❝ မယားထိ ဓားကြည့် ❞
( ကြူးနှစ် )
ကျွန်တော့် မှာ ဘာသာခြား တိုင်းရင်းသား မိတ်ဆွေ တစ်ယောက် ရှိခဲ့ဖူး တယ် ။ သူ့ ဇနီး က လည်း သူ နဲ့ လူမျိုးတူ ၊ ဘာသာတူပဲ ။ အဲဒီ မိတ်ဆွေ ကလည်း အနုပညာသမား ၊ အသောက်အစား ဝါသနာကလေး ရှိတော့ ပုလင်းတူ ဘူးဆို့တွေ ဖြစ်ပြီး ရံဖန်ရံခါ ယမကာဝိုင်း ဖွဲ့မိတတ်ခဲ့ကြပါတယ် ။ များသော အားဖြင့် သူ့ အိမ်မှာ ဝိုင်းဖွဲ့ ဖြစ်တတ်ကြပါတယ် ။ သူ့ ဇနီး ကလည်း သူ့ လင် ဒီလို အပေါင်းအသင်းတွေ နဲ့ အိမ်မှာ ဝိုင်းဖွဲ့ သောက်စားခြင်း ကို တစ်ချက်ကလေး တစ်ကွက်ကလေး မှ မငြိုငြင်တဲ့ အပြင် သူပါ ဝိုင်းထဲ ဝင် သောက် စားလို့ ယောက်ျားတွေ နဲ့ ရောသောဖောသော စကားပြော ရယ်မောတတ် ပါတယ် ။ သည်လောက်ကတော့ ထားတော့ ... ကိစ္စ မရှိသေးဘူး ။
တစ်ခါမတော့ ကျွန်တော် နဲ့ ပူးကပ် ထိုင် ၊ လည်ပင်း ဖက်ပြီး ဒူးတင်ပေါင်တင် လုပ်လာတော့ ကျွန်တော် ကြက်သီးဖြန်းဖြန်း ထ သွားတယ် ။ ဒင်း ( သင်း ) မှာက အောက်ခံဘရာစီယာ တောင် မပါဘဲ ဘလောက် ( စ် ) အင်္ကျီပါးပါး ကို ဖိုးရိုးဖားရား ဝတ်ထားတာ ။ ထိုင် တော့ လည်း ဒူးတွေ ၊ ပေါင်တွေ ဖော်ပြီး တင်ပျဉ်ခွေ ထိုင်လို့ ။ ကျွန်တော် ဖြင့် အိမ်ထောင်သည် ဖြစ်ပါလျက်ကနဲ့ ခုလို လင်သားကြီး ငုတ်တုတ် ရှေ့မှာ ထားပြီး တခြား ယောက်ျား တစ်ယောက် ကို ဖက်လဲတကင်း လုပ်တဲ့ မိန်းမမျိုး ကို မကြုံဖူးတော့ ... ရ ထားတဲ့ ဇရက် ( ဆက်ရက် ) မင်းစည်းစိမ် တောင် ပျောက်ချင် သလိုလို ဖြစ်လာတယ် ။
“ ဟေ့ ... ဟေ့ Touch my wife and see the knife ဆိုတာ နင် မကြားဖူး ဘူးလား ” လို့ ကျွန်တော် ခပ်တည်တည် ပြော လိုက်တော့ ငနဲမ က မခိုးမခန့် ပြုံးလို့ ။
“ အဲဒါ ... မယားထိ ဓားကြည့် ဆိုတဲ့ နင်တို့ ဗမာစကားပုံပါဟာ ၊ သဘောထား သေးရာ ကျပါတယ် ” လို့တောင် ငနဲမ က ကျွန်တော့် ကို ခနိုးခနဲ့ မျက်နှာပေး နဲ့ ရယ်လိုက်ပါသေးတယ် ။ ကျွန်တော် လည်း ပြုံးစေ့စေ့ လုပ်နေ တဲ့ ငနဲမ ရဲ့ လင် ကို ကြည့်ပြီး ...
“ ဟေ့ကောင် ...မင်း မိန်းမတော့ ငါ့ ကို ဗလက္ကာရ လုပ်ဖို့ ကြိုးစား နေပြီကွ ” လို့ ပြောတော့ တစ်ဝိုင်းလုံး ရယ်ကြမောကြပါတယ် ။ ရယ်ကြနေကြတုန်းမှာ ငနဲမ က သူ့ ရင်အုံ နဲ့ ကျွန်တော့် လက်မောင်း ကို ဖိကပ်ပြီး ကျွန်တော့် လည်ပင်း ကိုပါ ဖက်လာပါလေရော ။
“ နင် မကြောင်နဲ့ စာရေးဆရာ ၊ ဒါ ... အသားချင်း ထိတာပဲ ၊ ဘာမှ မဆန်းဘူး ။ ကမ္ဘာဦး တုန်းက အာဒမ် နဲ့ ဧဝတို့ အသားချင်း ထိခဲ့ကြလို့ ဒီနေ့ ငါတို့ ကမ္ဘာလောကကြီး ရှင်သန်လှပ နေတာ မဟုတ်လား ။ ကဲ ...အသား ချင်း ထိတယ်ဟာ ။ အဲဒါ ဘာဖြစ်သေးလဲ ”
ငနဲမ က ပြောပြောဆိုဆို အဆီ ပြောင်နေတဲ့ နှာခေါင်း လုံးလုံးချွန်ချွန်ကလေး နဲ့ ကျွန်တော့် ပါး တစ်ဖက်ကို ( ရွတ် ) ခနဲ နမ်း လိုက်ပြန်ပါရော ။ ကျွန်တော် ကတော့ ကြက်သေသေ သွားတယ် ထင်တာပဲ ။ တစ်ဝိုင်းလုံး အူယားပြီး ရယ် လိုက်ကြတာ ။ ငနဲမ ရဲ့ ယောက်ျား ရဲ့ ရယ်သံက အကျယ်ဆုံး ။ မရယ်နိုင်တာ က ကျွန်တော် တစ်ယောက်တည်း ပါ ။ ဒါပေမဲ့ ... ရှက်ပြုံးလိုလို ၊ ဘာလိုလို တော့ ပြုံးမိလေသလားပဲ ။
ဒါမျိုးကို လွတ်လပ်ပေါ့ပါးတဲ့ ချစ်ကြည်ရင်းနှီးမှု တိုးပွားစေတဲ့ လူမှု ဆက်ဆံရေးပုံစံ တစ်ခု အဖြစ် တချို့က မြင်ကောင်းမြင်မယ် ။ ကျွန်တော် ကတော့ အဲသလို လက်လွတ်စပယ် မမြင်နိုင်ပါ ။
ကျွန်တော် စက်မှုသင်တန်း တက် တုန်းက သင်တန်းနည်းပြ ဆရာ တစ်ယောက် နဲ့ ရင်းနှီးခင်မင် သွားပြီး အာလာပသလ္လာပ စကား ပြောခွင့်ရပါတယ် ။ သူ ဟာ ဟိုတုန်းက ( ဂျီဒီအာ လို့ ခေါ်တဲ့ အရှေ့ဂျာမနီ ) မှာ စက်မှုပညာ သွား သင်ယူလာခဲ့ဖူးတဲ့ အစိုးရပညာတော်သင်ဆု ရဖူးတဲ့ သူပါ ။ ပြီးတော့ ... ပျော်ပျော် နေတတ်တဲ့ ယမကာလုလင်ကြီးပါ ။ သူ ပြောပြဖူးတာက ... “ စနေနေ့ည ဆို ...ငါတို့ သင်တန်းသားတွေ နဲ့ သင်တန်းဆရာ မိသားစု တွေ နိုက်ကလပ် တစ်ခု မှာ စားကြသောက်ကြ ၊ ကကြ ခုန်ကြတယ် ။ ဂျာမန် တွေ က မယားချင်း လဲပြီး တွဲ ကရုံတင် မကဘူး မယားချင်း တစ်ည လဲပြီး အိမ်ခေါ် သွားကြတာ ။ ငါ လည်း ဆန္ဒ ရှိမယ် ဆိုရင် ဂျာမန်မ တစ်ယောက် ကို ငါ့ အခန်း ခေါ်သွားပြီး တစ်ည အတူတူ နေလို့ ရတယ် ။ ဒါပေမဲ့ ... ငါ မလုပ်ခဲ့ဘူး ။ မြန်မာပြည် မှာ ကျန်ခဲ့တဲ့ ငါ့ မိန်းမ နဲ့ သားသမီး နှစ်ယောက် အပေါ် ငါ သစ္စာ မမဲ့နိုင်ဘူး ။ ငါ က ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးလေ ။ တခြား ယောက်ျား နဲ့ တစ်ည သွား အိပ်ပြီး နောက်နေ့ အိမ်ကို ဘာမှ မဖြစ်သလို ပြန် လာတဲ့ မိန်းမ ရဲ့ မျက်နှာ ကို ငါ ဘယ်လို ကြည့်ရမလဲ ။ ရောမမြို့ ရောက်ပြီး ရောမသား လို မကျင့်တတ်တဲ့ ငါ့ ကို ငတုံးလို့ ထင်ချင်လည်း ထင်ကြပစေ ရော့ကွာ ”
ကမ္ဘာ ပေါ် မှာ လူမျိုးစုတွေ များစွာ ရှိကြပြီး လူမျိုးစု တစ်စုတိုင်း မှာ သီးခြား ယဉ်ကျေးမှု ၊ သီးခြား ဓလေ့ထုံးတမ်းတွေ ရှိနေကြပါတယ် ။ အားလုံး အတူတူ ဖြစ်အောင် ညှိ ယူလို့ ဘယ်သော အခါမှ မရနိုင်ဘူး ။ လိုက် ညှိတဲ့ လူမျိုးစု ဟာ ပင်ကို ယဉ်ကျေးမှု ပျက်စီး ပျောက်ကွယ် ပြီး ဒေါင်းယောင် ဆောင် တဲ့ ကျီး လို ဒုက္ခလှလှကြီး တွေ့ကြရမှာပဲ ။
ကမ္ဘာ မှာ ရှိကြတဲ့ အထွတ်အမြတ် ဘာသာတရားကြီးများ ရဲ့ အဓိကကျ တဲ့ အဆုံးအမ တရားတွေ ထဲမှာ “ ကာမေသု မိစ္ဆာစာရကံ ” လို့ ဆိုတဲ့ ယုတ်ညံ့ မှားယွင်းတဲ့ မေထုံမှု ကို ပြင်းထန် တင်းကျပ်စွာ တားမြစ်တော် မူကြတယ် ။ အဲဒီ ပြစ်မှု ကျူးလွန်သူတွေ ရဲ့ ပြစ်ဒဏ် မှာ သက်ညှာမှု လုံးဝ မထားကြဘူး ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မှာ ဆိုရင် “ ကာမေသု ” ကျူးလွန်သူ အပြစ်သား ရဲ့ တမလွန် မှာ ခံစားရမယ့် အပြစ်ဒဏ် ဟာ စာဖွဲ့ ပြလို့တောင် မပြည့်စုံနိုင်ဘူး ။ လက်တွေ့ မျက်မှောက်လောက မှာ လည်း ကာမေသု အပြစ်သားတွေ အတွက် တရားဥပဒေ က ထိုက်တန်တဲ့ စီရင်မှုတွေ ပြဌာန်း ထားပြီးသား ဖြစ်နေတယ် ။ အမျိုးသမီး တစ်ယောက် ရဲ့ လက် ကို ဆွဲမိရုံနဲ့ တင် အဲဒီ သူကောင်းသား ဟာ ထောင်နန်း စံရမှာ ကျိန်းသေ နေပြီ ။
အလိုတူသည် ဖြစ်စေ ၊ အလိုမတူသည် ဖြစ်စေ ဖို နဲ့ မ အသားချင်း ၊ ခန္ဓာ ကိုယ် အစိတ်အပိုင်းချင်း ထိတွေ့ ပွတ်သတ်မှု ဟာ “ ကိလေသာ ” လို့ ကျမ်း ဂန်ဝေါဟာရ က သုံးတယ် ။ အရပ်စကား အရတော့ “ လိင်နှိုးဆွမှု ” ပါပဲ ။ ဒီကနေ နောက် တစ်ဆင့် ပြီး တစ်ဆင့် တက် လိုက်ရင်တော့ တချို့က “ သဘာဝ ရဲ့ အလိုတော် ” လို့ ခေါ်တဲ့ ဖို ၊ မ ဆက်ဆံရေး ကို ရောက်ပါပြီ ။ သဘာဝ ရဲ့ အလိုတော် ဟာ လူမှုရေး စည်းကမ်း ပေါင် ကို ကျော်လို့တော့ မရပါဘူး ။ သဘာဝတရား ရဲ့ အလိုတော် ကို စည်းမဲ့ကမ်းမဲ့ လွှတ်ပေး လိုက်မယ် ဆိုရင် ကျွန်တော် တို့ ဟာ ကမ္ဘာဦး ကျောက်ခေတ် ကို ပြန် ရောက်သွားကြမှာပဲ ။
အနောက်တိုင်း က ကျောက်ခေတ် ကို ပြန် သွားချင်တဲ့ “ စူဠယဉ်ကျေးမှု ” တွေ ပြိုကွဲ ပျက်စီး သွားခဲ့တာပဲ နှစ် ၅၀ လောက် ရှိနေပါပြီ ။
ယုတ်ညံ့ မှားယွင်းတဲ့ မေထုံမှု ဟာ ဘယ်လို တန်ပြန် အကျိုး သက်ရောက် သလဲ ဆိုတော့ ကျွန်တော်တို့ ခေတ်ကို ခြောက်လှန့်နေတဲ့ ( အိတ်ချ်အိုင်ဗွီ / အေအိုင်ဒီအက်စ် ) တစ္ဆေကြီး က လက်တွေ့ ၊ မျက်တွေ့ သက်သေပြပြပဲ မဟုတ်ပေဘူးလား ။
တစ်ချိန်တည်း မှာ “ လောကီအာရုံ ကာမဂုဏ် သည်သာ လူ့ဘဝ ၏ အနှစ် သာရ ” လို့ ခံယူကြသူ များကတော့ “ ခိုးစားရတဲ့ သစ်သီး က ပိုချိုတယ် ” လို့ ကြွေးကြော် နေကြတုန်းပါ ။ တချို့များ ဆို ဘုမသိ ဘမသိ နဲ့ ရမ်းသန်းပြီး “ ဖို ၊ မ ကိစ္စ ဟာ အခြေခံ လူ့အခွင့်အရေး တစ်ရပ်ပါ ” လို့တောင် ကျားကျား မီးယပ် လုပ်နေချင်ကြသေးရဲ့ ။ အဲဒီ သူကောင်းသားများ ကိုတော့ ကျွန်တော် က ( တစ်ဆိတ်လောက် .... တရားရုံး နဲ့ အကျဉ်းထောင် ကို သွားကြည့်ပါ ခင်ဗျား ။ ပြီးတော့ ကူးစက်ရောဂါ အထူးကုဆေးရုံကြီးများ ကို လည်း သွားပြီး လေ့လာပါ ) လို့ နှိုးဆော်တိုက်တွန်းပါရစေ ။
ရှေးရှေး ကတည်း က ဒီကနေ့ အထိ “ ကာမေသု ” ကို မကောင်းမှု အဖြစ် သတ်မှတ် ထားခဲ့ပေမဲ့ ဒီကနေ့ မှာလည်း ကာမေသုမိစ္ဆာ အမှုအခင်း အရှုပ် အထွေးတွေ တစ်ကမ္ဘာလုံး ပွစိ တက်အောင် ပေါ်ပေါက် ရှင်သန် နေရတာ ဘာကြောင့်လဲ ။ ကဗျာဆန်ဆန် ပြောရရင် ( ပိုးဖလံမျိုး မီးကိုတိုး ၊ ကိုယ်ကျိုး နည်းလှပြီ ) လို့ပဲ ပြောရမှာလား ။ “ ဓားသွား ပေါ် က ပျားရည်စက်ကလေး ကို လျှာအပြတ် ခံပြီး လျက်သူ မှသာ လူအစစ် ဖြစ်တယ် ” လို့ ပဲ ယုံကြည်ရမှာလား ။ ကျွန်တော် အဖြေ မရှာနိုင်ဘူး ။ ( အိုး ... ) ကျွန်တော် ကိုယ်တိုင် က သွေး နဲ့ ကိုယ် သား နဲ့ ကိုယ် ကိုး ။
“ သွေး နဲ့ ကိုယ် သား နဲ့ ကိုယ် ” လို့ ဆိုလိုက်တာ ဟာ ကိုယ့် ကိုယ် ကိုယ် ကာကွယ် လိုက်တာလို့ ထင်ကြရင် လည်း အငြင်း မပွားလိုပါဘူး ။ ငယ်ရွယ် စဉ် သွေးသား ဆူဖြိုး ၊ တိုးဝှေ့ ရုန်းကန် တုန်း အချိန် မှာ “ ကာမေသု ” ကိစ္စ အနည်းအပါး မှားယွင်းခဲ့မိဖူးတာ အမှန်ပါ ။ စတိ အမှားမျိုးပေါ့ ။ ကြီးကြီးကျယ်ကျယ် ၊ ဆိုးဆိုးရွားရွား ရာဇဝင် တွင် လောက်တဲ့ အမှားမျိုးလို့ မဆိုသင့်ပါ ။
အရွယ် ရောက်လာတော့ “ ကာမေသု ” အမှား ထပ် မမှားရအောင် သတိ ကပ်ပြီး ထိန်းတတ် လာတယ် ။ အိမ်ထောင် ကျတဲ့ အခါ ပိုပြီး ထိန်းချုပ် ကန့်သတ် လာနိုင်ပါတယ် ။ ဇနီး ကို လည်း “ ငါတို့ အိမ်ထောင်ရေး သစ္စာ တည်ကြည်ကြေးနော် ” လို့ တဖွဖွ သတိပေးပေါင်း များတော့ ဇနီး က တောင် ကျွန်တော့် ကို “ ဦးသဝန်ကြောင် ” လို့ ထင်မိကရော ။
ခက်တာ က ဒီ ကျင့်ဝတ် နဲ့ ပတ်သက်လို့ ကိုယ့် အပေါင်းအသင်း ယောက်ျား တွေ ကြားမှာ ပြောမိရင် ကျွန်တော့် ကို သူတို့ က အလန့်တကြား နဲ့ မျက်လုံးတွေ ပြူး ကြည့်တတ်ကြလေရဲ့ ။ တစ်ယောက် က ဆို ...
“ မင်း ပြောလိုက်တာက ရှေးဟောင်း သတ္တဝါကြီး တစ်ကောင် အုတ်ဂူ ထဲ က ထွက် လာပြီး ကယောင်ကတမ်း ပြောလိုက်သလိုပဲကွ ” လို့ တောင် ကျွန်တော့် ကို ပါးပါးကလေး ရှုတ်ချခဲ့ပါသေးတယ် ။
တစ်ချိန်တည်း မှာပဲ ကိုယ့် ပတ်ဝန်းကျင် မှာ လင်ခိုး ၊ မယားခိုး အမှုတွေ ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ၊ မေထုံ အလွဲသုံးမှုတွေ က တော့ တရကြမ်း လှုပ်ရွ နေတော့တာပဲ ။ ပြည်ပ က တိုင်းခြားသား နိုင်ငံခေါင်းဆောင် တချို့ဆို အဲသလို မဖွယ်မရာ ပြစ်မှုကြောင့် တိုင်းသိ ၊ ပြည်သိ ၊ ကမ္ဘာသိ နဲ့ ရှက်ဖွယ် လိလိ အဖြစ်တွေ ကြုံခဲ့ကြရတယ် ။
အဲသည် ရှက်ဖွယ်လိလိ ဖြစ်ရပ်တွေ က “ ဘာ ” ပြောပြပါသလဲ ။ မကောင်းမှု ( ကြီးမားတဲ့ အကုသိုလ် ဒုစရိုက် ) ဆိုတာ ဂုဏ်သိက္ခာ ဆိုတာ ထက် ပိုပြီး ခွန်အား ကြီးနေတယ် ၊ လွှမ်းမိုး ဖိစီးနိုင်တယ် ဆိုတာပဲ မဟုတ်ပါလား ။ ဘုရား အဆူဆူ က ဘယ်လိုပဲ ဆုံးမ ဆုံးမ ၊ တရားဓမ္မ အထွေထွေ က ဘယ်လိုပဲ တားမြစ် တားမြစ် ၊ တရားဥပဒေ အမျိုးမျိုး က ဘယ်လိုပဲ ချုပ်ထိန်း ချုပ်ထိန်း လူတွေ ( အထူးသဖြင့် ကာမပိုင် အိမ်ထောင်ရှင် ) ဟာ ကိလေသာ ကာမ အမှောင်ထဲ ရောက်သွားကြရင် နွားသိုးကြိုးပြတ် “ ပြိုင် ” လိုက်တတ်ကြတော့တာပဲ မဟုတ်လား ။ အခြား ဘာသာ တစ်ခုမယ် ဆိုရင် အိမ်ထောင်ရေး ဖောက်ပြန်တဲ့ မိန်းမ တစ်ယောက် ကို လူအုပ်ကြီး က သေဆုံး အသက်ထွက်သည့် တိုင် မသေမချင်း ရက်ရက်စက်စက် အပြစ် ပေးကြတာ ယခုတိုင် ရှိနေတယ် ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာ့ လူ့အဖွဲ့အစည်း မှာ တော့ “ ကာမ မှားယွင်းမှု ” နဲ့ ပတ်သက်လို့ လူမှု အသိုင်းအဝိုင်း ကရော တရား ဥပဒေ ကပါ ချမှတ်တဲ့ ပြစ်ဒဏ် ဟာ ရက်စက်ကြမ်းကြုတ်မှု မရှိလှပါဘူး ။ “ နောင်ကြဉ် ” ရုံ ၊ “ သံဝေဂ ” ရရုံ လောက်ပဲလို့ ကျွန်တော် ထင်တယ် ။ ဒါကလည်း ကျူးလွန်ပြစ်မှားသူ ကို “ အကြိုပြစ်ဒဏ် ” ချတဲ့ သဘောပါ ။ တမလွန် မှာ အဲဒီ အပြစ်သား ခံစားရမယ့် ပြစ်ဒဏ် ကတော့ စာဖွဲ့လို့ ကုန်နိုင်ဖွယ် မရှိ ဘူး ။ ( ဒု ၊ သ ၊ န ၊ သော ) ပြစ်မှုဟာ အဝီစိ က လွဲလို့ အခြား ပြစ်ဒဏ် မရှိပါဘူး ။
အင်္ဂလိပ်ပညာရှင် တစ်ယောက် က ဆိုရင် ( လူ ဟူသည် မှားတတ်သော သတ္တဝါ ) လို့ အဓိပ္ပာယ် ဖွင့်တယ် ။ လူတွေ မှားကြတဲ့ အမှားအယွင်း အပြစ် အနာအဆာတွေ ထည်းမှာ “ ကာမေသု မိစ္ဆာစာရ ” ကတော့ ဘယ်လိုနည်း နဲ့ မှ ခွင့်လွှတ်နိုင်စရာ ၊ ကျေအေးနိုင်စရာ မရှိပါဘူး ။ အဝီစိ ထက် ပိုပြီး ပြင်းထန် တဲ့ ပြစ်ဒဏ်မျိုး တောင် ရှာဖွေ ချမှတ်သင့်တယ် လို့ ကျွန်တော် တွေးမိတယ် ။
ကျွန်တော် ရဲ့ အသိတရား ပြောင်းလဲမှု အရ ကျွန်တော့် အသက် ၅၀ ကျော် ၊ ၆ဝ နား ကပ်လာတာ နဲ့ ကျွန်တော့် ဘဝပုံစံ ပြောင်းဖို့ ဆုံးဖြတ် လိုက်ပါတယ် ။ “ အသိတရား ပြောင်းလဲမှု ” ကို စေ့ဆော်လာတာ ကတော့ ကျွန်တော့် ရဲ့ ကာမဂုဏ် အာရုံခံစားမှု ဒီဂရီ လျော့ကျလာခြင်း က အဓိက ပါပဲ ။ သေမယ့် ဘက် ကို နီး လာလို့ ငရဲ ကြောက်ပြီး ဆင်ခြင် ထိန်းသိမ်းလိုက်တာမျိုး လည်း ဖြစ်ကောင်း ဖြစ်မယ် ။ ငယ်ဘဝ က ကျူးလွန် မိုက်မှားမိတဲ့ အကုသိုလ်တွေ “ ပေါ့ ” သွား ၊ “ ကျဲ ” သွားအောင် ရေ ရောလိုက်တာမျိုး လို့ ဆိုချင်လည်း ဆိုကြ ပါတော့ ။
မိတ်ဆွေ တချို့ ရဲ့ လမ်းညွှန် အကြံပြုချက် အရ ကျွန်တော် ဟာ “ မဂ္ဂင် ဝိဟာရ ” ကမ္မဋ္ဌာန်းတိုက် ကို ချဉ်းကပ်ပါတယ် ။ အညတရ ၊ ဝိပဿနာ အထူးပြု ဘုန်းတော်ကြီးကျောင်းတိုက်ပါ ။ တိတ်ဆိတ် ငြိမ်းချမ်းတဲ့ နေရာမှာ လည်း ရှိတယ် ။ သာသနာ့ ဝန်ထမ်းရဟန်း အရေအတွက် လည်း အတော် နည်းတယ် ။ ကျောင်းတိုက် ပရိဝုဏ် နဲ့ ကပ်လျက် ပရိဝုဏ် အပြင်ဘက် မှာ နေထိုင်ကြတဲ့ သီလရှင် နဲ့ အမျိုးသမီး ယောဂီ တချို့ ရဲ့ ကမ္မဋ္ဌာန်းကျောင်းလေး သုံးကျောင်း လည်း ရှိတယ် ။ အမျိုးသမီး ယောဂီတွေ က ဆရာတော်ကြီး နဲ့ တကွ ကျောင်းနေ သံဃာသုံး ၊ လေးပါး အတွက် ဆွမ်းချက် ၊ ဆွမ်းကပ်ဖို့ တာဝန် ယူကြရပါတယ် ။ ကျောင်းပရိဝုဏ် ထဲ ခြေတစ်လှမ်း ချလိုက်တာနဲ့ ရင် ထဲ ၊ အသည်း ထဲ မှာ အေးမြသွားတဲ့ နေရာမျိုးပါ ။
မဂ္ဂင်ဝိဟာရ ကို ကျွန်တော် သွားရောက်ပြီး လေ့ကျင့်တရား ရှုမှတ်တဲ့ အကြိမ် ၅ ကြိမ် လောက် ရှိတဲ့ အခါမှာ ယောဂီ အမျိုးသမီးကြီး “ အမေအေး ” ( ခေါ် ) ဒေါ်စမ်းအေး နဲ့ ခင်မင် ကျွမ်းဝင် လာခဲ့ပါတယ် ။
အမေအေး ဟာ အသက် ၇၀ လောက် ရှိပြီး ညိုညိုဖိုင့်ဖိုင့် ၊ မျက်ခုံး ကောင်း ၊ မျက်လုံးကောင်း မို့ အရွယ် ကောင်းစဉ် က ဖိုသတ္တဝါတွေ ကို သွေးဆူ စေနိုင်တဲ့ လုံးကြီးပေါက်လှ ညိုချော တစ်ယောက် ဖြစ်ခဲ့လိမ့်မယ် လို့ ကျွန်တော် ခန့်မှန်းပါတယ် ။ ( အဘွားကြီးတွေ ငယ်စဉ်တုန်း က ဘယ်လောက် လှပလဲ ။ ကောင်မလေးတွေ အဘွားကြီး ဖြစ်သွားရင် ဘယ်လောက် စိတ်ပျက်စရာ ကောင်းသွားမလဲ ဆိုတဲ့ မေးခွန်းတွေ ကို ကိုယ့် ဘာသာ ကိုယ် ပြန် မေးတတ်တာ ကျွန်တော့် ရဲ့ အချည်းအနှီး အကျိုးမဲ့ လူ့ဗာလ အကျင့်ပါ ။ ) ကျွန်တော် တွေ့ရချိန် မှာတော့ အမေအေး ဟာ ကြည်ညိုရိုသေလောက်စရာ ဣန္ဒြေသမုတ္တိ နဲ့ ပြည့်စုံနေတဲ့ ယောဂီ ကမ္မဋ္ဌာန်း ဆရာမကြီး ဖြစ်နေပါပြီ ။
တစ်နေ့ ... သူ နေတဲ့ ကမ္မဋ္ဌာန်းကျောင်းကလေး ကို သွားပြီး သူ့ ကို ကြည်ညိုစိတ်နဲ့ ထိုင် ကန်တော့မယ် လုပ်တော့ အမေအေး က ပြူးပြူးပျာပျာ နဲ့ ကမန်းကတန်း တားမြစ်ပါတယ် ။
“ ဟဲ့ ... ဟဲ့ ... ငါ့တူ မင်း မှားမယ်ကွဲ့ ၊ မှားမယ် ။ ငါ့ ကို မကန်တော့နဲ့ ။ ငါ က အကန်တော့ ခံယူအပ်တဲ့ မိန်းမစား မဟုတ်ဘူး ”
ကမ္မဋ္ဌာန်းတိုက် မှာ နှစ်ပေါင်း ၄၀ ကျော် ကြာအောင် နေခဲ့ပြီးပြီ ဆိုတဲ့ အမေအေး ဟာ ဘာကြောင့် အကန်တော့ မခံအပ်တာလဲ ။ ပြီးတော့ သူ က ကျွန်တော့် အမေ အရွယ် ၊ အဒေါ် အရွယ် ဖြစ်တဲ့ အပြင် သီလ ၊ သမာဓိ ကြီးမား
လှတယ်လို့ သတင်းကြီးလှတဲ့ အဓိပတိ ယောဂီမကြီး ပေါ့ ။
“ ကျွန်တော် ကြည်ညိုလို့ပါ အမေအေး ” လို့ ကျွန်တော် က ပြောတော့ အမေအေး က မချိပြုံးကလေး ပြုံးရှာတယ် ။ “ ငါ က ကြည်ညိုစရာ မိန်းမ မှ မဟုတ်တာကွယ် ” လို့ ပြောရာ က သူ က ဇာတ်လမ်း ကို ဖွင့်ချ လိုက်ပါတယ် ။
ကိုဘအောင် ဆိုတာက ဗလကောင်းကောင်း ၊ အရုပ်ဆိုးဆိုး ၊ လူ့ဘီလူး ကြီး ။ မစမ်းအေး က ညိုချော ၊ ငါးရံ့ ကိုယ်ကလေး ၊ မင်းကုသ နဲ့ မယ်ပပ တို့ရဲ့ ဇာတ်လမ်း လို သူတို့ ညားခဲ့ကြတာပဲ ။ နှစ်ကိုယ်တူ ချစ်ရည်မျှ လို့ပါ ။ ကိုဘအောင် က မသောက်မစား ၊ လောင်းကစား မရှိ ၊ ကွမ်းမစား ၊ ဆေးလိပ် မသောက် ၊ အပျော်အပါး ဆိုလို့ လေတောင် မချွန်တတ်ဘူး ။ ကိုဘအောင် နားလည်တာ က သူ့ ရဲ့ ရာသီပေါ် သီးနှံစိုက်ခင်းတွေ ကို ဂရုစိုက်မယ် ၊ သူ့ မယား မစမ်းအေး ကို “ ရွှေပေါ်မြတင် ” ထားမယ် ။ သားသမီး နှစ်ယောက် ကို “ အလို လိုက်မယ် ” ။ အဲသလောက်ပဲ နားလည်တာ ။ မစမ်းအေး ကတော့ နားလည် တာတွေ အများကြီး ။ ဘဝ ရတုန်းသခိုက် မှာ ဘဝ ရဲ့အရသာ ဟူသမျှ ခံစား နိုင်တာဟာ အကောင်းဆုံး လို့ လည်း မစမ်းအေး ယုံမှတ်တယ် ။ တာဝန်ပေါ့ အောင် ရင်သွေး နှစ်ယောက် ကို တောင် မစမ်းအေး က မိဘများ အိမ် ပို့ထား ခဲ့တာ ။ ရွာပြင် စိုက်ခင်း အလယ် က အိမ်ကလေး မှာ မောင်နှံ နှစ်ယောက် တည်းပေါ့ ။
ကိုဘအောင် က ရှေ့ရေး ကို တွေးပြီး စီးပွားရေး တိုးချဲ့ တယ် ။ စိုက်ခင်း နဲ့ ကပ်လျက်မှာ ကန် တူးပြီး ငါးမွေးတယ် ။ မွေးမြူးရေးလုပ်ငန်း က လည်း အောင်မြင်တာပဲ ။ အောင်မြင်တော့ အနှောင့်အယှက် ပယောဂ ပေါ်လာ တယ် ။ ညဘက် ငါး ဝင်ခိုးတဲ့ ပယောဂပေါ ။ သည်တော့ ကိုဘအောင် က ညဦးပိုင်း လွန်လို့ သန်းခေါင်နား ကပ်လာရင် အိမ် က ထွက်ပြီး ငါးသူခိုးတွေ ကို သွားသွား ချောင်းရတယ် ။ မိုးလင်းခါနီး မှ သူ အိမ် ပြန် အိပ်တယ် ။ သူခိုး တွေ က ကိုဘအောင် ချောင်းတဲ့ သတင်း ရလို့ပဲလား ၊ နတ်မျက်စိ ရှိလို့ပဲလား မသိဘူး မလာကြတော့ဘူး ။ ဒါပေမဲ့ ကိုဘအောင် ကတော့ ငါးကန် ကို တာဝန်ကြီး တစ်ခုလို ညဘက် သွားသွား ချောင်းတယ် ။
၆ လ လောက် ကြာတဲ့ အထိ ငါးသူခိုးတွေ ခြေငြိမ် နေကြတယ် ။ ဒါပေမဲ့ “ မယားခိုး ” ကတော့ ဘယ်လိုက ဘယ်လို ပေါ်လာတယ် မသိဘူး ။ ကိုဘအောင် မရှိတုန်း မစမ်းအေး ရဲ့ ခြင်ထောင် ထဲ ကို ရောက်ရောက် နေတော့တာပဲ ။ တစ်ရွာတည်းသား ၊ စိန်သန်း တဲ့ ။ တစ်ခုလပ် လူပေါ်ကြော့ ၊ လောင်းကစား သမားပေါ့ ။ အရွယ် က လည်း ကောင်း ၊ ရုပ် က လည်း ဖြောင့် ၊ အပြော ကလည်း ချို ။ “ မမအေး ...မမအေး ” နဲ့ မစမ်းအေး ကို ချဉ်းကပ် လိုက်တာ နောက်ဆုံးတော့ “ မစွမ်းရင်း ကလည်း ရှိ ၊ ကန်စွန်းခင်း နဲ့ ငြိ ” ဆိုသလို ကိုဘအောင် မရှိသခိုက် မစမ်းအေး ခြင်ထောင် ထဲ ရောက်လာတော့တာပေါ့ ။
အဲဒီ ည က ကိုဘအောင် က နှစ်ယောက်စလုံး ကို အသေခုတ်တာ ။ စိန်သန်း တော့ နားရွက် တစ်ဖက် ပြတ် ၊ နှာခေါင်း တစ်ခြမ်း လန် ၊ ပခုံး တစ်ဖက် နိမ့် သွားပြီး သွေးရူး သွေးတန်း နဲ့ ပြေးနိုင်လို့ လွတ်သွားတယ် ။ မစမ်းအေး လည်း ထဘီမနိုင် ပဝါမနိုင် နဲ့ ပြေးတာ ရွာ ထဲ ရောက်သွားတယ် ။
“ လုပ်ကြပါဦး ၊ ကိုဘအောင် ဦးနှောက် ပျက်ပြီး ဓားနဲ့ လိုက် ခုတ်နေလို့ ပါ ” လို့ မစမ်းအေး က တစ်ရွာလုံး ကြား အောင် အော်သတဲ့ ။
ကိုဘအောင် ဟာ လူရိုးကြီး ပါ ။ အ လည်း အ ပါတယ် ။ သူ့ခမျာ ထောင်ကျ သွားရှာလေရဲ့ ။ ထောင် ထဲ မှာ ပဲ ဝမ်းကိုက်ရောဂါ နဲ့ ဆုံးသွားပါတယ် ။ ကိုဘအောင် ဆုံးတဲ့ သတင်းရလို့ ၁ လ မကြာဘူး မစမ်းအေး နဲ့ စိန်သန်း တို့ တရားဝင် ယူလိုက်ကြတာပဲ ။ ၂ နှစ် လောက် ပေါင်း ပြီးတော့ စိန်သန်း ဟာ ဖဲဝိုင်း မှာ ရဲတင်း နဲ့ အခုတ် ခံရပြီး ပွဲချင်းပြီး သေတာပဲ ။ “ စိန်သန်း ဟာ ကိုဘအောင် ရဲ့ ဓား နဲ့ တုန်းက မသေဘဲ ဖဲသမားပေစိ ရဲ့ ရဲတင်း နဲ့ ကျမှ ကိစ္စ ပြတ်တော့တာပဲ ” လို့ ရွာ ထဲ မှာ အုတ်အော်သောင်းတင်း ဖြစ်သွားတော့ တာပေါ့ ။
“ ကဲ ... ငါ့တူ မင်း ငါ့ ကို ကန်တော့ချင်သေးရဲ့လား ။ ငါ က ကော အကန်တော့ ခံထိုက်သေးရဲ့လား ” လို့ အမေအေး က ပကတိ တည်ငြိမ်တဲ့ မျက်နှာထား ၊ အေးမြလှတဲ့ အသံ နဲ့ မေးလာတဲ့ အချိန်မှာ ကျွန်တော် ကြောင်အအ ဖြစ်နေမိပါတယ် ။
“ ကိုစိန်သန်း သေတာ နဲ့ ငါ လည်း ရွာ က ထွက်ခဲ့ပြီး ဒီ ကျောင်း ရောက် လာတာ ဒီကနေ့တိုင် ပဲ ဆိုပါစို့ ။ ငါ့ အပြစ် က ကြီးတယ် ။ ဒီ ဘဝမှာ ဘယ်လိုပဲ ကုသိုလ်ရေးတွေ လုပ်လုပ် အပြစ် မကျေနိုင်ဘူး ။ ငါ ငရဲ သွားရမှာပဲ ။ မင်း ကော သေရင် ဘယ် သွားရမယ်လို့ ထင်သလဲ ”
ကျွန်တော့် မှာ မူးတူးတူး မင်တင်တင် ကြောင်စီစီ နဲ့ ပေါ့ ။ ပါးစပ် က နေ “ ငရဲပေါ့ဗျာ ” လို့ ပြောလိုက်ချင်ပေမဲ့ ပြော မထွက်ဘူး ။ ပြော မထွက်နိုင်ဘူး ။ ပြောဖြစ်ခဲ့ ရင် ၊ ဇာတ်စုံ ခင်းဖြစ်ခဲ့ ရင် အမေအေး က ကျွန်တော့် မျက်နှာ ကို တံတွေး နဲ့ များ လှမ်း ထွေးမလား မဆိုနိုင်ဘူး ။
ကျွန်တော် လည်း စိန်သန်း လို ကောင်စားပါ ။ ဒါပေမဲ့ ကျွန်တော် က လိမ်လိမ်မာမာ ပါးပါးနပ်နပ် နဲ့ သူခိုး ပီသစွာ ရှောင်နိုင်တိမ်းနိုင် ခဲ့တော့ တုတ် ၊ ဓား ၊ လှံ ၊ ရဲတင်း အန္တရာယ် က လွတ်ကင်းနိုင်ခဲ့တာပေါ့ဗျာ ။ ကျွန်တော် လုံးဝ ရှောင်လို့ မရနိုင်တဲ့ ဘုံဌာန က ဘာလဲ ဆိုတာ ပြောပြဖို့ မလိုတော့ပါဘူး ။
⎕ ကြူးနှစ်
📖မဟေသီ မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၂၀၁၃
No comments:
Post a Comment