❝ ဝပ်ကျင်း ❞
( မင်းဝေဟင် )
( ၁ )
ဆိုင် ထဲ မှာ လူ က ရှင်းနေတယ် ။
ဆိုင်ရှင် လင်မယား နှစ်ယောက် နဲ့ သူတို့ ရဲ့ ဘာညာသာရကာ ပစ္စည်း ပစ္စယ တိုလီမိုလီတွေ စုထည့်ထားတဲ့ လက်ဆွဲအိတ် တစ်လုံး ကို ကိုင်ထား ရတဲ့ ကောင်လေး တစ်ယောက် တို့ ရဲ့ ဝင်လာတဲ့ ခြေသံတွေ ဟာ “ တဒုန်းဒုန်း ” နဲ့ လိုတာ ထက် ပိုပြီး ကျယ်နေတာမို့ ဆိုင် ရဲ့ နောက်ဖေးဘက် မှာ ပန်းကန်ဆေး ၊ အသားလှီး ၊ ငါးလှီး ၊ ဟင်းရွက်သင် နေ ကြတဲ့ စိုးစိုး တို့ မျက်နှာပိုး သတ်ထားရပြီ ။ စိုးစိုး တို့ ပြောနေကြတဲ့ ည က TV က လွှင့်သွားတဲ့ ကိုရီးယားကား အကြောင်း ကို အခန်းဆက် အနေနဲ့ နောက်မှ ပြောကြရတော့မည် မို့ စိုးစိုး တို့ ပါးစပ်ကလေးတွေ ကို အပြီးသတ် ပိတ် လိုက်ကြရပြီ ။ လက်ရှိ လုပ်နေတဲ့ အလုပ်တွေ ကို စိတ်ဝင်စားချင်ဟန် မဖြစ်မနေ ဆောင် လိုက်ကြရပြီ ။
“ ငါ မပြောချင်ဘူး ... ဒီ ဆိုင် ကို ဝင်လာ ကတည်း က ကျက်သရေ ကို မရှိဘူး ။ ဆိုင်ရှေ့ မှာ ဧည့်သည် လာရင် ထွက်ခေါ်မယ့် သူ မရှိဘူး ။ ဆိုင် နဲ့ မတူဘဲ မသာအိမ် နဲ့ တူနေပြီ ။ စားပွဲတွေ ပေါ် က မီနူးကဒ်တွေ ၊ တစ်သျှူး ဘောက် ( စ် ) တွေ က အလဲလဲ အပြိုပြို ၊ ကြမ်းပြင် က လည်း အမှိုက်ပုံ နဲ့ မှားလောက်တယ် ။ ကြည့်စမ်း ။ ဒီ ဆိုင်ထဲ မုန်တိုင်း ဝင် မွှေထား သလားဟဲ့ ... ငါ မပြောချင်ဘူး ”
“ ငါ မပြောချင်ဘူး ” နဲ့ စပြီး ၊ “ ငါ မပြောချင်ဘူး ” နဲ့ ဆုံးသွားတဲ့ ဒီ ဆိုင်ကြီးရဲ့ ပိုင်ရှင် ၊ ဒေါ်မိမိမြိုင် ရဲ့ အသံ အဆုံး မှာ ဒီ ဆိုင် က မန်နေဂျာ ကိုထူးအောင် တို့ မကြေးမုံ တို့ အသံတိတ် ကုန်ကြပြီ ။ စောစောတုန်း က ကိုထူးအောင် က ညက လာတဲ့ မန်ယူ နဲ့ ချယ်လ်ဆီးဘောလုံးပွဲ အကြောင်း ၊ မကြေးမုံ က စင်းဖြောင့်ထားတဲ့ ဆံပင်တွေ ကို ကောက်ပြီး ၊ ဆံပင်အတု လေးတွေ ဆက်မယ် ဆိုတဲ့ အကြောင်း အလုအယက် ပြောနေကြတဲ့ အသံစာစာတွေ ဟာ ဒေါ်မိမိမြိုင် ရဲ့ စကားလုံး မြားတံတွေ အောက်မှာ အလဲလဲ အပြိုပြို ကျဆုံးကုန်ပြီ ။
ဒီ ဆိုင်က သင်္ဃန်းကျွန်း လေးထောင့်ကန် လမ်းမကြီး ပေါ် မှာ ရှိတဲ့ ဆိုင်ကြီး တစ်ဆိုင် ပါပဲ ။ ဆိုင် မှာ က ရှမ်းခေါက်ဆွဲ ၊ တို့ဟူး ၊ မြီးရှည် ၊ ဆီချက် ၊ လက်ဖက်သုပ် ၊ ဂျင်းသုပ် ၊ ထမင်းသုပ် ၊ အသုပ်ပေါင်းစုံ အလယ် ။ လက်ဖက်ရည် ၊ ကော်ဖီ ၊ အအေးမျိုးစုံ ရောင်းချတဲ့ စားသောက်ဆိုင်ကြီး တစ်ဆိုင် ပါ ။ မြေညီထပ် တိုက်ခန်းကျယ် မှာ ဖွင့်ထားတဲ့ ဆိုင်ကြီး ဖြစ်ပြီး ဒီ ဆိုင်မှာက အခုလို ဆိုင်ပိုင်ရှင်တွေ လာတယ် ဆိုတာ တစ်ပတ် တစ်ခါ ၊ ဆယ်ရက် တစ်ခါ ။ ဒီဆိုင် မှာ အမြဲတမ်း အုပ်ချုပ်သူ ဆိုတာက ကိုထူးအောင် နဲ့ မကြေးမုံ တို့ ဇနီးမောင်နှံ ၊ ပြီးတော့ ... အဝယ်အခြမ်း ၊ အချက်အပြုတ် ( ၄ ) ယောက် ၊ စားပွဲထိုး ( ၈ ) ယောက် ၊ နောက်ဆုံးမှာ စိုးစိုး တို့လို အသက် ( ၁၅ ) နှစ် အရွယ် အဆေးအကြော ၊ အလျှော်အဖွတ် ( ၃ ) ယောက် တို့ နဲ့ ဖွဲ့စည်းထားတဲ့ ဆိုင်လေ ။
“ မန်နေဂျာတွေ ဘာလုပ် နေကြလဲဟင် ။ ရှင်တို့ ကို ဒီအတိုင်း ထိုင် နေကြဖို့ ငှားထားတာ မဟုတ်ဘူး ။ တန်ရာ တန်ကြေး ပေးထားတာ ၊ တန်ရာတန်ကြေး လုပ်ဖို့ ။ ရှင်တို့ ပါးစပ်တွေ မပါကြဘူးလား ။ ဒါက ရှင်တို့ ပါးစပ်ပေါက် နဲ့ ခိုင်းရုံ နဲ့ ပြီးသွားကြမယ့် ကိစ္စလေ ။ ပါးစပ်ပေါက်လေး ဟ ရမှာ တောင် ဒီလောက် ခဲယဉ်းနေကြလား ။ ငါတို့ နေတိုင်း လာ မထိုင်နိုင် လို့ ငှားထားတာ ။ ရှင်တို့ ကိုယ့် တာဝန်ကို ယ် ကျေကြစမ်း ”
ဒေါ်မိမိမြိုင် အသံ က သေးပေမယ့် စူးပြီး ထွက်နေတယ် ။ ပြောရင်း လက် မှာ ကိုင်ထားတဲ့ ပိုက်ဆံအိတ် ကို လည်း ခုံ တစ်ခုံ ပေါ် ဘုန်းကနဲ ပစ်တင် လိုက်သေးတယ် ။ ဂငယ်ပုံသဏ္ဍာန် ခုံးနေတဲ့ သူမ ရဲ့ နှုတ်ခမ်းနှစ်လွှာ ကို နောက်ဖေးခန်း က စိုးစိုး တို့ ချောင်း ကြည့်ရင်း ကြက်သီးတောင် ထသွားပြီ ။ မန်နေဂျာ လင်မယား ကတော့ ခေါင်း ငုံ့လျှ က် ။ မျက်နှာ ကို အောက်ငုံ့ နေပြီး ဆံပင် စင်းစင်းဖြောင့်ဖြောင့်လေးတွေ နဲ့ ကာ ထားလို့ မကြေးမုံ ရဲ့ မျက်နှာပြင် တစ်ခုလုံး ကို စိုးစိုး တို့ မမြင်ရပေမယ့် ၊ ဘေးတိုက် အနေနဲ့ မြင်နေရတဲ့ မကြေးမုံ ရဲ့ ပါးစပ် ကတော့ တတွတ်တွတ် နဲ့ မို့ ဘုရားစာ ရွတ်နေတာလား ။ တိတ်တဆိတ် ပြန်ပြော နေတာ လား ။ စိုးစိုးတို့ မဝေကွဲတတ် ။
“ အေး ... ငါ မပြောချင်ဘူး ။ ငါတို့ ဒီနေ့ လာခဲ့မယ် ဆိုပြီး ဖုန်း ကြိုဆက်ထားလို့ ကတော့ တစ်ဆိုင်လုံး ကတာဝတိံသာ နတ်ပြည်လား အောင့်မေ့ရတယ် ။ ရှင်းလို့ ၊ ပြောင်လို့ ။ စားပွဲခုံတွေ ကအစ တစ်လက်မ အစွန်း ထွက်မနေဘူး ။ စီလို့ ၊ ရီလို့ ။ အေး ... အခုလို ဆိုင်းမဆင့် ဗုံမပါ ခရီးသွားဟန်လွှဲ ဝင်လိုက်လို့ ကတော့ ငါ့ ဆိုင် က အရက်ဆိုင်လား အောင့်မေ့ရတယ် ။ လူတကာ မြင်လို့ ရယ်မှ မကောင်း ။ ဒါက ဆိုင် အခြေအနေမှန် ။ ဟုတ်လား ”
ဒေါ်မိမိမြိုင် က လက်ညှိုးငေါက်ငေါက် မထိုးရုံ တမယ် ပြော နေပေမယ့် ကိုထူးအောင် တို့ ကတော့ တုပ်တုပ် မှ မလှုပ် ။ ခေါင်းငုံ့ ၊ ဇက်ချိုး နေမြဲ နေလျှက်ပါပဲ ။ တစ်ကယ်တော့ ခေါင်းငုံ့ မနေလို့ လည်း ရတာမှ မဟုတ်တာလေ ။ မှားသည် ဖြစ်စေ ၊ မှန်သည် ဖြစ်စေ ကန့်ကွက်ခြင်း မရှိဘဲ ခေါင်းငုံ့ ထောက်ခံရတာ ကို က သူဌေး နဲ့ မန်နေဂျာတို့ ရဲ့ ယနေ့ခေတ် ဆက်ဆံရေး တစ်ခုပဲ မဟုတ်လား ။
ဒေါ်မိမိမြိုင် ပြောတာ လည်း ဟုတ်တယ် ။ တစ်ခါတစ်ရံ “ ဘယ်နေ့ လာမယ်ဟေ့ ” ဆိုပြီး ဖုန်းဆက် ထားလို့ ကတော့ စားပွဲထိုးတွေ ၊ စိုးစိုးတို့ သန့်ရှင်းရေးတွေ ကို နေ့မနား ညမနား ရှင်းခိုင်းထားလို့ ဆိုင် ဆိုတာက တောက်ပြောင် နေတာ ။ တစ်ကယ်ဆိုရင် အခြေအနေမှန် ဆိုတာ လည်း နောက်ကွယ်မှာ ပဲ လူမသိ သူမသိ တိတ်တဆိတ် ရှိ နေတတ်တဲ့ အရာလေ ။ ဆိုင်ရှင် ဆိုတဲ့ လူတန်းစားတွေ သိနိုင်တဲ့ အဖြစ်အပျက်မှ မဟုတ်တာ ။
ဆိုင် က အခုလို အမြဲတမ်း ညစ်ပတ် နေတာလည်း မဟုတ်ပါဘူး ။ ဆိုင် က အစုံ ရောင်းတဲ့ စားသောက်ဆိုင် မဟုတ်လား ။ ပြီးတော့ မတစ်ထောင်သား စားသောက်သူတွေ အချိန်တိုင်း ဝင်ထွက် နေကြတာလေ ။ အမြဲတမ်း လည်း ဘယ်လိုလုပ် သန့်ရှင်း နေနိုင်ပါ့မလဲ ။ အမြဲ သန့်ရှင်းနေစေ ချင်ရင်လည်း ဒီလို ဆိုင်မျိုး မဖွင့်နဲ့ ပေါ့ ။ ကိုထူးအောင် တို့ ဘက်က လိုက် ပြောတာတော့ မဟုတ်ပါဘူး ။ ဖြစ်သင့်တာ ကို ပြောတာ ။
“ ရောင်းပြီးသား အအေးပုလင်းတွေ က သူ့ အကဒ် နဲ့ သူ မရှိဘူး ။ ဟို နား ထောင် ၊ ဒီ နား ထောင် နဲ့ ဘိုးလိန်းကွင်း ရောက်နေရသလိုပဲ ။ ငါ နော် ဘောလုံးကန် သလိုသာ လှိမ့် ကန်ပစ်လိုက်ချင်တော့တယ် ။ နင်တို့ ကို ပိုက်ဆံ ပေးပြီး ခိုင်းထားရတာ မတန်ဘူးဟဲ့ ”
ဟော ... တဖြည်းဖြည်း ဒေါ်မိမိမြိုင် ပါးစပ် က ငွေစကားတွေ ပါ လာပြီ ။ တော်ကြာ “ မလုပ်ချင်ရင် ထွက်သွားကြ ” ဆိုတဲ့ စကားတွေ ပါတော့မယ် ။ အဆီတွေ တစ်ထပ် ပြီး တစ်ထပ် တက်နေလို့ စူပို့ပို့ ဖြစ်နေတဲ့ ဗိုက်ပူပူ ခန္ဓာကိုယ် ကို မှ အားမနာ ဝတ်စားဆင်ယင် ထားတဲ့ စကဒ်တိုတို နဲ့ ၊ ဒေါ က်မြင့်ဖိနပ် နဲ့ ကြွေပြားတွေ ခင်းထားတဲ့ ကြမ်းပြင် ပေါ် တဂွပ်ဂွပ် လျှောက်လို့ ဟိုကြည့် သည်ကြည့် အပြစ် ရှာနေသေးတယ် ။ ဝတ်ထားတဲ့ အင်္ကျီ ကလည်း ကျပ်ကျပ်ထုပ်ထုပ် ဆိုတော့ ဒေါ်မိမိမြိုင် ကို ဗြုန်းကနဲ လှမ်း ကြည့် လိုက်ရင် ကောက်ညှင်းထုပ်ကြီး ကို နှီး နဲ့ တင်းတင်း စည်း ထားသလိုပါပဲ ။ ကြည့်ရတာ တကယ် ကို မသက်သာလှ ။
အဲ .... ဒီလောက်ထိ ဒေါ်မိမိမြိုင် ပွစိ ၊ ပွစိ လုပ်နေပေမယ့် သူ နဲ့ အတူ ပါလာတဲ့ သူ့ ယောက်ျား ဦးထက်အောင်ကြီး ဘာလုပ်နေလဲ ။ စိုးစိုး တို့ မသိမသာ ချောင်းကြည့်တဲ့ နေရာ က မမြင်ပေမယ့် ဒီ လူကြီး ကတော့ သူ တပ်ထားတဲ့ ပါဝါလား ၊ နေကာလား ၊ ပဲများ ပြီး တပ်ထားတာလား မသိတဲ့ မျက်မှန်ကြီး တပ်လို့ နှာဖူးကြောတွေ ရှုံ့ ထားမှာ ပဲဆိုတာ စိုးစိုးတို့ သိနေတာပဲ ။ ဒီ လူကြီး က ဒီလိုပါပဲ ။ တစ်ခုခု ဆိုရင် ပွစိ ၊ ပွစိ ပြောနေတတ်တာ ကတော့ မဟုတ် ။ ဒါပေမဲ့ ကြောက်ဖို့ တော့ အကောင်းသား ။ သူ မထင်ရင် မထင်သလို ဘာမှ ပြောနေတာ မဟုတ်ဘဲ အလုပ် ဖြုတ်ပစ် တတ်တာမျိုးလေ ။ စိုးစိုး တို့ သက်တမ်း တစ်လျှောက် မှာ ပဲ ထုတ်ပစ်လိုက်တဲ့ မန်နေဂျာတွေ ဆိုတာ ဟော နှစ်ယောက် ၊ ဟော နှစ်ယောက် ၊ အပြုံး လိုက် ၊ အတွဲလိုက် ။
စိုးစိုး တို့ ကတော့ ဆိုင်ရှင်တွေ ကို ကြောက်စရာ မရှိပါဘူး ။ သူတို့ က ဒီ ဆိုင်ကို ရောက်ရင် စိုးစိုး တို့ လို အလုပ်သမလေးတွေ ရှိတဲ့ နောက်ဖေးခန်းတွေ ဘက်ကို ဘယ်တုန်းက ရောက်လာဖူးတာလို့ လည်း ။ ဆိုင် ကို လာ ။ ငွေဝင် ငွေထက် စာရင်းယူ ။ ငွေသိမ်း ။ ပြီးတော့ ဆူစရာရှိတာ ဆူလို့ ပြန် သွားနေကြပဲ ဥစ္စာ ။ စိုးစိုး တို့ ကြောက်ရတာက ဟို မန်နေဂျာ နှစ်ယောက် ပေါ့ ။
“ အေး ... ဒီတစ်ခါ နောက်ဆုံး ရှိပစေ ။ နောက်တစ်ခါ လာလို့ ဒီပုံစံ အတိုင်းပဲ ဆိုလို့ ကတော့ နင်တို့ လင်မယား အထုပ် ပြင်ပြီးသာ စောင့်နေကြ ။ အားလုံးကို ပြောလိုက်မယ် ။ ငါ့ ဆိုင် မှာ နေ ၊ ငါပေးတဲ့ လခ ယူပြီး ၊ ငါ ခိုင်းတဲ့ တာဝန် မကျေလို့ ကတော့ ကိုယ့် သမိုင်း ကိုယ်ရေးကြ ။ ငါ့ အဆိုး မဆိုနဲ့ ”
အင်း .. နောက်ဆုံးတော့ လည်း ဒေါ်မိမိမြိုင် တို့ ထုံးစံအတိုင်း ငါစွဲ တွေ စွဲလို့ ပြောချင်တာတွေ ပြောပြီး ပြန်ဖို့ လုပ်ပြီ ။ ဪ ... ဟိုလူကြီး ဘာလုပ်နေလဲ မှတ်တယ် ။ ဖုန်း ပြောနေတာကိုး ။ စိုးစိုး တို့ ချောင်း ကြည့် နေစဉ်မှာ ပဲ ဖုန်း ပြောလို့ ပြီးသွားတော့ ဟို လူကြီး ဖုန်း ကို သူတို့ နဲ့ ပါ လာတဲ့ ဟို ကောင်လေး အိတ်ထဲ ပြန် ထည့်လိုက်တာ စိုးစိုးတို့ တွေ့လိုက်တယ် ။
ဒီဆိုင် မန်နေဂျာ ကိုထူးအောင် ပြောတာတော့ ကြားဖူးသား ။ လက်ကိုင်ဖုန်းတွေ မှာ ရေဒီယိုလှိုင်း ဆိုလား ။ သံလိုက်လှိုင်း ဆိုလား ဝင် နေတတ် လို့ ဟန်းဆက် ကို ရင်ဘတ် ပေါ် က အင်္ကျီအိတ်ကပ် ထဲ ထည့်ရင် နှလုံး ကို ထိခိုက် နိုင်ပြီး ဘောင်းဘီအိတ် ထဲ ထည့်ထားရင် မျိုးပွားနှုန်း ကို ထိခိုက်နိုင် သတဲ့ ။ ဖုန်း ပြောရင်တောင် ဦးနှောင့် ကို ထိခိုက်နိုင်လို့ နားကြပ် နဲ့ ပြောကြတာတဲ့ ။ ဒါကြောင့် မို့ ဒီ လူကြီး က သူ့ ဟမ်းဖုန်း ကို နောက် က ကောင်လေး ကို ပေးကိုင် ထားပြီး သူ ပြောချင်တဲ့ အချိန် ရောက်မှ ယူပြီး အသုံးပြုတာ နေမှာ ။
ဟုတ်မှာ ပေါ့လေ ။
သူ က သူဌေးကြီး ဆိုတော့ နှလုံး ကို လည်း ဘယ် ထိခိုက်ခံနိုင်ပါ့မလဲ ။ မျိုးပွားနှုန်း ကို လည်း ဘယ် ထိခိုက်ခံ နိုင်ပါ့မလဲ ။ ဒါကြောင့် နောက်က ပါ လာတဲ့ ကောင်လေး ကို ပေးကိုင်ထားတာ ဖြစ်မှာပေါ့ ။ ဟင် ... ဒီလိုဆိုရင် နောက်က ကောင်လေး ကျတော့ ဖြစ်ချင်တာ ဖြစ် ဆိုတဲ့ သဘောလား ။ “ အလုပ် တစ်ခု ” ၊ “ တန်ရာတန်ကြေး ” ဆိုတဲ့ စကားတွေ ရဲ့ နောက်မှာ ကြိုမသိနိုင်တဲ့ လျှို့ဝှက်ချက်တွေ ၊ အန္တရာယ်တွေ ကပ်ညိ ပါလာကြစမြဲလား ။ ကောင်လေး ကတော့ ဘာမှ သိရှာ မှာ မဟုတ်ပါဘူး ။ စိုးစိုး တို့ တောင် မထင်မှတ်ဘဲ ကြားလိုက်ရလို့ မှတ်ထားတာ ။
“ ကဲ ... အားလုံး နားထောင်ကြစမ်း ”
ဆိုင်ရှင် နှစ်ယောက် ပြန်သွားတာနဲ့ စောစောက ဇက်ကျိုး မတက် ခေါင်းငုံ့ နေတဲ့ ဆိုင် ရဲ့ မန်နေဂျာ ကိုထူးအောင် ရဲ့ အသံ က ဟိန်းထွက် လာတာ စိုးစိုး တောင် ကိုင် ထားတဲ့ ပန်းကန်တွေ လွတ်ကျမတက် ။
••••• ••••• •••••
( ၂ )
စောစောက အချိန်ပိုင်း လောက် အထိ စိုးစိုးတို့ က အေးအေးဆေး ဆေး ။ ဒါပေမဲ့ စိုးစိုး တို့ သိနေပါတယ် ။ ဆိုင်ရှင်တွေ ပြန်ရင် စိုးစိုး တို့ လှည့်ဆိုတာ ။
“ အားလုံး ကြားကြတယ် မဟုတ်လား ။ မင်းတို့ ရဲ့ ပထွေးတွေ ၊ မိထွေးတွေ လာ သောင်းကျန်းသွားတာ ၊ ဟင်း .. လခစားချင်း တူတူ တကယ်တမ်း အပြော ခံရတာ ဘယ်သူတွေတုန်း ။ စိုးစိုး ၊ မာမာ ၊ ဖြူဖြူ နင် တို့ တွေ ပါ အပြင် ထွက်ခဲ့ကြစမ်း ”
ကိုထူးအောင် ရဲ့ စကား အဆုံး စိုးစိုး တို့ လည်း အရှေ့ ကို ခပ်ကုတ်ကုတ် ထွက်လာကြရပြီ ။ ကိုထူးအောင် တို့ ရှေ့မှာ မက်တပ်စုံရပ် ၊ လက် နောက်ပစ်ပြီး နေရင်း ငယ်ငယ်တုန်း က ရွာ ရဲ့ မူလတန်းကျောင်းသူ ဘ ဝ ကို စိုးစိုး ပြေးပြီး သတိရတယ် ။ ရွာကျောင်း ကို မြို့နယ်ပညာရေးမှူး တို့ စစ်ဆေးရေးအဖွဲ့ တို့ လာတဲ့ နေ့များ ဆိုလို့ ကတော့ သူတို့ ပြန် ရင် အပြစ် ရှိရှိ မရှိရှိ စိုးစိုးတို့ တစ်ကျောင်းလုံး ဗြောတီး ခံရပြီသာ မှတ် ။ ကျောင်းအုပ်ဆရာမကြီး ကို အထက် က လူတွေ ဆူသွားတာ ၊ ပြောသွားတာ များ ရင် စိုးစိုး တို့ ပိုပြီး နာပြီသာ မှတ် ။ အရိုက် ခံရတဲ့ ခေါင်းစဉ် ကတော့ လူကြီးတွေ ရောက်နေတဲ့ အချိန် စကားများ လို့ ပေါ့ ။ အခုလည်း အဲဒီလိုပါပဲ ။ မန်နေဂျာ ကိုထူးအောင် တို့ ကတော့ ဘာခေါင်း စဉ်တွေ တပ်ဦးမည် မသိ ။
“ နင်တို့ လည်း နောက်ဖေး မှာ ပဲ ကပ်နေကြ ။ နည်းနည်းပါးပါး ဆို င်ရှေ့ ကို ထွက်ဖို့ မစဉ်းစားဘူး ။ နင်တို့ အဘတွေ က နင်တို့ နဲ့ ပတ်သက်ပြီး တာဝန် အားလုံး ကို ငါ့ ကို ယူခိုင်းထားတာ ။ ငါ မကျေနပ်ရင် အားလုံး အလုပ် ဖြုတ်ပစ်မယ် ။ ဘာမှတ်နေလဲ ”
ကဲ ကြည့် ။ စိုးစိုး တို့ အလုပ်ဖြုတ်မယ် ဖြစ်နေပြီ ။ “ သူ့ဆန်စား ရဲမှ ” ဆိုပေမယ့် စိုးစိုး တို့ က သူ့ဆန်စား နေရ တာလည်း မဟုတ် ။ ပြီးတော့ စိုးစိုး တို့ ကို အလုပ်ဖြုတ်ပစ်မယ် ပြောပြီး သူတို့ သာ ပြုတ်ပြုတ် သွားတဲ့ မန်နေဂျာတွေ ဆိုတာ ရှေ့မှာ အပုံအပင်လေ ။ သိခြင်း ၊ မသိခြင်း ၊ ဒုက္ခ ၊ သုခ တွေ နဲ့ ဘောင်ခတ် ခံထားရတဲ့ အခြေခံ ဝပ်ကျင်း တစ်ခု ထဲ က ဘဝလေး တွေ ဟာ စိုးစိုး တို့ ပါပဲ ။ ဒီလို ဝပ်ကျင်းလေး တစ်ခု ခြစ်ကုတ် ဖက်တွယ် ထားဖို့ ကို တောင် အခြေအနေ တွေ က အများကြီး ရင်းနှီးခဲ့ကြရတာလေ ။ ဒီ ဝပ်ကျင်းလေး ထဲ ကို ဒုက္ခထုပ်တွေ ပျစ်ချလည်း ခံရုံပေါ့ ။ ဘာများ တ တ်နိုင်မှာ လဲ ။ ရွေးချယ်ခွင့် စကားလုံး ဆိုတာ စိုးစိုးတို့ အမြဲတမ်း သူစိမ်း သက်သက်ပဲလေ ။
“ တော်သေးတယ် ။ နင်တို့ နေတဲ့ အခန်းတွေ ဘက် ဖြတ်လျှောက်မ သွားလို့ ဖြတ်များ လျှောက်လို့ ကတော့ နင်တို့ ရဲ့ ပထွေး နဲ့ မိထွေး က ငါ့ ခေါင်းကို ဆင်နင်း သလို နင်းကြဦးမယ် ”
ဪ .. ခံစစ်ပါ ဆိုမှ စိုးစိုး တို့ ခေါင်းငုံ့ ထားရုံက လွဲလို့ ဘာများ တတ်နိုင်မှာလဲ ။ ဒီ ဆိုင်ရှင်တွေ က ကိုထူးအောင် ပြောသလို စိုးစိုး တို့ နေတဲ့ နောက်ဖေး မီးဖိုခန်း နဲ့ ကပ်လျှက် အခန်းကျဉ်းလေး ဆီ ကို ဘယ်တုန်း ကများ လာခဲ့ဘူးလို့လဲ ။ ရှစ်ပေပတ်လည် အခန်းကျဉ်းလေး ထဲ မိန်းကလေး ငါးယောက် စုပြုံ အိပ်နေကြရတဲ့ နေရာ တစ်ခု ဟာ ဒီဆိုင် ပိုင်ရှင် လို လူမျိုးတွေ ရဲ့ ချောင်းကြည့်စရာ နေရာ တစ်ခု မှ မဟုတ်တာ ။
ကိုထူးအောင် ဆက်ပြီး ပြောနေတာ အစုံအလင် ။ အဓိက ရည်ရွယ်ချက် ကတော့ ဟို နှစ်ယောက် ရှေ့မှာ ငုံ့ခံခဲ့ရ သမျှ ၊ ပေါက်ကွဲ လွင့်ထွက်လာ တဲ့ စကားလုံးတွေပဲပေါ့ ။ စိုးစိုး တို့ လည်း မျက်နှာပိုးတွေ သေအောင် အကုန်သတ် ။ မျက်လွှာချ ၊ ခေါင်းငုံ့ နေပေမယ့် ရှေ့ မှာ ပြောနေတဲ့ အသံတွေ ကို မကြားရတာ အံ့သြစရာပဲ ။ ရိုးနေပြီလေ ။ ပြောလာတဲ့ အပြစ်တင် စကား ကို ရင်ဘတ် ထဲ ထည့်ပြီး ခံစားကြည့် တော့လည်း ရလဒ် က ဘယ်တုန်းက ချိုမြိန်ခဲ့ဖူး လို့လဲ ။ သူတို့ ပြောချင်သလောက် ပြော ။ နားထောင်ရတဲ့ ကိစ္စတွေ ပြီးသွားတော့ နောက်ကွယ် မှာ တိတ်တိတ် “ ဟား ” ပစ် ။ ပြီးရင် နဂိုအတိုင်း နေ ။ ကိုယ် တစ်ယောက်တည်း ကောင်းနေရုံ နဲ့ အရာရာ လှပသွားမှာ မဟုတ်တဲ့ အခြေအနေ တစ်ခု ၊ ပြီးတော့ မလွှဲသာ မရှောင်သာ နေရတဲ့ ဝပ်ကျင်းလေး တစ်ခု မှာ ဒီနည်းက လွဲလို့ အခြား ဘာများ ရှိနိုင်ဦးမည်နည်း ။
••••• ••••• •••••
( ၃ )
“ ငါ တော့ သိပ် စိတ်ညစ်တာပဲ စိုးစိုး ရယ် ။ တစ်ခါတစ်ရံ ကျ သည်းမခံချင်ဘူး ။ ပြန် ပြောပစ်ချင်တယ် ။ ဒါပေမဲ့ ... ”
“ ဒါပေမဲ့ နဲ့ ဆက်မယ့် ဝါကျ ဆိုရင်လည်း အစ ကတည်း က မတည် ဆောက် နဲ့တော့ ဖြူ ရေ .. အားလုံးက နင့် လို ချည်းပဲ ”
စိုးစိုး က ပန်းကန် ဆေးရင်း ၊ မာမာ နဲ့ ဖြူ က အရွက်တွေ ချွေရင်း ပေါ က်ကွဲမှု တစ်ချို့ကို ဖွင့်အံထုတ်ဖြစ်တယ် ။ နောက်ဖေးချောင် အလုပ်သမား တွေ အားလုံး ထဲ မှာ ဖြူ က စိတ်ဓာတ် နည်းနည်း ပျော့ညံ့သူ ။ အဲဒီတော့ စိတ်ဓာတ် ပျော့ညံ့သူတို့ ထုံးစံ အတိုင်း ပြဿနာ ကို အကြိမ်ကြိမ် စားမြုံ့ပြ န် ၊ အကြိမ်ကြိမ် ပြန် ခံစား နေပေမယ့် ထွက်ပေါက် တစ်ခု ရှာဖို့ကျ ဘယ်တော့မှ မကြံစည်တတ်သူ ။
“ မဟုတ်ဘူး လေဟယ် ၊ အခု နင်တို့ ကြည့် ... ။ မန်နေဂျာတွေ က ထစ်ကနဲ ရှိ ငါတို့ ကို ဖိဖို့ပဲ စဉ်းစားနေတာ ။ သူတို့ ရဲ့ စိတ်ထွက်ပေါက် ဟာ ငါတို့ ကျောခုံး ပေါ်မှာ ချည်းပဲ ။ သူတို့ ကျတော့ ရော ဘယ်လောက်တောင် မှန် နေလို့ လဲ ။ ဆိုင်ရှင် ဆိုတဲ့ လူတန်းစားကလည်း ဝတ္ထုတွေ ရုပ်ရှင်တွေ ထဲ ကလို ဆိုင် ရဲ့ လိုအပ်ချက် ၊ ဆိုင်အလုပ်သမား တွေ ရဲ့ လိုအပ်ချက်ကို အပြုံးများစွာ နဲ့ ရက်ရောစွာ ဖြည့်ဆည်း ။ ဒီလိုမျိုး အောင့်မေ့တာ ။ နောက်ဆုံးတော့ ... ဆိုင်ရှင်တွေ မလာပါစေနဲ့ လို့ တောင် ဆုတောင်းရ မလို ဖြစ်နေပြီ ”
“ ဟဲ့ ... နင် ပြောတဲ့ ဆိုင်ရှင် ဆိုတဲ့ လူတန်းစား က လူ ဖြစ်ဖို့ ထင်းစား နေရတာ ။ ငါတို့ ကျတော့ ထမင်းစားဖို့ သက်သက် လူ ဖြစ်နေရတာ ဟဲ့ ။ ဒါနဲ့ နင် က ဘာဖြစ်ချင်လို့ လဲ ”
“ ဘာဖြစ်ချင်ရမှာ လဲ စိုးစိုး ရဲ့ ။ ဒီ အခြေအနေ က လွတ်မြောက်ချင် တာပေါ့ ။ အပြောင်းအလဲ တစ်ခု အမြန်ဆုံး ကြုံခွင့်ရချင်တာပေါ့ ။ ဟဲ့ ... ပြောရင်းဆိုရင် ကောင်မနော် နင် သင်ရမယ့် ကန်စွန်းရွက်စည်း ကို ဘာလို့ ငါ ရှေ့ လာ ချရတာလဲ ... ”
“ ဟီး ”
မာမာ က စကား ပြောရင်း သူ လုပ်ရမယ့် အလုပ် ကို ဖြူ့ ရှေ့သွား ချတယ် ။ ဒါမျိုးကတော့ ဖြူ က မခံ ။ မန်နေဂျာ ရှေ့ မှာ မဖြစ်မနေ ခေါင်းငုံ့ ခံခဲ့ရ သမျှ ဒီ ကန်စွန်းရွက် သင်ရမယ့် ကိစ္စလေး ကို တောင် နပန်း ထသ,တ်ကြတော့မယ့် ပုံစံနဲ့ အပ် , ကို ဦးပဲ့ ထမ်း နေကြတယ် ။
“ နင်တို့ နှစ်ယောက် ကို စိတ်ညစ်တာအဲဒါပဲ မာမာ နဲ့ ဖြူ ရဲ့ ။ နင်တို့ က အဝေး တစ်နေရာ ကနေ မိသားစု နဲ့ ခွဲပြီး အလုပ် လာ လုပ်ကြရတဲ့ ဘဝတူ အချင်းချင်း စာနာရ ကောင်းမှန်း မသိဘူး ။ မာမာ ... တစ်ကယ် ဆိုရင် ကန်စွန်းရွက်တစ်စီး ပို သင်လိုက်ရလို့ ဘာဖြစ်သွားမှာ လဲ ။ ဘာလို့ ဒီလို လုပ်ရတာလဲ ။ ကန်စွန်းရွက် တစ်စည်း ကို သူများ ရှေ့ ပစ်ချလိုက်ရုံ နဲ့ နင် လည်း အခု ဒီ ဘဝ က ကျွတ် မသွားပါဘူး ။ ဒီ ဆိုင်ရှင် ဆီ မှာ ရှိတဲ့ နင့် ရဲ့ အကြွေးတွေ မကျေပါဘူး ။ ဒီ ဝပ်ကျင်း ထဲ က နင် လွတ်မြောက် မသွားပါဘူးဟယ် ... ”
စိုးစိုး ရဲ့ စကားကြောင့် မာမာ က မကျေနပ် သွားပေမယ့် ဘာစကား မှ ပြန်မပြောဘဲ တိတ် သွားတယ် ။ ဒါပေမဲ့ သူ့ ရဲ့ စိတ် ကို ထွက်ပေါက် ပေးချ င်နေတဲ့ ပုံတွေ က မျက်နှာ မှာ အထင်းသား ။ မျက်မှောင်ကြုတ် ထားတာ မျက်ခုံး နှစ်ခု ပေါင်းကူး မတက် ။ ပါးစပ် က ပွစိ ၊ ပွစိ ပြောနေပေမယ့် အသံ က မထွက် ။ အဲဒီ အချိန်မှာ နောက်ဖေး လမ်းကြား က ခွေးတစ်ကောင် က စားကြွင်းစားကျန် ရှာဖို့ စိုးစိုး ပန်းကန်ဆေး တဲ့ နေရာ နဲ့ မလှမ်းမကမ်း မှ ဟိုချောင်း ၊ သည်ချောင်း လုပ်နေတယ် ။ ခွေး ကို ကြည့်လိုက်တဲ့ မာမာ ရဲ့ မျက်ဝန်းတွေ က စူးရှ သွားတာကို စိုးစိုး မြင်လိုက်တယ် ။ မာမာ တစ်ခုခု လုပ်တော့မှာ ကို စိုးစိုး သိလိုက်ပေမယ့် တားချိန် မရလိုက်ဘူး ။ စိုးစိုး ရှေ့ ရေဇလုံ ထဲ က ပန်းကန် တစ်ချပ် ကို မာမာ က လှမ်းယူတယ် ။ ပြီးတော့ စိုးစိုး တစ်ခုခုလှမ်းပြောလိုက်တဲ့ ကြားထဲ ကနေ လုပ်ဖြစ် အောင် လုပ်လိုက်တယ် ။
နောက်ဆုံးမှာ တော့ ... ။
ဝပ်ကျင်းလေး ထဲ က သတ္တဝါ တစ်ကောင် ရဲ့ ထွက်ပေါက် ဖွင့်လိုက်တဲ့ အသံ ဟာ ၊ အခြား ဝပ်ကျင်း ထဲ က သတ္တဝါ တစ်ကောင် ရဲ့ အပေါ် မတန်တဆ ကျရောက် သွားတော့တယ် ။
“ ဂိန် ”
▢ မင်းဝေဟင်
📖 မုခ မဂ္ဂဇင်း
ဇန်နဝါရီ - ၂၀၁၀
No comments:
Post a Comment