Friday, May 2, 2025

လန်းဖိုင်စာသိုက် ( ၁၃ )


 

❝ ပတ်စ်ပို့ ဝယ်ရင်း အိမ်ပြန်ခဲ့ရခြင်း ❞ 
( ပထမပိုင်း )

ကျွန်တော် ၊ အီစွတ် နဲ့ ဖိုင် တို့ စာတိုက်ကြီး ကို လာခဲ့ကြသည် ။ ‘  စီလို ’ ဘက် ကို လာရတာမို့ အီစွတ် က ဖိုင့် ကို ပါ အဖော် ခေါ်လာသည် ။ လာရင်း ကိစ္စ က အီစွတ် သူငယ်ချင်း တစ်ယောက် မြန်မာပတ်စ်ပို့ဒ် ဝယ်ဖို့ ကိစ္စပါ ။ အီစွတ် က ပွဲစား ၊ စာအုပ် က အခုမှ မြန်မာပြည် မှ ထွက်လာသည့် စာအုပ် ဖြစ်၍ ဘတ်နှစ်သောင်း လောက် ပေးရမယ် လို့ ပြောပါတယ် ။ အီစွတ် သူငယ်ချင်း က စက်ရုံ က သူဌေးလူယုံ ဖြစ်နေတဲ့ အတွက် ပတ်စ်ပို့ဒ် ကိုင်ချင်သည် ။ သူဌေး ကလည်း ကားတစ်စီး နဲ့ သွားလေရာ ခေါ်သွားဖို့ အတွက် ပတ်စ်ပို့ဒ် ရှာခိုင်းသည် ။ ငွေ လည်း ထုတ်ပေး၏ ။ ဒါကြောင့် အီစွတ် က တာဝန် ယူပြီး လာ ဝယ်ပေးခြင်းပင် ။

ကား ပေါ် က ဆင်းတာနဲ့ အီစွတ် ကို ( လ.၀.က ) က ပြေးဖမ်း တော့သည် ။ အီစွတ် ထွက်ပြေးလို့ လွတ်သွားပါတယ် ။ ကျွန်တော့် ကို တော့ ဖိုင် နဲ့ တွဲလာတဲ့ အတွက် ထိုင်း ဟု ထင်ပုံရသည် ။ လာ မဖမ်းပါ ။ ဖိုင့် လက် ထဲမှာ ပိုက်ဆံ အပ်ထားတဲ့ အတွက် တက္ကစီ ငှားပြီး ပြန်လာခဲ့ကြ ပါတယ် ။ အိမ် ရောက် တော့ အီစွတ် လည်း ရောက်နေပြီ ။ သူ ထပ် မသွား ရဲတော့ ။ ရောင်းမယ့် လူ က မလာသေးလို့ ဖုန်း ထပ်ခေါ်သည် ။ လာပို့ပါ လို့ ပြောပေမယ့် ဟိုက လာ မပို့နိုင်ကြောင်း ပြောပါတယ် ။ နောက်ဆုံး ကျွန်တော့် ကို လွှတ်ဖို့ အီစွတ် က ပြောလာပါတော့တယ် ။

“ မသွားချင်းဘူ အီစွတ် ရာ တစ်ခုခု ဖြစ်ရင် ငါ မလျော်နိုင်ဘူး ” 

“ မင်း ပုံကို ဘယ်သူမှ မဖမ်းပါဘူး ။ သွားသာ သွားပါကွာ ” 

“ အပြင်ဘက် ကို ချိန်းကွာ ။ ဒီ လူတွေ လုပ်ပုံ ငါ သိပ် သဘောမကျဘူး ” 

“ အာ မင်း ကလည်း ( လ.၀.က ) က သူ့ ဟာ သူ ဖမ်းတာပါကွာ ” တဲ့ ။

“ ဒါကို ငါ သိပါတယ် ။ သူ့တို့ လည်း အပြင် ထွက်ခဲ့သင့်တာ ကို ပြောတာပါ ”

ဖိုင် က ကျွန်တော် သွားမယ့် ကိစ္စကို သဘော မကျပါ ။ ဒါကလည်း အကြောင်း ရှိလို့ ပါ ။ ကျွန်တော် ‘ ဝမ်မခ ’ ရဲစခန်း က လွတ်လာတာ ဘာမှ မကြာသေးဘဲကိုး ။ အချုပ် ထဲမှာ ဆယ်ရက် တောင် နေလိုက်ရသည် ။ ပတ်စ်ပို့ဒ် ဗီဇာ ကုန်နေတုန်း ရဲ က လာစစ်၏ ။ လမ်း မှာ ဖြစ်နေတော့ ဘယ် လိုမှ ရှင်းလို့ မရ ။ ရဲစခန်း ရောက်မှ ဖိုင်တို့ ကို အကြောင်းကြားရပြီ ။

ကျွန်တော် မှာ သက်သတ်လွတ် စားနေချိန်မို့ အချုပ် ထဲမှာ အတော် နေရခက်သည် ။ သက်သတ်လွတ် စား ရတာကလည်း ကိုးကွယ်မှု တစ်ခု ကို လိုက်စားမိခြင်း သက်သက်သာ ဖြစ်၏ ။ ထိုကိစ္စမှာ က “ ကိုဆန်း ” ဆိုသည့် မိတ်ဆွေ ယူလာ ပေးသည့် သက်သတ်လွတ် သမား ။ ဂိုဏ်းတစ်ခု ပင် ထူ ထောင်ထားသည် ။ အသား မစားခြင်း ရဲ့ အကျိုးအာနိသင်များ ပြောထား ပုံ မှာ လက်ဖျား ခါ လောက်၏ ။ အကိုးအကား မျိုးစုံ ပြသည် ။ သက်သေ သာဓက များ ဖော်ဆောင်သည် ။ ထိုအရာများ ကို ထိုင်းနိုင်ငံ အတွင်း၌ မြန်မာဘာသာ ဖြင့် ပြန်ဆိုပြီး ဝါဒ ဖြန့်သည် ။ ကျွန်တော် တော်တော် စွဲလမ်း နေမိသည် ။

အချုပ် ထဲ ရောက်ပြီး တစ်ပတ်လောက် ကြာသောအခါ ကျွန်တော် ပြန်စဉ်းစားရင်း ရှက်လာမိတော့သည် ။ အယူဝါဒ လွဲနေပြီ ဟု သိရချိန် တွင် နောင်တ ရမိသည် ။ ကျွန်တော် စိတ်ကြီး ဝင်မိသည် မှာ ရှက်စရာ ကောင်း လှတော့သည် ။ အယူဝါဒ လွဲမှားခြင်းကို တွေးရင်း ကြောက်နေမိသည် ။ ကျွန်တော် အချုပ် မှ လွတ်ရန် အတွက် ဖိုင် နှင့် သူ့ အဖေ တို့ က ကြိုးစားပေး၏ ။ ‘ ဝမ်မခ ’ အချုပ်သည် ခန်းမကျယ်ကြီး နှစ်ခု ရှိပြီး အရှေ့၌ အမျိုးသမီး အချုပ်ဆောင် သီးသန့် ခွဲထုတ်ထားသည် ။ ဝင်ပေါက် ထွက်ပေါက် မှာ လည်း တစ်ခုတည်း ဖြစ်၏ ။ တာဝန်ကျ ရဲမှာ လည်း စိတ် အမျိုးမျိုး ရှိကြသည် ။ တချို့ ရဲ က နေ့လည် နေ့ခင်း အိပ် လျှင် မကြိုက် ။ ကြမ်းခင်း ကို ရေ လာ၍ လောင်းသည် ။ သူ ထွက်သွားလျှင် မြန်မြန် ခြောက်အောင် အင်္ကျီများ ကို ယပ်တောင် လုပ်၍ ခတ်ရသည် ။ တချို့ ရဲ ကျတော့ တန်းစီ ထိုင်ခိုင်းပြီး အကြာကြီး နေစေသည် ။ ဆေးလိပ် ဝင် ရှာ တတ်သည့် ရဲ လည်း ရှိသည် ။ လူစာရင်း ကို တစ်နေ့ လေးကြိမ်ခန့် ဝင် စစ်သည် ။

အချုပ် ထဲမှာ မြန်မာ ဟူ၍ ကျွန်တော် နှင့် အာမက် သာ ရှိသည် ။ အာမ က်လည်း ရိုတီသမား ဖြစ်သည် ။ သူ လည်း ( လ.ဝ.က ) မရောက်ရန် ကြိုး ပမ်းနေ၏ ။ သူ့ ကို ဖမ်းမိစဉ် က ငွေ မသိမ်းဘဲ ပြန်ပေး သဖြင့် ဘတ်လေး ထောင် ပါလာသည် ။ အချုပ်သား စာရင်းကိုင် ရဲတစ်ဦး ထံ အပ်နှံထားပြီး ဈေးဝယ် လိုလျှင် တောင်းသလောက် ထုတ်ပေး၏ ။ အချုပ် ထဲ သို့ ငွေ သွင်း လျှင် ပြဿနာ တက်မှာ စိုး၍ ဖြစ်သည် ။

ဖိုင်တို့ သားအဖ လာ တွေ့၍ ကျွန်တော် လွှတ်ရန် စီစဉ်နိုင်သည် ။ သူတို့ လည်း ကျွန်တော် မှာ သည့် အတိုင်း ကြိုးစားပေးရပြီ ။ ဗီဇာ သက်တမ်း သွား တိုးပြီးတော့မှ ကျွန်တော့် ကို လာ ရွေးရသည် ။ ရဲက ချက်ချင်း မလွှတ်ပေး သေးပါ ။ ဖိုင် ရဲ့ အဖေ လေး ငါး ခါ လာခေါ်တော့ မှ လွှတ်ပေးပါတယ် ။ ဖိုင်တို့ အဖေ ကို တောင် ကျွန်တော်တို့ ကို မွေး ပြီး ခိုင်း စားနေတာလား ဘာလား လုပ်သေးသည် ။ ဒါကြောင့် အခုလည်း ကျွန်တော် သွားဝယ်မဲ့ ကိစ္စကို ဖိုင် သဘော မကျခြင်းပင် ။

သူ သဘော မကျတာလည်း အပြစ် မဆိုသာပါ ။ ကျွန်တော် ပတ်စ်ပို့ဒ် သွားဝယ် လိုက်တာ မြန်မာပြည် ကို ပါ ပြန်ရောက်သွားတာကိုး ။

သွား ဝယ်ရတာ အဆင် မပြေပါ ။ ချိန်းထားသည့် နေရာ ရောက်တော့ ကျွန်တော် ဖုန်းခေါ်သည် ။ သူတို့ ပြောတဲ့ နေရာ နဲ့ ခပ်လှမ်းလှမ်းက ခေါ် တာပါ ။ သူတို့ က ဘယ်လို လာခဲ့လို့ ပြောမယ့် အစား ဘာ အဝတ်အစား ဝတ်ထားသလဲ ဘယ်နေရာက ဆက် နေတာလဲ ဘယ်သူ ပါလာသလဲ ဆို တာတွေ ထပ်ခါထပ်ခါ မေး နေတော့သည် ။ ဘယ်ရမလဲဗျာ ကျွန်တော် ပြေးတာပေါ့ ။ နောက်ဆုံး ကျွန်တော် ဗီဇာကိစ္စ နဲ့ ရင်းနှီးဖူးတဲ့ လူ တစ်ယောက် ဆီ သွား သည် ။ အခြေအနေ ကို ပြောပြ၏ ။ သူ က ဖုန်းလှမ်း ဆက် ကြည့်သည် ။ ဟိုက မသိဘူး ။ ဘာတွေ လာမေးတာလဲ ဘာ ညာ နဲ့ လုပ်တော့သည် ။ ကျွန်တော့် ကို သွား မဝယ်ခိုင်းတော့ပါ ။ သူ့ ကို ယုံရင် ပိုက်ဆံ ထားခဲ့ပါတဲ့ ။ စာတိုက်ဘေး က လက်ဖက်ရည်ဆိုင် မှာ ဝင် စောင့် နေပါ ။ ကျွန်တော် သူ ပြောတာကို လက်ခံဖို့ အီစွတ် ဆီ ဖုန်းဆက်သည် ။ သဘော တူပါသည် ။ ကျွန်တော် သွား စောင့်ပေမယ့် သူ ပေါ်မလာတော့ ပေ ။ ကျွန်တော် သူ့ နေရာ လိုက်သွားတော့ အဲဒီက လူတွေ အားလုံး ကျွန်တော့် ကို မြန်မြန် ပြေးခိုင်းသည် ။ သူတို့ က ဒီမှာ ခဏ လာ တည်းကြတာ တဲ့ ။ အိမ်ရှင် တစ်နေ့ ကို ဘတ်ငါးဆယ် နဲ့ လက်ခံထားတာတဲ့ ။ မလေးရှား သွားဖို့ ခရီး တစ်ထောက် နားနေကြတာတဲ့ ။ ကျွန်တော် ပြောတဲ့ လူ ကို ရဲတွေ မေးနေတာ တွေ့ခဲ့တယ်တဲ့ ။ သွားပြီ ။ ငယ်ထိပ် မြွေပေါက်လေပြီ ။

ဒါပေမဲ့ ကျွန်တော် ကံကောင်းပါတယ် ။

ကံကောင်းပါတယ်လို့ ပဲ ပြောရပါတော့မည် ။ ဒီ စကားလေး ပြောဖို့ အတွက်တော့ “ ချုံဘော်မြို့ ” က အချုပ် မှာ တစ်လ ၊ ကော့သောင်း မှာ တစ်လ ၊ ပြီးတော့မှ “ ဘန်ကောက် ” မြို့တော်ကြီး ကို ခြေပြန် ချနိုင်တော့သည် ။ အီစွတ် တို့ သည် မရှိတော့ပေ အဘိုင်ကြီး လည်း ကုမ္မဏီ က စာရွက်စာတမ်း အတုအပ လှုပ်ရှားမှုတွေ ပေါ်လို့ ပြေးပြီ ။ ကျွန်တော်တို့ ရဲ့ ၁၂၂ လမ်း ၊ ရိုတီကမ္ဘာလေး ပျက်သွားခဲ့ပြီ ။

ကျွန်တော့် အဖို့ တော့ ထိုင်းနိုင်ငံ လာရတာ အဖမ်းခံ ၊ အချုပ်ခံဖို့ များ ဖြစ်နေသလား ဟု ထင်မိသည် ။ ကျွန်တော် နှင့် ကိုတင်အေး စတင် ဆုံတွေ့ပုံ မှ စ၍ သူ နှင့် ရင်းနှီး ကျွမ်းဝင်လာသည့် အခါ သူ ပြောပြသည့် သူ့ ဘဝ အကြောင်း ကို နားထောင် သိရှိခဲ့ရသည် ။ သူ အကြောင်း ကို မပြော ခင် ချုံဘော်ရဲစခန်း မှ အချုပ်ခန်းများ ၏ ဖွဲ့စည်းပုံ ကို ပြောပြပါမည် ။

အချုပ်ခန်း အနေအထား က ထိုင်းနိုင်ငံရဲစခန်းများ တွင် ဖွဲစည်းထားပုံ အတိုင်း ဖြစ်၏ ။ တံခါး သုံးဆင့် ပိတ် ၊ သော့ခတ် ထားပြီး အဝင်အထွက် ပင်မတံခါး တစ်ချပ် ၊ ထို ပင်မတံခါး ရှိသော အဝင်အထွက်ခန်း မှာ သုံးပေ ပတ်လည် အခန်း ဖြစ်သည် ။ ပြီးတော့မှ မျက်နှာစာ အခန်း တစ်ခန်း က အချုပ်ခန်း သုံးခန်း ရှေ့ တံခါးဝများ ကို ကန့်လန့်ဖြတ် ဖွဲ့စည်း ထားသည် ။ ထို မျက်နှာစာ အခန်း တွင် မည်သည့် အချုပ်သား မှ မနေရ ။ ကျွန်တော် တို့ တရား မဝင် ခိုးဝင်လာသည့် အချုပ်သားများ အား ထားသော အချုပ်ခန်း နှစ်ခန်း ( ရေလောင်းအိမ်သာ ၊ ရေချိုးခန်း တွဲလျက် ) ၊ ထိုင်း အချုပ်သားများ ကို ထားသော အခန်း မှာ မျက်နှာစာခန်းမကြီး က ဘယ်ဘက်အစွန် နှင့် ညာဘက်အစွန် တွင် ရှိသည် ။ ကျွန်တော်တို့ အခန်း က ဝင်ပေါက်တံခါး နှင့် တည့်တည့်ကျသည့် အလယ်ခန်း ဖြစ်သည် ။ ကျွန်တော် ချုံဘော်အချုပ် သို့ ရောက်ခဲ့ရသည့် မှ အတွေ့အကြုံများ ကို မှတ်မိနေသည် ။ ကျွန်တော် အချုပ် ထဲ ဝင်လာလာချင်း “ ဒီ ကြားထဲ လာခဲ့ပါလား တစ်ယောက်စာ တော့ ရပါတယ် ” ဖိတ်ခေါ်လာသူ အား ကျေးဇူးတင်စွာ ကြည့်ဖြစ်သည် ။ ကျွန်တော့် အနေဖြင့် အတွေ့အကြုံ ရှိပြီးသည့် တိုင် အချုပ် ထဲ ရောက်ပြန်သော အခါ ဖြစ်ပေါ်တတ်မြဲ အားငယ်စိတ် က ရှိလာချိန်

“ လာပါဗျာ အချုပ် ဆိုတာ ဒီလိုပဲ မျှပြီး နေရတာပဲ ။ ခင်ဗျား အိတ် ကို ဒီမှာ လာ စီထား ၊ ခဏနေ အပြင်က လူတွေ ရဲမောင်း လို့ အထဲ ပြေးဝင် လာရင် နေရာ ခက်မယ် ”

နောက်တစ်ဦး က ပါ ထပ် ခေါ်တော့ ကျောပိုးအိတ် ကို ဆွဲရင်း သူတို့ နှစ်ဦး ကြားသို့ နံရံ နှင့် ကပ်လျက် အိတ် ကို ချထား လိုက်သည် ။

“ ကြမ်း က ရေဝင်တယ်ဗျ ခေါင်းရင်းဘက် မှာ တော့ ဘာမှ မဖြစ်ဘူး ” 

ကျွန်တော် က သူတို့ ပြော၍ ကြမ်းခင်းအား အသာလေး ဖိနင်းကြည့် ရာ ၊ ရေ နှင့် ကြမ်းခင်း ရိုက်သံ ကြားရ ၏ ။ ကြမ်းခင်များ က သံချက် လွတ်သည့် ကြမ်းခင်း က လွတ်နေပြီး ရေချိုးခန်း မှ လျှံကျသော ရေများ ကြမ်းခင်း အောက် သို့ စီးဝင်နေခြင်းဖြစ်သည် ။

“ ရပါတယ်ဗျာ ၊ ကျွန်တော် နေတတ်ပါတယ် ၊ ဒါပါနဲ့ ဆို သုံးခါ ရှိပြီ ”

“ ချုံဘော် မှာ ပဲလား ”

“  မဟုတ်ဘူး ဗျ ဘန်ကောက် မှာ တစ်ကြိမ် ၊ ကန်ပူရီ မှာ တစ်ကြိမ် ”

ကျွန်တော့် အတွက် ထိုင်းနိုင်ငံ မှ အချုပ်ခန်းများ သည် သိပ် အဆန်း မဟုတ်တော့ ။ သည် တစ်ကြိမ် တွင် အိမ် ပြန်စဉ် အဖမ်း ခံရ၍ ၊ ပို၍ ပင် စိတ်အေးနေသည် ။ ကျွန်တော်တို့ တရားမဝင် လုပ်စားသူတွေ အတွက် အချုပ် ဆိုတာ မေ့ထား၍ မရ ၊ အစဉ်အမြဲ သတိထား နေသည့် ကြား မှ အလှည့်သင့် လာလျှင် ကံချော်စွာ ရောက်လာရ မြဲပင် ။ ရောက်တော့လည်း လေ့လာရပြန်ပြီ ။

“ ဒီမှာ ထမင်း တစ်နေ့ ဘယ်နှကြိမ် ကျွေးလဲ ”

“ အရင်က နှစ်ခါပဲ ကျွေးတယ် ၊ အခု တစ်နေ့ သုံးခါ ကျွေးနေပြီ ”

ကိုတင်အေးက အရင် က တွေ့ကြုံဖူးသူ လို ဖြေသည် ။

“ ကျွန်တော့် နာမည် ကိုထွေး ပါ ၊ အစ်ကို့ နာမည်က ” 

“ တင်အေး မြိတ်ဇာတိပါ ၊ ကိုထွေး က ရန်ကုန် က လား ” 

ကျွန်တော် က ခေါင်းညိတ် ဖြေသည် ။

“ ဘယ်မှာ ဖမ်းတာလဲ ”

နံဘေး မှ နောက် တစ်ဦး ဝင် မေးသဖြင့် “ ကု,လားတို့ တော့ စပ်စုပြီ ” ဟု တခြား တစ်ဦး က နောက်လိုက်သည် ။

“ ချုံဘော် ကားဂိတ်မှာ ”

“ ဟာဗျာ အစ်ကို က ဂိတ် ထဲ အထိ စီးသွားတာကိုး ၊ ဒီလောက် ဖမ်းနေ တာဗျာ ”

ကု,လားလေး ၏ ကရုဏာ စကားကြောင့် မချိပြုံး သာ ပြုံးနေရတော့သည် ။ ကျွန်တော် ကို က သိလျက် မှားခဲ့တာပဲလေ ။ အရင် က နှစ်ကြိမ်တိုင်တိုင် ရောက်ခဲ့သွားခဲ့ဖူးပါလျက် ၊ ကားဂိတ် မှာ သွား ဆင်းခဲ့မိသည် ။ တကယ်ဆိုလျှင် မြို့ဝင် တံတား မှာ ဆင်းရမည် ။ အိပ်ပျော် သွား သဖြင့် ကားဂိတ် ထဲ သို့ ပါသွားခြင်းပင် ။

“ ခါတိုင်း သွားနေကျပဲဗျာ ဖြစ်လာမှ တော့ မတတ်နိုင်ဘူး ”

“ ဒါပေါ့ဗျာ ဘာတတ်နိုင်မျာလဲ ”

ကျွန်တော့် စကား ကို ကိုတင်အေး က ထောက်ခံသည် ။ နယ်စပ်မြို့ တစ်ခုဖြစ်သည့် အတွက် အချုပ်သား အများစု မှာ မြန်မာ နှင့် ကမ္ဘာဒီးယားနိုင်ငံသားများ ဖြစ်ကြသည် ။ အမှု က လည်း ရှင်း ပါသည် ။ “ သာမော ” မှု ။ ခွန်သံဒေါက် လို့ ရဲများ က ခေါ်၏ ။ ဒါပေမဲ့ ချုံဘော လို ခရိုင်မြို့ကြီး တွင် “ သာမော ” လက်မှတ် ဖြင့် မြန်မာများ နေခွင့် မရှိ ၊ ရနောင်း တစ်ဝိုက် မှာ သာ နေခွင့် ရှိသည် ။ နေ့ချင်းပြန် ရသည့် “ သာမော ” လက်မှတ် ရှိသလို ၊ တစ်ပတ်စာ နေခွင့်ရသည့် သာမောလက်မှတ် လည်း ရှိသည် ။

ရနောင်း နှင့် ချုံဘောမြို့ တို့ မှာ ကားဖြင့် တစ်နာရီခွဲ နီးပါး သွားရသည် ။ မနေ့ ည က ဘန်ကော က်မှ ချုံဘောမြို့သို့ ကား ဖြင့် လိုက်လာခဲ့သည် ။ မြို့ဝင်တံခါး မှာ မဆင်းမိ၍ ၊ ကားဂိတ် တွင် အဖမ်းခံရသည် ကံဆိုး သည့် ကြား မှ ပင် ကံကောင်းသည် ဟု မှတ်ရပါမည် ။ ရဲ က လူ ကို သာ ဖမ်း၍ ၊ ပစ္စည်း မသိမ်း ။ ခရိုင်မြို့ကြီး ဖြစ်၍ လားမသိ ။ ရနောင်း မှာ ဆိုရင်တော့ ဖိနပ် ပင် မကျန်နိုင် ။ အချုပ်ရက် ကို လည်း ရနောင်း မှာ လေးဆယ့်ငါးရက် သတ်မှတ်သည် ။ ချုံဘော မှာ တော့ အကြာဆုံး တစ်လ သာ ထားသည် ဟု သိရ၏ ။ မနေ့က ပင် မြန်မာတစ်သုတ် ကို ရနောင်း သို့ သွားပို့သည် ဟု သိရသဖြင့် တစ်လ တော့ စောင့်ရတော့မည် ။

“ တန်းစီး အသစ် က ရခိုင်ဗျ ၊ ဘယ်လို လာဦးမလဲ မသိဘူး ”

ကိုတင်အေး က ခပ်အေးအေး ပြောရင်း ပွတ်ချွန်း ဆေးလိပ် ကို မီးညှိသည် ။ ဆေးထုပ် ကို လည်း ကမ်းပေး ။ ဆေးသား နှင့် စက္ကူ ကို သောက်ချိန်ရောက်မှ ရော လိပ်ရတာမျိုး ဖြစ်သည် ။ မလိပ်တတ်လျှင် သောက်ဖို့ မလွယ် ။

“ ဘာဖြစ်လို့ လဲ အစ်ကို တန်းစီး က ဆိုးလို့ လား ။ ခပ်အေးအေးသမား ထင်တယ် ”

“ ခမင်တွေ နဲ့ ဆို အေးလို့ မရဘူးဗျ ။ ဒီကောင်တွေ အရမ်း သောင်းကျန်းတယ် ”

မျက်နှာချင်းဆိုင် အခန်းမှ ခမင်များ ( ကမ္ဘောဒီးယား နိုင်ငံသား ) များ ကို ရည်စူး၍ ပြောခြင်း ဖြစ်သည် ။ အပြင်မှ ရဲ က လာ ခေါ်လျှင် တစ်လမ်းတည်း သာ ရှိသော အချုပ်ပေါက်ဝ သို့ ထွက်သော လမ်း တွင် မြန်မာများ နှင့် ခမင်များ အလုအယက် ဖြစ်နေကြသည် ။

ပြောမယ် ဆိုလည်း ပြောစရာပင် ။

မနက်ရှစ်နာရီ ထမင်းစား ပြီးသည် နှင့် တံခါးဝ နှင့် အနီးဆုံး နေရာတွင် အလုပ် လာခေါ်မည့် သူ ကို တိုးဝှေ့ စောင့်နေကြသည် ။ အပြင်မှ လှမ်း ခေါ်သော အခါ အခန်းတွင်း မှ ကျန်သူများ ပါ ထို အပေါက်ဝ သို့ တိုးသွား ကြပြန်သည် ။ အလုပ် စောင့်ချိန် မှာ လည်း ငြိမ်ငြိမ် စောင့်နေသည် မဟုတ် ။ စကားတွေ အော်ကြီးဟစ်ကျယ် ပြောနေကြသည် ။ အပြင်ဘက်၌ တာဝန်ကျသော ရဲ က နားညည်း၍ အော်ငေါက်လျှင် မဆိုင်သူတွေ ပါ အခန်းထဲ ဝင်ပေးရသည် ။ ပြီးလျှင် ပြန် တိုးနေကြပြန်ရော ။

အလုပ် ဘာကြောင့် ထွက် လုပ်ချင်ကြသနည်း ။

အလုပ် မထွက်ရလျှင် ဝင်ငွေ မရှိ ၊ စားကောင်း သောက်ကောင်း မစားရ ၊ လက်ဆောင် အဝတ်အစားများ မရ ၊ အလုပ် ထွက် လုပ်ရသည့် အခါ ခေါ်သွားသော ရဲ က ဖြစ်စေ ၊ ထို ရဲ၏ အသိုင်းအဝိုင်း က ဖြစ်စေ စားစရာ ၊ ဆေးလိပ် ၊ မုန့်ဖိုး ပေးသည် ကို စုထားပါက လွှတ်မည့် ရက် တွင် ကားခ ပေးနိုင်မည် ။ အချုပ် ထဲ မှာ တစ်နေကုန် နေရသည် ထက် စာလျှင် အလုပ် ထွက်လုပ်ရသည် ကို ပျော်သည် ။ နဂို က လည်း အလုပ် လုပ်ချင်၍ ခိုးဝင် လာကြသူတွေကိုး ။

“ ကားခ ” ဆိုသည် မှာ အချုပ် မှ စားရင်းကိုင် ရဲ ၏ စားပေါက်ထွင်ချက် ဖြစ်သည် ။ အမှန်တကယ် နယ်စပ်ပို့ရန် ရက်စေ့ နေသည့် တိုင် မကြာမတင် မှ ဝင်လာသူ က နှစ်ရာသုံးရာ ကားခ ပေးသဖြင့် လူစားထိုး ခေါ်သွားလေ့ ရှိသည် ။ ထို့ကြောင့် ကားခ ကို ဆောင်ထားရသည် ။

သုံးရက်မြောက် နေ့ မှာ တော့ အချုပ် ထဲ မှာ ကျွန်တော် နေသား ကျသွားပြီ ။ ထားဝယ် ၊ မြိတ် ၊ ကော့သောင်း ဘက်မှ ရခိုင် ၊ မွန် ၊ ဗမာ ၊ ကရင် စသည် ဖြင့် လူမျိုးပေါင်းစုံ ရှိသည် ။ တစ်ဖက်ခန်း မှာ ခမင်များ ရှိနေ၍ ကျွန်တော် တို့ အားလုံး စည်းလုံး နေကြသည် ။ နေ့ခင်းဘက် မှ သန်းခေါင်ကျော် အထိ ကျားကွက် ရွှေ့သူရွှေ့ ၊ အလုပ် ထွက်လုပ် သူလုပ် ၊ သီချင်း ဆိုသူဆို စကား ပြောသူပြော ဖြင့် အချုပ်ရက်များ ကို ဖြတ်သန်း ကြသည် ။ ကျွန်တော်တို့ က ကျားကွက် အဖွဲ့ ဖြစ်သည် ။

မနက် နေ့လယ် ညနေ သုံးကြိမ် ပို့လာသော ထမင်းဟင်း မှာ အချုပ် ထမင်းဟင်း ဆိုသည့် အတိုင်း ထမင်း က နည်း ၊ ဟင်း က ကျဲ ၊ ဆီ မပါ့ တပါ ၊ အသား ဆို နွဲ့နွဲ့လေး သာ ဖြစ်၏ ။

ဒါကိုပဲ ညည်းညူ စားကြရင်း တစ်နေ ကုန်ရသည် ။ သူတစ်ပါး နိုင်ငံ မှာ ရိုးသားစွာ လုပ်ကိုင်စားသောက် ပါလျက် တရားမဝင် နေကြသည့် ဥပဒေ ကြောင့် အချိ န်လည်း ကုန် ၊ လူ လည်း ပင်ပန်း ၊ အစားဆင်းရဲ အနေဆင်းရဲ ဖြစ်ရသည် ။ ဖြစ်ပေမယ့် နောင်တရသလား ဆိုတော့ မဟုတ်ပြန် ။

“ အချုပ် ထဲ ရောက်မှ ပြောကြတာပါ  ကိုထွေး ရာ ၊ အပြင် ရောက်တော့ လည်း သောက်လိုက် စားလိုက် ရုံး သွားလိုက် နဲ့ ဘယ်သူမှ နောင်တ မရှိ ပါဘူး ”

မှန်းမှန်းဆဆ ပြောသော ကိုတင်အေး စကား ဖြစ်သည် ။

“ ကိုတင်အေး က ငါးဖမ်းလှေ လိုက်တာဆို ကိုက်ရဲ့ လားဗျ ”

“ လုပ်နေကျ ဆိုတော့ ဘာရယ် မဟုတ်တော့ပါဘူးဗျာ ကိုက်တာ မကိုက်တာ လည်း မတွေးတော့ပါဘူး ။ “ ထောင်ကဲ ” ကောင်းတဲ့ လှေ ဆိုရင် ငွေစုမိတယ် ။ တချို့ “ ထောင်ကဲ ” တွေကျတော့ လိမ်တယ်ဗျ ”

သည် နယ် တစ်ဝိုက်မှာ ငါးဖမ်းလုပ်ငန်း သည် အဓိက ကျသော လုပ်ငန်းဖြစ်သည် ။ တချို့ကျတော့ ကုန်း ပေါ်က အလုပ်များ ကို သာ ရွေးလုပ်သည် ။ အများစု မှာ တော့ ရေလုပ်ငန်းများ တွင် လုပ်ကိုင်သူများ ဖြစ် ကြသည် ။

“ တတ်နိုင်ရင်တော့ ခြေက်လ လှေ လိုက်တာ အကိုက်ဆုံးပဲ ။ သူဌေး လည်း မလိမ်တာများတယ် ။ လှေ ကမ်း ကို ပြန်ဝင်ရင် လိမ္မာတဲ့ သူ အဖို့ ဘတ် တစ်သောင်းတော့ အောက်ထစ် ကျန်တယ် ။ လှေ လိုက်နေရင် မကျန်းမာ လို့ နားရလည်း လုပ်ထားသလောက် ရှင်းပေးပါတယ် ။ ပိုးစင် ( အပိုငွေ ) လည်း ပေးတယ် ”

“ ကိုတင်အေး ခြောက်လလှေ ပဲ လိုက်တာလား ”

“ အရင်က လိုက်တာပါ အခုတော့ လွယ်လွယ် နဲ့ ငွေ ရတဲ့ ဗုံးလှေ ပဲ လိုက်တော့တယ် ”

သူ့ အသက်မှာ သုံးဆယ့်နှစ်နှစ် ဟု သိရသည် ။ သား နှင့် သမီး က ဇာတိမြိ တ် မှာ ကျန်ခဲ့သည် ။ လှေ လိုက်သည့် သက်တမ်း မှာ လေးနှစ် နီးပါး ရှိခဲ့ပြီး ငါးဖမ်းလုပ်ငန်း မှာ ကိုတင်အေး ၏ မိရိုးဖလားလုပ်ငန်း ဖြစ်သည် ဟု သိ ရသည် ။ မြိတ်ဒေသ တစ်ဝိုက် တွင် ငါးထောင်ငါးဖမ်း အလုပ် ကို ငယ်စဉ်ကပင် လုပ်လာခဲ့ကြောင်း သိရသည် ။

“ ဇာတိရွာ ကိုတော့ ပြန်ချင်သားဗျ ။ ဒီ တစ်ခေါက် ပြန်မယ် ၊ ရှေ့တစ်ခေါက်ပြန်မယ် နဲ့ အခု လေးနှစ်နီးပါး ရှိပြီ ”

“ ဟာ ဒါဆို ကိုထွေး လည်း ဒီလိုပါပဲ ၊ ထွက်လာတုန်း က ငါးလ ခြောက်လ ၊ မှန်းထားတာ ။ အခု နှစ် နဲ့ ချီကြာနေပြီ ”

“ ဟာ ဒါဆို ကိုထွေးလည်း ကြာပြီပဲ ။ ဘန်ကောက် မှာ အဆင်ပြေရဲ့လား ”

ကျွန်တော် က လူလွတ် ဖြစ်၍ မချွေတာမိကြောင်း အနေ ကြာလာသည် နှင့် အမျှ ငွေကို တန်ဖိုး မထားတတ်တော့သည့် အကြောင်းများ ပြောပြရင်း သူ့ အကြောင်း ကို လည်း မေးမိသည် ။

“ ဗုံးခွဲလှေ ဆိုတာ အန္တရာယ် များတယ်လို့ ကျွန်တော် ကြားဖူးတယ် ဟုတ်လား ကိုတင်အေး ”

“ အမှန်ပဲဗျ လှေ လိုက်တာချင်း အတူတူ ဗုံးခွဲလှေ လိုက်သူ ဆိုရင် လူရှိန်တယ်ဗျ ၊ သေမှာ မကြောက်တဲ့ လူတွေ လို့ တင်စားထားတော့ ရှိန်တာပေါ့ဗျာ ”

ခေါင်းမော့ ရင်ကော့ ကာ ပြောလာခြင်းပင် ။ သူ လို လူမျိုး ဗုံးခွဲလှေ လိုက်သည် ကို ကျွန်တော် သဘောမကျ ၊ လူ က အေးအေးဆေးဆေး နေတတ်သူ ၊ အနေအထိုင် အပြောအဆို က အစ ထမင်းစား တာ အထိ အချုပ် ထမင်း မဝရေစာလေး ကို တစ်ဝက် မျှ သာ စားပြီး သူ့ ချာတိတ်အား အမြဲ ကျွေးနေသူ ၊ ကျွန်တော် မေးကြည့်တော့

“ အလေ့အကျင့် လုပ်ထားတာဗျ ၊ တတ်နိုင်ရင် မစားဘဲ တစ်နပ်လောက် နေကြည့်ချင်တယ် ၊ ကျန်းမာရေး ကို ငဲ့နေလို့ ”

သူ့ အလေ့အကျင့် က မဆိုး ။ သူများ တွေ ထမင်း မဝလို့ ညည်းညူနေသည်  ။ သူ က အေးအေးဆေးဆေး နေနိုင်ပြီ ။ ဒီလို လူမျိုး တစ်ယောက် က ဘာ့ကြောင့် ဗုံးခွဲလှေ လိုက်ရသည် ကို ကျွန်တော် တွေး မရပါ ။

“ ပထမ တော့ ဒီ အလုပ်ကို ကျွန်တော် မစဉ်းစားဘူဗျ အကုသိုလ် ကို ကြောက်လို့ တော့ မဟုတ်ဘူး ၊ ငါးဖမ်း တဲ့ အလုပ် ဟာ ငယ်ငယ် ကတည်း က လုပ်လာတာပါ ၊ ဗုံးခွဲလှေ လိုက်တဲ့ အခါ နောက် က သံယောဇဉ် တွေ အရင် စဉ်းစားရတယ် ၊ လိုက်မိရင်တော့ နောက်ကျတယ်လို့ တောင် ထင်သွားရော ဟဲဟဲ ” 

“ ကိုတင်အေး ကိုယ်တိုင် ဗုံးခွဲခဲ့ဖူးလား ”

သူ က ခေါင်းညိတ် ဖြေရင်း ခဏ ဟု ဆိုကာ အိမ်သာအခန်း သို့ ထ သွားသည် ။ ရေဘူး မှာ ရေ ဖြည့်ပြီး အိမ်သာ မှ ပြန်ထွက်လာ သည် ။ အချုပ် ဆိုတော့ သုံးရေသောက်ရေ သီးသန့် မရှိ ။ အိမ်သာ ရေပိုက်ခေါင်း မှ ပင် သောက်ရေလုပ်ရသည် ။ သူ က သံချက် လွတ်နေ သော ကြမ်းခင်းများ ကို ဖိ နင်းကြည့်ရင်း

“ ကြမ်းခင်း အောက် ထဲမှာ ရေ တော်တော်များ နေပြီ ၊ နောက်ဆို အိပ် လို့ ရပါ့မလားမသိ ”

“ လာပါဗျာ လှေအကြောင်း ပဲ ပြောပါ ”

“ ပြောမှာ ပါ ဒီည မိုးလင်းတဲ့ အထိ ပြောစရာ ရှိတယ် ”

“ အလုပ် ရှိတာမှ မဟုတ်တာဗျာ ၊ အခုလည်း ဆယ်နာရီ ထိုးနေပါပြီ ” 

သူ က ပွတ်ချွန်းဆေးလိပ် ကို ဖြေရင်း ပွတ်ချွန်း လိပ်လိုက်သည် ။

“ အရင်က ခြောက်လလှေ လိုက်တာ ၊ ကျွန်တော် ပြောသလိုပဲ ၊ မဆိုးပါဘူး ၊ ငွေတော်တော်များများ စုမိတယ် ။ ဒါပေမဲ့ လုပ်ရတာ မတန် သလိုပဲ ။ သူမှ ရေပိုင်နက်တွင် ဝင်ဖမ်း ၊ လိုက်ရင် ပြေးရပြန်ရော အမြဲ ရင်တမမ နဲ့ နေရတာ ၊ အလုပ်တော့ သိပ် မပင်ပန်းပါဘူး ၊ ကျွန်တော် လိုက်တုန်းက ခြောက်လ မှာ သုံးလ လောက် က လှည့်ကင်း ရှောင်လိုက် မုန်တိုင်း ရှောင်လိုက်နဲ့ ပြီးနေရော ၊ ကျန် သုံးလ လောက်ပဲ အလုပ် လုပ်ရတာ ၊ လှည့်က င်းနဲ့ ပါသွားသူတွေ တော့ ထောင် ထဲ ရောက်ရောပေါ့ဗျာ ။ အဲဒါကို ကျွန်တော် လန့်တာ ၊ ထောင် ထဲမှာ သွားပြီး အချိန် ကုန် မခံနိုင်ဘူး ။ တစ်လလှေ ၊ တစ်ပတ်လှေ တွေ ကျတော့ လွယ်လွယ် ကုန်တာဘဲ ၊ ပိုက်ဆံ ရ တာနဲ့ သောက်လိုက် စားလိုက်ရင် ကုန်တာပဲဗျ ။ တစ်ခါတည်း မြက်မြက် လေးရတဲ့ အလုပ် ကို ရွေးတော့ ဗုံးခွဲလှေ ကို ပဲ မြင်တယ် ၊ ဖြစ်ချင်တော့လည်း ကျွန်တော့် သူဌေး နဲ့ ညီ ရောက်လာချိန်မှာ ကျွန်တော်တို့ လှေ နားနေလို့ ကျွန်တော့် ကို ခေါ်သွားရင်း လိုက်ဖြစ်သွားတာ ။ သူဌေး က လည်း မှာ တယ် ၊ မပျော်ရင် ပြန်လာခဲ့ပါတဲ့ ။ သူ့ ညီ လှေ ဖြစ်တော့ အာမခံချက် ရှိတယ် ဆိုပြီး ကျွန်တော် လိုက် သွားတာပေါ့ ။ လှေ ထွက်မယ့် နေ့မှာ ပဲ ဘတ်သုံးထောင် ထုတ်ပေးတယ် ။ ကျွန်တော် ကြားဖူး နားဝ ရှိတာမို့ ဘုန်း ကြီးကျောင်း သွား သရဏဂုံတင် လှူဒါန်းဆုတောင်း ရတယ် ။ ဆေးလိပ် နဲ့ မုန့်လည်း ဝယ်တာပေါ့ဗျာ ”

စကား ခဏရပ်ပြီး ဆေးလိပ် သောက်ကြသည် ။ ပြီးမှ ဆက် ပြောပြသည် ။

“ ဗုံးခွဲလှေ လိုက်ရင် ထွက်တာနဲ့ တင် သေစာရင်း သွင်းပြီးသားပဲ ။ တကယ် ပြောတာဗျ ကိုထွေး ၊ စဉ်းစား ကြည့်လေ ပင်လယ် ထဲမှာ ကျွန်တော် တို့ လှေ ကို ဘယ်နိုင်ငံ လှည့်ကင်း က ဖြစ်ဖြစ် တရားဝင် ပစ်ဖမ်းပိုင်ခွင့် ရှိတယ် ၊ ဖမ်းပြီ ဆိုတာနဲ့ လက်နက်ကြီး နဲ့ ပစ် မြုပ်တာပဲ ။ ပြီးမှ လူ ကို ဖမ်း တာ ဒါမှ မဟုတ် ရေထဲ မှာ ထားခဲ့ချင် ရင် ထားခဲ့မယ် ။ နောက်ပြီး ငါး ရ ဖို့ ဗုံးခွဲချိန် ဟာ အန္တရာယ် အများဆုံးပဲ ။ ခွဲတာ ကတော့ ကမ်း နဲ့ နီးနီး မှာ ခွဲတာပါ ။ စက်လှေ ကို ရေနက်ပိုင်း မှာ သွားရပ် ၊ လှေငယ်လေး နဲ့ ဗုံးခွဲမယ့်သူ ရယ် ၊ ပဲ့ကိုင် ရယ် ၊ ငုပ်မယ့်သူ ရယ် သုံးယောက် လိုက်ရတယ် ။ ခွဲရမယ့် နေရာ ကိုတော့ ရေရှု က ပြပေးပြီးသား ၊ ဗုံး ကို နို့မှုန့်ဘူးကြီး လို သံဘူး တွေ နဲ့ လုပ်ထားတယ် ။ အထဲ မှာ ခဲ ၊ ယမ်းကန့်တွေ စနစ်တကျ ထည့်ပြီး သေသေချာချာ လုပ်ထားတယ် ။ လုပ်ဗုံး ဆိုပေမယ့် လှေနံရံ လောက် တော့ အသာလေး ပွင့်သွားနိုင်တယ်ဗျ ။ ခွဲတဲ့ လူ ညံ့ရင် သုံးဦးလုံး သွား တာပဲ ။ ပဲ့ကိုင် ကလည်း ဗုံး ကို ရေထဲ ချပြီးပြီ ဆိုတာနဲ့ လွတ်ရာကို မောင်းနိုင်မှ ဗုံးစမလွတ်ရင် အန္တရာယ် ရှိတယ် ။ ရေငုပ်တဲ့ လူ ကတော့ ဗုံးကွဲပြီး လို့ အောက်မှာ သေနေတဲ့ ငါးတွေ လိုက်ကောက် ၊ လှေ ထဲ ထည့် ၊ မောတဲ့ အခါ ၊ ခွဲသမား နဲ့ လူချင်း လဲ ရတယ် ။ လုပ်နေ ကျ လူတွေချည်း ဆိုရင် စက်လှေကြီး တစ်စင်းလုံး အတွက် ဗုံးသုံးလုံးလောက် ခွဲရင် ငါး အပြည့် ရတာပါပဲ ”

မြန်သားပဲနော် ဟု ကျွန်တော် မှတ်ချက် ချဖြစ်သည် ။ ပိဿာချိန် ငါးရာ နီးပါးလှေကြီး ကို သုံးရက်လောက် ဖြင့် ငါးအပြည့် ဖမ်းနိုင်မှ တော့ ၊ သူဌေး ကမကြိုက် ရှိပါတော့မလား ။

“ တွေးကြည့်ရင်တော့ လုပ် ကို မလုပ်သင့်တဲ့ အလုပ်ပဲဗျ ။ ပိုက် နဲ့ ဖမ်းတာက တရား မျှတတယ် ၊ ဗုံးခွဲပြီ ဆိုရင် ကိုယ့် အတွက် မလိုအပ်တဲ့ တခြား ရေသတ္တဝါတွေ ပါ နားကွဲပြီး သေရတာပဲ ။ ဒါကြောင့် လည်း ဗုံးခွဲလှေ ဆိုရင် လှည့်ကင်း မှန်သမျှ အသေပစ် ဖမ်းတာချည်းပဲ ။ အနား လည်း ကပ်ပြီး မဖမ်းရဲကြဘူးဗျ ။ လှေ ပေါ်မှာ လက်နက် လည်း ပါတယ် ၊ ဗုံး လည်း ပါတယ် ၊ တစ်ခါကဆို လှည်းကင်းယာဉ် ကို ပါ စနက်တံရှည်ရှည် ချပြီး ၊ ဗုံးခွဲ ပေးလိုက် တာ ။ နောက်က လိုက်လာတဲ့ လှည့်ကင်း မြှပ်ဗုံးထိ သွားတယ် ။ စနက်တံ က လိုသလောက် အတိုအရှည် လုပ်လို့ ရ တာကိုး ။ ရေ ထဲမှာ ချ ခွဲတဲ့ အခါ ကြမ်းပြင် ကို ရေရှု က သိထားမှ ရတာ ။ စနက်တံ ရှည်လွန်း အားကြီးရင် ဗုံးက ရေအောက် မှာ ကြာပြီး ခွဲအား မကောင်းတော့ဘူး ။ စနက်တံ တို ပြန်ရင်လည်း ပဲထောင်လှေ ကို အစအန လာမှန် တယ် ။ ရေ ထဲ ချပြီး ဗုံးခွဲပြီ ဆိုရင် ကွဲပြီးလို့ တစ်အောင့် လောက် နေရင် ငုပ်တဲ့ လူ က ဆင်း ငုပ်တယ် ။ မဟုတ်ရင် နား ကွဲပြီး မူးမေ့ နေတဲ့ ငါးတွေ သတိပြန် ရပြီး ပြေးနိုင်တာကိုး ။ ပြီးတော့ ဗုံးသံ ကို ကမ်း က တစ်ဆင့် အသံပြန်ရိုက် ပြီး အနီးအနား မှာ လှည့်ကင်း ရှိရင် ကြားသွားနိုင်တယ် ။ ဒါကြောင့် ငါး တွေ လှေထဲ ရောက်တာတောင် စိတ်မချရဘူး ။ ဒါကြောင့် မြန်မြန် ခွဲ ၊ မြန်မြန် ငုပ် ၊ မြန်မြန် ဆယ်ပြီး ၊ မြန်မြန် ထွက်နိုင်ဖို့ အရေးကြီးတယ် ။ တစ်ခါတလေ မုန်တိုင်းသတင်း ကြား ထားရင် ရေရှု က နီးရာကျွန်း ကို အမြန် ရှာပြီး ကပ်ခိုင်းတယ် ၊ ငါးတွေ ကလည်း ကျွန်း မှာ ခိုပြီး မုန်တိုင်း ရှောင်တတ်တယ်ဗျ ။ အဲဒီအခါ အစာလေး ပက်ကျွေးထားလိုက်ပြီး ငါးတွေ စုတယ် ၊ ပြီးရင် လှေကြီး က ဝေးဝေး မှာ ခွာနေ ၊ ခွဲလှေကလေး နဲ့ လာ ခွဲရုံပဲ ၊ ငါး ရတာ မြန်တာပေါ့ ။ ငါး ပြည့်ပြီ ဆိုရင် သူဌေး ကို စကား ပြောစက် နဲ့ အကြောင်းကြား သူဌေး က အခြေအနေ ကြည့်ပြီး ကဲ့လှေ လွှတ်ပေးတယ ၊ လမ်းကြောင်း ရှင်း ရင် တိုက်ရိုက် မောင်းလာ ခိုင်းတယ် ။ မုန်တိုင်းတို့ ၊ လှည့်ကင်းတို့ မရှောင်ရဘူး ဆိုရင် တစ်ပတ်ပဲ ကြာတယ် ။ တစ်ယောက် ကို ဘတ်ငါးထောင်တော့ အသာလေးပဲ ”

“ တစ်ခါမှ လှည့်ကင်း နဲ့ မတိုးဘူးလား ”

“ တိုးတာပေါ့ဗျာ ပြီးခဲ့တဲ့ အခေါက် က ငါးငုတ် နေကြတုန်း ၊ လှည့်ကင်း တွေ့ လို့ လှေကြီး ကို ပါ ကျွန်း နဲ့ ပြေး ဆောင့်ပြီး ၊ အကုန် ကျွန်း ပေါ်တက် ပြေးရတယ် လှည့်ကင်းတွေ မှာ လည်း ပစ်မလွဲ လက်နက်တွေ ပါ လာ ပြီဗျ ။ လှေသူကြီး တာဝန် က ဘယ်တော့မှ လှေ ကို မပေးရဖို့ ပဲ ။ လှေ ရ သွားရင် သူဌေး ပြဿနာ တက်မယ် ။ လှည့်ကင်း မြင်တာ နဲ့ လွတ်ရင် ပြေး မလွတ်ရင် နီးရာ ကျွန်း ကို ဝင် ဆောင့်ပြီး လှေ ကို အဆုံး ခံရတယ် ။ သူဌေး ကိုယ်တိုင် မှာ ထားတာ လေ ။ အဲဒီတုန်းက မုန်တိုင်း ကလည်း ကျလုကျခင်ကြီး ၊ ကျွန်တော်တို့ လှေ ကို ကျွန်း နဲ့ ဝင် ဆောင့်ပြီး ကျွန်းပေါ် တက်ပြေး ကြတာပေါ့ ။ လှည့်ကင်း က အဝေး ကနေ စက်သေနတ် လှည့်ပတ် ပစ်တယ် ။ ကျွန်တော်တို့ ဘက် ကလည်း သေနတ် ပြန် ဖောက်ပြရတယ် ။ လက်နက် ရှိနေရင် ကျွန်း ပေါ် တက်မလာ တော့ဘူး ။ သူတို့ ပြန်သွားတော့ မှ သူဌေး ကို အကြောင်း ကြားတယ် ။ သူဌေး က လှေ လွှတ်ပြီး လာခေါ်တယ် ။ ငွေတော့ ပြန် မတောင်းဘူး ။ နောက်တစ်ခေါက် မှာ ပိဿာတစ်ထောင်ဝင်တဲ့ လှေကြီး ထုတ်ပေးတယ် ။ အရင် လှေဖိုးပါ ကျေအောင်ပေါ့ ဗျာ ။ နောက်တော့ ပုံမှန်လှေ နဲ့ ပြန်ထွက်ရပါတယ် ”

ဘယ်နှစ်ခေါက် လိုက်ပြီးပြီလဲ ဟု ကျွန်တော် မေးကြည့်သော အခါ ဆယ်ခေါက် ကျော်ပြီ ဟု ဖြေသည် ။

“ ဗုံးခွဲလှေ သက်တမ်းမှာ ကျွန်တော်တို့ လို ဆက်တိုက် ကံကောင်းတဲ့ လှေမျိုး မရှိသေးဘူး ။ ဒီ ရနောင်း တစ်ဝိုက် မှာ ပြောတာပါ ။ အကုသိုလ် တွေပိုရအောင်လို့ ကံကောင်း နေတာဖြစ်မယ် ”

“ သားမယား က ရှိသေးတယ် မဟုတ်လား ၊ သိပ်တော့ ကြာကြာ မလုပ်
ပါနဲ့ ဗျာ ”

ကျွန်တော့် စကားကြောင့် သူ က ရယ်ရင်း ခေါင်းခါသည် ။ အဲဒီ သားမယား အတွက် ကြိုးစားခဲ့တာ ကို က မမှားသင့်ဘဲ မှားရတာ ဟု ပြောလာ၏ ။

“ ငယ်ငယ် က သားဖမ်း ၊ ငါးဖမ်း လုပ်ရတာ အမေ မုဆိုးမကြီး ကို လုပ်ကျွေး ရတာမို့ ကျွန်တော် လုပ်ရတာ စိတ် အနှောင့်အယှက် မဖြစ်ဘူး ။ ကျွန်တော့် အထက် မှာ အစ်မ တစ်ယောက် ရှိတယ် ။ အိမ်ထောင်ကျပြီး တော့ ကျွန်တော် တောင်ယာ လုပ်သေးတယ် ။ အဲဒီ တောင်ယာ ကို အခုတော့ အစ်မတို့ လင်မယား ဆက် လုပ်နေပါပြီ ။ ကျွန်တော့် ကလေးတွေ လည်း အဲဒီမှာ ဝိုင်းလုပ်ဝိုင်းစားပေါ့ဗျာ ။ ကျွန်တော် အိမ်ထောင်ရေး ကံမကောင်းဘူး ကိုထွေး ၊ အိမ်ထောင် နှစ်ဆက် ပျက်ပြီးပြီ ”

“ ကလေးတွေက သူ့ အမေ နဲ့ မဟုတ်ဘူးလား ”

“ ဘယ်ကလာ ဟုတ်ရမှာလဲ ။ ကျွန်တော် လည်း အဲဒါပဲ စိတ်မကောင်း ဖြစ်နေတာ ။ ဒီကိုလည်း ခေါ်ထား လို့ မဖြစ်ဘူး ။ ကျွန်တော် ကလည်း ပြန် မသွားချင်ဘူး ။ မျက်နှာပြောင် တိုက်လွန်းတဲ့ မိန်းမ နဲ့ ထပ် မတွေ့ချင်ဘူးဗျာ ။ ကျွန်တော့် ကို တံငါသမား ၊ အရက်သမား ရှေ့နောက် မြော်မြင် မရှိတဲ့ လူ ၊ ဘာညာ ဆိုပြီး ၊ သူ ကျတော့ ဟွန်း ၊ ကျွန်တော် မပြောလိုက်ချင် ဘူး ”

“ ပြောစမ်းပါဗျာ ၊ သိချင်လို့ ပါ ”

“ ပြောမှာ ပေါ့ဗျာ ကျွန်တော် က လည်း တမင် ဟန်လုပ်နေတာဗျ ” 

သူ က ရယ်ကျဲကျဲ လုပ်ရင်း ဆက် ပြောလာပြန်သည် ။

▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်

No comments:

Post a Comment