❝ ဟင် မင်း က မန်နေဂျာ ❞
၂၀၀၆ ခုနှစ် ဩဂုတ်လ ၅ ရက် စနေနေ့ က အောင်လံမြို့ ဝါကြိတ် စက်ရုံကြီး တစ်ခု သို့ ရောက်လေ၏ ။
လေအေးစက် တပ်ဆင်ထားသော ရုံးခန်း ထဲ တွင် စား ပွဲ၌ ထိုင် ၍ တယ်လီဖုန်းစကားပြော နေသော လူငယ်ကလေး တစ်ယောက် ကို တွေ့ရလေ၏ ။
ကျွန်တော် မောင်ချမ်းသာ သည် ခန့်ညားထည်ဝါ သော ဆက်တီ စားပွဲ တွင် ထိုင်ချလိုက်ပါ၏ ။
နားစွင့် ကြည့်လိုက်ရာ ထိုနေ့ က ပေါက်သော ဝါဂွမ်းစျေး နှင့် ဝါစေ့ဈေးများ ၊ အရောင်းအဝယ် စကားများ ၊ ကားကုန်တင် ရမည့် အချိန်းအချက်များ ပြောနေ ကြောင်း သတိပြုမိလေ၏ ။
ပြီးသော် စားပွဲ မှ ထ လာပြီး ကျွန်တော့် ကို လူငယ်ကလေး က နှုတ်ဆက်လေ၏ ။
“ ဦးလေး ရောက်နေတာ ဒီမှာ စကား မပြတ်လို့ ”
“ ရပါတယ်ကွာ ၊ ဒါထက် မင်း က မောင်မျိုး လား လို့ ”
“ ဟုတ်ပါတယ် ဦးလေး ”
“ အေးကွ တို့ က အသက် ကြီးလာတော့ မျက်စိတွေ က သိပ် မဟန်ချင်တော့ဘူး ။ မင်း က မှတ်မိသားပဲ ”
“ ဦးလေး က ကျွန်တော့် အဖေ ရဲ့ ဆရာ လေ ကျွန်တော် သိတာပေါ့ ဦးလေး ဘာအတွက် ”
“ မင်း ဆရာ နဲ့ တွေ့ နိုင်မလားလို့ ”
“ ဆရာ ခရီးထွက် သွားတယ် ၊ မမလေး လဲ ပါသွားတယ် ”
“ မောင်မျိုး ၊ ခုတင်က တယ်လီဖုန်း စကားတွေ အရ မောင်မျိုး က ဒီ စက်ရုံ မှာ မန်နေဂျာ ဖြစ်နေပြီလား ”
“ ဒီလိုပဲ မဟုတ်သေးပါဘူး ဦးလေး ရာ ၊ ကြိုးစားနေတုန်းပါပဲ ”
ကျွန်တော် ထို စက်ရုံ မှ အပြန် ထို ကလေး အကြောင်း ကို စုံစမ်းလိုက်သော အခါ အမှန်တကယ် ပင် မန်နေဂျာ ဖြစ်နေကြောင်း သိရပါလေတော့၏ ။
ကြည့်စမ်း ..
လူငယ်ကလေး ၊
အသက် ဘယ်လောက် ရှိဦး မှာလည်း ၊ သူ့ အဖေ ကျွန်တော့် တပည့် က ၄၅ - ၅ဝ ဆိုတော့ သည် ကလေး အသက် ၂ဝ နဲ့ ၂၅ ကြား ရှိပေလိမ့်မည် ။
ငယ်ငယ်ရွယ်ရွယ်လေး နဲ့ မန်နေဂျာ ဖြစ်နေရသလား ။
ဘာကြောင့်များ ပါလိမ့် ။
ထို ကလေး မှ တစ်ဆင့် သူ့ အဖေ အကြောင်း ရောက်သွားလေ၏ ။ သူ့ အဖေ ကား ကျွန်တော် နှင့် လုပ်ဖော်ကိုင်ဖက် ကုန်ကူးဖက်တွေ ကျွန်တော် က နည်းနည်း အသက် ပို ကြီးတော့ သူ က ဆရာ တင် လို့ ။
သူ့ အဖေ အကြောင်း မှ တစ်ဆင့် သူ့ အဖေ ၏ အဖေ အကြောင်း သို့ ရောက်သွားပြန်၏ ။
ကျွန်တော့် တပည့် ၏ အဖေ ကား ယခုအခါ အသက် ၇၀ - ၈၀ ခန့် ရှိလေပြီ ။
ထို အဖေ ၏ အဖေ ၊ အမေ များ ကား ကွယ်လွန် သွားကြလေပြီ ။
သူတို့ ဘာလုပ်စား ခဲ့ကြသနည်း ။
ကျွန်တော်တို့ အောင်လံမြို့ ကား ဝါ ထွက်ရာ ဒေသ ဖြစ်လေသောကြောင့် သူတို့ မိသားစု အစဉ်အဆက် သည် ဝါ ကို ဝယ်ယူခြင်း ၊ စက် နဲ့ ကြိတ်ခွဲခြင်း ၊ ထွက် လာသော ဝါဂွမ်း ကို ရောင်းချခြင်း ၊ ထွက်လာသော ဝါစေ့ ကို ကုန်ကူးခြင်း ဖြင့် အသက်မွေး ခဲ့ကြလေ၏ ။
၎င်း ကို ဝါသမားများ ဟု ခေါ်ကြလေကုန်၏ ။
ဝါသမား မျိုးရိုးစဉ်ဆက် က ဆင်းသက်ခဲ့ လေသောကြောင့် မောင်မျိုး က ဝါ ကို နားလည်ပြီး မန်နေဂျာ ဖြစ်လေရသလား ။
သည်လို တရားသေ တွက်လို့ မရပါ ။
ကျောင်းဆရာ သား တိုင်း ကျောင်းဆရာ မဖြစ်ပါ ။ ဆရာဝန် သား တိုင်း ဆရာဝန် မဖြစ်ပါ ။ သူဌေးသား သည် သူဌေး ဖြစ်ရမည် ဟူ၍ စာချုပ် ထားတာမှ မဟုတ်တာပဲ ။ သူဌေးသား တွေ ဆေး စွဲပြီး ဘဝ ပျက် သွားကြတဲ့ လူတွေ တစ်ပုံကြီး ။
အဲသလိုပဲ လယ်သမား သား က လယ်သမား ဖြစ် မလာဘဲ အရမ်း ကြိုးစား ထက်မြက်လွန်း လို့ ဆရာဝန်ကြီး တွေ ၊ ပါရဂူကြီး တွေ ဖြစ်သွားတာတွေ လည်း အများကြီး ပါ ။
ဒါဖြင့် သည် ကလေး ငယ်ငယ်ကလေး နဲ့ ဘာကြောင့် မန်နေဂျာ ရာထူး ရ ထားပါလိမ့် ။
သူ ကား သူ့ အဘိုးကြီး ရဲ့ ဝါစက် ထဲ မှာ မွေးခဲ့၏ ။ အဘိုး ကို အားကျ၏ ။ စိတ်ဝင်စား၏ ။ ရည်ရွယ်ချက် ကြီး၏ ။ အောက်ခြေ ဝါစေ့ ကျုံး သည့် အလုပ် မှ စ၍ အကုန် ကျုံးရုန်း လုပ်ခဲ့၏ ။
ဝါလုပ်ငန်း ကို စိတ်ဝင်တစား လေ့လာသောကြောင့် ဝါ ကို မြင် လိုက်ရုံ ကိုင်ကြည့် လိုက်ရုံ မျှဖြင့် အောက်တန်း ကို ( အထွက်နှုန်း ကို ) အကဲဖြတ် တတ် နေလေပြီ ။ တစူးစိုက်စိုက် လေ့လာခြင်း နှင့် အလုပ် ၌ အာရုံ နှစ်ထားခြင်း ၏ အကျိုး ။
ထို ကလေး ကို မျက်စိ ကျသော ကြောင့် ခေတ်သစ် ဝါစက်သူဌေး က ကောက်ယူ ဆွဲတင် လိုက်သော အခါ အားကိုးရသော တပည့် တစ်ယောက် ဖြစ်သွားလေ၏ ။
အားကိုးရသောကြောင့် အားလုံး လွှဲကာ ဝါဝယ် ၊ ဝါဈေးဖြတ် ၊ ဝါစေ့ ဈေးဖြတ် ၊ ဂွမ်းဈေးဖြတ် ၊ ကုန်ရောင်းကုန်ဝယ် စကားပြော ၊ ဆရာ ပြန် မကြည့်ရသော အခြေသို့ ရောက်လာလေ၏ ။
သူ က ဘယ်လိုပင် စကား လျှော့၍ ပြောနေပါ သော်လည်း ...
အမှန်စင်စစ် သည် ဝါစက်ကြီး ၏ ဝယ်ရောင်း မန်နေဂျာ ကား သူ သာလျှင် ဖြစ်လေ၏ ။
အမိ နို့နံ့ မှ မစင်ချင်သေးတဲ့ ကလေး တစ်ယောက် မန်နေဂျာ မဖြစ်ရဘူး လို့ ဘယ်သူ က ပြောသလဲ ။
သည်လို အရည်အချင်း ရှိလာပြီ ဆို သည် နေရာ ကို ရောက်လာရမှာပေါ့ ။
⎕ မောင်ချမ်းသာ
📖ကုမုဒြာ ဂျာနယ်
၂၉ စက်တင်ဘာ ၊ ၂၀၀၆
No comments:
Post a Comment