Friday, May 2, 2025

မျက်ရည်များ


 

❝ မျက်ရည်များ ❞
   ( ညိုထွန်းလူ )

တိတ်ဆိတ် ငြိမ်သက်ခြင်း ဖြင့် ည ၏ အမှောင် ၊ သက်ရှိသက်မဲ့ အရာ အားလုံး အမှောင်ထု ထဲ မှာ ကိုယ်ယောင် ဖျောက် နေလျက် ရှိသည် ။ တစ်ရေးနိုး လာသည့် အဘွားအို သည် အမှောင်ထု ထဲသို့ ခပ်ငေးငေးကြည့်ရင်း သက်ပြင်းငွေ့ငွေ့ မှုတ်ထုတ် လိုက်လေ၏ ။ တကယ်တော့ လဆုတ်ရက် ည သည် ပိန်းပိတ်နေအောင် မှောင်အတိ ကျနေခြင်းမျိုး မဟုတ် ၊ တဖျပ်ဖျပ် လင်းလက် နေသည့် ကြယ်တွေ ၏ အလင်းရောင် ရှိသည် ။ အမှောင်ထု ထဲမှာ အရိပ်သဏ္ဌာန်တို့ ကို ခပ်ဝါးဝါး တွေ့မြင်ရ သေးသည် ။ သို့သော် အဘွား ခမျာ မှာ တော့ မည်သည့် အရာ ကိုမျှ ကြည့်မြင်နိုင်ခွင့် မရတော့ပြီ ။ အလင်း ကိုလည်း မမြင် ၊ အရောင် ကို လည်း မတွေ့ရ ၊ ရုပ်ဝတ္ထု ပုံသဏ္ဌာန်တွေ အားလုံးကို ကန့်လန့်ကာဖြင့် ပိတ်ဖုံး ကာဆီး ထားသလို သူ့ အမြင်အာရုံသည် အသုံးချ ၍ မရ နိုင် လောက်အောင် ချို့ယွင်း သွားခဲ့ပြီဖြစ်သည် ။ လူ့ဘဝ ခရီး ဆက်ရင်း ဇရာအို နေညိုသည့် အချိန် ၊ လွန်ခဲ့သည့် ၁၅ နှစ် လောက်က မျက်စိနှစ်လုံး ကို ရေတိမ်စွဲကပ် ခဲ့သည် ။ ဤသို့ဖြင့် ဆေး အကူအညီ မတိုးနိုင်တော့ဘဲ ရောဂါသက်တမ်း ရင့် လာသည့် အခါတွင် တစ်လောကလုံး မှောင်အထိ ပိတ်ဖုံး သွားခဲ့ရတော့သည် ။ အိုကြီးအိုမ တုန်ချည့်နေရသည့် ဇရာအို ဘဝ တွင် ကြုံရသမျှ ဒုက္ခတွေ ချည်းဖြစ်ပါသည် ။ ကြည့်သမျှ မမြင်ရတော့ ၍ အကြားအာရုံ ကိုသာ အားကိုးအားထား ပြုကာ မည်သူမည်ဝါ ခွဲခြား သိမှတ်ရရှာသည် ။ သို့သော် တစ်စ တစ်စ မေ့လျော့လာနေပြီ ဖြစ်သည့် အသိဉာဏ်သည် သိသမျှ ၊ ကြားသမျှ အာရုံစွဲကပ်ခြင်း မပြုနိုင် ။ ဝမ်းနှင့် လွယ်၍ မွေးထုတ်ခဲ့သည့် သားသမီးတွေ ကို သိသော်လည်း ထို သားသမီး တွေမှ တစ်ဆင့် ပွားစည်းလာခဲ့သော မြေးမြစ်တွေ ကိုတော့ အကုန်အစင် မသိနိုင်တော့ပြီ ။ တစ်အိမ်တည်း မှာ အတူ နေ၍ ကလေးတွေ အော်သံ ငို သံတွေကြောင့် ကိုယ့်သွေး ကိုယ့်သား မှန်း သိပေမယ့် ဘယ်သားသမီး က ပေါက်ဖွားခဲ့သည့် မြေးမှန်း မြစ်မှန်း မခွဲခြားတတ် ။ တစ်ခါတလေတော့ သည်မြေး သည်မြစ် တွေကို စိတ်အာရုံ ထဲမှာ စွဲမှတ်ဖို့ ကြိုးစားကြည့်ပါ သေးသည် ။ ကလေးတွေ ကလည်း သူ့အနား ကို လာချင် မှ လာတတ်သည် ဖြစ်၍ အသံ ကိုသာ အားကိုးအားထား ပြုနေရသော သူ့ အတွက် ဘယ် သူဘယ်ဝါ ဆိုတာ သိနိုင်ဖို့ ခဲယဉ်းလှသည် ။ ထို့ကြောင့် ရင် မှာ အခက်အလက် ယှက်ဖြာလာခဲ့ကြသော မြေးမြစ် တို့ အပေါ်မှာ သံယောဇဉ်တွေ ပါးလျားသွားခဲ့ရသည် ။ အနေ နီးသော်လည်း အလှမ်းကွာ နေသော က လေးတွေ အတွက် အပူအပင်တွေ မလိုချင်တော့ပြီ ။ တစ်နေ့တစ်နေ့ မသင့်တော်တာတွေ ကြားရ၍ ဆုံးမစကား ပြောချင်ပေမယ့် ကိုယ့်စကား ကို နားဝင်မှာ မဟုတ်သည့် အတွက် ရေငုံနှုတ်ပိတ်၍ သာ နေလိုက်သည် ။ လူ့ဘဝ ဆိုတာ ခရီးသည် အတွက် တစ်ထောက် ရပ်နားခဲ့ရသည့် အခိုက်အတန့် နေရာလေး တစ်ခု ဖြစ်သည် ။ “ လာပြီးတော့ နား ၊ မသွားသေးခင် ၊ ချိန်လေးခွင်မှာ  ၊ ဝန်းကျင်ခက်နွယ် ၊ နှောင်ကြိုးသွယ်ကြ။ ပြုံးရယ် မဲ့ငို ၊ ချစ်မုန်းပိုကြ ၊ မလိုဒေါသ ၊ လိုလောဘနဲ့  ၊ ဘဝရိပ်မြုံ ၊ ကကြိုးစုံခဲ့ .... ” ဆိုသည့် ကဗျာလေး ထဲက လိုပင် လောက ဘဝ ထဲတွင် အမျိုးမျိုး ရုန်းကန် ရှင်သန်ရင်း ကကြိုးတွေ စုံခဲ့ရသည် ။ ငိုခဲ့ရသည် ။ ပျော်ခဲ့ရသည် ။ သား သမီးတွေ အတွက် ပူပန်သောကတွေ ကြုံခဲ့ရသည် ။ သူတို့ အတွက် လောဘစိတ် ဖြင့် စီးပွားဥစ္စာတွေ မမောနိုင် မပန်းနိုင် ရှာဖွေခဲ့ရသည် ။ ခေတ်တွေ ကိုလည်း ကြုံခဲ့ဆုံခဲ့ ရ ပြီးပြီ။ ရှေ့ခရီး ကို ဆက်လက် ထွက်ခွာဖို့ အချိန် လည်း ရောက်လာနေပါပြီ ။ ဘဝ ၏ မတည်မြဲခြင်း သဘောကို မှတ်ယူ၍ တရားသံဝေဂတွေ ရနေပါ၏ ။ သို့သော် သည် နေရာ သည် လော က ကမ္ဘာ မှ ရှေ့ခရီး ဆက်ဖို့ အတွက် ဆန္ဒ မရှိသေးပါ ။ လူ့လောက ထဲ သို့ အဖော် မပါ ၊ တစ်ယောက် တည်း ရောက်လာခဲ့ရသည် ။ ထို့အတူ လူ့ လောက ထဲ မှ တစ်ယောက်တည်း ပင် ပြန်လည် ထွက်ခွာရပါမည် ။ ဟုတ်ပါသည် ။ တရားအသိတွေ ရှိခဲ့ပေမယ့် အဘွားအို အား ရှေ့ခရီး သို့ ဆက် လက်ထွက်ခွာသွားခွင့် မပြုအောင် ကြိုးတစ်ချာင်း က သူ့ ကို ရစ်နှောင် ထားလေသည် ။ မည်သည့် အရာ နှင့် မျှ ပိုင်းဖြတ်၍ မရနိုင်သော ကြိုးသည် သူ့ အနားမှာ ရှိသည် ။ ထိုအကြောင်း ကို တွေးမိလိုက်သည် နှင့် တစ်ပြိုင်နက် အဘွားအို ၏ ရင်အုံ တစ်ခုလုံး နွေးထွေး သွားခဲ့ရပါလေ၏ ။

အမှောင်ထု ထဲသို့ မလှုပ်မယှက် ငေးနေသည့် သူ့ နားထဲသို့ အသက်ရှူ မျှဉ်းမျှဉ်း ကို ကြားရသည် ။ ခပ်လှမ်းလှမ်း ဆီမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အဘိုးအို ၏ အသက်ရှူသံ ။ ထို့ကြောင့် သူ့ခမျာ အနည်းငယ် စိတ်အမောပြေ သွားရှာသည် ။ ယခုနှစ်အတွင်း အဘိုးအို ကျန်းမာရေး က မကောင်း ၊ ရောဂါ ဖောက်လိုက်သည် နှင့် မျက်ကလဲဆန်ပြာ ဖြစ်ရသည် ။ တစ်ချက် တစ်ချက် ရောဂါ သည်းလွန်း၍ ပစ်လိုက်ရတော့မလား အောက်မေ့မိသည် ။ အခု တစ်ခါ နှင့် ဆိုလျှင် သုံးခါ ရှိပြီ ။ အမှန်တော့ သူတို့ နှစ်ယောက် စလုံး အသက်အရွယ် ကိုးဆယ် ကျော် ၊ တစ်ရာနား ကပ် လာပြီ ဖြစ်၍ ခန္ဓာကိုယ် က အမှား တစ်ချက် မခံနိုင် လောက်အောင် ချုံးချုံးကျ နေလေပြီ ။ အဘိုးအို က သူ့ ထက် နှစ်နှစ်ခန့် ငယ်သည် ။ သို့သော် အဘွားအို လောက် စိတ်ဓာတ် မမာ ၊ ခန္ဓာကိုယ် လည်း ယိုင်နဲ့ ၊ ထစ်ခနဲ ဆိုလျှင် ရောဂါ ဝင်ချင်သည် ။ အကယ်၍ အနား မှာ အရိပ် လို တကြည့်ကြည့် ဖြင့် သူ သာ မရှိလျှင် ခက်ပြီ ။ တစ်အိမ်တည်း မှာ အတူ နေသည့် သားကြီး မိသားစု နှင့် သမီး အကြီးမ မိသားစု ရှိသည် ။ ဒါပေမဲ့ သူတို့ က အချိန်မလပ် စောင့်ရှောက်နိုင်ကြတာ မဟုတ် ။ မိအိုဖအို တို့ ကို အချိန်မှန်မှန် ထမင်း ကျွေးဖို့  ၊ ကိုယ်လက် သန့်စင်ဖို့ လောက်သာ ပြုစု နိုင်ကြသည် ။ ကျန်သည့် အချိန်မှာ သူတို့ ကိစ္စ နဲ့ သူတို့ လုံးထွေး နေကြသည် ။ ည ရောက်လျှင် ကိုယ့် အခန်း ကိုယ် ဝင်၍ အိပ်စက် အနားယူကြ ။ ညမိုးစုပ်စုပ်ချုပ် သည့် အချိန် မှာ အဘိုးအို ၊ အဘွားအို တို့ ကျန်းမာရေး ဖောက် လျှင် မခက်ပါလား ။ တစ်ခါကလည်း အဘိုးအို ကျန်းမာရေးဖောက်၍ အော်ခေါ် နှိုးလိုက်တော့မှ အိပ်မှုန်စုံမွှား ထကာ ရောက်လာကြသည် ။ အနားမှာ သူ ရှိနေ၍ သာ ။ သည် အကြောင်းတွေ တွေးမိတိုင်း အဘိုးအို ၏ ကျန်းမာရေး အတွက် ပူပင်သောကတွေ ပိုမို ကြီးမားလာခဲ့ရ၏ ။ သူ့ အတွက်တော့ တစ်ခါမျှ မစဉ်းစားဖူးခဲ့ ။ မျက်စိ နှစ်ကွင်း အလင်း မရ သော်လည်း သည် အိမ် ထဲမှာ လှုပ်တိလှုပ်ရဲ ဖြင့် စမ်းတဝါးဝါး သွားနိုင် လာနိုင်သေးသည် ။ ယုတ်စွအဆုံး အလေးအခင်း ကိစ္စ ကိုပင် ကိုယ့် ဘာသာ ဆောင်ရွက်နိုင်သေးသည် ။ အဘိုးအို အတွက်သာ စိတ်ပူရသည် ။ မနှစ် ကတည်း က အဘိုးအို ၏ ကျန်းမာရေး အခြေအနေ မူမမှန်ဘဲ ဖြစ်လာ ခဲ့သည် ။ ရောဂါ ဖြစ်ပြီးနောက် အားအင် ဆုတ်ယုတ် သွား၍ တွဲထူ မှ ထ နိုင်သည် ။ ထို့ကြောင့် ကရိကထ မဖြစ်အောင် ကြမ်းပြင် ပေါ်မှာ ပဲ အိပ်ရာ ပြင်ဆင်ခဲ့ကြသည် ။ အဘွားအို သည် ခပ်ကွေးကွေးလေး နေရင်း တွေးမိတွေးရာ တွေးနေသည် ။ အနားမှာ အဘိုးအို ရှိသည် ။ ကြမ်း တစ်ပြေးတည်း အိပ်ရင်း ကံကုန် မိုးချုပ်တော့မည့် သူတို့ အတွက် တော့ စိတ်အနှောင့်အယှက် ဖြစ်စရာလည်း မလိုပြီ ။ တွေး ကြည့်ရလျှင် သူတို့ နှစ်ယောက် ၏ ဘဝ နှစ်ခု စတင်ပေါင်းစပ်စဉ် ကလည်း ယခု အတိုင်းပင် ။ ပုဆိုးတန်းတင် အကြင်လင်မယား ဘဝမှာ ကြမ်းတစ်ပြေးတည်း အတူ အိပ်၍ ဘဝ တစ်ခု ကို စ ခဲ့ကြသည် ။ တွေးရင်းဖြင့် စိတ်အာရုံတွေ က အတိတ် မှ ဖြစ်ရပ်များ ဆီ သို့ အဆောတလျင် ပြန် ရောက်သွားသည် ။ အလင်း မရနိုင်တော့သည့် သူ့ မျက်လုံးထဲ တွင် ရှေးဖြစ်ဟောင်း နှောင်းရိပ်များက ကွက်ကွက်ကွင်းကွင်း ရှင်းရှင် လင်းလင်း ပေါ်လာခဲ့သည် ။ ထိုစဉ်အခါက သူတို့ အကြောင်းတွေ ကို နားထောင်ချင်သူ ရှိလျှင် ပြောချင်စမ်းပါဘိ ။ ဟုတ်တယ်လေ ၊ သူ ရယ် ကိုဘခင် ရယ် ၊ အရေးအကြောင်းတွေ ရှုပ်ထွေး၍ တွန့်ကွေးနေသည့် ဘွားအို မျက်နှာ ပေါ်တွင် အပြုံးတစ်ချက် လက်ခနဲ ပြေးဖြတ်သွားလေ၏ ။

အဖေ စိတ်ကြီးတာ လည်း သိပါရဲ့ ၊ အစ်ကိုတွေ မောင်တွေ ကြားမှာ သမီးလေး တစ်ယောက်တည်း ရှိလို့ ရွှေပေါ်မြတင် ထားချင်တာ ကိုယ့် သမီးကို ဘယ်သူ နဲ့ မှ တူသယ် တန်သယ် မထင်ဘူး။ ရဲချင် တို့  ၊ မန်းကြီးကန် တို့ မှာ ရှိကြတဲ့ ကြေးရတက်တွေ က ကျုပ် ကို ချွေးမ တော်ချင်လို့ အဖေ့ ကို မရဲတရဲ သွေးတိုးစမ်း ကြည့်ကြတာကိုး ။ အဖေ က အဲသာ အကြောင်း စကား ကို အဟ မခံဘူး ၊ မကြားချင်ဘူးလို့ ခပ်ပြတ်ပြတ် ပြောလွှတ်တယ် ။ ကျုပ် ကလည်း ကျုပ်ပဲ ၊ ကိုဘခင် ကို ကြိုက်လိုက်မိသယ်လေ ။ ကျုပ်တို့ အကြောင်း အိမ် က သိသွားတဲ့ နေ့ ကများ လိပ်ပြာလွင့်သွား မလား အောက်မေ့ရသယ် ။ အမေ က အခန်းထဲ ခေါ်ပြီး တစ်နေ့လုံး ဆူလိုက် ရိုက်လိုက် ၊ နင့် လောက် မိုက်လုံးကြီးတဲ့ မိန်းမ မရှိ ဘူး ။ မွဲချင်တဲ့ ခွေး ပြာပုံတိုး တဲ့ ၊ မုဆိုးမသား စက်ချုပ်စားသဲ့ သူ့ ကိုများ ကြိုက်နေရသယ်လို့ တော် ၊ ပြောပြီးတော့ ထပ် ရိုက်ပြန်သယ် ။ ကြိတ်မှိတ်ခံရတာပ ။ ကျုပ် က ဘာဖြစ်ဖြစ် အရေးမကြီးဘူး ၊ ကိုဘခင် အတွက်ပဲ စိတ်ပူသယ် ။ သူ့ခမျာ ကျုပ်နဲ့ ကြိုက်မိသာနဲ့ အဆိုအပြော ခံရတော့မှာ ။ သူ က လူချော တော်ရဲ့ ၊ ကျုပ် နဲ့ မျက်နှာချင်းဆိုင်ပြီး စကား မပြောရဲဘူး ၊ ကြောက်အားလန့်အား နဲ့ ခိုးပြီး ကြည့်တတ်တယ်။ မပြောရဲ လို့ သာ ၊ ကျုပ် ကို ကြိုက်နေမှန်း သိသားပဲ။ ကျုပ် ကလည်း သူ့ ကျတော့ ဘယ်လို ဖြစ်သွားမှန်း မသိဘူး ၊ အလိုလို နေရင်း သနား လာသာ ။

ယခု အချိန်မှာ နောက်ကြောင်းပြန် ပြီး အဲသည် အကြောင်းတွေ ပြော နေမိ၍ ကလေးစကား ဟု ကဲ့ရဲ့ ကြလည်း ရှက်စရာ မလိုပါ ။ သူတို့ အကြောင်း စိတ်ဝင်တစား နားထောင်မည့် သူမ ရှိလည်း အရေးမကြီးပါ ၊ အဘွားအို သည် ညအမှောင် ထဲ မှာ ပင် ရှေးအတိတ်က ပုံရိပ်များ ကို ရနိုင် သမျှ ဖမ်းဆုပ်၍ အသံ မထွက်ဘဲ ရင် ထဲမှာ စကားတွေ က တစ်သီတစ်သန်းကြီး ပြောနေမိပါသည် ။ ထိုအခါ သူ့ အမြင်အာရုံတွင် မှောင်လွန်း သော ည ဟူ၍ မရှိလေတော့ ။ သူ သိခဲ့ ၊ မြင်ခဲ့ ၊ တွေ့ကြုံ ဖြတ်သန်းခဲ့ရသော ဘဝဇာတ်လမ်း ဇာတ်ကွက်များ သည် ထင်ထင်ရှားရှား ပီပြင် ပေါ်လွင် လာခဲ့သည် ။ ဆံပင်အုပ်လုံးသိမ်းစ အရွယ် နှာတံသွယ်သွယ် ၊ ထူထဲသော မျက်ခုံးအစုံ ၊ မျက်ဝန်းလဲ့လဲ့ အလှပိုင်ရှင် မစောမေ ဆိုသည့် ကောင်မလေး တစ်ယောက် သူ့ ရှေ့သို့ ရောက်လာခဲ့သည် ။ တစ်ရွာလုံး မှာ အလှဆုံး ဖြစ်သမို့ ကာလသားတွေ က သူ့ အပေါ်မှာ ညွတ်ချင် ဆွတ်ချင်ကြသည် ။ သို့သော်လည်း ရွာ ၏ နံဘေးပတ်ပတ်လည် မှာ လက်ညှိုးထိုး မလွဲပိုင်ဆိုင်ထားသည့် ယာမြေများ နှင့် အဖေ့ ရဲ့ ကြွယ်ဝချမ်းသာမှု အရှိန်အဝါ က အနားသို့ မသီဝံ့အောင် ဟန့်တား ထားသည် ။ အစ်ကိုတွေ မောင်တွေ ကြား ၊ မိဘ အုပ်ထိန်းမှု အောက်မှာ ဗိုင်းကောင်းကျောက်ဖိ နေ ခဲ့ရသော သူ့ အဖို့ မည်သူ့ကို မှ စိတ်မဝင်စားဘဲ အိန္ဒြေရရ နေထိုင်ခဲ့သည် ။ မိဘနှစ်ပါး ကလည်း လိမ်မာရေးခြား ရှိလှသည့် သမီးလေး ကို အချစ် တွေ တောင်လို ပုံခဲ့သည် ။ အဲသည် အထဲ က ရေစက်ကယ် ဖန်လာပြန် တော့ ကိုဘခင် ပေါ် တိမ်းညွတ် သွားခဲ့ရသည် ကော ။ ယမ်းပုံမီးကျ ဒေါ သ ကြီးနေသော အဖေ့ မျက်လုံးများ သည် မီးဝင်းဝင်းတောက် လျက် ။ ထရံမှာ ထိုးထားသည့် ငှက်ကြီးတောင်ဓား ကို ရွှန်းခနဲ ဆွဲထုတ်လိုက်သည် ။ ထို့နောက် အဖေ့ ရှေ့မှာ ကျုံ့ကျုံ့လေးထိုင်နေသည် ။ သူ့ လည်ကုပ်ပေါ် သို့ ဓားကို ဝဲကာ ...

“ စောမေ ၊ ဘာမှ အသုံးမကျ ၊ အညွန့်တုံးမယ့် ဘခင် ကို ယူမယ် ဆိုရင် နင့် ခေါင်းကို ဒီမှာ ထားခဲ့ ”

ပြင်းထန်တင်းမာသည့် အဖေ့ အသံသည် ဧည့်ခန်း တစ်ခုလုံး မြည်ဟိန်းသွားသည် ။ အမေ သည် ရင်ဝ ကို လက် နှင့် ဖိရင်း ထိတ်လန့်တုန်လှုပ်စွာ သူ့ ကို ကြည့်နေရှာသည် ။ အဖေ ကား စိတ်ကြီးသူ ၊ ဘူးဆို ဖရုံသီးသူ မဟုတ်။ သူ့ မှာ လည်း အဖေ့သွေး တွေ အပြည့် ရှိသည် ။ ဖြစ်ချင်ရာ ဖြစ် တော့ စိတ်ပိုင်းဖြတ် ပြီးသွားပြီ ။

“ အဖေ သ,တ်ချင်လည်း သ,တ်လိုက်တော့ ၊ ကျုပ် ကတော့ ကိုဘခင် ကို ယူမှာ ပဲ ၊ ဓား နဲ့ ခေါင်းပြတ်အောင် ခုတ်ရင် ကျုပ် ခေါင်းက ကိုဘခင် ဆီ ကို ပဲ လိမ့်သွားတော့မှာ ”

မမျှော်လင့်ထားသော စကား ကြားလိုက်ရ၍ အဖေ့ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် မုန်တိုင်း ဆင်သွားပါသည် ။ 

“ ကဲ ဒီလောက် သေချင်တဲ့ ဟာမ ”

အဖေ သည် ပြောရင်းဆိုရင်း အံတစ်ချက် ကြိတ်ကာ ဓား ကို မြှောက်လိုက်သည် ။

“ အို ဦးထွန်းကြွယ် စိတ် ထိန်းပါဦး ”

ကြောက်အားလန့်အား အော်လိုက်သည့် အမေ့ အသံကြောင့် ဓား ကိုင်ထားသည့် လက် သည် လေထဲ မှာ ရပ်တန့်သွားသည် ။ အဖေ့ တစ်ကိုယ်လုံး ဒေါသစိတ်ကြောင့် တဆတ်ဆတ် တုန်ယင်နေသည် ။ ထို့နောက် ခေါင်းငုံ့ နေသည့် သူ့ ကို တစ်ချက် စူးစိုက်ကြည့်ကာ လက် ထဲမှ ဓား ကို ဝှေ့ယမ်း ပစ်လိုက်သည် ။ ဓား သည် သူ့ ကိုယ်ပေါ် မှ ဝှီးခနဲ အသံပြု ဖြတ်သန်း၍ အိမ်တိုင် ဆီသို့ စိုက်ဝင်သွားခဲ့၏ ။

“ အဲသာတွေ ကို အခု ပြန် တွေးကြည့် မှ ကြောက်လိုက်သာ ။ ဘာပဲဖြစ်ဖြစ် ကိုဘခင် ကလည်း သူ့ အတွက် အသက်ပေး ချစ်ပြီး အဝတ် တစ်ထည် ၊ ကိုယ် တစ်ခု နဲ့ ဆင်းလာခဲ့တဲ့ ကျုပ် ကို ကြင်နာပါသယ် ။ သူတို့ မလဲ သားအမိ နှစ်ယောက်တည်း ရှိပေမယ့် နေ့တိုင်း ထမင်း နပ်မှန်ဖို့ အတွက် အားခဲ ရုန်းရသယ် ။ ကျုပ် လည်း လင် နဲ့ အတူ ဒိုးတူပေါင်ဖက် ပ ။ သူ က စက်ချုပ် ၊ ကျုပ် က ပေါင်းသင် ပဲနုတ် လုပ်ရင်း ဝမ်းဝ ခါးလှ အောင် မနည်း ကြိုးစားရတယ် ။ အိမ် မှာ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် ချမ်းချမ်းသာသာ နဲ့ နေခဲ့ရတဲ့ ကျုပ် ဘဝဟာ တစ်ခါတည်း နဲ့ ဆင်းရဲတွင်းထဲ ကို ရောက်သွားသယ် ။ ရွာ က ကျုပ် အဖြစ် ကို ကြည့်ပြီး လင်ရွေး မမှားကြနဲ့ လို့ ကွယ်ရာ မှာ ပြောကြသယ် ။

ပြော လည်း ပြောကြလေ ၊ ကျုပ် ကတော့ ကျုပ် ဘဝ ကို ပျော်သာပဲ ။ ကျုပ်တို့ အိမ်လေး က အမိုး ဆွေးဆွေး မြေစိုက်အိမ်လေး ၊ ည ရောက်ရင် ကြယ်မြင် လမြင် ၊ အိပ်စရာ အတွက် ခုတင် ဆိုသာ ဘယ်လို ဟာမှန်းတောင် မသိဘူး ။ မြေကြီး ပေါ်မှာ ကပ်ကြမ်း ခင်းပြီး အိပ်ကြရသာ ။ တူနှစ်ကိုယ် တဲအိုပျက် မှာ နေရပေမယ့် စိတ်ချမ်းသာပါသယ် ။ ဒါပေသိ ကလေး တွေ အတွက်တော့ စိတ်မကောင်းဘူး ။ သူတို့ ခမျာများ မပြည့်စုံတဲ့ ဘဝ မှာ လူ ဖြစ်လာကြရရှာတာကိုး ။ အဖေ ကတော့ ပြတ်သယ် ၊ ကျုပ် အကြောင်း စကား ကို အစ မခံဘူး။ တတိယ သား မောင်ရွှေ ကို မွေး ပြီးမှ ကိုဘခင် အမေ ဆုံးသွားတယ် ။ ကျုပ် က မီးတွင်း ထဲ ရှိသေးတယ် ။ အရေးကိစ္စ ပေါ်လာလို့ ကသီသာ ပ ။ တစ်ရွာလုံး ကူညီကြ လို့ သာ အလောင်း မြေကျ လှရသာ ။ အမလေး အဖေ့ ဆီ က အကူအညီ ဆို ဝေလာ ဝေး ။ သားသမီးတွေ လား ၊ အကြီးမ ခင်ရီ ၊ အလက်မ ခင်ထွေး ၊ ပြီးမှ မောင်ရွှေ နဲ့ မောင်ငွေ သား ၂ ယောက် ။ ကလေးတွေများ လာလို့ စားအိုး ကြီးလာတယ်လေ။ ငါးယောက်မြောက် သား မောင်စိုး ကို မွေးပြီးတော့ အဖေ စိတ်ပြောင်း သွားတယ် ။ အသက် က လည်း ကြီးလာ သာကိုး ။ တစ်ရွာတည်း မှာ နေကြရတော့ မပြည့်မစုံ နဲ့ နေကြရတဲ့ သူ့ မြေးတွေ ကို မမြင်ချင်ဘဲ မြင် နေရလို့ စိတ်မကောင်း ဖြစ်လာတာလည်း ပါသာပ ။ အဲဒါနဲ့ အိမ် ကို ပြန်ခေါ်သယ် ။

တူနှစ်ကိုယ် တဲအိုပျက် မှ ရွှေဘုံပေါ်သို့ စံမြန်းခဲ့ရ ပြန်ပြီ ။ မိမိ အပျို ဘဝ က နေခဲ့သည့် အခန်း ကို တွေ့လိုက်ရတော့ စိတ်မကောင်း ဖြစ်ရပါသေးသည် ။ မိဘ အရိပ် ကို နားခိုရခြင်း ကား စိတ်နှလုံး သာယာချမ်းမြေ့လှပါသည် ။ အနေအစား ဘာမျှ ကြောင့်ကြပူပန်သောက မဖြစ်ရ။ ကလေးတွေ လည်း တစ်သွေးတစ်မွေး ပြောင်လက်ကာ ဝမ်းမြောက်ပျော်ရွှင် နေကြသည် ။ ခက်တာ က ကိုဘခင် ၊ သူ့ ခမျာ အစ ကတည်းက ယောက္ခမ ကို မော်၍ ကြည့်ဝံ့သူ မဟုတ်၍ အနေကျုံ့ နေရရှာသည် ။ သည် အထဲ ယောက္ခမ ခိုင်းသမျှတွေ ကို လည်း အမြီးအမောက် တည့်အောင် မလုပ်တတ် ။ လုပ်သမျှ အမှားမှား အယွင်းယွင်း ။ အဖေ့ မှာ ယာ ဧကတွေ များစွာ ၊ မူးကမ်း နံဘေး မှာ လည်း သီးစား ချထားသည့် လယ်တွေ ရှိပါသေးသည် ။ စပါးရိတ်သိမ်းချိန် ရောက်လျှင် ထွက်သမျှ စပါးတွေ တစ်တင်းတစ်ခွဲ မလျော့အောင် ဆောင်ရွက်ရမည့် တာဝန် ၊ ယာခင်း ထဲက ဝါတွေ ကို မြို့ကို သွားရောက် ရောင်းရမည့် ကိစ္စ ၊ တစ်နှစ်ပတ်လုံး အလုပ်တွေ ဂျင်ခြေလည်နေ သမို့ အသက်အရွယ် အိုမင်းလာသည့် အဖေ သည် သူ့ သမက်လေး အပေါ် မှာ ဖြစ်တန်ကောင်းရဲ့ ဟူသော အတွေး ဖြင့် အနည်းငယ် မျှော်လင့်ချက် ထားခဲ့သည် ။ ဒါပေမဲ့ မျှော်သလို ဖြစ်မလာ ။ ထို့ကြောင့် ယောက်ျား မျက်နှာ မငယ်ရအောင် နေရာတကာ မှာ သူ ပါရလေ၏ ။

နို့ညှာကောင် အောင်ဖြိုး နှင့် အငယ်ဆုံးသမီး စန်းစန်း ကို သည် အိမ်ကြီး မှာ မွေးခဲ့သည် ။ သားသမီးတွေ များ လာ၍ သူ့ မှာ စီးပွားရေး ဇောတွေ ကပ်ကာ အလုပ်တွေ မနေမနား လုပ်ခဲ့ရရှာသည် ။ သမီးအကြီး ခင်ရီ ကို ခေါ်၍ မူးကမ်းနံဘေးမှာ စပါး သွားသိမ်းသည် ။ သားအငယ် မောင်ရွှေ နှင့် အတူ မြင်းမူ သို့ ဝါရောင်း ထွက်သည် ။ အိမ် မှာ လည်း ဈေးဆိုင် ဖွင့်ထားသေး၏ ။ သမီး အလတ်မ ခင်ထွေး က အားကိုးလို့ ရပြီ ။ အိမ်ဆိုင် ကို သည် ကလေးမ နှင့် လွှဲထားသည် ။ ကိုဘခင် ရဲ့ စက်ချုပ်လုပ်ငန်း ကလည်း မဆိုး ။ အဖေ့ မျက်နှာကြောင့် အထည်အပ်သူ တွေ များ လာခဲ့သည် ။ ဒါပေမဲ့ ကိုဘခင် က မပျော် ။ သူ့ အိမ်လေးကိုပဲ လွမ်းသတဲ့ ။ အဲဒါအတွက် စိတ်မကောင်း ဖြစ်သွားသည် ။ ကိုယ့် အိမ်မှာ နေရင် ကိုယ်ဘုရင်ပေါ့ ။ ဟုတ်ဘူးလား ။ သည်မှာ တော့ မာနငုပ်လျှိုး ခြေ သုတ်ပုဆိုး လို နေခဲ့ရ သည် ကိုး ။ ဤသို့ဖြင့် နှစ်တွေ တစ်နှစ် ပြီးတစ်နှစ် ဖြတ်သန်းသွားခဲ့သည် ။ နိုင်ငံရေးရာသီဥတု လည်း ပြောင်းလဲလာခဲ့ပြီ ။ စစ်ရိပ်စစ်ငွေ့ တွေ ယှက်သန်း လာလေပြီ ။ အဲသည့် အချိန်မှာ ပဲ အဖေ နှင့် အမေ ရှေ့ဆင့် နောက်ဆင့် ဆုံးပါး သွားခဲ့သည် ။ မိဘ နှစ်ပါး မရှိတော့ သည့် နောက်ပိုင်း စီးပွားရေး ကို ပိုပြီး ကျားကုတ်ကျားခဲ လုပ်ရသည် ။ ဘဝ အနိမ့်အမြင့်တွေ ကို စီးပွားရေး က ပြဋ္ဌာန်းထားသည် ။ ဆင်းရဲ ပင်ပန်းသည့် ဘဝ ကို ခါးသီးစွာ ခံစားခဲ့ရဖူးပြီ ။ သည်တော့ ကလေးတွေ တစ်လှေကြီး ဖြင့် နောက်နောင် ဆင်းရဲမှာ မကြုံတွေ့ ရဲတော့ ။ ဒါပေမဲ့ သူ့ခမျာ ဆင်းရဲသည့် ကံဇာတာ ပါသေးဟန် တူသည် ။

ဂျပန် ဝင်တော့ ရွာမှာ မနေရဲတော့ဘူး ။ ရွာ အနောက် ၂ မိုင်လောက် ဝေးတဲ့ မြေရာတော် ကျောင်း ကို ပြေးရသယ် ။ ကျုပ်တို့ ရွာ က စစ်လမ်း ကျသာကိုး ။ ရွာ ကို ဗုံးကျတော့ ကျုပ်တို့ အိမ်ကြီး လည်း ဗုံး ထဲ မှာ ပါသွားရော ။ အေးအေးဆေးဆေး ဖြစ်လို့ ရွာကိုပြန် သွားတော့ အုတ်ကျိုးအုတ်ပဲ့ တွေပဲ တွေ့ရတာ ။ ကလေးတွေလည်း မျက်ရည် နဲ့ မျက်ခွက် ။ မတတ်နိုင်ဘူးလေ ၊ ကံစီမံသမျှ နာခံကြရမှာ ပ ။ ဘာမှ မရှိဘဲ ဘဝ ကို အစ က ပြန်ပြီး စရသယ် ။ ဂျပန်ခေတ် တစ်လျှောက်လုံး မနက်အရုဏ် တက်ရင် ဈေးတောင်း ခေါင်းရွက် ပြီး ရွာနီးချုပ်စပ် နေရာတွေ ကို ဈေးရောင်း ထွက် ရသယ် ။ ခေတ်ပျက်ကြီး ထဲမှာ စီးပွား ရှာရတာ အန္တရာယ်ကြီးမှန်း သိပေမယ့် ဝမ်းရေး က ရှိသေးတာကိုး ။ အဲလို အထိတ်ထိတ် အလန့်လန့် ရှာရင်း ဖွေရင်း ဂျပန် ဆုတ်ပြီး အင်္ဂလိပ် ပြန်ရောက်လာတယ် ။ ဗုံးကျတဲ့ နေရာ ကို ရှင်းပြီး အိမ်လေး ဆောက်ရသည် ။ ကိုဘခင် က သမီးကြီး ခင်ရီ အကူအညီ ရပြီး စက်ချုပ်သယ် ။ အလတ်မ ခင်ထွေး နဲ့ သားကြီး မောင်ရွှေ က ကျုပ် နဲ့ ဈေးရောင်း ထွက် ၊ စီးပွားရေးလေး ဟန်ကျပန်ကျ ဖြစ်လာသယ် ။ ဒါပေမဲ့ လွတ်လပ်ရေးခေတ် ရောက်တော့ ရွာ ကို သူပုန် ဝင်ပြီး ရွာ လည်း မီးလောင်ပြင် ဖြစ်သွားပြန်ရော ။ လယ်လုပ်သူ လယ်ပိုင်ရမယ် လို့ အသံ တွေ ကြားရသယ် ။ အဲသာနဲ့ အဖေ့ လယ်တွေ ၊ ယာတွေ လည်း အကုန်လုံး ပါသွားရော ။ ဘယ်လယ် ၊ ဘယ်ယာ တွေ ကမှ သီးစားခတွေ မရဘူး ။ ကျုပ် လည်း ဈေးတောင်း ခေါင်းပေါ် ပြန် ရွက်ရသယ် ။

အဘွားအို သည် သူ့ ဘဝဇာတ်ကြောင်း ကို တွေးကာ မမြင်နိုင်သော အဝေး ဆီသို့ ယောင်ယမ်း ငေးကြည့် နေရပါသည် ။ သူ့ ဘဝ သက်တမ်း ၏ သုံးပုံနှစ်ပုံ ခန့်သည် ဈေးတောင်း ခေါင်းပေါ် ရွက်ပြီး ဖြတ်သန်းခဲ့ရသည် ။ ပျော်စရာ ဆိုတာ ဘယ်လိုဟာမှန်း မသိ ။ အားတင်းပြီး ရုန်းကန်လှုပ်ရှား နေရသော်လည်း နေ့တိုင်း နေ့တိုင်း ပင်ပန်းပြီး ပင်ပန်းရင်း ၊ ဆင်းရဲပြီး ဆင်းရဲရင်း ဆင်းရဲခြင်း ဆိုသည့် သံသရာစက်ဝန်း ထဲမှ တော်တော် နှင့် ရုန်း မထွက်နိုင် ၊ တစ်ရက် သည် အကြောင်း ကို တွေးမိလိုက်တော့ ကိုဘခင် အပေါ် စိတ်ကွက်သွားခဲ့မိသည် ။ အဖြစ်က ဒီလိုပါ ။

မနက် ဈေးထွက်ဖို့ ပြင်တော့ မီးခြစ်ဘူးတွေ မရှိဘူး ။ ကိုဘခင် က နံ ဘေးအိမ် က ထွန်းခင် တို့ နဲ့ ပိုကာ ဒေါင်းရင်း ဖဲရှံးလို့ ကုန်သွားပြီ လို့ ပြောသယ် ။ မီးခြစ်ဘူး တစ်ဘူး တစ်ပြား ၊ ဆယ်ဘူး ဆိုတော့ ဆယ်ပြား ၊ ကျုပ် က နှမြောသာပေါ့ ။ တော်ရယ် ပိုက်ဆံ ကို အလကား ဖြုန်းသာလို့ ပြောမိ သယ် ။ သူ့ ကို ပြောရမလား ဆိုပြီး ရိုက်လိုက် သာ ၊ အဲ ... သားလေး မောင်ရွှေ က မခံမရပ်နိုင် ဖြစ်ပြီး ထင်းခွဲဓားမကြီး နဲ့ ကိုဘခင် ကို ခုတ်တော့မယ် လုပ်သယ် ။ မောင်ရွှေ က သူ့ အဘိုးရဲ့ စိတ်မျိုး။ ဟဲ့ သား မလုပ်နဲ့  ၊ ကံကြီး ထိုက်လိမ့်မယ် လို့ အမြန် သတိပေးရတယ်။ ကိုဘခင် ရယ် သူ့ အမှားကို သိသွား ရှာတယ် ။ ညကျ ကျုပ် ကို ဆေးလိမ်း ပေးပြီး စောမေ ရယ် ၊ ငါ့ အမှားပါ ။ နောက် မလုပ်တော့ပါဘူးလို့ ငိုသံပါကြီး နဲ့ တောင်းပန်ရှာ သာကိုး ။ နောက်နေ့ မနက် ရောက်တော့ ကျုပ် လည်း သူ ရိုက်တဲ့ ဒဏ်ရာ တွေ ကို ဘာမှ မဖြစ်သလို ကြိတ်မှိတ် ဟန်ဆောင်ရင်း ဈေးရောင်း ထွက် ရသယ် ။ ကိုယ့် အဖြစ် ကို ကလေးတွေ ရိပ်မိသွားရင် စိတ်မကောင်း ဖြစ်ကြမယ်လေ ။ ကိုဘခင် က လည်း သူ့ ကတိ တည်ရှာသယ်။ လေး ငါး ခြောက်လ အထိ ။ နောက်တော့ ပြန် ရိုက်ရော ။ ကျုပ် က လည်း မသိချင် ယောင် ဆောင် နေရသယ် ။ သူ က အရိုက် ဝါသနာပါတဲ့ သူ ၊ ဖဲရိုက် ပြီး မိန်းမ ဆက်ရိုက်ရင်း တစ်ရိုက် က နှစ်ရိုက် ဖြစ်တော့မှာ ။ ကျုပ် ပဲ ကြားက အသားနာ ခံရမှာ ။ ဟင်း ဟင်း ကျုပ် က ကိုယ့် ယောက်ျား အကြောင်း အတွင်းသိ အစင်းသိ ။ သူ့ ခမျာ ယောက္ခမ ရှိတဲ့ အချိန်က ကြောင် ရှေ့ က ကြွက် လို ငြိမ်ကုပ် နေရတာ ။ လူပဲ ၊ ဒေါသတွေ ရှိသာပဲ။ အဲသည် ဒေါသတွေ အခုမှ ကျုပ် အပေါ် စုပြုံပြီး ကျသာ ။ ကလေးတွေ က အရွယ် ရောက်လာကြတော့ မခံချင်စိတ်တွေ ဖြစ်ကြသာပ ။ အမေ က အဆင်းရဲခံ လုပ်ကျွေး တာတောင် အမေ့ ကို နှိပ်စက်သယ် ။ မပေါင်းနဲ့ လို့ ပြောကြတယ် ။ ဟဲ့ တိတ်ကြစမ်းလို့ ကျုပ် က ငေါက်လိုက်ရသယ် ။ ဖအေ နဲ့ မအေ ကြား ကွဲအောင် လုပ်ကြသာ ။ ခက်ရပါသောကော ၊ နင်တို့ အိမ်ထောင်ကျ မှ နားလည်လိမ့်မယ် လို့ ပြောရသယ် ။ အခုလား ၊ သူတို့ ဝဋ်လည်ကြပြီလေ ။ ခင်ရီ ရော ခင်ထွေး ရော သူတို့ ယောက်ျား ရိုက်သာ ခံရသယ် ။ မောင်ရွှေ က လည်း သူ့ မိန်းမ ကို ရိုက်ဖူးသယ် ။ ကျုပ် ကတော့ အဲသာ တွေ ကြားပေမယ့် မကြားချင်ယောင် ဆောင်ရသယ် ။ ကိုဘခင် က လည်း မြင်ပေမယ့် မမြင်ချင်ယောင် ဆောင်နေရှာတယ် ။ လူ အိုလာတဲ့ အချိန်မှာ စိတ်ပူအောင် နေလို့ မဖြစ်ဘူး ။ ကျုပ်တို့ မှာ အိုကြီးအိုမ အရွယ်တွေ မို့ တစ်ယောက် ကို တစ်ယောက် အမှီ ပြုပြီး နေရသာ ။ အသက်ကြီး လာတဲ့ အချိန် မိဘ က သားသမီးတွေ ကို အားကိုးချင် ပေမယ့် ဖြစ်လာဖို့ အရေး က ဆယ်ရေး တစ်ရေး ရယ် ။

အဘွားအို သည် သူ ပြောချင်တာ ပြောလိုက်ရ၍ အနည်းငယ် စိတ် အမော သက်သာရာ ရသွားသည် ။ အဟင်း ဟု ချွဲ ဟန့်လိုက်ရင်း ခန္ဓာကိုယ် ကို တစ်ဖက်သို့ စောင်းလိုက်သည် ။ သို့သော် အတွေးစဉ် က ပြတ်တောက်မသွား ။ ထို အတွေးများ နှင့် အတူ ရင်ဖွင့်ပြောပြချင်တာတွေ လည်း ရှိပါသေးသည် ။ လှုပ်ရှားနိုင်သည့် အရွယ် မှာ နေပူစပ်ခါး မရှောင် သွားခဲ့ လာခဲ့သည့် ဒဏ်တွေ ကို အသက်အရွယ် ကြီးရင့်လာ မှ စုပြုံ ခံစားရတော့သည် ။ မျက်လုံးအစုံ အမှောင်ပိတ်ဖုံး သွားချိန်၌ တုန်လှုပ်ချောက်ချား သွားခဲ့သည် ။ အသက်ရှင် နေသော်လည်း လင်ယောက်ျား နှင့် သားသမီးတွေ ကို မည်သည့် အခါမျှ မြင်တွေ့ခွင့် မကြုံနိုင် တော့ပြီ ။ တစ်ကြိမ်တစ်ခါ မှ မခံစားရဖူးသည့် အားငယ်စိတ်တွေ ရောက်လာခဲ့သည် ။ ကိုဘခ င်ရဲ့ လက် ကို အားကိုးတကြီး ဆုပ်ကိုင် ထားမိသည် ။ အတူနေ သားသမီးများ က ပြုစုကြ သော်လည်း နေ့စဉ် ကိစ္စ ဖြစ်၍ ချို့ယွင်းလစ်ဟင်းတာတွေ ကြုံရတတ်သည် ။ အနား မှာ ကိုဘခင် ရှိနေ၍ ဆင်ပြေခဲ့ရသည် ။ မည်သည့် ဘဝ ကပင် တင်ရှိခဲ့သည့် ဝဋ်ကျွေးကြောင့် သည် ဒုက္ခ ကို ခံစားရမှန်း မသိသော်လည်း အဘိုးအို ၊ အမယ်အို တို့ ဘဝ မှာ တစ်ယောက် ကို တစ်ယောက် အမှီပြုရင်း အိုအောင်မင်းအောင် ပေါင်းသင်းခွင့် ရတာကို ဖြင့် ကံကောင်းလှသည် ဟု ဆိုရပေမည် ။

မျက်စိ ကွယ်ခါစ တုန်းက အတော် ကို ဒုက္ခ ရောက်ရသာ ။ ထမင်း စား ရင်လည်း ဖိတ် တစ်ဝက် စဉ် တစ်ဝက် နဲ့  ၊ ဗိုက်ထဲ ရောက်တာ နည်းနည်း ၊ ခင်ရီ နဲ့ ခင်ထွေး က တစ်လှည့်စီ ထမင်းခွံ့ကျွေးကြသယ် ။ ကျုပ် မလည်း အ ခုမှ ကလေး ပြန်ပြီး ဖြစ်နေသာ ။ ကိုဘခင် က ကျုပ် ထမင်းစားတာ အဆင် မပြေမှန်း မြင်လို့ ကဲ ဖယ်ကြစမ်း ၊ နင်တို့ အမေ ကို ငါ ပဲ ကျွေးတော့မယ် လို့ ပြောသယ် ။ ယုယုယယ နဲ့ ထမင်း ခွံ့ ကျွေးလိုက် ၊ ရေတိုက်လိုက် မို့ ခွံ့ သမျှ ထမင်းတွေ ဗိုက် ထဲ ရောက်သယ် ။ အဲသာ အလတ်မ ခင်ထွေး က အ မလေး သူ့ ဟာ နဲ့ သူ တော့ အဆင်ပြေလို့ ဆိုပြီး ရယ်စရာ လိုလိုနဲ့ ခနဲ့ သလိုလို ပြောတာ ။ ကျုပ် က မျက်လုံး မမြင်ပေမယ့် နား က အကောင်းချည်း ရှိသေးတယ် ။ စေတနာ နဲ့ ကျွေးသာကိုးဟဲ့ လို့ စိတ်တိုတို နဲ့ ပြန် အော်လိုက်သယ် ။ အသက် ကြီးလာတော့ စိတ်တိုလာသယ် ။ ကိုဘခင် က ကျုပ်လို မဟုတ်ဘူး ။ စိတ်ရှည် နူးညံ့သွားသယ် ။ ကျုပ် ကို တွဲခေါ်ပြီး စိတ်ရှည်လက်ရှည် ရေချိုးပေးတယ် ။ ကလေးတွေ က အဖေ ကျွန်မတို့ လုပ်ပေးပါမယ် ပြောတော့ အသာ နေစမ်း ၊ နင်တို့ အမေ အကြောင်း ငါပဲ သိသာလို့ ငေါက်လိုက်သယ် ။ ဟုတ်သာပ ၊ ကျုပ်တို့ ပဲ ကျုပ်တို့ အကြောင်း တစ်ယောက် ကို တစ်ယောက် နားလည်သာ ။ သားသမီးတွေ က အဖေအို အမေအို တွေ အနား မှာ အခါခပ်သိမ်း ရှိကြတာ မှ မဟုတ်ဘဲ ။ ရှိလည်း စိတ်ရှည်လက်ရှည် ပြုစုဖို့ ကလည်း လိုသေးသာကိုး ။ တစ်နှစ်လောက် ကြာ တော့ မျက်လုံး မမြင်ပေမယ့် ကိုယ့်ဘာသာ ထမင်းစား ၊ ရေမိုးချိုး လုပ်နိုင်ပါပြီ ။ အဲသာ ကိုဘခင် က ခွင့်မပြုဘူး။ ညည်း ကို ကျုပ်ပဲ ပြုစုမယ်တဲ့ ။ ကျုပ် စိတ်ချမ်းသာလိုက်တာ တော်ရယ် ။ ပြီးတော့ ကိုဘခင် က ကျုပ် ပန်းထိုး ထားတဲ့ ခေါင်းအုံးလေး ကို ပဲ ပေတူးတူး စုတ်စုတ်ပြဲပြဲ အမြဲ အုံးသယ်လေ။ အိမ် အပေါ်ထပ် မှာ နေရပေမယ့် အနားမှာ ကိုဘခင် ရှိလို့ သာ အားမငယ်ဘူး ။ နေ့လယ်ခင်း မှာ တရားစာတွေ ဖတ်ပြသယ် ။ ဥပုသ် နေ့တိုင်း ဘုရား သွားပြီး ပြန်လာရင် သူ ကြားသမျှ ရွာ ထဲ ကအကြောင်း တွေ ကို ပြောပြသယ် ။ တစ်ခါတလေ ကျတော့လည်း ကျုပ်တို့ ငယ်ငယ် တုန်းက အကြောင်းတွေ ပြောကြသာ ။ မစွမ်းနိုင်တဲ့ ဒီ အရွယ်မှာ တစ်ယောက် ကို တစ်ယောက် ဖေးမ ကူညီပြီးနေကြပေမယ့် စိတ်ချမ်းသာပါသယ် ။ ကျုပ် ကလည်း အိုကြီးအိုမ အရွယ် ရောက်မှ ဘယ်လို ဖြစ်နေမှန်း မသိဘူး ။ ကိုယ့် ဘာသာ ရေချိုးနိုင် ထမင်းစားနိုင်ပါရဲ့ ကိုဘခင် ပြုစုတာပဲ ခံချင်သာ ။ လင်မယား ရခါစတုန်း က မကြုံခဲ့ရတာတွေ ကို အခုမှ အတိုးချ ခံစားချင်နေသလား မပြောတတ်ပါဘူး ။ လူအိုတွေ ဘဝမှာ ဒီလိုပါပဲ ။ သူ  လဲ တော့ ကိုယ် ပြုစု ၊ ကိုယ် လဲတော့ သူ ပြုစု ။ ကိုဘခင် သေကောင်ပေါင်းလဲ ဖြစ်တော့ ကျုပ် က တစ်လှည့် ပြန်ပြီး ပြုစုရသယ်။ ညတိုင်း စိတ်ချလက်ချ အိပ်လို့ မဖြောင့်ဘူး။ အိပ်ပျော် နေတဲ့ သူ့ အသက်ရှူသံလေး ကိုပဲ ဂရုတစိုက် နားထောင်နေရသာ ။ အခုလည်း သူ့ အတွက် စိတ်ပူရ ပြန်ပြီ ။ ရာသီဥတု မကောင်း လို့ ကျန်းမာရေး က တစ်နေ့ ရွှေ ၊ တစ်နေ့ ငွေ ဟင်း ...။

အဘွားအို သည် အတွေးကမ္ဘာ ထဲမှ ရုတ်တရက် လန့်နိုးသွားလေသ ည် ။ စိတ်အာရုံတွေ လွင့်ပျံနေသောကြောင့် အိပ်ပျော်နေသည့် အဘိုးအို ၏ အသက်ရှူသံ ကို မေ့လျော့နေမိသည် ။ ကြမ်းပြ င်သို့ နားကပ်၍ အသက်ရှူသံ ကို နားထောင် ကြည့်သည် ။ ရင် ထဲမှာ ထိတ်ခနဲ ဖြစ်သွားသည် ။ အဘိုးအို ၏ အသက်ရှူသံ ကို မကြားရ ။ ထို့ကြောင့် ကိုဘခင် ၊ ကိုဘခင် ဟု အသံတိုးတိုး ဖြင့် ခေါ်ကြည့်သည် ။ ထူးခြား မလာ ။ ရုတ်ခြည်းပင် စိုး ရိမ်သောကစိတ်တွေ ဖိစီးလာခဲ့သည် ။ အကျိုးအကြောင်း ကို နှိုင်းချိန် တွေးဆ မနေတော့ ။ သူ့ခန္ဓာကိုယ်လေး ကို လက်တစ်ကမ်း အကွာရှိ အဘိုးအို ဆီသို့ အလျင်အမြန် လူးလိမ့် ရွှေ့လိုက်သည် ။ အဘွားအို သည် လက် ကို  ကသောကမျော ဖမ်းဆုပ် စမ်းသပ် ကြည့်သည် ။ အေးစက်နေသည် ဟု ထင်မှတ်လိုက်သည် ။ လက်ကို ယမ်း၍ ကိုဘခင် ... ကိုဘခင် ဟု ထပ်မံ ၍ ခေါ်ကြည့်သည် ။ မည်သို့မျှ တုန့်ပြန်မှု ဖြစ်ပေါ်မလာ ။ ရင် တစ်ခုလုံး ဗြောင်းဆန် သွားမတတ် တုန်လှုပ်ချောက်ချား သွားရလေ၏ ။ အသက်ရှူသံ လည်း မကြားရ ။ လှုပ်နှိုး ကြည့်သော်လည်း သက်မဲ့ တစ်ဦး ပမာ ။ သည်လို ဆိုလျှင် ... အဘွားအို သည် ကြောက်အားလန့်အား ဖြင့် ဘုရား တမိလိုက်သည် ။ သူ့ ကို စွန့်ခွာ သွားခဲ့ပြီကော ။ အဘိုးအို သာ မရှိခဲ့ လျှင် ဖြင့် ဆည်းဆာ နေအို သူ့ ဘဝသည် ရေမဲ့ ကြာ လို ဖြစ်သွားရပါတော့မည် ။ အဘိုးအို ၏ လက်ဖဝါး ကို သူ့ မျက်နှာ အနားမှာ ကပ်လိုက်ရင်း ငေးငိုင် နေရှာသည် ။ ပူဆွေးသောက စိတ်တွေကြောင့် လည်ချောင်း ထဲမှာ တ စ်တစ်ဆို့ဆို့ ခံစားနေရသည် ။ အဘိုးအို အမှန်တကယ် ပင် အသက်သေ ဆုံးသွားခဲ့ပြီလား ထိတ်လန့်စိုးရိမ်စွာ ခံစားနေရသည် ။ သူ့အတွေးတွေ က မှန်ချင် မှ မှန်ပါမည် ။ ကိုယ် ဖြစ်လိုတာပဲ တွေးတော့ ဆန္ဒစွဲ ဖြင့် အကောင်းဘက် မှ တွေးကြည့် လိုက်လျှင်တော့ သူ့ မျှော်လင့်ချက်တွေ ခပ်ရေးရေး ကျန်နေပါသေးသည် ။ ထို မျှော်လင့်ချက် သည် ဖြစ်နိုင်စရာ ဟု ထင်မှတ်ရသော ကောက်ရိုး တစ်စ ။ အဘွားအို သည် တုံ့ဆိုင်း မနေတော့ ဘဲ ကမူးရှူးထိုး ဖြင့် အဘိုးအို ၏ လက်ညှိုး ကို ကိုက် လိုက်လေတော့၏ ။

အား ... အဘိုးအို ဆီမှ စူးစူးရှရှ နာကျင်စွာ အော်ဟစ်လိုက်သည့် အသံ က တစ်အိမ်လုံး ကို ပဲ့တင်ရိုက်ခတ် သွားသည် ။ အဖေ ... အဖေ ဘာဖြစ်တာလဲ ။ အခန်း ထဲမှ ထိတ်လန့်တကြား အော် မေးလိုက်သည့် ခင်ရီ အသံ ၊ ဖျောက်ခနဲ အသံနှင့် အတူ ဘက်ထရီမီးချောင်းဆီ မှ အလင်းရောင် ပွင့်သွားသည် ။ ထို့နောက် သူတို့ အနားဆီ သို့ ဆံပင်ဖားလျား ဖြင့် ခင်ရီ ရောက်လာခဲ့သည် ။ အောက်ထပ် မှ နေသည့် မောင်ရွှေ ကလည်း ထိုနည်းနှင်နှင် လှေကားထစ်တွေ ကို အမြန် ကျော်နင်း၍ သူ့ အဖေ အိပ်ရာဆီ သို့ ကသောကမျော ပြေးသွားသည် ။ အဘွားအို သည် အဘိုးအို အနီးမှာ ခပ်ကွေးကွေး လှဲ၍ နေလျက် ။ အကြောင်းစုံ သိလိုက်ရ မှ ခင်ရီ လည်း စိတ် အေး သွားရ၏ ။ မောင်ရွှေ မျက်နှာ မှာ တော့ ပြုံးတုံ့တုံ့ အမူအရာ “ အမေ့ နှယ် ဘာမှန်း မသိဘူး ၊ လုပ်လိုက်ရင် ထိတ်လန့်တကြား ” မကြားတကြား ရေရွတ်လိုက်ရင်း အိပ်ခန်း ဆီ သို့ ခင်ရီ ပြန်လှည့်သွားသည် ။ သားသမီးတွေ ပြောချင် သလို ပြောကြပါတော့ ။ အပြစ်တင် လည်း ခံရုံပင် ။ သူ့ရင် ထဲက အပူအပင်တွေ မည်မျှကြီးမားသည် ဆိုတာကို သဘောပေါက် နား လည်ကြမှာ မဟုတ် ။

“ ကျုပ် က အော် ခေါ်လည်း မကြား ၊ လှုပ်ကြည့် လည်း မနိုးတော့ သေပြီ ထင်သာပေါ့ ။ ကျုပ် တစ်ကိုယ်လုံး တုန်သွားသယ် ။ တော် မရှိရင် ကျုပ် မှာ နေလို့ ပျော်မှာ မဟုတ်ဘူး ။ အဲသာ သိရဲ့လား ကိုဘခင်ကြီး ရဲ့” ဟု တုန်တုန်ရီရီ ဖြင့် ပြောလိုက်ရှာသည် ။ အနည်းငယ် ရင်အေး သွားရ သော်လည်း စိုးရိမ်စိတ်တွေ က အကုန်အစင် လွင့်ပြယ် မသွားနိုင်သေးပေ ။ မကြုံချင်ဘဲ ကြုံရတော့မည့် အရေး ကို တွေးပြီး စိတ်မော နေရသည် ။

အဘိုးအို သည် သက်ပြင်းတစ်ချက် ရှိုက်ထုတ် လိုက်ရင်း သူ့ ရင်ခွင် ထဲ ရောက်နေသည့် အဘွားအို ၏ နဖူးဆံစလေးတွေ ကို  အသာအယာ ပွတ်သပ်လိုက်သည် ။

“ ဪ ... မစောမေ ရယ် ၊ အနိစ္စ ဒုက္ခတွေ နဲ့ ဘယ်ဟာ မှ မမြဲပါဘူး။ ဒါပေမဲ့ ကျုပ် လည်း အနား မှာ ညည်း ရှိနေတော့ ဘယ် သေချင်ပါဦးမလဲ ဗျာ ။ ကျုပ်တို့ ဘဝ မှာ အခုလို အေးအေးချမ်းချမ်း လေး နဲ့ တစ်ယောက် ကို တစ်ယောက် ပြုစုရင်း နေလို့ ရသမျှ နေချင်တာပါပဲ ”

မောပန်းတိုးလျ နေသော စကားသံများ သည် နှလုံးသား ဆီသို့ စိမ့်ဝင် သွားခဲ့သည် ။ ရင် မှာ လှိုက်ခနဲ ၊ ဘယ်လိုကြောင့်ရယ် မသိ ၊ ပါးပြင် ပေါ်သို့ မျက်ရည်ပူတွေ လိမ့်ဆင်း ကျ လာခဲ့သည် ။ ထို မျက်ရည်များ သည် ဘဝ တဏှာ ကို မကင်းပြတ်နိုင်ရှာသေးသော အဘွားအို ၏ ပူပင်သောက နှင့် ကြည်နူးချမ်းမြေ့မှုတွေ ရောထွေးနေသည့် မျက်ရည်များ ဖြစ်သည် ။

လွမ်းဆွေးကြေကွဲ တော့လည်း မျက်ရည်တွေ ကျခဲ့ရသည် ။ နှစ်သိမ့် ကြည်နူး တော့လည်း မျက်ရည်တွေ စိမ့်ယို ခဲ့ရသည် ။ နှလုံးသား ဆီ မှ မြစ်ဖျားခံလာသော မျက်ရည်များ သည် ပုထုစဉ် လူသားတိုင်း ကို ဖုံးလွှမ်းထားလျက် ရှိသည် ။ အရှေ့ဘက် မိုးကောင်းကင် မှာ တော့ ရောင်နီ ပျို့လာခဲ့ပြီ။

▢ ညိုထွန်းလူ
📖ပန်းအလင်္ကာ မဂ္ဂဇင်း
     ဇန်နဝါရီ ၊ ၂ဝဝ၇

No comments:

Post a Comment