Wednesday, May 28, 2025

မိတ်ဆွေ ... ရေနွေးကြမ်းရောင်း သမားကြီး


 

❝ မိတ်ဆွေ ... ရေနွေးကြမ်းရောင်း သမားကြီး ❞ 
             ( မင်းသိင်္ခ )

ကျွန်ုပ် သည် နေ့စဉ်နေ့တိုင်း ဆိုသလို ကန်တော်ကြီး ဘေးမှ ပတ်ကာ ဗဟန်း ( ၃ ) လမ်း သို့ သွားရလေ၏ ။ ထိုအချိန် က ကျွန်ုပ် သည် ဗဟန်း ၃ လမ်း ရှိ စိန်ကုန်သည် ပန်းထိမ်ဆရာကြီး တစ် ဦး၏ တိုက်အသစ် ကို အတွင်းအပြင် ဆေးသုတ်ရန် အတွက် ကန်ထရိုက် ယူထားရလေ၏ ။ ထို့ကြောင့် ကန်တော်ကြီး ဘေး မှ ပတ် ကာ ဗဟန်း ၃ လမ်း သို့ နေ့စဉ် နေ့တိုင်း သွားရလေ၏ ။ ထိုသို့ သွားစဉ် ယခု ပန်းကန်လုံးကျွန်း ဟု ဆိုသော နေရာသို့ ရောက်သော အခါ၌ ပဲမုန့် ၊ ကော်ပြန့်ကြော် စသော စားသောက်ဖွယ်ရာများ ရောင်းသော တရုတ်ကြီး ထံ တွင် ဝင်၍ ပဲမုန့် နှင့် ရေနွေးကြမ်း တစ်ကရား ကို မှာယူ သောက်သုံးလေ့ ရှိလေ၏ ။

ထိုတရုတ်ကြီး ရောင်းသော ပဲမုန့် မှာ မချိုပေ ။ အနည်းငယ် ငန်၏ ။ ထို့ကြောင့် ကျွန်ုပ် က -

“ ပေါက်ဖော်ကြီး ... ခင်ဗျား မုန့် က မချိုဘူးဗျ ။ ငန်တယ် ” ဟု ပြောရာ မုန့်ရောင်းသော ပေါက်ဖော်ကြီး က -

“ ကျုပ် မုန့် က အချို လုပ်တာ မဟုတ်ဘူး အငန် လုပ်တာ ၊ ရေနွေးကြမ်း နဲ့ မြည်းဖို့ ဆိုတော့ အချို က သိပ် မကောင်းဘူး ၊ အငန် က ကောင်းတာ ၊ ကျုပ် က ခင်ဗျား တို့ကို မုန့် ရောင်းချင်တာ မဟုတ်ဘူး  ၊ ရေနွေးကြမ်း ရောင်းချင်တာ ၊ ခင်ဗျားတို့ ကို ရေနွေးကြမ်း သောက်စေချင်တာပါ ၊ ကျုပ် က ရေနွေးကြမ်း ကို အထူး ဂရုတစိုက် သောက်စေချင်တာပါ ။ ကျုပ် လည်း ရေနွေးကြမ်း ကို အထူး ဂရုတစိုက် လုပ်ထားတာ ၊ ရေနွေးကြမ်း ကို လည်း ဖြစ်သလို လုပ်တာ မဟုတ်ဘူး  ။ ကျုပ် အိမ် ဘေးမှာ စမ်းချောင်းကလေး ရှိတယ် ။ အဲဒီ စမ်းချောင်း ကို ကျောက်တုံးကြီးတွေ နဲ့ ကျုပ် က ပိတ်ဆို့ပြီး အဲဒီ ကျောက်တုံးကြီး က စိမ့်ပြီး ထွက်လာတဲ့ ရေ ကို တစ် ညလုံး စစ်ပြီး ခံထားရတာ ။ အဲဒီ ရေ နဲ့ ကျိုတဲ့ ရေနွေးကြမ်း ။ ပြီးတော့ လက်ဖက်ခြောက် ကို လည်း အရမ်း မသုံးဘူး ။ ‘ ပီမော်ကောင်း ’ လို့ ခေါ်တဲ့ မျောက်ဖြူ တံဆိပ် လက်ဖက်ခြောက် အစစ် နဲ့ သုံးတာ ” ပြောလေ၏ ။

“ ဒါပေမဲ့ ခင်ဗျား ရဲ့ ကရားလေး က သေးတယ်ဗျာ ။ ပန်းကန်လုံးလေးတွေ ကလည်း သေးလိုက်တာ မပြောပါနဲ့ တော့ ” ဟု ပြောရာ ဆိုင်ရှင် ပေါက်ဖော်ကြီး က -

“ ရေနွေးကြမ်း ကောင်းကောင်း ကို သောက်တဲ့ အခါ မှာ ဗုံးပေါလအော သောက်လို့ ကောင်းဘူး ။ နည်းနည်းချင်း အရသာခံ သောက်ရတယ် ။ ရေနွေးကြမ်း လို့ သဘော မထားဘူး ။ ‘ ရွှေရည် ’ လို့ သဘောထားပြီး သောက်စမ်းပါ ။ တန်ဖိုး ထားစမ်းပါ ။ ပန်းကန်ကလေး သေးသေးလေး နဲ့ အရသာခံ ပြီး သောက်စမ်း ပါ ။ ဉာဏ်ပွင့်မယ် ၊ စိတ်အေးချမ်းမယ် ၊ စိတ်ကူးကောင်းတွေ ပေါ်မယ် ။ ရေနွေးကြမ်း ကောင်းကောင်း သောက်တတ်တဲ့ အကျင့် ကို လေ့ကျင့်စမ်းပါဗျာ ” ဟု ၎င်း က ပြောလေ ၏ ။

ကျွန်ုပ် သည် ထို တရုတ်ကြီး နှင့် ခင်၍ သွားလေ၏ ။ ကျွန်ုပ် ကဲ့သို့ ၎င်း အား ခင်မင်သော ဖောက်သည်များ လည်း များစွာ ရှိလေ၏ ။ သူ သည် လွန်စွာ ကြီးမားသော သံအိုးကြီး ဖြင့် ရေနွေးကြမ်း ကို ကျိုလေ့ ရှိ၏ ။ ထို့ကြောင့် ကျွန်ုပ်တို့ က ‘ သံအိုး ကြီး ’ ရေနွေးကြမ်းဆိုင် ဟု ခေါ်လေ၏ ။ ကျွန်ုပ် ရောက်သွားသော အခါတိုင်း ၎င်း က ကျွန်ုပ် အား မိုးပြာရောင် ရေနွေးကရားလေး ချ ပေးလေ့ရှိ၏ ။ ကျွန်ုပ် ကို လည်း ၎င်း က ‘ ကိုမိုးပြာ ’ ဟု ခေါ်၏ ။

လူ ရှင်း၍ အားလပ်သော အခါ၌ သံအိုးကြီး က ပုံပြင် အတိုကလေး များ ပြောပြတတ်လေ၏ ။ ၎င်း ၏ ပုံပြင်ကလေးများ မှာ ရယ်စရာ ကောင်း၏ ။ မှတ်သားစရာ လည်း ကောင်းလေ၏ ။ တစ်ခါတွင် ကျွန်ုပ် က -

“ ခင်ဗျား ဒီနေရာ မှာ ဘာဖြစ်လို့ ရောင်းတာလဲ ” ဟု  မေးရာ ၎င်း က -

“ ကျုပ်ရဲ့ ရေနွေးကြမ်း ကို သောက်ရင်း ပန်း ကို ကြည့်လို့ ရအောင် ဒီနေရာ မှာ ရောင်း တာ ” ဟု ပြန်၍ ဖြေလေ၏ ။ ထိုအခါ ကျွန်ုပ် က -

“ ဘယ်မှာ ပန်း ရှိလို့ လဲ ။ ဟိုနား မှာ စက္ကူပန်းရုံကလေး တစ်ရုံ ပဲ ရှိ တာ ၊ ဒီ စက္ကူပန်းမျိုး ကတော့ ဗျာ ၊ ကျုပ် အိမ် ကို လိုက်ခဲ့စမ်းပါ ။ အိမ် ဘေး မှာ တောထ နေလို့ ခုတ် တောင် ပစ်နေရတယ် ” ဟု ပြောလိုက်လျှင် သူ က ပြုံးလေ၏ ။

သူ ၏ အပြုံး သည် နှစ်လိုဖွယ်ရာ ကောင်း၏ ။ သူ ၏ အပြုံး တွင် အဓိပ္ပာယ်များ စွာ နစ်မြုပ် နေ၏ ။ ကျေနပ်ခြင်း ကို လည်း ဖော်ပြနေ၏ ။

သူ ၏ အပြုံး သည် တစ်ဖက်လူ ကို အားပေး သလို ရှိ သကဲ့သို့ ရှုတ်ချ သကဲ့လည်း ဖြစ်နေတတ်၏ ။ အမျိုးပေါင်း များစွာ ပါဝင်နေသည် ဟု ဆိုနိုင်၏ ။ သူ သည် ကျေနပ်အောင် ပြုံးပြီး နောက် ကျွန်ုပ် အား -

“ ကိုမိုးပြာ ကလည်း ဗျာ ပန်းပင် ပွင့်တာ ကို မှ ပန်း လို့ ထင်နေတာ ကိုး ။ မျက်စိ ထဲ မှာ ကြည့်လို့ အရသာ ရှိတာ မှန်သမျှ ပန်း လို့ ယူ လိုက်စမ်းပါဗျာ ။ ဟောဟို သစ်ပင် မည်းမည်းခြောက်ခြောက်ကြီး ဟာ အရွက်တွေ တစ်ခု မှ မရှိဘူး ။ အကိုင်းတွေ ရှုပ် နေတာပဲ ။ မိုးပြာရောင် နောက်ခံ မှာ ဘယ်လောက် ကြည့် လို့ ကောင်းလိုက်သလဲ ။ အဲဒါလည်း ပန်း ပဲပေါ့ဗျာ ။ သစ်ကိုင်းခြောက်ပန်း လို့ ခေါ်လိုက်ပေါ့ ။ ရေ ထဲ မှာ ကျနေတဲ့ သူ့ အရိပ် က လည်း ကြည့်လို့ ကောင်းတယ် ။ လှုပ်နေတယ် ။ အဲဒါ အရိပ်ပန်း ပေါ့ဗျာ ။ ပြီးတော့ ဟောဟို ရေစပ် က ကျောက်တုံး မည်းမည်းကြီး က ရော ကြည့်လို့ မကောင်းဘူးလား ဗျာ ၊ ကျောက်တုံးပန်း ပေါ့ဗျာ ။ သူ့ ဘေးနား မှာ လုံချည်အဝါ ဝတ်ပြီး အဝတ်လျှော် နေတဲ့ ကု,လားမ က လည်း ကြည့်လို့ ကောင်းတာပဲ ။ သူ့ အသားအရောင် မည်းမ ည်းနဲ့ အဝါ နဲ့ ဘယ် လောက် ကြည့်လို့ ကောင်းသလဲ ၊ ကုလားမပန်း ပေါ့ ဗျာ ။ ပန်းချီဆရာ တစ်ယောက် သာ ဆိုရင် အဲဒီ အရောင်အသွေးတွေ ၊ အဲဒီ ပုံစံတွေ ကို မလွတ်အောင် ရေးယူမှာ ပဲ ။ ကိုမိုးပြာ ရဲ့ မျက်စိ ကတော့ ညံ့ပါ တယ်ဗျာ ။ ပန်းပင်ပွင့် မှ ပဲ ပန်း လို့ ထင်နေတာကိုး ။ အဲဒီတော့ ခင်ဗျား အတွက် ပန်း ဟာ ရှားတာပေါ့ ။ ကျုပ်တို့ လို ကြည့်တတ်တဲ့ လူ အဖို့ တော့ ပန်း ဟာ ပေါပါတယ် ဗျ ။ နေရာတိုင်း မှာ ပန်း ကို တွေ့နိုင်တယ် ။ အဲဒီလို တွေ့နိုင်အောင် လည်း လုပ် ယူလို့ မရဘူးဗျ ။ နှလုံးသား က သိမ်မွေ့ မှ ဖြစ်တဲ့ကိစ္စမျိုး ” ဟု ကျွန်ုပ် အား ပြောလေတော့၏ ။

ကျွန်ုပ် သည် သံအိုးကြီး နှင့် လွန်စွာ ရင်းနှီးခဲ့ပြီ ဖြစ်သည် ။ တစ်လခန့် ကြာသောအခါ၌ သံအိုးကြီး သည် ထိုနေရာ တွင် မရှိတော့ ပေ ။ နေရာ ပြောင်းသွားပြီ ဖြစ်၏ ။

သူ သည် တိရစ္ဆာန်ရုံ အနီး ခရစ်ယာန်သင်္ချိုင်းကလေး ရှေ့တွင် သူ ၏ ရေနွေးကြမ်း နှင့် မုန့် ကို သွား ၍ ရောင်းလေ၏ ။ ကျွန်ုပ် သည် ထိုနေရာ သို့ သွား၍ သောက် ရလေ၏ ။ ထို့ကြောင့် ကျွန်ုပ် က -

“ သံအိုးကြီး .... ဘာဖြစ်လို့ ဒီနေရာ ကို ရွှေ့လာတာလဲ ” ဟု မေး ရာ ၎င်း က -

“ ဟိုနေရာ က ပန်းတွေ ကြည့်ရ တာ ရိုးသွားလို့ ဒီနေရာ က ပန်းတွေ လာကြည့်တာ ” ဟု ပြောလေ၏ ။

“ ဒီနေရာ က ပန်းတွေ အကြောင်း ရှင်းပြပါဦး ” ဟု ကျွန်ုပ် က မေးလိုက်ရာ သံအိုးကြီး က -

“ ဟောဟို ကို လှမ်း ကြည့်စမ်း ။ မန်ကျည်းပင်တန်းကလေး အောက် မှာ မြေနီလမ်းကလေး ဗျ ။ မန်ကျည်းပင် အရိပ်တွေ က ပြောက်တိပြောက်ကျား ကျနေတယ် ။ အရိပ်ကျ နေတဲ့ နေရာ က မြေနီတွေ က အနီရောင် မဟုတ် တော့ဘူးဗျ ။ ခရမ်းရောင် အဖြစ် ပြောင်းနေတယ် ။ ဘယ်လောက် လှ သလဲဗျာ ။ အဲဒါကို ကြည့်ရင်း ကျုပ် ရဲ့ ရေနွေးကြမ်း ကို အရသာ ခံ ရင်း သောက်စမ်းပါဗျာ ။ ခင်ဗျား ဟာ ပန်း ကို လည်း ချစ်တတ်သွားမယ် ။ ရေနွေးကြမ်း ကို လည်း ချစ်တတ်သွားမယ် ။ ရေနွေးကြမ်း ကို လည်း စွဲသွားမယ် ။ ရေနွေးကြမ်း စွဲတဲ့ လူ ရဲ့ စိတ်ဓာတ် ဟာ အတော် ရင့်ကျက်တဲ့ စိတ်ဓာတ် ။

ကျုပ် မှာ သား တစ်ယောက် ရှိတယ် ။ သူ့ နာမည် က ‘ ကောက်တွဲ ’ တဲ့ ။ ရေနွေးကြမ်း သောက် တတ်အောင် သင်လို့ ကို မရပါဘူး ဗျာ ။ ဆိုးလိုက်တာ လည်း လွန်ပါရော ။ အခုတော့ လိမ်လည်မှု နဲ့ ထောင် ထဲ ရောက်သွားပြီ ။ သူ့ အောက် အငယ်ကောင် ရှိသေးတယ် ။ ‘ ကောင်ပု ’ လို့ ခေါ်တယ် ။ သူ က တော့ ရေနွေးကြမ်း ကြိုက်တယ် ။ သူ က ကျုပ် ကို အများကြီး အကူအညီ ပေးတယ် ။ ကျောက်ကြား ထဲ က ထွက်လာတဲ့ ရေ ကို မနက် ရေနွေးကြမ်း ရောင်းဖို့ အတွက် သူ က တစ်ညလုံး ခံပေးတယ် ။

ပြီးတော့ ဟောဒီ ဈေးလှည်း ကို ဒီအရောက် တွန်းပို့ ပေးတယ် ။ ပဲမုန့်တွေ ၊ ကော်ပြန့်တွေ လည်း သူ ပဲ လုပ်ပေးတယ် ။ သူ ကတော့ အတော် ကောင်းတဲ့ လူ ပဲ ။ ဒါပေမဲ့ လက်သမားပညာ သင်ဖို့ မြစ်ကြီးနား က လက်သမားဆရာ အိမ် ကို ပို့ထား လိုက်ရပြီ ။ သူ က မြစ်ဆုံ က ရေ ကို ခပ်ပြီး ဆရာ ကို ရေနွေးကြမ်း ကျို တိုက်တယ် ။ အဲဒီက ငါး ကို ဖမ်းပြီး ဆရာ ကို ကင် ကျွေးတယ် ။ ဆရာ က အတော်ပဲ ချစ်ပါတယ် ။ လက်သမားပညာ လည်း အတော် တတ်နေပြီ ။ သစ်သား နဲ့ ရေ ထည့် တဲ့ စည် တောင် လုပ်တတ် နေပြီ ။ ဘာပဲဖြစ်ဖြစ် သူ ဟာ လက်သမားဆရာကြီး ဖြစ်သွားမှာ ပါ ။ အခု ခင်ဗျား ထိုင် နေတဲ့ ခွေးခြေပုကလေး ဟာ ပြီးခဲ့တဲ့ လ က သူလုပ်ပြီး .. ပို့လိုက်တာပါ ” ဟု ပြောလေ၏ ။

သံအိုးကြီး သည် ကျွန်ုပ် နှင့် လွန်စွာ ရင်းနှီးသွားပြီ ဖြစ်၏ ။ သူ သည် ငါးထပ်ကြီးဘုရား ၏ အနောက်ဘက် ပန်းစိုက်သော သူများ နေသည့် ပန်းခင်းများ အနီး တွင် နေသည် ဟု သိရ၏ ။

တစ်နေ့တွင် သံအိုးကြီး ဆိုင် မထွက်သဖြင့် စုံစမ်းကြည့်ရာ အသည်းအသန် နေမကောင်း ဖြစ်နေသည် ဟု သိရသောကြောင့် သူ ၏ နေအိမ် သို့ လိုက်သွားမိလေ၏ ။ သူ ၏ အိမ် မှာ တဲအိမ်ကြီး တစ်အိမ် ဖြစ်၏ ။ သူ ၏ အိမ်ဘေး တွင် စမ်းချောင်းကလေး ရှိ၏ ။ သူ့ စမ်းချောင်းကလေး ကို ကြည့်လိုက်သောအခါ သူ ပြောသကဲ့သို့ ပင် စမ်းချောင်းရေ ကို ကျောက်တုံးများ ဖြင့် ဆို့ပိတ်ထားသည် ကို တွေ့ရလေ၏ ။ သူ ၏ တဲ တွင် ကျွန်ုပ် ကဲ့သို့ ရေနွေးကြမ်း ဖောက်သည် များ ရောက်နေသည် ကို တွေ့ရ ၏ ။ တဲ အဝင်အဝ တွင် မြေဖြူ နှင့် ရေးထားသော အောက်ပါ စာ ကိုလည်း တွေ့ရလေ၏ ။

မိတ်ဆွေများ သောက်ဖို့ ရေနွေးကြမ်း တည်ထားပါတယ် ။

ပဲမုန့် အငန်တွေ လည်း လုပ်ထားပါတယ် ။

သုံးဆောင်ကြပါ ။ သံအိုးကြီး က တော့ ပန်းအလှတွေ ကို ကြည့် လို့ ဝလို့ လောကကြီး က အပြီး ထွက်သွားခဲ့ပါပြီ ။

ရေနွေးကြမ်း ကောင်းကောင်း သောက်ပြီး ပန်းအလှများ ကြည့်တတ်ကြပါစေ ။

သင်တို့ ၏
ရေနွေးကြမ်း မိတ်ဆွေ
သံအိုးကြီး

ကျွန်ုပ် သည် ထို စာကို ဖတ်ပြီး နောက် စိတ်ညစ် သွား၏ ။ သို့သော် ကရား တစ်လုံး ယူ၍ ရေနွေးကြမ်း ဖြည့် ကာ ရေနွေးကြမ်း တစ်ခွက် သောက် လိုက်လေ၏ ။ ထိုအချိန်၌ သံအိုးကြီး ၏ အိမ်နီးချင်း ပန်းစိုက် သမားတစ်ဦး က -

“ သူ့ မှာ က နှလုံးရောဂါ အခံ ရှိတယ် ။ ည က ရောဂါသည်းတယ် ။ ကျုပ် က သနား လို့ လာပြီး ဆရာဝန် ခေါ်ပေးမယ် လုပ်တော့ သူ က မခေါ်နဲ့ တဲ့ ။ စမ်းချောင်း ထဲ က ရေ သွားခပ်တဲ့ ။ ပြီးတော့ သံအိုးကြီး ထဲကို ထည့်ခိုင်းတယ် ။ မီးမွှေးပြီး ရေနွေးအိုး တည်ခိုင်းတယ် ။ ဒီ အိုးကြီး က တစ်ညလုံး တည်ထားတာ ။ ပဲမုန့်အငန် လုပ်ချင်တယ်တဲ့ ။

သူ့ အနား ကို ပစ္စည်းတွေ ယူခိုင်း လို့ ကျုပ် က ယူပေးရတယ် ။ သူ ပဲ မုန့်တွေ လုပ်တယ် ။ ပြီးတော့ လိမ္မော်ရောင် ဗုဒ္ဓသရဏံ ပန်းပင်တွေ နား ကို သူ့ ကို ပို့ခိုင်းတယ် ။ ကျုပ် က ပွေ့ပြီး ပို့ ပေးလိုက်တယ် ။ အဲဒီမှာ လိမ္မော်ရောင် ဗုဒ္ဓံသရဏံပန်းတွေ ကို ကြည့်ပြီး ဘုရားရှိခိုးတယ် ။ ပြီးတော့ သင်ပုန်း ယူခိုင်းပြီး မြေဖြူခဲ နဲ့ ဟောဟိုက စာ ကို ရေးတော့တာပဲ ။ ရေနွေးကြမ်း အမြဲ သောက်ဖို့ လည်း ပြောပြပါတဲ့  ။ အဲဒါ မောင်ရင့် ကို ပြောတာ ဖြစ်မှာပဲ ” ဟု ဆိုကာ ထို ပန်းစိုက်သမားကြီး သည် ကျွန်ုပ် အား မိုးပြာရောင် ရေနွေးကရားလေး ယူ၍ ပေးလိုက်လေ၏ ။ ထိုသို့ ပေးပြီးနောက် -

“ ဗုဒ္ဓံသရဏံ ပန်းပင်တွေ ကြား ထဲ မှာ ပဲ ပေါက်ဖော်ကြီး ဟာ ‘ ဗုဒ္ဓံသရဏံဂစ္ဆာမိ ’ လို့ ဆိုရင်း အသက်ပျောက် သွားရှာတယ် ” ဟု ပြောလိုက်လေ၏ ။

ထိုအခါ၌ ကျွန်ုပ် ၏ မျက်လုံးအိမ် မှာ မျက်ရည်နှစ်ပေါက် သည် လှိမ့်၍ ထွက် လာပြီးလျှင် ပါးပြင် ပေါ်သို့ စီးဆင်းကာ ပါးပြင် ပေါ် မှ တစ်ဆင့် မဟာပထဝီ မြေကြီး ပေါ်သို့ ဒေါက်ခနဲ ဒေါက်ခနဲ ကျသွားလေတော့၏ ။

ထိုအချိန်မှ စ၍ ကျွန်ုပ် ၏ မာကြောလှသော နှလုံးသားများ လည်း နူးညံ့သိမ်မွေ့ သွားပြီ ဖြစ်၏ ။ ထို့အတူ ရေနွေးကြမ်း သောက်ခြင်း ကို လည်း စွဲ၍ သွားပြီ ဖြစ်လေတော့သတည်း ။

သဗ္ဗေသတ္တာ ကမ္မဿကာ

▣  မင်းသိင်္ခ
📖 ဖတ်စရာ ဂျာနယ်
      အမှတ် ( ၂၁ )
      ၇ - ၆ - ၂၀၀၅

No comments:

Post a Comment