❝ ဆေးရုံပန်းချီဆရာ ❞
[ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးစောဝင်း နဲ့ တွေ့ဖို့ မန္တလေး ကလေး ဆေးရုံကြီး ကို သွားတယ် ။ ဆေးရုံ က ဆေးရုံ နဲ့ မတူဘူး ။ ဆေးရုံ အဝင် က အစ ဆေးရောင်စုံ သုတ်ထားတယ် ။ နံရံတွေ မှာလည်း စိုပြည်လှပတဲ့ ဆေးရောင်တွေ ခြယ်ထားတယ် ။ သစ်ကုလားအုတ် ၊ ဝက်ဝံ ၊ မျောက် ၊ ဆင် ၊ ကျား စတဲ့ ကလေးတွေ နှစ်သက်မဲ့ အရုပ်တွေလည်း ရေးဆွဲ ထားတယ် ။ လူနာခန်းတွေ ထဲ မှာ လည်း ကာတွန်း ရုပ်စုံတွေ နဲ့ပဲ ။
ရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးငယ်တွေ အတွက် ဒီ ပတ်ဝန်းကျင် က သက်သာရာ ရစေနိုင်တယ် ။ ပန်းချီ ကိုကောင်းဇော် လုပ်ပေးထားတာလို့ ဆရာဦးစောဝင်း က ရှင်းပြပါတယ် ။
ကိုကောင်းဇော် က ကျွန်တော် နဲ့ ရင်းနှီးပြီးသား မိတ်ဆွေပါ ။ သူ က လေရူး ဆိုတဲ့ ကလောင်အမည် နဲ့ ကာတွန်း ဆွဲတယ် ။ နိုင်ငံတကာ ကာတွန်းဆု တွေ ရအောင် ထူးချွန်သူပါ ။ ကောင်းဇော် အမည် နဲ့ ဝတ္ထု ၊ ဆောင်းပါးတွေ ရေးတယ် ၊ ပန်းချီ ဆွဲတယ် ။
ကာတွန်း ၊ ပန်းချီ ရေးဆွဲ ၊ ဝတ္ထုဆောင်းပါး ရေး သလို ဂျာနယ်အယ်ဒီတာ လည်း လုပ်သေးတယ် ။ ဒါလောက် အစုံ လုပ်တဲ့လူ ထူးချွန်ပါ့မလား ။
အဲဒီ မေးခွန်း ကို သူ့ ဘဝ က အဖြေ ပေးထားတယ် ။ ကိုကောင်းဇော် ပြောပြတဲ့ သူ့ဘဝ ကတော့ ခုလိုပါ ။ ]
••••• ••••• •••••
ကျွန်တော် မိတ္ထီလာ မှာ မွေးတယ် ။ ၁၉၅၇ ခု ဖေဖော်ဝါရီလ ၁၈ ရက် ။ အမှတ်ရစရာ က ကျွန်တော့်မွေးနေ့ နဲ့ ဆရာမြသန်းတင့် ဆုံးတဲ့ ရက် တစ်ရက်တည်း ။
အဖေ က ဦးစိန်မောင် ။ တရားရုံး မှာ ဘိလစ်စာရေးကြီး ။ နောင်ကျတော့ မန္တလေးတိုင်း လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပေါ့ ။ အမေ က ဒေါ်ခင်စိန် ။ ဆယ်တန်း ထိအောင် မိတ္ထီလာ အမှတ် ၂ အထက်တန်းကျောင်း မှာ နေတယ် ။
ကျွန်တော့် စိတ် ထင် ကျောင်းမနေခင် ကတည်းက အရုပ်တွေ စ ဆွဲမိတယ် ။ အဖေ့ စာအုပ် ဗီရို ဖွင့်တော့ စာအုပ်ထိပ်ပိုင်း က ကွက်လပ်ကလေးတွေ မှာ အရုပ်ကလေး တွေ ရေးထားတာ တွေ့တယ် ။ ပုံ က ထူးထူးခြားခြား တော့ မဟုတ်ပါဘူး ၊ တောင် ပုံ တွေ နဲ့ နေ ပုံပါ ။
အဖေ မန္တလေး ပြောင်း တော့ ကျွန်တော် လည်း ပါသွားတယ် ။ မန္တလေးနန်းရှေ့ က ပြည်တော်သာ တိုက်တန်း မှာ နေတာ ။ ကာတွန်း ဆရာဝင်းမောင် ရဲ့ စာပေးစာယူ ကာတွန်းသင်တန်း ပေါ်လာတော့ တက် ဖြစ်တယ် ။ ၁၉၇၅ - ၇၆ မှာ ပန်းချီ နဲ့ ကာတွန်း စဆွဲဖြစ်တယ် ။
ကျွန်တော်တို့ နေတဲ့ နန်းရှေ့တိုက်တန်း မှာပဲ ဟံသာဝတီသတင်းစာအယ်ဒီတာ တွေ က နေတယ် ။ အဲဒီ အချိန်က မန္တလေး မှာ ဟံသာဝတီသတင်းစာ ထုတ်နေတယ် ။ ကျွန်တော် ကာတွန်း ဆွဲပြီး သတင်းစာတိုက် ကို သွား မပို့ရဲလို့ နန်းရှေ့စာတိုက် ကနေ ပို့တာ ။ သတင်းစာ ထဲ ကာတွန်း စ ပါတော့ မသွားရဲသေးဘူး ။ ဒုတိယတစ်ပုံ ပါတဲ့ အချိန် မှာ အိမ်နီးချင်း ဖြစ်တဲ့ အယ်ဒီတာ ဆရာဦးအုန်းကြိုင် က မင်း စာမူခ လာ ထုတ်ဦးတဲ့ ။ ကျွန်တော့် ကာတွန်း ကလောင်အမည် က လေရူး ။
ကျွန်တော် က မနက်စောစော ကာတွန်း ဆွဲ ၊ နေ့ခင်း မှာ ကျောင်းတက် ၊ ညနေကျ သတင်းစာတိုက် သွားပြီး ကာတွန်း တင်တယ် ။ တစ်ခါတင်ရင် ငါးပုံ တင်တယ် ။
လေးနာရီခွဲ ငါးနာရီ မတ်တင်း လောက် ဆိုရင် အယ်ဒီတာချုပ် က ရွေး ပြီးပြီ ။ မရွေးတဲ့ ကာတွန်းတွေ ကို အောက်ထပ်က စားပွဲကြီး ပေါ် ပို့ လိုက်တာ ။ ပြန်ကျလာတဲ့ အထဲ ကိုယ့် ပုံမပါပါစေ နဲ့ ဆုတောင်းရတာ ။ ပုံ ၅ဝ လောက် ထဲ က တစ်ပုံ ပဲရွေးတာ ။
ဆရာဦးစိန်အောင် တို့ ၊ ဆရာဦးဏီမှူး တို့ လို ဆရာကြီးတွေ က ကျလာတဲ့ ပုံတွေ ပြန်ပေးတယ် ။ ကိုယ် က ငါးပုံ တင်ထားတာ ငါးပုံလုံး ပြန်ကျလာရင် ပြီးပြီပေါ့ ။ ကျန်များ ကျန်နေပြီ ဆိုရင် တအား ဝမ်းသာတာ ။ ည ခုနစ်နာရီ လောက် ဆို ဘလောက် ကျတယ် ။ သတင်းစာ ကို ခဲစာလုံးတွေ နဲ့ စာစီ ၊ ဓာတ်ပုံတွေ ကာတွန်းတွေ ကို ဘလောက်လုပ်ပြီး ရိုက်တဲ့ ခေတ် ။ အဲဒီ အချိန် မှာ ကိုယ့်ပုံ ပါတာ ဟုတ် ၊ မဟုတ် သေချာအောင် ဘလောက်ခန်း သွား ထိုင်ပြီး စောင့် ကြည့်တယ် ။
ဟံသာဝတီသတင်းစာတိုက် က ကျွန်တော်တို့ ကို ည အိပ်တာ လည်း ခွင့်ပြုတယ် ။ ညမှာ သတင်းစာ ရိုက်တော့ ပုံနှိပ်စက် ထဲ က ကိုယ့် ပုံလေးပါတဲ့ စာမျက်နှာ ဖရောဖရော နဲ့ ထွက်ကျလာတာ ကို ကြည့်ရတာ ကျေနပ်တယ် ။
ဟံသာဝတီသတင်းစာ က ကာတွန်း ရွေးရာ မှာ အယ်ဒီတာချုပ် က ကိုယ်တိုင် ရွေးတာ ။ ရွေးလိုက်တဲ့ ပုံ ဟာ တကယ့် ခေါင်ပဲ ။ ဒါကို ဘယ်သူ မှ မငြင်းနိုင်ဘူး ။ အရွေး မခံရတဲ့ သူတွေ လည်း ဒါကို လက်ခံနိုင်တယ် ။ တစ်ခါတလေ ကာတွန်းဆရာ ကြီးတွေ ရဲ့ပုံ အရွေး မခံရဘဲ ရေးလက်စ လူသစ်လေး ရဲ့ ကာတွန်း ကို ရွေးတာမျိုး ဖြစ်နေတတ်တယ် ။
ကျွန်တော်တို့ က ကာတွန်း ရေးဖို့ သတင်းစာ ခေါင်းကြီး ကို လည်း မလွတ်တမ်း ဖတ်တယ် ။ ဟံသာဝတီ ခေါင်းကြီးတွေ က တကယ့် ပကတိ အခြေအနေ ကို သုံးသပ်ပြီး ရေးတာ ။ သတင်းစာ ဖတ်တဲ့အကျင့် ကို ဟံသာဝတီ က ရတယ် ။
သတင်းစာခေါင်းကြီး မှာ စိန်ဗေဒါကြီး ကြေးရုပ် ထုတော့မယ့် အကြောင်း ပါတော့ ကျွန်တော် ကာတွန်း ဆွဲတယ် ။ ကျွန်တော် က ကြေးရုပ် ထားမယ့် ပန်တျာ ကျောင်း နား မှာ နေတာ ။ ကျောင်းဝင်း ထဲ မှာက တောထ နေတာ ။
“ ရုပ်တုကြီး ထားခဲ့လို့ ဖြစ်ပါ့မလား ဆရာရယ် ၊ မတော် ကျားချီ သွားမှဖြင့် ”
လို့ ကျွန်တော် ကာတွန်း ဆွဲတယ် ။
ဝမ်းသာစရာ ကောင်းတာ က တာဝန်ရှိ သူတွေ က အလေး ထားတယ် ။ ရုပ်တု ထုလုပ်ရေး ကော်မတီ က လူထုဦးလှ က နောက်နေ့ မှာ ဆောင်းပါး ပြန် ရေးတယ် ။ ကာတွန်း ဖတ်ရကြောင်း ၊ ကြေးရုပ် ထားမဲ့ နေရာကို ဘယ်လို ရှင်းလင်းပြီး ပန်းဥယျာဉ် လုပ်မဲ့ အကြောင်း ပြန် ရေးပြတယ် ။
အမှန် အတိုင်း ပြောရရင် ကျွန်တော် မျက်ရည် တောင် ကျမိတယ် ။ ကာတွန်း လေး တစ်ကွက် အပေါ်မှာ တခုတ်တရ အလေးထားပါလား ဆိုပြီး ဝမ်းသာတာ ။
၁၉၇၈ ခု ဟံသာဝတီ သတင်းစာ နား သွားတော့ ကျွန်တော်တို့ လူငယ်တွေ ဝမ်းနည်း ပြီး ငိုမိကြတယ် ။
သတင်းစာ ပိတ်သွားချိန်မှာ ရုပ်ပြစာအုပ် သုံးအုပ် ရေးပြီး ရန်ကုန် ကို ကျွန်တော် ဆင်းသွားတယ် ။ ရန်ကုန် မှာ လှည့် ရောင်းရတာ ။ ကျွန်တော် နှင့် သီဟဗာဟု ဆိုတဲ့ မိဘဘွဲ့ရုပ်ပြ တစ်အုပ် ရောင်းရတယ် ။ ရတာ က ကျပ် ၄၀၀ ။ အထက်တန်းစာရေး လခ မှ ၁၈၅ ကျပ် ဆိုတော့ တော်တော် ရတယ် ပြောရမှာပဲ ။
ရန်ကုန် မှာ နှစ်နှစ် လောက် နေပြီး ရုပ်ပြ ၅ အုပ် ၆ အုပ်လောက် ထုတ်ဖြစ်တယ် ။ ရန်ကုန် မှာ ရပ်တည်ဖို့ ခဲယဉ်းတာနဲ့ မန္တလေး ပြန်လာတယ် ။ မန္တလေးတိုင်း သမဝါယမ အသင်းစု က ပုလဲဒေဝီ အထည်စက်ရုံ မှာ ထုတ်လုပ်ရေးမှူး ဝင်လုပ်တယ် ။ ရုပ်ပြ ကတော့ ဆက် ရေးနေဆဲပဲ ။
ပြဿနာ စ တွေ့တာ က ကျွန်တော် ရုပ်သေးရုပ် ဆိုတဲ့ ရုပ်ပြစာအုပ် ကို တစ်နှစ် လောက် အကြာ မှာ ရုပ်ပြ ရေးတဲ့ ဆရာ တစ်ယောက် က အစအဆုံး ပြန် ကူးပြီး စာအုပ် ထုတ်တယ် ။ လျော်ကြေး ဆိုပြီး ကျပ် ၅ဝဝ ပေးတယ် ။
လပြည့်ည ဆိုတဲ့ ကျွန်တော့် ရုပ်ပြစာအုပ်လေး ကို ဗီဒီယိုရိုက်ဖြန့်တာ ခံရတယ် ။ အခွေ က ပေါက်ခွေ ဖြစ်နေတယ် ။ တစ်ပုဒ်လုံး အစအဆုံး ယူတာ ။ အစည်းအရုံး က ခေါ်ညှိ ပေးတော့ ကျပ် ၅ဝဝဝ နဲ့ ကျေနပ် လိုက်ရတယ် ။ ပိုက်ဆံ ရပေမဲ့ ခံစား ရတယ် ။
နောက်တစ်ခါ ရုပ်ရှင်ကား တစ်ကား က ကျွန်တော့် ရုပ်ပြ ကို ယူ သုံးတာ တွေ့ပြန်ရော ။ သည် လောက ကို ကျွန်တော် တော်တော်ပဲ စိတ်ပျက်တယ် ။ ဒါနဲ့ ရုပ်ပြ မဆွဲတော့ဘူး ။
ဝတ္ထု ၊ ဆောင်းပါးတွေ ရေးတယ် ။ ပန်းချီ ဆွဲတယ် ။
ပန်းချီ နဲ့ ပတ်သက်ပြီး ကျွန်တော့် ကို လက်ထပ် သင်ပြပေးမယ့် ဆရာ မရှိဘူး ။ လေ့လာရတယ် ။ ဆရာဝသုန် ၊ ဆရာဦးကျော်သောင်း ၊ ဆရာဦးလူတင် ၊ ဆရာဦးလွန်းကြွယ် တို့ကို ကြိုက်တယ် ။ လေ့လာတယ် ။ အမြင်တွေပေါ့ ။ ကိုယ့်မှာ ပစ္စည်း လည်း ရှိ ၊ လေ့လာ အား လည်း ရှိ ၊ လေ့လာစရာ လည်း ရှိ ၊ ကိုယ့် ကို ပြုပြင်ပေးမယ့် ဆရာတွေ လည်း ရှိတော့ ဆီဆေးကားတွေ တော်တော် ရေးဖြစ်တယ် ။
မန္တလေးဆွမ်း ဟိုတယ် မှာ ပန်းချီကားတွေ တင်တယ် ။ Road to Mandalay သင်္ဘော ပေါ် မှာ ကျွန်တော့် ပန်းချီပြပွဲ တစ်ပတ် တစ်ခါ ပြတယ် ။ မန္တလေး ဆွမ်းဟိုတယ် ပိုင်ရှင်ရဲ့ အစီအစဉ် နဲ့ စင်ကာပူ ကို ကျွန်တော့် ပန်းချီကားတွေ သွား ပြတယ် ။ ပန်းချီကား ၁၂ ကား ရောင်းခဲ့ရတယ် ။
၂ဝဝ၅ ခုမှာ ရယ်စရာ မဂ္ဂဇင်း မှာ နိုင်ငံတကာ ကာတွန်းပြိုင်ပွဲ အကြောင်း ဖတ်ရတယ် ။ ကိုရီးယား က လုပ်တဲ့ ဒေဂျုံး အင်တာနေရှင်နယ် ကာတွန်းပြိုင်ပွဲ ဝင် ပြိုင်တယ် ။ စမ်းကြည့်တာပါ ။ ထင် မထားဘဲ ဆု ရတယ် ။ နောက် ၂ဝဝ၅ - ၆ - ၇ - ၈ - ၉ ငါးနှစ် ဆက်တိုက် ကျိုတို ကာတွန်းပြိုင်ပွဲ မှာလည်း ဆုတွေ ရတယ် ။ ၂၀၀၉ ထဲ မှာပဲ ကိုရီးယား က The Best Cartoon ဆု ရတယ် ။
ကာတွန်း နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကာတွန်းဆရာတွေ ကို တိုက်တွန်းချင် တာ က မြန်မာ ကာတွန်းဆရာတွေ မညံ့ကြပါဘူး ။ နိုင်ငံတကာ ပြိုင်ပွဲတွေ ဝင်ပြိုင်ကြပါ ။ ဝင်ပြိုင်မယ် ဆိုရင် နိုင်ငံတကာ ကာတွန်းတွေ ကို လေ့လာရမယ် ၊ ကိုယ် ရေးတာ က နိုင်ငံတကာ အတွေး ပဲ ဖြစ်ရမယ် ။ ဥပမာ ကျွန်တော်တို့ ဆီ က မီးပျက်တာ တို့ ၊ ဘတ်စ် ကား လူကျပ်တာ တို့ ရေးလို့ သူတို့ မသိဘူး ။
၁၉၉၉ ခုမှာ စင်္ကာပူ ကို ပန်းချီပြပွဲပြဖို့ မစ္စတာကိုး ခေါ်လို့ ရောက်သွားတော့ သူတို့ ဆီ က စားသောက်ဆိုင် နံရံတွေ ပေါ်မှာ အလှဆင်ပုံ လေ့လာတယ် ။ မန္တလေး မှာ မိတ်ဆွေ တစ်ယောက် နဲ့ တွဲပြီး ဟမ်ဘာဂါဆိုင် လေးဆိုင် ထောင်တယ် ။ စင်္ကာပူ က ဆိုင်တွေ ကို နမူနာ ယူပြီး ကျွန်တော် အလှ ဆင်တယ် ။
ဆိုင် တစ်ဆိုင် ကို ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးစောဝင်း ရောက် လာပြီး ထိုင်တယ် ။ ကျွန်တော့်ကို ဖိတ်ခေါ်ပြီး ကလေးဆေးရုံ တွေ ပြုပြင်ချင်တာ ပြောတယ် ။ ဆရာဦးစောဝင်း နိုင်ငံခြား ကို ပညာသင် သွားတုန်းက ဟိုက ကလေး ဆေးရုံတွေ သူ တွေ့ခဲ့တာ ပြောပြတယ် ။ ကလေးတွေ ကို စမ်းသပ်ခန်း က ကလေး ကစားကွင်း လို ပဲ ။ လျှောစင် အသေးစားလေးတွေ ရှိတယ် ။ တက် ဆော့ လို့ ရတဲ့ ဘတ်စ် ကား ရှိတယ် ။ ကလေးတွေ ဆေးရုံ ကို လာရတယ်လို့ မထင်ဘူး ။ ဆရာဝန်တွေ လည်း ဂျူတီကုတ် နဲ့ မဟုတ်ဘူး ။ တီရှပ် နဲ့ နေလို့ရတယ် ။ ဆရာ က ဓာတ်ပုံတွေ ပြတယ် ။ ကျွန်တော်တို့ ဆေးရုံတွေ လုပ်ရင် ရမလားတဲ့ ။
ဆေးရုံ ကို ဆေးရုံ နဲ့ မတူချင်ဘူး ဆိုတဲ့ စကား က ကျွန်တော့် ရင် ထဲ မှာ တော်တော် ထိထိခိုက်ခိုက် ကျေနပ်သွားပြီး ကျွန်တော် လုပ်မယ် ။ ပိုက်ဆံကိစ္စ မပြောပါနဲ့ ။ လုပ်အားခ ပညာခ မယူဘူး ၊ ပစ္စည်းဖိုး ကုန်ကျစရိတ်ပဲ ပေးပါတော့လို့ ။ ဆရာ က လည်း လုပ်ချင်တဲ့ ပုံစံ လုပ်တဲ့ ။
ဆရာ့ အားပေးမှု နဲ့ မန္တလေးကလေးဆေးရုံ ကို လုပ်ဖြစ်တယ် ။ ဗဟိုအမျိုးသမီး ဆေးရုံ ၊ ကလေး ရှိသမျှ မန္တလေး က ဆေးရုံတွေအားလုံး လုပ်ဖြစ်ခဲ့တယ် ။
ရယ်စရာ ကောင်းတာ ပြောရဦးမယ် ။ မွေးကင်းစ ဆေးရုံ ကို လုပ်ရတော့ ... ။ စဉ်းစားကြည့်လေ မွေးကင်းစကလေး က ကာတွန်း မကြည့်တတ်ဘူး ။ ဒါနဲ့ ဒီလို ဒီလိုတော့ ဖြစ်နေပြီ ဆရာမကြီး ဆိုတော့ ဟုတ်သားပဲ ၊ မွေးမယ့် မိခင်တွေ ကို ကာတွန်း ရုပ်လေးတွေ နဲ့ ပညာပေးတာ လုပ်ပါတဲ့ ။
ပြင်ပ ဆေးခန်းတွေ ကလည်း လုပ်ပေးဖို့ လာ အပ်တယ် ။ ကျွန်တော် လုပ်မပေးဘူး ။ ဘာကြောင့်ရယ် မဟုတ်ပါဘူး ။ ကျွန်တော် က အလှူ တစ်ခုအနေနဲ့ လုပ်တာ ။
ဆေးကုမ္ပဏီတွေ က လှူချင်တယ် ဆိုလို့ ပြင်ဦးလွင် - လားရှိုး တစ်ကျော ၊ တောင်ကြီး ၊ မိတ္ထီလာ ၊ မုံရွာ ဆေးရုံ တော်တော်များများ လုပ်ပေးဖြစ်တယ် ။
ဆရာဦးစောဝင်း ရန်ကုန် ပြောင်း သွားတော့ ရန်ကုန် မှာ ဆေးရုံ နှစ်ခု ၊ မကွေး ပြောင်းတော့ မကွေး အတွက် လုပ်ပေးပါတယ် ။
ကလေးထိန်းကျောင်းတွေ ကိုတော့ လုပ်ပေးချင် သေးတယ် ။ ဝိုင်အမ်စီအေ ကလေးထိန်းကျောင်းတွေ လုပ်ပေးပါ့မယ် ကတိ ပေးထားတယ် ။ သူတို့ က တောင်းဆို လို့ မဟုတ်ဘူး ။ ကျွန်တော် က လုပ်ပေးချင်တာပါ ။
ကလေးတွေ အတွက် လုပ်ရတာမို့ ကျွန်တော် ဝမ်းသာပါတယ် ။
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment