Saturday, May 24, 2025

အဆိပ်တွေ နဲ့ လူတွေ


 

❝ အဆိပ်တွေ နဲ့ လူတွေ ❞
    ( လင်္ကာရည်ကျော် )

( ၁ )

သူ က ဆရာဝန်တစ်ဦး ဖြစ်သည် ။

ဆရာဝန် တစ်ဦး မို့ လူတို့ ပတ်ဝန်းကျင်ဝယ် လူ ကို အဆိပ်သင့်စေသော အရာ ဘာတွေ ရှိသည် ဆိုတာကို သူများ ထက်တော့ နည်းနည်း ပိုသိသည် ဟု ကိုယ့် ကိုယ် ကိုယ် ယုံကြည်ထားသူ တစ်ဦး လည်း ဖြစ်သည် ။

လူတွေ က လည်း လူတွေ ပင် ။

အဲသည့် အဆိပ်တွေ နှင့် ကင်းပြီး နေ ကို မနေတတ်ကြ ။

( ၂ )

သူ တာဝန်ကျနေသည့် အညာမြို့ကလေး က  ဖွံ့ဖြိုးမှု အနည်းငယ် နောက်ကျနေသော မြို့ကလေး ဖြစ်သည် ။

သည် မြို့ကလေး ကို သူ တာဝန်ကျတော့ သူ သွားမှာ မဟုတ် ။ သူ ထွက်ပြေးလိမ့်မည် ဟု ထင်ကြသူ အများအပြား ရှိသည် ။ သို့သော် သူ က သွားရုံသာ မက အနေပင် ကြာခဲ့သည် ။

ပျော်၍တော့ လည်း မဟုတ် ။

သူများ မသွားချင်သည့် နေရာ ကို သွား ၊ သူများ မမြင်ချင်တာ ကို မြင် ၊ သူများ မကြားချင်တာ ကို ကြား ၊ သူများ မထိတွေ့ချင်တာ ကို ထိတွေ့  ၊ သူများ မရှူချင် သည့် အနံ့ ကို ရှူ ၊ သူများ မပြောချင်သည့် စကား ကို ပြော ။

ဆရာဝန် ဖြစ်ပြီ ဆို ကတည်း က သည် တာဝန် တွေ ကပ်ပါလာပြီးသား ဟု သူ ယူဆသည် ။ ငြင်းစရာ မရှိ ။

သို့သော် အဆိပ် ကို သာမန် လူ တစ်ယောက် ထက် နည်းနည်း ပို၍ နားလည် ကျွမ်းကျင်သူ ပီပီ အဆိပ် ကိုတော့ တတ်နိုင်သမျှ ရှောင်ချင်သည် ။ လူ ကို အဆိပ်သင့် မခံချင် ။

( ၃ )

သည် မြို့ကလေး က တော်တော် ဖုန်ထူသော မြို့ကလေး ဖြစ်သည် ။ အိမ်ရှေ့ခန်း က တစ်နေ့ သုံးခါ လောက် တံမြက်စည်း လှည်း တာ တောင် ဖုန် က တရှပ်ရှပ် ။

သို့သော် စက်မှုလက်မှု လုပ်ငန်းများ မြို့ထဲ မှာ မရှိ သလောက် ၊ ကား က လည်း ရှား ၊ ကိုယ်ပိုင်မီးစက် ထားသူ က လည်း ရှားမို့ လေ ထဲ မှာ ဓာတုဗေဒ အညစ် အကြေးတော့ သိပ် ရှိဟန် မတူ ။

လေ က အဆိပ် သိပ် မသင့်သေးပေါ့ ။

ဖုန် က လည်း အဆုတ် ကို ဒုက္ခ ပေးတာပါပဲ ။ သို့သော် အဲသည့် ဖုန် က မြင်သာထင်သာ လာ နေတာ ဖြစ်သည် ။ ကြောက်တတ် လျှင် နှာခေါင်း ကို လက်ကိုင် ပဝါကလေး နှင့် အုပ်လိုက်၍ ရသည် ။ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းကလေး စည်း ထားလည်း ရသည် ။

မြင်နိုင်သည့် အဆိပ် က သိပ် ကြောက်စရာ မလို ။

မမြင်နိုင်သည့် အဆိပ် ကသာ ကိုယ် မသိဘဲ တစိမ့်စိမ့် ဝင်၍ တွယ်မှာ မဟုတ်ပါလား ။

သည်တော့ ဖုန် ကို သူ သိပ် မကြောက် ။ ဖုန် ထူသော မြို့ကလေး က ဖုန် ထူသော လမ်းကလေး ကို လျှောက်၍ သူ ငှားရမ်း နေထိုင်ရာ ဖုန် ထူသော အိမ်ကလေး မှ ဖုန် ထူသော ဆေးရုံ သို့ သူ နေ့စဉ် လမ်းလျှောက်၍ သွားသည် ။

( ၄ )

လမ်း မှာ လက်ဖက်ရည်ဆိုင်ကလေး တစ်ခု ကို ဖြတ်ရသည် ။ လက်ဖက်ရည်ဆိုင် က ပလက်ဖောင်း အပြည့် နေရာယူထားသည် မို့ လက်ဖက်ရည်ဆိုင် ကို ရှောင်၍ လမ်းလျှောက်ရန် ဖြစ်မှ မဖြစ်နိုင်ဘဲ ။

လက်ဖက်ရည်ဆိုင် ထဲ မှ ဖြတ်လျှောက်ရတာ လည်း တကယ်တော့ သူ့ အတွက် ပြဿနာ မရှိသင့်ပါ ။ သည် ဆိုင် က လက်ဖက်ရည် ကို ပဲ သူ့ တပည့်ကလေး မနက်တိုင်း သွားဝယ်၍ သူ့ ကို တိုက်နေသည်ပဲ ။

ခက်တာက လက်ဖက်ရည်ဆိုင် ထိုင်နေသူ တွေ က လက်ဖက်ရည် ချည်း သက်သက် သောက်နေ ကြတာ မဟုတ် ။

အဆိပ်တွေ ဖွာရှိုက် နေကြတာ ဖြစ်သည် ။

ကိုယ်တိုင် မဖွာရှိုက်တတ်ပါဘဲ နှင့် အဲသည့် အဆိပ်တွေ ဖွာရှိုက် နေသူတွေ ဘေး က ဖြတ်သွားရင်း ရှူမိသည့် အဆိပ်တွေ ကြောင့် သေဆုံးသူ တစ်နှစ် ၊ တစ်နှစ် ဘယ်လောက် ရှိသည် ကို သူ ကောင်းစွာသိသည် ။ သည်တော့ မရှူ လို ။

ခက်တာက ဒါက တရားမဝင် ပိတ်ပင်ထားသည့် ကိစ္စ မှ မဟုတ်လေဘဲ ။

ကြော်ငြာတာ ကို ခွင့်မပြုတော့ သော်လည်း ဖွာရှိုက်တာ ၊ ရောင်းဝယ်တာ ကို ကမ္ဘာ နှင့် အဝန်း ခွင့်ပြုထားသော ကိစ္စ ။

သည် အဆိပ်တွေ ကို ရှူရင်းပဲ လက်ဖက်ရည်ဆိုင် ထဲ က ဖြတ်ရသည် ။

ခက်တာက ဆေးရုံဝင်း ထဲ ရောက်တာတောင် အဲသည် အဆိပ် ရှူနေသူတွေ က တွေ့နေရတုန်း ။ သူ့ လူနာဆောင် ဝန်းကျင် မှာ တွေ့ လျှင်တော့ သူ ချက် ချင်း မောင်းထုတ်နေကျ ။ ခက်တာ က သူ့ အဆောင် က အစွန်ဆုံး မှာ ။ အဲသည်ကို ရောက်ဖို့ သူများ အဆောင် တွေ ကို ဖြတ်သွားရသည် ။

အဲသည်မှာ အဆိပ် ရှူနေသူတွေ တွေ့တော့ ပြောရ ခက်သည် ။ သူတို့ ကို ဒါမှမဟုတ် သူတို့ လူနာ ကို ကြည့်ပေးနေသော ဆရာဝန် မဟုတ်လျှင် ပြော စကား နားထောင်ကြမည် မထင် ။

ဒါနှင့်ပဲ အဆိပ် နည်းနည်း ထပ် ရှူရသည် ။

( ၅ )

ဆေးရုံဘက် ကို ကွေ့ သော လမ်းထောင့်ကလေး မှာ အဆိပ်ဆိုင်ကလေး ရှိသည် ။ အဲသည် ဆိုင် က ရောင်းသော အဆိပ် က ဝါး ၍ ရသည် ။ စား ၍ မရ ၊ မျိုချ ၍ မရ ၊ ပြန် ထွေးထုတ်ရသည် ။

ဗျစ်ခနဲ ။

အခန့် မသင့်လျှင် ဘေးက လျှောက်လာသူ ကို အဆိပ်တွေ စင် သွားတတ်သည် ။

သူ အဲသည် ဆိုင်ရှေ့ အရောက်မှာ “ ထုံးများများထည့် ” ဟု ဝယ်သူ ပြောသောအသံ ကို ကြားရ၍ ဆိုင်ဖက် တစ်ချက် ငဲ့ ကြည့်မိသည် ။

ပြောနေသည့် လူရွယ် က အဆိပ် ရောင်းသည့် ကောင်မလေး ရင်ညွန့် ကို သာ စိုက်ကြည့် နေသည် ကို တွေ့ ရသည် ။

ဆီးလမ်းကြောင်း တော့ ဒုက္ခ ပေးတော့မည် ။

ဆရာဝန် ပီပီ တွေးမိ၏ ။

နဂို ကတည်း က သောက်ရေသုံးရေ မှာ သည်လောက် ထုံးဓာတ် များသော မြို့ ။ ထုံးများများ ထည့် တဲ့ ။ ဆီးကျောက် တည်တော့မှာပေါ့ ။

ကြီးလာလျှင် လျှာကင်ဆာ ဖြစ်ဦးမည် ။

အို ၊ သူ့ ဘာသာ သူ ဘာဖြစ်ဖြစ် ၊ ကိုယ် တား လို့ ရတာမှ မဟုတ်တာ ။ ရုပ်မြင်သံကြား မှာ အဲဒါတွေ ပညာပေး နေတာ သူ မကြားဘဲ နေမှာ မဟုတ် ။ သည် ကြားထဲ က သူ့ ပါးစပ် ထဲ သူ အဆိပ်တွေ ထိုးထည့် နေ တာ ကိုယ် နှင့် ဘာဆိုင်လို့လဲ ။

တွေးတွေး လျှောက်လျှောက် နှင့် အဲသည် လူ ဘေး က ပတ်လျှောက်သည် ။ အဲသည် လူ က ဝါးထား သော အဆိပ်တွေ ထဲ က အဆိပ်ရည် တချို့ကို သူ လျှောက်ရာ လမ်း သို့ လှည့် ၍ ဗျစ်ခနဲ ထွေးထုတ်တော့ သူ့ ခြေသန်း စိုသွားသည် ။

( ၆ )

သူ က ဆရာဝန် တစ်ဦး သာ မက ကျောင်းဆရာ တစ်ဦး လည်းဖြစ်သည် ။ ဆရာဝန်လောင်းကလေး တွေ ကို စာ လည်း သင်ရသည် ။ စာမေးပွဲ လည်း စစ် ရသည် ။ သူ့ လို ဆရာဝန် တစ်ပိုင်း ၊ ကျောင်းဆရာ တစ်ပိုင်းတွေ ကို လည်း အုပ်ချုပ်ရသည် ။

ဆေးရုံ ထဲမှာ ရှိသော သူ့ ဌာန ရုံးခန်းရှေ့ ကို ရောက်တော့ ကွန်ပျူတာ ရှေ့မှာ ထိုင်၍ မျက်စိမျက်နှာ ပျက် နေသော လက်ထောက် ဆရာမကလေး ကို တွေ့ရသည် ။

“ ဘာဖြစ်လဲ သမီး ”

ဆရာမကလေး က သက်ပြင်း ချသည် ။

“ အကျ များနေတယ် ဆရာ ။ သုံးပိုင်း မှာ နှစ်ပိုင်း ပဲ စစ်ရသေးတယ် ။ ကျပြီးသားဖြစ်သွားတဲ့ လူ က များနေတယ် ”

“ ကျောင်းခေါ်ချိန် နဲ့ ယှဉ်ကြည့်လား ”

ဆရာမကလေး က ခေါင်းညိတ် ပြသည် ။

“အဲဒါတော့ ကိုက်တယ် ဆရာ ။ ကျောင်း မတက်တဲ့ သူတွေပဲ ”

“ ကျပါစေပေါ့ သမီးရယ် ”

ဆရာမကလေး က ခေါင်းခါသည် ။

“ နှစ်ခါ ကျထားပြီးသားမို့ ဒီ တစ်ခါ ကျရင် ကျောင်းထွက်ရမယ့် သူ က တစ်ယောက် ပါနေတယ် ။ ဆရာ နည်းနည်း ပြန် ကြည့်ဦးမလား ၊ မကြေညာခင် ”

“ မကြည့်ဘူး သမီး ၊ အဆိပ်ပင် ရေမလောင်းနဲ့ ။ အဲဒီလို ကောင်မျိုး ဆရာဝန် ဖြစ်သွားရင် လည်း ဆရာဝန်လောက အဆိပ်သင့်တာပဲ ။ လူနာ လည်း နစ်နာမယ် ၊ ဆရာဝန်ကောင်းတွေ လည်း သိမ်းကျုံး အပြော အဆိုခံရမယ် ။ ပေါင်းပင်မြက်ပင်တွေ စောစောစီးစီး က နုတ်ပစ်လိုက်ရင် အေးတာပဲ ”

ဆရာမကလေး က ပခုံး တွန့်ပြသည် ။

“ ဆရာ့ သဘောပါ ။ သူ့ ဦးလေး ဘယ်သူလဲတော့ ဆရာ သိတယ်နော် ”

“ ဆရာတို့ ၊ သမီးတို့ ဆိုတာ သမ္မာအာဇီဝ နဲ့ ပဲ အသက်မွေးချင်လို့ ဆေးကုတာ နဲ့ စာသင်တာပဲ လုပ် တဲ့ ဆရာဝန်တွေ လုပ်နေကြတာ သမီး ။ အဂတိ လိုက်စားတယ် ဆိုတာ လာဘ် ယူမှ မဟုတ်ဘူး ။ ဘယာမောဟ တဲ့ ။ ကြောက်လို့ မလုပ်ရမယ့် ဟာကို လုပ်တာလည်း ပါတယ် ။ မိတ်ပျက် ခံလိုက်မယ် သမီးရယ် ။ အမှန်တရား ကို အလျှော့အတင်း လုပ်မိရင် ကိုယ့် စိတ်ဓာတ် ပါ အဆိပ်မိတယ် ”

ဆရာမကလေး က ပြုံး၍ ခေါင်းညိတ် ပြပြီး ကွန်ပျူတာ လက်နှိပ်ခုံ ပေါ်မှ ‘ CTRL ’ ဆိုသည့် ခလုတ် နှင့် ‘ s ’ ဆိုသည့် ခလုတ် ကို တွဲနှိပ်ချလိုက်သည် ။

( ၇ )

လူနာကလေး က တစ်ကိုယ်လုံး ဝါထိန် နေသည် ။

သတိ လည်း ကောင်းကောင်း မရ ။ ဘေး မှာ လည်း လူနာ့ အမေနှင့် အဘွား က ငိုမလို ဖြစ်နေသည် ။ ခုတင် ပတ်ပတ်လည် မှာတော့ သူ့ လက်ထောက် ဆရာဝန်ကလေးတွေ ၄ ၊ ၅ ဦး နှင့် ဆရာမ သုံးလေးဦး ရှိနေသည် ။

“ ဘာဖြစ်နေကြတာလဲ ”

သူ့ အသံ ကြားတော့ မှ ဆရာဝန်ကလေးတွေ ရှဲပေး ကြသည် ။

“ ကိုမာ လား ”

“ ကိုမာ တော့ မဟုတ်ပါဘူး ဆရာ ။ တောက်စစ် ဖြစ်နေလို့ ကိုမာ အတိုင်း ပေးထားပါတယ် ”

လူနာ ၏ အသည်း က ကောင်းကောင်း အလုပ် မလုပ်တော့ ။ သည်တော့ သွေးထဲ မှာ သဘာဝ အားဖြင့် ပေါ်ပေါက်လာသည့် အဆိပ်တွေ ကို မချေဖျက်နိုင် တော့ ။ သည်တော့ လူနာ က အဆိပ်သင့် နေသည် ။ တောက်စစ် ဖြစ်နေသည် ။ ကိုမာ ခေါ် သတိလစ်သည့် အဆင့် တော့ မရောက်သေး ။

သက်ပြင်း တစ်ချက် ချ၍ ဆရာဝန်ကလေးတွေ ကို ညွှန်ကြားစရာ ရှိတာ ညွှန်ကြားပြီး အိမ် ပြန်ခဲ့သည် ။

အိမ်ပေါက်ဝ မှာ အဆိပ်သင့် နေသည့် လူ တစ်ယောက် ရပ်နေသည် ။

ရပ်နေသည် ။

အဲသည့် စကား သိပ်တော့ မမှန် ။ အဲသည့် လူ က သူ့ ခြေထောက် နှစ်ချောင်း အပေါ်မှာ သူ ငြိမ်ငြိမ် ရပ် မနေနိုင် ။ ယိုင်ထိုးယိုင်ထိုး နှင့် ။ မျက်လုံးတွေ ကလည်း နီရဲ နေသည် ။ ဒါကြောင့် အဲသည် လူ အဆိပ် သင့်နေသည် ဆိုတာ သူ ရိပ်မိတာပါ ။ နေ့လယ် ၁၂ နာရီ တွင် အဆိပ်တွေ သောက်ထားတာတော့ နည်းနည်း လွန်သည် ပြောရမည် ။

အဲသည် လူ ကို ကွေ့ရှောင်၍ အိမ်ထဲ ဝင်ခဲ့ပြီး အတူနေ တပည့်ကလေး ကို မေးငေါ့၍ မေးလိုက်သည် ။

“ ဘယ်သူလဲကွ ”

“ ဆေးရုံ တက်နေတဲ့ လူနာ ရဲ့ အဖေ တဲ့ ဆရာ ။ ကျွန်တော် က ဆေးရုံ က လူနာရှင်တွေ ကို ဆရာ့ အိမ် မှာ လက်ခံ မတွေ့ ပါဘူးလို့ ပြောပြီး ပြန်ခိုင်းတာ မပြန်ဘဲ ရပ်စောင့်နေတာ ”

လူနာ “ အပ် ” ချင်သည့် သူတွေကို သူ ဘယ်တော့မှ လက်ခံ တွေ့ဆုံလေ့ မရှိ ။ ကိုယ့်သွေးကိုယ့်သား နာမကျန်း ဖြစ်လျှင် ပူပင်တတ်ကြတာ လူ့ သဘာဝ မို့ သူ နားလည် ပေးနိုင်ပေမယ့် သည် လူတွေ က အိမ် လာ လျှင် အဆိပ်တွေ ပါလာတတ်ကြသည် ။ အဲသည့် အဆိပ်တွေ ကို လက်ခံ မိ လျှင် ကိုယ် အဆိပ် သင့်ပြီး ကိုယ့် ကို သူတို့ လခပေး ခန့် ထားသော ဝန်ထမ်း တစ်ဦး လို ဆက်ဆံကြတော့မည် ။ ကျေးဇူးတင်တာတွေ မရှိတော့ ။ အားနာတာတွေ မရှိတော့ ။ ကြားအဆင့် တွေ ကို လျစ်လျူရှုတော့မည် ။ ဆရာဝန်သက်တမ်း အစိတ် တွင် အဲသည့် အဆိပ်တွေ အကြောင်း သူ ကောင်းကောင်း နားလည်ခဲ့ပြီ ။

လူနာရှင် က မေးချင်တာ ရှိလျှင် ဆေးရုံ တွင် ပင် လူ အများ ရှေ့မှာ ဖြေသည် ။ တာဝန်ချိန် ပြင်ပတွင် အရေးပေါ် တာဝန်ကျ ဆရာဝန်ကလေးများ မှ တစ်ဆင့် သာ သူ ဆက်ဆံသည် ။ အဆိပ်သင့် မခံတော့ ။

“ ရွဲနေတာ မင်း မမြင်ဘူးလားကွာ ၊ မောင်းထုတ်လိုက်ပါလား ”

“ ထုတ်ပါတယ် ဆရာ ၊ သူ က ခြိမ်းခြောက်နေလို့ ”

“ ဟေ ”

တပည့်လူငယ် ရှင်းနိုင်မည့် ပြဿနာ မဟုတ် ။ အဆိပ်သင့် နေသည့် လူ ကို ခေါ်တွေ့ ရသည် ။ စောစောက အသည်းရောင် လူနာကလေး ၏ ဖခင် ပါပဲ ။ ဆရာ ဝန်တွေ ဂရုမစိုက် လို့ သူ့ ကလေး မသက်သာသေးတာတဲ့ ။ အကုန်လုံး ဒုက္ခ ရောက်အောင် လုပ်လိုက်၍ ရသည် ဆိုပဲ ။

အမှန်တော့ အသည်းပြဿနာ က သည်ထက် မြန်မြန် ပြန် ကောင်းဖို့ အကြောင်း မရှိ ။ အချိန် ပေး၍ ကုရမည် ။

သို့သော် ထို လူ့ ကို နားလည်အောင် ရှင်းပြဖို့ က မဖြစ်နိုင် ။ သူ အဆိပ်သင့် နေသည့် နေရာ က လည်း အသည်း ဖြစ်နေသည် ။

( ၈ )

ညနေ ဆေးခန်း ပိတ်ခါနီး တွင် မိတ်ဆွေ ဆရာဝန်ကြီး နှစ်ဦး လာခေါ်သည် ။ ညစာ အတူ သွား စားကြသည် ။

သူတို့ က အဆိပ် နည်းနည်းစီ သောက်သည် ။ ဟိုလူ့ လိုတော့ မဟုတ် ။ တစ်နေ့လုံး စိတ်ဖိစီးမှု ဒဏ်ကြောင့် သွေး ထဲမှာ ဖြစ်ပေါ်လာသမျှသော အဆိပ်တွေ ကို အဆိပ် ၊ အဆိပ်ချင်း တိုက်ခိုင်း၍ လူ က ဘေးက အနားယူတာ ဖြစ်သည် ။

အချိန်တန် လျှင်တော့ အဆိပ်တွေ က အချင်းချင်း တည့် သွားကြမှာပါ ။ လူ့ ဘက် ပဲ ပြန် လှည့် တိုက် မှာပါပဲ ။

အဲသည်လို ခံယူ၍ သူ အဲသည့် အဆိပ် ကို ရှောင်ခဲ့တာ ၁၂ နှစ် ရှိပြီ ။ ခြင် သာ မရိုက် မိလျှင် ငါးပါး သီလ တောင် လုံနေပြီ ။ သည်တော့ သူ က ဟင်း ပဲ စားသည် ။

ခက်တာက သူ့ ဟင်းချိုခွက် ထဲမှာ အဆိပ်တွေ ဝေ့ နေသည် ။ သူ့ ဟင်းခွက် ထဲ မှာ အဆိပ်တွေ ရွှဲ နေသည် ။

တစ်နေ့ ကပဲ မိတ်ဆွေ ဆရာဝန်ကြီး ၊ ယခု သူ နှင့် အတူ ညစာ စားနေသူ တစ်ဦး က စစ်ဆေး ပေး သေးသည် ။

“ ကိုလက်စထရော က နည်းနည်း တက်နေ တယ်ဗျ ။ အီးစီဂျီ က ကောင်းနေပေမယ့် အပိုင် မတွက် နဲ့ ။ အဆီ လျှော့ ဦးဗျ ။ ယူရစ်အက်ဆစ် လည်း များနေတယ် ။ အဆစ် က တစ်ခါ ရောင်ထားပြီးသား ဆိုတော့ ပြန်မရောင်ဘူး မပြောနိုင်ဘူး ။ ဝမ်းတွင်းသားတွေ ရှောင်ဦး ”

တား တုန်း က တား သော်လည်း ယခု သူ့ ရှေ့မှာ ပင် ထိုင်စား နေတော့ ဘာမှ မပြော ။

မိတ်ဆွေ နှစ်ဦး သောက် နေသည့် အဆိပ်တွေ နှင့် သူ စားတော့မည့် အဆိပ်တွေ ဘယ်နေရာ က အရင် ဒုက္ခ ပေးမလဲတော့ မှန်းရ ခက်လှသည် ။

ဘယ်သူမှ မသိနိုင် ။

( ၉ )

အိမ် ပြန်ရောက်တော့ တပည့်ကလေး က အဆိပ်တွေ ရေတွက် ပြီးပြီ ။ သူ့ ကို စာရင်းဇယား နှင့် အပ်သည် ။

“ မင်း ဈေးဖိုး ယူထားဦးမလား ”

“ ဟုတ်ကဲ့ ဆရာ ”

အဆိပ် တချို့ ရေတွက်၍ သူ့ ကို ပြန် ပေးလိုက်သည် ။

ပညာ သက်သက် နှင့် ရှာထားတာပါ ။ ညှိတာ မပါ ၊ ညစ်တာ မပါ ၊ လှီးတာ မပါ ၊
ထစ်တာ မပါ ။

သမ္မာအာဇီဝ ဖြစ်ဖို့ ကျတော့ မြတ်စွာဘုရား က မည်သည့် စီးပွားရေးလုပ်ငန်း ကို မှ သမ္မာအာဇီဝ ဟု မချီး မှ မချီးကျူးခဲ့လေဘဲ ။ စီးပွားရေး အားလုံး ကို ကျော ခိုင်းပြီး ဆွမ်းခံ စားခိုင်းသည် မဟုတ်ပါလား ။

ဘာပဲ လုပ်လုပ် လောဘ နှင့် စရမည် ။ ရတန် သလောက် မရတော့ ဒေါသ ကပါလာမည် ။ ရနေပြီ ဟု ထင် လျှင် မောဟ က ဖက်တော့မည် ။

အချိန်တန် တော့ ရလာမှာ က လည်း အဆိပ်တွေ ပါပဲ ။

ဒါတွေ ပြန် သုံးလျှင် တခြားသော အဆိပ်တွေ ထပ်ရမည် ။ အဲသည့် အဆိပ်တွေ ထဲ မှာ လူးလွန့် နစ်မူး ရတာ ကြာလာတော့ အဆိပ် ကို အဆိပ် ဟု မြင်တတ်တော့မည် မဟုတ် ။

အဆိပ်တွေ ထပ် ရှာလိုက် ။ အဆိပ်တွေ နှင့် ထပ် ဖလှယ်လိုက် ။

သူ သက်ပြင်း ချသည် ။

ခုနေအခါ မှာ တော့ မနက်ဖြန် ကို ရင်ဆိုင်ဖို့ အတွက် အဆိပ်နည်းနည်း လိုနေတုန်းပါပဲ ။

တပည့်ကလေး ကို ရေတွက် ပေးပြီး ကျန်သည့် အဆိပ်တွေ ကို သူ့ လက်ကိုင်အိတ်ကလေး ထဲ ထည့် လိုက်ပါသည် ။

▢ လင်္ကာရည်ကျော်
📖မဟေသီ မဂ္ဂဇင်း
     ၂၀၁၁ ၊ ဖေဖော်ဝါရီ

No comments:

Post a Comment