❝ ဝါသနာ ❞
( မောင်ထင် )
“ ငါ ကြီးလာရင် ခွေးရုပ် ၊ ကြောင်ရုပ် ၊ ဆင်ရုပ် ၊ ကျားရုပ်တွေ ၊ သစ်ပင် ၊ တော တောင် ၊ ရေ မြေ ၊ ချောင်း မြောင်းတွေ ၊ တိုက်တွေ ၊ တာတွေ ၊ ဘိုင်စကယ် တွေ ၊ ဘိုမရုပ်တွေကို နေ့ရှိသမျှ ရေးဆွဲနေရရင် လောကကြီးဟာ ပျော်စရာ ကောင်းမှာပဲ ” ဟူ၍ ရိုးကုမ္ပဏီ ကက်တလောက်ကြီးကို ရှေ့ချကာ အရုပ် ကူးရေးရင်း ကျွန်ုပ်သည် လူငယ်ဘာဝ စိတ်ကူးဖဲ ရိုက်မိခဲ့သည် ။
အရုပ်ရေးရာ၌ အလွန် ဝါသနာပါ၏ ။ သို့သော် ထိုဝါသနာ ဘာဂီကို ဆက်တိုင်း မီနိုင်ရန် အခွင့်အရေး မရခဲ့သဖြင့် မိန်းမရုပ် မလုံ့တလုံ ကို ရေးဆွဲတတ်မှ ပန်းချီဆရာ မည်သည် ဟု မှတ်ယူလေ့ရှိသော ဤခေတ်၌ ဆိုင်းဘုတ်ရေးဆရာ ဘဝ နှင့် ဆန်အိုး ထဲ ဆန် မရှိသော ကိန်းသို့ ကံကောင်း ထောက်မ၍ မဆိုက်ရောက်ခဲ့ရပေ ။
ကဆုန်လပြည့် ဘုရားနေ့တွင် မြတ်စွာဘုရားသခင်သည် မယ်တော် မိနတ်သားအား တရားရေအေး တိုက်ကျွေးရန် တာဝတိံ'သို့ တက်သည့် ဘုရားတက်ပွဲတော် အခါ၌လည်းကောင်း ၊ ဓမင်းသမားများ ပင်လယ်ဆင်း ချိန်တွင် လှေပြိုင်ပွဲ ကျင်းပသော တော်သလင်းလ ၌ လည်းကောင်း ၊ ဝါကျွတ် ၍ ဘုရားဆင်းချိန်တွင် မီးဖောင်မျှော၍ မီးပူဇော်သည့် အခါသမယ ၌ လည်းကောင်း အရပ်ပွဲများ ခြိမ့်ခြိမ့်ညံ နေသည့်အခါ “ ပတ်ဗိန့် ပိန်ဗောင် ” ဟူသော ဒိုးပတ်၏ လှောင်သံ အကြားထဲမှ ကလေးတို့ သဘာဝ ကွေးအောင် ကရင်း “ ပတ်မျိုးစုံကို စမ်းစမ်းပြီး လက်သံပြောင်ပြောင် တီးရရင် လောက နိဗ္ဗာန်ပဲ ” ဟူ၍လည်း စဉ်းစားမိသည် ။ သို့သော် လူပျိုဘာ၀ လမ်းတကာ လျှောက်၍ ဗျပ်စောင်း တီးတတ်သော ဝါသနာ ရှိသည့် ဖခင် မှာ နစ္စ ၊ ဂီတ ၊ ဝါဒိတ တို့၏ ကောင်းကျိုး ဆိုးကျိုးတို့ကို ကိုယ်တွေ့ သုံးသပ်ခဲ့ဖူးသဖြင့် သားတော်မောင် တစ်ယောက် မတော်တရော် ဆိုင်းဆရာ ဖြစ်မည်ကို စိုးရိမ် ၍ ကျောပြင်ကို ဗြောထင်ကာ ကြိမ်နှင့် ဆော်လေသောကြောင့် သုခုမပညာ ကို ပါးစပ် က အုံဖွ ဟု မန်းမှုတ်ရင်း ဣဿာတရား ပွားရသော ဆိုင်းသမား ဘဝသို့ ကံကြီး၍ မရောက်ခဲ့ရလေ ။
“ မင်း ကြီးလာရင် ဘာလုပ်မလဲ ” ဟု ဖခင် က ခဏခဏ မေးသည် ။
လူမမည် ဘာဝ အလုပ် လုပ်မှ ဝမ်းဝသည် ဟူသော သဘောတရားကို ကျွန်ုပ် သည် မည်သည့် အနုပဋိလောမနည်းနှင့်မျှ မသုံးသပ်ခဲ့မိပေ ။
သို့ရာတွင် ဦးခန္တီ၏ တိုင်းရင်းသားအထောက်အပံ့ခံ မြန်မာစာသင် ကျောင်းသို့ ပညာအုပ်မင်း စာလာစစ်သည့်အခါ ပညာအုပ် လုပ်ရလျှင် ကောင်းမှာပဲဟု အောက်မေ့မိသည် ။ ပညာအုပ်ဆိုသူက ကျောင်းခေါ်ချိန် စာရင်းကြီးကို ရှေ့တွင် ဖြန့်၍ စစ်ဆေးသည့် အမူအရာတို့ကို တစ်လုံးမကျန် မှတ်သား ပြီးလျှင် အိမ် ရောက်သောအခါ မိမိ၏ ကစားဖော် ကစားဖက်များ နှင့် စာစစ်တမ်း ကစားရသည် မှာ အတော်ပျော်သည် ။
သို့နှင့်ပင် ခြောက်နှစ်သား အရွယ် သင်ပုန်းကြီး ကုန်သည် မှစ၍ စာပေဘက်ကို စိတ်ညွတ်လျက် ရှိသည်ကိုမူ ကျွန်ုပ်လည်း သတိမထားမိ ။ မိဘများကလည်း ထိုဝါသနာကို မြေတောင်မြှောက် ပေးရန် သတိရဟန်မတူ ။ စာဖတ် ဝါသနာပါသည် ဟူ၍သာလျှင် သာမန်မျှသာ သဘောပေါက် ပြီး လျှင် သတင်းစာ ၊ မဂ္ဂဇင်း ၊ ဝတ္ထု ၊ ပုံပြင် ၊ နိပါတ် ၊ ဇာတ်တော်တို့ကို ဖခင် ဖြစ်သူက သူလည်း ဖတ် ၊ သူ့ သား လည်း ဖတ်ရအောင် ဝယ်ခြမ်းပေးသည် ။
သတင်းစာ ကို ၇ နှစ်သား ၊ ၈ နှစ်သား လောက်က စ၍ မြင်ဖူးသည် ။ မိဘတို့၏ အိမ်ထောင်ဦးပစ္စည်းဖြစ်သော မှန်ဗီရိုကြီး အပေါ်ထပ်တွင် လူငယ် တို့ ဘာဝ တိုလီမိုလီတို့ကို ရှာရှာဖွေဖွေဆော့ရင်း သံတော်ဆင့် သတင်းစာ ဟောင်း တစ်စောင် ကို သွား၍တွေ့ သည် ။ ထိုအချိန်၌ ပထမကမ္ဘာစစ် မီးသည် ဥရောပ၌ ဟုန်းဟုန်းတောက် နေသည် ။ နိုင်ငံခြားသတင်းဟု ခေါင်းစဉ်တပ် ထားသော စာတမ်းငယ်အောက်တွင် “ ဘာလင်မြို့ နေ့စွဲကြေးနန်း ” ဟု ဖတ်မိသည် ။ သတင်းစာမှာ စစ်မဖြစ်မီက ထုတ်ဝေထားသော အဟောင်း တစ်စောင်မျှ ဖြစ်လေရာ သတင်းစာကို တွေ့ စဉ်က ကမ္ဘာစစ် ဖြစ်နေသည် ကို ကျွန်ုပ် မရိပ်မိသေးပေ ။ သတင်းစာ၌ ပါသမျှ စကားတို့ကို စာကြီးပေကြီး ပဲ ဟူ၍သာ စိတ်တွင် အောက်မေ့တတ်သေးသည် ။ ထိုစာကြီးပေကြီး ဆို သဟာ ဘာပါလိမ့်ဟု နှိုက်နှိုက်ချွတ်ချွတ် သိလိုသောဆန္ဒ ပြင်းပြလာသော ကြောင့် စာကို ကြိုးစား၍ ကျက်သည် ။ မြန်မာသင်ပုန်းကြီး ကုန်၍ မင်္ဂလသုတ် ရောက်လျှင်ပင် ပညာ့အလင်း မဂ္ဂဇင်းကို ဖတ်တတ်လာပြီး သူရိယ ရက်ခြား သတင်းစာထဲမှ နွဲ့နွဲ့ မောင်မောင် ဝတ္ထု သည် ကျွန်ုပ်အား စိတ်ကူး တည်းဟူသော ရေယဉ်ကြောဝယ် ပေါလောမြောစေသည် ။ မိမိညီငယ် နို့စို့ ရွယ်ကို ရင်ခွင်ထဲ ချီရင်း ၊ သူရိယသတင်းစာ ကို ရှေ့ချကာ ဖတ်နေရာဝယ် ၊ နွဲ့နွဲ့ သည် မောင်မောင် နှင့် ဝေးကွာ၍ လောက အလယ်တွင် တစ်ယောက် ထီးတည်း ယောင်ချာချာ ဖြစ်နေရရှာသည်ကို ကရုဏာသက်ကာ နွဲ့နွဲ့ထံပါး ၌ ကျွန်ုပ်သည် အဖော်ပြုရင်း ၊ အစ မထင်၍ အဆုံး မရှိသော သံသရာ့ခရီး စဉ်တွင် လိုက်နေစဉ် ကျွန်ုပ်အား မိခင်က ထိပ်ကို ခေါက်လိုက်ကာမှ ၊ မိမိ ပတ်ဝန်းကျင်ကို ကျွန်ုပ် သုံးသပ်မိတော့သည် ။ ညီငယ် မှာ ဘယ်အချိန်က တစာစာ ငိုကျွေးနေသည် မသိပါ ။ အသံများ ပင်လျှင် ပြာနေပြီ ။ သို့သော် ကျွန်ုပ်အဖို့ကား စာပို့ကုလား နောက် တစ်ခေါက် အလာတွင် သူရိယ ထဲ၌ နွဲ့နွဲ့နှင့် မောင်မောင်တို့ နှစ်ယောက်သား ဒွန်တွဲ၍ တွေ့ ရနိုးနှင့်သာ မျှော်ကိုး မိတော့သည် ။
စာပေ ဝါသနာသည် ဖခင် ထံမှ ရသောအမွေ ဖြစ်သည် ။ ဖခင် မှာ သူရိယ ပေါ်စက ပင်လျှင် အစုရှင် တစ်ဦး အဖြစ်နှင့် နှစ်စဉ်ကြေး ဒုတိယကမ္ဘာစစ် ဖြစ်သည် အထိ ကြည့်ခဲ့သူ ဖြစ်သည် ။ ထိုခေတ်က သူရိယ မဂ္ဂဇင်းသည် သူ့ခေတ် နှင့် သူ စာကြည့်လျှင် အတော်ပင် အဆင့်အတန်း
မြင့်သည် ။ ကျွန်ုပ်ကား သူရိယမဂ္ဂဇင်း တွင်ပါသော ဝတ္ထု ၊ ဆောင်းပါး ဟူသမျှ ကို မလွတ်တမ်း ဖတ်ခဲ့လေသည် ။ ထို ဖတ်သည့် စာမှ ရသမျှ အဆီအနှစ် တို့ကား သမိုင်း ၊ ကြို့ကုန်း ၊ အင်းစိန်တို့ ဖြစ်သတည်း ။ အကြောင်းမူကား ထိုနေရာ ဒေသတို့မှာ စုံထောက်မောင်စံရှား ကျက်စားသော နေရာများ ဖြစ်သောကြောင့်တည်း ။
စာပေ၌ ထိုမျှလောက် အထုံပါသည် ဆိုရငြား သော်လည်း တစ်နေ့ သ၌ စာရေးခြင်း နှင့် မွေ့ လျော်ရဦးမည်ကို ကျွန်ုပ် သည် ကိုယ့်ကိုယ်ကိုယ် အတပ် မဟောနိုင်ခဲ့ ။ ကဆုန် နယုန်၌ ပြာလဲ့သော ရွေးမြစ်၏ ရေပြင်ပေါ်ဝယ် ဖြူနီညိုပြာ တိမ်ဝါတိမ်လိပ်တို့သည် လှိုင်းစီးရင်း ရောင်စုံ ဆေးခြယ်နေသည့် အခါ ကျွန်ုပ်သည် စကြဝဠာကို ပိတ်ဖြူ ပမာ ဖြန့်၍ ပန်းချီကားတစ်ချပ် လောက် ရေးဆွဲ လိုက်ရလျှင် လူဖြစ်ရကျိုး နပ်ပြီ ဟူ၍သာ တွေးတောမိသည် ။
သို့နှင့်ပင် ကျွန်ုပ် အသက် ဆယ့်နှစ်နှစ် ခန့် ရှိသော် ဖခင် ဖြစ်သူသည် ရိုးတိုက်မှ ပစ္စည်းများကို အင်္ဂလိပ်လိုရေးပြီး မှာသည်ကို တွေ့ ရသောအခါ အင်္ဂလိပ်စာ ဆိုသည်မှာ ကလောင်ကို မ မ ဘဲ ရေးရသောစာဖြစ်၍ တော်တော် ရေးလို့ ကောင်းမည် ။ တစ်နေ့ကျလျှင် အင်္ဂလိပ်စာ ကို သည်လို ရေးတတ် အောင် လုပ်မည်ဟု စိတ်ကူး ကောင်းကောင်းနှင့် စက္ကူ တစ်ရွက်အပေါ် ကောက်ကောက်ကွေးကွေး ခုနှစ်စဉ် အမျှင်တန်းများ ကို ရေးလိုက်ရာ မျဉ်း လုံးတုတ် တစ်ခုသည် ချိုစောင်းတည့်တည့်ပေါ်သို့ ကျလာလေသည် ။ ထိုအခါ မှ ဖခင် သည် ကျွန်ုပ်၏ နောက်တွင် ရပ်၍ သူ စာရေးစက္ကူများ ကို ဖျက်ဆီးရ ပါမည်လောဟု ဒေါသဖြစ်ပုံကို တွေ့ ရသည် ။ အကြောင်းချင်းတ ဟူသမျှ၏ အဝဝ အဓိပ္ပာယ် ကို ပယ်ပယ်နယ်နယ် သိလေသော အခါမှ ဖခင် သည် သား ဖြစ်သူအား အင်္ဂလိပ်စာ တတ်အောင် သင်ပေးမည် ဟု ပဋိညာဉ်ဖြင့် နှစ်သိမ့် စေသည် ။ ထိုနေ့မှ စ၍ ဖခင်သည် ကျွန်ုပ်အား အေ ၊ ဘီ ၊ စီ ၊ ဒီ သင်ပေးလေ သည် ။ သို့သော် သူ့ စိတ်ကူး၌ကား သား ဖြစ်သူသည် ကုန်သည်တို့ ဘာဝ ကြေးနန်းစာ ရေးတတ် ဖတ်တတ် ရှိလျှင် တော်ပြီဟု သဘောထားသည် ။
နောက် တစ်နှစ်တွင် မြောင်းမြမြို့ အစိုးရ အလယ်တန်းကျောင်း၌ ကျွန်ုပ် သည် တတိယတန်း စာပြဆရာ ဦးကံကြီး ၏ ကြိမ်လုံးခေါင်းအောက် သို့ ခိုလှုံခဲ့ရပါသည် ။ ထိုနှစ် ကုန်ခါနီးတွင် မြန်မာပြည် အရပ်ရပ်၌ ကျောင်း သားသပိတ်ကြီး ပေါ်ပေါက်လာလေရာ ဆရာဦးကံကြီးသည့် ကျွန်ုပ်အား သပိတ်မှောက်ကျောင်းသား ဟူသော ဂုဏ်ကို ခံယူရန် တိတ်တိတ်ပုန်း တိုက်တွန်းလေသည် ။ သူ၏ ကြီးမားသော ဂုဏ်ကျေးဇူးကြောင့် အမျိုးသား ကျောင်းများ၌ မျိုးချစ်စိတ်တည်းဟူသော နို့ရည်ကို သောက်သုံး ခဲ့ရလေသည် ။ အမိနှင့် လည်းကောင်း ၊ အဖနှင့် လည်းကောင်း ၊ အဆွေခင်ပွန်းနှင့် လည်း ကောင်း နှိုင်းထိုက်သော ရန်ကုန်မြို့ရှိ မြို့မကျောင်းကြီး သည်လည်း တိုင်းပြည် နှင့် အမျိုးအတွက် အနစ်နာခံ၍ စွန့်တတ်ရမည်ဟူသော သဘောတရားတို့ကို ကျွန်ုပ် ၏ နုနယ်သော ဦးနှောက် ထဲသို့ ရိုက်သွင်းခဲ့လေသည် ။
စာဖတ် ဝါသနာ ပါသော်လည်း စာရေးရန် စိတ်မကူးမိသေး ။ ဝံသယုဝမဂ္ဂဇင်း ထုတ်ဝေသည့် အခါ စာရေးရန် ကြံရွယ်မိ၏ ။ သို့သော် မြန်မာစာ ကို ရေးရန် ကြောက်သည် ။ လက်စွမ်းပြလိုစိတ်ဖြင့်သာ အင်္ဂလိပ်လို ဆောင်းပါးကို ရေးကြည့်မိသည် ။
ထိုစဉ်က မြို့မကျောင်းကြီး သည် မြန်မာစာ၌ နာမည် ရခဲ့သည် ။ ကွယ်လွန်သူ သတိုးပီယ အမည်ခံ ဆရာဦးချစ်စရာ သည် ကျွန်ုပ် ၏ ဉာဏ်စွမ်း ဉာဏ်စကို ရိပ်မိ၍ မြန်မာကဗျာဖွဲ့နည်းကို ကျွန်ုပ် အား အတင်းအကျပ် သင်ပေးသည် ။ ကျွန်ုပ် ၏ တစ်သက်တွင် ကဗျာကို ရေးစပ်တတ်မည် မဟုတ် ဟု မိမိကိုယ် ကို မိမိ ထင်ခဲ့သည် ။ သို့သော် ဆရာဦးချစ်စရာ နှင့် တွေ့သောအခါ မှာ ပါရမီဆိုသည်မှာ အလေ့အကျင့် တစ်မျိုးပင် ဖြစ်ကြောင်း သဘောပေါက်၍ ကဗျာ စပ်တတ်ရုံမျှသာ သူ့ အတန်းကို အချိန်ပိုတွင် တက်သည် ။ ဆရာ ဦးချစ်စရာ အဆွယ် ကောင်းသောကြောင့် အထက်တန်း စာမေးပွဲ အတွက် ကျွန်ုပ် ယူသော ဘာသာမှာ ပြဋ္ဌာန်းသည် ထက်ပင် များ၍ နေလေပြီ ။ သို့ရာတွင် မြန်မာဘာသာ အပိုကို လက်မလွှတ်နိုင်၍ ပါဠိဘာသာ ကို မလွှဲသာ သဖြင့် ဖြုတ်ချခဲ့သည် ။ ပါဠိဘာသာ ဆရာဦးဘသန်း မှာ ကျွန်ုပ် အား ဂုဏ်ထူး ဆွတ်လှမ်း နိုင်လောက်အောင် ပါဠိကို ဂရုတစိုက် အထူး သင်ပေးရှာပါ လျက်နှင့် သူ့ ဘာသာကို ဖြုတ်ချလိုက်သောကြောင့် ကျွန်ုပ်အား စိတ်ဆိုးပြီး လျှင် သုံး လေး ရက်လောက် စကား မပြောဘဲ နေလေသည် ။ သို့သော် မြန်မာစာ ကို စီကာပတ်ကုံး မရေးတတ်သေးသည်ကို တွေ့ ရ၍ တော်တော် ရှက်မိသည် ။
ကောလိပ် ရောက်ပြန်သော် စာပေဘက် ကို ဝါသနာ ပါလျက်ကယ် နှင့် ဆရာဝန် ဖြစ်အံ့နိုးနိုးနှင့် ဖားခွဲ မိလေသောကြောင့် ခါးတောင်းကျိုက် တလွဲ ဖြစ်ခဲ့ရသည် ။ တကောင်းဟော နှင့် မေအောင်ဟော တို့၌ နေ့စဉ် ဖားပြုတ်တွေကို မေ့ဆေး ပေး၍ ကတ်ကြေး နှင့် ဝမ်းဗိုက် ကို ခွဲရင်း မစ္စတာ မောင်မှိုင်း၏ မျောက်ဋီကာ ၊ မျောက်ဂဏ္ဌိ တို့ ကိုသာ ရွတ်ဖတ်သရဇ္ဈာယ် နေမိသည် ။ ထိုအခါ ဆရာ ဦးလူဖေဝင်း က သတ္တဗေဒ ကို စွန့်၍ ဦးပုည နောက်ကိုသာ လိုက်ရန် တရား ချသေး ၏ ။ သို့သော် ကျွန်ုပ် မှာ ခက်ခဲသည် ဟူသော အရာကို မှ မရ အရ ယူလိုသော ဆန္ဒကြောင့် တီကောင်၏ အတ္တဘော ထဲမှ ကပ်ပယ်အိတ် နှင့် သားအိမ်ကို ထုတ်ယူနိုင်ခြင်း သည်သာလျှင် လောက၏ ရည်ရွယ်ချက် ပြီးမြောက်နိုင်ပေမည်ဟု အယူသီးကာ သတ္တဗေဒ နှင့် အဖ တစ်ပြန် ကျားတစ်ပြန် နပန်း လုံးလျက် ရှိသည်မှာ တစ်ခါတစ်ခါ သတ္တဗေဒက ကျွန်ုပ်၏ အပေါ်စီးကို ရသည် မှန်ငြားသော်လည်း များသော အားဖြင့် ကျွန်ုပ် သာလျှင် အောက်က ပြား၍ နေပါသည် ။
အများတကာ က ကျွန်ုပ် သည် မြန်မာစာပေတို့၌ ဝါသနာ ပါသော ကြောင့် မြန်မာစာကို ကောင်းစွာ ရေးတတ်ပေလိမ့်မည်ဟု အယူရှိကြငြား သော်လည်း မြန်မာစာ ကို စီကာပတ်ကုံး ဟုတ်တိပတ်တိ မရေးတတ်သည် ကို ကျွန်ုပ် သာလျှင် သိသည် ။ ကျောင်းမဂ္ဂဇင်းတွင် နောက်တီး နောက်တောက် အင်္ဂလိပ်လို ဆောင်းပါးများ ကို ရေးဖူးပါ၏ ။ ထို့ကြောင့် ဓာတ်သိ ငယ် သူငယ်ချင်းများ က သတ္တဗေဒကို ကွာရှင်း၍ ငယ်ချစ် ရှိတ်စပီးယား နှင့်
သာလျှင် ရိုးမြေကျ ပေါင်းပါဟု တိုက်တွန်းသည် ။ သို့သော် မဖြစ်နိုင်ဘူး ဆိုသည်ကိုမှ လုပ်ချင်သည့် ဝသီဆိုး ကြောင့် ဆရာဝန် မဖြစ်ရငြားသော်လည်း ဆေးရုံ၌ အတွင်းလူနာ အဖြစ်ဖြင့် သုံးလေးလမျှ တက်ခဲ့ရသဖြင့် ဆရာဝန် နှင့် အတော် နီးစပ်ခဲ့သည် ဟု ဆိုရပေမည် ။
သို့သော် စိတ်မလျှော့သေး ။ တစ်နှစ်လောက် အနားယူပြီး နောက် တစ်နှစ်တွင် သတ္တဗေဒ ကို ဆက်လက် သင်ယူရာ အစမ်းစာမေးပွဲတစ်ခု၌ ပထမစွဲသည် ။ သို့သော် အကျိုးမပေးချေ ။ ခွဲစိတ်ခန်းတွင် ကျွန်ုပ်နှင့် တစ်ခုံ တည်း ထိုင်ကြသူ သူငယ်ချင်း ကျောင်းသားကြီးများ က ပရော်ဖက်ဆာ ၏ အချစ်ဘူး “ ဆူဇန် ” ခေါ် ခွေးမငယ် ကို “ ဖော်မလင် ” စိမ်ထားသော ငါးမန်း သားကျွေး၍ သ,တ်လိုက်သောကြောင့် ခွေးမငယ် သေလေသတည်း ။ ဆရာ ကြီးလည်း ဝါးလုံးရှည်နှင့် ရမ်းသတည်း ။ ဤကိစ္စမျိုး၌ ကျွန်ုပ်မှာ ကံဇာတာ ထူးချွန်သူတစ်ဦး ဖြစ်လေသောကြောင့် မဆိုင်ဘဲနှင့် အညှိုးခံရလေသတည်း ။
သို့သော် အနိုင်မခံ ၊ အရှုံးမပေးသေး ။ ကျရင်း ဖြေရင်း ၊ ဖြေရင်း ကျရင်းနှင့်ပင် နောက်ဆုံး၌ ကျပါများ၍ ကျောင်းမှ ထုတ်ခံရလေသည် ။ အပြင်ကျောင်းသား အဖြစ်ဖြင့် အလွတ် စာမေးပွဲ ဝင်ဖြေသည့်နှစ် ရောက်မှ ပင်လျှင် ကပ်ဖိုးကပ်ဖဲ့နှင့် ချောမောစွာ အောင်မြင်လေသတည်း ။ ဤသည် တွင်မှ ဆရာ ဦးလူဖေဝင်း ၏ အကြံပေးချက်ကို သတိရ ပြီးလျှင် အင်္ဂလိပ် နှင့် မြန်မာစာပေ ကို တွဲ၍ သင်ရန် အတွက် ဝိဇ္ဇာတန်း သို့ ဝင်ရောက် လိုက်ပါပြီ ။
ဤသို့လျှင် ကျွန်ုပ် ဆရာဝန် မဖြစ်သည်နှင့် သတ္တဝါ အများလည်း အသက်ချမ်းသာရာ ရကြပေသည် ။
စာရေးရာ၌ ကျွန်ုပ်သည် သဒ္ဒါမျှကိုပင်လျှင် မှန်အောင် မရေးတတ် သေးသည်ကို တွေ့ ရသောအခါ ကြီးစွာသော စိတ်ဆင်းရဲခြင်း ဖြစ်ခဲ့ရလေ သည် ။ ငယ်စဉ်က ဖခင် ၏ ပညတ်ချက်ကြောင့် သတ်ပုံတစ်လုံး မမှားသူ မှာ ယူနီဗာစီတီ ကောလိပ်သိပ္ပံ ကျောင်းတော်ကြီးသို့ ရောက်ခါမှ အကျိုးနည်းရ လေပြီ ။ ငယ်စဉ်က ကျွန်ုပ် အား စာအရေးအသား ကောင်းလှပေသည်ဟု ဆရာဦးခန္တီ က ချီးမွမ်းခဲ့သမျှ ယူနီဗာစီတီ ကောလိပ် သိပ္ပံကျောင်းတော်ကြီး ၌ ဝိဇ္ဇာရင့်မကြီး ဖြစ်ခါနီးမှ အကျွန်ုပ် မှာ အတော် ရှော်သေးသည်ကို ဝမ်းနည်းစွာ တွေ့ ရလေသည် ။
ထို့ကြောင့် မြန်မာလို ဆောင်းပါး စသည်တို့ကို ရေးရန် စိတ်ကူးမိ သော်လည်း စိတ်မလုံလှ သဖြင့် ကျောင်းမဂ္ဂဇင်းများ ၌ အပြောင်အပြက် ခနိုးခနဲ့ ဆောင်းပါးများ ကို အင်္ဂလိပ် လိုသာ ရေးနိုင်ခဲ့သေးသည် ။
သို့သော် မိမိ ကိုယ်၌က အင်္ဂလိပ် မယားပါသား မဟုတ်ပေသော ကြောင့် မြန်မာပီပီ မြန်မာလို ရေးတတ်မှ လူရာဝင်မည် ကို မျိုးချစ်စိတ်ဓာတ် က ကျွန်ုပ် အား အမှန်ကို ညွှန်ပြလျက် ရှိပါသည် ။
ထို့ကြောင့် ဆရာပွား ၊ ဆရာလင်း တို့၏ အာဘော် ကို မိအောင် ၊ သဒ္ဒါ နည်းကျအောင် ကြိုးစားလိုက်ရာ မြန်မာစာစီစာကုံး၌ အတော်အသင့် ရေးတေးတေး ရှိလာပါပြီ ။
သို့ရာတွင် ဘီအေ အောင်ပြီးသည်အထိ မိမိ ကိုယ်ကို မိမိ မြန်မာလို ကာရန် ဝါကျညီအောင် ရေးတတ်ပြီ ဟု မယူဆဝံ့ပေ ။ နောက်ဆုံး ကုန်ကုန် ပြောရလျှင် ရည်းစားစာ ရေးသည်၌ပင်လျှင် မြန်မာလို ရေးရင် အဆီအငေါ် မတည့်၍ ခဏခဏ ဘောက်ကျ ကြရသည် ။
အမှန်မှာတော့ မြန်မာစာ ရေးဖြစ်တာ သူ့ ကျေးဇူးပါပဲ ။
ကျွန်ုပ်မှာ ရုပ်အဆင်း မလှသည့် အပြင် နှုတ်ခံတွင်း ကလည်း တီတီ တာတာ ပလီပလာ မလုပ်တတ် ။ သို့သော် ပရံပရ ရေစက်ကြောင့် တက္ကသိုလ် ကျောင်းသား တို့ ထုံးတမ်းစဉ်လာ အရ “ ဘင်တန် ” ကျောင်းဆောင် သို့ ခြေဦး လှည့်မိပါသည် ။ ခြေဦးလှည့်ရာမှ သူနှင့် တွေ့သည် ။ ထိုအခါကျမှ မြန်မာစာ ကို ကာရန်ဝါကျ ညီအောင် သတိထား၍ ရေးသော အလေ့အကျင့် ရသည် ။ တနင်္ဂနွေ တစ်ပတ်မှာ အနည်းဆုံး နှစ်ခါလောက် လူချင်းတွေ့ ရသည် ။ သို့ပေမင့် တနင်္ဂနွေ တစ်ပတ်မှာ စာခုနစ်စောင်လောက်တော့ မှန်မှန်ရေးရသေး သည် ။ သို့သော် တနင်္ဂနွေ တစ်ပတ်မှာ တစ်ခါ လောက်တော့ သူနှင့် စကားပြော ဘုကျသည် ။ အကြောင်းကား ဤသို့တည်း ။ သူ က ကျွန်ုပ် ကို တစ်ခါမျှ ချစ်သည် ဟုလည်း မပြော ။ ထိုအခါ ကျွန်ုပ် က သူ ငါ့ကို မချစ်လို့ဘဲဟု ထင်သည် ။ အမှန်မှာ ကျွန်ုပ်၏ ထင်ကြေး မှားသည် ။ သူသည် ကျွန်ုပ် အား တစ်ခါဖူးမျှ မချစ်ဘူးဟု မဆို ။ ဒါဖြင့် သူ ငါ့ကို ချစ်တာပါပဲကလား ၊ ဤ၌လည်း တက်တက်စင် လွဲပြန်ပြီ ။ ကျုပ်ကို သူက ဘယ်တုန်းကများ ချစ်တယ်လို့ ဆိုဖူးပါသလဲ ။ အဲဗျာ ၊ ဒါလည်း ဟုတ်တာပဲ ၊ ကဲ ဒါဖြင့် ညီလို အစ်ကိုလိုပဲ သဘောထားကြပါစို့ ခင်ရယ် ။ ထိုအခါမှ ပါစင်အောင် လွဲလေသည် ။ ဒီလောက် ပြောလို့မှ နားမလည်နိုင်ဘူးလားတဲ့ ။ ဤနည်းဖြင့် သာ ကျွန်ုပ်မှာ သုံးနှစ်သုံးမိုး အူကြောင်ကြောင် ဖြစ်ခဲ့ရလေသည် ။ ထိုသုံးနှစ် အတွင်း စာတိုက်ဌာန၌လည်း တံဆိပ်တော်ခေါင်းခွန် သိသိသာသာ တိုးသည်ဟု သတင်းသန့်သန့် ကြားရလေသည် ။ ကျွန်ုပ် အဖို့ကား မိန်းမ အကြောင်းဆိုတာ ဒါကိုးဟု ရိပ်မိယုံမျှ ရိပ်မိခဲ့ပြီးလျှင် ထိုမျှ သောင်မတင် ရေမကျသော အချစ်ဇာတ်ကြီးမှာ မြော၍သာ နေခဲ့သည် ။ ယင်းသို့လျှင် ခင်မြင့်ကြီး ဝတ္ထုကို အဆုံးမသတ်နိုင်သည့် အခြေအတွင်း ကျွန်ုပ်၏ ကဗျာဉာဏ်တို့ မှာ ရင့်သန်၍ လာလေသည် ။
ရင်တွင်း၌ ဘာလဲမသိ ၊ တလိမ့်လိမ့် တက်နေသည် ။ ကျွန်ုပ်၏ နေအိမ်မှ မျှော်ကြည့်လိုက်သော် ရွေးမြစ်ကြီးမှာ လှိုင်းတဖွေးဖွေး နှင့် အိ၍ နေသည် ။ ကျွန်ုပ်၏ ရင်တွင်း၌ ထို ရွေးမြစ်ကြီး သည် လှိုင်းရိုက်၍ နေချေ ပြီတကား ။
ဤသည်မှ ရအပ်သော အကျိုးကား ကဗျာ တစ်ပုဒ်ပင် ဖြစ်သတည်း ။
မြန်မာစာ ကို ကျွန်ုပ် ရေးလေ့ မရှိသေးဟု ဆိုသော်လည်း ဆရာ ဦးချစ်စရာ ချပေးခဲ့သော ကဗျာမျိုးစေ့မှာ အညှောင့် ထွက်လေပြီ ။ စကားပြေ နှင့် စာမကုံးခဲ့ ဖူးသေးသော်လည်း ကဗျာနှင့်မူ မျက်စိပသာဒ၌ တင့်တယ် သော တော ၊ တောင် ၊ ရေ ၊ မြေ ၊ မိန်းမ စသည်တို့၏ အကြောင်းကို ဖွဲ့နွဲ့ခဲ့ဖူး သည် ။ မိန်းမ အကြောင်း ဘုမသိ ဘမသိ နှင့် ဖွဲ့နွဲ့ထားသော ကဗျာ မှာ ဘာတစ်ခု မှ အဆီအသား မပါသည်ကို တွေ့ ခဲ့ရသည် ။ သို့သော် ကိုယ်တိုင် ခံစားနေရသော ဒုက္ခ ကို ဖွဲ့နွဲ့ လိုက်ရသောအခါ တော်တော် အရသာရှိသည် ။
တကယ့်လောကကြီး ထဲမှ ကောက်နုတ်ယူသော ပစ္စည်းများသည် သာလျှင် ကဗျာကို အရောင် ထွက်စေသည်ကို သိရသောအခါ အလှကြိုက် ၊ အကောင်းကြိုက် ဖြစ်သည့်အတိုင်း လှသမျှ ၊ ကောင်းသမျှ အာရုံတို့ ရင်တွင်းမှ ပေါ်ထွက်လာ တိုင်း ကဗျာဖွဲ့ လေတော့သည် ။
တက္ကသိုလ်ကျောင်း ရှေ့တည့်တည့်တွင် သစ်ပုတ်ဗိုင်း တစ်ပင် ရှိ သည် ။ ထို သစ်ပုတ်ဗိုင်း မှာ ကျွန်ုပ်၏ မျက်စိ ထဲတွင် အတော်ပင် ခံ့ညား၍ ကျက်သရေ ရှိသည် ။ ထိုစဉ်က ဝါ့ဒ်စ် ဝါ့သ် ( Words Worth ) ၏ အရိပ် အာဝါသ အောက်တွင် ရောက်လျက် ရှိလေရာ သူ့ကို အတုခိုး၍ သစ်ပုတ် ဗိုင်းကြီး အကြောင်း ကို စာချိုး လိုသည် ။
နုထွားပျို ရွှေရင်စို့လိုပ
မတို့ခင် ကြွေစလုပါပဲ
ပန်းပွင့်ဖူး စိုပြည်ပြည်
ပင်စည်က မြင့်မား ။
ဟူသော အသွားမျိုးမှာ ရင်တွင်း မှ ယိုစိမ့်လာသည် ။ ကျောင်းနေ ဖက် အဖော် တစ်ယောက် က ကြမ်းလွန်းသည် ဟု မှတ်ချက်ချကြ၏ ။ ဖခင် က ဒီစာမျိုး မရေးရဟု ပညတ်၏ ။ ရည်းစား ကမူ သိပ်ကောင်းတာပဲဟု မြှောက်ပေး၏ ။ ရည်းစားစကား နားထောင်ငြား သံပြားကျောက်စောင်း ကျိုသော် ပျောင်း ပါသတဲ့ ။
ထို့ကြောင့် ကဗျာ ကို နင်းကန်၍ စပ်ရင်း စာရေးဝါသနာ ဖွံ့ဖြိုးလာ ရပေသည် ။
အင်္ဂလိပ်စာပေ ကို လေ့လာခဲ့စဉ်က မာလို ( Marlowe ) နှင့် ဟဲရစ်ခ် ( Herrick ) တို့ ခေတ်မှ ကဗျာများသည် ကျွန်ုပ်၏ စိတ်နှလုံးကို သိမ်းကြုံး ဆွဲငင်ကြလေသည် ။ ရှဲလေ ( Shelley ) နှင့် တွေ့ ရသော အခါ၌မူကား သူ ၏ အိစက်ညက်ညောသော စကားလုံးတွေ အကြား၌ ကျွန်ုပ်၏ ဘဝင်သည် မှိန်း၍ နေလေသည် ။ ကောလရစ် ( Coleridge ) ၏ စကားပန်းချီမှ ရောင်စုံ ဆေးစက်တို့သည် ကျွန်ုပ်၏ စိတ်ကူးပေါ်သို့ ဖိတ်စင်၍ ကျလေသည် ။ ဩကာသ လောက ၏ တင့်တယ်သော အသရေသည် လူတို့၏ အတွင်း သန္တာန် နှင့် နှိုင်းယှဉ်ခြင်းငှာ မထိုက်ဟူသော သဘောတရား ကို ဝါ့ဒ်စ် ဝါ့သ် ( Words Worthလ) သည် ကျွန်ုပ်အား လက်ထပ်သင်ပေးလေသည် ။ အမှန်မှာ ဘုံဓလေ့၌ ကြုံတွေ့တတ်သော နိယာမ သဘောအရမှာ လူဟူသော သတ္တဝါ သည် စင်စစ် စက်ဆုပ်ဖွယ်ပင် ဖြစ်ချေသည် ။ လောကအကြောင်း ကို မသိတတ် သိတတ်သော အခြေ၌ လူ့ဘုံသည် ငြီးငွေ့ဖွယ်ကောင်းရုံမျှမက သေး ၊ အမြင်ကပ်စရာ လည်း ကောင်းသည် ။ သို့သော် လောကီဘုံသားပီပီ နေထိုင်တတ်ဖို့မှာ လူ့အကြောင်းသိမှ ဖြစ်သည် ။ ကျွန်ုပ်၏ ကျေးဇူးရှင် မိခင်သည် လူ့ အရေးအရာ၌ အတော်အတန် အကင်းပါးသည်ဖြစ်ရာ ကျွန်ုပ် အား လူ့အကြောင်း ကို လက်တွေ့ သင်ပြရှာသည် ။ သို့ရာတွင် လူ့ အကြောင်း သဘောသကာယကို သိနှင့်မှ လက်တွေ့ သုံးသပ်ခြင်းမှာ အရာရောက်သည် ။ ထို့ကြောင့် လူ့ ဇာတိနှင့် လူ့ညာဉ် ကို ဖော်ပေးတတ်သော ရှိတ်စပီးယား ( Shakespeare ) နှင့် တွေ့ ခါမှ လူ့ဘုံဟူသည်ကား လောဘ ၊ ဒေါသ ၊ မောဟ တရားတို့ တစ်ဦး ပေါ် တစ်ဦး နိုင်ရာစားကျင့်ရာ ဒေသဖြစ်ကြောင်းကို ကျွန်ုပ် သဘောပေါက် မိသည် ။ လီယာဘုရင် ( King Lear ) ပြဇာတ်ကို ဖတ်ရင်း ငိုချင်း၏ အဓိပ္ပာယ်ကို အနက်ထင်မိသည် ။ လူ့ဇာတ်လမ်းကို က ပြရာ၌ ငိုချင်းနှင့် ပွဲသိမ်းရတတ်သည် ။ ပွဲသိမ်းတွင် စိတ်နှလုံးသည် ကြံ့ကြံ့ ခံနိုင်မှ လောက ထဲတွင် နေကျိုးနပ်သည် ။ ထိုသဘောတို့ကို ကျွန်ုပ်သည် ရှိတ် စပီးယား ( Shakespeare ) ၏ အလွမ်းဇာတ်တို့ကို ဖတ်ရင်း စဉ်းစားမိသည် ။ သို့သော် ပျိုမျစ်နုနယ်သော အရွယ်၌ အကောင်းချည်းတို့သာ ရှေးရှုခဲ့သော ဓလေ့ကြောင့် အဆိုးနှင့် တွေ့သောအခါ စိတ်ထဲ၌ ရွရွ ရွရွနှင့် အတော် ဒေါသဖြစ်မိသည် ။ ဂုဏ်တုဂုဏ်ပြိုင် လုပ်ခြင်း ၊ ဝန်တိုမိစ္ဆာ ဣဿာတရား
ပွားခြင်း ၊ အနိုင်ကျင့်ခြင်း ၊ ဟန်ဆောင်ခြင်း ၊ မာန်ယစ်ခြင်း ၊ ဒူးတင် ပေါင်တင် ကျင့်ခြင်း ၊ နှပ်ချခြင်း ၊ ပတ္ထီးရိုက်ခြင်း ၊ လူလည်လုပ်ခြင်း ၊ ခြေထိုးခြင်း ၊ ခေါင်းပုံဖြတ်ခြင်း ၊ မတရား ကျင့်ခြင်း စသော လူနှင့်ဆိုင်ရာ ဓာတ်စေတသိက် တို့သည် အမြင်ကပ်စရာ ကောင်းသည်နှင့်အမျှ နောက်ဆုံး၌ သတ္တုချ ကြည့်လျှင် ရယ်စရာ သက်သက် ဖြစ်သည်ဟူသော သင်ခန်းစာ ၏ နိဒါန်းကို ဒရိုင်ဒင် ( Dryden ) နှင့် ပုပ် ( Pope ) တို့က ပြသည်တွင် ဗောလ်တဲယား ( Voltaire ) နှင့် အနတိုလ်ဖရန့်စ် ( Anatile France ) တို့က နောက်ထပ် သင်ရိုးကုန်အောင် သင်ပေးပြန်ရာ ကျွန်ုပ်မှာ အနည်းငယ် အရေထူစ ပြုလာ လေသည် ။ လောကကြီး အဆင်မပြေပုံ ၊ မတရားပုံ ၊ တစ်ကိုယ်ကောင်း သမားသည် အများကောင်းရန် စိတ်ထားရှိသူ၏ မျက်ခုံးမွေးပေါ် စင်္ကြံ လျှောက်၍ ခွတုပ်တတ်ပုံ ၊ သဘောကြီးကြီး ထားသူကို သဘောထား သေး သူက အပြစ်ဖို့တတ်ပုံ စသည့် လောက၏ အဖြစ်နှင့် အပျက်တို့သည် ကျွန်ုပ်၏ မျက်မှောက်တွင် ဇာတ်စုံခင်းလျက်ရှိရာ လူ့ ဇာတ်လမ်းကြီးတွင် ချစ်ခန်း ကြိုက်ခန်း တို့သည်သာလျှင် မင်းသား ၊ မင်းသမီး မဟုတ် ။ မုန်းစိတ် ၊ မနာလိုစိတ် ၊ အလိုရမ္မက် ကြီးသောစိတ် ၊ ညစ်ပတ် ယုတ်မာသော စိတ်တို့ သည်လည်း တကယ့် ဇာတ်လိုက်များ ဖြစ်တတ်သေးသည်ကို ကျွန်ုပ် သဘော ပေါက်လာသည် ။ အမှန်မှာ ဗောလ်တဲယား ( Voltaire ) ၏ နောက်လိုက် သက်သက်သာလျှင် ဖြစ်ပါဘိမူ ကျွန်ုပ်သည် လောကကြီး တစ်ခုလုံးကို ကလော်၍သာလျှင် တုပ်တတ်ပေမည် ။ အနတိုလ်ဖရန့်စ် ( Anatole France ) ၏ ကျေးဇူးကြောင့် အဝိဇ္ဇာ မှ ယိုစိမ့်ထွက်လာသော ဒေါမနဿ သဟဂတံ ဒိဋ္ဌိကတ သမ္ပယုတ္တံ စသည့် စိတ်ယုတ်မာတို့မှာ ဟက်ဟက်ပက်ပက် ရယ်စရာကောင်းသော ညှပ်ကြီး နှင့် ဒန်ဘောက် တို့ ဖြစ်ချေ၏တကား ဟု ကျွန်ုပ်သည် တရားကျမိသည် ။
လူ့ ဇာတ်မှာ ဆက်ရန် အမြဲရှိသေးသော ပြဇာတ် တစ်ခု ဖြစ်လေရာ ကျွန်ုပ် မှာ စာရေးရင်း ရေးရင်း လူ့ သဘာဝတွင် မသိတာတွေ အများကြီး ရှိပါကလား ဟု ဆင်ခြင်မိသောကြောင့် လူ့အကြောင်း ကောင်းကောင်း သိမှ စာရေးတတ်သည်ဟု အယူရှိပြီးလျှင် မိမိ ကိုယ်ကို မိမိ စာရေးဆရာ ဖြစ်ပြီဟူ၍ ယခုတိုင် မယူဆနိုင်ခဲ့သေးပေ ။
ကျွန်ုပ်၏ နုနယ်ပျိုမျစ်သော အသက် အပိုင်းအခြားတွင် လွန်လေပြီး ကုန်သော စာရေးဆရာ ပါရဂူ အပေါင်းတို့သည် ကျွန်ုပ်၏ အပေါ် သြဇာ လွှမ်းမိုးခဲ့လေရာ ကျွန်ုပ်၏ စာများမှာ မထိတထိ ထေ့ချင်သောသဘောများ သက်ဝင်၍ လာလေသည် ။ မထိတထိ ထေ့လုံးသည် အတော်ထိသည် ။ ရည်းစားစာများတွင် ထို ထေ့လုံးတို့ နှင့် ညု လိုက်ရာ နောင်ဂျိမ်ဇာတ် ခင်း ပြီးလျှင် ရည်းစား နှင့် တစ်ခါမျှ မညားရသည့် ဘဝသို့ ရောက်ရလေသည် ။
သူ ယခု လောကထဲ၌ မရှိပြီ ။ အကယ်၍ သူ့ ဝိညာဉ်သည် ဤစာကို ဖတ်မိလျှင် ကျွန်ုပ်သည် ကျွန်ုပ်၏ အပြစ်အနာဆာတို့ကို ရဲဝံ့စွာ ဖော်ထုတ် နေသည်ကို သူ ရိပ်မိပေလိမ့်မည် ။ ထိုအခါ ကျွန်ုပ်သည် သူ့ကွယ်ရာမှာမှ သူ့ အကြောင်း ရေးမိနေခြင်း ကို သူ ခွင့်လွှတ်ကောင်း ခွင့်လွှတ်ပေလိမ့်မည် ။
ကျွန်ုပ်သည် ဘီအေ အောင်ပြီးနောက် မိဘအိမ်၌ သုံးနှစ်သုံးမိုး ဆန်ကုန်မြေလေးဘဝ၌ နေခဲ့စဉ်အခါ သူသည် ကျောင်း၌ ကျန်ရစ်သည် ။ ဟိုတောင်ဆီက မိုးကလေး ညို့ညို့လာတော့ လွမ်းမိသေးသည် ။ သို့သော် ကျွန်ုပ် တစ်သက်တာတွင် ကျွန်ုပ် တကယ် လွမ်းမိသူမှာ ကျွန်ုပ်၏ ဇနီးပင် ဖြစ်သည် ။ ယင်းသို့ လွမ်းငွေ့ ဝေ၍ နေသည့်အခါ ကျွန်ုပ်၏ မိတ်ဆွေ ကိုဒေါင်း သည် ဣစ္ဆိတံဆေးပေါ့လိပ်ကို အတွင်ဖွာရင်း သူ၏ ရှေးဖြစ် ရှေးဟောင်းတို့ကို ပြောပြခြင်းဖြင့် ကျွန်ုပ်ကို ဖျော်ဖြေသည် ။
ကျွန်ုပ်၏ ရင်တွင်းကား ဟာ၍ နေ၏ ။ ခြောက်သွေ့ ၍ နေ၏ ။ သို့သော် ကိုဒေါင်း ၏ မချိပြုံးကလေးမှာ သူ့ ထက် ကံကောင်းသော ကျွန်ုပ်၏ ဘဝကို ကျွန်ုပ် ရောင့်ရဲစေရန် ဖန်တီးပေးသည် ။
ထိုအတွင်း ချစ်မိတ်ဆွေ ကိုခန့်သည် ကျွန်ုပ်၏ အင်္ဂလိပ်လို မြန်မာ စာပေဝေဖန်ချက် ဆောင်းပါးတို့ကို ဂန္ထလောကထဲတွင် ဖတ်ရှုရာမှ မြန်မာလို
ဝတ္ထုတိုများ ရေးပါ ဟု တိုက်တွန်းသည် ။ ထို့ကြောင့် “ နဖူးစာ ” အစရှိသော ကိုဒေါင်း ဝတ္ထုတိုများကို စတင်၍ ရေးလေသည် ။ ထိုစဉ်က ထိုဝတ္ထုကို ကျွန်ုပ်၏ စိတ်ဖျော်ဖြေမှု အတွက်သာလျှင် ရေးခြင်းဖြစ်လေရာ အများ ကြိုက်၏ မကြိုက်၏ကို ဂရုမစိုက်မိချေ ။ သို့သော် ကိုခန့် ၊ ကိုသန့် ၊ ကိုဝန် ၊ ကိုသိန်းဟန် နှင့် ဦးစိန်တင် တို့ က ကြိုက်သည် ဆိုသည်နှင့်ပင် တစ်ပုဒ်ပြီး တစ်ပုဒ် ဆက်လက်၍ ရေးဖြစ်တော့သည် ။
သို့ပါငြားလည်း နယ်တကာ အနှံ့အပြားတွင် မြို့အုပ် အဖြစ်ဖြင့် တလိမ့်လိမ့် လှိမ့်နေခဲ့ရသည် ။ အငြိမ် မနေတတ်သောကြောင့် အလုပ်နှင့် လက်နှင့် မကွာခဲ့ချေ ။ အလုပ်များသည့် အချိန်၌ စာရေး၍ ပိုကောင်းသည် ။ အားနေလျှင် အိပ်ချင်သည် ။ လူခွန်တောင်းရ ၊ အမတော်ကြေး ထုတ်ပေးရ ၊ လယ်ပျက်ဆင်းရ ၊ မြေနုအရှုပ်အထွေးမှု စစ်ဆေးရ ဆိုလျှင် တောလှည့်ရင်း နှင့်ပင် စာအတော် ရေးနိုင်သည် ။ မြို့အုပ်ဘဝကို နဂိုက စိတ်ကူးထဲ မပြောနှင့် ၊ အိပ်မက်ထဲတောင်မှ ထည့်၍ မစဉ်းစားခဲ့ ။ ကိုယ်ကြိုက်ကို ယူနိုင်ရန် ကိုယ်ထူး ကိုယ် ချွန်ဖို့ ဆို၍ သာလျှင် အလုပ် ဝင်လုပ်လိုက်သည် ။ မြို့အုပ်ဘဝ၌ စိတ်မပါး ၊ သို့သော် အလုပ်ကို စိတ်ပါလက်ပါ ကျေပွန်စွာ လုပ်ခဲ့သည် ။ ဤသည်ကား အမှားတော်ပုံ တစ်ရပ်တည်း ။ အလုပ်ကျေပွန်အောင် လုပ်သည်နှင့် တစ်ပြိုင် နက် ရန်သူတွေ ပေါများလာတော့သည် ။ သို့ဖြစ်သောကြောင့် မြို့အုပ်အလုပ် သည် လူသားတို့၏ ညစ်ပတ်ပုံ အလုံးစုံတို့ကို ကြာခြည်ယံ လှစ်၍ပြဘိ သကဲ့သို့ ကျွန်ုပ်အား အကွင်းလိုက် ပြသောကြောင့် ကျွန်ုပ်သည် ကြာခြည်ယံ နောက်ပိုင်း၌ ကျကျနန ထိုင်ပြီးလျှင် ခွက်ထိုးခွက်လန် ရယ်မောခဲ့လေရာ မျက်စိ၌ မျက်ရည်စပင် ဥ၍ နေလေတော့သည် ။ မြို့အုပ်ဘဝ ၏ ဒေါနမဿ ၊ သောမနဿ ၊ စိတ္တံ ၊ စေတသိကံတို့သည် “ မြို့အုပ်မင်းဆို ဘုံရုံကဗျာ ” များ ၌ ကိန်းအောင်းလျက် ရှိလေသည် ။
မြို့အုပ်ဘဝ ကို စက်ဆုပ်ရသည်မှာ မြို့အုပ် ၏ ပတ်ဝန်းကျင်သည် ပင့်ကူအိမ် ကဲ့သို့ ကောက်ကျစ်ပွေလီ ရှုပ်ထွေးသောကြောင့် ဖြစ်သည် ။
ထိုအကြောင်း သည်ပင်လျှင် ကျွန်ုပ် ၏ စာကို အသက်သွင်း ပေးခြင်း ဖြစ်ရကား တစ်နည်းအားဖြင့် မြို့အုပ်မင်း ၏ ကျေးဇူးကို ကျွန်ုပ်သည် ယနေ့တိုင် မမေ့နိုင် ပါတော့သည် ။
တောအရပ်၌ တောဇာတ် ခင်း၍ တောရှုပ်ရှုပ် နေသောကြောင့် မြို့ကြီး ပြကြီးသို့ ချဉ်းကပ် ကြည့်လိုက်သောအခါ ချုံပိတ်ပေါင်းတို့ဖြင့် ထူပြောလျက် တောအတိ ပြီးနေသည်ကို ကျွန်ုပ် ဝမ်းနည်းပက်လက် တွေ့ ရပြန်သည် ။ တောသား ကို အရိုင်း ဟူ၍ သမုတ် ပြီးလျှင် ကိုယ်ကျင့်တရား ပျက်ပြားလျက် ရှိသော မြို့ကြီးသားတို့၏ တစ်ကိုယ်ကောင်းစိတ် ၊ နိုင်လိုမင်းထက်စိတ် ၊ ကိုယ့်အလို ပြည့်အောင် သူတစ်ပါးကို တုံးခုလိုသော စိတ် ၊ အပေါ်ယံ ပျားရည် ကျဲ အထဲက နောက်ချေးခံ စိတ်တို့မှာ ကျွန်ုပ် အား မသိမလိမ္မာရှာသော တောသူ တောင်သားတို့ အပေါ် ကရုဏာ သက်အောင် ဖန်တီးပေးလျက် ရှိချေသည် ။
တောသားတို့၏ အရိုးခံသဘောသည် နှုတ်ခမ်းနီ ၊ ပါးအို့နီကလေး များထက် ချစ်စရာ ကောင်းပါသည် ။ သို့သော် သူ့ ပတ်ဝန်းကျင်ရှိ မသမာ သော အရာရှိ နှင့် အရေခြုံ နိုင်ငံရေးသမား တို့သည် သူ၏ လည်မျိုကို ညှစ်၍ နေရာ အင်္ဂလိပ် လက်အောက်တွင် နှစ်ပေါင်း ခြောက်ဆယ်ကျော် ၊ တစ်ရာ ကျော် ကာလပတ်လုံး တောသားမှာ ဝရုန်းသုန်းကား ဘဝမှ ရှေ့တစ်လှမ်း မတိုးနိုင်ခဲ့ပေ ။
ထို့ကြောင့် လောက ၏ ကမောက်ကမ တို့ကို “ ဘာအရေးကြီးဆုံးလဲ ” ဟူသော ပြဇာတ်ဖြင့် လှောင်ခဲ့သည် ၊ သရော်ခဲ့သည် ။ အနာပေါ် တုတ်ကျသူ တစ်စုတို့က ကျွန်ုပ်၏စေတနာ ကို ဝေဒနာ ဟု မှတ်ထင်ကြ ငြားသော်လည်း လူထုက တဖြည်းဖြည်း နားလည် လာသောကြောင့် ကျွန်ုပ် တအားတက် မိပေသည် ။
“ ငဘ ” ကို ကျွန်ုပ် ရေးရသောအခါ၌မူကား ကျွန်ုပ်သည် လောက ကြီးကို ဟက်ဟက်ပက်ပက် ရယ်သည်လည်း မဟုတ်တော့ပြီ ။ ငိုဖို့ ဆိုသည် မှာလည်း ဝေးလေစွ ။ ငဘ ၏ သနားစရာ နှင့် အမြင်ကပ်စရာတို့ကို သာလျှင် ပဓာန ထားသည်လည်း မဟုတ် ။ အချုပ်ကို ဆိုရလျှင် လူ့အကြံ ကို ကံတရား က ပြက်ချော်ချော် လုပ်နေပုံ ကို သာဓက ထုတ်ဆောင်ရင်း အနာဂတ် အဖို့၌ သမ္မာအာဇီဝ ဖြစ်သော လယ်သမားဘဝ တိုးတက်မှုကို ရည်စူး၍ ရေးသည် ။ သို့သော် ယခု လက်ငင်း အခြေအရ ဆိုလျှင် လယ်သမား လောက တော်လှန်ရေး မှာ မတော်တာတွေ ကိုသာ လှန်နေသည်နှင့် တူလေရာ ငဘ ၏ နောင်ရေးမှာ သီပေါမင်း ပါတော်မူခေတ် သို့ မျက်စောင်းထိုး၍ နေရှာပြီ တကား ။
“ ငဘ ” မှာ ထိုးဇာတ်သက်သက် ဖြစ်သည် ။ သို့သော် အဖြစ်အပျက် အလုံးစုံတို့ကို များသောအားဖြင့် တကယ့် အဖြစ်ပျက်တို့မှ ဆွဲယူထားသည် ။ ငဘ ၏ စိတ်ထဲတွင် ခံစားရသော ဖဿော ဖဿ အစုစုတို့မှာ တကယ့် အဖြစ်အပျက် တို့မှ ရအပ်သော စိတ်အာရုံများ ဖြစ်ချေသည် ။ လောကဇာတ်ခုံ ကို ရေရေလည်လည် ကြည့်ထားနိုင်မှ စာရေးတတ်ပေမည် ဟူသော သင်္ကေတ တစ်ခု ကို ငဘ သည် လူယောင် ဖန်ဆင်း၍ ကျွန်ုပ်အား ပြသခဲ့ ပေသည် ။
သို့ပေမင့်လည်း ကျွန်ုပ် မသိတာတွေ အများကြီး ကျန်သေးသည် ။ ဥပမာ ၊ ပျားရည် လူးထားသော ပါးစပ်ပိုင်ရှင် ၏ အတွင်း နှလုံးသားထဲ၌ နောက်ချေးတွေ ပုံ၍ နေသည်ကို မြင်လျက်နှင့် ထိုနောက်ချေးများကို နင်းမိ သေးသည်ကိုမူ မရှက်မကြောက် ဝန်ခံရပေဦးမည် ။ ဤသည်လည်း ကျွန်ုပ် ၏ ကုသိုလ်ကံ ထူးချွန်ခြင်း တစ်ရပ် ဖြစ်သည် ။ အကြောင်းမူကား ညစ်ပတ်မှု ဝိုင်းနေသော အာဝါသ ထဲမှာမှ သန့်ရှင်းမှု ၏ အရသာကို ကျွန်ုပ် ရှာ၍ တွေ့ နိုင်သောကြောင့်ပင် ဖြစ်သတည်း ။
⎕ မောင်ထင်
📖ရှုမဝ မဂ္ဂဇင်း
မေ ၊ ၁၉၄၈
No comments:
Post a Comment