❝ ပြင်လို့ရလည်း ခဏပေါ့ ❞
( မြနှောင်းညို )
မနက် မိုးလင်းမည် မကြံသေး ။ သား နှစ်ယောက် အခန်း မှ အငယ်ကောင် အတာ့ ငိုသံ ကြား ရသည် ။ ငိုသံ ကို က အိပ်ချင်မူးတူး အငိုက် မပြေသေးသော အသံ ။
“ ဟဲ့ ... အပါ ၊ ညီလေး ကို ဘာ လုပ်လိုက်ပြီလဲ ”
“ အီးဟီး ... သား အိပ်ပျော် နေတာ ကို လက်အေးကြီး နဲ့ ပါး ကို လာ ကိုင်တယ် ”
ထား အိပ်ရာ မှ လူးလဲ ထ ရတော့သည် ။ လက်ပတ် နာရီ ကို ခေါင်းအုံး အောက် မှ ဆွဲထုတ်ပြီး ကြည့်လိုက် သောအခါ နံနက် ၅ နာရီခွဲ ပြီ ။ ခါတိုင်း ထက် ပိုပြီး ပူအိုက်သည် ဟု တွေးမိသည် ။ ခါတိုင်း နေ့များ ထက် လည်း ပိုပြီး လင်းလင်းချင်းချင်း ရှိ သလိုပဲ ။
ည က အိပ်ရာ ဝင် စော ၍လား မသိ ။ မနက် ၄ နာရီ က တစ်ခါ နိုးသေးသည် ။ စောနေ သဖြင့် ပြန် မှိန်းနေ ရင်း မှေးခနဲ တစ်ရေး ပြန် အိပ်ပျော် သွားခဲ့လေသည် ။ အိမ့်ဆည်းလည်းကလေး တွေ ဝေဆာ လာမှ ပဲ လန့် နိုးရ လေ၏ ။
ထား က ညီအစ်ကို နှစ်ယောက် ၏ ခုတင် ဆီ သို့ သွား ကြည့်သည် ။ အပါ က ပြုံးဖြဲဖြဲ နှင့် ခုတင် ဘေး တွင် ရပ် နေကာ ထား ကို မြင်တော့ ထား လက်လှမ်း မမီအောင် နောက်ဆုတ် ပြေး သွားလေ၏ ။
“ သား က သူ နိုးပြီလားလို့ ပါးကလေး ကို ကိုင် ကြည့် တာပါ ”
“ လက်အေးကြီး နဲ့ မေမေ ”
“ သား က အိမ်သာ သွားလို့ လက်ဆေး ထားလို့ပါ ”
“ မဟုတ်ဘူး … မေမေ ၊ ရေခဲတွေ ကိုင်ထားတာ ”
ထား က အပါ့ ကို အာဏာ သုံး ကာ ရှေ့တိုး ခိုင်းပြီး လက်ဖဝါး ကို စမ်းသပ် ကြည့်ရသည် ။ ဟုတ်ပါရဲ့ ၊ အေးစက် နေလိုက်တာ ။ ထား က သူ့ တင်ပါး ကို ဖတ်ခနဲ ခပ်ဆတ်ဆတ် တစ်ချက် ရိုက်လိုက်သည် ။ အပါ က လျှာ ထုတ် ပြကာ ထွက်ပြေး သွားသည် ။
“ မလေးမခန့် နဲ့ နော် ၊ လာစမ်း ... ပြန်ခဲ့စမ်း ”
“ သား ဗိုက် ထပ် နာ လာပြန်ပြီ မေမေ ၊ အိမ်သာ သွား မလို့ ”
မတတ်နိုင် ။ ထား ကို အပါ လှည့်ကွက် ဆင် သွား မှန်းသိလျက် နှင့် လက်လျှော့ လိုက်ရလေသည် ။
“ ဒီနေ့ ဘယ်သူ အိပ်ရာ သိမ်းရမှာလဲ ၊ ဘယ်သူ့ အလှည့် လဲ ”
“ ကိုကို ”
ငိုနေသော သားငယ် ထံ မှ ငိုသံ မကြားရတော့ သဖြင့် လှမ်း ကြည့်လိုက်သော အခါ အတာ့ မျက်လုံးများ မှာ မျက်ရည် တစ်စက် မှ မရှိပေ ။ အစ်ကို ကို ဆူလိုက် ရိုက် လိုက် သဖြင့် ကျေနပ်ပြုံး ကိုပင် မနည်း ချိုးနှိမ် ထားရဟန် ရှိလေသည် ။
“ ဒါဖြင့်လည်း အတာ က မျက်နှာသစ် ၊ သွားတိုက် ချေတော့လေ ”
ယနေ့ စနေနေ့ မို့ သားတွေ ကျောင်း ပိတ်သည် ။
ခင်ပွန်း က တော့ အချိန်ပို အလုပ် ဆင်းရမည် ဆိုသဖြင့် အချိန်မီ ချက်ပြုတ်ရပေဦးမည် ။
ထား သည် နောနော အခန်း သို့ ဝင် ကာ နောနော ကို နှိုးရသည် ။ နောနော ကို ထား က နောနော အသက် ရှစ်နှစ် အရွယ် မှာ စတင် မွေးစား ကာ ထား ကို လည်း ကူညီစေ လျက် ကျောင်း လည်း ထားပေး လေသည် ။ နောနော က ရိုးအေး သော်လည်း ပညာပါရမီ နည်းပါးလျက် တစ် တန်း ကို နှစ်နှစ် နေ ကာ သည်နှစ် မှ ငါးတန်း ရောက်လေ သည် ။ ဆယ်နှစ် အရွယ် အပါက ပင် သူမ ကို လိုက် မီလာ လေရာ အပျိုဖျန်းကလေး နောနော မှာ ကျောင်း မနေချင် တော့ဘဲ ထား က ချော့ချော့မော့မော့ ကျောင်း ဆက် ထား နေရလေသည် ။
“ ရေနွေး အရင် တည် နော် ၊ ပြီးရင် ပဲပြုတ် နဲ့ ထမင်း ကြော် ရအောင် ၊ ကော်ဖီ လည်း နှပ်ထား သိလား ။ မေမေ က ပိန်းပန်းတွေ သွားယူရဦး မှာ ၊ ဝက်သား ကို ရေခဲသေတ္တာ ထဲ က ထုတ် ထားဦး ၊ သိပ် ခဲနေရင် လှီးရခက်မယ် ”
ထား ကိုယ်လက် သန့်စင် အလှပြင် အဝတ်လဲ ခိုက် မောင် က တရှူးရှူး အိပ်မောကျ နေရုံ မက တခေါခေါပင် ဟောက် နေလိုက်သေးသည် ။ အပူအပင် နည်းနိုင်ပေရဲ့ ဟု ထား မနာလို မရှုဆိတ် ဖြစ်မိလေသည် ။
ထား မှာ တော့ အိပ်ရာ မှ နိုးသည် နှင့် အိမ်မှုကိစ္စ ပြဿနာ အဝဝ ခေါင်း ထဲ ဝင် လာလေသည် ။ မောင့် အစ်မ ၏ သမီး ။ မောင့် တူမချော မင်္ဂလာဆောင် ရှိသဖြင့် ပန်းအိုး စိုက်ရန် ပိန်းပန်း ဝယ် ပို့ရမည် ။ တူမ က မှန်တင်ခုံ လက်ဖွဲ့ ပါ တောင်းဆိုထားသည် ကို တော့ ထား က ငွေ အကျပ်အတည်း ဆိုက် နေသဖြင့် ဆိုင်းငံ့ ထားရ သေး သည် ။ ရန်ကုန် ပြောင်းလာ ကတည်း က လစဉ် အိတ်စိုက် စားရင်း စုငွေကလေး တက်တက်ပြောင် ကာ စိန်လက်စွပ် ပေါင် ထား ရသည် မှာ အတိုး ရော အရင်း ပါ အားလုံး ပေါင်းရင် အင်း .. လူပါ ရောင်း မဖြစ်လို့သာပေါ့ ။ ခုတော့ မီတာကြွေး တွေ က ခြောက်ရာ ကျော် ၊ မောင် ရာထူး တက် သဖြင့် တစ်ဝိုင်း ကျွေးမွေးရ သောကြောင့် ထား မိခင် ထံ မှ ငွေငါးရာ ပြေးဆွဲ ထား တာ ရှိသေးသည် ။
ပန်း ရောင်းသော ခြံ သည် ထားတို့ နေအိမ် မှ နာရီဝက် လောက် လမ်းလျှောက် ရ လေသည် ။ နံနက်စောစော မှာပင် ထား ချွေးစို့ လာ ရလေ၏ ။ ပန်းသည် အဒေါ်ကြီး က ထား ကို လမ်းထိပ် တွင် စောင့် လေသည် ။
“ ဘယ်လိုလဲ ညီမ ရယ် ၊ မြန်မာ စော နေထွက် ဖြစ် နေပြီ ။ ခြောက်နာရီ လာ ယူမယ် ဆိုလို့ ကျုပ် ဖြင့် ဒီ လမ်းထိပ် က ရပ်စောင့် နေ ရတာ ခြေသလုံး ကို တောင့်လို့ ။ သစ်ခွတွေ စကော့ဈေး သွား သွင်းဖို့ ရှိတာလည်း ခုထိ အိမ် မှာပဲ ”
“ ခုမှ ခြောက်နာရီ မှာ ဆယ့်ငါးမိနစ် စွန်းသေးတာ အဒေါ် မသိဘဲ ။ အဒေါ် က ဝီရိယ လွန်ကဲပြီး ဘယ်အချိန် ကတည်း က လာ စောင့်နေမှန်း မှ မသိတာ ” ဟု ထား က နာရီကလေး ထိုး ပြပြီး ပြောလိုက်တော့ နာရီ မပါသော အဒေါ်ကြီး အမ်း သွားသည် ။
ပိန်းပန်းများ ကို ပွေ့ယူ ကာ “ ရော့ .. အဒေါ် ပိုက်ဆံ ပြည့်ရဲ့လား ရေကြည့်ပါဦး ” ဆိုတော့ အဒေါ်ကြီး စကား မဆက်နိုင်ဘဲ ပိုက်ဆံ လှမ်းယူ ရေတွက် နေရလေ၏ ။
ထား အိမ်ပြန် ရောက်သော အခါ အိမ်ရှေ့ မြေ တလင်း တွင် သား နှစ်ယောက် ‘ ယား ’ ‘ ယိစ် ’ နှင့် ခြေ ကားရား လက်ကားရား နှင့် သိုင်းကွက် စုံလင်စွာ ခုန်ပျံ ပြေးလွှား ဆော့ကစား နေကြသည် ။
ထား အိမ်ဝင်း ထဲ အဝင် မှာ တော့ သားငယ် ၏ ခြေ ဖျား သည် သားကြီး ၏ ရင်ညွန့် ကို ထိခတ်ကာ သားကြီး ထိုင်လျက် လဲကျ သွား လေ၏ ။
“ တော်ကြစမ်း .. အခု ချက်ချင်း တော်ကြစမ်း ” ဟု အော်ဟစ် တားမြစ်ရင်း ထား ပြေးဝင် လာရသည် ။
သားကြီး အပါ က မြေကြီး ပေါ်မှ ဒေါသတကြီး ကုန်းထ လာ ကာ သားငယ် အား လက်သီး နှင့် ပြေးထိုး လိုက်ပြန်ရာ သားငယ် အတာ ချာလည် တစ်ပတ်လှည့် သွားလေ၏ ။
ပိန်းပန်းစည်း ကို လှေကားထစ် မှာ ပင် ပစ်ချ ကာ သား နှစ်ယောက် အလယ် တိုးဝင် ပြီး နားရွက် တစ်ဖက် စီ ဆွဲ၍ လူချင်း ခွဲ လိုက် ရလေသည် ။
“ နင့် ဗလ နဲ့ ညီ ကို ဒီလောက် လုပ်ရင် သေရောပေါ့ ၊ နောနော ရေ နင့် ကို သ,ခိုင်းထားတဲ့ တုတ် ယူခဲ့စမ်း ”
နောနော က ဝါးခြမ်းတုတ် တစ်ချောင်း ကိုင်ကာ အိမ် ပေါ်မှ ပြေးဆင်း လာ လေသည် ။
“ သူ က လည်း ဘယ်လောက် ငြိုးထားပြီး ဒီလောက် တုတ်ကြီးကြီး သ,ထားတယ် မသိဘူး ။ ဒါနဲ့ ရိုက်ရင် အရိုးတွေ ကြေကုန် မှာပေါ့ ။ ကဲ ... ပြန် သရအောင် ဓားမ ယူချေဦး ”
နောနော ပြုံးတုံ့ မပြုံးတုံ့ နှင့် ပိန်းပန်းစည်းကြီး ကောက် ပွေ့ကာ အိမ် ပေါ် တက်သွား ပြန်၏ ။
ထား တစ်ယောက် လက်မ လောက် တုတ်သော တုတ် ကို ထက်ခြမ်း ခွဲကာ နှီးစဝါးစ စင်အောင် သ နေခိုက် သားနှစ်ယောက် ကိုယ်ယောင် ဖျောက်ကာ ပျောက်ကွယ် ပုန်းရှောင်သွား တော့သည် ။
“ ပြန်လာမှ သိမယ် ” လက်မှန်းရမ်းဆ ကြိမ်းမောင်း ရ သော်လည်း နောက် တစ်ကြိမ် မှာ နောက်ထပ် ကျူးလွန် သော ပြစ်မှု ကို စီရင် ဆုံးဖြတ်ရ ဦးမှာ မို့ အတိတ် ကို မေ့ ဖျောက်လိုက်ရမြဲပါပဲ ။
နောနော ထမင်းကြော် ထားပြီးပြီ ။ ထမင်းအိုး လည်း မီးဖို ပေါ် ရောက် နေလေပြီ ။ ထား က နှပ်ထားသော ကော်ဖီ ကို နို့ဆီ ၊ သကြား ထည့်ပြီး ဖျော်ရသည် ။
“ ဝက်သား ချက်မယ် ၊ ပဲသီး ကြော်မယ် ၊ နောနော က ငရုတ်သီး ထောင်း ၊ ကြက်သွန် ခွာထားရဲ့လား ”
“ ဟုတ်ကဲ့ ... မေမေ ၊ ည ကတည်း က ပြီးနေတာ ”
ပဲသီး အရင် ကြော်ပြီး နောက် ဝက်သားအိုး တည် ထားခိုက် မောင့် ကို နှိုး ရသည် ။
“ ခုနစ်နာရီ ခွဲပြီ မောင် ၊ ထတော့လေ ”
အိပ်ရာ မှ နှိုးသည် ကို ပင် သူ့ အား ရန်သတ္တရု ပြု သည့် အလား မကျေမနပ် မသဲမကွဲ မြည်တမ်းရင်း ထား ကို ကျောခိုင်း လျက် လက်ယာနံတောင်း ပြောင်း လှည့် သွား လေ၏ ။
“ မောင့်တူမ မင်္ဂလာဆောင် အတွက် ပန်း ဝင် ပို့စရာ လည်း ရှိသေးတယ် နော် ။ အခု ထား ချက်ပြုတ် နေ ရင်းက လာ နှိုးတာ ။ ထတော့ ၊ ဒီက ထပ် မနှိုးအားဘူး ”
“ သွားစမ်းကွာ ... တယ် ရှုပ်တာပဲ ”
“ ကြည့်ပါလား ၊ မနှိုးရင် လည်း မနှိုးလို့ အပြစ်တင် ၊ နှိုးလည်း စိတ်ဆိုး ”
“ မနှိုးနဲ့ကွာ ”
“ မနှိုးဘူး ... ပြီးရော ”
ထား ခြေဆောင့် ကာ ထွက်ခဲ့သည် ။ မောင် က အအိပ်မက်သဖြင့် အနှိုး ခက်ရုံ မက စိတ်တို သဖြင့် အပြော ဆိုး သည် ။ ထား က လည်း ဆတ်ဆတ် ထိ မခံသဖြင့် မျက်နှာချင်း ဆိုင် လိုက်သည် နှင့် စကား ပြော အချိုး မပြေ ။ သည်ပုံ သည်နည်း ဖြင့် ရည်စား ဖြစ်ခဲ့ကြရုံ မက အိမ်ထောင် ကျသည် ပင် ရှစ်နှစ် မက တော့ပြီ ။
“ ထမင်းဘူး ဆေးထားရဲ့လား နောနော ”
“ အခု ဆေး မလို့ မေမေ ”
“ ညနေ ကတည်း က ဆေးပါ နောနော ရဲ့ ၊ မနက် မှ ဆေးတော့ အနံ့အသက် ဘယ် ကောင်းပါ့မလဲ ”
ဟော ... အပါ့ ငိုသံ ကြား ပြန်ပါပြီ ။ တဖုတ်ဖုတ် ပြေးလွှား လာသော ခြေသံများ ကို လည်း ကြားရလေ၏ ။
“ မေမေ ရေ ... အတာ လေ သား ခေါင်း ကို သရက်သီး နဲ့ လာ ပေါက် လိုက်တယ် ”
ထား ကပျာကယာ မီးဖိုချောင် တံခါး မှ ပြေး ကြည့် ရသည် ။ အပါ့ ညာဘက် ချိုစောင်း မှာ ချက်ချင်း ဖူးရောင် တက်လာပကော ။
“ ဘယ်မလဲ အတာ ၊ လာခဲ့ .. လာခဲ့ ၊ ဟိုဘက် လှည့် ”
“ ပန်းဆွဲသရက်တွေ မခူးနဲ့ လို့ မေမေ က မှာ ထား တာ ။ တက်ခူး နေလို့ ”
“ အဲဒါ အမေ့ ကို တိုင်ပါလား ဟဲ့ ”
အသင့် ဖြစ် နေသော ဝါးခြမ်းတုတ် နှင့် ခြေသလုံး ကို ခပ်ဆတ်ဆတ်ကလေး ဆော်ပေး လိုက်ရသည် ။ အပါ ဒဏ်ရာ ကို တော့ ပရုတ်ဆီ သုတ် ။
“ ကဲ .. လာ စားသောက်ကြ ၊ တစ်ခွန်းမှ အသံ မထွက်ကြနဲ့ ”
ဝက်သား နူးလာပြီမို့ “ ထမင်းဘူး ထည့်တော့ နော နော ” သတိပေး လိုက်ရ ပြန်သည် ။
“ သွားပွတ်တံ ဘယ်ရောက် သွားသလဲကွ ၊ တစ်စက်မှ စည်းကမ်း မရှိဘူး ။ ဒီ အိမ်လောက် စည်းမဲ့ ကမ်းမဲ့ တစ် အိမ် မှ မရှိဘူး ” ဟု ပြောရင်း မောင် အိပ်ခန်း ထဲ က ထွက် လာသည် ။
“ ကိုယ့် ဘာသာ ရေချိုးခန်း ထဲ ထားခဲ့ ပြီးတော့ လျှောက်ရွတ် မြည် မနေပါနဲ့ ”
“ ငါ မထားဘူး ၊ မင်း သားတွေ ဖြစ်မှာပဲ ။ ခွေးမသား တွေ ”
“ အံမယ် ... ခွေးသားတွေ ပြော ချင် ပြော ၊ ကြည့် ပြောမှ ပေါ့ ”
“ မင်း တယ် မိုက်ရိုင်းတဲ့ မိန်းမ ပဲ ”
“ ဒါတော့ မောင် နဲ့ ညားတော့ မောင့် လိုပဲ ပေါ့ ”
မောင် သည် အချိန် မရှိတော့သောကြောင့် ထား နှင့် ဆက်၍ စကားနိုင် မလုနိုင်ဘဲ ရေချိုးခန်း ထဲ ဝင်သွားတော့သည် ။
သား နှစ်ယောက် က ထမင်းပွဲ မှာ တိုးတိုးကြိတ်ကြိတ် အချင်းများ နေကြ ပြန်လေသည် ။
“ ဘာဖြစ် နေကြပြန်တာလဲ ဟင် ”
“ အတာ လေ ပါးစပ် ထဲ က အသားဖတ် ကို ထမင်းအုပ် ထဲကို ထည့်တယ် ”
“ ပါးစပ် ထဲ မရောက်သေးပါဘူး ၊ အရိုးကြီး ပါ လို့ သား က ကိုက် မရလို့ ”
“ ပါးစပ် ထဲ ရောက်ပြီး ကိုက် ကြည့် လို့ အရိုး ပါ တာ သိတာပေါ့ ဟဲ့ ၊ အတာ နော် တော်တော်ညစ်ပတ် ”
အဆူ ခံ ရသော အတာ က အပါ့ ကို လှည့် ကာ “ ကိုကို က သား အဆူ ခံနေရတာကို ရယ်နေတယ် မေမေ ”
“ သူ့ ကို ရယ်တာ မဟုတ်ဘူး မေမေ ”
“ နင်တို့ အကြောင်း မသိတာ ကျနေတာပဲ ၊ ကိုယ့် ညီ အဆူ ခံရတာ နင် ပျော်စရာလား ။ စိတ်ကောင်း မရှိဘူး ”
“ နောက်ကျနေပြီကွာ ” ဟု မောင် အူယားဖားယား နှင့် ထမင်းစားပွဲ သို့ ရောက်ရှိ လာသည် ။
“ ဒီအချိန်မှ အိပ်ရာ ထ ရင် ဒီလိုပဲ နောက်ကျမယ် ဆိုတာ အသိသာကြီး ”
“ မင်း ဟာ အတော် စကားပြော ကတ်သတ်တာပဲ ”
ဟုတ်သလို ရှိသည် နှင့် ထား ငြိမ် နေ လိုက်ရသည် ။
“ ထမင်းဘူး ကို ပလတ်စတစ်အိတ် နဲ့ ထုပ် ပေးဦး လေ ၊ မနေ့ က အိတ် နဲ့ မထည့်နဲ့ ၊ အိတ် ပေါက် နေတယ် ။ မောင့် စာရွက်စာတမ်းတွေ ဆီစွန်း ကုန်တာ ။ ဝန်ကြီး ဆီ တင်မယ့် စာရွက်တွေ ရုပ်မပျက်ပေလို့ တော်သေးတာ ပေါ့ ”
သူ့ လေသံ ပျော့ပျောင်း သွားသဖြင့် ထား ကလည်း အလိုက်သင့် ပင်
“ ပလတ်စတစ်အိတ် အသစ် မရှိတော့ ဘူး မောင် ၊ မောင် နေ့တိုင်း မြို့လယ် ကို ကား နဲ့ သွားနေတာပဲ ဝယ်ခဲ့တာ မဟုတ်ဘူး ။ အိမ် မှာ ငါးမူးအိတ် ပဲ ရှိတယ် ။ ဒါနဲ့ပဲ ထည့် သွားတော့ ”
“ အဲဒါကြီးက ရှိုးပဲ့တယ်ကွာ ”
“ ဘာရှိုး လိုသေးလို့လဲ ၊ လူပျို မှ မဟုတ်ဘဲ ”
“ ဟာ ... ထား ကလည်း အလိုက်အထိုက်ပေါ့ကွ ၊ အရာရှိတွေ နဲ့ ဝိုင်းဖွဲ့ စားရတာ ။ မင်း ပြောတဲ့ သဘောမျိုး တော့ ဘယ် ဟုတ်ပါ့မလဲ ”
“ သိနိုင်ဘူးလေ ၊ မောင်တို့ က အကြောင်း တစ်ခု တစ်ခု ပြ ဗွီဒီယို စု ကြည့်တတ်တာ ။ တခြား ဘာပါမှန်း ဘယ် သိပါ့မလဲ ”
မောင့် ကား မထွက်မီ ပိန်းပန်းစည်းကြီး ကား ပေါ် တင်ဆောင် ကာ ‘ ဝင် ပို့ လိုက်ဦးနော် မောင် ’ ဟု သတိ ပေးရသေးသည် ။
“ နောက်မှ ဒရိုင်ဘာ နဲ့ ပို့ခိုင်းမယ်ကွာ ၊ အချိန် မရှိ တော့ဘူး ”
“ မောင့် အစ်မ စိတ်ဆိုး နေလိမ့်မယ် မောင် ရဲ့ ”
“ မတတ်နိုင်ဘူးကွာ ၊ ရုံး ရောက် မှ တစ်ခေါက် ပြန် ပို့ ခိုင်း တော့မယ် ”
ကားဘီး လှိမ့်နေပြီမို့ ‘ ထား မင်္ဂလာဆောင် ကို ကိုးနာရီ အရောက် သွားမှာနော် ၊ အချိန်မီ ကား လွှတ် ပေးဦး ၊ မောင် လည်း လာခဲ့နော် ’ ဟု လိုက်မှာ နေရ၏ ။
မောင် ထွက်သွားသည် နှင့် ရေမိုးချိုး ၊ ဖြီးလိမ်း ဝတ်စား ရ ပြန်သည် ။ အင်းလျားလိတ် မင်္ဂလာဆောင် မို့ လိုက်လျောညီထွေ ဝတ်စားရတော့ လက်ဝတ်လက်စား မမက်ဘူး ဆိုသော်လည်း ပေါင်နှံ ထားရသော စိန် လက်စွပ် ကို သတိရ မိ သေးတော့၏ ။
“ သားတို့ လည်း လိုက်ချင်တယ် မေမေ ”
“ ဘယ်ဖြစ်မလဲ ၊ သားတို့ က အရင်တစ်ခါ အင်းလျားလိတ် ခေါ်သွားတုန်း က ကော်ဖီပန်းကန်တွေ ချခွဲ ပစ်လို့ အရှက်ကွဲ ပြီးပြီ ”
အပါ သည် လေထဲ လက်သီး ထိုးလျက် မကျေနပ်ကြောင်း ဖော်ပြကာ လှည့်ထွက် သွားလေ၏ ။
“ နေပူထဲ မထွက်ကြနဲ့နော် ၊ ဂဏန်းတွေ တွက် ထားကြဦး ။ နောနော က အဝတ်လျှော် ၊ ပြီးရင် စာကျက် ”
မင်္ဂလာဆောင် သို့ ဝိုင်းဝန်း ကူညီရန် စောစောသွားမည် ရည်ရွယ် သော်လည်း ထား ရောက်တော့ လူစုံ နေလေပြီ ။
“ ဟောတော့ ခုမှ ကိုးနာရီ ထိုးပြီး စ ရှိသေးတယ် ”
“ ဆယ်နာရီ ထိုးပြီး ပြီ မမ ရဲ့ ” ဟု ဒရိုင်ဘာကလေး က ပြောသည် ။
“ ကိုးနာရီ ပါ ဟယ် ၊ ဒီမှာ ကြည့်ပါဦး ။ ကဲ ... မင့် ဆရာ ကို သွားခေါ် ”
ထား ကို မြင် လျှင် ယောက်မ ၏ မျက်နှာ သုန်မှုန်သည် ။
“ ပန်းအိုးတွေ ပြင်ပေးမယ် ဆိုပြီး ဘယ်လို လုပ် တာလဲ ထားရယ် ၊ ထား ကို အားကိုး မိတာ ကသောင်းကနင်း ဖြစ်ကုန်တာပဲ ”
“ ထား လည်း ကိုးနာရီ အရောက် လာတာပဲ မမရဲ့ ” ဟု ထား လက် မလျှော့တမ်း နာရီကလေး ထိုးပြ လိုက် သေးသည် ။
“ ထား နာရီ နောက်ကျ နေပြီ ” ဟု ယောက်မ မျက်နှာ အတန်ငယ် ပျော့ပျောင်းလျက် သူမ နာရီ ကို ပြသည် ။
“ ထား နာရီ မမှားပါဘူး ၊ စ ဝယ် ကတည်းက တစ်ခါမှ မမှားဖူးဘူး ”
“ ထား တော့ ခက်နေပါပြီ ၊ သူများ နာရီတွေ လိုက် ကြည့်ချေဦး ။ ကဲ ... ”
ရယ်ရယ်မောမော နှင့် ပြဿနာပြေလည် သွားသော် လည်း ထား ငိုင်တွေ ကျန်ရစ်သည် ။ အဘယ်ကြောင့် နာရီ က တစ်နာရီ တိတိ နောက်ကျ နေပါလိမ့် ။ မနေ့ နေ့လယ် သတင်း ကြေညာတုန်း က တောင် အချိန်မှန် နေ သေးတာပဲ ။
သတို့သမီး က ထား ကို စိတ်ကောက် နေသဖြင့် လိုက် ချော့ရသေးသည် ။ သူတကာ နှင့် ပတ်သက် လာ လျှင် ထား အလျှော့ ပေးဖို့ အသင့် ။ မောင် နှင့် ဆိုလျှင် သာ ထား ကို မောင် က လျှော့နေ ချော့နေ စေချင်တတ်သော အကျင့်ဆိုး ရှိနေတာပါ ။
မင်္ဂလာဆောင် သို့ မောင် ရောက် မလာသော ကြောင့် ထား မျက်နှာ ပူ ရပြန် ၊ မောင့် ကို မကျေမနပ် ဖြစ်စရာ တစ်ခု ရပြန်ရရော ။
“ ဆရာ က သူ ဘယ်လိုမှ ထွက် မရတဲ့ အကြောင်း သူ့ အစ်မ ကို ပြောလိုက်ပါတဲ့ မမ ” ဟု ဒရိုင်ဘာလေး က သတင်း ပို့သည် ။
“ ပြောပါဘူး ၊ သူ့ ဘာသာ ပြောပစေ ”
ထား သည် သား နှစ်ယောက် ရန်ဖြစ် သတ်ပုတ်နေဦး မလား ပူပန်ရင်း အိမ်ပြန် ရောက် လာသည် ။ ချစ်ကြည် ရင်းနှီးနေသော ကိုယ်တော်ချော တို့ က ထား ၏ ကက်ဆက် ထဲ ညပ် နေသော တိတ်ခွေကြိုးစ ကို ဆွဲထုတ် နေကြ လေသည် ။
“ ရိုင်းတဲ့စင်ရော် အခွေကလေး မဟုတ်လား ၊ ငါ့ သီချင်းခွေတွေ တော့ ပျက်ပါပြီ တော် ”
အဝတ် မလဲနိုင်သေးဘဲ သီချင်းတွေ မပြတ်အောင် ကြိုးစားပမ်းစား ပြန် ဆွဲထုတ် ရသည် ။ ကြိုးခွေ မပြတ်ဘူး ဆိုသော်လည်း တွန့်လိမ်ကာ အသံကြောင် သွားလေ သည် ။
ထား ညနေစာ ချက်ပြုတ် ပြင်ဆင်ဆဲ မောင် ပြန် ရောက် လာလေသည် ။
“ အတန်တန် မှာလျက် နဲ့ မောင် က မလာဘူး ၊ ထား မှာ နာရီ နောက်ကျ နေလို့ မင်္ဂလာဆောင် အမီ မရောက်ဘဲ မျက်နှာ ပျက်နေရတဲ့ အထဲ ”
“ ဟ ... မောင့် နာရီ လည်း တစ်နာရီ နောက်ကျ နေလို့ အစည်းအဝေး စ နေမှ ရောက် သွားတယ် ၊ ဘယ် ပြန် ထွက် ရဲတော့မလဲ ၊ လူကြီးတွေ ပြန်ပြီး မှ ပြန်ရတော့တာ ပေါ့ကွ ”
ထား သိ လိုက်ပြီ ။ ထား မျက်လုံး သည် သား နှစ် ယောက် ထံ ရောက်ရှိ သွားလေသည် ။ သားကြီး က ဣန္ဒြေ မပျက် ရွှေသွေး ဖတ်လျက် ရှိစေကာမူ အတာ က တော့ အပါ့ ကို မျက်လွှာ ပင့် ၍ ကြည့် လိုက်လေသည် ။
“ မင်းတို့ လက်ချက်ပေါ့လေ ”
“ သား မဟုတ်ဘူး မေမေ ” ဟု အတာ က ရှောင်လွှဲ သည် ။
ဤတွင် အပါ ရှူးခနဲ ဒေါပွကာ ခေါင်းထောင် လာသည် ။
“ အပါ ဒီလောက် ဆော့စရာ ရှားလို့ နာရီ ရွှေ့ ရ သလား ၊ မင်းတို့ အမေ ဘယ်လောက် မျက်နှာ ပျက်ရ သလဲ ဟင် ”
“ အတာ လည်း ပါတယ် မေမေ ၊ သား က မေမေ့ နာရီ ပဲ ရွှေ့တာ ။ သူ က ဖေဖေ့ နာရီ ပါ ရွှေ့ထား မှ အချိန် မှားတာ မသိမှာပေါ့ ပြောတာ ”
“ ဪဉာဏ်အိုးကြီး တော်တော် ကွဲပေတာကိုး ”
မောင် က ဆူ ၊ ထား က ငေါက် ။ သား နှစ်ယောက် နားရွက်ဆွဲ ထိုင်ထ အခါ နှစ်ရာ လုပ် ။ အစပိုင်း ပြုံးစစ လုပ်နိုင် သော်လည်း တဖြည်းဖြည်း ချွေးပြန် ကာ ညောင်းယိုင် လာကြသည် မို့ ထား သနားကာ ရင် ထဲ မှာ နာလာပါလျက် အောင့်အည်း ရက်စက်ရ လေသည် ။ ရက်စက် မှ ဖြစ်မည် ။ ထား မှာ ပန်းသည် အဒေါ်ကြီး ၏ မြန်မာစော နေထွက် ဟု ကဲ့ရဲ့ ပြစ်တင်ခြင်း ခံခဲ့ရပြီးပြီ ။
“ မအေ က မှ အသုံး မကျဘဲ ၊ မင်း အလိုလိုက် ထား လို့ ”
ဘယ်သူ့ ကို ပုံချရမှန်း မသိဘဲ ဝေ့လည်လည် ဖြစ်နေသော ထား ၏ ဝမ်းနည်းဒေါသ သည် ဦးတည်ချက် တွေ့ ရှိသွားပြီး မောင့် ထံ သို့ ။
“ ဘယ်မှာ အလိုလိုက် ထားလို့လဲ ဟင် ၊ ပြောဆို ဆုံးမလို့ မရတာ က တော့ သန္ဓေ မှ မကောင်းတာကိုး ။ ထား တို့ ငယ်ငယ်က ဒီလို လုံးဝ မဟုတ်ဘူး ”
“ ဟေ့ .. ငါတို့ က စည်းစနစ် နဲ့ နေထိုင်လာတာ ”
“ စီးစီးပိုးပိုး နိုင်တာ စည်းစနစ်လား ၊ ဒါ ဆိုရင်တော့ ဟုတ်တာပေါ့ ”
မောင် က ဒေါသတကြီး နှင့် သူ့ အနီး မှ လက်လှမ်း မီရာ ဖန်ခွက် ကို အခန်းထောင့် ဆီသို့ ပေါက်ခွဲ လိုက်သည် ။
“ ခွဲပေါ့ .. တစ်ခွက် ခြောက်ကျပ် ၊ နက်ဖြန် ဘဲဥကြော် နဲ့စားကြ ၊ ဖန်ခွက် ပြန် ဝယ်မယ် ”
ထား တကယ် လုပ်မည် သိသောကြောင့် ဟင်းကောင်း ကြိုက်သော မောင် အထိ နာ ကာ ‘ ကောင်မ ’ ဟု မပွင့်တပွင့် ရေရွတ်သည် ။ ထား ကို ‘ ကောင်မ ’ ခေါ်လျှင် ထား နာကြည်းလှသောကြောင့် နာအောင် လည်း ခေါ် ချင်ပြီး သိပ် နာသွား လျှင် ရန်ပွဲ သိပ် ကြီးသွားမှာ မို့ မပွင့် တပွင့် ။
“ ဘာ ပြောတယ် ၊ အောက်တန်းစား မှန်း ထုတ်ကြွား မနေနဲ့ ”
အမှန်တော့ မောင် တို့ သည် ရွှေခွန်မှူး မျိုးနွယ် ဖြစ်သည် ဟု မောင့် အစ်မ က ဂုဏ်ယူ လေ၏ ။ မောင် က ပါးစပ်ကြမ်း ပြီး စိတ်တိုသည် ကို နိုင်ကွက် ယူပြီး အသားလွတ် ခွပ် လိုက်တာပါ ။
ကား တစ်စီး ထိုးဆိုက် လာ သဖြင့် ထား တို့ ကိုယ်ရှိန် သတ်ကာ ရန်ပွဲ တစ်ခန်း ရပ် လိုက်ကြလေသည် ။
“ အိမ် မှာ ဆနွင်းမကင်း ဖုတ်တာ နဲ့ မြေးတွေ ကြိုက် တယ်ဆိုပြီး လာ ပို့တာ ။ ထား တို့ အိမ် ကလည်း ဝေးလိုက်တာ ကွယ် ”
မောင် သည် ထား မိခင် ကို ဆီးကြို နှုတ်ဆက်ပြီး နောက် မယောင်မလည် နှင့် ရေချိုးခန်း ထဲ ဝင်ပြေး သွား တော့သည် ။
မေမေ သည် အသက် ခြောက်ဆယ် ကျော် သော် လည်း ဆံပင် မဖြူသေး ။ နက်မှောင်သန်စွမ်းသော ဆံပင် များ ကို ဘီးကျော်ပတ် ထုံးကာ အဖြူရောင်ပိတ်ပါး အင်္ကျီ လက်စက ပါတိတ် လူကြီးဆင် နှင့် မေမေ့ အသွင် မှာ တည်ငြိမ်အေးမြ နူးညံ့လှလေသည် ။
“ ဖေဖေ နဲ့ မေမေ ရန်ဖြစ် နေတာ ၊ ဘွားဘွား ရောက် လာတဲ့အခါ ငြိမ်သွား ကြတယ် ” ဟု ဘွားအေ လှီးကျွေး သော ဆနွင်းမကင်း ကို စားရင်း အတာ က ဖော်ကောင် လုပ်သည် ။
“ သူတို့ ရန်ဖြစ်တာ ဆန်း လို့လား ၊ ရန်ဖြစ်တာ ဆို မပြောနဲ့ ။ ကြည် နေရင် ပြော ” ဟု မေမေ က ရယ်မော နေ သည် ။
ထား က ရှက်ပြုံး နှင့် သားငယ် ကို မျက်စောင်း ထိုး မိ၏ ။
“ ဟေ့ကောင် .. အတာ ၊ ဖေဖေ့ ချန်ဦး ၊ မင်း ချည်း စားပစ်တာပဲ ”
“ ကိုကို လည်း စားတာပဲ ”
သား နှစ်ယောက် ဗွေဖောက် လာပြန်ရကား ထား က မာန်မဲ ရ ပြန်သည် ။
လက် ထဲ တွင် မုန့် တစ်တုံးစီ ကိုင်ကာ ထွက်ခွာ သွား ကြစဉ် ထား က “ ထား သားတွေက သိပ် ရန်ဖြစ်တာပဲ မေမေ ရယ် ၊ ထား တို့ ငယ်ငယ်က ဒီလို မဟုတ်ပေါင် နော် မေမေ ” ဟု ညည်းညူ တိုင်တည်မိသည် ။
“ မေမေတို့ ဖေဖေတို့ က သမီးတို့ လင်မယား လို မှ ရန်ဖြစ် မပြဘဲကိုး ။ သမီးတို့ ငယ်ငယ် က လည်း ဘယ် ရန် ဖြစ်ကြပါ့မလဲ ။ ဖေဖေ က စိတ်ရှည်တာတော့ မှန်ပါ တယ် ။ မေမေ ကလည်း ဖေဖေ့ ကို မကျေနပ်ရင် အောင့်အည်း ထားပြီး ဖျောင်းဖျ ပြောတယ် ။ သမီးတို့ ရှေ့ မှာ သမီး တို့ ငယ်ငယ်တုန်း က အင်္ဂလိပ် လို ပဲ ငြင်းခုံပြီး သမီးတို့ ကြီးလာတော့ ကွယ်ရာ ကျ မှ အချေအတင် ပြော တော့တယ် ” ဟု မေမေ က လေအေးကလေး နှင့် ပြော သွားချေသည် ။
မေမေ ပြန်သွားတော့ ထား ငိုင်တွေပြီး ကျန်ရစ် လေသည် ။ မောင် စိတ်ရှည်ရှည် ထားဖို့ မောင့် ဘက် မှ ဆွေမျိုး မိဘတွေက ကြုံသင့်လျှင် သတိ ပေး ကာ ထား ဘက်မှ လည်း စိတ်ရှည်သည်းခံဖို့ ဖျောင်းဖျကြမြဲ ။ “ ချစ်လည်း ချစ်ကြလျက် နဲ့ ”တဲ့ ။ အင်း ... ချစ်လို့သာ ဒီ အချိန်ထိ အိမ်ထောင်သက် ခိုင်မြဲ ပေတာပဲ ။ ခု ရန်ဖြစ် ၊ ခု ပြန်တည့် ။ တစ်နေ့ လေးငါးဆယ်ခါ ။ အို ... မကောင်းတာ တော့ အမှန်ပဲ ။ ခက်တာက အိမ်ထောင် ကျစ ကတည်း က ဝိုင်းဝန်း ဆုံးမကြသလို ပြင်မည် စိတ်ကူးကြတာလည်း အမှန် ။ ခုထိ လည်း မအောင်မြင်ပေ ။
“ ထားရေ ... မိန်းမ ၊ မောင် ထမင်း ဆာပြီ ”
ဟော .. လာပြီလေ ။ ထုံးစံအတိုင်း ဘာမှ ဖြစ် မထား သလို သူ့ မှာ ချိုလို့ ပြုံးလို့ ။
“ ထမင်းပွဲ ပြင် လိုက်မယ်လေ မောင် ၊ ခဏလေး စောင့်နော် ”
ထား က အလိုက်သင့် ပြန် ပြောရင်း သူမ ကိုယ် သူမ ကျေနပ်စွာ အမှတ် ပေး လိုက်လေသည် ။
“ သားတွေ ကော ”
“ မေမေ ယူလာပေးတဲ့ မုန့်တွေစားပြီး ဘယ်နား သွား အဆီရစ် နေတယ် မသိပါဘူး မောင် ရာ ”
“ မင်းတို့ က လည်း စည်းကမ်း မရှိဘူး ပြောတော့ နာ တယ် ၊ ထမင်း စားပြီးမှ မုန့် ကျွေးပါလားကွ ” ဟု ချီးမွမ်း မည် မကြံမီ က မောင့် နှုတ်ထွက်စကား သည် ထိပါး ထိုးတိုက်သံ ပါ လာလေသည် ။
ထား က မောင့် ကို ပြာကျ စေနိုင်လောက်သော မျက်စောင်း နှင့် “ ထမင်း ကျွေးပြီးသား ရှင့် ၊ ရှင့် နှယ် မေးမြန်း ပြီးလည်း ပုတ်ခတ်မှပေါ့ ” ဟု တစ်ချီတည်း နှုတ်လှန် ထိုး လိုက်လေသည် ။
ပြော ပြီးမှပင် အေးအေးချမ်းချမ်း ဖြေရှင်းမည့် စိတ်ကူးသည့် အိမ်ထောင် သက်တမ်း တစ်လျှောက် အစဉ်အလာ ရှိသည့် အတိုင်း ရှေးမူ မပျက် အကောင်အထည် မဖော်နိုင်လိုက်ကြောင်း သတိထား မိတော့သည် ။ လွန်ပြီး မှ တော့ ရှိပါစေတော့ ဟု စိတ်ပျက်လက်ပျက် ပင့်သက် ခိုး၍ ရှိုက်ရ ချေသည် ။
အေးလေ ... ပျက်အစဉ် ပြင်ခဏ တဲ့ ။ အစဉ်ပျက် နေမှ တော့ ပြင်လို့ ရ လည်း ခဏပေါ့ ။ ခဏ ခဏ ပြင် ကြည့်ရမှာပေါ့ ။ ပြင်လိုက် ပျက်လိုက် ၊ ဒါနဲ့ပဲ …. ။
◾မြနှောင်းညို
📖 ပေဖူးလွှာ မဂ္ဂဇင်း
၁၉၈၄ ၊ ဇွန်လ
No comments:
Post a Comment