Saturday, May 31, 2025

သုတ နှင့် ရသ နှောသော ဝတ္ထုတို / ရှည် ရေးသားနည်း


 

❝ သုတ နှင့် ရသ နှောသော ဝတ္ထုတို / ရှည် ရေးသားနည်း ❞
       ( မနုဿကျော်ဝင်း )

◾ကုန်ကြမ်း ကို ဘက်စုံ အသုံးချနည်း

မဟော်သဓာဇာတ်တော် တွင် သုခမိန်မဟော်သဓာ သည် မိမိ အတွက် ကြင်ဖက်သက်နှံ ရှာဖွေရာ၌ “ အမရာ ” ဆိုသူ အမျိုးသမီး တစ်ဦး နှင့် တွေ့ဆုံခဲ့ရသည် ။ ထို အမျိုးသမီး သည် ပညာဉာဏ်ကြီးသူ ဟုတ် မဟုတ် မဟော်သဓာ က နည်းအမျိုးမျိုး ဖြင့် ပညာ စမ်းခဲ့၏ ။ ထိုသို့ ပညာ စမ်းခဲ့မှုများ အနက် တစ်ခု မှာ အမရာ အား ဆန် အနည်းငယ် ပေးပြီး ယာဂု ကို ကျိုရန် ၊ ပေါက်ပေါက် လှော် ရန် နှင့် ထမင်း ချက် ရန် စေခိုင်းခဲ့၏ ။ အမရာ သည် မဟော်သဓာ ပေးသော ဆန် ထဲ မှာ စပါးလုံး များ ကို ရွေးထုတ် ပြီး ပေါက်ပေါက် လှော် ၏ ။ ဆန်ကွဲ များကို ရွေးထုတ်ပြီး ယာဂု ကျို ၏ ။ ဆန်ကောင်း ကို ထမင်း ချက် ၏ ။ မိမိ ရရှိသော ဆန် တစ်မျိုး တည်း မှ မဟော်သဓာ စေခိုင်းသည့် အတိုင်း အစားအစာ သုံးမျိုး ကို ပြုလုပ် ပေးလိုက်ခြင်း ဖြစ်၏ ။ ဤ သာဓက သည် စာ ရေးလို သူ တို့ အတွက် နှလုံး သွင်းအပ်သော တန်ဖိုး မဖြတ်နိုင်သည့် နမူနာ ယူဖွယ်ရာ တစ်ခု ဖြစ်၏ ။ မိမိ ရှာဖွေစုဆောင်း ရရှိခဲ့သော ကုန်ကြမ်း ထဲ မှ အကြောင်းအချက် အချို့ကို ဆောင်းပါး ရေးသားနိုင်၏ ။ အချို့ကို သုတရသ နှော သော ဝတ္ထုတိုရှည် ဖန်တီး ရေးသားနိုင်၏ ။ အချို့ အချက်အလက်တို့ ကို ကဗျာ ဖွဲ့ လိုက ဖွဲ့ နိုင်၏ ။ ဤကား စာပေ ရေးသားရန် အတွက် မိမိ စုဆောင်း ရရှိသော ကုန်ကြမ်း ကို ဘက်စုံ အသုံးချခြင်းပင် ဖြစ်၏ ။

အမရာ ၏ ထုံး ကို နှလုံး မူ ၍ စာပေကုန်ကြမ်းများ ကို ဘက်စုံ မည်သို့ အသုံး ချ ခဲ့ပုံ အကြောင်း မိမိ ၏ ကိုယ်တွေ့ ဖြစ်စဉ်များ နှင့် ယှဉ်၍ တင်ပြပါမည် ။ မိမိ သည် ယဉ်ကျေးမှု ဝန်ကြီးဌာန အောက်ရှိ ယဉ်ကျေးမှုဗိမာန် ဦးစီးဌာန တွင် ယဉ်ကျေးမှု အငယ်တန်း အရာရှိ အဖြစ် စတင် ဝင်ရောက် တာဝန် ထမ်းဆောင် ခဲ့စဉ်က ကွင်းဆင်း သုတေသန ပြုရန် နာဂတောင်တန်း ဒေသ ကို ရွေးချယ် ခဲ့သည် ။ နာဂတောင်တန်း ဒေသ သည် ထိုစဉ်က ဖွံ့ဖြိုးတိုးတက်မှု အလွန် နောက်ကျလျက် ရှိခြင်း ၊ ယခင်က မည်သူမျှ ကွင်းဆင်း သုတေသန မပြုသေး ခြင်း တို့ကြောင့် ယင်း နယ်မြေဒေသ ကို ကွင်းဆင်းရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်၏ ။ ( ၁၉၇၀ ) ပြည့်နှစ် မတ်လ တွင် နာဂတောင်တန်း ဒေသ သို့ ပဏာမ ကွင်းဆင်း လေ့လာမှုခရီး ကို စတင်ခဲ့ပြီး နောင် နှစ်များ တွင်လည်း နှစ်စဉ် ကွင်းဆင်း လေ့လာမှု ပြုခဲ့၏ ။

ပဏာမ ကွင်းဆင်း လေ့လာမှု ခရီး မှ စတင်ပြီး နာဂတောင်တန်းဒေသ နှင့် ပတ်သက်၍ လည်းကောင်း ၊ နာဂမျိုးနွယ်စု တို့ ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ နှင့် ပတ်သက် လည်းကောင်း အချက်အလက်များ ( ဝါ ) ကုန်ကြမ်းများ ကို စုဆောင်း ရရှိခဲ့သည် ။ ဤကွင်းဆင်း သုတေသနလုပ်ငန်း ၏ အဓိက ရည်ရွယ်ချက် မှာ နာဂမျိုးနွယ်စုကြီး တစ်စု ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ အကြောင်း ကျမ်း တစ်စောင် ပြုစုရန် အတွက် ဖြစ်၏ ။ သို့ရာတွင် အဆိုပါ ကျမ်း ကြီး ရေးသားပြုစု နေစဉ် ကာလ အတွင်း မှာ ပင် မိမိ စုဆောင်း ရရှိထားသော ကုန်ကြမ်းများ အနက် အချို့ကို ဆောင်းပါးများ ရေးသားခြင်း ၊ အချို့အချက် အလက်တို့ ကို အသုံးပြု၍ ဝတ္ထုတို ၊ ဝတ္ထုရှည် ရေးသားခြင်းများ ဖြင့် ကုန်ကြမ်း များ ကို ဘက်စုံ အသုံးချ နိုင်ခဲ့လေသည် ။ မိမိ သည် ခန္တီးမြို့နယ် အတွင်း ရှိ လိုက်ခေါ် အမည် ရှိ ကျေးရွာကြီး တစ်ရွာ တွင် အခြေ စိုက်ကာ “ နောက်အော်နာဂ ” မျိုးနွယ်စုကြီး အကြောင်း အသေးစိတ် သုတေသန ပြု နိုင်ခဲ့သည် ။ ထို့ကြောင့် လည်း “ နောက်အော်နာဂ ” အမည်ရှိ ကျမ်း တစ်စောင် ကို ၁၉၇၃ - ခုနှစ် မှ စတင် ပြုစုခဲ့ရာ ၁၉၇၆ - ခုနှစ် တွင် ပြီးစီးခဲ့၏ ။ ယင်း ကျမ်း စာအုပ် တွင် နောက်အော် နာဂ တို့ မွေးဖွားချိန် မှ သေဆုံးချိန် အထိ နေထိုင်ကျင့်ကြံပုံ ၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု ၊ ယုံကြည်ကိုးကွယ်မှု ၊ ဘာသာစကား ၊ အတွေးအခေါ် ဓလေ့စရိုက် ၊ လူမှု ဆက်ဆံရေးစနစ် ၊ ရိုးရာဓလေ့ထုံးစံများ ၊ ရိုးရာအသက်မွေးဝမ်းကျောင်းစနစ် ၊ လက်မှုအနုပညာ နှင့် အနုသုခုမပညာ ၊ ရိုးရာပုံပြင်များ စသည်ဖြင့် ကဏ္ဍစုံ တင်ပြခဲ့သည် ။ ဤကျမ်းစာအုပ် ကို နိုင်ငံတော်က ၁၉၇၇ - ခုနှစ် မြန်မာ့ယဉ်ကျေးမှု အနုပညာဆိုင်ရာ ဘာသာရပ် အတွက် အမျိုးသားစာပေဆု ချီးမြှင့်ခဲ့သည် ။ မိမိ သည် နာဂယဉ်ကျေးမှုကဏ္ဍများ အလိုက် သာ မက ဒေသဆိုင်ရာ လမ်းပန်းဆက်သွယ်ရေး ၊ ကျန်းမာရေး နှင့် ပညာရေးဖွံ့ဖြိုးတိုးတက်စေမှု တို့ အတွက်ပါ ရည်သန်ကာ ဆောင်းပါးများ ကို ရေးသားခဲ့သည် ။ အလားတူ ဝတ္ထုတို ၊ ဝတ္ထုရှည်များ ကို လည်း ဖန်တီး ရေးသားခဲ့ပါသည် ။ ယင်းတို့ အနက် အချို့ကို ထုတ်နုတ် ပုံဆောင်၍ ဝတ္ထုတို ၊ ဝတ္ထုရှည် ရေးသားနည်းဆိုင်ရာ အခြေခံ အချက်များ အတွက် ဖော်ပြပါသည် ။

    •••   •••   •••   •••

◾ဖြိုးနာဂ ( ဝတ္ထုတို )

“ လေး အတွက် အဖိုးတန် လက်ဆောင် ပါလာသည် ။ လေဆိပ် တွင် ဆက်ဆက်ကြို ” ဟူသော သံကြိုးလေး ကို နာဂတောင်တန်း ဘက် သို့ ခရီးထွက်ခွာ သွားခဲ့ပြီး ရန်ကုန် သို့ ပြန် လာတော့မည့် လင်ယောက်ျား ၏ ထံ မှ ရရှိခဲ့သူ “ လေး ” အမည်ရှိ အမျိုးသမီး တစ်ယောက် လေဆိပ်တွင် သိလိုစိတ် စောပြီး စိတ်မော နေရပုံ ဖြင့် အစ ပျိုး ထားသည် ။ ဘယ်လို အဖိုးတန် လက်ဆောင်မျိုး ဖြစ်ကြောင်း သိချင်စိတ် မော နေသူ “ လေး ” သည် “ မောင် ” နှင့် မိမိ တို့ ၏ အိမ်ထောင်ရေး နောက်ကြောင်း ကို ပြန်လည် စဉ်းစား နေမိသည် ။ မောင် သည် ယဉ်ကျေးမှု ဌာနမှ တိုင်းရင်းသားလူမျိုးစု အငယ်တန်းအရာရှိ တစ်ဦး ဖြစ်သည် ။ လုပ်ငန်း တာဝန် အရ နာဂတောင်တန်း သို့ အကြိမ်ကြိမ် ကွင်းဆင်း ခဲ့ရသည် ။ ထိုဒေသ သို့ ကွင်းဆင်းသုတေသန ပြုရန် ကိစ္စ မှာ လည်း အထက် က မောင့် ကို အတင်းအကျပ် တာဝန်ပေး စေလွှတ်ခဲ့ခြင်း မဟုတ် ။ မောင့် ဘာသာ ဆန္ဒ ပြုပြီး တင်ပြခဲ့ခြင်း ဖြစ်သည် ။ မောင် သည် ထို ဒေသ သို့ ခရီး ထွက်ပြီး ပြန်လာသည့် အခါတိုင်း ဘာ လက်ဆောင် ပစ္စည်း မျှ လေး အတွက် ယူဆောင်လာခြင်း မရှိခဲ့ ။ သူ ယူဆောင် သွားသော အဝတ်အစား နှင့် အသုံးအဆောင် ပစ္စည်းများ ပင် အိမ်သို့ ပြန်ပါလာ ခြင်း မရှိသည် ကို တွေ့ရ၏ ။ နာဂတွေ ကို လက်ဆောင် အဖြစ် ပေးထားခဲ့ကြောင်း မောင် က ရှင်းပြသည် ။ ကြာလာတော့ ယောက္ခမ ဖြစ်သူ ကပင် မောင့် ကို မကြည်ဖြူချင်တော့ ။ ဒေသ အချို့ သို့ ခရီး ထွက်ပြီး ချမ်းသာလာသူ တို့ ကို အတု ယူ စေချင်သည် ။ သမီး ဖြစ်သူ ကို နားချ ခိုင်းသည် ။ သို့ရာတွင် လင် တော်မောင် အကြောင်း ကောင်းကောင်း သိသူ လေး က မောင့် ကို နား မချဝံ့ ။ သို့ရာတွင် နာဂတောင်တန်း ဆီ သို့ မောင် နောက်ဆုံး အကြိမ် ခရီး ထွက်သည့် အခါ ၌ လေး က သူမ အတွက် အဖိုးတန်လက်ဆောင် တစ်ခု ယူလာပေးရန် မောင့် ကို တောင်းဆိုသည် ။ မောင် ကလည်း ယူလာခဲ့ပါမည် ဟု ကတိ ပြုသည် ။ ယခု ပြန် ရောက်ခါနီး တွင်လည်း မောင့် ထံ မှ သံကြိုးစာ ရောက်ရှိ လာရာ လေး အတွက် အဖိုးအတန်ဆုံး လက်ဆောင် ပါလာမည် ဟု သိရသည် ။ ထို လက်
ဆောင်သည် ဘာလဲ ။ ဘယ့်အတွက်ကြောင့် အဖိုးတန်ဆုံး လက်ဆောင်မွန် ဟု မောင် က မွှန်းထား ရသနည်း ။ ဆန္ဒ စောနေသူ လေး သည် မောင် တို့ စီးနင်း လိုက်ပါလာသည့် လေယာဉ်ကြီး ဆိုက်ရောက်လာချိန် ၌ ရင်ခုန်မှု အထွတ် အထိပ် သို့ ရောက် သွားခဲ့ရ၏ ။ ခရီးသည်တွေ ဆင်း လာ သော်လည်း မောင် တစ် ယောက် တော်တော် နှင့် ပေါ် မလာ ။

မောင် သည် အထုပ် တစ်ထုပ် ပိုက်ပြီး လေယာဉ် ပေါ် မှ ဆင်း လာရာ လေး က ထို အထုပ် ကို စိတ်ဝင်တစား မျှော်ကြည့် နေမိသည် ။ စိတ်ကူး ယဉ်နေမိသည် ။ အနား ရောက်တော့မှ ဘွားခနဲ တွေ့ လိုက်ရသည်ကား မောင့် လက်ထဲမှ ပစ္စည်းသည် သက်မဲ့အရာဝတ္ထု တစ်ခု မဟုတ် ။ လသား အရွယ် ကလေးငယ် ကလေး တစ်ယောက် ဖြစ်ကြောင်း တွေ့မြင်ရတော့သည် ။ မောင် က ရှင်းပြ သည်မှာ သူ ကွင်းဆင်းသုတေသန ပြုနေသည့် နောက်အော်နာဂ တို့ ၏ ရိုးရာ အစွဲအလမ်း တစ်ခု သည် ကား အမြွာပူးကလေး မွေး ဖွားလျှင် နိမိတ် မကောင်း ဟု ယုံကြည်ပြီး ထို ကလေးမျိုးတွေ ကို သ,တ်ဖြတ် ပစ်လေ့ ရှိကြကြောင်း ၊ နောက် ပိုင်းတွင် ဗုဒ္ဓဘာသာ တောင်တန်းသာသနာပြု ဘုန်းတော်ကြီး အချို့က ထို အမြွာပူးကလေးများ ကို သက်ဆိုင်ရာ မိဘ ထံ မှ တောင်းယူ မွေးစားပြီး ကယ်တင်ခဲ့ကြကြောင်း ၊ ယခု မိမိ မွေးစားရန် ယူဆောင်လာသော သားယောက်ျား လေး မှာ လိုက်ခေါ်ကျေးရွာ မှ - “ တာမောင် ” ဆိုသူ နှင့် “ ဆောင်းဖယ် ” ဆိုသူ ဇနီး မောင်နှံတို့ မှ မွေးဖွားသော အမြွှာပူး သား အကြီးလေး ဖြစ်ကြောင်း ၊ သားအငယ် လေးမှာ မွေးဖွားစဉ် ကပင် သေဆုံး သွားခဲ့ကြောင်း ၊ ဤ အမြွှာပူးသား အကြီး လေး ကို တောင်တန်းသာသနာပြု ဆရာတော် တစ်ပါး က သူ့ မိဘများ ထံ မှ တောင်းယူ မွေးစားထားခဲ့ခြင်း ဖြစ်ကြောင်း ၊ မိမိ သည် ထို ဘုန်းတော်ကြီး ကျောင်း သို့ ရောက်ရှိခဲ့ရာ မှ ဆရာတော် ထံ မေတ္တာရပ်ခံ လျှောက်ထားပြီး ထို ကလေး ကို မွေးစားရန် ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ မိမိတို့ တွင် သားသမီး တစ်ယောက် မျှ မထွန်းကားသေးရာ ဤ နာဂ ရင်သွေးလေး ကို သားအရင်း အဖြစ် မွေးစား စောင့်ရှောက်ပြီး ဆရာဝန် တစ်ဦး ဖြစ်လာသည် အထိ ပျိုးထောင် သွားရန် ရည်ရွယ်ထားကြောင်း ၊ ဆရာဝန် ဖြစ် လာလျှင် သား ကို နာဂတောင်တန်း သို့ စေလွှတ်ပြီး နာဂသွေးချင်းများ ကျန်းမာရေးဖွံ့ဖြိုးစေမှု အတွက် ဆောင် ရွက်စေမည် ဖြစ်ကြောင်း ၊ သား နာမည်ကို လည်း “ ဖြိုးနာဂ ” ဟု အမည် ပေးထားကြောင်း ရှင်းပြသည် ။ သားသမီး ငတ်နေသူ လေး သည် မောင့် လက် ထဲမှ လသားလေး “ ဖြိုးနာဂ ” ကို ပွေ့ချီပြီး တဝကြီး မွှေးပစ်လိုက်၏ ။

အထက်ပါ “ ဖြိုးနာဂ ဝတ္ထုတို ” တွင် မောင် ယူဆောင်လာမည့် အဖိုးတန် လက်ဆောင် ဆိုသည် ဘယ်လို လက်ဆောင်မျိုး ဖြစ်သနည်း ဟူသော မက်လုံး ပေးပြီး စာဖတ်သူ တို့ ကို ဆွဲဆောင် ထားခြင်း ဖြစ်၏ ။ ဝတ္ထုတို ၊ ဝတ္ထုရှည် တို့ ၌ “ မက်လုံး” ရော “ ငြိလုံး ” ပါ အရေး ကြီး၏ ။ “ မက်လုံး ”  ဟူသည် ရှေ့တွင် ဘာဖြစ် မလဲ ဟု သိလိုစိတ် ဖြစ်ပေါ်စေရန် စာဖတ်သူ တို့ အား စိတ်ဝင်စားအောင် ဆွဲဆောင်ချက် ပင် ဖြစ်၏ ။ “ မက်လုံး ” ကို ဖန်တီးတတ်ရန် မှာ မခက်ခဲလှ သော်လည်း “ ငြိလုံး ” များ ကို ဖန်တီးရန် အတွက်မူကား ခက်ခဲ၏ ။ ငြိလုံး ဟူသည် ဝတ္ထုတို ဖြစ်စေ ၊ ဝတ္ထုရှည် ဖြစ်စေ ထို ဝတ္ထု ကို ဖတ်ရှုပြီး အကြောင်း အချက်အလက် တချို့ ( သို့မဟုတ် ) ဝေါဟာရ တချို့ ( သို့မဟုတ် ) တင်ပြပုံ အဖွဲ့အနွဲ့ ဇာတ်လမ်းဇာတ်ကွက် စသည်တို့ ကို စွဲငြိကာ နောက်ထပ် အခါခါ ဖတ်ချင်စိတ် ဖြစ်ပေါ်စေမှု ကို “ ငြိလုံး ” ဟုခေါ်၏ ။ မိမိ ဝတ္ထု တွင် ငြိလုံးများ ပါရှိစေနိုင်ရန် မှာ မိမိ ၏ ဖန်တီးနိုင်မှု စွမ်းရည် ထက်မြက် မှ သာ ဖြစ် နိုင်၏ ။ ထိုသို့ ထက်မြက် နေစေရန် အတွက် စာများများ ဖတ်ဖို့ လိုသည် ။ စာ ကောင်း ရေးတတ်ဖို့ အတွက် စာကောင်း ရွေး ဖတ်ဖို့ လိုသည် ။ စာပေဟောပြောပွဲများ ၊ စာတမ်းဖတ်ပွဲများ ကို တက်ရောက် နားထောင်ဖို့ လိုသည် ။

ဖြိုးနာဂဝတ္ထုတို တွင် နာဂ တို့ ၏ ရိုးရာဓလေ့ ထုံးစံများ အကြောင်း သုတ နှင့် သိင်္ဂါရ ရသ တို့ ကို အချိုးညီညီ ပေါင်းစပ် ရေးသားခဲ့ခြင်း ဖြစ်ပါသည် ။ လှည့် ကွက်ကလေး တစ်ခုဖြင့် တင်ပြခဲ့ခြင်း ဖြစ်၏ ။

  •••   •••   •••   ••• 

◾တက္ကသိုလ် ဘယ်မှာ ရှိတယ် ( လုံးချင်းဝတ္ထုရှည် )

ပြည်ထဲရေးဌာန မှ အဆင့်မြင့် အရာရှိကြီး တစ်ဦး ဖြစ်သူ ဦးဘကြည် တွင် တင်မောင်ကြွယ် အမည် ရှိ တစ်ဦးတည်း သော သား တစ်ယောက် ရှိသည် ။ တင်မောင်ကြွယ် မှာ ဖရက်ဒီ နှင့် ကြော့ ဟူသော အရင်းနှီးဆုံး သူငယ်ချင်းများ ရှိကြသည် ။ အတန်း တူကြသည် ။ သုံးယောက် စလုံး စာ တော်ကြသည် ။ တင်မောင်ကြွယ် သည် ကြော့ ကို ချစ်မိသဖြင့် ချစ်ရေး ဆိုမိရာ ကြော့ က ပရိယာယ်ကြွယ်ကြွယ် ဖြင့် ငြင်းခဲ့သည် ။ တကယ်တော့ ကြော့ သည် ဖရက်ဒီ အပေါ်တွင် စိတ်ညွတ်နေသူ ဖြစ်သည် ။ ထို နှစ် ( ၁၀ ) တန်း ဖြေဆိုကြသည့် အခါ ကြော့ နှင့် ဖရက်ဒီ တို့ က ဂုဏ်ထူးများ ရရှိပြီး နှစ်ချင်း ပေါက် အောင်မြင်သွားခဲ့ ကြသည် ။ စိတ် လေနေသူ တင်မောင်ကြွယ် စာမေးပွဲ ကျသည် ။ ပို၍ စိတ်လေ သွားပြီး သောက်စားမူးယစ် ရန်ဖြစ်မှုကြောင့် အချုပ် ခံခဲ့ရသည် ။ သား ၏ စိတ် ဝေဒနာ ကို နားလည်သူ ဖခင် က နည်းလမ်း မှန်ကန်စွာဖြင့် တင်မောင်ကြွယ် အား ကုစားပေးသည် ။

ဦးဘကြည် က သား ဖြစ်သူ တင်မောင်ကြွယ် နှင့် အပေးအယူ တစ်ခု ပြုလုပ်သည် ။ ( ၂ ) နှစ် အတွင်း သူ တာဝန် ပေးသမျှ ကို တင်မောင်ကြွယ် က သူ ကျေနပ်လောက်အောင် ဆောင်ရွက် ပေးနိုင်လျှင် နိုင်ငံခြား တိုင်းပြည်ကြီး တစ်ခု ၌ ပညာတော်သင် သွားရောက်နိုင်ရန် စီစဉ်ပေးမည် ဟု ကတိ ပြုသည် ။ ထို အပေးအယူ ကိစ္စ ကို တင်မောင်ကြွယ် က သဘော တူ ကာ လက်ခံလိုက်သည် ။ သို့ရာတွင် သူ့ ဖခင် ပြဋ္ဌာန်းသော စည်းကမ်းချက်များ ကို တော့ သူ လိုက်နာရမည် ဖြစ်သည် ။ သူ့ ဖခင် က ဆိပ်ကြီးခနောင်တို ၊ ခရမ်း စသည့် မြို့နယ် နှင့် ကျေးရွာများ ဆီ သို့ တင်မောင်ကြွယ် ကို စရိတ် ပေးပြီး စေလွှတ်ခဲ့သည် ။ တွေ့ရှိရသည့် ထူးခြားသော အတွေ့အကြုံ ဗဟုသုတများ ကို တင်မောင်ကြွယ် က သူ့ ဖခင် အား ပြန်၍ တင်ပြရသည် ။ သူ့ ဖခင် ၏ တိုက်တွန်းချက် အတိုင်း ထို ဗဟုသုတများ အကြောင်း စာနယ်ဇင်းများ တွင် ဆောင်းပါးများ ရေးသားရသည် ။ သည်လိုနှင့် အချိန် ( ၆ ) လ ကုန်ဆုံးသွားခဲ့ရသည် ။ ကျန်သည့် တစ်နှစ် နှင့် ခြောက်လ အချိန် ကို မူ နာဂတောင်တန်း တွင် ကုန်ဆုံးရမည် ဖြစ်ကြောင်း တင်မောင်ကြွယ် သိ လိုက်ရ၏ ။ အကြောင်းကား ကျောင်းဆရာ လုံးဝ မရှိသော “ လိုက်ခေါ်  ” ကျေးရွာ အတွက် သူ သွားရောက်ပြီး နာဂရင်သွေးငယ် များ ကို ပညာ သင်ကြားပေးရန် သူ့ ဖခင် ဦးဘကြည် က သူ့ ကို တာဝန် ပေးအပ် သောကြောင့် ဖြစ်၏ ။ လိုက်ခေါ်ကျေးရွာ သည် နာဂတောင်တန်းဒေသ ခန္တီး မြို့နယ် တွင် တည်ရှိသည် ။ နောက်အော် နာဂမျိုးနွယ်စု များ နေထိုင်သော ကျေးရွာကြီး တစ်ရွာ ဖြစ်သည် ။

တင်မောင်ကြွယ် သည် အခက်အခဲအမျိုးမျိုး ကို ကျော်လွှားပြီး လိုက်ခေါ် ကျေးရွာ သို့ သွားရောက်ခဲ့ရသည် ။ အစဦးပိုင်း တွင် နာဂရင်သွေးငယ်များ ကို ပညာ သင်ကြားပေးရန် သူ ကြိုးစားသော်လည်း အောင်မြင်မှု မရှိခဲ့ ။ သို့ရာတွင် ဇွဲရှိရှိ စေတနာပါပါ ဖြင့် စနစ်တကျ အစီအစဉ်များ ချမှတ် ဆောင်ရွက်သော အခါ အောင်မြင်မှုများ ရရှိလာသည် ။ ထို ကျေးရွာ တွင် မူလကတည်း က ရှိနေ နှင့်သော သားဖွားဆရာမလေး ညိုညိုလွင် ကလည်း တင်မောင်ကြွယ် ကို တတ်အားသမျှ အကူအညီ ပေးသည် ။ ထို့ကြောင့် လပိုင်း အတွင်း မှာပင် လိုက်ခေါ်ကျေးရွာ ၌ သစ် ၊ ဝါးစသော ဒေသထွက် ပစ္စည်းများ ဖြင့် ကိုယ်ထူကိုယ်ထ တည်ဆောက်သော စာသင်ကျောင်း တစ်ကျောင်း ပေါ်ထွန်း လာရသည် ။ ရွှေ့ ပြောင်းတောင်ယာစနစ် ကြောင့် လူနေမှုဘဝ နလန် မထူနိုင်သူ နောက်အော်နာဂများ သည် သက်ဆိုင်ရာဌာန မှ အကောင်အထည် ဖော်ပေးမည် ဆိုသော လှေကားထစ် လယ်ယာစနစ် ကို စိတ်ဝင်စား နေကြသည် ။ တစ်ဆယ့်လေး ဒီဂရီ ဆင်ခြေလျှော တောင်ကုန်း နေရာမျိုးတွေ ရှိလျှင် ထိုစနစ် ကို အကောင်အထည် ဖော်၍ ရနိုင်လေရာ လိုက်ခေါ်ကျေးရွာ ပတ်ဝန်းကျင် တွင် ထိုနေရာ မျိုးတွေ က အမြောက်အမြား ရှိနေသည် ။ တင်မောင်ကြွယ် သည် ထို အခြေအနေများ ကို လေ့လာသိရှိ ထားသဖြင့် သက်ဆိုင်ရာ ဌာန သို့ အကြံပြုသည့် ဆောင်းပါး တစ်ပုဒ် ရေးသားပြီး သတင်းစာ တစ်စောင် သို့ ပေးပို့ခဲ့၏ ။ ထို ဆောင်းပါး သတင်းစာ တွင် ပါလာပြီး နောက် လပိုင်း အတွင်း ၌ စိုက်ပျိုးရေးဌာန မှ တာဝန် ရှိသူ တစ်ဦး လိုက်ခေါ် ရွာ သို့ ရောက်ရှိလာသည် ။ လှေကားထစ် လယ်ယာ အကောင်အထည် ဖော်နိုင်မည့် နေရာ တစ်ခု ကို ရွေးချယ်ပြီး အစမ်း သဘော စတင် ဆောင်ရွက်စေခဲ့သည် ။

တင်မောင်ကြွယ် သည် စေတနာ့ဝန်ထမ်း ကျောင်းဆရာ အဖြစ် ဆောင်ရွက်နေစဉ် အတွင်း နာဂတောင်တန်းဒေသ နှင့် ပတ်သက်သည့် ထူးခြားချက် များ သိသင့်သိထိုက်သည်များကို စာနယ်ဇင်းများ ၌ ဆောင်းပါးများ ရေးသား ခဲ့သည် ။ အဆင်း အလှအပကြီး မဟုတ်သော်လည်း သဘောဖြူသော သားဖွား ဆရာမလေး ညိုညိုလွင် အပေါ် တွင် လည်း သံယောဇဉ် ငြိတွယ် လာသည် ။ ထိုကာလ အတွင်း သူ တစ်ဖက်သတ် ချစ်ခဲ့မိသော ကြော့ တစ်ယောက် ဖရက်ဒီ နှင့် ထိမ်းမြားလက်ထပ်လိုက်ပြီ ဖြစ်ကြောင်း သူ့ ဖခင် ဦးဘကြည် ပေးပို့လိုက် သည့် သတင်းစာ တစ်စောင် တွင် တင်မောင်ကြွယ် ဖတ်ရှု သိရှိလိုက်ရသည် ။

အချုပ်အားဖြင့် ဆိုရသော် တင်မောင်ကြွယ် ရောက်ရှိလာပြီး မှ လိုက်ခေါ် ကျေးရွာ တွင် ပြောင်းလဲတိုးတက်မှုများ မြောက်မြားစွာ ဖြစ်ထွန်းလာခဲ့ရသည် ။ ထို အချက်များ ကို သတိပြုမိကြသော ဒေသခံ နာဂသွေးချင်းများ က တင်မောင်ကြွယ် ကို လေးစားအားကိုး လာကြသည် ။ သည်လို နှင့် သူ့ ဖခင် တာဝန် ပေးအပ်လိုက်သည့် အချိန်ကာလ ကုန်ဆုံးခါ နီးလာခဲ့ရသည် ။ သူ့ ဖခင် သည် အချိန်စေ့ သည့် နေ့ တွင် လိုက်ခေါ်ကျေးရွာ သို့ ရောက်ရှိလာမည် ဖြစ်ပြီး သူ နှင့် အပေးအယူ ကတိကဝတ် ပြုထားခဲ့သည့် ကိစ္စ အတွက် စခန်းသိမ်း ဆောင်ရွက်ပေးမည် ဖြစ်သည် ။ တစ်ရက်သော နံနက်ခင်း တွင် သားဖွားဆရာမလေး ညိုညိုလွင် က တင်မောင်ကြွယ် ရှိရာသို့ အပြေးအလွှား လာရောက်ပြီး ရွာလူကြီး ဦးပါဆောင် နှင့် ပတ်သက်၍ သတင်းတစ်ခု ပေးသည် ။ ဦးပါဆောင် ၏ သမီး ဆောင်ဖယ် ဆိုသူသည် အမြွှာပူး သားယောက်ျားလေး နှစ်ယောက် မွေးရာ အငယ်လေး မှာ သေဆုံးသွားပြီး သားအကြီးလေး ကျန်ရစ်ခဲ့ကြောင်း ၊ အမြွှာပူး မွေးဖွားလျှင် နိမိတ် မကောင်း ရွာနာသည် ဟု စွဲလမ်းယုံကြည် အယူသီးသူ ဦးပါဆောင် သည် ထို ကလေးငယ် ကို သ,တ်ပစ်ရန် အတွက် တောထဲသို့ ယူဆောင် သွားပြီ ဖြစ်ကြောင်း ၊ ထိုကိစ္စ ကို တားမြစ် ပြီး လသား ကလေးငယ် လေး ၏ အသက် ကို ကယ်တင် ပေးရန် တင်မောင်ကြွယ် ထံ အကူအညီ တောင်း၏ ။

တင်မောင်ကြွယ် သည် တောထဲ သို့ ထွက်ခွာသွားသူ ဦးပါဆောင် ၏ နောက်သို့ ပြေး လိုက်သွားခဲ့သည် ။ မြေကြီး ပေါ် တွင် ကလေးငယ် ကို ချ ထားပြီး ခြေထောက် ဖြင့် နင်း သ,တ်ရန် ပြင်ဆင်နေသူ ဦးပါဆောင် ကို နောက်မှ ကိုယ်စောင်း ဖြင့် ဝင် တိုက်ပြီး မြေကြီး ပေါ် မှ လသားကလေးငယ်လေး ကို ပွေ့ချီ ကာ တင်မောင်ကြွယ် ထွက် ပြေးသည် ။ သို့ရာတွင် ရှေ့ ၌ ချောက်ကြီး တစ်ခု ခံနေ သဖြင့် ရပ် လိုက်ရသည် ။ ဦးပါဆောင် က ထို လသားကလေးငယ်လေး ကို သူ့ ထံ ပြန် ပေးရန် တောင်းဆိုသည် ။ သို့သော် တင်မောင်ကြွယ် က ပြန် မပေးဘဲ ဆက်လက် ပွေ့ပိုက်ထားသည် ။ အနုနည်း ဖြင့် တောင်း ၍ မရသောအခါ ဦးပါဆောင် က သူ့ ဓား ဖြင့် တင်မောင်ကြွယ် ကို ခုတ် သ,တ်ရန် လက် ကို မြှောက် တင် လိုက်သည် ။ ထိုစဉ် သူတို့ နောက်နား ဆီမှ တားဆီး အော်ဟစ်သံကြီး တစ်ခု ပေါ်ထွက်လာသဖြင့် ဦးပါဆောင် က လှည့် ကြည့်လိုက်သည် ။ အော်ဟစ်သူ မှာ တင်မောင်ကြွယ် ၏ ဖခင် ဦးဘကြည် ပင် ဖြစ်၏ ။ ဦးဘကြည် က ဦးပါဆောင် ကို ပြောပြသည် မှာ သူ့ ကို ဦးပါဆောင် မှတ်မိလိမ့်မည် ဖြစ်ကြောင်း ၊ လွန်ခဲ့သည့် ( ၁၈ ) နှစ် ခန့် က ကျေးရွာ သို့ မြို့ပိုင်ဘဝ ဖြင့် လာရောက်ခဲ့သည့် ဦးဘကြည် ဖြစ်ကြောင်း ၊ ထိုစဉ်က ဦးပါဆောင် ၏ ဇနီးသည် အမြွှာပူးသား နှစ်ယောက် မွေးဖွားရာ အငယ်လေး မှာ မီးတွင်း ထဲ ၌ သေဆုံးသွားခဲ့ပြီး သား အကြီးလေး ကို သတ်ဖြတ်ရန် တောထဲ သို့ ယူဆောင် လာစဉ် မိမိ က ထိုကလေး ကို ဦးပါဆောင် ထံ မှ လုယူ ထွက်ပြေး သွားခဲ့ကြောင်း ၊ ထို ကလေး ကို မိမိ က သားအရင်း အဖြစ် မွေးစားပြီး ပြုစုစောင့်ရှောက်ခဲ့ကြောင်း ၊ လူလားမြောက်ချိန် ၌ ဤ ကျေးရွာ သို့ ဥပါယ်တံမျဉ် ဖြင့် မိမိ က စေလွှတ်ပြီး နာဂရင်သွေးလေးများ ကို စာသင် ပေးစေခဲ့ကြောင်း အမြွှာပူး မွေး လျှင် ရွာ နာတတ်သည် ဟု အယူ သီး ခဲ့ကြသော နောက်အော်နာဂ တို့ ၏ စွဲလမ်းယုံကြည်မှု မှန် မမှန် ကျောင်းဆရာလေး တင်မောင်ကြွယ် ၏ လုပ်ဆောင်ခဲ့ချက်များ ကို ပြန်လည် သုံးသပ် ကြည့် လျှင် သိနိုင်ကြောင်း ၊ သူ့ ကြောင့် လိုက်ခေါ်ကျေးရွာကြီး ဘယ်လောက်တိုး တက်လာသည် ကို မိမိ ပြောပြသည် ထက် လက်တွေ့ ကြုံခဲ့ရသူ ဦးပါဆောင် က ပို၍ သိနိုင်မည် ဖြစ်ကြောင်း ၊ ယခု ဦးပါဆောင် က ဓားဖြင့် ခုတ်သ,တ်ရန် ချိန်ရွယ်ထား သူ တင်မောင်ကြွယ် သည် ဦးပါဆောင် ၏ အမြွှာပူးသား အကြီးလေး ဖြစ်ကြောင်း ရှင်း ပြလိုက်ရာ ဦးပါဆောင် ဓါး သည် လက်ထဲ မှ လွတ်ကျပြီး သတိ လစ်သွားခဲ့ရသည် ။

ဦးဘကြည် က မိမိ နှင့် အပေးအယူ ပြုခဲ့သည့်ကိစ္စ အတွက် တင်မောင်ကြွယ် ၏ ဆန္ဒ ကို မေးမြန်းခဲ့ရာ တင်မောင်ကြွယ် က မိမိ သည် ပြည်ပနိုင်ငံသို့ သွားရောက်ရန် ဆန္ဒ မရှိတော့ကြောင်း ၊ ကျောင်းကြီး ပရိဝုဏ်ကြီးတွေ မှာ သာ တက္ကသိုလ်ပညာ ကို ရှာဖွေရရှိနိုင်သည် မဟုတ်ဘဲ မိမိ ၏ ပတ်ဝန်းကျင်တွင် ကြည့်တတ် လျှင် မြင်နိုင်သည် ။ ရှာတတ်ဖွေတတ် လျှင် တွေ့ရှိနိုင်သည် ။ တွေးခေါ်မြော်မြင် တတ်လျှင် မှန်ကန်သော သစ္စာတရား ကို ရရှိနိုင်သည် ကို မိမိ နားလည် သဘောပေါက် သွားပြီ ဖြစ်ကြောင်း ၊ ယခု ဤ ကျေးရွာ ၌ပင် ကျောင်း ဆရာ အဖြစ် မိမိ ဆက်လက် ဆောင်ရွက် နေထိုင် သွားတော့မည် ဖြစ်ကြောင်း တင်ပြ၏ ။ ထိုအခါ ဦးဘကြည် ကလည်း နိုင်ငံခြား တိုင်းပြည်ကြီး တစ်ခုခု တွင် တင်မောင်ကြွယ် ကို ပညာ သင်ယူနိုင်စေရန် မိမိ စီစဉ်ပေးမည် ဟု ဆိုခဲ့ ကတိ ပြုခဲ့ သည် မှာလည်း တကယ်တော့ မက်လုံး ပေးခဲ့ခြင်း သက်သက် မျှ သာ ဖြစ် ကြောင်း ၊ ထိုသို့ လုပ်ဆောင်ပေးနိုင်သည့် အခွင့် အာဏာမျိုး မိမိ တွင် မရှိကြောင်း ၊ ယခုတော့ တင်မောင်ကြွယ် သည် “ တက္ကသိုလ် ဘယ်မှာ ရှိတယ် ” ဆိုသည် ကို သဘောပေါက် သွားပြီ ဖြစ်၍ မိမိ ဝမ်းသာ ကျေနပ်ကြောင်း ၊ အိမ်ထောင်ဖက် ရွေးရာ၌ လည်း အဆင်း နှင့် အချင်း ခွဲခြားတတ်ပြီ ဖြစ်၍ ထိုကိစ္စ အတွက်လည်း မိမိ မပြန်ခင် ဆောင်ရွက်ပေးခဲ့ မည်ဖြစ်ကြောင်း ( တင်မောင်ကြွယ် ကို သားဖွားမဆရာလေး ညိုညိုလွင် နှင့် လက်ထပ်ပေးရန် ရည်ရွယ်၍ ပြောခြင်း ဖြစ်သည် ။ ) တင်မောင်ကြွယ် သည် ယခုအခါ အများသူငါ ရနိုင်ခဲလှ သော ကလောင် တစ်ချောင်း ကို ပိုင်ဆိုင်နေပြီ ဖြစ်၍ မိမိ ဝမ်းသာ ဂုဏ်ယူမီ ကြောင်း ပြောကြားသည် ။

ဦးဘကြည် ရန်ကုန် ပြန်မည့် နေ့တွင် တင်မောင်ကြွယ် က ဦးဘကြည် သည် မိမိ ၏ ဖခင် အရင်း မဟုတ်သော်လည်း မိမိ ၏ အသက် ကို နှစ်ကြိမ် ကယ်တင်ခဲ့သူ ဖြစ်၍ ကျေးဇူးတရား ကြီးမားလှကြောင်း ၊ ထို ကျေးဇူး ကို မိမိ မည်သို့ ပြန်ဆပ်ရမည် မသိကြောင်း ၊ ဦးဘကြည် က နာဂ တို့ တွင် “ ကျေးဇူး ” ဟူသော ဝေါဟာရ မရှိကြောင်း ၊ သို့ရာတွင် မိမိ အပေါ် ကျေးဇူး ပြုသူကို လက်ငင်းလက် တွေ့ ကျေးဇူးဆပ်လေ့ ရှိကြောင်း ၊ ထို့ကြောင့် တင်မောင်ကြွယ် အနေဖြင့် မိမိ ကို ကျေးဇူး ဆပ် လိုလျှင် ၎င်း ပိုင်ဆိုင်ထားသည့် ကလောင် လက်နက် ဖြင့် နာဂတောင်တန်းဒေသ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက် လာအောင် ကြိုးပမ်း ဆောင်ရွက် သွားစေလိုကြောင်း ပြန် ပြောကြားခဲ့သည် ။

“ တက္ကသိုလ် ဘယ်မှာ ရှိတယ် ” ဝတ္ထု တွင် မိမိ သည် မြန်မာပြည် တစ်နံတစ်လျား မှ လေ့လာ စုဆောင်းခဲ့သော မြန်မာ့ရိုးရာ ကျေးလက်သိပ္ပံဗဟုသုတများ ၊ နာဂ တို့ ၏ ရိုးရာ ဓလေ့ထုံးစံများ နှင့် ပတ်သက်သည့် ဗဟုသုတများ ကို သိင်္ဂါရရသ ၊ ဝီရရသ ၊ အခြား ရသများ နှင့် သမမျှတအောင် ရောနှော၍ အလှည့် အပြောင်းလေး ဖြင့် တင်ပြခဲ့ခြင်း ဖြစ်သည် ။ ဤ ဝတ္ထုရှည်စာမူ ကို စာပေဗိမာန်ပြိုင်ပွဲ ၁၉၇၅ တွင် တင်သွင်း ယှဉ်ပြိုင်ခဲ့ရာ ဝတ္ထုရှည်ဘာသာရပ် အတွက် ဆုချီးမြှင့်ခြင်း ခံခဲ့ရပါသည် ။ 

•••   •••   •••   ••• 

◾အရေးကြီးသော အချက်များ

သုတ နှင့် ရသ နှောသော ဝတ္ထုတို ၊ ဝတ္ထုရှည် ရေးသားရာ ၌ စာရေးသူ သည် မိမိ ထက်သန်သော ဘာသာရပ်ပိုင်း ၊ ပညာရပ်ပိုင်း နှင့် ဗဟုသုတပိုင်း တို့ ၌ အားသန်သူ ဖြစ်လျှင် သုတပိုင်း ကို ဖော်ပြရာ၌ လွန်ကဲ သွားတတ်သည် ။ ထိုအခါ စာ လေး သွားတတ်ပြီး ဖတ်သူ က ငြီးငွေ့ကာ ဆက် မဖတ်ချင်တော့သော စိတ်မျိုး ဖြစ် ပေါ်လာတတ်သည် ။ ထို့ကြောင့် မိမိ သိတိုင်း တတ်တိုင်း အတိုင်းအဆ မရှိ လက်လွန် သွားမိခြင်းမျိုး မဖြစ်စေရန် သတိ ချပ်ရသည် ။ လိုအပ်လျှင် ပညာသား ပါ သော ဟာသရသမြောက် သည့် အကွက်ကလေး များ ကို ကြား ခု ပေးသင့်သည် ။ ဟာသပိုင်း တွင် မိမိ မကျွမ်းလျှင် လည်း လျှို့ဝှက် သည်းဖို အကွက်ကလေးများ ဖြင့် ဖြည့်စွက် ပေးသင့်သည် ။ “ ငြိလုံး ” ပိုင်း ၌ မိမိ မစွမ်းဆောင် နိုင်လျှင်လည်း မက်လုံးများ ကို အကွက်စေ့စေ့ ခွင် ချပြီး ရေးသား သွားသင့်ပေသည် ။

အချုပ်အားဖြင့် တင်ပြလိုသည် မှာ သုတ နှင့် ရသ နှော သော ဝတ္ထုမျိုး ကို ရေးသား ရာ ၌ သုတပိုင်း နှင့် ရသပိုင်း ကို သဟဇာတ ဖြစ်အောင် ရောနှောသမ နိုင်လျှင် အောင်မြင်သည့် ဝတ္ထုကောင်းများ ဖြစ်လာမည် မှာ မလွဲ ဧကန်ပင် ။

◾မနုဿကျော်ဝင်း

📖 စာရေးနည်းလမ်းညွှန်

No comments:

Post a Comment