❝ စာပေရေးရာ မှတ်သားဖွယ်ရာ ❞
စာရေးဆရာ ဖြစ်မဲ့ လူ နဲ့ ကျန်တဲ့ သူတွေ နဲ့ ဘာ ကွာသလဲ ၊ စာရေးဆရာ ဖြစ်မယ့်သူ က တခြား သူတွေ ထက် ထူးပြီး ဉာဏ် ကောင်းတဲ့ သူ မဟုတ်ပါဘူး ။ သူ လည်း လူ ထဲ က လူပါပဲ ။ ဒါပေမဲ့ ကျန်တဲ့ လူ နဲ့ ဘာ ကွာခြားသလဲ ဆိုတော့ Sensitivity သူ့ ရဲ့ အာရုံတရားတွေ က တစ်ခြား သူတွေ ထက် ထက်မြက်တတ်တယ် ။ သူများ နားမထောင်မိတာ ကို သူ က နားထောင်မိတယ် ။ သူများ မခံစားတတ်တာ ကို သူ က ခံစားတတ်တယ် ။ သူများ မမြင်မိတာ ကို သူ က မြင် မိတတ်တယ် ။ ဒါကို ဆရာ တို့ က အာရုံ တရား ထက်မြက်တယ်လို့ ခေါ်တယ် ။
➽ တက္ကသိုလ်ဘုန်းနိုင်
စာရေးဆရာ ဖြစ်ချင်သူတို့ မရှားပေ ။ သို့သော် စာရေးဆရာ တကယ်တမ်း ဖြစ်လာသူတို့ ကား ရှားပေသည် ။ ကျောင်းကြီးများ မှာ ဘွဲ့ရ လာသူတို့ အထဲ မှ အစိုးရဝန်ထမ်းရာထူးရှင်များ မြောက်များစွာ ဖြစ်ပေါ်လာ ကြသည် ။ စာရေးဆရာ တစ်ယောက် တစ်လေ ထွက်ဖို့ ကား မလွယ်ပေ ။
➽ တက်တိုး
ဝတ္ထု ရေးလျှင် D ခြောက်လုံးပါရမယ်
၁ ။ Desire ရေးချင်တဲ့ ဆန္ဒ အထူးထက်သန်ပြင်းပြခြင်း
၂ ။ Descipline စည်းကမ်းလိုက်နာခြင်း
၃ ။ Drive စေ့ဆော်မှု ၊ တွန်းအား
၄ ။ Dedication ရည်ညွှန်းချက်
၅ ။ Determination ဆုံးဖြတ်ခြင်း
၆ ။ Distraction တခြားအရာများ ကို အာရုံ ဖြတ်ထားနိုင်ခြင်း ။
➽ ( ဘာဘာရာ တောဘရက်ဒ်ဖို့ဒ် )
စာရေးသူ ကိုယ်တိုင်က မျက်ရည် မကျဘဲ ရေးတဲ့ စာ ဆိုရင် စာဖတ်သူ က လည်း မျက်ရည် ကျမှာ မဟုတ်ဘူး ။
➽ ( ရောဘတ်ဖရော့စ် )
စာဖတ်သမား တစ်ယောက် စာရေးသမား ဖြစ်လာဖို့ မှာ အခါ ခပ်သိမ်း လွယ်ကူသည် မဟုတ်ပါ ။ စာ ရေးခြင်း အလုပ် ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်လောက်အောင် လက်ရာ ပြောင်သော စာတွေ များများစားစား ရေးသား ထုတ်လုပ်နိုင်သော အဆင့် ရောက်ဖို့ ရာ အတော်ပင် ခက်ခဲလှပါသည် ။
➽ ( ဖေမြင့် )
အနုပညာ ဇွဲကြီးသူ မှန်လျှင် အပယ်ခံရမှု အတားအဆီးများ ကို ကျော်လွှားကာ အောင်မြင်ထင်ရှားသော ဘဝသို့ ရောက်ရှိမှာ မုချဖြစ်ပါသည် ။
➽ (ဖေမြင့်)
တွေးသည့် အခါ ပညာရှိ လို တွေးပါ ။
ပြောသည့် အခါ သာမန် လူ လို ပြောပါ ။
➽ (အရစတိုတယ်)
ရေးစရာ ရှိတာတွေ ကို လွတ်လွတ်ကျွတ်ကျွတ် မြန်မြန်ဆန်ဆန် ချရေးလိုက်ပါ ။ စိတ်ထဲ ရှိသမျှ အားလုံး ကို စာရွက် ပေါ်သို့ သွန်မှောက် ချ သလို ရေး ၊ အကုန် ရေး ၊ မပြီးမချင်း အမှားပြင်တာ တို့ ပြန် ရေးတာတို့ လုပ်မနေနဲ့ ။ အဆုံးထိ ရေးချလိုက်ပါ ။
➽ ( ဂျွန်စတိုင်းဘတ် )
စာရေးနည်း
၁ ။ လေ့လာကြံဆ
၂ ။ မှတ်သမျှပြန်စဉ်
၃ ။ မဆိုင်လျှင်ပစ်
၄ ။ တစ်ထက်မပို
၅ ။ ဝါကျတို
၆ ။ ခေါင်းစဉ်ကို မကျော်ငြား
၇ ။ ဘန်းစကားမသုံး
၈ ။ နိဂုံးတွင် မသစ်
၉ ။ ပြီးအောင်စစ်ပါ ကောင်းသောစာ ။
➽ ( ချစ်နိုင် - စိတ်ပညာ )
ဝတ္ထု အဖွင့်မှာ လိုက်နာရမည့် အချက် ငါးချက်
၁ ။ စာဖတ်သူ ကို ဆွဲဆောင်ပေးနိုင်မဲ့ ကိုယ့် မူပိုင် အကွက် အသစ် အဆန်း ဖြစ်ရမယ် ။
၂ ။ ဖတ်လိုက်တာနဲ့ ရှေ့ ဘာ ဆက် ဖြစ်လာမှာပါလိမ့် လို့ စာဖတ်သူ ရဲ့ စိတ် ကို နှိုးဆွပေးတဲ့ အင်အား ရှိရမယ် ။
၃ ။ တ ငါးလုံးနဲ့ ပြဿနာ တစ်ရပ် ကို ဖြေရှင်းနိုင်ဖို့ သဲလွန်စ ပေးနိုင်ရမယ် ။
၄ ။ တောင်စွန်း တစ်ခု မှ တဲတဲလေး ချိတ်ထားတဲ့ လူ တစ်ယောက် ရဲ့ ခံစား ချက်မျိုး စာဖတ်သူ ကို ပေးထားနိုင်ရမယ် ။
၅ ။ပထမဆုံး စာပိုဒ် ဟာ ကိုယ့် ဇာတ် ကို တည်ပေးတဲ့ အချက် ဖြစ်ရမယ် ။
➽ ( F.A Rockwell )
လူ့ အကြောင်း ကို သရုပ်ဖော် သော စာပေ သာလျှင် ခေတ် ၏ ပြောင်းလဲမှု ဒဏ် ကို ကြံ့ကြံ့ခံနိုင် ပြီးလျှင် အဓွန့်ရှည်စွာ တည်မြဲ နေပေမည် ။
➽ တက်တိုး
စုံထောက်ဝတ္ထု ၊ စပိုင်ဝတ္ထု ၊ အချစ် ဝတ္ထုတွေ ကို ခြုံငုံပြီး စိတ်ကူးယဉ် ဝတ္ထု လို့ ခေါ်တယ် ။ အင်္ဂလိပ် လိုတော့ ဖစ်ရှင် ( Fiction ) လို့ ခေါ်တယ် ။ လူ့ လောက အကြောင်း သရုပ်မှန် ရေးဖွဲ့တာ ရီရယ်လတီ ( Reality ) ကို မှ နော်ဗယ် ( Novel ) ဝတ္ထု ခေါ်လေ့ ရှိတယ် ။
➽ မောင်စွမ်းရည်
“ ဝတ္ထုကောင်း ဆိုတာဟာ ဘယ် ဘဝ ကိုပဲ သရုပ်ဖော်ဖော် အဲဒီ ဘဝ ရဲ့ အနိမ့်အမြင့် ၊ အတက်အကျ ကို ပေါ်လွင်အောင် ရေးနိုင်ရင်
ဘဝ သရုပ်ဖော် ဝတ္ထု လို့ ပဲ ပြောချင်ပါတယ် ” ဟု ဆိုပါသည် ။
➽ အောင်သင်း
“ ကျွန်တော် ကတော့ ဘဝ သရုပ်ဖော် ဝါဒ ဟာ အနုပညာ နည်းနာ တစ်ခု လို့ လက်ခံချင်တယ် ။ အယူအဆ တစ်ခု လို့ လက် မခံချင်ဘူး ။ ခေတ် ကို ထင်ဟပ်နိုင်တဲ့ လူမှု ဖြစ်ပေါ်မှု ( ဝါ ) လူမှု အပြောင်းအလဲ ကို ဖော်ပြနိုင်တဲ့ လူ့အဖွဲ့အစည်း ရဲ့ ဘဝကို ဖော်ပြနိုင်တဲ့ စာပေမျိုး ကို မှ ဘဝသရုပ်ဖော် လို့ လက်ခံချင်တယ် ” ဟု ဆိုသည် ။
➽ မြသန်းတင့်
“ ဇာတ်ဆောင် ဆိုတာ ဝတ္ထု ထဲ က လူ ကို ပြောခဲ့ပါတယ် ။ အဲဒီ ဇာတ်ဆောင် ကို သရုပ်တူအောင် ( ဝါ ) လူ နှင့် တူ အောင် စာရေးဆရာ က ကြိုးပမ်း အားထုတ် ရေးဖွဲ့ရပါတယ် ။ သရုပ်မှန် ရဲ့ လက္ခဏာရပ်ကြီး ဖြစ်တဲ့ “ တူခြင်း ” ကို အသားပေး ရေးဖွဲ့ရတာပါပဲ ။ အဲဒီလို တကယ့် လူ နဲ့ တူ ပြီး ရုပ်လုံးကြွ လာ အောင် ရေးဖွဲ့ရာမှာ ဇာတ်ဆောင် ရဲ့ အတွင်း စိတ်သန္တာန် ကို ရေးဖွဲ့ကြသည် ။
➽ ဇော်ဇော်အောင်
အချစ် နှင့် ဘဝသရုပ်ဖော် တို့ တွင် အဓိကအားဖြင့် ခြားနားသော အချက် မှာ အချစ်ဝတ္ထု သည် လွတ်မြောက်ခြင်း သဘော ပါရှိသည့် အချက်ပင် ဖြစ်သည် ။ တကယ့် လောက ၏ မွန်းကျပ်နေမှု များ ထဲမှ လွတ်မြောက်နေခြင်း ပင် ဖြစ်သည် ။ အချစ်ဝတ္ထု ၏ တန်ဖိုး မှာ ဖျော်ဖြေရေး မျှ သာ ရှိတတ်ကြသည် ဟု ဆိုထားပါသည် ။ ဘဝ သရုပ်ဖော် ဝတ္ထုတိုများ တွင် တကယ့် လောက ၏ မွန်းကျပ် နေမှုများ ပါဝင် နေသည့် သဘော ကို တွေ့ရသည် ။
➽ သီဟ
ဘဝ သရုပ်ဖော်လို့ တချို့က ခေါ် တယ် ။ ကျွန်တော် က တော့ သစ္စာ ဝါဒ ပေါ့ ။ အဖြစ် ကို အဖြစ် အတိုင်း ၊ အမှန် ကို အမှန်အ တိုင်း ရေးတာ ။ ဒါ လုပ်ရပါ တယ် ။ လူတစ်ယောက် ဘဝ ရဲ့ ဒုက္ခကြီး တာ မျက်စိ နှင့် မြင်တာတော့ အမှန်ပဲ ။ အဲဒါကို အနုပညာ မြောက်အောင် ရေး တော့ တော်တော် ခက်လာ တယ် ဟု ဆိုပါသည် ။
➽ တက္ကသိုလ်ဘုန်းနိုင်
“ ဟာသဝတ္ထု မှာ အကြောင်းအရာ အခြေအမြစ် မရှိ သလို ယုတ္တိယုတ္တာ တန်ချင်တန် မတန်ချင် နေ ၊ ဖတ်ရသူ ရယ်မောရ လျှင် ပြီး စတမ်းပဲ ၊ ဘဝသရုပ်ဖော် ဝတ္ထု ကား ဤသို့ မဟုတ်တော့ပြီ ။ စာရေးသူ မှာ များစွာ တာဝန် ရှိ၏ ။ ယုတ္တိယုတ္တာ ရှိရမည် ။ အကြောင်းအရာ အခြေအမြစ် ခိုင်လုံရမည် ။ ဦးတည် ရည်ရွယ်ချက် ရှိရမည် ” ဟူ၍ နှိုင်းယှဉ်ဖွင့်ဆိုထားပါသည် ။
➽ သော်တာဆွေ
“ ဝတ္ထုတို ရေးခြင်း နှင့် ပတ်သက်၍ ယနေ့ ထိ ပုံသေနည်း ဟူ၍ မရှိသေးပါ ။ နောင်တွင် လည်း ရှိလာလိမ့်မည် ဟု မထင်ပါ ။ မိမိတို့ ၏ ရှေ့က ရေးသွားသော ဝတ္ထုတို ဆရာများ ၏ လက်ရာများ ကို ဖတ်၍ ဆင်ခြင် နှလုံးသွင်း သွားခြင်းဖြင့် သာ ဝတ္ထုတို ရေးနည်း အတတ်ပညာ ကို ရယူကြရပါသည် ။ ထို အစဉ်အလာ သည် ယနေ့ အထိ တည်ရှိဆဲဖြစ်သည် ။
၁ ။ ဝတ္ထုတိုကောင်းတစ်ပုဒ် တွင် ရှိသင့်သော အကြောင်းအရာ ပုံသဏ္ဌာန်ပိုင်း နှင့် ပတ်သက်သော သဘောထား ။
၂ ။ စာဖတ်သူ ဘက်မှ ခံစားမှု နှင့် ဘဝ အသိအမြင် ရရှိစေမှု ကို စံထားသည့် သဘောထား ။
၃ ။ ဝတ္ထုတို ရေးသူ ဘက် မှ ပြည့်စုံနေရမည့် အရည်အချင်းများ နှင့် ပတ်သက်သော သဘောထား ။
၄ ။ ဝတ္ထုတို ကို စာသား အတို ၊ အရှည် ပေါ် မူတည်၍ သုံးသပ်ထားသော သဘောထား ။
၅ ။ ဝတ္ထုတို ၏ စံသတ်မှတ်ချက် ၊ ပုံသေနည်း မရှိသေး ဟူသော သဘောထား ။
၆ ။ ဝတ္ထုတို ၏ နယ်ပယ် ကျယ်ဝန်း လွတ်လပ်မှု ကို ဖော်ပြသော သဘောထား ။
၇ ။ လက်တွေ့ ရေးရင်း စံ သတ်မှတ်ချက် အသစ်များကို တည်ဆောက် လိုသော သဘောထား တို့ ကို တွေ့ရသည် ။
➽ မောင်ထွန်းသူ
ကဗျာအကြောင်း
ကဗျာ ဟာ ခံစားမှု ရဲ့ နိုင်ငံ ဖြစ်တယ် ။
ခေတ်ပေါ်ကဗျာ ဆိုတာ အတွေး သစ်ရမယ် ။ အရေး သစ်ရမယ် ။ စကားလုံး သစ်ရမယ် ။
ကဗျာ ရဲ့ ဘာသာစကား နဲ့ သတိပြုစရာများ
ကဗျာ ဆိုတာ ဘာသာစကား ရဲ့ အနုပညာ ၊ ဒီတော့ အနုပညာ ရဲ့ ဘာသာစကား လိုတယ် ။ သာမန် ပဲ ၊ တုံးတုံးပဲ ထင်ရပေမယ့် ကြွယ်ဝမှု ပြည့် နေ တဲ့ ဘာသာစကား ကို ရှာဖွေပါ ။
အကောင်းဆုံး ဘာသာစကား ဟာ တကယ့် ဘဝ က လာတယ် ။
ဘဝ က ခွာရင် ဘာသာစကား မဲ့သွားတော့တာပဲ ။ အထိခိုက်နိုင်ဆုံး ဘာသာစကား ဟာ ဘဝ ကို ပီပီပြင်ပြင် သရုပ်ဖော် တဲ့ ဘာသာစကား ဖြစ်တယ် ။
ခေတ်သုံး ၊ လူထုသုံး ဘာသာစကား နဲ့ ပြောပါ ။ ကဗျာ ရဲ့ ဘာသာစကား ကို ပြည်သူလူထု က နားလည်ရမယ် ။
ဟောင်းနွမ်းတဲ့ အဖွဲ့အနွဲ့တွေ ကို အသိရှိရှိ နဲ့ ပစ်ပယ်ပါ ။ လတ်လတ်ဆတ်ဆတ် အစားအစာ မှ ခံတွင်းတွေ့နိုင်တယ် ။ ကလီးရှေး ( လူသုံးများ လှပြီ ဖြစ်တဲ့ အသုံးအနှုန်းမျိုး ) ဆိုတာ ပုပ်သိုး နေတဲ့ အစားအစာ ပဲ ။
သူများ တွေ အကြိမ် ထောင်သောင်း သုံးပြီးသား ၊ နာမဝိသေသနများ ၊ အီဒီယမ်များ ကို ရှောင်ပါ ။ အရာ တစ်ခု စီ ဖော်ပြဖို့ ကိုယ်ပိုင် နာမဝိသေသနတွေ ရှာဖွေရမယ် ။
အတွေး ဘယ်လောက်ပဲ နက်နဲ မြင့်မားပါစေ ၊ ဘာသာစကား ကတော့ ရှင်းရှင်းလွယ်လွယ်ပဲ ရှိရမယ် ။
မိမိ ရဲ့ ဘာသာစကား ဟာ ကိုယ်ပိုင်ဟန် ရှိမယ် ။ သူ တစ်ပါး မကြာ မကြာ သုံးပြီးသား ရူပက ကို ရှောင်ပါ ။ မပျင်းပါနဲ့ ။ ရူပက အသစ်တွေ ကို ကိုယ့် ခံစားချက် နဲ့ ရှာဖွေပါ ။
ခုန်လွှားပါ ။ ဖြစ်စဉ်မှာ မလိုလားအပ်တဲ့ အဆင့်တွေ ကို ဖြတ် ပစ်ပါ ။
နက်နဲပါ ။ ဒါပေမဲ့ နားလည်ဖို့ လွယ်ပါစေ ။ ထိခိုက်နိုင်စွမ်း ပါစေ ။ ဟန်ဆောင်ပန်ဆောင် မလုပ်ပါနဲ့ ။ ရှင်းလင်းပါစေ ။ မတိမ်းပါစေနဲ့ ။
တမင်သက်သက် ဂမ္ဘီရ ( လျှို့ဝှက်အသိခက် ) မဆန်ပါနဲ့ ။ ကိုယ့် စာဖတ်သူတွေ ကို ဖတ်ရင်း ၊ စကားထာ တွေ ၊ အဓမ္မ မှန်းဆ မခိုင်းပါနဲ့ ။ စကားလုံး ကစားတာတွေ မလုပ်ပါနဲ့ ။
ဒေါင်လိုက် ကဗျာ က ရှင်းပြီး ရင် ထဲ ရောက်တယ် ။
ပြားလိုက် ကဗျာ က ရှုပ်ထွေးတယ် ။
များ နိုင် သလောက် လူများ များ က မိမိ ကဗျာများ ကို နားလည် ပါ
စေ ။ ပစ္စက္ခခေတ် ရဲ့ လူတွေ က မှ ကိုယ့် ကဗျာ ကို နားမလည် နိုင်ရင် ဘယ်သူက ကိုယ့် ကဗျာ ကို နားလည်ဦးမလဲ ။
ကဗျာဆရာ ရဲ့ အလုပ် က ဖန်ဆင်းမှုပဲ ။ အခြား သူများ တွေ ဖန်ဆင်းပြီးသား ကို ထပ်ကြော့တာ မဟုတ်ဘူး ။
ဘယ်တော့မှ ငြိမ် မနေရဘူး ။ ဒီ ခေတ် ရဲ့ အပြောင်းအလဲတွေ ထဲ ကနေ ၊ ကိုယ့် ကဗျာ ထဲမှာ ရောင်ပြန်ဟပ်စရာ သစ်တဲ့ လွင်တဲ့ အရာတွေကို သွားပြီး ရှာဖွေရမယ် ။
ကဗျာဆရာ ဟာ မိမိ ခေတ် အပေါ် မှန်ကန်ရမယ် ။ မိမိ ပြည်သူ တွေ အပေါ် မှန်ကန်ရမယ် ။ ကနေ့ အပေါ် မှန်ကန်သူများ က သာ မနက်ဖြန် အပေါ် မှန်ကန်မယ် လို့ ပြောနိုင်တယ် ။
➽ ခေတ်ပေါ်ကဗျာ လက်စွဲ -
တရုတ်ခေတ်ပေါ် ကဗျာဆရာအိုက်ကျင့်
၁၉၈၇ ၊ ပေကျင့်မြို့ ။
မြန်မာဘာသာပြန် - ဆရာမောင်သာနိုး
( ၁၉၉၅ ၊ အောက်တိုဘာလ )
ခေတ်ပေါ်ကဗျာ ကို ဘယ်လို ရေးခဲ့ကြသလဲ
ခေတ်ပေါ်ကဗျာ ဆိုတာ ၊ ကဗျာဖွဲ့နည်းကျမ်း မရှိခဲ့ဘဲ ၊ နိုင်ငံခြား ကဗျာ ၊ စာကြောင်းလိုက် အတန်းလိုက် ဘာသာပြန်ကဗျာ ပုံသဏ္ဌာန် ကို ခံတွင်း တွေ့ ခဲ့ရာမှ ၊ ( ၁ဝ ) နှစ်စီ လူငယ်များ ၊ တစ်ဦးကဗျာ တစ်ဦး လှမ်းကြည့်ကာ ၊ အလွတ်သဘော စာပေအနုပညာပိုင်း များ မှ ဖလှယ် နှီးနှောကြကာ ၊ ကမ္ဘာ ပေါ် က လွတ်လပ်တဲ့ အနုပညာ လှုပ်ရှား တင်ဆက်မှုများ ကို ၊ အမြင်အကြား ဖြင့် မှီးယူ အတုခိုးကာ ရေးသား ရှင်သန်တဲ့ အနုပညာ ဖြစ်ပါတယ် ။
➽ ဆရာအောင်ချိမ့်
(လူနှစ်ယောက်နဲ့ ကဗျာ ၊ စာအုပ် အမှာစာ )
၂ဝဝဝ ပြည့်နှစ် ၊ ဒီဇင်ဘာ
စိမ်းစိုလတ်ဆတ်တဲ့ ကဗျာလမ်းကလေး
ခေတ်ပေါ်ကဗျာ ၊ အားထုတ်သူ ရဲ့ ရှေ့မှာ
ချောက်ကမ်းပါးနှစ်ခု ရှိနေတယ် ။
ဒါကို ကြပ်ကြပ် သတိရှိဖို့ လိုပေလိမ့်မယ် ။
တစ်ခုက လွယ်လွန်းခြင်း ၊ စကားပြေ ဆန်ခြင်း ချောက်ကမ်းပါး ။
တစ်ခု က သစ် သထက် သစ်အောင် အားစိုက်အားခဲရင်း ဂမ္ဘီရ ဖြစ်သွားခြင်း ချောက်ကမ်းပါး ။
ဒီ ချောက်ကမ်းပါး နှစ်ခု ရဲ့ ကြား က
စိမ်းစိုလတ်ဆတ်တဲ့ ကဗျာလမ်းကလေး ကို
မှန်မှန်ကန်ကန် ရွေးတတ်ရပေလိမ့်မယ် ။
➽ ဆရာမောင်သာနိုး
( အောင်ချိမ့် ၊ ဂန္ထဝင်မမ ၊ ၁၉၇၉
ကဗျာစာအုပ် အမှာ စာ )
📖 စာပေရေးသားခြင်း အနုပညာ
No comments:
Post a Comment