Tuesday, May 13, 2025

လန်းဖိုင်စာသိုက် ( ဇာတ်သိမ်း )


  ❝ ပြည်တော်ပြန် အကျဉ်းသား ❞

      ( ဒုတိယပိုင်း )


ည သည် ပင်လယ် ၌ ပို၍ တိတ်ဆိတ်နေသည် ။


တချို့ လူများ အိပ်မောကျနေသည် ။ တချို့ ကတော့ အမိ မြန်မာပြည် သို့ ခြေချရတော့မည့် အတွေးများ တွေးနေပေလိမ့်မည် ။ ဤ စက်လှေ ပေါ်၌ အောင်ပွဲခံခဲ့ကြသူ တစ်ဦး မျှ မရှိနိုင်ပြီ ။ များများကြီး ရှုံးသူ နှင့် ရှုံးသူ ချည်းသာ ။ စက်လှေသမားများ မှာ တော့ ခြွင်းချက်ပင် ။


ကျွန်တော့် အတွေးများ က စင်ကာပူ အကျဉ်းထောင်များ  ၊ အချုပ်ဆောင်များ ၊ ရဲစခန်းများ ၊ လ.၀.က အချုပ်များ ၌ ပူပင်သောက အပြည့် ဖြင့် မအိပ်နိုင် ၊ မစားနိုင် ဖြစ်နေကြမည့် သူများ ကို လည်းကောင်း ၊ ပြင်ပ ၌ အလုပ်အကိုင် မဲ့၍ အကြွေး တလည်လည် ဖြင့် သောက ပြည့်နှက် နေ ကြသူများ ကို လည်းကောင်း လှမ်းမျှော်၍ တွေးနေမိသည် ။


ခေတ်ကြီး ကား ပြောင်းလဲနေ၏ ။ လှိုင်းတို့ က ဆတက်ထမ်းပိုး တိုး နေ၏ ။ ဘဝ ရပ်တည်မှု အတွက် လှိုင်းများစွာ ကို ရင်ဆိုင် နေကြရသည် ။ ဘဝ ၏ အာသာဆန္ဒများ နောက်သို့ ကျွန်တော်တို့ လိုက်ခဲ့ကြသည် မှာ ဘယ်တော့ ခရီး ဆုံးမည်နည်း ။


ကျွန်တော် တော့ ရှုံးခဲ့ပြီ ။


ပြန် မရနိုင်သော အချိန် ၊ အရွယ် ၊ အသိ ၊ ဂုဏ်သိက္ခာများ နှင့် တကွ တင်းမာခဲ့သမျှ မာန်မာနများ သည် ဘာများ ခိုင်မြဲပါသနည်း ။ စူဒါနမ် သည် ကျွန်တော့် အား အတိတ်တစ္ဆေ အဖြစ်သာ မြင်မည် ။ ကျွန်တော် သည် သူ ၏ ကောင်းကင် မဖြစ်နိုင်သေး ။ အပြစ်မဲ့သော လူသား တစ်ဦး ကို ကမ္ဘာမြေ ပေါ်သို့ ကောင်းကင် တစ်ခြမ်းပဲ့ ဖြင့် ကျွန်တော် ဆွဲခေါ်ခဲ့မိပြီ ။ ဖခင် ၏ အရိပ် သည် သူ့ အတွက် အရိပ်ဆိုး လို ဖြစ်နေပြီ ။ ကျွန်တော် အတ္တ တစ်ခု တည်း အတွက် စူဒါနမ် သည် လောက အလယ် မျက်နှာ ငယ်ခဲ့ရှာလေပြီ ။


စူဒါနမ် သည် မွေးကင်းစ မှ ပင် ကျွန်တော် ၏ အတ္တ ၊ ကျွန်တော် ၏ ရူးမိုက်မှု ၊ ကျွန်တော် ၏ အဆင်ခြင်ဉာဏ် နည်းမှုတို့ ကြောင့် ကြီးမားလှစွာ သော လောင်းရိပ်မည်းကြီး ကျခံနေရပြီ ။ တရားမဝင် ဖခင် အလုပ်သမား တစ်ဦး ၏ တရားမဝင် သမီး အဖြစ် အသည်းခိုတ်မျှ နာကျင်သော ဘဝမျိုး ဖြင့် လူ့ လောကသို့ ခြေချခဲ့ရပြီ ။ အဖမဲ့မှု သည် ရိုးရိုး မဟုတ် ။ လောကဥပဒေသ များစွာတို့ အကြား ကျွန်တော် ပေးခဲ့သော လက်ဆောင်ဆိုး တို့ ဖြင့် ရှင်သန် ရရှာပြီ ။


ကျွန်တော် ဘာလုပ်ပေးရပါ့ ။


ဖြစ်သမျှ ကို အကောင်းဆုံး ရင်ဆိုင်ပါ ဟူ၍ သာ ပြောနိုင်ပါမည် ။ တစ်ခု ရှိသည် ကား စူဒါနမ်တို့ တိုင်းပြည် သည် သူတစ်ပါး အရေးအရာ များ ကို သိပ် ရေးကြီးခွင်ကျယ် လုပ်တတ်ကြသည် မဟုတ် ။ စူဒါနမ် ရင်ဆိုင်ရမည့် ပြဿနာများ မှာ ကျွန်တော် အား ဖခင် အဖြစ် သိလိုက်ချိန် မှ စ၍ အရာရာ ကွဲပြား ခြားနားသော လူမှုဘဝ ၏ ဂယက် တို့ သာ ဖြစ်ပါလိမ့်မည် ။


ကျွန်တော် နောင်တ ရပါသည် ။


မတူညီသော အိမ်ထောင်ရေး နှစ်ခု ကို အတင်းကာရော ဖန်တီးခဲ့သည့် အတွက် အပြစ်မဲ့သူ များစွာတို့ စိတ်သောက ရောက်ကြရပြီ ။ ဖိုင် နှင့် ဇနီးအေး တို့ ဆွေမျိုးမိတ်သင်္ဂဟ များစွာတို့ အတွက် ကျွန်တော် မတရားမှု ပြုသူ ဖြစ်ခဲ့ပြီ ။


ကျွန်တော့် သားသမီး တို့ အတွက် ကျွန်တော် သည် အရိပ်ဆိုးသမား ဖြစ်ခဲ့ပြီ ။ ကျွန်တော့် လုပ်ရပ်များ အတွက် သူတို့လေးများ ၏ လောက အလယ် သို့ အပြစ်မဲ့စွာ ရောက်လာကြသော ကလေးငယ်များ သည် ကျွန်တော့် ကြောင့် အပျော်ကင်းမှုများ ကြုံရတော့မည် ။


သူတို့ အတွက် သင်ခန်းစာ ယူတတ်ပါ မှ သာ အဆိုး ထဲမှ အကောင်း ရပါမည် ။ ကျွန်တော့် လို လောကဓံ အား မကြောက်မရွံ့ ရင်ဆိုင်လိုစိတ် လေးများ ရှာကြံ တွေးတတ်လျှင်ဖြင့် သူတို့ အတွက် ဖြေသာစရာ အနည်းငယ် ရှိမည် ။


သားသမီး ဟူသည် ကား အရွယ် ရောက်လာလျှင် မိဘ အား အကဲဖြတ်ကြ စမြဲပင် ။ မည်သည့် သားသမီး မဆို မိဘ အား အကဲဖြတ် ကြသည် ချည်းပင် ။ သူတို့ သိထားသည့် စံတန်ဖိုးများ ဖြင့် တွက်ကြ သည် ချည်းပင် ။ စံ တန်ဖိုး များ လေလေ ။ ခေါင်းမော့ ရင်ကော့ နိုင်လေ ပင် ။ ကျွန်တော် ကား စံတန်ဖိုး နည်းလှ၏ ။


ဖိုင် နှင့် ဇနီးအေး တို့ သည် လည်း သူတို့ တစ်သက်တာ ခံစားရသမျှ သူတို့ သားသမီးများ အား ရင်ဖွင့်ကြ လိမ့်မည် ။ မနည်းမနော ခံစားခဲ့ရသည့် ကျွန်တော့် ထိုးနှက်မှုများ ကို စာရင်း တင်ကြပေလိမ့်မည် ။ အသက်အရွယ် ကြီးရင့် လာလေလေ ချစ်စိတ် ခွင့်လွှတ်စိတ်တို့ အား ပြည်ဖုံးကားချလေလေ မို့ ကျွန်တော် သည် မိသားစု နှစ်ခု ကြား ကိုယ် စိုတ် သမျှ ပြန် ရိတ်သိမ်းရ တော့သည် ။


သူတို့ ကျွန်တော့် ကို မပြောလို သော်ငြား ရင် မှ ဖွားသည့် သားသမီး တို့ အား မပြောဘဲ နေမည် မဟုတ် ။ ဤသည် ကား တရားမျှတပါသည် ။


ကျွန်တော် ကျေနပ်ပါသည် ။


ကျွန်တော် ပြုခဲ့သမျှ ကောင်းမွေ ဆိုးမွေ တို့ အား ဘယ်မှာ မျက်နှာ လွှဲ နိုင်ပါမည်နည်း ။ အထူးသဖြင့် စူဒါနမ် ဘက်မှ တွေး၍ တွေး၍ နာကြည်း လေသမျှ ကျွန်တော် ခွင့်လွှတ်ရမည် ။ စူဒါနမ်သည် အထိ အနာဆုံး ဖြစ်သည် ။ ထို့အပြင် စနေသမီး မို့ ထူး၍ စိတ်အမှတ် ကြီးပေမည် ။ သူ့ ဘဝခရီးလမ်း ၌ ကျွန်တော့် သွေးကြောင့် စိတ်ထင်ရာ စိုင်းမိသည့် အဖြစ်မျိုး ကြုံလေတိုင်း သူ ကျွန်တော့် အား စိတ်ဆိုး ထိုက်ပါသည် ။ ကျွန်တော် တတ်နိုင်သည် က မည်သည့် လောကဓံ ကို မှ မရှုံးပါစေ နှင့် ဟု လတ်တလော ဆုတောင်း ပေးနေရုံသာ ဖြစ်သည် ။


ကျွန်တော် လူ ဖြစ်ရပုံ အစ သည် လည်း စူဒါနမ် ကဲ့သို့ပင် ။


အမေ သည် ငယ်နုစဉ် က ဆရာမကြီး ခင်နှင်းယု ၏ ဝတ္ထုတစ်ပုဒ်အား အတော် စွဲလမ်းခဲ့ရှာသည် ။ နေ့သင့်နံသင့်သော သားယောက်ျားလေး မွေးဖွား ပါ လျှင် ထို နာမည် ပေးမည် ဟု ချင်ခြင်းတပ်ခဲ့သည် ။


ဆရာမကြီး ၏ ဇာတ်ကောင် သည် ကား အရာအားလုံး ကို ကျော်ဖြတ် လျှင် သူ ၊ အတိုက်အခံများ သူ ၊ ဘဝ ကြမ်းကြီး ကို ဖြတ်သန်း သူ ဖြစ်သည် ။ ကျွန်တော် သည် ထို ကံ အတိုင်း လူ ဖြစ်ခဲ့ရသည် ။ ကျွန်တော့် မှာ ရွေးချယ်ပိုင်ခွင့် မရှိ ။ အမေ့ ကို အပြစ်မတင် ၊ ဆရာမကြီး ကို လည်း အပြစ်မတင် ။ ကျွန်တော် ကရမည့် လောကဇာတ်ခုံ ပေါ်၌ ဇာတ်ဝင်ခန်း အတိုင်း သာ ကျွန်တော် ကခဲ့ခြင်း ပင် ။ စူဒါနမ် သည် လည်း ထိုသို့ ကရပေမည် ။


စူဒါနမ် အား ကျွန်တော့် သမီး အဖြစ် သိရှိသွားချိန် မှ စ၍ ဥပဒေသ များစွာတို့ အောက်သို့ သွတ်သွင်းကြပေမည် ။ ခွဲခြားကြပေမည် ။ အခွင့်အလမ်းများ ပယ်ချကြပေမည် ။ စူဒါနမ် ဘာ အပြစ် မှ မကျူးလွန်သေး သော်ငြား ကျွန်တော့် လို တရားမဝင် နိုင်ငံသား တစ်ဦး ၏ သမီး ဖြစ်ခြင်းကြောင့် ဥပဒေသ တို့ ၏ စီရင်ထုံးဖွဲ့မှု တို့ ဖြင့် ဒဏ်ခတ်ကြပေမည် ။ ခွဲခြားမှု ၊ ဖိနှိပ်မှု ၊ တားမြစ်မှု စသည့် စာအုပ် ထဲ မှ လက်စွဲတရားများ ဖြင့် ။


လူတို့ စွဲသော ဥပဒေသများ သည် တစ်ခါတစ်ရံ မေးခွန်းထုတ်စရာ များ သီတန်း နေတတ်ပါသည် ။ ကျွန်တော် သည် ခံရသည့် ဘက်က ကျုံး အော် နေသည် မဟုတ် ။ စူဒါနမ် ခံစားရမည့် ဒုက္ခများ အတွက် ရဲရဲသာ ရင်ဆိုင် စေလိုသည့် ဆန္ဒ အပြည့် ရှိပါသည် ။ ထို့အတူ သားသမီး ဟူသော ချစ်ခြင်းကြောင့် သက်သောင့်သက်သာ လျှော့ ပေါ့စေလိုသည် ကို လည်း မငြင်းပါ ။


စူဒါနမ် သည် လူ ဖြစ်စ မှာ ပင် ကျွန်တော့် ကြောင့် ကံဆိုးခဲ့ရပြီးဖြစ်သည် ။ မွေး ကတည်းက မကျက်သော အနာ ဖြင့် ရှင်သန်ခဲ့ရသူဖြစ်သည် ။


ထိုင်းဘုရင်မင်းမြတ် ၏ ပြည်သူပြည်သားများ ကြား၌ စူဒါနမ် သည် တမင် ပုံသွင်းခံရသော အပြစ်မဲ့ ကလေးငယ် သာ ဖြစ်သည် ။ ကျွန်တော့် ကြောင့် သူ့ ကို အပြစ် ပေးပါလျှင် ခံသာသော အပြစ် မျှ သာ ပေးစေလိုပါသည် ။ ကျွန်တော့် အား အပြစ်ပေးမည် ဆိုလျှင် စူဒါနမ် ကိုယ်စား အပြစ် များအား ခံယူရန် အသင့်ပင် ။ ထိုင်းဘုရင်မင်းမြတ် ၏ ကရုဏာတော် ဖြင့် စူဒါနမ် အား တစ်ဆင့် နိမ့်သော နိုင်ငံသား အဖြစ်မှ ကင်းလွတ်ခွင့် ပေးပါလျှင် ကျွန်တော် ဝမ်းမြောက်ရပါမည် ။ စူဒါနမ် အား လူ့လောက သို့ အဓမ္မ ခေါ်ဆောင်ခဲ့သည့် ပြစ်မှု အတွက် ကျွန်တော့် အား ထိုက်သင့်သော ပြစ်ဒဏ် ပေးပါလျှင် ကျွန်တော် မငြင်း ။


ပင်လယ် မှ လေညင်းသည် ကျွန်တော့် မျက်နှာ ပေါ်သို့ တိုးဝင်လာ သည် ။ စက်လှေ ခုတ်မောင်းသံ က အချက်ကျကျ ထွက်ပေါ်နေသည် ။


ကျွန်တော့် လို အရှုံးသမားတွေ ကမ္ဘာတစ်လွှား ၌ မည်မျှ များ ခဲ့လေပြီနည်း ။ ငယ်စိတ် ၊ ငယ်သွေး ၊ ငယ်မာနများ ဖြင့် လောက အလယ် သို့ ဆွဲခေါ်ခဲ့သော အဖေဝေး သားသမီး တို့ သည် ကျွန်တော် တို့ ကြောင့် ဝဋ်ကြီး ဝဋ်ငယ် ခံနေကြရရှာပြီ ။


ဘာမှ အသုံးမကျသော မာနများ ကို ကျွန်တော် သိလာခဲ့ပြီ ။


နိုင်ငံရပ်ခြား ၏ ဒုက္ခတရားများ ကို တစ်သက်စာ နီးပါး ရခဲ့ပြီ ။ အမိမြေ သည် ကျွန်တော့် အတွက် လေးရှာ ဦးမည် ။


ကျွန်တော့် နား ထဲ၌ ထောင် ထဲမှ ကြိမ်သံများ ၊ လေထဲ တရွှမ်းရွှမ်း ပျံဝဲသံများ ၊ တိုင်းပြည် လူမျိုး ဖြင့် ချီ ၍ ဆဲရေးတိုင်းထွာ ခံရမှုများ ၊ ဂုဏ်သိက္ခာပိုင်း ဆိုင်ရာ အစော်ကား ခံရမှုများ ၊ နား အဓမ္မကျင့် ခံရမှုများ ၊ အလုပ်ရှင်များ ၏ မောက်မာရိုင်းပျမှုများ အို ဘယ်တော့ ဆုံးပါမည်နည်း ။


ပညာမဲ့သော ဘဝ ၊ အာမခံချက် ကင်းမဲ့သော တရားမဝင် အလုပ်သ မား ဘဝ ၊ ဇာတိမြေ ကို စွန့်၍ ကျွန် တံဆိပ် ကပ်ကာ ရုန်းခဲ့သော်ငြား ဘဝ ဒဏ်ရာများ မှ လွဲ၍ ဘာမှ အပို မရခဲ့ ။ ဤ ရာဇဝင်ကြွေး ကို တစ်နေ့တော့ ဆပ်ရလိမ့်မည် ။ အမိမြေ သည် သာ ထိုအကြွေး ကို ဆပ်နိုင်လိမ့်မည် ။ ဤသည် မှာ ကျွန်တော် တစ်ဦးတည်း၏ ဆန္ဒ မဟုတ် ။ ပြည်ပ ရောက် ဗမာ လူမျိုးတိုင်း ၏ ဆန္ဒ သာ ဖြစ်ပါလိမ့်မည် ။


သူတစ်ပါး တိုင်းပြည် သို့ သွားရောက်၍ အသက်မွေးဝမ်းကျောင်း နှင့် ဥစ္စာဓန ရှာဖွေခဲ့ရာ မှ ရရှိသော အကြွေး သည် အမိမြေ ၏ ထွန်းတောက်မှု ဖြင့်သာ ဆပ်နိုင်မည် ။ အမိမြေ ဆင်းရဲ နေသမျှ ၊ မွန်းကျပ် နေသမျှ ၊ ထို အကြွေး တို့ တစ်နေ့တခြား တိုး လာလိမ့်မည် ။ ကိုယ့် တိုင်းပြည် ချမ်းသာ မှ ဖြစ်တော့မည် ။ ကမ္ဘာ နှင့် ရင်ဆိုင်သော စွမ်းပကား ရှိမှ ဖြစ်လိမ့်မည် ။ အာရှတိုက် သည် အကွေ့အကောက် ၊ ကုန်းမြင့် ၊ ချိုင့်ဝှမ်း ပေါ သကဲ့သို့ လူလူချင်း လူလည်လုပ်ခြင်း ၊ ထွန်းကားရာ အရပ် ဖြစ်သည် ။ ပဒေသရာဇ်စိတ် အလိုလို ထွန်းကားရာ အရပ် ဖြစ်သည် ။ အမြတ်ကြီးစားမှု ၊ ခေါင်းပုံဖြတ်မှု ၊ အသားလှီးစားမှု ပေါကြွယ်ဝရာ အရပ် ဖြစ်သည် ။ အာရှသားတို့ သည် အာရှ ၏ ချို့ယွင်းချက် ကို ကောင်းကောင်းကြီး သိ ပြီးဖြစ်သည် ။ တစစ ပြုပြင်ပြောင်းလဲမှုများ အားကြိုးမာန်တက် ကြိုးပမ်း နေကြပြီး အာရှ ၏ စီးပွားရေး ဖြစ်ထွန်းမှုသည် လူတို့ ၏ အသက်သွေး ချွေးများ အဆမတန် ပေးဆပ်မှု အပေါ် ထွန်းလင်းနေရ ခြင်းဖြစ်သည် ။ ချိန်ခွင်လျှာ မညီသော ကြွယ်ဝမှု နှင့် ဆင်းရဲမွဲတေမှု ကြောင့် ငြိမ်ချက် မသေ ၊ တစ်နေ့တွင် အာရှ သည် ပေါက်ကွဲဦးမည် ။


ကျွန်တော်တို့ ရပ်နေကြဦးမည်လား ။


ကျွန်တော် တော့ အရှုံးတရား ထဲ၌ ငုတ်တုတ်ထိုင် မနေနိုင် ။ ဗမာ လူမျိုး ၏ ဦးနှောက် နှင့် စွမ်းပကား သည် ကမ္ဘာ ကို ခါးစောင်းတင် နိုင်သည် ဟု ယုံကြည်သည် ။ ထိုကဲ့သို့သော ခေါင်းဆောင်များ ထောင့် အသီးသီး မှ ပေါ်ထွက်လာပါ က ကျွန်တော်တို့ မျိုးဆက်များ အကြွေး ဆပ် နိုင်လိမ့်မည် ။


ကျွန်တော် အသားလွတ် ကြွေးကြော်နေသည် လား ။


နားထောင်လို့ ရပါသည် ။


နယ်စပ် အသီးသီးမှ အချုပ်ဆောင်များ ၊ အပြည်ပြည်ဆိုင်ရာ အကျဉ်းထောင်များ မှ ကျွန်တော်တို့ လူမျိုး တရားမဝင် အလုပ်သမား များ ၏ တောက်ခေါက်သံများ ၊ ခေါင်းပုံဖြတ်ခံ ဂုဏ်သိက္ခာ စော်ကားခံ နေရသော အလုပ်ခွင် အသီးသီးမှ နာကြည်းသံများ ၊ ကာမကုန်သွယ်ခံ နေရသည့် ဒုက္ခသည် များ ထိုသို့သော မြောက်မြားလှ သည့် ဒဏ်ရာအနာတရ ဆူပွက်သံများ သည် သမိုင်း ကို တွန်းလှန် နေကြခြင်း ဖြစ်သည် ။


ထို့အပြင် ဂျပန် ၊ တိုင်ပေ ( တရုတ် ) ၊ ကိုရီးယား ၊ တရုတ် စသည် အနီးစပ်ဆုံး နိုင်ငံများ ၏ သမိုင်းကြောင်း ကို ပြန် ကြည့်လျှင် ဆင်းရဲမွဲတေ သော နိုင်ငံ အဖြစ် မှ ဆယ်စုနှစ် အနည်းငယ်အ တွင်း ကမ္ဘာ့ထိပ်သီး နိုင်ငံ အဆင့်သို့ တက်လှမ်း နိုင်ခဲ့သည့် သာဓကများ ရှိနေကြသည် ။ ( ဆရာမြသန်းတင့် ၏ အာရှ အရုဏ်ဦး ဘာသာပြန် ၌ ကြည့်ရန် )


နည်းစနစ်များ ၊ ပြည်တွင်း ငြိမ်းချမ်းမှုများ ၊ ရေမြေသယံဇာတ အ သုံးချတတ်မှုများ နှင့် တကွ လုပ်ကြစို့ ဟူသော စိတ်ဓာတ်များ ဖြင့် ချီတက်နိုင်ပါမည် ။ ကျွန်တော်တို့ လက်ပန်းကျ ခဲ့လျှင် ကျွန်တော်တို့ ၏ သားစဉ်မြေးဆက်များ ကို ကျွန်တော်တို့ အားကိုး ကြရမည် ။ အနိမ့်ကျဆုံး ၊ အဆင်းရဲဆုံး ၊ ဒုက္ခတွင်း အနက်ဆုံး ဘဝများ သည် အနာဂတ် အတွက် အလင်းစွမ်းပကား မျိုးစေ့များ ဖြစ်ကြပါသည် ။


အမိမြေ သည် ကျွန်တော်တို့ ကြောင့် သိက္ခာ ပွန်းခဲ့ပြီ ။


ထို အကြွေး ကို မုချမသွေ ဆပ်ရမည်သာ ။

  

          ( ပြီး ပါ ပြီ )

       

 ▣  မာန် ( တောင်လုံးပြန် )

📖 လန်းဖိုင်စာသိုက် 

No comments:

Post a Comment