❝ ဝတ္ထုတို ရေးနည်း ❞
( လယ်တွင်းသားစောချစ် )
ဝတ္ထု ဆိုသည် မှာ လူ့ သဘာဝ အဖြစ်အပျက်တို့ ကို စိတ်ဝင်စားဖွယ် ရေးသားထားသော စာ ဟူ၍ မြန်မာအဘိဓာန် တွင် ဖွင့်ဆို ထားပါသည် ။
လူ့ သဘာဝ အဖြစ်အပျက် တို့ ကို စိတ်ဝင်စားဖွယ် ရေးသားထားသည့် ဝတ္ထု တွင် ဝတ္ထုတို ၊ ဝတ္ထုရှည် ၊ လုံးချင်းဝတ္ထု ဟူ၍ ( ၃ ) မျိုး ခွဲခြား သတ်မှတ်ကြသည် ။
ဝတ္ထု ဆိုသည် မှာ ဖြစ်ရပ် တစ်ခု အကြောင်းအချက် တစ်ခု ကို အခြေပြု၍ စာရေးသူ ၏ စေ့ဆော်မှု စေတနာ တွန်းအားဖြင့် နှလုံးသား ခံစားမှုမှ တစ်ဆင့် ဦးနှောက် ကို စွဲမြဲသော အသိပေးခြင်း ဖြစ်သည် ။
ဝတ္ထုတို ရေး ရာတွင် စာဖတ်သူ သို့ တစ်စုံတစ်ခု သော အသိ ကို ပေးလိုခြင်း နှင့် ထို အသိ မှ တစ်ဆင့် ဘ၀ မှာ ရှောင် သင့်သည်များ ၊ ဆောင် သင့်သည်များ ၊ သိမှတ်စရာများ ၊ ဘဝသင်ခန်းစာ အသိပညာများ ကို ရစေလိုခြင်း ဖြစ်သည် ။
စာရေးသူ သည် ကိုယ်တိုင် က စိတ်ကောင်း ကို အခြေခံ သည့် ကောင်း သော လောက အမြင် ရှိသင့်သည် ။ ထို စိတ်ကောင်း ကို အခြေ ပြု၍ စာဖတ်သူ အပေါ် စိတ်ကောင်း စေတနာ ကောင်း ထားပြီး ကြိုးစား မှ သာ စာကောင်း ကို ရေးသားနိုင်မည် ဖြစ်သည် ။
ဝတ္ထုတို ရေးရာတွင် ကိုယ်တိုင် ဇာတ်ကောင် နေရာ မှ ပါဝင်၍ ပြောပြ နေဟန် ရေးသားနည်း ( First person ) ကျွန်တော် ၊ ကျွန်မ စသည် ပြောပြဟန် နှင့် ရေးသားနိုင်ပါသည် ။
သူတစ်ပါး ၏ ဖြစ်ရပ်ဇာတ်လမ်း ကို ဘေးလူ အမြင် နှင့် ရေးသားတင်ပြ နည်း ။ ဥပမာ ညီ ၏ အဖြစ် ကို အစ်ကို ဖြစ်သော စာရေးဆရာ က ပြောပြဟန် ၊ သူငယ်ချင်း တစ်ယောက် အကြောင်း ကို သူ့ သူငယ်ချင်း က ပြောပြဟန် စသည် တို့ ဖြစ်နိုင်သည် ။
ဇာတ်ကောင်များ ကို ဖန်တီးပြီး ဖြစ်ရပ်ဇာတ်လမ်း ရေးဖွဲ့ တင်ပြသော နည်း ဖြင့် လည်း ရေးသားနိုင်ပါသည် ။ ဇာတ်ကောင်များ ၏ သက်ဝင်လှုပ်ရှားမှု ကို စာရေးဆရာ က လိုက်လံ မှတ်တမ်းတင် သော ရေးနည်း ဖြစ်ပါသည် ။
ဝတ္ထုတို ရေးရာတွင် တစ်ပုဒ်တည်း နှင့် အကြောင်းအရာ များ စွာ ပါဝင် ဖွဲ့စည်းရန် မသင့်ပါ ။ “ ငါးသိုင်းများ ဟင်း ဟုန် ” ဆိုသကဲ့ သို့ ပေးချင်သည် တို့ များလျှင် ဘယ်အချက် မျှ ထိထိမိမိ မရှိ ဖြစ် တတ်သည် ။ ဝတ္ထုတို တွင် စာရေးသူ က သုံးသပ်ချက်များ အသိပညာ ပေးခြင်းများ ဖော်ပြရန် မသင့်ပါ ။ ဝတ္ထု ထဲ ဝင်၍ စာရေးဆရာ က ဆရာ မလုပ်မိအောင် သတိထားသင့်သည် ။
ဝတ္ထုတို သည် ဖြစ်ရပ်မှန် ဆိုသော်လည်း ဓာတ်ပုံ ရိုက်သလို တကယ့် ဖြစ် စဉ်များ အတိုင်း ထင်ဟပ်ပြခြင်း မဟုတ်ပါ ။ လူ တစ်ယောက် ၏ ဘဝ အဖြစ် ကို မိတ္တူ ကူး ပြ၍ မရပါ ။ ဝတ္ထု ရေးခြင်း ၏ အတတ်ပညာ ၊ အနုပညာ နှင့် ဖန်တီးသော ဇာတ်ကောင်စရိုက် ၊ အချိတ် အဆက် ၊ အမြှုပ် အဖော် ၊ ဇာတ် စ ပုံ ၊ ဇာတ် တည်ဆောက်ပုံ ၊ ဇာတ် သိမ်း ပုံ တို့ အချက် ကျရန်လည်း လိုပါသည် ။
ဝတ္ထု ရေး ရာ တွင် ကောင်းသော အသိပညာ ၊ သင်ခန်းစာ ပေးနိုင်သင့်သည် ။ ဘဝ ထဲ မှ တကယ့် အဖြစ်အပျက် မှန် ဖြစ်သော်လည်း အတုယူ အမှား ၊ သင်ခန်း စာ အမှား ကို ဖြစ်စေမည့် အကြောင်းအရာများ ကို ရေးသား ဖော်ပြခြင်း မပြုသင့်ပါ ။
ဝတ္ထုတို ရေး ရာတွင် ဝတ္ထုတို ဆိုသည့် အတိုင်း ဖော်ပြလိုသည့် ဖြစ်ရပ် အကြောင်းအရာ ကို သိပ်သည်းမှု အရှိဆုံး နှင့် အတိုဆုံး ဖြစ်ရန် ကြိုးစားသင့်သည် ။ ဝါကျ ကျစ်လျစ်ရမည် ။ စကားလုံး ဖောင်းပွခြင်း မရှိစေရ ။ မလိုအပ်သော အပို အရေး အပြ များ မပါ စေသင့်ပါ ။ စာ ရေးရာတွင် အကြမ်း ရေးပြီး အချော ပြန် ပြင်လျှင် ပို ကောင်းပါသည် ။ အနုပညာပစ္စည်း ဆိုသည် မှာ အကြိမ်ကြိမ် အချော သတ် ပြုပြင်လေ ကောင်းလေ ဖြစ်ပါသည် ။
စာရေးဆရာ ဖြစ် လိုလျှင် ဝမ်းစာ ပြည့်စုံ ရန် လိုသည် ။ စာရေးဆရာ ၏ ဝမ်းစာ မှာ စာ များများ ဖတ်ရမည် ။ ဘဝ ထဲ မှ အတွေ့အကြုံများ ကို စိတ်ဝင်စား ရမည် ။ လေ့လာဆည်းပူးမှု ရှိရမည် ။ ထို ဝမ်းစာ နှင့် ဘဝ အတွေ့အကြုံ တို့ ကို အခြေပြု ပြီး များများ တွေး များများရေးပါ ။ တွေး ပြီး မှ ရေး ရခြင်း ဖြစ်သည် ၊ အတွေး ထဲ မှာ ဦးစွာ တည်ဆောက်ပါ ။ ရ လာလျှင် ရေး ချပါ ။ တစ်ပိုင်းတစ်စ နှင့် ရပ် မထားသင့်ပါ ။ ပြီးအောင် ရေးရမည် ။ များများ တွေး များများ ရေး လျှင် ပိုမို ချောညက်၍ အရေးအသား များ တိုးတက်ကောင်းမွန် လာပါလိမ့်မည် ။
ဝတ္ထု တစ်ခု တွင် ခေါင်းစဉ် သည် အရေးကြီးပါ၏ ။ အချို့သော ဝတ္ထု မှာ ခေါင်းစဉ် က အလျင် ရသည် ။ အချို့သော ဝတ္ထုများ မှာ ခေါင်းစဉ် နှင့် ဝတ္ထု တွဲ လျက် ရသည် ။ အချို့သော ဝတ္ထုများ မှာ ခေါင်းစဉ် ကို နောက်မှ တပ် ရသည်များ ရှိ၏ ။ ခေါင်းစဉ် ကို ဖြစ်ကတတ်ဆန်း မတပ်သင့်ပါ ။ အကြောင်းအရာ ဝတ္ထု ကောင်း ပါလျက် ခေါင်းစဉ် ညံ့ နေလျှင် မသင့်ပါ ။ ဝတ္ထုခေါင်းစဉ် သည် ဝတ္ထု အကြောင်းအရာ နှင့် ကိုက်ညီရမည် ။ သို့သော် တိုက်ရိုက်ကြီး လည်း မဖြစ် သင့်ပါ ။ ဆီသည်မ လက်သုတ်ဖတ် ကဲ့သို့ ဖန်တစ်ရာတေ နေသော ရိုးလွန်းသည် လည်း မဖြစ်သင့်ပါ ။ ကျစ်လျစ်စွာ လှပသော ခွန်အား ရှိသည့် စကားစု ဖြစ်၍ အနုပညာ မြောက်ရန် လိုသည် ။
ဝတ္ထု သည် ရသ မြောက်ရန် လိုသည် ။ ရသ ( ၉ ) မျိုး ကို သင့်လျော်စွာ အသုံးချခြင်းဖြင့် ရသ မြောက်သော ဝတ္ထု ဖြစ် စေသည် ။ ချစ် ၊ ရွှင် ၊ သနား ၊ တည် ၊ အား ၊ ကြမ်းကြုတ် ၊ စက်ဆုပ်ကြောက်ရွံ့ ၊ ရဲဝံ့အံ့ဩ နော အရသာ ဟု ဆိုသည် ။ သိင်္ဂါရ ရသ ချစ်စဖွယ် ဖြစ်အောင် ရေးနိုင်ခြင်း ၊ ဟာသရသ ရယ်ရွှင်ဖွယ် ဖြစ်အောင် ရေးနိုင်ခြင်း ၊ ကရုဏရသ သနားကြင်နာဖွယ် ရေးနိုင်ခြင်း ၊ သန္တရသ တည်ကြည်မှု ကို ဖြစ်စေအောင် ရေးသားနိုင်ခြင်း ၊ ရုဒ္ဒရသ ကြမ်းကြုတ်ဖွယ် ရေးသားခြင်း ၊ ဝိဘစ္ဆရသ စက်ဆုပ်ရွံရှာဖွယ် ဖြစ်အောင် ရေးနိုင်ခြင်း ၊ ဝီရရသ သတ္တိသွေး ကို ဖြစ်အောင် ရေးခြင်း ၊ ဘယာနကရသ ကြောက်ရွံ့ထိတ်လန့်အောင် ရေးနိုင်ခြင်း ၊ အမ္ဗုတရသ တအံ့တဩ ဖြစ်အောင် ရေးနိုင်ခြင်း စသည့် ရသ ( ၉ ) မျိုး ဖြစ်ပါသည် ။
ဝတ္ထုတို ရေးလို သူသည် သူများ ရေးသည့် ဝတ္ထုတိုများ ကို ဖတ်ရမည် ။ ဝတ္ထုတို ရေးသော စာရေးဆရာ စုံ ၏ ဝတ္ထုတို များစွာ ကို ဖတ် သင့်သည် ။ ကောင်း လျှင် ဘယ်လို ကောင်းသည် ၊ ဘာကြောင့် ကောင်းသည် ကို ဆန်းစစ်ဝေဖန် သော စိတ် ဖြင့် လေ့လာပြီး အတု ယူ သင့်သည် ။ မကောင်းသော ဝတ္ထု မကြိုက်သော ဝတ္ထု တို့ ကိုလည်း ဘာကြောင့် မကောင်းသည် ကို ဝေဖန် ဆန်းစစ်သင့်သည် ။
စု ၊ တု ၊ ပြု ဆိုသော မြန်မာမှု စကား ရှိပါသည် ။ စာရေးသူ သည် စာ အများ ကြီး ဖတ်ပြီး သူများ ရေးသည် တို့ မှ ကောင်းသည် တို့ ကို စု ရမည် ။ အတု ယူ ရမည် ။ ထို အခြေခံ မှ တစ်ဆင့် ကိုယ်တိုင် ရေးသော စာများ ကို ပြုစုရမည် ။တု ရင်း နှင့် ကြိုက်သည့် စာရေးဆရာ တို့ ၏ အာဘော်များ ကိုယ့် ကို လွှမ်းမိုးတတ်သည် ။ စိတ်ပျက်စရာ မရှိပါ ။ ဆက် ရေးဖန် များလျှင် ကိုယ်ပိုင်ဟန် နှင့် ရေးသော စာများ ဖြစ် လာလိမ့်မည် ။သူ့ ဟန် ပျောက်သွား ပါလိမ့်မည် ။
စာ ရေးရာတွင် စာဟန် နှင့် ရေးခြင်း ၊ စကားပြောဟန် ရေးခြင်း တို့မှာ ရေး ဟန် ပုံသဏ္ဌာန် ကိစ္စ သာ ဖြစ်ပါသည် ။ ကြိုက်ရာဟန် နှင့် ရေး နိုင်ပါသည် ။ ကိုယ် အသိ ပေးလိုသော အတွင်းသရုပ် ကို ပေါ်လွင်စွာ ဖော်ပြနိုင်ရန် သာ အရေးကြီး ပါသည် ။ အချို့သော ဖြစ်ရပ်များ မှာ စာဟန် နှင့် ရေး မှ ခန့် သည် ။ တည်သည် ။ တင်ပြပုံ ကောင်းပါသည် ။ အချို့သော အကြောင်းအရာများ မှာ စကားပြောဟန် နှင့် ရေးလျှင် အချက်အလက် ရှင်းလင်း၍ ပိုမို ကိုက်ညီ ကောင်းမွန်ပါသည် ။ နှစ်မျိုးလုံး ရေးနိုင်ပါသည် ။ အတွင်းသရုပ် နှင့် လိုက်ဖက်သည့် ပုံသဏ္ဌာန် ကို သုံးလျှင် ပို၍ အံဝင်ခွင်ကျ ဖြစ်ပါသည် ။ သတိထားသင့်သည် မှာ စာရေးဟန် နှင့် စကားပြောဟန် ကို ရောနှော မရေးမိရန် ဖြစ်ပါသည် ။
စာရေးဟန် နှင့် ရေးသည် ဖြစ်စေ ၊ စကားပြောဟန် နှင့် ရေးသည် ဖြစ်စေ ဇာတ်ကောင်များ မှ ပြောသော စကားများ ကို ဖော်ပြရာတွင် မျက်တောင်ဖွင့် ( “ ) မျက်တောင်ပိတ် ( ” ) အတွင်း သွင်း ၍ ဖော်ပြရမည် ။
စာ ရေးရာတွင် သဒ္ဒါ မှန်အောင် ရေးနိုင်ရန် နှင့် သတ်ပုံ မှန်အောင် လည်း ကြိုးစားသင့်သည် ။ စာပိုဒ် ခွဲ ၍ ရေးသင့်သည် ။ စာပိုဒ် အကြီးကြီး မရေးသင့်ပါ ။ အကြောင်းအရာ စုံ ပါဝင် နေသော စာပိုဒ်ကြီးများ မှာ ဖတ်ရသူ ကို ငြီးငွေ့ စေ သည် ။ အကြောင်းအရာ ပြောင်း လျှင် စာပိုဒ် ပြောင်း သင့်သည် ။
စာ ရေးရာတွင် ရုန့်ရင်းကြမ်းတမ်း ရိုင်းပျသော အသုံးအနှုန်းများ နှင့် ညစ် ညမ်းသော ဖြစ်စဉ်များ အသေးစိတ် ဖော်ပြခြင်း တို့ ကို ရှောင်ကြဉ် သင့်သည် ။
ဖန်တီးသော အနုပညာ ပစ္စည်း ဖြစ်သော်လည်း ယုတ္တိ ရှိရန် လိုသည် ။ သဘာဝ ကျစေသင့်သည် ။ ယုတ္တိ မရှိ သဘာဝ မကျ သည် ကို စာရေးသူ က အတင်း ဖန်တီးလျှင် စာဖတ်သူ လက်ခံ သဘောကျမည် မဟုတ်ပါ ။
စာ ရေးရာ တွင် ကိုယ့် အကြောင်း ၊ ကိုယ့် မိသားစု အကြောင်း ၊ ကိုယ့် မိဘ အကြောင်း ၊ ညီအစ်ကို မောင်နှမ အကြောင်း တို့ ကို ရေး ရာ၌ ကိုယ်ရည်သွေးမှု များ လုံးဝ မပါအောင် ရှောင်ကြဉ် သင့်ပါသည် ။ သူတစ်ပါး အကြောင်း ကို ရေး သည့် အခါမှာလည်း အမနာပ ရှုတ်ချ ဝေဖန်သော အတင်း ပြောဟန်မျိုး မှာ အရုပ်ဆိုး ၍ ရှောင်ကြဉ် သင့်ပါသည် ။
ကိုယ်တိုင် အသေအချာ မသိသည် တို့ ကို လည်း မလေ့လာဘဲ ရမ်းသန်း ရေးခြင်းမျိုး မဖြစ်သင့်ပါ ။ ကားလမ်း ရေလမ်း လွဲခြင်း ၊ မြို့အစဉ် လွဲခြင်း ၊ ဒေသ ဖော်ပြပုံ လွဲခြင်း စသည်တို့ မှာ အရုပ်ဆိုးသော အမှား ဖြစ်၍ ဝတ္ထု ကို အား လျော့ စေသည် ။
သဘောကျသော သူတစ်ပါး ၏ စာ ကို ခိုးယူ၍ အနည်းငယ် ပြုပြင်ခြင်း ၊ ခေါင်းစဉ် ပြောင်းခြင်း ဖြင့် ကိုယ့် စာ ဖြစ်အောင် မပြုသင့်ပါ ။ ထို နည်းမျိုးဖြင့် အောင်မြင်သော စာရေးဆရာ မဖြစ်နိုင်ပါ ။ နိုင်ငံရပ်ခြား ဝတ္ထုတိုကလေးများ ကို သဘော ကျလျှင် သူ့ ထံ မှ ရသော အနှစ်သာရ ကို ယူပြီး ကိုယ့်ရေ ကိုယ့်မြေ သဘာဝ ၊ ကိုယ့် အတွေ့အကြုံ တို့ ကို အခြေပြု ရေးနိုင်ပါသည် ။ ရည်ရွယ်ချက် ကောင်း ၊ အနှစ်သာရ ကောင်း ကို သာ ယူခြင်း ဖြစ်ပါသည် ။
ဘာသာပြန်ဝတ္ထု ၊ အမှီးဝတ္ထု ဖြစ်လျှင် သက်ဆိုင်ရာ စာရေးသူ နှင့် မူရင်း ဝတ္ထု ကို ဖော်ပြရပါမည် ။ လူမျိုးရေး ထိခိုက်စေသော ရေးသားမှု ၊ ဘာသာရေး ထိခိုက်စေသော ရေးသားမှု ၊ ပုဂ္ဂိုလ်ရေး ထိခိုက်စေသော ရေးသားမှုများ ကို ရှောင်ကြဉ် ရပါမည် ။ နိုင်ငံတော် နှင့် လူမျိုး ရိုးရာယဉ်ကျေးမှု တို့ ကို ထိခိုက်သော ရေးသားခြင်းမျိုးများ ကို ရှောင်ကြဉ်ရပါမည် ။
အောင်မြင်လိုသော စာရေးဆရာ ဖြစ်လိုလျှင် အောင်မြင်ရမည် ဟူသော စိတ် ကို မွေးမြူ၍ ဇွဲကောင်းစွာ နှင့် ကြိုးစား ရေး လျှင် အခက်အခဲ မှန်သမျှ ကျော် လွန်၍ အောင်မြင်ပါလိမ့်မည် ။
◾လယ်တွင်းသားစောချစ်
📖 စာရေးနည်း လမ်းညွှန်
No comments:
Post a Comment