❝ စာရေးခြင်း အတွေ့အကြုံ ❞
( မစန္ဒာ )
ပထမဆုံး ပြောချင်တာက ကျွန်မ ဟာ ဝတ္ထု တွေ ရေးပြီး နာမည် အသင့်အတင့် ရနေပမဲ့ ဝတ္ထုရေးနည်း အတတ်ပညာ ကို သိတဲ့ တတ်တဲ့ ပညာရှင် တစ်ယောက် မဟုတ်ပါဘူး ဆိုတာ ကို ပါပဲ ။ အခု စာရေးနည်း လမ်းညွန် သင်တန်း မှာ ပါဝင်ပြီး ပို့ချပေးရမယ် လို့ တာဝန် ကျလာတော့ ကျွန်မ တော်တော်လေး ကို ခေါင်း ကိုက်ပါတယ် ။ ဒီတော့ ငါ ဝတ္ထုလေးတွေ ရေးခဲ့တာပဲ ။ အဲဒါတွေ ကို ဘယ်လို ရေးခဲ့သလို ပြန် ပြောပြမယ် လို့ စဉ်းစားမိပါတယ် ။ ဒါပေမဲ့ အဆင် မပြေလှပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ စာရေးတဲ့ နည်း က ရေးတယ် ပြန်ဖတ်တယ် ။ မကြိုက်ရင် ဆုတ်ဖြဲ ပစ်တယ် ။ ထပ် ရေးတယ် ၊ ထပ် ဖတ်တယ် မကြိုက်ရင် ထပ် ဆုတ်ပစ်တယ်ဆိုတဲ့ အခါခါရေး ၊ အခါအခါ ဆုတ်တဲ့ နည်း ဖြစ် နေလို့ပါ ။ အချိန်လည်း ကုန်ပါတယ် ။ လူလည်း ပင်ပန်းပါတယ် ။ တစ်ခါ ကလေ တစ်ညလုံး ထိုင် ရေးနေ တာတောင် စာ တစ်မျက်နှာ ထင်ချင် မှ ထင်
တာပါ ။ အဲဒီလို စမ်းတဝါးဝါး နဲ့ ထပ်ကာ ထပ်ကာ ရေး ရတဲ့ လူ တစ်ယောက် အနေနဲ့ သူများတွေ ကို လမ်းညွှန်ပေး ဖို့ ခက်လိမ့်မယ် ဆိုတာ ဒီက အစ်ကို အစ်မ နဲ့ ၊ မောင်ညီမတွေ နဲ့ သားတွေသမီးတွေ နားလည်ကြလိမ့်မယ်လို့ ထင် ပါတယ် ။
ဒါပေမဲ့ ကျွန်မ ဘယ်လို ကနေ ဘယ်လို ဝတ္ထုလေးတွေ ရေး တတ်လာခဲ့ တယ် ဆိုတဲ့ ကိုယ်တွေ့ အဖြစ်အပျက်ကလေးတွေ ကို မျှဝေ ပေးပါ့မယ်လို့ ပြောချင်ပါတယ် ။ ကျွန်မ ပြောတာတွေ ဟာ ပညာရှင် ဆန် မှာ မဟုတ်တဲ့ အကြောင်း ကို တော့ ကြိုတင်ပြီး ပြောပြ တောင်းပန်ထားချင်ပါတယ် ။
ကျွန်မ ရဲ့ဖခင် ဟာ စာရေးဆရာ မန်းတင် ဖြစ်ပါတယ် ။ စမ်းချောင်းရပ်ကွက် ထဲ မှာ ကြီးပြင်းရတဲ့ ကျွန်မတို့ မောင်နှမ အတွက် ဆော့စရာ ၊ ကစားစရာနေရာ ကျယ်ကျယ်ဝန်းဝန်း မရှိခဲ့ပါဘူး ။ ဒီတော့လဲ စာသမား ဖခင် ဆီမှာ အများဆုံး ရှိနေတဲ့ စာအုပ်ပုံတွေ ကြားမှာပဲ ကြီးပြင်းခဲ့ရပါတယ် ။ တွေ့သမျှ ကြုံသမျှ ဝတ္ထု တွေ ကို ဝါး စားသလို ဖတ်ရင်း ကိုယ်တိုင်လည်း ဝတ္ထုတွေ ရေးချင်လာခဲ့ပါတယ် ။ ဝတ္ထု ဆိုတာကလည်း အချစ်အကြောင်း ကို အနည်း နဲ့ အများ အခြေခံ ကြရတာမို့လို့ ကျွန်မ ဟာ ဆယ်နှစ် ကျော်ကျော် ၊ ဆယ့်သုံးလေးနှစ် အရွယ် လောက် ကတည်း က အချစ်ဝတ္ထုတွေ ကို ကြိုးစားပမ်းစား နဲ့ ရေး နေခဲ့ပါတယ် ။ လုံးဝ ကို ရသ မမြောက်တဲ့ ဖတ်လို့ မကောင်းတဲ့ ဝတ္ထုတွေ ကို ပင်ပင်ပန်းပန်း ရေးရင်း သုံးလေးငါးနှစ် လောက် အချိန် ကုန်ခဲ့ပါတယ် ။ မဂ္ဂဇင်းတိုက်တွေ ပို့ တော့ ဘယ်တိုက် က မှ မသုံးပါဘူး ။ အမှိုက်ပုံး ထဲ ချည်းပဲ ရောက် ခဲ့ရတယ် ထင် ပါတယ် ။
၁၉၆၅ - ခုနှစ် ၊ တက္ကသိုလ်ဝင်တန်း အောင်တဲ့ အခါမှာ မြေနီကုန်း က “ ရှင်စောပု ” မူလတန်းကျောင်းလေး မှာ ဆရာမ အဖြစ် လုပ်အား ပေးခဲ့ပါတယ် ။ လူငယ့်ရေးရာ အစီအစဉ်နဲ့ ပါ ။ ကျွန်မ သင် ပေးရတာ က သုံးတန်း ပါ ။ ကျွန်မ ရဲ့ ဘဝ မှာ ပထမဦးဆုံး အကြိမ် အပြင် လောက ထဲ ထွက် ကြည့်ဖူးခြင်းပါပဲ ။
အဲဒီ တစ်ချိန်တည်း မှာပဲ ကျွန်မ ရဲ့ဖခင် က တရုတ်စာရေးဆရာကြီး ချိုယန်း ရေးတဲ့ စုပေါင်းလယ်ယာ ၊ ကျေးလက်ဝတ္ထုလေးတွေ ကို ဘာသာ ပြန်ပါတယ် ။ လုပ်အားပေး ဆရာမ ကျွန်မ က ညဘက် မှာ အား နေတော့ သူ ဘာသာပြန် နေ တဲ့ ဝတ္ထုတွေ ကို လိုက် ရေးခိုင်းပါတယ် ။ သူ က အင်္ဂလိပ် လို ဖတ်ပြီး နှုတ် ကနေ မြန်မာ လို ဘာသာ ပြန်သွားပါတယ် ။ ကျွန်မ က လိုက် ရေးရတယ် ။ ဖေဖေ က ပုဒ်မ ၊ ပုဒ်ကလေး ၊ အပိုဒ်သစ်စ တို့ ကအစ နှုတ် က အကုန် ပြော သွားပါတယ် ။ မြန်မာ လို စာမူကြမ်း ပြီး သွားတော့ ဖေဖေ က ပြန် ဖတ်ပါတယ် ။ မူရင်း စာအုပ် နဲ့ တိုက် ကြည့်ပြီး ချောအောင် ပြန် ပြင်ပါတယ် ။ ပေပွ နေအောင် ပြင် ထားတဲ့ စာမူ ကို ကျွန်မ က ပြန် ကူး ပေးရပါတယ် ။ သပ်သပ်ရပ်ရပ်လေး ကူးပြီးသွားပြီ ဆိုရင် အဖေ က ပြန် ဖတ်ပြီး ထပ် ပြန်ပြင်ရော ၊ ကျွန်မ လည်း ပြန် ကူး ရပြန်ရော ။ ဝတ္ထု တစ်ပုဒ် ကို သုံးခါ ၊ လေးခါလောက် ပြန် ကူးရပါတယ် ။ ဖေဖေ ဘာသာ ပြန် တာ ဆယ်ပုဒ် ကျော်ပါတယ် ။ အဲဒီ ဝတ္ထုတွေ ကို တစ်ပုဒ် သုံးလေးခါ နှုန်း လောက် နဲ့ အထပ်ထပ် ကူးပြီးတဲ့ အခါမှာ ကျွန်မ ရဲ့ အာရုံ ထဲ မှာ ဝတ္ထုတစ်ပုဒ် စ တည်ပြီး တဖြည်းဖြည်း စီးဆင်းလာပုံ ကို မြင် လာပါတယ် ။ ဘယ်လို စ ၊ ဘယ်လို သယ် လာပြီး ဘယ်လိုလေး အဆုံး သတ် လိုက်ရင် ဖတ် တဲ့ သူ ရဲ့ ရင်ထဲ ဘယ်လို ငြိ သွားတတ် ၊ ထိ သွားတတ် တာတွေ ကိုလည်း ခပ်ရေးရေး သဘော ပေါက်လာခဲ့ပါတယ် ။
ဆရာ့ဆရာကြီးတွေ က စု ၊ တု ၊ ပြု လို့ ပြော ခဲ့ကြတာ အင်မတန် ကို အဓိပ္ပာယ် ရှိပါတယ် ။ မစု တတ် ၊ မတု တတ် ရင် ကိုယ်တိုင် ပြုလုပ်ဖို့ မလွယ် ပါဘူး ။ ကျွန်မ ဝတ္ထုတွေ အများကြီး ဖတ်ခဲ့တယ် ။ ဒီ ဝတ္ထုတွေ ဟာ ဝတ္ထု ရေး ဖို့ ကြိုးစားနေတဲ့ ကျွန်မ ရဲ့ အာရုံ ထဲ မှာ ရှင်သန် လှုပ်ရှားနေပါတယ် ။ အဲဒါ စု တာ ပါပဲ ။ အဖေ ဘာသာပြန် တဲ့ ဝတ္ထုတွေ ကို ထပ်ကာ တလဲလဲ ကူး ပေးခဲ့တာ ကျတော့ တု ရုံ မက ဘူး ပုံတူ ကူး နေတာပါ ။ ကျွန်မတို့ စက်မှုတက္ကသိုလ် ရောက်တော့ ကျွန်မတို့ ဗိသုကာကျောင်းသူ ကျောင်းသားတွေ ကို ကိုယ်တိုင် ပုံစံ မထုတ် ခိုင်း ခင် သူများတွေ ရေးဆွဲ ထားတဲ့ အဆောက်အအုံ ပုံစံတွေ ကို ကူး ဆွဲ ခိုင်းပါတယ် ။ ဘယ်သူတွေ က ဘယ်လို စဉ်းစားပြီး ဘယ်လို ဆွဲသွားကြတယ် ဆိုတာကို ကျွန်မတို့ အာရုံ ထဲ ရောက် လာအောင် လုပ်တာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် စု ဖို့ ၊ တု ဖို့ ဆိုတာ စာရေးချင်တဲ့ လူ တစ်ယောက် လုပ်ရိုး လုပ်စဉ် အလုပ်ပဲ ဖြစ်ပါတယ် လို့ ကျွန်မ သဘော ပေါက်ခဲ့ရပါတယ် ။
အဲဒီ နောက်ပိုင်း မှာ မူလတန်းကျောင်း မှာ လုပ်အားပေးခဲ့ ရတဲ့ အတွေ့ အကြုံ နဲ့ ကျွန်မ ရဲ့ တပည့်လေးတွေ အကြောင်း ကို စာ တစ်ပုဒ် ရေးဖြစ်ခဲ့ပါတယ် ။ စာ ကို စာ နဲ့ တူအောင် ဖတ်လို့ အဆင်ပြေအောင် ပထမဆုံး ရေးနိုင်ခဲ့ပြီး ကျွန်မ ရဲ့ ဘဝ မှာ ပထမဆုံး အရွေးချယ် ခံရတဲ့ ပုံနှိပ်စာမူလေး လည်း ဖြစ်ပါတယ် ။ အဲဒီ နောက်ပိုင်း မှာ အရေးကြီးတဲ့ အချက် သုံးချက် ကို ကျွန်မ သိ ခဲ့ရပါတယ် ။ ကိုယ် ခံစားရတာ ကို ပဲ ရေး သင့်တယ် ။ မသိတာ မတတ်တာတွေ ကို ရေး နေရင် စာ မှာ အသက် မဝင်ဘူး ။ ဒုတိယ အချက် ကတော့ ကိုယ် မတတ်ခင် အတု ယူပါ ၊ ကိုယ့် ရှေ့ က ကိုယ့် အရင် ရေးနေကြတဲ့ သူ မှန်သမျှ ကိုယ့် ဆရာ ချည်း ပါပဲ ။ တတိယ တစ်ချက် ကတော့ စာကောင်း တစ်ပုဒ် ထွက် ချင်ရင် ဝီရိယ အား လိုတယ် ဆိုတာ ပါပဲ ။ သိပ်ပြီး ပါရမီ ထူးတဲ့ သူ အတွက်တော့ မသိဘူး ။ ကျွန်မ အတွက်တော့ စာ တစ်မျက်နှာ စာ ကောင်း ရဖို့ သုံးလေးငါးမျက် နှာ ဆုတ် ပစ်ရတတ်ပါတယ် ။ ကိုယ့် ကို လမ်း ပြပေးခဲ့တဲ့ အဖေ ကိုယ်တိုင်လည်း စာ ကို အခါခါ ပြင်လေ့ ရှိပါ တယ် ။
အဲဒီနောက်တော့ မဂ္ဂဇင်းဝတ္ထုတို ၊ ဝတ္ထုရှည်လေး တွေ ကို ကြိုးစားပြီး ရေး ဖြစ်ခဲ့ပါတယ် ။ ၁၉၇၂ - ခုနှစ် မှာတော့ ဆရာဦးလေးမြိုင် နဲ့ စာပေလောက ဦးမျိုးညွန့် တို့ ရဲ့ တိုက်တွန်းအားပေးမှု နဲ့ ငယ်သူမို့ မသိပါ ဆိုတဲ့ လုံးချင်းဝတ္ထု လေး ကို ရေး ဖြစ်ခဲ့ပါတယ် ။ ဇာတ်လမ်းလေး က မဆန်းပါဘူး ။ ပျော်တတ် ၊ နောက်တတ် ၊ ဗရုတ်ကျကျလေး နေတတ်တဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက် ရဲ့ အကြောင်းပါ ပဲ ။ အဲဒီတုန်းက ကျွန်မ ကိုယ်တိုင် က ဘွဲ့ရပြီး လုပ်ငန်းခွင် ဝင်နေပြီ ဖြစ်ပေမဲ့ လူငယ်စရိုက် ကို အခက်အခဲ မရှိ ရေး နိုင်ခဲ့ပါ တယ် ။ ဒုတိယ ရေး ခဲ့တဲ့ “ ဂျီဟောသူ ” က လည်း ကိုယ် နေခဲ့တဲ့ စက်မှုတက္ကသိုလ် အဆောင်နေ ကျောင်းသူ ဘဝ ပါ ။ ခုန ပြော ခဲ့တဲ့ သုံးချက် ထဲ က ပထမ အချက် ပါပဲ ။ ကိုယ် သိ တာ ကိုယ် ကျွမ်းကျင်တာ ကိုယ် ခံစားရတာတွေ ကိုပဲ ရေးခဲ့တာ မို့ ပရိသတ် ကြိုက်ပြီးလက်ခံ ခဲ့တာလို့ ယူဆမိပါတယ် ။
မဂ္ဂဇင်းဝတ္ထုတို တွေ နဲ့ လုံးချင်းဝတ္ထု ( ၂ ) မျိုး လုံး ရေးလာတဲ့ အခါမှာ ကျွန်မ နောက်ထပ် တစ်ခု ထပ် သိလာပါတယ် ။ အဲဒါကတော့ ဝတ္ထုတို မှာ သိပ် များများ မပြောနဲ့ ။ ကိုယ် အဓိက ပြောချင်တာ ကို ပဲ အမိ အရ တစ်ချက်တည်း ပြော ၊ လုံးချင်း ဝတ္ထု ဆိုရင်တော့ ကိုယ် ပြောချင်တဲ့ အကြောင်းအရာတွေ ဆီ ကို သိုင်း ဝိုင်းဖွဲ့နွဲ့ပြီး ဆွဲ ခေါ်လာလို့ ရတယ် ဆိုတာ ကို ပါပဲ ။ ကျွန်မ မကြာခဏ ဥပမာပေး ခဲ့သလိုပါပဲ ။ ဝတ္ထုတို ဟာ စူး နဲ့ မှိန်း နဲ့ ထိုး ပြီး ငါး ဖမ်းတာနဲ့ တူတယ် ။ ရေ ထဲ က ငါး ကို အမိအရ ချိန်ပြီး တစ်ချက် ပဲ ထိုး ရပါမယ် ။ မိအောင် ထိုး နိုင်ရင် ထိုး ၊ တစ်ချက် နဲ့ မမိလို့ ချော် ထွက် သွားရင် ငါး ကို မရတော့ပါဘူး ။ လွတ် သွားမှာပါ ပဲ ။ လုံးချင်း ဝတ္ထု ကတော့ ပိုက်ကွန် ပစ်ပြီး ငါး ဖမ်းတာနဲ့ တူပါတယ် ။ ကွန် ပစ်တဲ့ သူ ရဲ့ အရည် အချင်း နဲ့ အတွေ့အကြုံ က အဆုံးအဖြတ် ပေါ် မှာ မူ တည်ပြီး ရတဲ့ ငါး နည်းတာ များတာ ကတော့ ကွာ မှာပေါ့လေ ။ အဲဒီ နှစ်ခု ကို ယှဉ် ကြည့်ရင်လည်း အတို က ပို ခက်တယ် လို့ ပြော ချင်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ က အကြိမ်များများ ကြိုးစားခွင့် မရှိဘူးလေ ။ တစ်ချက်ပဲ ကြိုးစားရတာ မဟုတ်လား ။
ကျွန်မ ကြိုးစားပြီး ရေးခဲ့တဲ့ ဝတ္ထုတိုလေး တစ်ပုဒ် အကြောင်း ပြောချင်ပါ တယ် ။ နာမည် က + နှင့် x နှင့် ÷ တဲ့ ။ ဇာတ်လမ်း ကတော့ မဆန်းပါဘူး ။ မူလတန်း ကျောင်းသား ဖြစ်တဲ့ သား ကို ကျူရှင် မပေးနိုင်တဲ့ စာရေးကြီး ကတော် က သူ့ သား ကို ကိုယ်တိုင် စာ သင်ပါတယ် ။ သင်္ချာ သင်ပါတယ် ။ မိန်းမ က သား ကို အပေါင်းသင်ခန်း စာ သင် နေတဲ့အချိန် မှာ ယောက်ျား ဖြစ်တဲ့ စာရေးကြီး က ကလေး ထိန်း နေရပါတယ် ။ ကလေး ထိန်းရင်း က လူတွေ အပေါင်းအသင်း တော် တဲ့ အကြောင်း တွေး နေမိတယ် ။ ဆိုင်ရာပိုင်ရာတွေ အကြောင်း ၊ ကိစ္စ ရှိရင် ပြေးကာလွှားကာ ကူညီ လုပ်ကိုင်ပေးကြ ၊ အကြောင်းမသင့်လို့ နာရေး ရှိရင် လည်း သတင်းစာ ထဲ ကနေ ဝမ်းနည်းကြေကွဲကြ တဲ့ အကြောင်းတွေ ကိုပေါ့ ။ ပိုက်ဆံအိတ် ကို အမြဲ အကဲခတ် နေရတဲ့သူ ကတော့ အဲဒီ လူတွေ ထဲ မှာ မပါဘဲ ခပ်ရှောင်ရှောင် နေရတတ်တယ် ။ဟော သူ့ မိန်းမ က အမြှောက် သင်ခန်းစာ သင် နေတော့ သူ က ကလေး ကို ပခုံးထမ်း သိပ်ရင်း နားဝင် ချိုအောင် မြှောက်တတ် ပင့်တတ်တဲ့ လူတွေ အကြောင်း စဉ်းစား နေမိပြန်ရော ၊ ဇာတ်သိမ်းပိုင်း မှာ သား ကို မိန်းမ က အစားပုစ္ဆာ တွေ သင် ပေးနေတယ် ။ သား ကလည်း နား မလည်ဘူး ။ စာရေးကြီး ကလည်း အတော် စိတ် ညစ်နေတယ် ။ ဌာနတွင်း ရာထူး တိုး ဖို့ စာမေးပွဲ ဖြေထားတာ အတော် ဖြေ နိုင်တယ် ထင်ထားပေမဲ့ စာရင်း ထွက်လာ တော့ သူ့ နာမည် ပါ မလာဘူးလေ ။ အဲဒီ အချိန် မှာ စာရေးကြီးကတော် က သူ့ သား ရဲ့ကျော ကို အုံးခနဲ ထုရင်း “ အပေါင်း လဲ မတော် ၊ အမြှောက် လည်း မတတ်ဘဲ နဲ့ စားချိန် တန် ကျတော့ မှ စားချင်လို့ ရမလား ဟဲ့ အဖေတူ သား ရဲ့” လို့ စိတ်ဆိုး မာန်ဆိုး နဲ့ အော် ပြောပါတယ် ။ အဲဒီ ဝတ္ထု မှာ ကျွန်မ အမိအရ ထိုး လိုက်တဲ့ မှိန်း ချက် က “ အဖေတူသား ရဲ့” ဆိုတဲ့ စကားလုံးလေးပါပဲ ။ အဲဒီ ဝတ္ထုတို ကို အပေါင်း ၊ အမြှောက် နှင့် အစား လို့ အမည် ပေးလိုက် ရင် ပရိသတ်ရှေ့ရောက် လာဖို့ သိပ် မလွယ်ပါဘူး ။ ဒါပေမဲ့ သင်္ချာလက္ခဏာတွေလေးတွေ ရဲ့ ကျေးဇူး နဲ့ မြတ်လေး မဂ္ဂဇင်း ထဲ မှာ စင်းလုံးချော ပါ လာခဲ့ပါတယ် ။ ကျွန်မ ထင် ပါတယ် ၊ ကျွန်မ ရဲ့ မှိန်း ချက် ထိပါတယ် ။ ငါး တစ်ကောင် ရပါတယ် ။ အင်းသူကြီး လည်း မသိလိုက်ပါဘူး ။
နောက်တစ်ခုပြောချင်တာက ရည်ရွယ်ချက်ကို ရောက်အောင်သွားတဲ့ နည်း approach ပါ ။ မိသားစု အိမ်တွင်းရေးလေး တစ်ခု ကိုပဲ ဝတ္တု ဇာတ်လမ်း ဆင် တယ် ဆိုပါတော့ ၊ ရေးမယ် ဆိုပါတော့ ၊ အဖေ အမြင် ၊ အမေ့ အမြင် ၊ သား ဘက် က အမြင် ၊ သမီး ဘက် က အမြင် ဘယ်ရှုထောင့် ကနေ ရေးမလဲ ဆိုတာက အရေး ကြီးပါတယ် ။ ဒါမှမဟုတ် အိမ်နီးချင်း တစ်ယောက် အနေနဲ့ ခပ်လှမ်းလှမ်းလေး က ကြည့်ပြီး ရေးမလား ၊ အိမ်ဖော်မလေး အနေနဲ့ မီးဖိုချောင် ကနေ ချောင်း ကြည့် ပြီး ရေး မလား ဆိုတာ တွေးတတ်ဖို့ လိုပါတယ် ။
ကျွန်မ ဝတ္ထုလေး တစ်ပုဒ် ရေးဖူးပါတယ် “ ဘကြီးအောင် တော်တယ်” တဲ့ ။ အင်မတန် မြန်မာ ဆန်တယ် ။ တိုင်းပြည်ပေါ် မှာ စေတနာ အပြည့်အဝ ထား တယ် လို့ ထင်ရတဲ့ လူကြီး တစ်ယောက် အကြောင်းပါ ။ သူ့ ကို အန်ကယ် ခေါ်ရင်တောင် မကြိုက်ဘူး ။ ဘကြီး လို့ ခေါ် ပါတဲ့ ။ သူ က ခေတ်ပညာတတ် ဘွဲ့ရ လူငယ်လေးတွေ ကို နိုင်ငံခြား မထွက်ဖို့ ကိုယ့် တိုင်းပြည် ကိုပဲ ကိုယ် အလုပ် အကျွေးပြုဖို့ အမြဲ ဆုံးမပါတယ် ။ ဒါပေမဲ့ သူ့ သားသမီးတွေ ကျတော့ အကုန် လုံး နိုင်ငံခြားမှာ ချည်းပဲ ။ ကြုံခဲ့တွေ့ခဲ့ဖူး တဲ့ လူကြီး တစ်ယောက် အကြောင်း ကို အခြေခံပြီး ရေး ဖြစ်ခဲ့တာ ။ အဲဒီ ဝတ္ထု ရေးတုန်း က သူ့ ရဲ့ အမျိုး တစ်ယောက် အနေနဲ့ ရေး ကြည့်လိုက် ၊ သူ့ လက်အောက် က အရာရှိ တစ်ယောက် အနေနဲ့ ရေး ကြည့် လိုက် ၊ သူ့ ရဲ့ ဒရိုင်ဘာ အမြင် နဲ့ ရေး ကြည့်လိုက် ၊ ရေးလိုက် ဖျက်လိုက် နဲ့ အဆင် မချောပါဘူး ။ နောက်ဆုံး သူ့ ပြော စကားကြောင့် အသိတရား ရပြီး နိုင်ငံခြား မှာ ရတဲ့ အလုပ် ကို မယူတော့ဘဲ မြန်မာပြည် မှာ ပဲ အလုပ် ဝင် ခဲ့တဲ့ လူငယ်လေး တစ်ယောက် ရဲ့ အမြင် နဲ့ ရေး ကြည့်တော့မှ အဆင် ပြေ သွားတယ် ။ ဒါကြောင့် ကျွန်မ ရဲ့ စာ ရေးနည်း က စနစ်တကျ မရှိလှပါဘူး လို့ ကြိုတင်ပြီး တောင်းပန် ခဲ့တာပါ ။ ကား နဲ့ သွား ကြည့် ၊ လမ်း မပေါက်ရင် ပြန်လှည့် ၊ လှည်း နဲ့ သွားကြည့် ၊ မရ ရင် ပြန်လှည့် ။ နောက်တစ်ခါ လှေ နဲ့ သွားကြည့် ဆိုတာမျိုးမို့ ပင်ပန်းပါတယ် ။ ဒါပေမဲ့ အဘက်ဘက် က လှည့်ပြီး သွား ကြည့်တဲ့ အခါမှာ ရောက်အောင် သွား နိုင်တဲ့ လမ်းလေး ကို တော့ တွေ့လာရတာပါပဲ ။
နောက်တစ်ခု ကတော့ စာ ဖတ်သူ ကို ဆွဲ ခေါ်တဲ့နည်း ။ အကြည်တော် ရေး တာ ကို ဖတ် မိတာပါ ။ တစ်ခါက စာကျက်မနား တဲ့ ကျောင်းသား တစ်ယောက် ရှိပါတယ် တဲ့ ။ နောက်တစ်နေ့ စာမေးပွဲ ရှိတယ် ။ တိရစ္ဆာန်တွေ အကြောင်း မေး မှာမို့ သူက တစ်ခုတော့ အပိုင် ကျက် မှ ပဲ ဆိုပြီး သန်း အကြောင်း ကျက် ထား ပါတယ်တဲ့ ။ နောက်တစ်နေ့ စာမေးပွဲ မှာတော့ ဆရာ က သူ့ ကို မြင်း အကြောင်း မေး ပါတယ် ။ သူ က မြင်း ဆိုတာ ခြေလေးချောင်းသတ္တဝါ ပါ ၊ လျင်မြန်စွာ ပြေး နိုင်ပါတယ် လို့ နည်းနည်း ပြောပြီးတဲ့ အခါ သူ့ ရဲ့ ခန္ဓာကိုယ်ပေါ် မှာ ခပ်တိုတို ခပ်ပါးပါး အမွေးလေးတွေ ရှိပါတယ် ။ အဲဒီ အမွေးလေးတွေ ကြား ထဲမှာတော့ “ သန်း ” ရှိတတ်ပါတယ် ဆိုပြီး သန်း အကြောင်း ကို အစအဆုံး အပိုင် ပြောတော့ တာပါပဲ ။ ဆရာ က “ မင်း ပြောတာ ဆိုး တော့ မဆိုးပါဘူး ။ဒါပေမဲ့ ခွေး အကြောင်း လေး ဆက် ပြောပါဦး ” ဆိုတော့ သူ က ခွေး ဟာ ခြေလေးချောင်းသတ္တဝါ ဖြစ်ပါ တယ် ။ အိမ်မွေးတိရစ္ဆာန် ဖြစ်ပါတယ် ။ ခန္ဓာကိုယ် ပေါ် မှာလည်း အမွေး အမျိုးမျိုး ရှိတတ်ပါတယ် ။အဲဒီ အမွေးတွေ ကြား ထဲမှာ “ သန်းရှိပါတယ် ” သန်း ဆို သည် မှာ .. ဆိုပြီး အပိုင် ပြောပြန်ရော ။ ဆရာ့ ခမျာလည်း အတော်ကြီး ကို အီလည် လည် ဖြစ်နေတော့ “ အေးကွာ ... ဟုတ်ပါပြီ ၊ ဒီတစ်ခါတော့ ငါး အကြောင်း ပြောပြပါဦး ” လို့ ပြောတယ် ။ ဒီတော့ မောင်ကျောင်းသား က လည်း ခေတာ မှ မဟုတ်တာ ပြောတတ်ပါတယ် ။ ငါး ဆိုတာ ရေ ထဲ မှာ နေပါတယ် ၊ ပါးဟက် နဲ့ အသက် ရှူပါတယ် ။ သူ့ ရဲ့ ခန္ဓာကိုယ် ပေါ် မှာ အကြေးခွံတွေ ရှိ တတ်ပါတယ် ။ တကယ်လို့ သာ သူ ဟာ ကုန်းပေါ် က သတ္တဝါလေး ဖြစ်ရင် ကြေးခွံတွေ အစား အမွေးအမျှင်လေးတွေ ရှိချင် ရှိနေမှာပါ ။ အဲဒီ အမွေးလေးတွေ ကြား ထဲမှာ “ သန်းတွေ ” ရှိနေမှာပါ ။ “ သန်း ” ဆိုသည် မှာ ဆိုပြီး သန်း အကြောင်း ကို ပဲ အပိုင် ပြော တော့တာပါပဲ တဲ့ ။ အဲဒီလိုပဲ စာ ဖတ်တဲ့ သူ ကို ကိုယ် ပိုင်နိုင်တဲ့ နေရာဒေသ ဘာသာရပ် ဆီ လှည့်ပတ် ခေါ်လာပြီး လူလည် လုပ် ရေးတာလည်း ရှိတယ်လို့ ပြောပါတယ် ။
ဟုတ်ပါတယ် ၊ ကျွန်မ လုံးချင်း နှစ်ပုဒ် ရေး ဖူးပါတယ် ။ ပထမ တစ်ပုဒ်က “ ပုစ္ဆာ ” ၊ မြန်မာရပ်ကွက် တစ်ခု က လမ်းတိုလေး တစ်ခု မှာ နေကြတဲ့ အိမ်နီးချင်းတွေ အကြောင်း ၊ ဆရာဝန် ၊ ဆရာမ ၊ စစ်ဗိုလ် ၊ ကျောင်းသား ၊ စာရေးမ စတဲ့ လူလတ်တန်းစား အလွှာစုံ ကို လမ်းလေး ထဲ မှာ စုစည်းပြီး သရုပ်ဖော် ရေးထား တာပါ ။ နောက်တစ်ပုဒ်က “ ဘဝအိပ်မက် ပန်းအိပ်မက်ပါ ” ၊ ကန်ထရိုက် တိုက် တစ်တိုက် မှာ ရှိတဲ့ မိသားစု အကြောင်းပါ ။ အဲဒီ နှစ်ပုဒ် စလုံး ဟာ စမ်းချောင်း ဦးဖီးလမ်းလေး ကို မြင်ယောင်ပြီး ရေးခဲ့တာပါ ။ ကျွန်မ က ဦးဖီးလမ်း မှာပဲ ကြီးပြင်းခဲ့ရတာ ဆိုတော့ ဟိုကျောင်းသား က “ သန်း ဆိုသည် မှာ ” ဆိုပြီး အပိုင်ပြော နိုင်သလို ကျွန်မ ကလည်း ဦးဖီးလမ်း အကြောင်း အပိုင် ပြောနိုင် တယ်လေ ။ ကျွန်မ ရေးတဲ့ ဝတ္ထုတို တော်တော်များများ မှာလဲ ၊ ရပ်ကွက် နဲ့ ဆိုင် လို့ သရုပ်ဖော် ရမယ် ဆိုရင် စမ်းချောင်းရပ်ကွက် လို့ မပြော ပေမဲ့ ဦးဖီးလမ်း ကို ပဲ မြင်ယောင်ပြီး ရေးခဲ့တာ ချည်းပါပဲ ။ ဒါကြောင့်မို့ ပရိသတ်များ ကို ပြောချင် တာက ကိုယ် ရှင်သန် ကြီးပြင်းခဲ့ရတဲ့ လူနေမှု ပတ်ဝန်းကျင် ကိုယ် အပိုင်နိုင်ဆုံး ရေး နိုင်တဲ့ ရေးကွက်တွေ ရှိနေတယ် ဆိုတာကို ပါပဲ ။ ဒီတော့ မြင်တတ် ၊ တွေးတတ်ဖို့ ကလည်း လိုပါတယ် ။
ကျွန်မတို့ စက်မှုတက္ကသိုလ် တက် တုန်း က အင်္ဂလိပ်စာ အချိန်မှာ အတန်း ရှေ့ထွက်ပြီး အကြောင်းအရာ တစ်ခုခု ကို အင်္ဂလိပ် လို ပြော ရပါတယ် ။ ကိုယ့် ရဲ့ မိသားစု ၊ ကိုယ် ကြည့်ခဲ့ရတဲ့ ရုပ်ရှင် ၊ ကိုယ့် ရဲ့ဆရာ စသဖြင့် သိပ် ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး ။ ဒါပေမဲ့ တစ်နေ့ကျတော့ ကျောင်းသားတစ်ယောက် ရဲ့ အလှည့် မှာ ဆရာ က သူ့ လက် ထဲက ဘောလ်ပင်လေး ပြပြီး အဲဒီ ဘောလ်ပင်လေး အကြောင်း ပြော ပြပါတဲ့ ။ ကျွန်မတို့ လဲ “ ဟာ ဘောလ်ပင်လေး အကြောင်း ၊ ဘာ ပြောရပါမလဲ ” လို့ တွေးရင်း အတော် လန့် သွားပါတယ် ။ အင်္ဂလိပ် လို မပြော နဲ့ မြန်မာ လိုတောင် ဘယ်လို ပြောရမလဲ ရုတ်တရက် စဉ်းစားလို့ မတတ်ပါဘူး ။ အဲဒီ အချိန်မှာ ကျောင်းသား က There are so many ball pens in the world. လို့ အစ ချီလိုက်ပါတယ် ။ ဟုတ်သားပဲ သူ ပြောတတ်တယ် ၊ ဆရာ က ပြုံး ပြီး ခေါင်း ညိတ်ပါတယ် ။ သူ ဆက် ပြောပါတယ် ၊ 'There are black ball pens'. တဲ့ ။ ဆရာ က ခေါင်းညိတ်ပါတယ် ။ သူ က There are red ball pens . လို့ ဆက်ပါတယ် ။ ဆရာ က ခေါင်း ညိတ်တော့ There are blue ball pens' လို့ ဆက် ပြောပြန်ပါတယ် ။ အတန်း ထဲ က တချို့ ရယ်နေကြပါပြီ ။ ခပ်ပျော်ပျော် ၊ ခပ်နောက်နောက် ကျောင်းသား က ဆက်တိုက် ဆက် ပြောနေ ပါတယ် 'There are white ball pens' တဲ့ 'There are green ball pens' တဲ့ 'There are brown ball pens'. တဲ့ ။ အားလုံး တအုံးအုံး နဲ့ ရယ်နေပါပြီ ။ ဆရာ လည်း ရယ် နေပါပြီ ။ သူ ပြီးတော့ ဆရာ က နောက် ကျောင်းသား တစ်ယောက် ကို ခေါ်ပါတယ် ။ အဲဒီ ကျောင်းသား ကတော့ စဉ်းစားချိန် ရခဲ့ လို့လား မသိဘူး ။ ဆရာ ပေး တဲ့ ဘောလ်ပင်လေး ကို ထောင် ပြုပြီး -" If I am a ball pen I want to tell you about my life' လို့ စပြီး ပြောပါတယ် ။ I was bom in a factory far away from my country'. လို့ ဆက်ပြောပါတယ် ။ သူ့မှာ ညီအစ်ကိုမောင်နှမတွေ ရှိတယ် ။ အရောင်ရင့်ရင့်တွေ ကို ညီ တွေလို့ သတ်မှတ်ပြီး ခပ်နုနုအရောင်လေးတွေ ကတော့ သူ့ ရဲ့ ညီမတွေ ဖြစ်တယ် ။ မြန်မာပြည် ကို ရောက် လာရတာ ပျော် ပါတယ် ။ အခုလို စာသင်ကြားပေးနေ တဲ့ ဆရာ တစ်ယောက် ပိုင်ဆိုင် တဲ့ ဘောလ်ပင်လေး ဖြစ်ရတာ ကျေနပ်ပါတယ် စသဖြင့် သူ ပြောပြသွားတာ စိတ်ဝင်စားစရာပါ ။ ခက်ခက်ခဲခဲ အင်္ဂလိပ် စကား လဲ တစ်လုံးမျှ မပါပါဘူး ။ ဘောလ်ပင်ရောင်စုံ အကြောင်း ပြောသွားတဲ့ ကျောင်း သား က ခပ်တိုးတိုး ရယ်နေပါတယ် ။ “ သူ့ လို စဉ်းစားမိရင် ငါ က သူ့ လို ပြော တတ်တာပေါ့ကွ ” လို့ ပြောပါတယ် ။ ကျောင်းသား နှစ်ယောက် ဟာ အခြေခံ အင်္ဂလိပ်စာ မကွာပါဘူး ။ ဒါပေမဲ့ စဉ်းစား မိတာချင်း တွေး မိတာချင်း ကွာသွား တာပါ ။ ဒါကြောင့်မို့လို့ ကျွန်မ က ရေးတတ်ဖို့ အတွက် တွေး တတ်ဖို့ မြင် တတ်ဖို့ လိုပါတယ်လို့ ပြော ခဲ့တာပါ ။ အတွေး စူးရှ အမြင် စူးရှု ဖို့ကတော့ တစ်ဦးချင်း ရဲ့ ပါရမီ နဲ့ လည်း ဆိုင်မယ် လို့ ထင်ပါတယ် ။
ခုနတုန်းက ကျွန်မ ပြောခဲ့တာက ကိုယ် ရှင်သန် ကြီးပြင်းခဲ့ရတဲ့ လူနေမှု ဝန်းကျင် မှာ ကိုယ့် အတွက် ရေးကွက်တွေ အများဆုံး လို့ ပြော ခဲ့ပါတယ် ။ ကျွန်မ ဆိုလိုတာက တံငါအကြောင်း ကို တံငါ နဲ့ နီးစပ်တဲ့ သူ ရေးရင် ပို ကောင်းတယ် ၊ ဆရာကြယ်နီ ရဲ့ ကိုဒေါင်းစိန် ဝတ္ထုတွေ ၊ ဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်း ရဲ့ အညာတောင်သူ ကိုဆေးရိုး ဝတ္ထုတွေ ၊ ဒီပြင် လူ လိုက် ရေးရင် ပီ ဖို့ ခက်ပါတယ် ။ အဲဒီ ဝန်းကျင် ၊ အဲဒီ အကြောင်းအရာတွေ ကို သူတို့ လောက် ပိုင်ပိုင်နိုင်နိုင် သိနိုင် ဖို့မှ မလွယ်တာကိုး ။ ဒါပေမဲ့ ကိုယ် က မသိ သူ လည်း မသိတဲ့ လူနေမှုဝန်းကျင် တစ်စု အကြောင်း ကို ရေးမယ် ဆိုရင်တော့ စိတ်ကူး ယဉ်ချင်တိုင်း ယဉ်ပြီး ရေး လို့ ရပါတယ် ။ သူ့ စိတ်ကူး ဆန်းရင် ဆန်း သလို စာဖတ် ပရိသတ် ရဲ့အာရုံ ကို ဖမ်း စား နိုင်ပါတယ် ။ တွဲ ခေါ်နိုင်ပါတယ် ။ အင်္ဂလိပ်စာရေးဆရာမ ဂျေကေရိုးလင်း ရဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲ တွေ ဟာ အဲဒီ နည်း ကို သုံးထားတာပါပဲ ။ စုန်းလောက အကြောင်း ကို သူ လဲ မသိ ၊ ငါ လဲ မသိပါဘူး ။ ဒါပေမဲ့ သူတို့ ရဲ့သဘာဝ မို့ သရဲ တစ္ဆေ ၊ စုန်း ဆိုတာတွေ ကို မသိစိတ် ကနေ ယုံချင် နေပါတယ် ။ စိတ်ဝင် စားပါတယ် ။ စာရေးဆရာမ က ယုံ လောက်အောင် ရေးတယ် ၊ ရင်ခုန်မြန်အောင် ရေးတယ် ၊ ကြည်နူးစရာ ၊ ကြောက်လန့်စရာ ၊ အသည်းအေးစရာတွေ နဲ့ စာဖတ် သူရဲ့ အာရုံ ကို ဖမ်း စားပါတယ် ။ သူ မှား တယ် မှန် တယ် ဆိုတာ ဘယ်သူက မှ လည်း ထောက် မပြနိုင်ပါဘူး ။ ဒါပေမဲ့ သူ က စိတ်ကူး ကောင်း ၊ အရေး ကောင်း တော့ ကျွန်မ ရဲ့ တူကလေး ဆိုရင် ဟယ်ရီပေါ်တာ တက် တဲ့ စုန်းကျောင်း ကို တက်ချင်လွန်း လို့ ရူး နေတာပဲ ။ သူ က စုန်း အတတ်ပညာ သင်ပေးတဲ့ စုန်းကျောင်း ဆိုတာ တကယ် ရှိတယ်လို့ ကို ယုံကြည်နေတာ ။ အဲဒီလို တွေး နိုင် အဲဒီလို ရေး နိုင်ပြီး လူတွေ ကို အသစ်အဆန်း ပေးနိုင်မယ် ဆိုရင် တစ်နည်းအား ဖြင့် အောင်မြင်မှု ရနိုင်တာပါပဲ ။ မကောင်းတဲ့ သူ နဲ့ ကောင်းတဲ့သူ ၊ နောက်ဆုံး ကောင်းတဲ့သူ က သာ အနိုင် ရမယ် ဆိုတဲ့ ဦးတည်ချက် ကောင်းလေး ကို ဆုပ် ကိုင်ထားဖို့တော့ လို တာပေါ့ ။ ဟယ်ရီပေါ်တာ ဝတ္ထုတွေ ဟာ အဲဒီ ဦးတည်ချက် ကလေး ကို မပျောက်မပျက် ဆုပ်ကိုင် ထားတာ တွေ့ရပါတယ် ။
ကျွန်မ ပြော တာတွေက ဟိုရောက် သည်ရောက် နဲ့ မို့ အဆက်အစပ် မရှိ ရင်တော့ ခွင့်လွှတ်ပါ ။ ကျွန်မ သိတာ ၊ တတ်တာ လည်း သိပ်များများ မရှိတော့ သိပ် အများကြီး လည်း လမ်းညွှန်မှု မပေးနိုင်ပါဘူး ။
နောက်ဆုံး အနေနဲ့ ပြော ရရင်တော့ ကိုယ် သိတာ ကိုယ် တတ်တာ ကိုပဲ ရေးပါ ။ မသိတာ မတတ်တာ ကို ရေးချင်ပြီ ဆိုရင်တော့ လေ့လာ ရပါမယ် ။ ဥပမာ - ကျွန်မ က ဂျပန်ခေတ် အကြောင်း ရေးချင်တယ် ဆိုရင် အဲဒီခေတ် အကြောင်း ရေးထားတဲ့ စာအုပ် တွေ ဖတ် ၊ ကြုံခဲ့ဖူးတဲ့ သူတွေ ကို မေး နဲ့လုပ်ရ ၊ လေ့လာစူးစမ်းရ မှာ ပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့် ထက် ပို သိ ပို တတ် တဲ့ သူတွေ ရှိ နေတာကိုး ။ တကယ်လို့ အကြောင်းအရာ အသစ် တစ်ခု ကို ရေးမယ် ဆို ရင်တော့ ဘယ်သူမျှ မသိ ၊ ကိုယ် လည်း မသိတဲ့ အကြောင်းအရာ ကို ရေးပါ ။ စိတ်ကူး ချဲ့ ချင်တိုင်း ချဲ့ပါ ။ ဘယ်သူမျှ မသိလို့ ဘယ်သူက မှ လည်း မှားတယ် လို့ ထောက် မပြနိုင်ပါဘူး ။
အခု ကျွန်မ ဟာ စာရေးသူ တစ်ဦး အနေနဲ့ အောင်မြင် သင့် သလောက် အောင်မြင်ခဲ့ပြီမို့ ကျွန်မ ဘယ်လို ကြိုးစားခဲ့တယ် ဆိုတဲ့ အတွေ့အကြုံလေး တွေ ကို မျှဝေ ပြောပြတာပါ ။ စာရေးနည်း ကို လမ်းညွှန် ပြောပြနေတာ မဟုတ်ပါဘူး ။ ကျွန်မရဲ့ ရေးနည်း က တခြား လူတွေ အတွက် လည်း အဆင် ပြေချင် မှ ပြေ နိုင်မှာပါ ။
ပိတ်ထားတဲ့ အခန်း တစ်ခန်း ထဲ ကို ဝင် ချင်ရင် တံခါးပေါက် ကို အရင် ဖွင့် ရပါတယ် ။ ကျွန်မ ရှေ့ မှာ ပိတ် နေတဲ့ တံခါးပေါက် ကို ကျွန်မ ကြိုးစားပြီး ဖွင့် နိုင် ခဲ့ပါတယ် ။ အခန်း ထဲ ဝင် နိုင်ခဲ့ပါတယ် ။ အဲဒီ တံခါး ကို ကျွန်မ စု ၊ တု ၊ ပြု သော့ နဲ့ ဝီရိယသော့ နဲ့ ဖွင့် ခဲ့ရတယ် ဆိုတဲ့ အတွေ့အကြုံလေး ကို မျှဝေတာပါ ။
အခန်း ထဲ ရောက်လာသူ မှန်သမျှ သူတို့ ရှေ့မှာ ပိတ် နေတဲ့ တံခါး ကို သူတို့ ဖွင့် ခဲ့ကြရတာ ချည်းပါပဲ ။ လွယ်လွယ် နဲ့ ဖွင့်လို့ ရတဲ့ သူ လည်း ရှိမယ် ။ ခက်ခက် ခဲခဲ နဲ့ မနည်း တွန်းတိုက်ပြီး ဖွင့် ရတဲ့ သူ လည်း ရှိမယ် ။ ဒီ တံခါး ကို ဘယ်လို ဖွင့်ခဲ့ ကြရသလဲ ဆိုတာ လူတိုင်း လူတိုင်း မှာ အတွေ့အကြုံ ကိုယ်စီ ရှိ ကြမှာပါပဲ ။ အနည်း နဲ့ အများ ကြိုးစားခဲ့ကြ ရမှာကတော့ သေချာပါတယ် ။ ဒါပေမဲ့ ဒီ အခန်း ထဲ ရောက် နှင့် နေတဲ့ သူတွေ အနေနဲ့ တံခါး ကို ဘယ်လို ဖွင့်ရတယ် လို့ ပဲ ပြော ပြ နိုင်မှာပါ ။ အခန်းထဲ ရောက်အောင်တော့ ကာယကံရှင် ကိုယ်တိုင် က ကိုယ့် အား ကိုယ် ကိုး ပြီး ဝင် လာရမှာပါ ။ ကျွန်မ ကို ဆရာညွန့်ဟံ ( ကြူတော ) က စကားလေး တစ်ခွန်း ပြော ပြသွားပါတယ် ။ သူ့ စကားလေး က ကောင်းလို့ မျှဝေပါရစေ ။ ' A teacher can teach you how to open the door, but you must enter by yourself '. တဲ့ ။
ဒီမှာ ရှိနေတဲ့ စာပေ ဝါသနာရှင်တွေ အားလုံး ပိတ် နေတဲ့ တံခါး ကို ဖွင့် နိုင် ကြပါစေ ၊ အနပညာ စာပေခန်းမကြီး ထဲ ကို လျှောက် လှမ်းပြီး ဝင် လာနိုင်ကြ ပါစေ ၊ စာပေ မိုးကောင်းကင်ကြီး မှာ ထွန်းလင်းတောက်ပသော ကြယ်ပွင့်များ ဖြစ်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ။
◾မစန္ဒာ
📖စာရေးနည်း လမ်းညွှန်
No comments:
Post a Comment