Thursday, May 29, 2025

ကြင်နာတတ်သော သူရ

 

❝ ကြင်နာတတ်သော သူရ ❞
              ( ပုံပြင် )

ညီ ၊ ညီမလေးတို့ရေ မင်းတို့ အတွက် ဒဏ္ဍာရီ ပုံပြင် တစ်ပုဒ် ပြောပြမယ် ။ ဟို ... ရှေးရှေးတုန်းက ပေါ့ကွယ် ။ မာလာဝတီ ဆိုတဲ့ တိုင်းပြည် တစ်ပြည် မှာ ဘုရင်ကြီးတစ်ပါး အုပ်စိုးသတဲ့ ။ ဘုရင်ကြီး ဟာ တိုင်းသူပြည်သားတွေ အပေါ် မှာ မင်းကျင့်တရား ဆယ်ပါး နှင့် အညီ ကျောသား ရင်သား မခွဲခြားဘဲ အုပ်ချုပ် လေတော့ မာလာဝတီ တိုင်းပြည်ကြီး ဟာ သာယာရွှေပြည်ကြီး ဖြစ်နေတာပေါ့ကွယ် ။ မင်းကြီး မှာ သားတော်ကြီး ဝဏ္ဏ ၊ သားတော်လတ် ဗလ ၊ သားထွေး သူရ ဆိုတဲ့ သားတော် သုံးပါးရှိတယ် ။ သားတော် သုံးပါးစလုံး ကို အရွယ် ရောက်လာတဲ့ အခါ ကျတော့ မင်းသားတို့ တတ်အပ် ၊ တတ်ထိုက်တဲ့ အဌာရသအတတ် တစ်ဆယ့်ရှစ်ပါး တို့ကို တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာ ထံ မှာ သင်ကြားစေခဲ့သတဲ့ကွယ် ။ ဆရာကြီး က ပညာ ပြည့်စုံလို့ ကိုယ့်တိုင်း ဌာနေ ပြန်ကြမယ့် မင်းညီမင်းသားတွေ ကို “ တပည့်တို့ ... ကိုယ့် တိုင်းပြည် ရောက်တဲ့ အခါ အရေးကြုံလို့ မဖြေရှင်းနိုင်တာ ရှိခဲ့ရင် ဆရာ့ ထံကို အမြန် အကြောင်းကြားရမယ် ။ ဆရာ ကူညီမယ် ” လို့ ပြောလိုက် သတဲ့ကွယ် ။

ညီနောင်သုံးဖော် သူတို့ တိုင်းပြည် ပြန် ရောက်ပြီး များမကြာမီ သူတို့ ရဲ့ မယ်တော်ကြီး မှာ ဦးခေါင်းခဲ ဝေဒနာ စွဲကပ် လာသတဲ့ ။ ဘုရင်ကြီး ဟာ တိုင်းပြည် အတွင်း မှာ ရှိတဲ့ သမားတော်ကြီးတွေ ကို ခေါ်ပြီး အစွမ်းကုန် ကုသစေသတဲ့ကွယ် ။ ဒါပေမယ့် လုံးဝ ပျောက်ကင်း မသွားဘူးတဲ့ ။

မိဖုရားကြီး ဝေဒနာ အတွက် အခြား တိုင်းပြည်များ မှ ဆေးဆရာများ ကို ပါ ခေါ်ယူပြီး ဆေးဝါးတွေ ရှာဖွေကြရာ က မာလာဝတီ တိုင်းပြည် နဲ့ ၁၅ ရက် ခရီး သွားရပြီး တောင်ထိပ် မှာ ပေါက် နေတဲ့ ဆေးပင် ရဲ့ အမြစ် ကို ရှုရမှ ပျောက်မယ် လို့ ဆေးကျမ်း သမားတော်တွေ က ဘုရင်ကြီး ကို လျှောက်ထားကြတယ် ။ ဘုရင်ကြီး ကလည်း သားတော် သုံးပါး ကို ခေါ်ပြီး ...

“ သားတော်တို့ ... သားတော်တို့ မယ်တော် ရဲ့ ခေါင်းခဲ ဝေဒနာ ပျောက်ကင်းရန် အတွက် ဆေးကျမ်း အလိုအရ ဆေးမြစ် ကို သွားရောက် ယူရမယ် ။ အဲဒီ ဆေးမြစ် ဟာ လပြည့်တဲ့ နေ့တိုင်း မှာ ညအချိန် ပွင့်တယ် ။ ပန်းပွင့် လို့ ကြွေတာ နဲ့ တစ်ပြိုင်တည်း ဆေးမြစ် ကို တူးယူရမယ် ။ အဲဒီ ဆေးမြစ် ကို ၁၅ - ရက် အတွင်း သွားပြီး ၁၅ - ရက် အတွင်း ပြန်ခဲ့ရမယ် ။ ဆေးမြစ် ရရှိခဲ့ရင် သားတော်တို့ ကြိုက်တဲ့ ဆုလာဘ် ကို ပေးသနားမယ် ” လို့ အမိန့် ရှိလိုက်တယ် ။ သားတော်ကြီး က သူ အရင် သွားပါရစေလို့ ဖခမည်းတော် ကို ပြောတာပေါ့ကွယ် ။ သားတော်ကြီး ဝဏ္ဏ ဟာ ဆေးပန်း ပွင့်ရာ ကို ၁၅ - ရက်မြောက် ည မှာ ရောက်အောင် ထွက် ခဲ့တာပေါ့ ။ လမ်းခရီး က လည်း ပန်းလာတော့ ဆေးပင် ရဲ့အောက် မှာ ထိုင်ချလိုက်ပြီး ပန်းပွင့်မယ့် ညအချိန် ကို စောင့်နေတာပေါ့ ။ အဲဒီလို စောင့်နေရင်း ညလည် အချိန် ကျတော့ ဆေးပင် က အပွင့်တွေ ပွင့်လာတာ တွေ့ရ သတဲ့ ။ အပွင့်ကလေးတွေ ဟာ ခဏချင်း ကြွေသွားတာ တွေ့ရသတဲ့ ။ ဒါနဲ့ သားတော်ကြီး ဝဏ္ဏ ဟာ ချက်ချင်း ပါလာတဲ့ စူးနဲ့ မြေ ကို ဆွပြီး ဆေးမြစ်တွေ တူးယူ ထားပါတယ် ။ ဆေးမြစ် တူးယူပြီး မိုး ကလည်း မလင်းသေး သောကြောင့် ဆေးပင်အောက် မှာပဲ ပြန် လှဲလိုက်တာ အိပ်ပျော်သွား ယတာပေါ့ကွယ် ။ နံနက် အရုဏ်တက်လို့ အိပ်ရာ က နိုးတော့ ည က တူးထားတဲ့ ဆေးမြစ်တွေ မရှိတော့ဘူးတဲ့ကွယ် ။ ဝဏ္ဏ လည်း စိတ်ပျက်လက်ပျက် ဖြစ်သွားတာပေါ့ ။ နောက် တစ်ပါတ် ပန်း ပွင့်မယ့် ရက် ကို စောင့်နေလို့ မဖြစ်ဘူးကွဲ့ ၊ သူ့ ဖခမည်းတော် က တစ်လအတွင်း ရောက်အောင် ပြန်ခဲ့ရမယ် လို့ အမိန့်တော် ရှိလိုက်တယ် ။ဒါနဲ့ ဝဏ္ဏ လည်း ဆေးမြစ် မပါဘဲ ဗလာချည်းသက်သက် လာလမ်း ကို ပြန်ခဲ့ရတာပေါ့ကွယ် ။

တိုင်းပြည် ပြန် ရောက်တဲ့အခါ သားတော် ဆေးမြစ် ပါမလာလို့ ရွှေစိတ်တော်ညို အလို တော်မကျ ဖြစ်ပြီး သားကြီး ဝဏ္ဏ ကို အကျဉ်းချ ထားလိုက် သတဲ့ကွယ် ။ သားတော်လတ် ဗလက လည်း ဒီလိုဆိုရင် သူ သွားပြီး ယူဆောင်ပါရစေ လို့ လျှောက်ထားပြန်သတဲ့ ။ ဘုရင်ကြီး က ခွင့်ပြုလိုက်တာပေါ့ ။ သားတော်လတ် ဗလ က လည်း နောင်တော်ကြီး ဝဏ္ဏ ကဲ့သို့ပင် ဆေးမြစ်ဘေး မှာ အိပ်ပျော် သွားလို့ ဆေးမြစ် မရဘဲ ပြန်ခဲ့ရတယ် ။ ဘုရင်ကြီး က လည်း စိတ် လည်း ဆိုး ၊ ဒေါသ လည်း ထွက်ကာ သားတော်လတ် ကို လည်း အကျဉ်းချ ထားလိုက်တယ် ။

နောက်ဆုံးတော့ သားတော် အငယ်ဆုံး သူရလေး ပဲ ကျန်တော့တာပေါ့ကွယ် ။ သူ ကလည်း အားကျမခံ နဲ့ မယ်တော်ကြီး ခေါင်းကိုက် ဝေဒနာ ပျောက်ကင်းဖို့ သူ့တာဝန် ထားပါ ။ သူကိုယ်တိုင် ဆေးမြစ် ကို သွား တူးပါရစေလို့ လျှောက်ထားတော့ ဘုရင်ကြီး က သားတော်လေး မသွားဖို့ အတန်တန် ပြောသေး သတဲ့ကွယ် ။ ဒါပေမယ့် သားတော်လေး က အကြိမ်ကြိမ် လျှောက်ထားတာ နဲ့ သွားခွင့် ပြုလိုက်သတဲ့ ။

သူရမင်းသားလေး ဟာအကျဉ်းချ ထားတဲ့ နောင်တော် နှစ်ပါး နဲ့ သွားတွေ့ပြီး ဆေးမြစ် သွား တူးရာမှာ အခက်အခဲ ရှိပုံ ၊ ဆေးမြစ် တူးပြီး ပြန် အိပ်ပျော်သွားပုံ ၊ မနက် လင်းတော့ ဆေးမြစ် တွေ မရှိတော့တဲ့အကြောင်း မှတ်သားပြီး တစ်ချိန်က ပညာ သင်ကြားခဲ့တဲ့ ဆရာကြီး ဆီ ကို သွားပြောတာပေါ့ကွယ် ။ ဆရာကြီး က အကြောင်းစုံကို ဆင်ခြင် တွေးတောပြီး သူရ လက်ညှိုးကလေး မှာ ဓား နဲ့ အနာကလေး တစ်ခု လုပ်ပေးလိုက်တယ် ။ နောက်ပြီး သိပ် အိပ်ချင်တဲ့အခါမှာ အဲဒီ အနာ ကို ထည့်ဖို့ အတွက် ဆေး ပါ ပေးလိုက် သတဲ့ကွယ် ။ ဆေးက အနာ ထည့်ရင် သိပ်ပြီး စပ် တာပဲကွယ် ။ သူရလေး ကတော့ မိခင်ကြီး ကို ချစ်တဲ့ စိတ်ကြောင့် လက်နာကလေး ကို တောင် နာမှန်း မသိ ဖြစ်ခဲ့ရတယ် ။

အဲဒီနောက် ဆေးမြစ် ရှိရာတောင် ကို ခရီး ထွက်ခဲ့တာပေါ့ကွယ် ။ ဆေးပင် ပွင့်မယ့် ရက် ကို တောင်ပေါ် ရောက်ပြီး ညအချိန် ကျတော့ ဆေးမြစ် ကို တူးယူ တာပေါ့ကွယ် ။ ဆေးမြစ် တူးပြီး မကြာမီ အိပ်ချင် လာ သတဲ့ ။ ဒါနဲ့ သူ က ဆရာကြီး မှာကြားလိုက်တဲ့ အတိုင်းပဲ လက် က အနာကလေး ကို ထုတ်ပြီး ပါလာတဲ့ ဆေး ထည့်လိုက်တာ သိပ် စပ်တော့ မျက်စိ ကျယ် သွားတာ ပေါ့ ။ သူရ ဟာ ဒီလိုပဲ သိပ် အိပ်ချင်လို့ ငိုက်လာရင် ဆေးထည့် ။ ခဏ ခဏ လုပ်တော့ မိုးလင်း သွားတာပေါ့ကွယ် ။

မိုးသောက် အရုဏ် ကျတော့ ဆေးမြစ် ယူပြီး တိုင်းပြည် ပြန်မယ် ပြင်ဆင် နေခိုက် အံ့ဩစရာ ကောင်းပြီး လှပတဲ့ မြင်းဖြူကြီးတွေ ဟာ သူရ အနား ရောက်လာကြ သတဲ့ကွယ် ။ သူတို့ ဟာ နတ်မြင်းပျံတွေ ဖြစ်ကြောင်း ဆေးမြစ် ကို စားပြီး အသက်ရှင် နေရကြောင်း ဆေးမြစ် အနည်းငယ်စီ ကျွေးပါလို့ တောင်းသတဲ့ကွယ် ။ သူရ ကလည်း သနားတတ်တော့ တူးထားတဲ့ ဆေးမြစ် ထဲ က အနည်းငယ်စီ ကျွေးလိုက်သတဲ့ ။ ဒီနေရာမှာ ညီ ၊ ညီမလေးတို့ မှတ်မိသေးလား ။ နောင်တော်တွေ ဆေးမြစ်တွေ ပျောက် သွားတာလေ ။ အဲဒီ နတ်မြင်းဖြူကြီး တွေ က သူတို့ အိပ်ပျော် နေတုန်း လာလာပြီး စား သွားကြတာတဲ့ကွယ် ။ မြင်းဖြူကြီးတွေ က သူတို့ ကို အလိုရှိ ပါက လက်ခုပ် တီးပြီး တ လိုက်ပါလို့ မှာလိုက်သတဲ့ ။

မင်းသားလေး တိုင်းပြည် ပြန်ရောက်တဲ့ အခါ ကျတော့ ဆေးမြစ်တွေ သွေးပြီး မယ် တော်ကို ရှုစေတာပေါ့ကွယ် ။ ဆေးမြစ်တန်ခိုး ကြောင့် မယ်တော် ဦးခေါင်းခဲ ဝေဒနာ ဟာ လုံးဝ ကင်းကင်းရှင်းရှင်း ပျောက်သွား သတဲ့ကွယ် ။ ဘုရင်ကြီး ဟာ ဝမ်းသာပြီး သားတော်လေးသူရ ကို လိုရာဆု တောင်းစေလို့ အမိန့် ရှိတော့ “ သားတော်လေး လိုချင်တဲ့ ဆုကတော့ အကျဉ်းချ ထားတဲ့ နောင်တော် နှစ်ပါး ကို လွှတ်ပေးဖို့ ဖြစ်ပါတယ် ” လို့ လျှောက်သတဲ့ကွယ် ။ သူရမင်းသားလေး က ဒီပြင် ဆုတွေ တောင်းမယ် ဆိုရင် ဘုရင်ကြီး က ကတိ ပေးဖို့ အဆင်သင့်ပဲကွယ် ။ ဒါပေမယ့် မင်းသားလေး က နောင်တော်တွေ ကို ချစ်တဲ့ စိတ် က ရှိလေတော့ အခြားဘာ ဆုမှ မတောင်းဘဲ အကျဉ်းချ ထားတဲ့ နေရာ က လွှတ်ပေးဖို့ ကို တောင်းတာပေါ့ကွယ် ။ ညီငယ်ဆုံး သူရလေး ရဲ့စိတ်ထားကို နောင်တော်တွေ က သိရှိရတော့ ပိုပြီး ညီအစ်ကို တတွေ ချစ်ခင်ကြတာပေါ့ကွယ် ... ။

တစ်နေ့ ညီအစ်ကို သုံးပါး ဟာ မာလာဝတီ တိုင်းပြည် အနီး မှာရှိတဲ့ သီတာဝတီ တိုင်းပြည် ကို ရုပ်ဖျက်ပြီး ခရီး ထွက်ခဲ့ကြသတဲ့ကွယ် ။ သီတာဝတီတိုင်းပြည် က ဘုရင်ကြီး နဲ့ မိဖုရားကြီး တို့ နတ်ရွာစံ ကံတော် ကုန်သွားသတဲ့ ... သူတို့ မှာ သီတာဒေဝီ ဆိုတဲ့ မင်းသမီးလေးတစ်ပါး ပဲ ကျန်ရစ်ခဲ့တယ် ။ သီတာဒေဝီ အတွက် ကြင်ယာတော် ရွေးပွဲ ပြုလုပ်နေတဲ့ အချိန်နဲ့ ကြုံကြိုက် နေလို့ သူရ တို့ ညီနောင် သုံးပါး လည်း ကြင်ယာ ရွေးပွဲ ဝင်ပြိုင်နိုင်သတဲ့ကွယ် ။ သူရလေး က သူ တစ်ချိန်က ကူညီခဲ့တဲ့ နတ်မြင်းဖြူကြီး တစ်ကောင် ကို တပြီး ရွေးပွဲ ဝင်တော့ အခြား မင်းသား တွေ ထက် လှပပြီး အထူးခြားဆုံး မင်းသားလေး တစ်ပါး ဖြစ်သွားတာပေါ့ကွယ် ။

သီတာဒေဝီ က သူ့ ကို သဘောကျပြီး ရွေးလိုက်တာပေါ့ ။ သူရမင်းသားလေး ဟာ သီတာဒေဝီ တိုင်းပြည် မှာ ဘုရင် ဖြစ်လာတာပေါ့ကွယ် ။ နောင်တော်တွေ ကိုလည်း မြို့စား ၊ ရွာစား အသီးသီး ပေးပြီး မိဖုရားချော သီတာဒေဝီ နဲ့ ပျော်ပျော်ကြီး တိုင်းပြည် အုပ်ချုပ် မင်း လုပ်နေသတဲ့ကွယ် ။

ညီ ၊ ညီမလေးတို့ တစ်တွေ လည်း ဆရာ့ စကား နားထောင်ပါ ။ ညီအစ်ကို မောင်နှမ အချင်းချင်း ချစ်ချစ်ခင်ခင် ရှိပါ ။ ကြင်နာပါ ။ သနားပါ ။ တစ်ဖက်သား ကို ကူညီတတ်တဲ့ စိတ်ထား ကလေးတွေ ရှိတဲ့ ရှေ့ဆောင်လူငယ်ကလေးတွေ ဖြစ်ကြပါစေကွယ် ။

▢ မောင်နှင်းအေး
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၅ ၊ မတ်

No comments:

Post a Comment