ဖေဖေ နဲ့ တွေ့ခဲ့တာ အဲဒီ တစ်ခါ နောက်ဆုံးပဲ ၊ ဖေဖေ လည်း အိမ်ထောင်ရက်သားကျ ၊ အလုပ် တာဝန်တွေ နဲ့ နယ်အနှံ့ ရောက် ဆိုတော့ သူ နဲ့ မဆုံဖြစ်တော့ဘူးပေါ့ကွယ် ၊ ဒါပေမဲ့ သူ့ သတင်းတွေ တော့ ကြားကြား နေရပါတယ် ။ မုဆိုး အလုပ်နဲ့ ကြီးပွား နေတာတွေ ကို အခြား တွေ့ကြတဲ့ သူငယ်ချင်း တွေ ကနေ တစ်ဆင့် ပြန်ပြန် ကြားရပါတယ် ”
“ ခုကျတော့ ဘယ်လို လုပ်ပြီး ဒီ အိမ် ရောက်လာတာလဲ ဖေဖေ ”
“ ပြီးခဲ့တဲ့ နှစ်လလောက် တုန်းက ဖေဖေ ရွာ ပြန်ပါလေရောလား ၊ အဲဒီတုန်း က သူ့ သတင်း ကို ကြားလာတာ ၊ ဖိုးကျော် တစ်ယောက် တစ်နေ့ အိပ်ရာ အထ မှာ ဒူးဆစ် ထဲ က နာကျင်ပြီးတော့ မလှုပ်ရှား နိုင်တော့ဘူး ။ ဘာ ရောဂါမှန်း လဲ မသိ ။ ဆေးမြီးတိုတွေ နဲ့ ကုနေရတယ် ။ အခု ဟိုဘက် ရွာ က တပည့် တစ်ယောက် က ခေါ်သွားပြီး ပြုစုနေရတယ်လို့ ကြားတာနဲ့ ဖေဖေ လည်း စိတ်မကောင်း လို့ သွား ကြည့်မလို့ ပါပဲ ။ ဒါပေမဲ့ အလုပ်တွေ က လည်း မပြတ်တာ နဲ့ သူ့ ဆီ မရောက်ဖြစ်ခဲ့ဘူး ။ အဲဒါနဲ့ စာတစ်စောင် ရေးပြီး ပေးခိုင်းတယ် ။ တော မှာ စမ်းတဝါးဝါး ဆေးမြီးတိုတွေ နဲ့ လုပ်နေမယ့် အစား ရန်ကုန် မှာ ထိထိရောက်ရောက် လာ ကုဖို့ ရယ် ၊ ဆေးလာ ကုရင် တည်းဖို့ ဖေဖေ့ အိမ်လိပ်စာ ရယ် ပေးခဲ့တယ် ။ အခု အခြေအနေ ပို ဆိုးလာလို့ ဖေဖေ တို့ ဆီ ရောက်လာတာပေါ့ သမီး ရယ် ”
“ သနားပါတယ် ဖေဖေရယ် ၊ သူ လည်း နောင်တ ရမှာ ပဲနော် ၊ တိရစ္ဆာန်တွေ ကို သူ လုပ်ခဲ့သလို အခု သူ ပြန် ခံစားနေရတာပေါ့နော် ”
“ ဒါပေါ့ သမီး ရယ် ၊ မနေ့ က တောင် အဖေ့ ကို ပြောသေးတယ် ”
“ ငါ ဒီ ရောဂါ မဖြစ်ခင်လေး က တင် တောဆိတ် တစ်ကောင် ကို ဒူးနှစ်ဖက် စလုံး ချိုးပြီး မသ,တ်သေးဘဲ အိမ်ဘေး က အုန်းပင် မှာ တစ်ပတ် လောက် ချည်ထားတုန်းက အဲဒီ ဆိတ်ကြီး ဒူး နာလို့ အော် နေတဲ့ အသံ ကို ကြားယောင် နေတယ်ကွာ ၊ အခု ငါ့ မှာ သုံးလ ပြည့်တော့မယ် ။ ဒီ ဝေဒနာကြီး ကလည်း သေ လည်း မသေနိုင်ပါလား လို့ ပြောပြီး မျက်ရည် ကျရှာတယ် သမီးရယ် ”
ဖေဖေ့ အသံ က ဝမ်းနည်းသံ ပါလာ သလို ကျွန်မတို့ မောင်နှမ တစ်တွေ မှာ လည်း မျက်ရည်များ ပင် ဝဲတက် လာမိပါတော့သည် ။
“ အား ... လား .... လား ”
ထိုအခိုက် ဦးကျော်ကြီး ၏ နာကျင်စွာ ညည်းညူသံ ကို ကျွန်မတို့ ရှိရာ အိမ်ရှေ့ ဝရန်တာ သို့ စိတ်မချမ်းသာစရာ ပျံ့လွင့် ၍ လာနေပါတော့သည် ။
⎕ သန်းမြင့်အောင်
📖 စံပယ်ဦး မြန်မာဝတ္ထုတို မဂ္ဂဇင်း
၁၉၈၈ ခုနှစ်
No comments:
Post a Comment