Wednesday, May 7, 2025

လန်းဖိုင်စာသိုက် ( ၂၂ )


 

❝ ၉၇ မှာ ပျော်ခဲ့သမျှ ❞

ကျွန်တော် မိသားစု အရေးကိစ္စ ကို ငဲ့ကွက်၍ စင်ကာပူ သို့ ပြန်လာခဲ့မိသည် ။

ကျွန်တော် ရောက်သည့် အချိန် မှာ ပင် အစ်မ နှင့် အစ်ကို တို့ အမွေကိစ္စ ကမောက်ကမ ဖြစ်ကြသည် ။ ဘယ်သူက အနစ်နာခံကြောင်း ၊ ဘယ်သူက ကိုယ်ကျိုးရှာကြောင်း ၊ ဘယ်သူက ဘယ်လို လုပ်ခဲ့ကြောင်းတွေ စကား များကြ၏ ။ ကျွန်တော့် တစ်သက်တွင် အထိတ်လန့်ဆုံး ခံစားချက် ဖြစ်သည် ။ ကျွန်တော် အရင် ကတည်း က အစ်မ ဖြစ်သူ စင်ကာပူ ထွက် လာခြင်း ကို သဘော မကျ ။ မိန်းမများ ငွေ ရှာနိုင်လျှင် အလွန် ထိန်းရ ခက်ကြောင်း အစ်ကို့ ကို ရော အမေ့ ကို ပါ ပြောဖူးသည် ။

ယခု အမွေကိစ္စတွေ စကား အချေအတင် ဖြစ်ကြပြီ ။ ဤသည်ကား ပဏာမ တိုက်ပွဲ မျှသာ ဖြစ်သေး၏ ။ ထို အစိုင်အခဲ သည် ထိုမျှ နှင့် မပြီး ။ အစ်မ က သူ့ ဘာသာ ခွဲထွက်ပြီး အိမ် ရှာသည် ။ အလုပ် ရှာသည် ။ ရသမျှ ကျစ် နေအောင် စုသည် ။ အစ်ကို့ လုပ်ငန်းများ ကို မူ သဘော မကျ ။ ကျွန်တော် လည်း အစ်ကို့ လုပ်ငန်းများကို သဘောမကျ ။

အစ်ကို သည် လွန်စွာပင် ဉာဏ်နီဉာဏ်နက် များပြီး ကောက်ကျစ်ရဲသူ ဖြစ်သည် ။ သူ့ အတွက် ဆိုလျှင် ဘာကိုမှ မညှာချင် ။ အဆင်ပြေ နေစဉ် ငွေ ဖောဖော ဝင်နေစဉ် လွန်စွာ သဘောသကာယ ကောင်းသလို သူ အခက်အခဲ တွေ့လျှင် မြင်သမျှ မဲတော့သည် ။ ဤစရိုက် ကို ကျွန်တော် မကြိုက် ။

ကျွန်တော် ရောက် လာပြီး နောက်ပိုင်း တွင် အစ်ကို ရော အစ်မ ပါ ဝင်ငွေစံချိန် တင်ခဲ့ကြပါသည် ။ အမေ က တော့ ပျော်မဆုံး ၊ မော်မဆုံး ဖြစ်၍ နေလေပြီ ။ သူတို့ ဝင်ငွေတွေ တိုးလေ အတွင်းစိတ်များ ပို၍ မာကျောခက်ထန် လာလေ ဖြစ်သည် ကို ကျွန်တော် မြင်နေရသည် ။ တစ်ဦး နှင့် တစ်ဦး မျက်နှာချင်း လည်း မဆိုင်ကြတော့ ။ ဘယ်သူ မှားသလဲ ဆိုလျှင် နှစ်ဦးစလုံး မှား နေကြပါ၏ ။ ငွေ မှ လွဲ၍ ဘာမှ မရှိသော ကြွယ်ဝမှု ကို ကောက်ကောက် ပါ အောင် လိုက်နေကြသူများ မှာ ကျွန်တော့် ကို လည်း တိုက်ခိုက် လာပါသေးသည် ။ သူတို့ တိုက်ခိုက်မှု ကို ကျွန်တော် မမှု ။ တစ်နေ့နေ့ တစ်ချိန်ချိန် တွင် ငွေအာသာ ကြောင့် ဖြစ်ရမည့် စိတ်ဒုက္ခများ ကို ကျွန်တော် စဉ်းစားထားမိပြီး ဖြစ်သည် ။ အစ်ကို နှင့် အမေ တို့ လည်း ကတိ မတည်ကြတော့ပြီ ။ ကားတွေ ဝယ် ၊ အိမ်ခန်းတွေ ဝယ် ၊ မြေတွေ ဝယ်ရင်း လောဘ က လိုသည်ချည်း သာ ပြပြနေ၏ ။ ကျွန်တော် လည်း ဂျပန်စားသောက်ဆိုင် တွင် အလုပ် ဝင်ခဲ့ရတော့သည် ။

ထို ဂျပန်ဆိုင် တွင် အချိန်ပိုင်း ဝင် လုပ်နေသူများ က အစ်ကို နှင့် မင်းမင်းဟန် တို့ ပင် ။ သူတို့ က စားပွဲထိုး လုပ်သည် ။ မီးဖိုချောင် မှာ လူ လို နေသဖြင့် ကျွန်တော့် ကို ခေါ်သွားရင်း အလုပ် ရခဲ့သည် ။

ဂျပန်အစားအစာများ က ကျွန်တော် နှင့် စိမ်းလွန်း နေ၏ ။ ကျွန်တော် ကျွမ်းကျင်ခဲ့သော အနောက်တိုင်း အစားအစာမျိုး တစ်ခု မှ မပါ ။ တစ်ခု ဆို တစ်ခု မှ မပါ ။ ကျွန်တော် စိတ်အဆင်းရဲဆုံး အလုပ်မှာ ရှေ့ မှန်ဘောင် ထဲ မှ ပုစွန်တုပ်များ ကို အရှင်လတ်လတ် သွား ခပ်၍ ရေပုံး ထဲ သွန်ထည့် ကာ ဇီဝိန် ခြွေရသည့် အလုပ် ဖြစ်သည် ။ ပုစွန်တုပ်များ က အေးလွန်းသည့် ဒဏ် ကို မခံနိုင် ။ ရေခဲရေ ၏ အထိအတွေ့ ကြောင့် ဆတ်ဆတ်ခါ ခုန်ရင်း ပြုရင်း သေကြရသည် ။ ဤသည် မှာ တစ်နေ့ လျှင် သုံးကြိမ် နီးပါး ကျွန်တော် လုပ်ရသော တာဝန် ဖြစ်၏ ။ ထို ပုစွန်တုပ်များ က အကင် အတွက် ဖြစ်သည် ။

ပုစွန် တန်ပူရာ အတွက် ရောက်လာသော ပုစွန်များ ကို အခွံ ချွတ်ပြီး ကျောရိုး မှ ချီးများ ကို ပြောင်အောင် ထုတ်ပစ်ရသည် ။ ပြီးလျှင် ပလတ်စတစ်ဘူး ထဲသို့ ကျကျနန စီတန်း ထည့်ပြီး အအေးသေတ္တာ ထဲမှ သိမ်းထား ပေးရသည် ။ အပင်ပန်းဆုံး က ဆန် ဆေးရသည့် တာဝန် နှင့် ဆူကီရာကီပွဲများ ထုတ်ပေးရခြင်းဖြစ်သည် ။

ဂျပန်ဆန် ကို အမေရိက မှာ စိုက် ၍ ဂျပန် သို့ တင်ပို့ ပေးခြင်း ဖြစ်သည် ဖြူ၏ ၊ ချော၏ ၊ ရှည်၏ ၊ မွှေးပျံ့၏ ။ ထို ဆန်ကို ဂက်စ်ထမင်း ပေါင်းအိုးကြီး တွင် ထည့် မတည်ခင် ရေ ခုနစ်ကြိမ် ၊ ရှစ်ကြိမ် ဆေးရ၏ ။ ဒါကိုပင် ဂျပန်စာဖိုးမှူးကြီး လာ ကြည့်၍ မကြိုက်လျှင် ဆက် ဆေးရပြန်၏ ။ ဂျူတီချိန် ကတော့ တစ်နေ့ ဆယ်နာရီ ၊ တစ်ပတ် တစ်ရက် နားခွင့်ရ၏ ။ ကျွန်တော်တို့ ဆိုင် က ဘူးဂစ်ဂျမ်းရှင် ၏ မျက်နှာစာတန်း မှာမို့ အတော်လေး စည်ကားပါသည် ။ ဘူးဂစ်ဂျန်းရှင်း မှ ရုပ်ရှင်ရုံ တွင် ဆိုင် ကို ကြော်ငြာ ဆလိုက် ထိုး ပြ၏ ။

မနက်ပိုင်းမှာ တော့ ဆိုင် က သိပ် မစည်လှ ။ ညဘက် မှာ တော့ သောကြာ ၊ စနေ ၊ တနင်္ဂနွေ ဆိုလျှင် ချွေးဒီးဒီး ကျအောင် လုပ်ရသည် ။ ဆိုင်မှာ က ရောင်းအား သတ်မှတ်ချက် ရှိ၏ ။ ထို သတ်မှတ်ချက် ကျော်လျှင် ဆိုင်ရှင် က တစ်ဝက် ၊ ဆိုင်ဝန်ထမ်းများ က တစ်ဝက် ခွဲဝေ ယူခွင့်ရသည် ဟု ကျွန်တော် ကြားရသည် ။ တိတိကျကျတော့ ကျွန်တော် လည်း မသိ ၊ တစ်မန်းနီး များ ကိုတော့ အားလုံး အချိုးကျ ခွဲဝေပေးသည် မှာ သေချာသည် ။

မီးဖိုဆောင် မှာ က ရှေ့တွင် ဂျပန်စားဖိုမှူးကြီး ရှိသည် ။ နောက်တန်းတွင် အကင်ဆရာ ၊ အကြော်ဆရာ ၊ ဟော့ပေါ့ဆရာ ၊ အသား ပေါင်းဆရာနှင့် အထွေထွေသမား ကျွန်တော် နှင့် အနှဲ တို့ ရှိသည် ။ ကျွန်တော့် တာဝန် က မနက်ပိုင်း တွင် ဆန်တစ်အိုး ဆေးကြောပြီး တည်ပေးရ မည် ။ အသီးအရွက်များ လှီးချွတ်ပြီး သက်ဆိုင်ရာ ဟော့ပေါ့ အမျိုးအစား အလိုက် ပန်းကန် ဖြင့် ထည့်၍ အပေါ် မှ ပလတ်စတစ်အကြည် ဖြင့် အုပ် ၊ အအေးခန်း တွင်း သို့ ထည့်ထားရသည် ။ အော်ဒါ လာလျှင် အော်ဒါ စာရွက် ကို ကြည့်၍ ထုတ်ပေးရုံပင် ။ ကျွန်တော် ရှပ် က ဟော့ပေါ့ ကို ပြုတ် ပြီး စပ်ဟပ်သမျှ ထည့်ပေး ပြီးလျှင် စားပွဲထိုး ကို ပေးလိုက်သည် ။ စားပွဲဝိုင်း မှာ သီးသန့်မီး ဖြင့် ဆက်ပြီး အပူငွေ့ ပေး ကာ စားကြသည် ။

ရောင်းအား ကောင်းပြီ ဆိုလျှင် ဂျပန်ကြီး က ဆာကေး အရက်ကို ယူ လာကာ မီးဖို ထဲ ဝင်ပြီး လျှောက် တိုက်တော့သည် ။ မသောက်လျှင် စိတ်ဆိုးမာန်ဆိုး ဖြစ်၏ ။ သောက်လျှင် အမြည်းလေး ပါ လက်ညှိုး ထိုးပြ ပြီး လက်မ ကို ထောင်ထောင် ပြ သွားတတ်သည် ။ ညဘက် တွင် အစားအသောက် အပိုအလျှံများ ရှိပါက သွန်ပစ် လျှင် မကြိုက် ။ အနှဲ ပန်းကန် ဆေး လျှင် မှာ ထားသည် ။ ဟော့ပေါ့များ  ၊ အကင်များ ပါလာလျှင် ဘေးဖယ်ထားရန် ၊ အလုပ် သိမ်းလျှင် အတူ စားကြရန် ၊ တစ်ခါတစ်ရံ ဘီယာ ကို ဂျားလိုက် လာ ပို့ပေးပြန်သည် ။

ကျွန်တော် ဂျပန်ဆိုင် တွင် တစ်နှစ်ကျော် အလုပ် ဝင်ခဲ့သည် ။ ကံဆိုး ချင်တော့ အနှဲ တစ်ယောက် စင်ကာပူ နိုင်ငံသားမှတ်ပုံတင် အတု ဖြင့် အဖမ်းခံရသည် ။ သူ က ငြိမ်ငြိမ် နေခဲ့၍ ပင် ။ သူ့ အိုင်စီ ကို အတုမှန်း သိသိကြီး နှင့် မီးဖိုဆောင်ဝန်ထမ်းများ ဆေးစစ်ရမည် ။ တစ်ဆိုင် လျှင် နှစ်ဦး လာပါ ဟု ဆင့်ခေါ်သည် ကို သွားခဲ့သည် ။ သူဌေး ကတော့ ဘယ်သူ သွားသွား ဘာမှ မပြော ။ အနှဲ သွားပြီး သိပ် မကြာလိုက် ။ လ.ဝ.က မှ လာဖမ်း ပါတော့သည် ။ ကျွန်တော့် မှာ စားဖိုဆောင် ဝတ်စုံကြီးဖြင့် အပြေးအလွှား အိမ် ပြန်ခဲ့ရ၏ ။ ကျွန်တော် လည်း ကျောင်းသားကတ် ဖြင့် အလုပ် ဝင်လုပ်နေသည် ကိုး ။ ကတ် ကတော့ ကျောင်းသားကတ် အစစ် ပင် ။ ကျွန်တော့် အစ်ကို တက် နေသော ကျွန်ပျူတာကျောင်း မှ ကတ်ဖြစ်သည် ။ သို့ရာတွင် ထို ကတ် သည် အလုပ် လုပ်ခွင့် မရှိ ။

ကျွန်တော် က တော့ ပျော်နေသည် ။ အလုပ် မလုပ်ရတော့သဖြင့် အေး အေးဆေးဆေး စာဖတ်ခွင့် ရသည် ။ ဇာတ်ညွှန်းတွေ ၊ ဝတ္ထုတွေ ရေးသည် ။ အမေရိက ပို့ပေးမည် ဆိုသည့် စကား ကို မယုံ တစ်ဝက် ၊ ယုံ တစ်ဝက် ဖြင့် မျှော်လင့်ခဲ့သော အိပ်မက် လည်း ပျက်ပြီ ။ ကျွန်တော့် နှလုံးသား ထဲ မိသားစုအဖွဲ့အစည်း သည် တဖြည်းဖြည်း ဝေးဝေး လာချေပြီ ။ ထိုအချိန် မှာ ပင် ဝမ်းသာစရာ စကား တစ်ခွန်း ကျွန်တော် ကြားရသည် ။ ဖိုင် ကိုယ်ဝန်ဆောင် ထားသည့် စကားပင် ။

ကြည့်စမ်း ဖိုင် ကျွန်တော့် ဆီ ကို အကြောင်း မကြား ၊ စာ လည်း မထည့် ။ ဘာဆို ဘာမှ အဆက်အသွယ် မလုပ်ဘဲ နေနိုင်ရက်ခြင်း ကို ကျွန်တော် အံ့ဩနေ၏ ။ ကျွန်တော် ဖုန်း ဆက်သည့် အခါမှာ လည်း အရင်လို စကားတွေ ဟုတ်တိပတ်တိ မပြောတော့ ။ ကျွန်တော် ငွေ ပို့သော အခါ ရကြောင်းမျှ သာ စကား ဆို၏ ။ ဖိုင် ဘာတွေ ရင်ဆိုင်နေရသနည်း ။ မိဘဆွေမျိုး အသိုင်းအဝိုင်းများ ကြား တွင် အတော်ပင် နာကြည်းခံခက် နေပါသလား ။ ကျွန်တော့် ကို မုန်းနေသလား ၊ လက် မထပ်ဘဲ ကိုယ်ဝန် ဆောင်ရသည့် အတွက် ဖိုင် ကြုံရမည့် ပရိဒေ ဝကို ကျွန်တော် တွေးဆ၍ ပင် မရနိုင် ။ ဖိုင် ကျွန်တော့် ကို ချစ်သေးရဲ့လား ဟု ကျွန်တော် မေးချင်သည် ။ ထို မေးခွန်းသည် စော်ကားခြင်း ဖြစ်နေမှာ မို့ မမေးရက်တော့ ။ ကျွန်တော်လည်း သူ့ ဆီ မပြန်နိုင်သေး ။ သူ မွေးဖွားဖို့ စရိတ် လိုသည် ။ ကျွန်တော် ရသမျှ အကြိမ်ကြိမ် ငွေ ပို့ပေး ဖြစ်သည် ။ ကျွန်တော့် ဆီ ဖုန်း ဆက်ရ မလွယ်လျှင် စာထည့်ပါ ဟု တောင်းဆိုမိသည် ။ ဖိုင် ဘာမှ မတုံ့ပြန် ။

ဖိုင် ရှက်ရွံ့နာကြည်း နေသလား ။

သွေးပျက်နေသလား ။

အခက်အခဲ ကြုံနေသလား ။

ကျွန်တော့် ဘာသာ ကျွန်တော် စဉ်းစားရင်း စိတ်ဆင်းရဲမှု ကို ကြုံရ လေပြီ ။ ဖိုင့် ကို ကျွန်တော် မကျေမနပ် မဖြစ်ပါ ။ အချိန်တန် လျှင် ကျွန် တော့် ကို ပြန် ချစ်လာမည် ဟု ကျွန်တော် ယုံကြည်သည် ။ ဖိုင့် ဆီကို စာ တွေ ရေးသည် ။ ကလေး မွေးပြီးလျှင် အမေတို့ ဆီ သွား လည်မည် ။ ကလေး ကို မြန်မာပြည် မှာ ကြီးစေမည် ။ ဖိုင် သဘောတူပါနော် ဟု တောင်းဆိုမိသည် ။ ဤသည် ကား ကျွန်တော့် မဟာ အမှား ဖြစ်လေတော့သည် ။ ဖိုင် သည် အဒါ ၏ ဖိုင် မဟုတ်တော့ ။ ဖိုင့် မှာ ရင်သွေးလေး ရှိနေပြီ ။ ထို ရင်သွေး ၏ ဖိုင် ဖြစ်နေပြီ ။ တွေးရင်း တွေးရင်း ကျွန်တော် သိလာသည် မှာ ဖိုင် ကျွန်တော့် ကို သစ္စာ ဖောက်လေပြီ ။ ဤ ရင်သွေးလေး သည် သူ့ ရင် နှင့် လွယ် မွေးရသော်ငြား ကျွန်တော့် သွေးသား ဖြစ်သည် ။ ဖိုင် ပိုင်သလို ကျွန်တော်လည်း ဆိုင်သည် ဟုတ်ပြီ ။ ဖိုင် သည် သူ့ ရင်သွေး ကို အသည်းအသက်မျှ ချစ်ရင် ကျွန်တော့် ကို ရှောင်လေပြီ ။ ကျွန်တော် ကလေး ကို ခေါ်မည် ဆိုသည် ကို ကြားပင် မကြားချင် ။ သူ့ ဘာသာ မွေးမည် ။ သူ့ ဘာသာ ပြုစုမည် ။ အဒါ ဟူသော သူ့ ချစ်သူ သည် သူ့ အသည်းနှလုံး ၏ ပြင်ပသို့ ရောက် သွား၍ ရင်သွေးလေး သည် သူ့ အသည်းနှလုံး ဖြစ်သွားချေပြီ ။ ကျွန်တော် ဖုန်း ဆက်၍ ဆွေးနွေးသော အခါ သူ ငိုသည် ။ ဟုတ်ပါသည် ဆိုသည့် အငို ပင် ။

ကျွန်တော် သူ့ ဆီကို စာရေးခဲ့သည် ။

ဖိုင် ကျွန်တော့် ကို ဤသို့ မရက်စက်ပါနှင့် ။ ကျွန်တော် မနာကြည်း ချင်ကြောင်း ၊ ဖိုင် နှင့် ကျွန်တော် ရာသက်ပန် ချစ်ချစ်ခင်ခင် နေလို ကြောင်း ၊ ကျွန်တော့် ဆီ စာ ပြန်စေလိုကြောင်း ၊ ဖိုင် နှင့် ကလေး ကို ကျွန်တော် ခွဲမည် မဟုတ်ကြောင်း ကျွန်တော် စာ ရေးခဲ့သည် ။

ဖိုင့် ထံမှ ဘာဆို ဘာမှ တုံ့ပြန် မလာ ။ ဖုန်း ကလည်း ဖိုင့် တို့ အိမ် နှင့် အလှမ်း ဝေးနေသည့် အပြင် ဖိုင့် ကို သနား၍ ခေါ် မပေးလိုကြ ။ ဖိုင်ကတော့ ကျွန်တော့် ကို လူရမ်းကားဇာတ် သွင်း လေပြီ ။ နောက်ပိုင်းတွင် ဖိုင့် အဖေ ဖုန်း လာ ကိုင်သည် ။ ဖိုင့် အတွက် စိတ် မပူစေလိုကြောင်း ၊ ကလေး ၏ အဖေ နာမည် တွင် အဆင် ပြေသည့် နာမည် ဖြင့် စာရင်းပေး ထားကြောင်း ၊ သား စိတ်အေးအေး နေစေလိုကြောင်း ပြောလာပါသည် ။ ဖိုင့် အဖေ ကို ကျွန်တော် ချစ်သည် ။ ဖိုင့် အမေ ထက်ပင် ကျွန်တော် ချစ်သည် ။ ဟိုး တစ်ခါဆီ က သူ ကျွန်တော့် ကို သူ့ ရပ်ရွာ သို့ လိုက်၍ ထိုင်းနိုင်ငံသား အဖြစ် လျှောက်ဖို့ ခေါ်သည် ။ ကျွန်တော် လက်မခံ သော်လည်း သူ စိတ်မဆိုး ။ ကျွန်တော် ဝမ်မခရဲစခန်း တွင် အချုပ်ကျ နေစဉ်က နေ့တိုင်း ထမင်း လာပို့ပေးသည် ။ အာမခံ ဖြင့် ရွေးထုတ် ပေးသည် ။ လူရိုးလူဖြောင့် မဟုတ်မခံသမား ပင် ။ သူ က ဖိုင့် ကိုရော ကျွန်တော့် ကို ပါ အကာအကွယ် ပေးနေသူ ဖြစ်၏ ။

သူ ပြောလာမည့် စကား အတိမ်အနက် ကို ကျွန်တော် နားလည်ပါပြီ ။ ဖိုင့် နှင့် ကျွန်တော် တို့ ၏ အချစ် ဇာတ်လမ်း ကို သူ နားလည်ပါလိမ့်မည် ။ ကျွန်တော် ဖိုင့် ကို ဘာမှ မပြောလိုတော့ပြီ ။ ကျွန်တော့် ကို ဖိုင် သစ္စာ ဖောက်ခြင်းသည် သူ့ ရင်သွေးကို သူ ချစ်ခြင်းပင် ။ ကျွန်တော် ပင် လျှင် ဝမ်း နှင့် မလွယ်ရပါလျက် သူ့ ရင်သွေးလေး ကို တောင်းဆိုလျှင် ဖိုင် သည် ဝမ်း နှင့် လွယ်ရသူပေကိုး ။

ကိုင်း ကျွန်တော် သည် လွမ်းဟေ့ ၊ ဆွေးဟေ့ ၊ ခံစားဟေ့ ဆိုလျှင် နှလုံး သား ကို ရှုတ်ချမုန်းတီးသူ တည်း ။ ဖိုင့် ကို ကျွန်တော် မပတ်သက်တော့ ။ သူ့ ရင်သွေး ကို သူ ချစ်ပါစေတော့ ။ ကျွန်တော့် လက်ထဲ ရှိသမျှ ဘတ်ငွေတစ်သောင်းကျော် ပို့ပေး အပြီး ကျွန်တော့် စိတ် ကို ဆွဲဆန့်လိုက်၏ ။ သူ့ ရင်သွေး ကို သူ ရှုမဝ ချစ်မငြီးပါစေတော့ ။ တစ်နေ့ တွင် သူ ကျွန်တော့် ကို လွမ်းဦးမည်သာ ။ ထို အချိန်လောက် တွင် ကျွန်တော် သူ့ ဆီ သွားမည် ။ ကျွန်တော့် ကလေး နှင့် တွေ့ပေးနိုင်မည်လား ဟု တောင်းဆိုမည် ။ သူ တွေ့ပေးလျှင် တွေ့မည် ။ မတွေ့ ပေးလျှင် ကိစ္စ မရှိ ။ ဤ စိတ်ကူးဖြင့် ကျွန်တော် သူ့ ကို မေ့ထား ကြည့်လိုက်တော့သည် ။

ကျွန်တော် သည် ဥပေက္ခာတရား ကို နိုင်နင်းကျွမ်းကျင်သူ ဖြစ်သည် ။ ကျွန်တော့် မှာ က ကိစ္စဝိစ္စ များလွန်း လှ၏ ။ ထို့ကြောင့် ဘယ်အရာ ကို မှ မပြတ်သားနိုင်သည် ဟူ၍ မရှိလှ ။ မိသားစု ကို လည်း ကျွန်တော် မခင်တွယ် ။ ဖိုင် တို့ ကိုလည်း စိတ် ထဲက မောင်းထုတ် ထား လိုက်သည် ။ ကဗျာ တွေ ၊ ဇာတ်ညွှန်း တွေ ရေးသည် ။ ASCANDA တွင် ကျောင်းတက်စဉ် က တွေ့ခဲ့သော တရုတ်မ ကို နောက်ပိုး ပိုး နေလိုက်သည် ။ ဘီယာတွေ အလွန်အကျွံ သောက်သည် ။ ပိုက်ဆံ ရှိလျှင် သုံးပစ်ဖို့ သာ တွေးသည် ။

တစ်ခါတစ်ရံ ထိုင်း သို့ လူပို့လူကြို ရောက်သည် ။ မလေးရှား ၊ ထိုင်းန ယ်စပ် ဟပ်ယိုင်မြို့ မှ ပင် ကျွန်တော် ပြန်သွား တတ်သည် ။ ဘန်ကောက် ရောက်သည့် အခါလည်း ဖိုင့် ဆီ မသွားတော့ ။ ဖိုင် တစ်ယောက် ကျွန် တော့် ကို ဘယ်လောက် ရှောင်တိမ်း နေနိုင်မလဲ ဟု ကျွန်တော် တွေးကြည့်သည် ။ သူတို့ နေသော ရပ်ကွက်လေး မှ ပြောင်းရွှေ့ သွားသည် ကို တော့ ဖုန်းဆက် ကြည့်ရင်း ကျွန်တော် သိထားသည် မှာ ကြာခဲ့ပြီ ။ သမီး လေး မွေးကြောင်း လည်း သိထားရသည် ။ ဘန်ကောက် ထဲ မှာ ရှိနေမှာ တော့ သေချာသည် ။ ကျွန်တော် ရှာလျှင် မတွေ့စရာ မရှိ ။ ဖိုင့် သူငယ်ချင်းများ ထဲတွင် လည်းကောင်း ၊ ဖိုင်တို့ နေခဲ့သော အိမ်နား မှ အိမ်နီးချင်းများ သည် လည်းကောင်း ကျွန်တော် သွားတွေ့လျှင် ဖိုင် ရှိရာကို ညွှန်ပြကြမည်သာ ဖြစ်သည် ။ သို့သော် ကျွန်တော် မတွေ့ချင်သေး ။ ဖိုင့် ကို အရှိန် ကောင်းတုန်း လိမ့်စေဦး ဟု တွေးထားလိုက်သည် ။

သည့် နောက် မြန်မာပြည် သို့ ကျွန်တော် ပြန်လာခဲ့၏ ။ ကျွန်တော် နှင့် အတူ ပိုးနှစ်မျိုး ပါလာသည် ။ တစ်မျိုး က စာ ၊ ကဗျာပိုး နှင့် တစ်မျိုး က ဇာတ်ညွှန်း ဒါရိုက်တာပိုး တို့ ဖြစ်၏ ။ ရန်ကုန်မြေ မှ ခြေအကျ မှာ ပင် သူ တစ်ပါး ပတ်စပို့ဒ် ဖြင့် ဝင်လာမိ၍ အဖမ်း ခံရလေသည် ။

ရယ်စရာတော့ ကောင်းလှပါ၏ ။ ထိုင်း ၊ လာအို ၊ ကမ္ဘောဒီးယား ၊ မ လေးရှား ၊ စင်ကာပူ စသည့် နိုင်ငံများ သို့ ပတ်စပို့ဒ် မျိုးစုံ ဖြင့် ဝင်ထွက် ကျင်လည်ခဲ့သော ကျွန်တော် တစ်ယောက် အမိမြန်မာပြည်လေဆိပ် တွင် ပတ်စပို့ဒ် လွဲမှားစွာ ကိုင်ဆောင် လာသဖြင့် အဖမ်း ခံရသည် ။ အဖမ်းခံ ရပြီ ဆိုတော့ လေဆိပ်ရဲစခန်း မှာ ည အိပ်ရသည် ။ ပစ္စည်းများ ကိုတော့ အမေ နှင့် ထည့် ပေးလိုက်သည် ။ အမှု က လည်း အကြီးစား မဟုတ်သဖြင့် ညစာ ကို အပြင် မှာ ပင် သွား စားခွင့် ရသည် ။ မနက်ဖြန် တရားရုံး တွင် ဒဏ်ငွေ ဆောင်ပြီးလျှင် ပြီးပြီကိုး ။

အချုပ် သည် ကျွန်တော် နှင့် စိမ်းလှသော နယ်မြေ မဟုတ် ။ ယိုးဒယား မှာ ဆိုလျှင် ရနောင်းအချုပ် ၊ ချုံဘွန်အချုပ် ၊ ကန်ချုပူရီအချုပ် ၊ ထောင် ၊ ဘန်ကောက် ဝမ်မခရဲစခန်းအချုပ် စသည် တို့ သည် ကျွန်တော် ယဉ်ပါး ကျက်စားခဲ့ပြီး ဖြစ်သည် ။ ပြီးတော့ ကျွန်တော် သည် ကန်ချပူရီထောင် မှ အချုပ် သို့ ပြောင်းရွှေ့ခဲ့ရချိန် တွင် နယ်စပ် ပြန် ပို့ခါနီးတွင် ထွက်ပြေးခဲ့ စဉ်က လိုက်ပစ်သ,တ်ခံရဖူးသည် ။ ရဲအိမ် မှာ နေသော ချာတိတ်နှစ်ယောက် က လိုက်ပစ် ခြင်းပင် ။ ရဲများ က ကျွန်တော်တို့ လို ထောင်မှ လွတ်လာ သူများ ကို ရဲစခန်း မှ ခေတ္တ ထားစဉ် အလုပ် ခေါ် ခိုင်းတတ်သည် ။ ကျွန်တော်တို့ က ပြစ်ဒဏ် ကျခံပြီးသား လူတွေမို့ နယ်စပ် ပို့ပေးဖို့ တာဝန် သာ ရှိသည် ။ ကား လာလျှင် ပို့ပေး ရုံသာ ဖြစ်သည် ။ ထို့ကြောင့် နယ်စပ် မလိုက်ချင်၍ ရဲတစ်ဦး ကျွန်တော့် ကို အလုပ် ခေါ်ခိုင်းစဉ် ထွက်ပြေးခဲ့ခြင်း ပင် ။ ရဲအိမ် မှ ချာတိတ် နှစ်ယောက် က ကျွန်တော့် ကို သေနတ် နှင့် လိုက်သည် ။ မမိခဲ့ ။ မိလျှင်တော့ သေလူ ဖြစ်လောက်ပြီ ။ ထို့ကြောင့် အကျပ်အတည်း အခက်အခဲတွေ တွေ့ လေတိုင်း ကျွန်တော် အသက် ကို ခပ်ပြင်းပြင်း ရှူလိုက်သည် ။ ပြီးလျှင် ငါ အသက်ရှူ နေသမျှ အမြတ်ချည်းပဲ ဟု တွေးကာ ကြုံလာသော အခက်အခဲ ကို ရင်ဆိုင် လိုက်၏ ။ သေပြေး ရှင်ပြေး ပြေးခဲ့စဉ်က ဘုရားရှင် ကို ကတိ ပေးခဲ့၏ ။ နောက်နောင်တွင် ကျွန်တော် တစ်ကိုယ်ရေ အတွက် တစ်ကိုယ်ကောင်း မဆန်တော့ပါ ။ အများအတွက် အကျိုးပြုသူ ဖြစ်ရပါစေမည် ဟု ကတိ ခံခဲ့သည် ။

ဤ ကတိကဝတ် ကို တစ်ခါတလေ တော့ ကျွန်တော် မေ့ နေတတ်သည် ။

အချုပ်အနှောင် ထိပြီ ဆိုလျှင်တော့ ထို ကတိစကား ကို ပြန်ပြန် တွေးမိ ၏ ။ သစ္စာတရား က ငါ့ ကို ဒဏ်ခတ်ခြင်းလား ၊ ငါ တစ်ကိုယ်ကောင်းဆန် နေ၍ သတိပေးခြင်းလား ဟု ပြန် စဉ်းစားမိသည် ။ ကျွန်တော် ဖြစ်ချင်သည် က ပရိသတ် အသိအမှတ် ပြုသည့် စာပေသမား နှင့် ဇာတ်ညွှန်းဒါရိုက်တာ ။ ထို ဝါသနာ နှင့် အသက်မွေးချင်သည် ။ အောင်မြင်ခြင်း ကျော်ကြားခြင်း ထက် ပရိသတ် ၏ နှလုံးသား က လူ ဖြစ်ချင်သည် ။ ပရိ သတ် နှလုံးသား ထဲ မှာ နေချင်သည် ။ နှုတ်ဖျား မှာ မနေချင် ၊ နားဝ မှာ မနေချင် ၊ နှလုံးသား တွေ ထဲ မှာ နေချင်သည် ။ ကျွန်တော့် အနုပညာ မှော် ကို ကျွန်တော် မည်သို့ မွေးမြူရမည်နည်း ။

လောလောဆယ် အချုပ် မှ လွတ် လျှင် ဒုလ္လဘ ဝတ်ဦးမည် ။ ခရီး ထွက်ဦးမည် ။ အထက်အညာဒေသ တွင် ကျွန်တော့် ဒုတိယ မိခင် ရှိသည် ။ ရှစ်တန်း ၊ ကိုးတန်း ၊ ဆယ်တန်းများ တွင် ကျွန်တော့် ကို ကျွေးမွေးပေးကမ်း ခဲ့သော ရွာ မှ ဒေါ်ကြီး ရှိသည် ။ ကျွန်တော့် ဘဝ ကို တည့်မတ်ပေးခဲ့ သော ကျောင်းဆရာ ဦးစိုးသန်း ရှိသည် ။ ကျွန်တော် သူတို့ နှင့် တွေ့ချင်သည် ။

လေဆိပ်ရဲစခန်း မှာ တော့ ကျယ်ကျယ်ဝန်းဝန်း ရှိလှသည် ။ ထို ရဲစခန်းသို့ မပို့မီ လေဆိပ် လ.ဝ.က က ကျွန်တော့် ထံမှ စစ်ချက် ယူ၏ ။ စစ်ချက်မှာ အတော့် ကို ရှည်လျားသော စစ်ချက် ဖြစ်သည် ။ ကျွန်တော် မြန်မာပြည် မှ တရားဝင် ထွက်သွားချိန် မှာ ယခု ပြန်ဝင်လာသည် အထိ မေးမြန်း စစ်ချက် ယူသည် ။ ကျွန်တော် လည်း ရှည်ရှည် ဝေးဝေး မဖြေ တော့ ။ ထွက်သွားသည် ။ တရားမဝင် နေသည် ၊ အလုပ် လုပ်သည် ။ ယခု သူများ ပတ်စ်ပို့ဒ် ငှား၍ ပြန်လာသည် ဟု ဖြေသည် ။ ကျွန်တော့် ပတ် စ်ပို့ဒ် ကို လည်း ပြန် မအပ်နိုင်တော့ ။ ဘယ် အိမ်မှာ ရှိနေမှန်းပင် မသိ ။ ရဲစခန်း မှာ လည်း စစ်ချက် ထပ်ယူသည် ။ လေဆိပ် မှာ လိုပင် အသေးစိတ် စစ်ချက် ယူသည် ။ ကံကောင်းသည် မှာ စနေ ၊ တနင်္ဂနွေ ပိတ်ရက် ခံမနေ သဖြင့် မနက်ဖြန် ရုံးတင်မည် ။ ဒဏ်ငွေ ဆောင်ရမည် ဟု ဆို၏ ။ အချုပ် ထဲ မှာ တော့ ကျွန်တော့် လို ဘဝတူ နှစ်ယောက် တွေ့ရသည် ။ သူတို့ က ပတ်စပို့ဒ် ဖြင့် တရားဝင် ထွက်သွားသူများ မဟုတ် ။ ပြန်လာ မှ သာ သူတစ်ပါး ပတ်စ်ပို့ဒ် ဖြင့် ပြန်လာသူများ မို့ သက်ဆိုင်ရာ ရပ်ကွက် ထောက်ခံစာ ၊ ရဲစခန်း မှ ထောက်ခံစာ ၊ ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံစာ ၊ မှတ်ပုံတင် ၊ သန်းခေါင်စာရင်းများ တင်ပြဖို့ တောင်းခံထား သည် ။ ကျွန်တော့် အမှု နှင့် မတူ ။ ကျွန်တော် ကတော့ ထွက်သွားစဉ် က ပုံစံစာရွက်များ  ၊ ပတ်စပို့ဒ် မိတ္တူများ ၊ D form များ ပြနိုင်၍ ရုံးတင်ပြီးလျှင် ဒဏ်ငွေ ဆောင်ရမည် ဟု ဆိုသည် ။ ဒဏ်ငွေ က ထွက်ခွာသွားသည့် နှစ် အလိုက် ဆောင်ရတတ်သည် ဟု ပြော၏ ။

မနက်ကျတော့ အမေတို့ လာ တွေ့ပြန်သည် ။ တရားရုံး သို့ သွားဖို့ ကား စီစဉ်ကြ၏ ။ တရားလို လ.၀.က အရာရှိ ကိုလည်း အကြောင်းကြား ထားရသည် ။ သူ လာပါမှ ရဲ က စွဲချက်တင် ၊ တရားလို က သက်သေ ၊ ကျွန်တော် က ပြစ်မှု ကျူးလွန်သူ အဖြစ် တရားသူကြီး က အပြစ်ဒဏ် ချပါမည် ။ တရားရုံး ကို ရောက်တော့ အချုပ်ခန်းများ ထဲ တွင် အချုပ်သားများ ပြည့်နေ၏ ။ လာရောက် တွေ့ဆုံသူများ ၊ ဈေးသည် များ ၊ တရားရေးဝန်ထမ်းများ ၊ လုံခြုံရေး ရဲဘော်များ ရှိနေကြသည် ။ ကျွန်တော့် အမှုက နောက်ပိတ်ဆုံး မှ စစ်မည် ။ တခြား အရေးကြီးသည့် အမှုများ ကို စစ်ဆေးပြီး သုံးနာရီခန့် တွင် ကျွန်တော့် ကို ခေါ်သည် ။ မေးမြန်းသည် ။ စစ်ဆေးသည် ။ အပြစ် ရှိကြောင်း ဝန်ခံစေသည် ။ ဝန်ခံသဖြင့် ဒဏ်ငွေ တပ်သည် ။ ဆောင်နိုင်မလား ဟု မေးသည် ။ ဆောင်ပါမည် ဆိုသောအခါ ဒဏ်ငွေ ဆောင်စေပြီး စလစ် တင်ပြ၍ အမှု ပြီးလေပြီ ။

( ၉၇ ) မှာ ပျော်ခဲ့သမျှ ( ၉၈ ) မှာ ဆွေးရပါ၏ ။

▣  မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်

No comments:

Post a Comment