Saturday, May 3, 2025

စာပေရေးသားခြင်း အနုပညာ ( ဆရာတင့်ခိုင် )


 

❝ စာပေရေးသားခြင်း အနုပညာ ❞
        ( ဆရာတင့်ခိုင် )

ကလေးစာပေ ကို အနာဂတ် အခန်းကဏ္ဍ မှာ ဘယ်လို လုပ်ကြမလဲ ဆိုတာ ကျွန်တော် ဆွေးနွေးသွားပါ့မယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝဝ က တရုတ်ပြည် မှာ တွေးခေါ်ပညာရှင် ကွန်ဖြူးရှပ် က စကားလေး တစ်ခွန်း ပြောဖူးတယ် ။ “ တစ်နှစ် အတွက် ဆို စပါး စိုက်ပါ ။ ၁၀ နှစ် အတွက် ဆို သစ်ပင် စိုက်ပါ ။ နှစ် ၁ဝဝ အတွက် ဆိုရင် ကလေးတွေ ကို ပညာ သင်ကြားပေးပါ ” တဲ့ ။

ကလေးစာပေ ဟာ အနာဂတ် အတွက် အင်မတန် အရေးကြီးပါတယ် ။ “ ကလေးတွေ ဟာ လူကြီးတွေ ရဲ့ ဖခင် ” လို့ ကဗျာဆရာ ပေါ့ က ပြောဖူးပါတယ် ။ ကလေး က တကယ် လူကြီးတွေ ရဲ့ ဖခင် ပါ ။ ကျွန်တော် မနက် အိမ် ကနေ ထွက်ရင် အသက် ၁၂ နှစ် အောက် ကလေးတွေ လက်ဘက်ရည်ဆိုင် ၊ စားသောက်ဆိုင် တွေ မှာ စားပွဲထိုး လုပ်နေ ကြတာတွေ အများကြီးပါ ။ ဂုန်နီအိတ် ကို ထမ်းပြီး စူးတစ်ချောင်းနဲ့ အမှိုက်ကောက် နေကြတဲ့ ကလေးတွေ အများကြီး ပါ ။ ဒါကို ကြည့်ခြင်းအားဖြင့် အနာဂတ် မြန်မာ ဟာ ဘာဖြစ်မယ် ဆိုတာ တွေးကြည့် လို့ ရပါတယ် ။ ဒါတွေကို ကျွန်တော်တို့ ပြုပြင်ဖို့ လိုပါတယ် ။ ဒါကြောင့် ကလေးစာပေ ကဏ္ဍ ကို ကျွန်တော် ပြောတာပါ ။

စာပေ မှာ ပထမဦးဆုံး ပုံပြင် ဆိုတာ လေ ထဲ က ရတနာလေးတွေပါ ။ ကျွန်တော် ငယ်ငယ်တုန်း က ပုံပြင်လေး တွေ ကြားခဲ့ရပါတယ် ။ ကလေးတွေ အတွက် ပထမဦးဆုံး ယဉ်ကျေး လာအောင် ၊ သိမ်မွေ့ လာအောင် လုပ်ပေးတဲ့ နေရာ မှာ ပုံပြင် ဟာ ဆရာ ကျပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာတွေ ဟာ မှတ်တမ်း မတင်ခဲ့ကြဘဲ ပါးစပ် နဲ့ ပဲ ပြော နေကြတဲ့ အတွက် ပုံပြင် ဟာ ဘယ်တုန်းက စ ပေါ်ခဲ့တယ် ဆိုတာ ကျွန်တော် မသိပါဘူး ။ ဒါပေမဲ့ ကျွန်တော် တို့ နိုင်ငံ ဟာ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တဲ့ အတွက် ၅၅၀ နိပါတ်တော် တွေ ကို ကလေးတွေ အတွက် ပြောပြနိုင်ခဲ့တာ အင်မတန် ကောင်းတဲ့ ပုံပြင်တွေ ဖြစ်ခဲ့ပါတယ် ။

ကျွန်တော်တို့ ကလေးစာပေ ဟာ ၅ ရာစု လောက်မှာ နှုတ်ပြော ရာဇဝင် ကနေ စာအုပ် အဖြစ် ပေါ်လာခဲ့တာပါ ။ အတိအကျ ပြောရရင် ၁၉၁၅ လောက် မှ အီစွပ်ပုံပြင် ကို စာအုပ် အဖြစ် အင်္ဂလန် မှာ အင်္ဂလိပ် ဘာသာ နဲ့ စ ထုတ်ဝေခဲ့ပါတယ် ။

ကျွန်တော် ထင်ပါတယ် ။ နိုင်ငံတကာ ပုံပြင်တွေ အားလုံး ဟာ ဒီ ၅၅၀ နိပါတ် တွေ က ပဲ အခြေခံ လာပါတယ် ။ များသောအားဖြင့် ပုံပြင်တွေ က တူပါတယ် ။ ဒါပေမဲ့ သူတို့ က ပြောင်းလဲ ပစ်လိုက်တယ် ။ ကျွန်တော် အခု ပြောချင်တာက ကျွန်တော် တို့ ရဲ့ အစဉ်အလာ သီအိုရီတွေ ကို ပြောင်းလဲ သင့်တဲ့ ဟာ ပြောင်းလဲ ပစ်လိုက်ရင် မကောင်းဘူးလား ။

ယုန် နဲ့ လိပ် ပုံပြင် မှာ ယုန် က မကြိုးစားဘူး ပျင်းတယ် ။ လိပ် က ကြိုးစားလို့ ပန်းတိုင် ရောက်တယ် ။ ပေးတဲ့ မက်ဆေ့ က မကောင်းဘူးလား ဆိုတော့ ကောင်းပါတယ် ။ ဒါပေမဲ့ အဲဒါဟာ သဘာဝ ယုတ္တိဗေဒ ခိုင်မာသလား ဆိုတော့ သိပ်ပြီး မခိုင်မာဘူး ။

သူတို့ ကျတော့ အဲလို မဟုတ်ဘူး ယုန် နဲ့ လိပ် ကို မြည်း နဲ့ ဖားဖြုတ် လို့ ပြောင်းလိုက်တယ် ။ ဒါပေမဲ့ ဖားဖြုတ် က တကယ် ပြိုင်ပွဲဝင်တာ မဟုတ်ဘဲ ဖားဖြုတ် အားလုံးကို အစည်းအဝေး ခေါ် လိုက်တယ် ။ ပြီးတော့ အရွယ်တူ ဖားဖြုတ်တွေ က အကုန်လုံး မြည်း ပြေးတဲ့ လမ်းကြောင်း က ခြုံတွေ ခြုံတွေမှာ ကြိုပြီး ဟို တစ်ကောင် ဒီ တစ်ကောင် ပုန်း နေကြတယ် ။ မြည်း လာတာနဲ့ သူတို့ က ထွက်ပြီး ပြေးယောင် ပြတယ် ။

နောက်ဆုံး ပန်းတိုင် နား က ဖားဖြုတ် ကနေ ပန်းတိုင် ကြို ဝင်လိုက်တယ် ။ သူတို့ ပေးတဲ့ မက်ဆေ့ က ခန္ဓာကိုယ် ကြီး တိုင်း အနိုင်ယူ လို့ မရဘူး ။ ဉာဏ်ပညာ ကသာ အရာရာ ကို ကြီးစိုးတယ် လို့ ဖြစ် တယ် ။ ကျွန်တော်တို့ ဆီ မှာ ပြောင်းသင့် တဲ့ ပုံပြင်တွေ အများကြီး ရှိပါတယ် ။

ကလေးစာပေ မှာ ကြောက်လန့်စေမဲ့ အသုံးအနှုန်းတွေ သရဲ တစ္ဆေ လို ပုံပြင်မျိုးတွေ ဟာ အကြောက်တရား လွှမ်းမိုးသွားနိုင်လို့ မသုံးသင့်ဘူး လို့ ထင်ပါတယ် ။

ကလေးဝတ္ထုတွေ ရေးကြတဲ့ အခါ အကျင့်စာရိတ္တသီလ ၊ ကာရိုက်တာ ကောင်းတွေ ထည့်သွင်းဖို့ လိုပါတယ် ။ ကလေးတွေ အကျင့်စာရိတ္တ ကောင်းဖို့ ကိစ္စ သည် အစိုးရ မှာ လည်း တာဝန် ရှိတယ် ။ လူကြီးမိဘ တွေ မှာ လည်း တာဝန် ရှိတယ် ။ ကျွန်တော်တို့ စာရေးဆရာတွေ မှာ လည်း တာဝန် ရှိတယ် ။ ဝတ္ထု နဲ့ ကာရိုက်တာ ကောင်းတွေ ရေးသားပြရမယ် ။ ရသ နဲ့ ကလေး တွေ ကို အသိ ပေးရမယ် ။

ကလေးတွေ ကို စဉ်းစားခွင့် ၊ ဆုံးဖြတ်ခွင့် ၊ ငြင်းဆိုခွင့် ၊ တောင်းဆိုခွင့် ပေးရမယ် ။ ဒါတွေကို ကလေးဝတ္ထု ၊ ကဗျာ ၊ ဆောင်းပါး ၊ သုတ ၊ ပုံပြင် တွေ ထဲမှာ ထည့် ရေးသင့်တယ် ။ ကျွန်တော် သိထားတာလေး တစ်ခု ပြောပြချင် ပါတယ် ။ ကျောင်းဆရာမ တစ်ဦး က တိရစ္ဆာန် သုံးမျိုး ဖော်ပြပါ ဆိုတော့ ကလေး က သူ နဲ့ နီး တဲ့ ကြက်တို့ ကြောင်တို့ ခွေးတို့ ရေးလာတယ် ။ ဆရာမ က အမှတ် မပေးဘူး ။ ဘာလို့လဲ ဆိုတော့ သူ ရေးပေးလိုက် တာ က ဝက်တို့ ကျွဲတို့ နွားတို့ ဖြစ်နေလို့တဲ့ ။

အဲလို လုပ်လိုက်တာဟာ ဘေး သင့်ပါတယ် ။ ကလေး ရဲ့ ဦးနှောက် တံခါး ကို လုံးဝ သော့ခတ် ပေးလိုက်တာပါပဲ ။ ကျွန်တော်တို့ ဟာ ကလေးတွေ ကို ဦးနှောက် သော့ ဖွင့်ပေးရမယ် ။ သော့ဖွင့် ပေးတယ် ဆိုတာ စဉ်းစားခွင့် ပေးတာပါပဲ ။ ကလေးတွေ စဉ်းစားတတ် မှ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးလာကြမှာပါ ။

သူတို့ နိုင်ငံတွေ မှာ ကလေးတွေ ဖတ်ဖို့ ပထမ အဆင့် စကားလုံး ငါးရာ ၊ ဒုတိယ အဆင့် စကားလုံး ၁၀၀၀ ၊ တတိယ အဆင့် စကားလုံး ၁၅ဝဝ ဆို ပြီး အဆင့်ဆင့် ထားတယ် ။ ကျွန်တော်တို့ ဆီမှာ လည်း ကလေးတွေ ဖတ်ဖို့ စာပေကောင်းတွေ ဝတ္ထုကောင်းတွေ ရှာရမယ် ။ ဒီနေ့ ကလေးစာပေ ဖွံ့ဖြိုး မှ နောင် နှစ်ပေါင်း ၂ဝ လောက် မှာ ကလေးတွေ ဘဝ ဟာ ဖွံ့ဖြိုးလာမယ် ။

၁ ။ အမှန် နဲ့ အမှား ၊ အမှား နဲ့ အမှန် ခွဲခြားတတ်တဲ့ ကလေးတွေ

၂ ။ ကာရိုက်တာ ပေါ့ ၊ အကျင့်စာရိတ္တ ယဉ်ကျေးတဲ့ ကလေးတွေ ဖြစ်အောင် နောင် နှစ်ပေါင်း ၂ဝ အတွင်း မှာ ဖြစ်လာအောင် ခု ကတည်းက ကျွန်တော်တို့ ကြိုးစားကြဖို့ လိုပါတယ် ။

▣ ဆရာတင့်ခိုင်
📖စာပေရေးသားခြင်း အနုပညာ

No comments:

Post a Comment