Monday, May 19, 2025

ကျေးဇူးတင်ဖို့ ကောင်းတဲ့ မြေကြီး နဲ့ ကျောက်ခဲလေးတွေ


 ❝ ကျေးဇူးတင်ဖို့ ကောင်းတဲ့ မြေကြီး နဲ့ ကျောက်ခဲလေးတွေ ❞

          ( ညီပုလေး )


သူတို့ အညာ မှာ မိုး က ခေါင် သလောက် ဟောဒီ အကြေ မှာ မိုးတွေ က ရွာလှပါလား ။ တစ်ခါတလေ ရွာ လိုက်တာ မှ ရေအပြည့် နဲ့ ဧရာမ မိုးဗြဲဒယ်အိုးကြီး ကို သွန်မှောက်ချ လိုက် သလိုပဲ ။ ပင်လယ်သမုဒ္ဒရာ ထဲမှာ ရေတွေ မှ ကျန်ရစ်ကြသေးရဲ့လား လို့ ထင်ရ လောက်အောင် ကို ရွာတာ ။ အညာသား ဖြစ်တဲ့ သူ ဟာ အကြေမိုး နဲ့ နေသားတကျ မဖြစ်ခင် မှာ အတော် နေရ ခက်တယ် ။ ပြီးတော့ မိသားစု နဲ့ ခွဲခွာ နေချိန် ဆိုတော့ တိမ်ညိုတိမ်မည်း တွေ ကလည်း အလွမ်း တိမ် ဖြစ်ကြ ၊ မိုးရေစက် တွေ ကလည်း အလွမ်း မိုးစက်တွေ ဖြစ်နေကြတော့တာပေါ့ ။


တော်ပါသေးရဲ့ ။ မိုးရေတွေ ကြောင့် မြေပြင် ဟာ ဗွတ်ထ မနေရစ်ဘဲ ၊ အလိုက်သင့် စီးသွား ၊ အလျားသင့် စိမ့်ဝင် သွားပေလို့ ။


ပတ်ဝန်းကျင် မှာ မြင်မြင်ရ သမျှ အရောင်အဆင်း ဆိုလို့ သုံးမျိုးသုံးစားပဲ မြင်တွေ့ နေ ရတာကိုတော့ သူ စိတ်ပျက်မိတယ် ။ ဟိုမှာ အဖြူ ၊ ဟိုနေရာ ခပ်စိမ်းစိမ်း ၊ ဒီအနား စိမ်းညို့ညို့ ၊ ဟိုဘက် မှာ နီညိုရောင် ၊ ဒီဘက် မှာ နီညိုရောင် ။ မိုးလင်း က နေ မိုးချုပ် ၊ တစ်ရက် လည်း မဟုတ် ၊ နှစ်ရက် လည်း မဟုတ် အဖြူ ၊ အစိမ်း ၊ နီညိုရောင် တွေ ချည်း မကြည့်ချင် မြင်လျက်သား နဲ့ နေရတာ လ ကို နှစ်တွေ စားခဲ့ပြီ ။


ပတ်ဝန်းကျင် မှာ ရှိတဲ့ လူတွေ ရော ၊ သူ ကိုယ်တိုင် ရော အဖြူရောင် ။ ပတ်ပတ်လည် ကြည့်လေရာ မှာ ရှောင် မလွတ်တာ က မြေနီရောင် သုတ်ထားပြီး ၊ ရေညှိတွေ စွဲပြီး စိမ်းညို့ မှောင်နေတဲ့ အုတ်နံရံ ။ ပြီးတော့ သူတို့ စိုက်ထားကြတဲ့ ကန်စွန်းကြီးပင် တွေ ၊ ဟင်းနုနယ် တွေ မုန်ညင်း ၊ မုန်လာပင် တွေ က အစိမ်းရောင် ။ မနေ့ က လည်း ဖြူ ၊ နီ ၊ စိမ်း ။ ဒီနေ့တော့ နီ ၊ ဖြူ ၊ စိမ်း ။ မနက်ဖြန် ကျတော့ စိမ်း ၊ နီ ၊ ဖြူ ။ နောက်နေ့တွေ ကျတော့ လည်း ဒီအရောင် သုံးရောင် ထဲ မှာပဲ သံသရာ လည် နေဦးမှာ ။ ကြာလာတော့ လည်း သူ စိတ်ပျက် မိတာပေါ့ ။ 


ပြီးတော့ ဘာ ဂီတ မှလည်း နားထောင်စရာ မရှိတဲ့ ရပ်ဝန်း ။ တစ်ခါတလေ အကြောင်းသင့် တိုက်ဆိုင်လွန်းပါမှ ရွာမဘက် ဆီက ထင်ပါရဲ့ ၊ တစ်ခါတစ်ရံ အေးသိဒ္ဓိ ဘက် ဆီ က ထင်ပါရဲ့ ၊ အသံချဲ့စက် က သီချင်းကလေး သဲ့သဲ့ လေကြောင်းကြုံ နဲ့ မျက်စိလည် လမ်းမှား ရောက်လာတတ်တယ် ။


‘ စာဥရေ ... ငါ အရောက်လာခဲ့မှာ ’ ၊ ‘ မောင် ဘယ်လိုဖြေဖြေ မရတော့ဘူး ’ ၊ ‘ အရှုံး မပေးနဲ့ မိငယ်ရေ ’ ၊ ‘ လူခြေတိတ်တောင် အိပ်လို့ မရပေါင် ’ တဲ့ ။ တိုးတိုးသဲ့သဲ့ ကြား ရတဲ့ သီချင်းသံကို နားစိုက်ထောင်နေတုန်း လေကြောင်း က ချော်ထွက်သွားတော့ သူ့ နား ခံတွင်းချဉ် ကျန်ရစ်ပြန်ရော ။


ည အိပ်ဆောင် ပိတ်ချိန် မှာ တော့ ခရမ်းနယ် ဘက်က ဓားပြမှု နဲ့ ဒီထဲ ရောက်လာတဲ့ နာနူး တို့ ၊ မော်လမြိုင်ကျွန်း ဘက် က ပစ္စည်းယူ လူသ,တ်မှု ကျူးလွန်ခဲ့ကြတဲ့ ဘတိုး တို့ ၊ သံလုံး တို့ ပလတ်စတစ် ဇလုံ ကို ဗုံ လုပ်တီးပြီး သီချင်းတွေ ဆိုတတ်ကြတယ် ။ သံစဉ် ခုနစ်ပါး ရဲ့ ဟိုဘက် က အဋ္ဌမမြောက် သံစဉ် နဲ့ နဝမမြောက် သံစဉ်တွေ လား ၊ နံပါတ်ထိုး မရဘဲ သံစဉ်အသစ်တွေ နဲ့ ဆိုနေ လိုက်ကြတာ ။ ကြာတော့လည်း သူတို့ သီချင်းတွေ က ထပ်တစ်ရာ မကတော့ဘူး ။ ဒီတော့ ရိုးအီလာပြီလေ ။ သူတို့လည်း သီချင်းတွေ ဒီလိုဆိုရ ၊ ဟစ်ရ မှ နေသာကြပေမပေါ့ ။


အဆိုတော်တွေ ရဲ့ နာမည်ကြီး သီချင်းတွေ ကို အညီအဟောက် စာမြှောင်တွေ သွတ်သွင်း ဖလှယ် စပ်ဆိုထားတဲ့ နာနူး တို့ သီချင်းတွေ ကို အိပ်ရာပေါ် ကျောခင်း ရင်း အကြော ဆန့်နေတဲ့သူ ကတော့ ကြား တစ်ချက် ၊ မကြား တစ်ချက် ။ ယောက်ျားသားတွေ ချည်း နေ ကြတဲ့ ကျားတိုင်းပြည် ၊ ဖိုလောကသားတွေ ရဲ့ ဖိုမြို့တော် ဆိုတော့ နာနူးတို့ ရဲ့ သီချင်း တွေ ထဲမှာ ရုန့်ရင်းတာတွေ တစ်တစ်ခွခွ တွေ ဗုံးပေါလအောပေါ့ ။ ဆီးကျိုးတာ ရော ၊ ကွင်းလုံးပုံတာ ရော ၊ အံမယ်လေးတော့တွေရော ပါကြလေတော့ ကြိုးထိုးစိပ်ပုတီးတွေ ၊ နေ့နံစိပ်ပုတီးတွေ နဲ့ သမ္ဗုဒ္ဓေဂါထာတွေ ၊ နမောတေဂါထာတွေ စိပ်နေကြသူတွေရဲ့ နား ကို မုဒိမ်းကျင့် သလို ဖြစ်နေတယ်လေ ။


ကျောခင်း ၊ အညောင်းဆန့် ၊ ပေါင်းထမင်းလုံးတွေ ကို စီရင်း သူ့ မိတ်ဆွေတွေ ကတော့ အတိတ် ၊ ပစ္စုပ္ပန် နဲ့ အနာဂတ် သုံးပြည်ထောင် ကို ခြေဆန့် ခရီးပြင်း နှင်နေတယ် ။


ငယ်ငယ်က ကစားခဲ့တဲ့ ဘောလုံးပွဲတွေ မှာ ရှုံးခဲ့တာတွေ ၊ အနိုင် ရခဲ့တာတွေ ၊ နေဗာရွန်းအမြောက် ၊ အာရေဗျရဲ့လော့ရင့် ( စ် ) ၊ လူစွမ်းကောင်း ခုနစ်ယောက် စတဲ့ ကြိုက်နှစ် သက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ပြန်ပြီး အရသာခံ စဉ်းစားရင်း ကျောင်းသား ဘဝ က လွတ်သွားခဲ့ရတဲ့ ချစ်သူရည်းစား ငါးကြီးတွေ အကြောင်းလည်း ပါတာပေါ့ ။


ဆရာဗန်းမော်တင်အောင် ၊ ဆရာဒဂုန်တာရာ ၊ ဆရာမြသန်းတင့် တို့ ရေးခဲ့တဲ့ စာအုပ် တွေက စွဲမက်မှတ်မိနေတဲ့ လူ့မိတ်ဆွေ တွေ ၊ ပန်းချီဆရာကြီး ဦးခင်မောင် ( ဘဏ် ) ၊ ဆရာ ဦးအောင်ခင် ၊ ဆရာဦးဘရင်ကလေး ၊ ဆရာပေါ်ဦးသက် ၊ ဆရာခင်မောင်ရင် ၊ ကိုရွှေအောင်သိမ်း ၊ ကိုအောင်တိတ် တို့ရဲ့ လက်ရာမြောက် ပန်းချီကားတွေ လည်း သူ့ စိတ်အာရုံ ထဲမှာ ပြန် ပေါ်လာတယ် ။


တကောင်း နဲ့ ကြာညှပ် ကြား က အိမ်ကလေး ၄ ၊ ၅ ၊ ၆ လုံး လောက် ပဲ ရှိတဲ့ ငလျင်ပြို ဆိုတဲ့ ရွာကလေး မှာ အခြေစိုက်ကြပြီး ဘူမိဗေဒ ကွင်းဆင်းခဲ့ကြတဲ့ အတွေ့အကြုံတွေ ၊ ကြာညှပ် လက်ရွေးစင် အသင်း နဲ့ သူတို့တစ်တွေ ဘောလုံးယှဉ်ပြိုင် ကစားခဲ့ကြပုံတွေ ၊ အနီးစခန်း ၊ ဗောင်နီ ၊ ကျားတွင်းရေ ၊ ကျွဲနွားထောက် ရွာတွေ က ဘူမိဗေဒကွင်းဆင်းရင်း ခင်မင်ရင်းနှီးခဲ့ကြတဲ့ မိတ်ဆွေတွေ ကို သတိရ အောက်မေ့ရင်း သူ့ စိတ်ကူးတွေ လွတ်လပ် ပျံဝဲ နေကြတယ် ။


သူ နဲ့ ကပ်လျက် အိပ်တဲ့ မူးယစ်ဆေးဝါး လက်ဝယ် ထားရှိမှု နဲ့ ရောက်လာတဲ့ ဒိုက်ဦး နယ် ထဲက ဦးလေးခန့် ကတော့ သူ့ ရဲ့ လက်မ လက်သည်းခွံ နှစ်ခု နဲ့ သန်းကြီးမတွေ ကို နာနာတုပ်နေတယ် ။ သူ့ ခါး ကိုင်းကိုင်းကြီး ကို ပိုပြီး ကိုင်း လိုက်ပြီး မျက်မှောင်တွေ ကုတ် လိုက်မိပြီ ဆိုရင်တော့ သန်းကြီးမတွေ ကံဆိုး ကုန်ကြတော့တာပေါ့ ။ သူ့ခမျာ ထင်ထင်ရှားရှား မြင်ရတာတော့ မဟုတ်ရှာပါဘူး ။ ဒါပေမဲ့ သန်းကြီးတွေ ဘယ်နား နေလေ့နေထရှိတယ် ဆိုတာ သိလေတော့ ကျွမ်းကျင်ရာ လိမ္မာရာပေါ့ ။


သူ ရောက်နေတဲ့ အဆောင်သုံး ၊ အခန်းနံပါတ် လေး မှာ ဘဝတူ အယောက် တစ်ရာ ကျော် ရှိတယ် ။ ဒီ လူ တစ်ရာကျော် ကို အထိန်း ခိုင်း ထား ခံရသူ ကတော့ ရုပ်ရှင်တွေ ထဲမှာ ပါတတ်တဲ့ စိတ္တဇလူသ,တ်သမား လို သွေးအေးအေး နဲ့ ရက်ရက်စက်စက် လူသ,တ်လာခဲ့ တဲ့ လူ တစ်ယောက်ပဲ ။ တရားရုံး က သူ့ကို သေဒဏ် ချခဲ့တယ် ။ ဒါပေမဲ့ ဒီလူကြီး သေနေ့ မစေ့ခဲ့ဘူး ။ အမိန့် ကြေညာချက် တစ်ခု ကြောင့် ဒီ လူကြီး ကို သေဒဏ် ကနေ တစ်သက်တစ်ကျွန်း ပြောင်း ချမှတ်လိုက်တယ် ။


အရပ် ကလန်ကလား ၊ မျက်ပေါက် ကျဉ်းကျဉ်း ၊ နှာခေါင်း ပွတတ ၊ မျက်နှာ မှာ ဝက်ခြံ ပုန်းတွေ ဗရပျစ် နဲ့ အပြုံးအရယ် မရှိ ၊ မျက်နှာထား ဆိုးဆိုး နဲ့ ဒီအခန်း လူကြီး ကို ကွယ်ရာ မှာ သရဲကြီး လို့ ခေါ်ကြတယ် ။ ဒီအရင် က ထောင်ဘယ်နှခါ ကျဖူးပြီး သရဲကြီး ဆိုတဲ့ ဘွဲ့ ကို ဘာလို့ အပ်နှင်း ထားကြပါလိမ့် ၊ စပ်စုချင်စရာ မကောင်းလို့ ထင်ပါရဲ့ ၊ ဘယ်သူ ကမှ မစပ်စုကြဘူး ။


စိပ်ပုတီး တစ်ကုံး လည်ပင်း မှာ ဆွဲချင် ဆွဲထားမယ် ၊ ဒါမှမဟုတ် ဘယ်လက် မှာ ကိုင်ချင် ကိုင်ထားမယ် ။ ညာဘက် မှာတော့ အကျဉ်းသားတွေ ကို ရိုက်ဖို့ တုတ် တစ်ချောင်း အမြဲလိုလို ကိုင်ထားလေ့ ရှိတဲ့ သရဲကြီး ကို ဒလ ဘက်က ခိုးမှု နဲ့ ထောင်ကျတဲ့ အောင်ဘု က အလကား ဟန်ဆောင် နေတဲ့ သရဲကြီး ။ လိမ်စရာ မရှိ ဘုရားတောင် မှ လိမ်တဲ့ လူလိမ်ကြီး ။ ပါးစပ် က ဘုရား ... ဘုရား ၊ လက် က ကားရားကားရား ဆိုတဲ့ အကောင်ကြီး ။ ထောင် ထဲ ကနေ ခြေထောက် က အရင် ထွက်မလာပါစေနဲ့ ၊ ခေါင်းက အရင် ထွက်လာပါစေလို့ ဆုတောင်း ပေးနေတယ် ။ သူခိုးအောင်ဘု ကို သရဲကြီး က တမြန်နေ့ က ရိုက်ထားတာ အရှိုးတွေ ထင်လို့ ။ ဒီပြင် လူတွေ နည်းတူ ဒီ အရှိုးတွေ က နှစ်ရက် သုံးရက် နဲ့ ပျောက်ဦးမှာ မဟုတ်ဘူး ။ ဒီ သရဲကြီး ကို အပြင် ရောက်ရင် သရဲဘဝ က ကျွတ်အောင် ချွတ်မယ်လို့ ကြုံးဝါးနေကြတဲ့ အောင်ဘု တို့ လို အောက်လမ်းသမားတွေ ၊ အထက်လမ်းသမားတွေ က အများကြီး ။


သရဲကြီး က အခန်းသား အချင်းချင်း ပြဿနာ မဖြစ်ရအောင် ၊ ချမှတ်ထားတဲ့ စည်းကမ်းတွေ နဲ့ အညီ နေအောင် ကြီးကြပ် ပေးရတာ အပြင် သူတို့ ဘာစကားတွေ ပြောနေကြ တယ် ၊ ဘာတွေ တိုင်ပင်နေကြတယ် ဆိုတာတွေ ကို အမြဲ နားစွင့် နေပြီး ထောင်မှူး ဆီကို အစီရင်ခံရတဲ့ အခန်း လူကြီးတွေ ရဲ့ အလုပ် ကို တာဝန်ကျေတဲ့ အပြင် အလွန် ကျိုးနွံတဲ့ လူ ။


မဂ္ဂဇင်း မှာ အယ်ဒီတာ လုပ်ခဲ့တဲ့ ကိုမြင့်ဆန်း နဲ့ တွေ့ကြတဲ့ အခါ တစ်ယောက် နဲ့ တစ် ယောက် ဖတ်ဖူးကြတဲ့ ဝတ္ထုတွေ ၊ ဆောင်းပါးတွေ ၊ ကဗျာတွေ အကြောင်း လမ်းလျှောက်ရင်း စကားတွေ ပြောကြတယ် ။ အဲဒီအချိန် မှာ သူ ဟာ ဘူမိဗေဒအသင်း က ထုတ်ဝေတဲ့ ကျောက် ရိုင်း နံရံကပ်စာစောင် ရဲ့ စာတည်း ပြန် ဖြစ်သွားရော ။ စာမူတွေ ဖိတ်ခေါ်ကြ ၊ စာမူတွေ ရွေးချယ်ကြ ၊ လက်ရေးလက်သား ကောင်းတဲ့ သူငယ်ချင်း ကိုကိုထွေး နဲ့ ဝင်းသော် တို့ ၊ စာ အဖတ်များတဲ့ ဝင်းတင့် နဲ့ ရဲသျှမ်း တို့ က အယ်ဒီတာတွေ ၊ ပန်းချီသရုပ်ဖော် ကောင်းတဲ့ မောင်မောင်စိုးမင်း နဲ့ ဇင်မော် တို့ရဲ့ အကူအညီ မပါဘဲ ကျောက်ရိုင်း နံရံကပ်စာစောင် ဖြစ် မလာနိုင်ဘူး ။ ကျောက်ရိုင်းအကြောင်း ပြန်တွေးရင် ပျော်စရာ အတိ လွမ်းစရာအပြည့် နဲ့ မို့ သူ့ မျက်လုံးတွေ စိုစွတ် ကုန်တာပေါ့ ။


ကံ့ကော်ရိပ် ၊ တမာရိပ် ခိုခဲ့သူတွေ နဲ့ တွေ့တဲ့ အခါ သူ့ ထဲ မှာ တမာရနံ့တွေ ကြိုင်သင်း လာပြီး ကျောက်မျက်ပညာ ၊ ကျောက်ဖြစ်ရုပ်ကြွင်းပညာနဲ့ ထရဗေဒတွေ အကြောင်းတွေ နှီးနှောဖြစ်ကြပြန်ရော ။ ဘရမ်တန်ကွန်ပတ်စ် ကို အသုံးပြုနည်း ၊ ကောင်းကင်ဓာတ်ပုံ ကြည့်နည်းတွေ ကို သူ မှတ်မိနေတုန်းပဲ ။


ပန်းချီဘိုဘိုထွန်း နဲ့ ဆုံတဲ့ အခါ ကျတော့ သူ က ဝင်ပြီး ပြောလို့ မဖြစ်တော့ဘူး ။ ပန်းချီ ဆရာ က ရေဆေးပန်းချီ ၊ ပါတိတ်ပန်းချီတွေ အကြောင်း ပြောတဲ့ အခါမှာ သူ့ မှာ များများစားစား ပြောစရာ မရှိဘူး ။ အဲဒီအခါ သူ က အကောင်းဆုံး နားထောင်သူ သက်သက် ။ ပန်းချီကိုဝသုန် ရဲ့ ရေးဟန် ၊ ပန်းချီကိုညိုဝင်း ရဲ့ အလုပ် လုပ်ပုံလုပ်နည်း ။ ပန်းချီကိုကျော် သောင်း ရဲ့ စိတ်ဓာတ် နဲ့ လူတွေ စိတ်ဝင်စား နေကြတဲ့ ပါတိတ်ပန်းချီ ရေးဆွဲနည်း ပညာတွေ အကြောင်း ဘိုဘိုထွန်း က သူ့ မျက်စိ ထဲမှာ မြင်ယောင် လာအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်တယ် ။ သူ ကတော့ ဟိုတစ်ချိန် က ဆီဆေးပန်းချီ ကို နည်းနည်းပါးပါး စမ်းသပ် ရေးဆွဲခဲ့ ဖူးသူ ၊ ကျောင်းပန်းချီပြပွဲတွေ မှာ လူချော လုပ်ခဲ့ဖူးသူ မဟုတ်လား ။ ပန်းချီဘိုဘိုထွန်း နဲ့ တွေ့ရတာ သူ ရဲ့ အေးစက် နေတဲ့ ပန်းချီ ရေးချင်စိတ်တွေ ပြန်ပြီး ပူနွေးလာစေတယ် ။


ဂစ်တာ နဲ့ ပတ်သက်ပြီး ရော ၊ သီချင်းတွေ နဲ့ ပတ်သက်ပြီး ရော ပြောစရာတွေ ရင်ဘတ် နဲ့ အပြည့် ရှိနေသူ ကတော့ ကိုမိုးမြင့် ပဲ ။ သူ ခံစားမိတာတွေ ကို ရေးဖွဲ့ ထားတဲ့ တေးကဗျာတွေ ကိုလည်း ခဏခဏ ရွတ်ဆို ပြတတ်တယ် ။ ဘာ တူရိယာ မှ လက်ကိုင် မရှိတဲ့ တေးရေးဆရာ ပေါ့ ။ ကန်စွန်းခင်း ကို လေ တိုးလို့ ယိမ်းနွဲ့ နေတာ လည်း ပါသလို ပုရွက်ဆိတ်လေးတွေ ၊ စပါးလုံးတွေ ချီသွားကြပုံ ကို လည်း ပမာ ပြုလိုက်သေးတယ် ။


ရုပ်ရှင်အဘိဓာန် ၊ ရုပ်ရှင်မော်ကွန်းတိုက် ဆိုတဲ့ ဘွဲ့တွေ ကို ပိုင်ဆိုင်သူ ကတော့ ရဲကျော်စွာ တဲ့ ။ မြင်မြင်သမျှ သူ ကြည့်ဖူးတဲ့ ရုပ်ရှင် ဇာတ်ဝင်ခန်းတွေ နဲ့ ဆင်ဆင်တူသတဲ့ ။ ရေချိုးကြရတာ ၊ ထမင်း ယူကြရတာ ၊ ပေါက်ပြား ပေါက်ကြရတာ အားလုံး အားလုံး ဟောလိဝုဒ် က ထုတ်လုပ်တဲ့ ရုပ်ရှင်ကား ၊ ဂျပန်ရုပ်ရှင် ၊ ဟောင်ကောင်ရုပ်ရှင် ၊ အိန္ဒိယ ရုပ်ရှင်ကားတွေ ရဲ့ နာမည်တွေ နဲ့ ဇာတ်လမ်း အကျဉ်း ပြောလိုက် ၊ အကျယ် ပြောလိုက် နဲ့ သူ ကြည့်ဖူး မှတ်မိနေတဲ့ ရုပ်ရှင်ကားတွေ ထဲ က ဇာတ်ဝင်ခန်းတွေ နဲ့ ဆင်ဆင်တူ နေသတဲ့ ။ မိလ္လာ တက်ကြရင်း အခန်းချင်း ကပ် နေရင်တောင် သူ မှတ်မိနေတဲ့ ရုပ်ရှင် အကြောင်း ၊ ဗီဒီယိုတွေ အကြောင်း ပြန် ပြောပြရင် မစင်နံ့ နံတာ ကို သတိ မထားမိအောင် ပြောနိုင် စွမ်းတယ် ။


ရာသီတွေ ပြောင်း ၊ နှစ်တွေ  ကြာညောင်းလာတော့ လူ တစ်ယောက် မှာ အနုပညာ ဆိုတာ မရှိမဖြစ် လိုအပ်တယ် ဆိုတာ သိသိလာ သလို အနုပညာ ခံတွင်း တွေ လည်း ချဉ် ၊ ချင်ခြင်း တွေ လည်း တပ်လာတယ် ။ 


အင်း ... နေနှင့်ဦး ။ အပြင် ရောက်ရင်တော့လား ဆိုပြီး ဆန္ဒ ရှိတာတွေ ၊ အာသီသ ရှိတာတွေ တန်းစီဇယား ဆွဲထားတာ ဇယား က အတော် ရှည်နေပြီ ။


ထွက်နှင့်သမျှ စာအုပ်တွေ ၊ မဂ္ဂဇင်းတွေ တော့ လား မထတမ်း ဖင်ဂျွတ်စွဲအောင် ကို ဖတ်ပစ်လိုက်ဦးမယ် ။ ရုပ်ရှင်တွေ လည်း တစ်ကား ပြီး တစ်ကား ၊ တစ်ရုံ ပြီး တစ်ရုံ ဆက်တိုက် ကြည့်ပစ်လိုက်ဦးမယ် ။ ထုတ်ဝေဖြန့်ချိပြီးသား သီချင်းတွေ အကုန် ကို နားထောင် ပစ် ၊ ခံစားပစ်လိုက်ဦးမယ် ။ ပန်းချီပြပွဲတွေ စောင့်ကြည့် ၊ ပန်းချီပြခန်းတွေ ကို တဝကြီး လှည့် ကြည့်လိုက်စမ်းမယ် ။ နေသေးသပ ချုံ ထဲ က ၊ ချိုသွေးသပ တမြမြ နဲ့ပေါ့ ။


တကယ်တော့ တောင်ယာတွေ ကြား ထဲက လမ်းကလေး ဟာ သူတို့ တစ်တွေ အိပ်ရာ ထဲ မဝင်ကြခင် မှာ အညောင်းအညာပြေ လျှောက်ကြတဲ့ လမ်းကလေး ။ ၈ ပေ ၊ ၉ ပေ လောက် ကျယ်တဲ့ မြေသားနည်းနည်း ၊ သဲများများ နဲ့ ဖွဲ့တည် နေတယ် ။ ဒီထဲ က နေ အိမ် ကို ပြန်ရောက်ဖို့ ဆုမှတ်ရက် သုံးဖို့ တစ်ဖို့ ကိုက်ရဲ့လား ။ ဘယ်လ ၊ ဘယ်ရက် မှာ အိမ်ပြန် ရောက်မှာလဲ ။ တွက်ကြ ချက်ကြတာ ဒီ သဲမြေလမ်းကလေး ပေါ်မှာပဲပေါ့ ။ မဟာ ဘုတ်တွေ ထူခဲ့ကြတာ အောင်လံထူ စစ်သူကြီးပွဲ တွေ ရော ၊ ဇနကပျက်ကိန်း တွေ ၊ တစ် ထိပ် စည်း ၊ ငါး အလယ်ထိုင် ၊ ဆယ့်နှစ် ဘရိတ်တွေ ရေးခြစ် တွက်ချက်ကြတဲ့ မြေသင်ပုန်း သဲစာအုပ်ကြီးလေ ။


လမ်းကလေး ရဲ့ ဟိုဘက် မှာရှိတဲ့ ကန်စွန်းခင်းကြီး ထဲ က အရွက်တွေ က လမ်းကလေး ရဲ့ ဒီဘက်မှာ ရှိတဲ့ ဟင်းနုနယ်ပင်တွေ ဟာ ဆွေမတော် မျိုးမတော်ကြပါဘဲ နဲ့ လေတိုက်တိုင်း ယိမ်းက နေကြတယ် ။


တိမ်ညိုတိမ်မည်းတွေ အထုလိုက် အထည်လိုက် စုပြုံ ချီတက်လာပြီ ဆိုရင် ဟောဒီ အကြေရပ် မှာ မိုး က မရွာဘဲ ကို မနေဘူး ။ ပြိုမတတ် ရွာတတ်တယ် ။ အဲဒီလို ရွာချပြီ ဆိုရင် အလွမ်းဓာတ်ခံတွေ နဲ့ ပြည့်နှက်နေတဲ့ သူ အဖို့ ပိုလွမ်း စေတာပေါ့ ။ သူ့ မှာ သံယောဇဉ်တွေ ၊ ခင်မင်မှုတွေ ၊ တွယ်တာစရာတွေ အများကြီး ထားရစ်ခဲ့ရတာ မဟုတ်လား ။ လွမ်းမိုးစွေတာ နဲ့ အနုပညာငတ်မွတ်ဆာလောင် နေတာနဲ့ ပေါင်းမိပြီး သူ အတော် ကို အနေရ အထိုင်ရ ခက် နေမိတယ် ။


မိုးတွေ သည်းသည်း ပဲ ရွာရွာ ၊ ဖွဲဖွဲ ပဲ ရွာရွာ ၊ မိုးတိတ်သွားရင် ရေတွေ စီးသွား ၊ စိမ့်သွား ပြီး ကျန်ရစ်ခဲ့တဲ့ တောင်ယာခင်းတွေ ကြားက လမ်းကလေး ရဲ့ မျက်နှာပြင် အကြောတင်း နေပုံ က ခြေချရက်စရာ မရှိဘူး ။ ဗန်း ထဲက ဖုတ်ပြီးသား ဆနွင်းမကင်းမုန့် တွေ လိုပဲ ။ မို့မို့အိအိ တင်းတင်းရစ်ရစ်လေး ။ ပန်းချီရေးချင်စရာ ၊ အရုပ်တွေ ဆွဲချင်စရာ ၊ ကဗျာတွေ ချရေးချင်စရာ ၊ သဲမြေပြင် အိအိစိုစိုက ကဗျာတွေ လာ ရေးလှည့်ပါ ၊ ပန်းချီ ဆွဲလှည့်ပါလို့ သူ့ ကို လက်ယပ် ခေါ် နေ သလိုပဲလေ ။


တုတ်ကလေး တစ်ချောင်း သူ လိုက် ရှာတယ် ။ ကျန်ခဲ့တဲ့ မိသားစု ကို လွမ်းနေသူ ဆိုတော့ မိသားစု နဲ့ အတူနေခဲ့တဲ့ အိမ်ကလေး ။ သူ့ ချွေးနှဲစာ နဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ကလေး ။ တစ်သက်လုံး ဘယ်တော့ မခွဲဘဲ နေချင်တဲ့မိသားစုနဲ့ ဘယ်တော့မှမခွာချင်တဲ့ အိမ်ကလေး ။ မိသားစု ကို လွမ်းဆွတ် သတိရ စိတ်ကလေး ကို လွမ်းတမ်းတ စိတ် က လှိုက် လှိုက် တက်လာတယ် ။ သူ ရှာနေတဲ့ တုတ်ချောင်းလေး တွေ့ တော့ သဲမြေမွမွ ပေါ် မှာ သူ့ အိမ်ကလေး ရဲ့ ပုံ ကို ရေးဆွဲ ပစ်လိုက်တယ် ။


ဟောဒါက ဝရန်တာလေး ။ အရင် ဝါးကပ်မိုးထားတဲ့ အိမ်ကလေး ကို သူ က သဲပန်းချီ ထဲ မှာတော့ စိတ်ကူးထဲရှိတဲ့ အတိုင်း သွပ်မိုး နဲ့ ။ ဒါက အရင်က ပြတင်းပေါက် ။ အခု သူ ရေးနေတဲ့ အိမ်ကလေး မှာ ပြတင်းပေါက် ခပ်ကျယ်ကျယ် ၊ တံခါး လည်း နဂို အရှိ ထက် ကျယ်လိုက်တယ် ။ ဒီဘက်မှာ သူတို့ ဇနီးမောင်နှံ လက်ထပ်ကြတဲ့ တစ်ရက်နေ့ အထိမ်းအမှတ် စိုက်ထားတဲ့ ‘ တည်ပင် ’ အရွက်တွေ က ဝေစည်လို့ ။ သူ့ စိတ်ကူး ထဲမှာ ညှို့နေအောင် အကိုင်းတွေ ၊ အခက်တွေ ဝေစည်နေမယ့် ‘ တည်ပင် ’ ကို မြင်ယောင်ရင်း သဲမြေ ပေါ်မှာ တည်ပင် တစ်ပင် ရေးလိုက်တယ် ။လှေကား ရဲ့ ညာဘက် မှာ သားဦးလေး ‘ ပတ္တမြားသွေး ’  မွေး တဲ့ အထိမ်းအမှတ်အနေနဲ့ စိုက်ထားတဲ့ စိန်ပန်းနီပင် ကလည်း အုပ်အုပ်ဆိုင်းဆိုင်း ။ စုတ်တံတွေ နဲ့ အနှစ်နှစ် အလလ ဝေးနေတဲ့ လူ လက် ထဲ က ဝါးတုတ်ခနောင်းလေး မှာ ပန်းချီမှော် နဲ့ အနုပညာဈာန်တွေ ကိန်းဝပ်ပျံ့နှံ့ နေကြပြီလား ။ စံပယ်ရုံလေး ကလည်း မပါမဖြစ် ၊ သူ့ သမီးလေး စံပယ်မြင့် မွေးနေ့မှာ စိုက်ခဲ့တဲ့ စံပယ်ရုံကလေး ။ အိမ် မှာတော့ ဒီ စံပယ်ရုံလေး ရဲ့အခြေ မှာ ထုံးကျောက်တွေ ပတ်ချာဝိုက် ၊ စီစီရီရီ ပတ်ဝိုင်း ထားတာလေ ။


သူ တကုပ်ကုပ် နဲ့ ပန်းချီ ဆွဲနေတာ ကို ပန်းချီဆရာ ဘိုဘိုထွန်း လာ ကြည့်ပြီး ပန်းချီ ဆရာ ပါ သူ့ ဆီ က ပန်းချီရေးချင် စိတ် ကူးစက် သွားတယ် ထင်ပါရဲ့ ။ ပန်းချီဆရာ က သူ့ စကား ဆယ်ခွန်း မှာ ခြောက်ခွန်း ၊ ခုနစ်ခွန်း ပါတတ်တဲ့ သူ ရဲ့သားကလေး ပုံတူ ကို ရေး လိုက်တယ် ။ သူ့ သားလေး နဲ့ ဘိုဘိုထွန်း သားလေး က အသက်အရွယ်တွေ မတိမ်းမယိမ်း ။ ကျွမ်းကျင်သူ ရေးတာ ဆိုတော့ ခဏလေး နဲ့ ပြီးသွားပြီ ။ ပုံကလေး က ချစ်စရာလေး ။ ပါး ဖောင်းဖောင်း နားရွက် ကားကားလေး ။ သူတို့ နှစ်ယောက် ပန်းချီ ရေးနေကြတာကို မိတ်ဆွေ အခန်းဖော်တွေ ၊ အညောင်းပြေ လမ်းလျှောက်ကြသူတွေ လာ ကြည့်ကြတယ် ။ တချို့ ကလည်း ခရီးသွားဟန်လွှဲ ၊ တချို့ကလည်း စိတ်ဝင်တစား လာကြည့်ကြတယ် ။ တစ် ကနေ ရှစ် အထိ ရှိတဲ့ အခန်းရှစ်ခန်း က သရဲကြီး လို ဘီလူးကြီး ၊ ဘီလူးလေး ၊ သရဲလေးတွေ လည်း ပြပွဲကြည့် ပရိသတ် ထဲ မှာ ပါတယ်လေ ။


နောက်နေ့တွေ မှာတော့ ပန်းချီဆရာ ရွက်ပုန်းသီးတွေ ၊ ပန်းချီ ဝါသနာရှင်တွေ ပန်းချီ လက်သင်တွေ ဝင်ပြီး လက်စွမ်းပြကြ သလို ပြပွဲကြည့် ပရိသတ် ဦးရေ လည်း ပထမနေ့ က ထက် အများကြီး တိုးလာတယ် ။ ရေးကြတဲ့ အကြောင်းအရာတွေ ကလည်း ကိုယ့် ဝါသနာ နဲ့ ကိုယ် ၊ ကိုယ် ခံစားချက် နဲ့ ကိုယ် ။


အပြင်မှာ ပန်းချီဆရာကြီးတွေ ပန်းချီပစ္စည်းတွေ ဈေးကြီးမြင့်လို့ ရတက်မအေး ဖြစ် နေချိန်မှာ သူတို့ ကတော့ ကုန်ကျစရိတ် အလျှင်း မရှိဘဲ ပန်းချီကားတွေ ဟော တစ်ကား ၊ ဟော တစ်ကား ရေးနေကြပြီ ။


ကြက်သားကြော် အမြည်း နဲ့ အကောင်းစား အရက်ပုလင်းပုံ ရေးသူ ရှိသလို မေ နဲ့ မောင် နဲ့ ဖဲမွေ့ရာ ပေါ်မှာ အတူယှဉ်တွဲ အိပ်နေကြပုံ ရေးသူ လည်း ရှိတယ် ။ ဆေးမင်ကြောင်ရုပ် က ဒီဇိုင်း ဆန်းဆန်း အရုပ်တွေ ရေးသူ ရှိသလို ရေကူးဝတ်စုံ နဲ့ အတိုင်းအထွာ စံချိန်ပြည့် ၊ စံချိန်လွန် ပုံတွေ ရေးကြသူတွေ လည်း ရှိတယ် ။ တောကား ၊ တောင်ကား ၊ ယာကား ၊ ယာ လွမ်းသူ ၊ အိမ်သူတွေ လည်း ပါတာပေါ့ ။ 


သူ ကတော့ သက်ထား ကို သတိရ နေတာနဲ့ မအိမ်သူ ရဲ့ပုံတူ ကို ဈာန်အပြည့် နဲ့ ရေး တယ် ။ အတတ်နိုင်ဆုံး တူအောင် ကြိုးစား ရေးတယ် ။ နှာတံ စင်းစင်း ၊ နှုတ်ခမ်း ပါးပါး ၊ ဆံပင်တွေ က သွယ်ဖြောင့်ဖြောင့် ၊ မျက်ရစ်က ပါတယ် ဆိုရုံ ၊ မျက်မှန် က ဘဲဥပုံ ၊ ဆံပင် တွေ က ပိပိရိရိ ၊ ပြုံးနေ ရယ်နေ တာပဲ မြင်ချင်စိတ် နဲ့ သွားကလေးတွေ ပေါ်ရုံလောက် ပြုံး နေတဲ့ပုံ ရေးလိုက်တယ် ။


ဘယ်ကနေ ဘယ်လို စိတ်ကူး ရတယ် မသိဘူး ။ သက်ထား ရဲ့ နားရွက် အဖျား မှာ အရွယ် အလောတော်လောက် ကွာဖိုက် ကျောက်ကလေး နှစ်လုံး နားကပ် အနေ နဲ့ ကောက် ပန်ပေး လိုက်တယ် ။ ဒီ နားကပ်နှစ်လုံး မပန်ခင်မှာ ကွာဇိုက် မှာ ကပ် နေတဲ့ သဲမှုန်တွေ ကို ပုဆိုးဖြူ နဲ့ စင်နေအောင် ပွတ် လိုက်သေးတယ် ။ ပြီးတော့ ရင်ညွန့် ကနေ လည်ပင်း အထိ အနား မှာ ရှိတဲ့ ကွာဇိုက် ၊ မာဘယ် ၊ ထုံးကျောက်ရောင်စုံတွေ လျှောက်ကော်ပြီး လည်ဆွဲ အနေ နဲ့ အလှဆင် စီခြယ်ပေးလိုက်တယ် ။


သဲမြေ ပေါ် က သူတို့ ရေးကြတဲ့ သဲမြေကမ္ဗလာ တစ်ကြောင်းဆွဲ ပန်းချီတွေ ဟာ ဘဝ တူတွေ အတွက် တော့ သောက ၊ အပူအပင် ၊ အမောအလွမ်းတွေ အထိုက်အလျောက် ပြေစေလိမ့်မယ်ထင်ပါရဲ့ ။


သူတို့ အားလုံး အိပ်ဆောင် ထဲ ဝင်ကြရတဲ့ အချိန် မှာတော့ ကပ္ပလီပင်လယ်အော် က တိမ်ပုပ် ၊ တိမ်ညစ်တွေ ခါးတောင်း ဖင်ကြား မြှောင်အောင် ကျိုက် ၊ လက်ပန်းပေါက်တွေ တဖြောင်းဖြောင်း ခတ်ပြီး ဘီလူးဆိုင်း တီး တက်လာကြတယ် ။ အိပ်ဆောင် ထဲမှာ တန်းစီ ထိုင် နေကြရင်း အခန်းသားတွေ က သဲမြေပေါ်မှာ ရေးထားတဲ့ ပန်းချီတွေ ဆီ လှမ်းကြည့် လိုက်ကြ ၊ ကောင်းကင် မည်းမည်းကြီး ကိုလည်း မျက်တောင်ဝင့် ကြည့်လိုက်ကြနဲ့ ဂနာ မငြိမ်ကြဘူး ။


ပန်းချီရေး တဲ့ သူ မဆိုထား နဲ့ ကြည့်ကြတဲ့ ပရိသတ် တောင် မှ ပန်းချီကားတွေ အပေါ် မှာ သံယောဇဉ် ဖြစ်နေကြပါပေါ့လား ။


သရဲကြီး ကတော့ တုတ် တစ်ချောင်း ကို ညာလက် မှာ ကိုင်ထားပြီး အခန်း ရဲ့ ရှေ့ထိပ် နောက်ထိပ်လမ်းလျှောက် ရင်း ဘယ်လက် နဲ့ စိပ်ပုတီး စိပ်နေတယ် ။ လျှပ်စီးတွေ ဝင်းခနဲ ပြိုးခနဲ လက်သွား ၊ မိုးခြိမ်းသံတွေ ပေါက်ကွဲ ထစ်ချုန်း နေတဲ့ အပြင်ဘက် ကို တစ်ချက် တစ်ချက် ငေးလို့ နေပြန်တယ် ။


မကြာခင်မှာပဲ အုတ်ရိုးတွေ အပေါ် ၊ တောင်ယာတွေ အပေါ် ၊ သွပ်ပြားတွေ အပေါ် မိုးစစ်သည်တွေ တရမန်းကြမ်း ခုန်ပေါက် ပြေးဆင်းလာကြတယ် ။ ရွာ နေတာ မှ အငြိုးတကြီး နဲ့ ရွာနေ သလိုမျိုး ။ ကန်စွန်းပင် တွေ လည်း ပြားပြာဝပ် နေကြသလို ဟင်းနုနယ်ပင်တွေ လည်း ခပ်ကုပ်ကုပ် နဲ့ ချမ်းနေကြရှာတယ် ။


အခန်း ထဲ မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေတဲ့ အခန်းလူကြီး က -


“ နှမြောစရာတော့ ကောင်းတာပေါ့ ။ သင်္ခါရချည်းပဲလေ ။ ဒါပေမဲ့ မိုးတိတ် သွားရင် တော့ ကျန်ရစ်တဲ့ သဲမြေလေး ဟာ ပန်းချီ ရေးဖို့ ကောင်းတဲ့ မြေပြင် ပြန် ဖြစ်လာဦးမှာ ” တဲ့ ။ 


သရဲကြီး ပါးစပ် က လူစကား ထွက်လာတယ် ။  ။


 ⎕ ညီပုလေး


📖လပ်ပေါ် ကိုးအုပ်တော့ မြတ်ကျော် ပုဆိုးစုတ် နှင့် မဂ္ဂဇင်းဝတ္ထုတိုများ

No comments:

Post a Comment