◾အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို
❝ တောင်တန်းပြာ ပုံပြင် ❞
မောင်ကျော်သာ ( ပဲခူး ) မှာ ကလောင်သစ် တစ်ချောင်း ဖြစ်ဟန် ရှိပါသည် ။ ကျွန်တော် တော့ဖြင့် သူ ၏ စာ ကို မှတ်မှတ်သားသား မတွေ့ရဖူးသေးပါ ။
မောင်ကျော်သာ ( ပဲခူး ) က ကလောင်သစ် ဖြစ် သကဲ့သို့ “ တောင်တန်းပြာ ပုံပြင် ” ကလည်း ကျွန်တော် တို့ သတိ မပြုမိသော ဂေါ်ရခါးလူမျိုးတို့ ၏ လောကလေး တစ်ပိုင်းတစ်စ ဖြစ်၍ အကြောင်းအရာသစ် ဟု ဆိုရခမန်း ဖြစ်နေပါသည် ။
ဇာတ်လမ်း က ဆန်းပြားလှသည် ဟု မဆိုနိုင်ပါ ။ ဂေါ်ရခါးလုလင်လေး တစ်ယောက် နှင့် ဂေါ်ရခါးလုံမလေး တစ်ယောက် တို့ အိမ်ထောင် ကျသည် ။ ဂေါ်ရခါးလုလင်လေး က အစိုးရကျောက်တွင်း တွင် အလုပ် လုပ်သည် ။ သို့သော် လောဘရမ္မက် ကြောင့် အစိုးရ အလုပ် သို့ မသွား ဘဲ ကျောက်တွင်း ခိုးပြီး တူးကြသည် ။ ဂေါ်ရခါးမလေး က ထိုကဲ့သို့ မလုပ်စေချင် ။ လောဘ မကြီးစေချင် ။ တစ်နေ့ တွင် တော့ တောင်ပြိုပိ၍ ဂေါ်ရခါးလေး သေသွားသည် ။ သူ သေပြီး ကိုယ်ဝန် ကျန်ခဲ့ရာ မကြာမီပင် တတိယ ကလေးငယ် ကို မွေးရပြန်သည် ။ ဂေါ်ရခါးမလေး မှာ ဆွေးမပြေ ဖြစ် ရသည် ။
ဇာတ်လမ်း မှာ ဤမျှသာ ဖြစ်သည် ။ ဝတ္ထု ကို ဂေါ်ရခါးမလေး က သွားလေသူ ခင်ပွန်း အား တမ်းတ ပြောဆို နေဟန် ဖြင့် ရေးထားသည် ။ ထို့ကြောင့် ဝတ္ထုကြောင်း ပြောနေသူ ဂေါ်ရခါးမလေး နှင့် စာဖတ်သူတို့ တစ်စုံတစ်ရာ ဆက်သွယ်မှု မရှိ ။ ကျန်ရစ်သူ ဇနီး က သွားလေသူ ခင်ပွန်း အား လွမ်းဆွတ်စွာ တမ်းတ ပြောဆို နေသည် ကို ဘေး က ကြားနေရ သကဲ့သို့ ရှိသည် ။ ဤသည် မှာ မောင်ကျော်သာ သုံးစွဲသော ရှုထောင့် ဖြစ်သည် ။
ကျွန်တော် တို့ သည် ဝတ္ထု ဖတ်ကြသော အခါ မျှော် လင့်မှန်းထားချက် အကြမ်း အားဖြင့် သုံးမျိုး ရှိပါသည် ။ ထို အချက်များ မှာ -
( ၁ ) သုတအသိ ရလိုစိတ်
( ၂ ) အနုပညာ ခံစားလိုစိတ်
( ၃ ) ရသ ခံစားလိုစိတ် တို့ ဖြစ်ပါသည် ။
( ၁ ) သုတအသိ ရလိုစိတ် မှာ - ဇာတ်လမ်း အရ ရှေ့ ဘာဖြစ်မလဲ ဟူသော သိလိုစိတ်မျိုး နှင့် မတူပါ ။ ဘဝ အကြောင်း ၊ လောကအကြောင်း ၊ သိပ္ပံအကြောင်း ၊ စိတ်ပညာအကြောင်း ၊ ဆေးပညာအကြောင်း ၊ မှောင်ခိုလောက အကြောင်း စသည့်စသည် သုတများ ကို သိလိုစိတ်မျိုး ဖြစ်ပါသည် ။ ယုတ်စွအဆုံး ကျွန်တော် ညွှန်းသည့် ဝတ္ထုတို များကို ရှာဖွေပြီး ဖတ်လျှင် အောင်သင်း ဘာကြောင့် ညွှန်းပါလိမ့်မလဲ ဟူသော သိလိုစိတ် က ဦးဆောင် နေသည် ဟု ဆိုရပါလိမ့်မည် ။
( ၂ ) အနုပညာ ခံစားလိုစိတ်ဆိုသည် မှာ - ပုံသဏ္ဌာန်ဖွဲ့စည်းမှု ၊ ပုံသဏ္ဌာန်သစ် တီထွင်မှု ၊ ဆန်းသစ် သော တင်ပြမှု ၊ ပြောဟန်လေသံ တီထွင်မှု စသည့် အနုပညာပိုင်း ဆိုင်ရာ အလှ ခံစားလိုမှု ဖြစ်ပါသည် ။
( ၃ ) ရသခံစားလိုမှု ဆိုသည် မှာ - ကျွန်တော် တို့ ချစ်သော ၊ မုန်းသော ၊ ဇာတ်ကောင်လူသူတို့ ကို အောင်မြင်စေလိုမှု ၊ အရေးနိမ့်စေလိုမှု ၊ သနားမှု ၊ စက်ဆုပ်မှု ၊ ထိတ်လန့်မှု ၊ အံ့ဩမှု စသည့် ခံစားမှုများ ဖြစ်ပါသည် ။
မောင်ကျော်သာ သည် သုတအသိ ရလိုမှု ကို ကောင်းကောင်းကြီး နှိုးဆော်ကာ ဤ ဝတ္ထု ကို ရေးဖွဲ့ထားသည် ဟု ဆိုသင့်ပါသည် ။
ဇာတ်ကောင်တို့ မည်သည့် လူမျိုးများ ဖြစ်ကြကြောင်း ကို ဝတ္ထု သုံးပုံ နှစ်ပုံ လောက်ရ မှ သိရသည် ။ ဇာတ် ကြောင်း ပြောသူ ဂေါ်ရခါးမလေး ၏ အမည် ကို ဝတ္ထု ဆုံးခါ နီး မှ သိရသည် ။ ဤကဲ့သို့ လူမျိုး အမည် နှင့် လူ အမည် တို့ ကို ဝှက် ထားခြင်း မှာ ဇာတ်လမ်း ရသ နှင့် ဘာမျှမဆိုင်ပါ ။ သုတ ရလိုစိတ် ကို နှိုးဆော်ရန် မချင့်မရဲ ဖြစ်အောင် ဝှက်ထား ခြင်း သက်သက် မျှသာ ဖြစ်ပါသည် ။ ထို့ကြောင့် စာဖတ်သူ မှာ တမက်မောမော သိလိုဇော နှင့် ဖတ်နေမိခြင်း ဖြစ်သည် ။
မောင်ကျော်သာ ဝတ္ထု ဖွင့်ပုံ ကို ကြည့်ပါ ။
“ တောင်နေကြာတွေ ပွင့်တော့မယ် ဿာဂျူး ”
ဿာဂျူး ဟူသော နာမည် မှာ ဆန်းသည် ။ ဆန်း သည်ကို ထားဦးတော့ ။ “ ဿာ ” ဟူသော စာလုံးပေါင်း မှာ ပို၍ ဆန်းသည် ။ သာဂျူး ဟု အသံ မထွက်စေဘဲ မောင်ကျော်သာ ထဲ က “ သာ ” လို အသံထွက် စေချင်ဟန် ရှိသည် ။
စင်စစ် နာမည် အသံထွက် မှန်ခြင်း ၊ မှားခြင်း မှာ ဝတ္ထု တစ်ပုဒ် ဖတ်ရန် အတွက် အရေးကြီးလှသည် မဟုတ်ပါ ။ သို့သော် မောင်ကျော်သာ က “ ဿာ ” ဟု ရေးထားသည့် အတွက် ဘာ လူမျိုးပါလိမ့်မလဲ ။ ကချင် ၊ ချင်း ၊ ရှမ်း စသည့် တိုင်းရင်းသား နာမည်မျိုး နဲ့ လည်း မတူပါတကား ဟု သိလို စိတ် ဖြစ်ပေါ်လာသည် ကား အမှန်ပင် ဖြစ်ပါသည် ။
မောင်ကျော်သာ သည် စာဖတ်သူ ကို ဤနည်းဖြင့် ရုတ်တရက် ဖမ်းစား လိုက်သည် ။ ချစ်ဦးညို ၏ ဗျဂ္ဃ ကို သုံးသပ် တင်ပြခဲ့ရာတွင် ရုတ်တရက် ဖမ်းစားမှု အကြောင်း ဖော်ပြခဲ့ပါသေးသည် ။ ချစ်ဦးညို ဖမ်းစားပုံမှာ ဇာတ်လမ်း ဇာတ်ကွက် အရ ရသ သဘောဖြင့် ဖမ်းစားခြင်း ဖြစ်၍ မောင် ကျော်သာ ကမူ သုတ နှင့် ဖမ်းစားခြင်း ဖြစ်သည် ။ ကျွန်တော် ပြောလိုသော အချက် မှာ သုတ ရလိုသော စိတ် ကို အကြောင်းပြု၍ လည်း ရုတ်တရက် ဖမ်းစားမှု ပြုနိုင်သည် ဟူသော အချက်ပင် ဖြစ်ပါသည် ။
မောင်ကျော်သာ ဖွင့်ပုံ ကို ပြည့်စုံအောင် ဖတ်ကြည့်ပါဦး ။
••••• ••••• •••••
တောင်နေကြာတွေ ပွင့်တော့မယ် ဿာဂျူး ။ မိုးကုတ် ပတ်လည်က တောင် တန်းတွေ မှာ တောင်နေကြာတွေ ပွင့်လာ ကြတော့မယ် ။ ဒီဇင်ဘာ ဆိုရင်တော့ တောင်တန်းတွေ ဟာ လည်း တောင်နေကြာတွေ နှင့် ဝါဝါထိန်ရောပေါ့ ။
နင် နှင့် ငါ စ တွေ့တာ ကလည်း ဒီဇင်ဘာ မှာ မဟုတ်လား ။ ဒီဇင်ဘာ ရောက်လို့ ခရစ်စမတ်ပွဲတော် ချိန် ကျပြီ ဆိုရင်တော့ တောင်မဲတောင် ကို တက်ကြတာ ကလည်း ငါတို့ လူမျိုးတွေ ရဲ့ အလေ့အထ လို ဖြစ်နေပါပြီ ။ ဒီမှာတင် နင် နှင့် ငါ တွေ့ခဲ့တာပေါ့ ။
••••• ••••• •••••
“ ခရစ်စမတ်ပွဲတော်ချိန် ကျပြီ ဆိုရင်တော့ တောင်မဲတောင် ကို တက်ကြတာ ကလည်း ငါတို့ လူမျိုးတွေ ရဲ့ အလေ့အထ လို ဖြစ်နေပါပြီ ” ဟူသော စကားတွင် ငါတို့ဂေါ်ရခါး ကို မြှုပ်ချန်ထားခဲ့ခြင်း မှာ မောင်ကျော်သာ သုတ မြှုပ်ကွက် ဖြင့် တမင် ဖမ်းစားကြောင်း သိသာ ထင်ရှားစေပါသည် ။
သို့သော် မောင်ကျော်သာ က ဂေါ်ရခါးလူမျိုး တို့ ၏ ဓလေ့စရိုက်ကလေးများ ကို ကား စာဖတ်သူ အကဲခတ် စေရန် သဲလွန်စ အဖြစ် ပြထား တတ်ပါသည် ။
တောင်ပေါ် တွင် ဇာတ်ကြောင်း ပြောသူ ဂေါ်ရခါး မလေးတို့ အဖွဲ့ နှင့် ဿာဂျူးတို့ အဖွဲ့ ဆုံမိကြသည် ။ မိုဟန် ဆိုသော ဂေါ်ရခါးလေး ၏ မိတ်ဆက်ပေးမှုကြောင့် သိကျွမ်းကြသည် ။ ဿာဂျူး က သူ့ ကို ဘော်ဘီဇာတ်ကား ထဲ က သီချင်း နှင့် ကပြပါ ဟု ဆို၍ ကက်ဆက် ဖွင့်ပေးသည် ။ ထို့ကြောင့် ရှက်ရှက်နှင့် ပင် ကရတော့သည် ။
••••• ••••• •••••
သီချင်း ဆုံးတော့ ငါ လည်း အက ရပ်ပြီး လူအုပ် ထဲ ကို ပြန် ဝင်ပြေးတာပေါ့ ။ နင် ကတော့ “ ငါ အက ကောင်းလို့ ဆုချပါရစေ ” ဆိုပြီး ပေါင်မုန့် တစ်လုံး ၊ မလိုင် နှစ်ခဲ နဲ့ တောင်နေကြာပန်း တစ်ပွင့် ကို လာပေးတယ် ။
••••• ••••• •••••
ပေါင်မုန့် နှင့် မလိုင်ခဲ ဟူသော စကား ကို တွေ့လျှင် ကား ဂေါ်ရခါး ဖြစ်လေမလား ဟု ရိပ်စားမိနိုင်သည် ။ ဂေါ်ရခါးလူမျိုး များ နှင့် ရင်းနှီးသောသူများ အဖို့ကား “ ဿာဂျူး ” ၊ “ မိုဟန် ” စသည်တို့ ကို တွေ့လိုက်ရုံ နှင့် သိပါလိမ့်မည် ။ ကျွန်တော့် အဖို့ကား မလွယ်လှပါ ။ ကျွန်တော်တို့ ရင်းနှီး သော ဂေါ်ရခါး နာမည် မှာ “ ဗဟာဒူး ” လောက် သာ ရှိပါသည် ။ ထို နာမည် ကိုတော့ မောင်ကျော်သာ က နောက်ပိုင်း ဂေါ်ရခါးလူမျိုး ဖြစ်ကြောင်း ဖော်ပြပြီး မှ သုံးစွဲပါတော့သည် ။ ထို့ကြောင့် သုတ ရလိုစိတ် ကို အခြေခံ၍ ဖမ်းစား ဆွဲဆောင် ရန် ကြိုးစား ထားကြောင်း သိသာပါသည် ။ မည်သို့ပင် ဖြစ်စေ မောင်ကျော်သာ အောင်မြင်သည် ဟု ဝန်ခံရပါမည် ။
ထို့နောက် တစ်နှစ်ခန့် ကြာ တောင်နေကြာတွေ ပွင့်ချိန်တွင် သူတို့ နှစ်ယောက် ဘုရားကျောင်း တွင် လက်ထပ်ကြသည် ။
••••• ••••• •••••
နင် နှင့် ငါ လက်ထပ် တော့ တောင်နေကြာ တွေ နှင့် ဝါထိန် နေတဲ့ တောင်တန်းကြီး ကို နောက်ခံထားပြီး ဓာတ်ပုံ ရိုက်ကြတယ် ။ ငါ က ရှက်ပြီး ခေါင်းငုံ့ နေတော့ “ ဗျိုး - လီတောက် ကိုထရောင် ” ( မော့ပါဦး ၊ သတို့ သမီးရယ် ) လို့ ငါ့ ကို ပြောတယ် မဟုတ်လား ။
မသိဘဲ နားလည်ပြီး နားမလည်ဘဲ ချစ်တတ်သည့် လူ့သဘာဝ ကို ကျွန်တော် အံ့ဩမိပါသည် ။ “ ဗျိုး - လီ တောက်ကိုထရောင် ” ဟူသော စကား ကို ကျွန်တော် မသိပါ ။ သို့သော် မောင်ကျော်သာ ရှင်းပြလိုက်သော ကြောင့် နားလည်သွားပါသည် ။ သို့သော် တကယ် နားလည်သည် ကား မဟုတ် ။ သို့ပါလျက် ထို စကားလေး ကို ချစ်နေမိ သယောင် ဖြစ်လာပြန်သည် ။
အရေးပါသော ဇာတ်ကွက် တွင် ဤသို့ မူလ ဘာသာစကား တစ်ကွက်တလေ ကို သုံးလိုက်ခြင်း မှာ ( နေရာ မှန်လျှင် ) လတ်ဆတ် ဆန်းသစ်သော စွဲမက်မှု ကို ဖြစ်ပေါ် စေပါသည် ။ ဆရာကြီး ရွှေဒုံးဘီအောင် သည် ကရင်အမျိုးသား ဝတ္ထုများ ကိုရေးရာ တွင် ကရင် စကားလေးများ ကို အကွက်ကျကျ ထည့်သွင်း သုံးစွဲတတ်ပါသည် ။ ရှုမဝ မဂ္ဂဇင်း တွင် ရေးခဲ့သော “ သွေးနဲ့ရေးတဲ့စာ ” ၊ “ ဗိုလ်ကန့်လန့် ” ၊ “ သူတို့ လက်ဆောင် ” ဆိုသည့် အခန်းဆက် ဝတ္ထုများ တွင် ချစ်စဖွယ် ကရင် စကားလေးများ ကို အကွက်ကျကျ ထည့်သွင်း သုံးစွဲရာ ဝတ္ထုများ ဖတ်ပြီးသည့် နောက် ကာလ အတော် ကြာသည် အထိ ထို ကရင်စကားများ ကို မှတ်မိနေ ခဲ့ပါသည် ။ နော်ဂီလောက်ဂျိတ် ( ပင်လုံးကျွတ် ပွင့်နေသော အပင် ) ဆိုသည့် ကရင်မလေး နာမည် ကို ကား ယခုတိုင် မှတ်မိ နေပါသည် ။
ထိုကဲ့သို့ ထည့်သွင်း ပေးတတ်ခြင်း သည် နှစ်သက် ခြင်း ကို ဖြစ်စေသည် သာမက ဝတ္ထု အသင့်ယုတ္တိ ရှိစေခြင်း အတွက် လည်း ကောင်းကောင်းကြီး အထောက်အပံ့ ဖြစ်စေသည် ဟု ဆိုနိုင်ပါသည် ။ ရော်ရမ်းဖြန်းသန်း ရေးခြင်း မဟုတ်ကြောင်း ကို လည်း ထင်ရှားစေနိုင်ပါသည် ။
တောင်နေကြာတွေ ပွင့်နေသော ဒီဇင်ဘာလ ခရစ်စမတ်ပွဲတော် အပြီး ၂၉ ရက်နေ့ တွင် သူတို့ လက်ထပ်ကြသည် ။ နောက် တစ်နှစ် တောင်နေကြာတွေ ပွင့်သော အချိန် တွင် သမီးဦးလေး ကို မွေးသည် ။ သမီး နာမည် က “ သီးသေးဖူးလ် ” ( တောင်နေကြာ ) ။
ထို့နောက်တွင် ကား ဝတ္ထု မှာ တစ်စတစ်စ ရသပိုင်း သို့ ဝင်လာစ ပြုပြီ ။ ဂေါ်ရခါးမလေး ဘိန်နီး ၏ စရိုက် နှင့် ဘဝအမြင် ကိုလည်း ဖော်စပြုလာပြီ ။ ဘိန်နီး က ဘဝအမြင် ကို ရိုးရိုးရှင်းရှင်းလေး တင်ပြသွားပုံ ကို ကျွန်တော် နှစ်သက်ပါသည် ။ ကြီးကျယ်ခမ်းနားသော စကားကြီး စကားကျယ် တွေ တစ်လုံးမှ မသုံးဘဲ မိဘမေတ္တာ ၊ တိုင်းချစ်ပြည်ချစ် စိတ် ကို ပေါ်လွင်စေသည် မှာ နှစ်လိုဖွယ်ရာ ရှိလှပါသည် ။
ဤအဖွဲ့မျိုး ကို ရေးဖွဲ့ရာ တွင် အမြင် ကလည်း ရိုးရိုးလေး ဖြစ်သောကြောင့် ရေးပုံ ကလည်း ရိုးရပါသည် ။ ရေးဖွဲ့ ပုံ ကို ကြည့်ပါ ။ ဘိန်နီး ၏ လေသံ ကို နားထောင် ကြည့်ပါ ။
••••• ••••• •••••
တောင်နေကြာပွင့်တွေ ပွင့်တဲ့ အချိန်မှာပဲ သားငယ် ဂိုဘင် ကို ထပ် မွေးခဲ့တယ် ။ မိုးကုတ်တောင်တန်း တွေ မှာ တစ်နှစ် တစ်ခါ တောင်နေကြာတွေ ပွင့်တယ် ။ သူတို့ ရဲ့ ဝတ္တရား ကို ဘယ်တော့မှ မပျက်ကွက်စေရဘူး ။ ငါ လည်း မိဘဝတ္တရား ကို မပျက်ကွက်စေရဘူး ။ နင် နှင့် ငါ ညားလို့ နှစ်နှစ် မှာပဲ နင့် အတွက် ကလေး နှစ်ယောက် မွေးပေးခဲ့ ပြီလေ ။
ဒါပေမဲ့ မွေးလာတဲ့ သည် ပါးစပ် ပေါက်တွေ ကို ကျွေးဖို့ကတော့ အတော် ခက်တဲ့ အလုပ် ။ ဘာပဲဖြစ်ဖြစ်ပါလေ ။ တောင်နေကြာ တွေ တစ်နှစ် တစ်ကြိမ်ပွင့် ။ အပွင့်တွေ နွမ်းလို့ မျိုးစေ့တွေ ကြွေ ၊ ကြွေ လာတဲ့ မျိုးစေ့တွေ က တောင်နေကြာပင်ပေါက်တွေ ထပ်ဖြစ် ပြန်ရော ။ နောက်နှစ် မှာ တော့ သူတို့ ဟာ လည်း အပွင့်တွေ ပွင့်ဖို့ အသင့်ဖြစ်နေပြန်ပြီလေ ။ ပြီးတော့ မျိုးဆက် ကို ဆက်လက် ထိန်းသိမ်းဖို့ကော ပေါ့ ။
ဒီ အတွက်တော့ တောင်တန်း တွေ ဟာ ဘယ်သော အခါမှ လေးတယ် လို့ မညည်းဖူးပါဘူး ။ ငါတို့ ကလည်း မွေးဖွား လို့ ရလာတဲ့ ရင်သွေးတွေ အတွက် တာဝန် ပိုတယ်လို့ ညည်းမနေနိုင်ဘူး ။
ကျောင်း နေတုန်း ကတော့ သတင်းစာ ဖတ်ဖြစ်တယ် ။ ဒီ ထဲမှာ အခြား နိုင်ငံ တွေ ဆိုရင် ငတ်မွတ်ခေါင်းပါး လို့ သေရတဲ့ လူတွေ အပုံ ။ ဒါပေမဲ့ ငါတို့ မြန်မာပြည်.မှာ ငတ်လို့သေတယ် ဆိုတာကို မကြားဖူးပါဘူး ဟာ ။ ငါတို့ ကုသိုလ်ကံ အများကြီး ကောင်းတယ် ။ မြန်မာပြည် မှာ လူ ဖြစ်ရတာ ငါတို့ အများကြီး ကုသိုလ်ကံ ကောင်းပါတယ် ။
••••• ••••• •••••
အထက်ပါ ကောက်နုတ်ချက်များ ကို သေချာ ဖတ်ကြည့်ပါ ။ အဘယ်မျှ ရိုးစင်းသော အတွေးအမြင် ဖြစ်ပါသနည်း ။ ရိုးစင်းသော အတွေးအမြင် ၊ ရိုးစင်းသော လေသံ တို့သည် တစ်ဖက်သား ကို ဆွဲဆောင်ရာ ၌ အလွန် ကြီးသော ခွန်အား များ ဖြစ်ကြသည် ။ ယုံကြည်စိတ် ၊ ကြင်နာစိတ် ၊ ထောက်ထားစာနာစိတ် တို့ကို ယိုဖိတ် စေနိုင်သည့် ထို အတွေးအမြင် တို့ ကို မှန်ပါပေ၏ ဟု တစ်ထစ်ချ လက်မခံနိုင်စေဦးတော့ သူ့ ဘဝ သူ့ အမြင် လည်း ဟုတ်ပေသားပဲ ဟု ထောက်ထား စာနာစိတ် ပေါ်မိစေနိုင်သည် ။ ကျွန်တော့် ခံစားမှု ကို ပြောရ လျှင် တိုင်းရင်းသား မဟုတ်သော နိုင်ငံသား မျှသာ ဖြစ်သော ဂေါ်ရခါးမလေး ဘိန်နီး ၏ စကား သည် တိုင်းရင်းသား ဖြစ် သော ကျွန်တော် ၏ တိုင်းချစ်ပြည်ချစ်စိတ် ကို ပိုမိုရွှန်းလက် လာစေသည် ဟု ဆိုချင်ပါသည် ။
ထိုကဲ့သို့ ရိုးစင်းသော ဂေါ်ရခါးမလေး ဘိန်နီး ၏ ရိုးစင်းသော ဘဝ အမြင် ထဲ က ခိုင်မာသော သတ္တိ ကိုလည်း တွေ့နိုင်ပါသေးသည် ။ ထို သတ္တိ ကို လည်း အဝင့်အကြွား မရှိ ၊ ရိုးသားစွာပင် ပြောပြပါသည် ။
••••• ••••• •••••
သားသမီးတွေ ကို ရှာဖွေ ကျွေးမွေးတဲ့ နေရာ မှာ လင် တစ်ယောက်တည်း ကိုပဲ အားကိုး မနေနိုင်ဘူး ။ ပြီးတော့ တာဝန် အားလုံး ကို နင် တစ်ယောက်တည်း အပေါ် လည်း ပုံ မချချင်ဘူး ။
အလှ ပြင်လိုက် ၊ အပြင် ထွက်လိုက် ၊ ပေါ်တာ ဝယ် ဝတ်လိုက် ဆိုတာမျိုး ငါတို့ တွေ နှင့် ဘယ်လိုမှ မပတ်သက်ပါဘူး ။ စင်စစ် တွေးကြည့်မယ် ဆိုရင် ဒီအလုပ် တစ်ခုတည်း နဲ့ အချိန် ကုန်နေခြင်းဟာ လည်း တကယ်တော့ တာဝန်မဲ့ခြင်း တစ်ခု ပါပဲ ။
••••• ••••• •••••
ဤသို့အားဖြင့် ဘိန်နီး သည် တတိယ ကိုယ်ဝန် ရှိလာ သောအခါ ဿာဂျူး အလုပ် ပြုတ်လာ၏ ။ အစိုးရကျောက်တွင်း လုပ်နေရာ အလုပ် ရက်ပျက်လွန်း ၍ အလုပ်ဖြုတ် ပစ်လိုက်ခြင်း ဖြစ်သည် ။ ငွေရှင်ကြေးရှင် တစ်ယောက် က ငွေကြေး ပေးပြီး ခိုင်းသောကြောင့် ဓာတ်တော် ဘက် တွင် ခိုးတွင်း ချပြီး တူးနေ သဖြင့် အလုပ်ရက်ပျက် များရခြင်းဖြစ် သည် ။
အလုပ် ပြုတ်လာသော အခါ ဘိန်နီး က အာလူး ၊ ကြက်သွန် ၊ မုန်ညင်း ၊ ပဲသီး စသည်တို့ကို စိုက်ပျိုးစေချင် သည် ။ ဿာဂျူး က ကြီးပွားချင်သည် ။ ချမ်းသာချင်သည် ။ ထို့ကြောင့် ကျောက်တွင်း ခိုးတူးသော အလုပ် ကို ပင် လုပ်သည် ။
••••• ••••• •••••
လုံထိန်းတပ် က လာ ဖမ်းလို့ ပြေးရလွှားရ ၊ တောင်ပြိုလို့ သေရ ၊ ဖမ်းမိသွားလို့ ထောင် ကျရ ဆိုတဲ့ အန္တရာယ် မရှင်းတဲ့ အလုပ်ကို ကျီးလန့်စာစား လုပ်ရမယ့် အစား စိတ်အေး လက်အေး အလုပ် ကို ပဲ လုပ်စေချင်တယ် ။ ဟွန်ဒါ မစီးရတာထက် ထမင်း ဝဝ စားဖို့ က အရေးကြီး ပါတယ် ။ လောက မှာ ဘာဟာ အရေးကြီးဆုံးလဲ ဆိုတဲ့ အချက် ကို လူတွေ သိရင် အဲဒီနေ့ က စပြီး အားလုံးဟာ ငြိမ်းချမ်းသာယာ လာမှာပါ ။
••••• ••••• •••••
ဤ စကားစုများ သည် ဘိန်နီး ၏ စရိုက် ၊ ဿာဂျူး ၏ စရိုက်များ ကို ပေါ်လွင်စေသည်သာ မက ဇာတ်နိမိတ် ကို လည်း ပြသည် ဟု ဆိုနိုင်ပါသည် ။ ဇာတ်နာစေရန် အထောက် အကူပြုသည် ဟု လည်း ဆိုနိုင်ပါသည် ။ ဿာဂျူး သေရခြင်း ၏ အကြောင်းရင်း မတော်လောဘ ၏ ဆိုးကျိုး ကို လည်း ပိုမို ထင်ရှားစေပါသည် ။ ဿာဂျူး သေကြောင်း သတင်း ကြားရသော အခန်းကလေး ကို မောင်ကျော်သာ ရေးဖွဲ့ ထားပုံမှာ ရိုးရိုးလေး နှင့် ကရုဏာရသ မြောက်ပါပေသည် ။
••••• ••••• •••••
ဓာတ်တော် မှာ တောင်တွန်းတယ် ဆိုတဲ့ သတင်း ကြားတော့ ငါ စိတ်လေးလိုက်တာ ဟာ ၊ ဈေးရောင်းလို့ မဖြောင့်နိုင်ဘူး ။ နင့် အမေ ကလည်း ဈေးစောစော သိမ်းပြီး ပြန်ဖို့ ပြောနေတယ် ။ ဒါပေမဲ့ အိမ်ပြန် ရောက်တော့ ညနေ ငါးနာရီခွဲ နေပါပြီ ။
အိမ် ရောက်ပြီး မကြာပါဘူး ။ နင်တို့ နှင့် တစ်ဖွဲ့တည်း လုပ်တဲ့ “ မန်းဗဟာဒူး ” ရောက်လာပါရော ။ သူ့ ဆီက ပါလာတဲ့ သတင်း ကတော့ ငါ့ အဖို့ မကောင်းဆိုးရွား သတင်း ပေါ့ ။ ဓာတ်တော် တောင်တွန်း တဲ့ အထဲ မှာ နင် ပါသွားပြီတဲ့လေ ။ ခဏချင်း ပြိုကျလာတဲ့ မြေဆိုင်ခဲကြီးတွေ ရဲ့ ပို့ကျမှု ကို ပေ သုံးဆယ်ကျော် နက်တဲ့ လေးပင် ကျင်း ထဲ က နင် တို့ မရှောင်နိုင်ဘူး ဆိုတာ မဆန်းပါဘူး ။ အရှင်လတ်လတ် မြေမြှုပ် သ,တ် သလို ဖြစ်ရတဲ့ အဖြစ် ။ သား တစ်ယောက်တည်း သာ ရှိတဲ့ နင့် အမေ ဟာ ဒီ သတင်း ကို ကြားကြားချင်းပဲ မေ့မြော သွား ရှာတယ် ။ ကိုယ်ဝန်ကြီး နဲ့ ငါ ကတော့ ဘာလုပ်ရမှန်း မသိအောင် ကို ရင် ထဲမှာ တစ်ဆို့ပြီး အရာရာ ကို မေ့လျော့နေ တယ်လေ ။
သတင်း လာ ပေးတဲ့ မန်းဗဟာဒူး က တော့ “ သတိထားပါ ဘိန်နီး ၊ သတိ ထားပါ ” နှင့် အတန်တန် ပြောနေတယ် ။ မနက် က အလုပ် မသွားခင်တောင် နင် ဟာ သမီးကြီး “ သီးသေးဖူးလ် ” ကို နမ်းသွား သေးတယ် မဟုတ်လား ။ ပြီးတော့ ငါ ချက် ထားတဲ့ ထမင်း နဲ့ ဟင်း ကို လည်း အဝ စား သွားသေးတယ် ။ နင့် အမေ သောက်ရေ ဆွဲ နေတော့ နင် က ရေအိုး ကို ယူပြီး ရေဆွဲ ပေးခဲ့တယ် ။
ဩော် ... အခုတော့ လည်း နင် ဟာ ငါတို့ ဆီ ကို ဘယ်တော့မှ ပြန်မ ရောက်လာနိုင်တဲ့ လမ်း ကို ထွက်သွား ပါပြီလား ။
••••• ••••• •••••
ဤ အခန်းလေး မှာ ကြောက်ဖွယ်ရာ ၊ ထိတ်လန့်ဖွယ်ရာ ၊ ကြေကွဲဖွယ်ရာ တို့ဖြင့် ပြည့်နေသော အခန်းကလေး ဖြစ်သည် ဟု ဆိုရပါမည် ၊ ဿာဂျူး အလုပ် မသွားမီ ပြုလုပ် သွားသော လှုပ်ရှားမှု အသေးအဖွဲ့လေးများ ကို ဖော်ပြ လိုက်ခြင်း မှာ သေသူ အား တမ်းတဖွဲ့နွဲ့ ငိုကြွေး နေသော အသံလေးကို ကြားရ သကဲ့သို့ ရှိပါပေသည် ။
••••• ••••• •••••
ဒီဇင်ဘာလ ဆိုရင်တော့ တောင်တန်း တွေ ဟာလည်း တောင်နေကြာတွေ နှင့် ဝါဝါထိန်ရောပေါ့ ။
နိုဝင်ဘာလ ( ၂၇ ) ရက်နေ့ ကပဲ နင့် ရဲ့ တတိယမြောက် ရင်သွေးငယ် ကလေး တစ်ယောက် ကို ငါ မွေးခဲ့ရပြန်ပြီလေ ။ အကယ်၍သာ သည် ကလေး ကြီး လာလို့ သူ့ အဖေ အကြောင်း ကို မေးလာ ခဲ့ရင် လှပတဲ့ တောင်တန်းတွေ ရဲ့အောက် က အကျည်းတန် တဲ့ နင့် ရဲ့အဖြစ် ကို ငါ ဘယ်လို ပြောပြရမလဲ ဆိုတာ အသည်းကျွမ်း တစ်မျှ စဉ်းစား နေရတုန်းပါပဲ ။
••••• ••••• •••••
ဝတ္ထု ကို ဤသို့ အဆုံးသတ် လိုက်ပါသည် ။
ဤ ဝတ္ထု တွင် တောင်နေကြာ နှင့် လှပနေသော တောင်တန်း တို့ သည် အရေးပါသော နောက်ခံ ဇာတ်ပို့ကြီး များ ဖြစ်နေသည် ကို တွေ့နိုင်သည် ။ မောင်ကျော်သာ သည် တောင်နေကြာ တို့ ကို ကြည်နူးမှု ၊ လွမ်းမောမှု ၊ ကြေကွဲမှု အားလုံးတို့ အတွက် အသုံးချ ထားသည် ကို တွေ့နိုင်သည် ။
အထူးသဖြင့် ကျွန်တော် နှစ်သက်ရသော အချက်များ မှာ -
( ၁ ) လူအများ သတိပြုမိခြင်းများ မရှိသေးသော လောကစိမ်း တစ်ခု ကို ရှာဖွေတတ်ခြင်း ။
( ၂ ) သုတ သိလိုစိတ် ကို အခြေခံ၍ မက်လုံး ပြုကာ စာဖတ်သူ ကို ဆွဲဆောင် သွားနိုင်ခြင်း ။
( ၃ ) ဇာတ်လမ်း ဇာတ်ဆောင် နှင့် လိုက်ဖက်သော ရေးဟန်လေသံ ကို အသုံးပြုတတ်ခြင်း ။
( ၄ ) ဘဝအမြင် ၊ လောကအမြင် နှင့် တိုင်းချစ်ပြည်ချစ် စိတ် တို့ ကို သိမ်မွေ့စွာ ထည့်သွင်း ပေးတတ်ခြင်း တို့ပင် ဖြစ်ပါသည် ။
ချွတ်ယွင်းချက် တစ်ခု မှာ “ ပထမနှစ် က ဆို လွတ်ဗဟာဒူး တို့ ကြက်သွန် ပိဿာချိန် တစ်ထောင်ကျော် ရတယ် ။ ကြက်သွန်ဖြူ တစ်ပိဿာ ငွေသုံးဆယ် ဆိုတော့ ကြက်သွန်ဖြူ ပိဿာ တစ်ထောင် ကို ငွေသုံးထောင် ပဲ ” ဟူ သော နေရာမျိုး ဖြစ်ပါသည် ။ တစ်ပိဿာ သုံးဆယ် ဆိုလျှင် ငွေ သုံးသောင်း ။ ငွေသုံးထောင် ဆိုလျှင် လည်း တစ်ပိဿာ သုံးကျပ် ဖြစ်ပါသည် ။ ဤသည်တို့ မှာ မမှားသင့်သော ကိစ္စ ဖြစ်ပါသည် ။ ဤ ကိစ္စမျိုး အတွက် စာဖတ်သူ မျက်ခုံးပင့် အောင် မလုပ်သင့် ဟု ကျွန်တော် ယူဆပါသည် ။
▢ အောင်သင်း
📖သဘင် မဂ္ဂဇင်း
စက်တင်ဘာ ၊ ၁၉၈၄
No comments:
Post a Comment