Tuesday, May 27, 2025

မြန်မာဝတ္ထုတို သမိုင်းအကျဉ်း


 ❝ မြန်မာဝတ္ထုတို သမိုင်းအကျဉ်း ❞

         ( မနှင်းဖွေး )

       

- ခရစ်တော် မပေါ်မီ ၆ ရာစု တွင် ဂေါတမ မြတ်စွာဘုရား အိန္ဒိယနိုင်ငံ တွင် ပွင့် ။ 


- ဘုရားရှင် သည် သူ့ အဆုံးအမများ ကို လူအများ နားလည် သဘောပေါက်အောင် နိပါတ်တော် ဇာတ်ဝတ္ထုများ ဖြင့် ဟောကြားခဲ့ ။ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တို့ သည် ဗုဒ္ဓ ၏ ဖြစ်တော်စဉ် ဝတ္ထုတိုများ ဖြစ် ။ 


- ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် စံ ပြီးသည့် နောက် သူ၏ နိပါတ်တော်ဝတ္ထုများ

အထူးတလည် ခေတ်စား ထွန်းကားလာပြီး နေရာဒေသ အများအပြား သို့ ပြန့်ပွားရောက်ရှိ ။


- မြန်မာအများစုသည် ဗုဒ္ဓဘာသာဝင်များ ဖြစ် ၊ ကလေး ဘဝ ကတည်း က အဘိုးအဘွား အမိအဖများ ပြော ပြသော ဇာတ်နိပါတ်တော်များ နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ ။ 


- ပုဂံခေတ် တွင် ဇာတကဝတ္ထု ၊ ဓမ္မပဒဝတ္ထု ၊ ဗုဒ္ဓဝင်ဝတ္ထုများ ကို မင်စာ ၊ စဉ့်ကွင်းစာ တို့ တွင် မြန်မာဘာသာ ဖြင့် ရေးသားမှုများ ရှိခဲ့ ။ အင်းဝခေတ် တွင် အထင်အရှား တွေ့သည့် ဝတ္ထု မှာ ရှင်မဟာ သီလဝံသ ရေးသားသော “ ပါရာယန ” ဝတ္ထု ဖြစ် ။ မြန်မာ သက္ကရာဇ် ၈၇၃ ၊ ခရစ်နှစ် ၁၅၁၁ တွင် ရေးသား ပြီးစီး ။ ဝတ္ထုတို ရှစ်ပုဒ် စုစည်းထားသော ဗုဒ္ဓစာပေဝတ္ထုတို ပေါင်းချုပ် ဖြစ် ။


- ဘာသာရေး အဆုံးအမ မပါသော အဦးဆုံး ခေတ်ပေါ် မြန်မာဝတ္ထုတို မှာ ဆရာကြီးရွှေဥဒေါင်း ရေးသား ပြုစုခဲ့သည် ။ “ မောင်သိန်းတင် ၊ မသိန်းရှင် ” ဝတ္ထုဖြစ် ။ 


- ဒုတိယ အဦးဆုံး ဝတ္ထုမှာ ရွှေဥဒေါင်း ၏ “ ကြိုးကြာကန်လူသ,တ်မှု ၌ မောင်စံရှား စုံထောက် ပုံ” ဝတ္ထု ဖြစ်ပြီး သူရိယ မဂ္ဂဇင်း အမှတ် ( ၂ ) တွင် ပါရှိခဲ့ ။ 


- သူရိယမဂ္ဂဇင်း က တစ်အုပ် လျှင် ဝတ္ထုတို ၂ ပုဒ် ထည့်ရန် စီစဉ် ။ တစ်ပုဒ် က အယ်ဒီတာ ကိုယ်တိုင် ရေးပြီး တစ်ပုဒ် က ပြင်ပ မှာ ဖိတ်ခေါ်ရန် ဖြစ် ။ ထို့ကြောင့် “ ဝတ္ထုရေးသူ ဆုရမည် ” ဟု ကြော်ငြာ ။ ယင်း ကြော်ငြာ ကြောင့် ဝတ္ထုတို မည်သူ မဆို ရေးခွင့် ရှိကြောင်း လူများ သိရှိလာ ။ မူလ က ဝတ္ထု ဆောင်းပါးများ သည် လူတိုင်း ရေးခွင့် မရှိ ၊ သက်ဆိုင်ရာ အယ်ဒီတာ တို့ ၏ အလုပ် ဟု သာ ထင်မှတ်ခဲ့ ။ 


- သူရိယမဂ္ဂဇင်း တွင် “ ဒဂုန်ရွှေမျှား ” လို ရေးသားသူများ ပေါ်ပေါက်လာခဲ့ ။ ဝတ္ထု ရွေးချယ် ခံရလျှင် စာမူခ ပေးသော်လည်း ရေးသူ ၏ အမည် ကို ဖော်ပြ ပေးလေ့ မရှိ ။ ဖော်ပြပေး လျှင် လည်း ဝတ္ထု အဆုံး မှာ မထင်မရှားလေး သာ ။ 


- ဒဂုန်မဂ္ဂဇင်း ပေါ်လာတော့ ဝတ္ထု ရေးသူ ၏ အမည် ကို ဝတ္ထု ၏ ထိပ်ဆုံး တွင် ထင်ထင်ရှားရှား ဖော်ပြရုံ မက ရံဖန်ရံခါ ပန်းချီစာလုံး ဖြင့် ပင် ဖော်ပြခဲ့ ။ 


- ဝတ္ထုရေးသူ ဘက် ကလည်း ဝတ္ထု ရေးသော အခါ နာမည်ရင်း ဖြင့် မရေး ဘဲ ကလောင် နာမည် ဝှက် ဖြင့်သာ ရေးလေ့ ရှိ ။ အကြောင်း မှာ ခေတ်ပေါ် ဝတ္ထု ရေးသားသော အလုပ် သည် ကလောင် အဆင့်အတန်း နိမ့်ကျသူ တို့ ၏ အလုပ် ဟု ပိဋကတ်စာပေ ရေးသားသော စာရေးဆရာကြီးများ က သတ်မှတ်သောကြောင့် ဖြစ် ။ 


- ၁၉၂၀ ပြည့်နှစ် တွင် ထုတ်ဝေသော ဒဂုန်မဂ္ဂဇင်း ပေါ်လာခြင်းကြောင့် ဇေယျ ၊ မောင်သစ္စာ ၊ ပီမိုးနင်း စသော ဝတ္ထုတိုဆရာများ ၏ ဝတ္ထုတိုများ ဖြင့် ဖြိုးဖြိုးဝေလာ ။ 


- ၁၉၂၇ တွင် ကဝိမျက်မှန် မဂ္ဂဇင်း ပေါ်လာတော့ ဝတ္ထုတို က ပို ကျယ်ပြန့် လာ ။ ဝတ္ထုတို ၏ နေရာ သည် မဂ္ဂဇင်း မှာ သာ ရှိသောကြောင့် ဖြစ်၏ ။


- ဂန္တလောကမဂ္ဂဇင်း သည် တက္ကသိုလ်ပညာ ပြန့်ပွားရေးအသင်း မှ ထုတ်ဝေ ။ တက္ကသိုလ် အဝန်းအဝိုင်း မှ ပညာတတ်များ ရေးသား သဖြင့် ပထမပိုင်း ၌လူသိ မများ ။နောက်ပိုင်း ဂန္တလောက မှ ဝတ္ထု လက်ရာကောင်းများ ကို စုစည်း ၍ “ ခေတ်စမ်းပုံပြင် ” အမည် ဖြင့် ထုတ်ဝေ လိုက်သောအခါ ဝတ္ထုတို လောက ပိုမို မြင့်မား တိုးတက်လာ ။


- ဂန္တလောက မှ သိပ္ပံမောင်ဝ ၊ ဇော်ဂျီ  ၊ မင်းသုဝဏ် ၊ သိန်းဖေမြင့် ၊ မန်းတင်  ၊ ကုသ ၊ တက်တိုး ၊ မောင်ထင် ၊ ဒဂုန်တာရာ စသော နိုင်ငံကျော် စာရေးဆရာများ ပေါ်ထွန်းခဲ့ ။ 


- သူတို့ က တက္ကသိုလ်စာပေ အသိုက်အဝန်း သာမက ပြင်ပ စာနယ်ဇင်းများ အထိ ကလောင် ဖြန့်ခဲ့သူများ ဖြစ်သောကြောင့် ။ 


- ထပ်မံ၍ ကလောင်ချွန် ကလောင်ထက်များ လည်း ပေါ်လာသေး ။ ယင်းတို့

မှာ မဟာဆွေ ၊ ဇဝန ၊ ရန်အောင် ၊ မင်းဆွေ ၊ မေမြို့မောင် ၊ ရဲထွတ် စသဖြင့် ။ 


- အမျိုးသမီး စာရေးဆရာများ လည်း ယောက်ျား စာရေးဆရာများ နှင့် မရှေး မနောင်း ထွက် ပေါ်လာသည် ။ ဒဂုန်ခင်ခင်လေး ၊ ဂျာနယ်ကျော်မမလေး ၊ ခင်မျိုးချစ် ၊ မမြတ်လေး စသူ တို့မှာ မြန်မာအမျိုးသမီး စာရေးဆရာ လောက ကို ဦးဆောင်ခဲ့သူ ဖြစ် ။ 


- ယင်းနောက် ခင်နှင်းယု ၊ ခင်ဆွေဦး ၊ စိန်စိန် ၊ ဏီဏီယဉ် ၊ ကြည်အေး စသဖြင့် ။


- ယင်းနောက် မိုးမိုး ( အင်းလျား ) ၊ မစန္ဒာ ၊ စမ်းစမ်းနွဲ့ ( သာယာ ဝတီ ) ၊ ကြူကြူသင်း ၊ ဂျူး ၊ နုနုရည် ( အင်းဝ ) ၊ ဝင်းဝင်းလတ် ၊ မြနှောင်းညို ၊ ခင်လှိုင်ကြူ ၊ ခင်မြဇင် ၊ ခင်နှင်းဦး စသဖြင့် ။ 


- ယင်းနောက် မဝင့် ( မြစ်ငယ် ) ၊ ယဉ်ယဉ်နု ( မန္တလေး ) ၊ မိချမ်းဝေ ၊ သန်းမြင့်အောင် ၊ ခင်ခင်ထူး စသဖြင့် ။ 


- မြန်မာဝတ္ထုတို သည် ဖွံ့ဖြိုးဝေစည်သည် ဟု ဆိုနိုင် ။ မြန်မာဝတ္ထုရှည်များ ဩဇာ ကျ နေချိန်တွင် မြန်မာဝတ္ထုတို မှာကား ကမ္ဘာ နှင့် ရင်ပေါင်တန်း အဆင့်တွင် ရှိသည် ဟု ဆိုနိုင် ၊ မြန်မာဝတ္ထုတို အများအပြား ကို နိုင်ငံခြား ဘာသာ အမျိုးမျိုး ကို ဘာသာပြန် ဆိုခြင်း ခံရပြီး သက်ဆိုင်ရာ နိုင်ငံ အသီးသီး တွင် ထုတ်ဝေဖြန့်ချိခဲ့ ။


- ခေတ်ပေါ်အဦးဆုံး မြန်မာဝတ္ထုတို ဖြစ်သော “ မောင်သိန်းတင် ၊မသိန်းရှင် ” သည် အချစ်ဝတ္ထု ဖြစ် ၊ ဒုတိယအဦးဆုံး မြန်မာဝတ္ထုတို ဖြစ်သော “ ကြိုးကြာကန် လူသ,တ်မှု၌ မောင်စံရှား စုံထောက်ပုံ ” သည် ကား စုံထောက်ဝတ္ထု ဖြစ် ။ 


- မည်သို့ပင် ဖြစ်စေ ၊ ယနေ့ မြန်မာစာပေ လောကတွင် ဘဝသရုပ်ဖော် ဝတ္ထုတိုများ ကို သာ စာဖတ်သူများ ပို၍ တန်ဖိုးထား လေးစားကြောင်း တွေ့ရ ။ ကမ္ဘာ က အသိအမှတ် ပြုသည်မှာလည်း မြန်မာ့လူ့ဘောင် မှ မြန်မာ တို့၏ ဘဝ ကို ထင်ဟပ်သော ဘဝသရုပ်ဖော် ဝတ္ထုများ သာ ဖြစ်၏ ။


ဝတ္ထုတို ဆိုတာ 


- ဝတ္ထုတို ဆိုတာ ဘာလဲ ။ 


- အချို့က တိုတို ရေးထားသော ဝတ္ထု သည် ဝတ္ထုတို ၊ ရှည်ရှည် ရေးထားသော ဝတ္ထု ကို ဝတ္ထုရှည် ဟု ပြောကြ ။ ယင်းအဖြေ မမှန် ၊ စာမျက်နာ ( ၃၀၀ ) ခန့် ရှိသော ဝတ္ထုတစ်ပုဒ် ကို စာမျက်နှာ ၅ မျက်နှာခန့် အကျဉ်းချုံး ရေးသား လျှင် ယင်းကို ဝတ္ထုတို ဟု မခေါ်နိုင် ။ ဝတ္ထုရှည် အကျဉ်းချုပ် ဟု သာ ခေါ်ဆို နိုင် ။ 


- ဝတ္ထုတို တွင် သီးခြား ဂုဏ်ဒြပ် ၊ သီးခြားဝိသသ ရှိ ။ 

- ဝတ္ထုတို နှင့် ပတ်သက်၍ ပညာရှင်များ က အမျိုးမျိုး ဝိသေသ ပြုကြ ၊ အဓိပ္ပာယ် ဖွင့်ကြ ။ 


- ခေတ်ပေါ် ဝတ္ထုတို စာပေပုံသဏ္ဌာန် ၏ မြစ်ဖျားခံရာသည် အနောက်တိုင်း စာပေ ဖြစ်သဖြင့် အနောက်တိုင်း စာပေ ဆရာ တို့ ၏ မိန့်ဆိုချက် ၊ ဖွင့်ဆိုချက်များ ကို ပစ်ပယ်လို့ မရ ။ 


- အမေရိကန် စာရေးဆရာကြီးအဂ္ဂါအယ်လင်ပိုး က “ ဝတ္ထုတို ဆိုတာ အဖြစ် အပျက် တစ်ခုတည်း နှင့် စပ်ဆိုင်တဲ့ အကြောင်းအရာ ဖြစ်တယ် ။ ဒီ အဖြစ်အပျက် ဟာ စိတ်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်ချင် ပတ်သက်မယ် ။ ရုပ်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်ချင် ပတ်သက်မယ် ။ တစ်ထိုင်တည်း ဖတ်နိုင်တဲ့ အတိုင်းအရှည် ရှိရမယ် ။ စာရေးသူ ရဲ့ ကိုယ်ပိုင် တွေးခေါ်မှု ပါရမယ် ။ လင်း ခနဲ လက်ခနဲ တောက်ပ သွားရမယ် ။ အကျိုး သက်ရောက်မှု ဟာ တလွဲကို ရောက် မသွားဘဲ အစ မှ အဆုံးတိုင် တစ်ဖြောင့်တည်း ဖြစ်နေရမယ် ” ဟု ဆိုထား ။ 


- ရုရှားစာရေးဆရာကြီး ချက်ကော့ က “ ဝတ္ထုတို မှာ ဖောင်းပွ မနေဘဲ အပို အလို မရှိ တိကျ သိပ်သည်း ကျစ်လျစ် နေရမယ် ။ ဝတ္ထု အစ မှာ နံရံ ပေါ် မှာ သေနတ် တစ်လက် ချိတ် ထားတယ်လို့ ရေး ထားခဲ့ရင် အဲဒီ ဝတ္ထု မှာ အဲဒီ သေနတ် ပစ် ကို ပစ်ရမယ် ။သေနတ် မပစ်ဘဲ နံရံပေါ် မှာ သေနတ် ချိတ်ထား တဲ့ အကြောင်း ရေးစရာ မလို ” ဟု ဆို ။ 


အလားတူပင် စာရေးဆရာကြီးများ ၊ စာပေဝေဖန်ရေးဆရာများ ၊ သုတေသီများ ကလည်း ဝတ္ထု နှင့် ပတ်သက်၍ အမျိုးမျိုးဖွင့်ဆို ။ 


 - အချို့က “ ဝတ္ထုတို ဆိုတာ မြင်းပြိုင်ပွဲ နဲ့ တူတယ် ။ မြင်းပြိုင်ပွဲ မှာ တာထွက် နဲ့ ပန်းဝင် အရေးကြီးဆုံး ဖြစ်သလို ဝတ္ထု မှာ လည်း အစ နဲ့ အဆုံး အရေး အကြီးဆုံးပဲ”


“ ဝတ္ထုတိုရေးခြင်း ဆိုတာ အထဲ က ဘာ ရှိမှန်း မသိအောင် အထပ်ထပ် ထုပ်ပိုးထားတဲ့ အတတ်ပညာ ”


“ ဝတ္ထုတို တစ်ပုဒ် ရဲ့ ကောင်းခြင်းဂုဏ် မှာ ဇာတ်လမ်း ဇာတ်ကွက် အပေါ် မတည် ၊ လူ့ သဘာဝအဖွဲ့ အရေးအသား နဲ့ တင်ပြပုံ တင်ပြနည်း ပေါ် မှာပဲ မူ တည် ။ ဇာတ်လမ်း ဟာ ဝတ္ထု အတွက် အထောက်အကူ အဖေးအမ သဖွယ်သာ အသုံးပြုတယ်” စသဖြင့် ။ 


- ဝတ္ထုတို ၏ ပုံစံသည် အတည်တကျ မနေ ၊ အချိန် နှင့် အမျှ ပြောင်းလဲနေသည် ။ လွန်ခဲ့သော နှစ် ( ၁၀၀ ) က ရေးခဲ့သော ဝတ္ထုတို တစ်ပုဒ် ကို ယနေ့ ခေတ် အမြင်ဖြင့် ဝတ္ထုတို ဟု ဆိုနိုင်ချင်မှ ဆိုနိုင်မည် ။ ရှေးဝတ္ထုတို တွင် စာရေးဆရာ က သူ့ အာဘော် ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ရေး ခဲ့သော်လည်း ယနေ့ခေတ် ဝတ္ထုတို သည် ကား စာဖတ်သူ ကို ကိုယ် တိုင် တွေး ယူစေသော အရေးအဖွဲ့ စနစ်မျိုးဖြစ် ။


- ဝင်းဖေ ၏ “ မေလလယ် ” ဝတ္ထုတို သည် ဝတ္ထုတို ပီသသော ဝတ္ထု ဖြစ် ။


- ဤဝတ္ထု ၏ ကောင်းခြင်းဂုဏ် တို့ မှာ - 


( ၁ ) ဝတ္ထုတို စံ များနှင့် ကိုက်ညီ 

( ၂ ) လူ့သဘာဝအဖွဲ့ ၊ ဇာတ်ကောင်စရိုက် ပီပြင် 

( ၃ ) စာဖတ်သူ ကို တွေးစရာ ပေး 

( ၄ ) တင်ပြပုံ တင်ပြနည်း ပညာသား ပါ 

( ၅ ) စာရေးဆရာ ပေးချင်သော messag စာရေးဆရာ ၏ စေတနာ မှန်ကန် ။ 


- ဝတ္ထုတိုကောင်းများ ရှာ ဖတ်၍ ရေးနည်း ရေးဟန် လေ့လာပါ ။


ဝတ္ထုတို ရေးဖွဲ့ခြင်း 


- ဝတ္ထုတို ရေးသားခြင်း သည် လွယ်ကူသည် ဟု မဆိုလို ၊ သို့သော် အလွန်

ကရိကထ နည်းသော အနုပညာ ဖန်တီးခြင်း တစ်မျိုးဖြစ်၏ ။ 


- သို့သော် ဝမ်းစာ ရှိဖို့ လို ၊ အတွေ့အကြုံ နှင့် အလေ့အလာ ရှိဖို့တော့ လို ။ 


- မြန်မာစကား ကို ချော နေအောင် ရေးတတ်ဖို့ က အခြေခံ လိုအပ်ချက် ။

မြန်မာသဒ္ဒါ ကို နားလည်ရန် လိုအပ် ။ 


- ရေးစရာ ဘယ်လို ရှာရမလဲ ။ 


- ရေးစရာ ကို လူ ထဲ ကပဲ ရရှိ ၊ နေ့စဉ် ဖြတ်သန်း ရင်ဆိုင်ရသော ဘဝ အတွေ့အကြုံ ၊ နေ့စဉ် တွေ့မြင်ရသော လူများ ၏ လူ့သဘာဝ အကျင့်စရိုက်များ ဆီ ကပဲ ရရှိနိုင် ၊ ထူးခြားသည့် အတွေ့အကြုံ ထူးခြားသည့် လူ့သဘာဝ အပေါ် အခြေခံပြီး မိမိ ဘာသုံးသပ် ပြောကြားချင်သလဲ စဉ်းစား ။ ယင်း သုံးသပ်ချက် သည် ဝတ္ထု အာဘော် ဖြစ်လာ ။ ယင်း အာဘော် ပေါ်လွင်လာ

အောင် ဇာတ်လမ်းဇာတ်ကောင် ကို အဆင် ပြေသလို ထည့်သွင်း လှုပ်ရှား စေလျှင် ဝတ္ထုတစ်ပုဒ် ဖြစ်လာ ။ 


- ဥပမာ “ ထွက်ပေါက် ” ဝတ္ထု ။ အိမ် တစ်အိမ် တွင်း ပိတ်မိ နေသော စာ ကလေး တစ်ကောင် သည် ပထမပိုင်း အိမ်ခေါင်မိုး ဘက်တွင် သာ ပျံသန်းရင်း ထွက်ပေါက် ကို ရှာ ၊ မရသောအခါ အောက် ဆင်းလာကာ အိမ် အောက်ခြေ ရှိ အပေါက် တစ်ပေါက် မှ ထွက် သွားသည် ကို မြင်တွေ့ပြီး “ထွက်ပေါက် ” ဟူသည် အပေါ် တွင် သာ ရှိသည် မဟုတ် ၊ အောက်ဘက် မှ ထွက် လို့ ရလျှင်လည်း ဖြစ်သည်ပဲ ဟူသော အတွေး ကို တွေးမိခြင်း မှ ရေးဖွဲ့ ဖြစ်ခဲ့ ။ နိုင်ငံခြား မှ ပြန် ရောက်လာသော လူငယ် တစ်ယောက် ဘာ လုပ်လို့ ဘာ ကိုင်ရမှန်း မသိ ဖြစ် နေသည် ကို တွေ့ဖူး သဖြင့် သူ့ ကို ဇာတ်ဆောင် နေရာ ထား ၍ ရေးခဲ့ ။ 


- ရေးသည့် အခါ သေချာ မသိသော အကြောင်းအရာ ကို မရေးပါနှင့် ။ သေချာ သိအောင် လေ့လာပြီး မှ ရေးပါ ။ စာဖတ်သူ ကို မထင် မသေးသင့် ။


- ရသစာပေ ဆိုသော် ငြားလည်း မှန်ကန်သော အချက်အလက် ကိုသာ

ပေးပါ ။ 


- ဇာတ်ကောင်စရိုက် ပီပြင်အောင် ရေးပါ ။ 


- စာလုံးပေါင်းသတ်ပုံ မှန်ဖို့လည်း အရေးကြီး ။ 


- စာလုံးပေါင်းသတ်ပုံ မှန်ဖို့ မိမိ ကိုယ်တိုင် အသံထွက် ပီပီသသ ပြောတတ်ဖို့ လည်း လို ။


- စာရေး မပျင်းပါနှင့် ။ အနိမ့်ဆုံး နေ့စဉ်မှတ်တမ်း ( Diary ) အမြဲ ရေးပါ ။ 


- အကြောင်းအရာ တစ်ခုခု ကို စိတ်ဝင်စားဖွယ် ဖြစ်အောင် စီကာပတ်ကုံး ရေး ကြည့်ပါ ။ လေ့ကျင့်ပါ ။ 


- ဝတ္ထု ရေးခြင်း သည် လည်း ရေကူး သင် သကဲ့သို့ ၊ စက်ဘီးစီး သင် သကဲ့သို့ လက်တွေ့ ရေ ထဲ ဆင်း ကူးမှ ၊ လက်တွေ့ စက်ဘီး ပေါ် တက် စီးမှ တတ်မြောက်နိုင်သော ပညာဖြစ် ။ 


- ဝတ္ထုတစ်ပုဒ် ကို တစ်ခေါက်တည်း မရေးပါနှင့် ။ အခေါက်ခေါက် အခါခါ ပြန် ရေးပါ ။ အခေါက်ခေါက် အခါခါ ပြင်ဆင်ပါ ။ ထပ် ထပ်ရေးတိုင်း ပို၍ ကောင်းမွန်သော ဝါကျ ဖွဲ့စည်းပုံ ၊ ပိုမို ထိမိသော စကားလုံး ၊ ပိုမို ပီပြင်သော အသုံးအနှုန်းများ ၊ အဖွဲ့အနွဲ့နှင့် Idea များ ကို ရလာနိုင်သောကြောင့် ဖြစ် ။


- နောက်ဆုံး အနေဖြင့် ဆရာဇော်ဂျီ ၏ စကား ၊ အဆိုအမိန့် ကို ပြောချင် ။

 

   “ စာကောင်း ရေး ချင်လျှင် ၊ စိတ်ကောင်း မွေးပါ ”


- လောဘ ၊ ဒေါသ ၊ မော ၊ မာန ကင်းပြီး စိတ်ကောင်း ရှိမှ စိတ်ငြိမ်သက် အေးဆေး မှ အနုပညာ မြောက်သော စာပေများ ထွက်နိုင်သည်ကို မမေ့သင့် ။


◾ မနှင်းဖွေး

📖 စာရေးနည်း လမ်းညွှန်

No comments:

Post a Comment