❝ မိုးဘွဲ့ရစ်သမ် ❞
( ဇော်ဇော်အောင် )
မိုးကလေး တစ်မ နှစ်မ ၊ ဤ မြေကမ္ဘာ ရွှေမြန်မာ မှာ ရွာစ ပြုပြီ ရွာခဲ့ပြီပေါ့ ။ ငုပ်လျှိုးနေသော အဝါရောင် ကို ဖွင့်လှစ် လိုက်သည် ။ ပိတောက် လက်ကျန် တို့ ခါယမ်းပွင့်စင် လာကြလေပြီ ။ တစ်မြို့လုံး တစ်ရွာလုံး ပိတောက်ဝါတွေ ထိန်ထိန်ဝင်း လို့ ။ တစ်ရပ်ကွက်လုံး ၊ တစ်ဈေးလုံး ၊ ပိတောက်တွေ ထိန်ထိန်ဝါ လို့ ။ လေ ထဲ မှာ ရလိုက်သော ပိတောက်ပန်း ၏ ရနံ့သည် အမျိုးသားပန်း ၏ ရနံ့ ဖြစ်သည် ။ မြန်မာအမျိုးသားတို့ ၏ ရနံ့ ဖြစ်သည် ဟု တစ်စုံတစ်ယောက် က ပြောသည် မှာ ဟုတ်တန်ရာ၏ ။ ပိတောက် ကို လည်း ချစ်သည် ။ ပိတောက်ချစ်သူ ကို လည်း ချစ်သည် ဟု လွန်ခဲ့သော နှစ် ( ၂၀ ) လောက် က ပြောခဲ့သော စကား ။ ဪ ... မိုးစက်မိုးပေါက်တွေ ။ အေးမြခြင်း ကို သယ်ဆောင် လာ၍ အဝါရောင်ဘဏ်တိုက် ကို ဖွင့်လှစ်ခဲ့ပေပြီပေါ့ ။
••••• ••••• •••••
မြန်မာကဗျာ လောက မှာ CONCERTE ကဗျာ ၊ ပုံဖော်ကဗျာတွေ ကို တော်တော်စောစော က စမ်းသပ် ရေးခဲ့တဲ့ ပုဂ္ဂိုလ်တွေ ထဲမှာ တစ်ယောက် အပါအဝင် ဖြစ်တဲ့ ကဗျာဆရာနောင် ။ သူ စပ်တဲ့ သီချင်း ။ တိမ်တမန် ။ ကွယ်လွန်သူ စန္ဒရားပညာရှင် စန္ဒရားလှထွတ် တီးခဲ့ ဆိုခဲ့တယ် ။ ရှားရှားပါးပါး ။ တိမ်စိုင်ညို့ညို့တွေ တက် လာပြီ ။ ခဲသားရောင် ကောင်းကင် မှာ ဗျိုင်းဖြူ တစ်အုပ် ပျံသန်း သွားတယ် ။ လှလိုက်တာ ။ အဲဒီလို အလှမျိုး မပျက်စေချင်ဘူး ။ တိမ်တွေ မိုးစက်တွေ ကို သယ်ဆောင် လာပြန်ပါပြီ ကော ။ မိုးစက် မိုးပေါက်တွေ ကလည်း အေးမြခြင်း ၊ စိမ်းလန်းဝေဆာခြင်း ကို သယ်ဆောင် လာကြပါ လိမ့်မယ် ။ “ အောင်မင်္ဂလာ ... သင်္ဂါဆောင်ဗွေ ၊ တောင်ခြေရစ်သန်း ၊ စကြာအဆူဆူ ၊ ရှစ်ဖြူကာလွှမ်း ၊ ကျက်သရေလျှမ်း ၊ ပြည်တော်ရွှေမန်း ၊ ငါးထောင်လေသိုက်ကျမ်း ၊ စိုက်နန်းရယ် ၊ တည်တော်မူ …” ချစ်သော မန္တလေး မှာ လူသန့် သွားပါတော့မည် ထင်ပါရဲ့ ။ အချစ်ဆုံး ရဲ့ ဝင်းမွတ်ဖြူဥ နေတဲ့ လည်ကုပ် ဆံစ ကို မိုးသက်လေ တိုးဝှေ့ တိုက်ခတ် သွားတယ် ။ အချစ်ဆုံး အေးမြပါစေ ။ သက်တောင့်သက်သာ ရှိပါစေ ။ မိုးတွေ ရွာ လာပြီပေါ့ ။
••••• ••••• •••••
ဥတု သုံးလီ ၊ ရာသီ ဆယ့်နှစ်ပါး ၊ ပုံမှန် လှည့်လည် သွားနေတဲ့ စက်ဝန်း မှာ မိုး ရဲ့ ရစ်သမ် ကို ကြားရပြီလား ။ ပုံမှန် ဝင်ရောက် လာတဲ့ မုတ်သုံလေ နဲ့ အတူ မိုး ဟာ မြန်မာနိုင်ငံ ကို အချိန်မှန် ရောက်ရှိလာမြဲ ၊ အေးမြခြင်း နဲ့ ရှင်သန်စိမ်းလန်းခြင်း ကို ယူဆောင်လာမြဲ ၊ တစ်ခါတစ်ရံ တော့ ပုံမမှန် ၊ စံသွေ ပြီး ဘင်္ဂလား ပင်လယ်အော် မှာ ဖြစ်စေ ၊ အရှေ့တောင် က ဗီယက်နမ် ၊ တုံကင် ပင်လယ် မှာ ဖြစ်စေ မုန်တိုင်းတွေ ဖြစ်တတ်သည် ။ ပုံမှန် မဟုတ်ဘူး လို့ ဆိုရမှာ ပေါ့ ။ အဲဒီ အခါမျိုးမှာ ဘင်္ဂလား ပင်လယ်အော် က ဆိုရင်တော့ တိုက်ရိုက်ပေါ့ ။ အဲဒီ မုန်တိုင်းတွေ ဝင်လာတတ်တယ် ။ တိမ်ညို တွေ ဆိုင်း ၊ မိုး တွေ မှိုင်း ပြီး ၊ ပတ်ဝိုင်းဝန်းဝေ့ လို့ ရွာပါပြီ ၊ စိုစွတ်အေးမြစွာ မြေကမ္ဘာ က ဝမ်းသာမယ် မကြံရသေးခင် .. မိုးစက် ရစ်သမ်တွေ ပျက်ခဲ့ရပြန်ပြီ ။ အရင် နွေ အတိုင်း ပူလောင်ပြင်းပြလာတတ်တဲ့ အခါလည်း ရှိတယ် ။ တစ်ကျော့ပြန် လာတဲ့ အပူရှိန် ဟာ ပို ပြင်းတတ်တယ် ။ ဒါပေမဲ့ ပုံမှန် မုတ်သုံ လာပါတော့မယ် ။ ကမ္ဘာ မြေ ကို ကောင်းချီး ပေးဖို့ အလှည့်ကျ လာပါပြီ ။ မိုးသက်လေ အဝှေ့ မှာ ယိမ်းနွဲ့လူပ်ရှား နေတဲ့ မိုးပုတီးစေ့ ကန့်လန့်ကာ ကို အသာအယာ ဖယ်မ ကြည့်လိုက်ပါ ။ မြန်မာနိုင်ငံ ၏ ကျက်သရေပေါင်းစု စိမ်းလန်း ရှင်သန်ခြင်း ထုထည် ကို ပိတောက်ပန်း ၊ အဝါရိပ် တို့ ၏ ကြား တွင် အသေအချာ မြင်တွေ့ ရပါလိမ့်မယ် ။ မင်္ဂလာပါ ... မြန်မာ့ မိုးရာသီ ။
▢ ဇော်ဇော်အောင်
📖အင်တာဗျူး ဂျာနယ်
၂၉ မေလ ၊ ၂၀၀၂ ခုနှစ်
No comments:
Post a Comment