Saturday, May 17, 2025

လောက ကို အလှခြယ်


 

❝ လောက ကို အလှခြယ် ❞
        ( မောင်နေဝင်း )

( ၁ )

အမှန်စင်စစ် အားဖြင့် တစ်နေ့တာလုံးလုံး မနားမနေ အလုပ် လုပ်ရခြင်း ဆိုသည် မှာ ပင်ပန်းရိုး အမှန်ပင် ဖြစ်၏ ။ ကျောတောင့် ခါးတောင့် စသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ၏ ပင်ပန်းနွမ်းနယ်ခြင်း သာမက ဟိုအရေး တွေးရ ၊ သည်အရေး တွေးရသော စိတ်ဓာတ် ၏ ပင်ပန်းနွမ်းနယ်မှု ကပါ ပူးပေါင်း နှိပ်စက်ပြန်သည် ။ သို့မို့ကြောင့်လည်း ကျော်ခင် သည် ဆိုက်ကား ကို အရိပ် ကောင်းကောင်း ရသော လမ်းဘေး တစ်နေရာ တွင် ထိုး ရပ်လိုက်ပြီး နောက် နဖူးပြင် တွင် သီးစက် နေသည့် ချွေးစများ ကို သိမ်းသပ်ရင်း ခေတ္တ ခဏမျှ နားနေမိခြင်း ဖြစ်၏ ။

ရန်ကုန် နေ မှာ အစွမ်းကုန် ပူပြင်းတောက်လောင်လျက် ရှိသည် ။ တွေ့တွေ့ သမျှ သက်ရှိသက်မဲ့ အရာဝတ္ထုတိုင်း ကို ကြမ်းတမ်းခက်ထန်သော အပူရှိန် ဖြင့် ရိုက်ပုတ် ညှင်းပန်းနေသည် ဟု ထင်ရသည် ။ လွန်ခဲ့သော တစ်ရက် နှစ်ရက် အတွင်း က မိုး တစ်ပြိုက် နှစ်ပြိုက်မျှ ရွာပြီးသည် မှာ မှန်၏ ။ မိုး ရွာစဉ် အခါက ဆိုလျှင် မိုးသက်လေ ၏ အေးမြသော အတွေ့အထိ ကို နှစ်လိုဖွယ်ရာ ပွေ့ဖက်ရသေးသည် ။ သို့သော် ရန်ကုန် ကဲ့သို့သော မြို့ကြီး၌ နေထွက်လာသည် နှင့် တစ်ပြိုင်နက် နေ ၏ အပူရှိန် တွင် ကတ္တရာလမ်းများ ၊ တိုက်တာ အဆောက်အအုံများ မှ ထုတ်လွှတ်သော အပူရှိန် တို့ ရောနှောမိကာ လောက တစ်ခုလုံး ကို ပို၍ ပူပြင်းတောက်လောင်အောင် ဖန်တီးသည်သာ ဖြစ်လေသည် ။

သို့မို့ကြောင့်လည်း ကျော်ခင် သည် တငွေ့ငွေ့ ပူနေသော သားရေ ဖင်ထိုင်ခုံ ပေါ်မှ ဆင်းကာ ချွေးရွှဲ နေသည့် လုံချည် ကို လှည့်၍ ဝတ်လိုက်ပြီး နောက် ခါးကြော ကို ဆန့်နေမိ၏ ။

သူ့ ဆိုက်ကား ရပ်ထားသော နေရာမှာ ခရေပင် အရိပ်များ စီးမိုးလျက်ရှိ သည့် နေရာ ဖြစ်သဖြင့် အေးမြ လေသည် ။ အဝေး တွင် နိုင်ငံတော်ဧည့်ဂေဟာ ၏ အဝင်ဝ သံတံခါးကြီး ကို လှမ်းမြင်ရသည် ။ ခရေပင်များ စီတန်းကာ ပေါက်နေသည့် လမ်းဘေး တစ်ဖက်တစ်ချက် ၌ လည်း တိတ်ဆိတ် ငြိမ်သက်သော အိမ်ကြီး အိမ်ကောင်း များ အစီအရီ ရပ်နေကြသည် ။

ကျော်ခင် သည် ခါးကြော နှင့် ခြေသလုံးကြောများ ကို အားပါးတရ ဆန့်ခါ ပြီးသော အခါ ဆိုက်ကား ကူရှင် ပေါ်သို့ တက် ထိုင်လျက် အပူငွေ့ အပူရှိန်တွေ ရိုက်ခတ် ခုန်ပျံနေသည့် လမ်းမ ပေါ် သို့ အဓိပ္ပာယ် ကင်းမဲ့စွာ ကြည့်နေမိ၏ ။ အတန်ငယ် လှမ်းသော ပြည်ထောင်စုရိပ်သာလမ်းမ ပေါ် တွင် တစ်ခါတစ်ရံ ကားကြီး ကားငယ်တွေ ဖြတ်သန်းသွားကြသည့် အခါ၌ ပေါ်ထွက်လာသော စက်သံ ၊ ဟွန်းသံ မှ အပ အခြား မည်သည့် အသံဘလံ ဟူ၍မျှ မရှိအောင် တိတ်ဆိတ် အေးမြသော နေရာပင် ဖြစ်လေရာ သူ သည် နောက် ကူရှင် ကို ခါးအောက် ၌ ခံရင်း ကျောဆန့် နေမိပြန်၏ ။

“ ဒီ ညတော့ စောစောပဲ သိမ်းခဲ့ပါ ကိုကျော်ခင် ရယ် ”

အေးရှင် ၏ အသံက ကျော်ခင့် နားဝ မှာ လာရောက် ရိုက်ခတ် လေသည် ။ အေးရှင် သည် လောဘကြီးသော မယား ဖြစ်၏ ။ ပိုက်ဆံတွေ အများကြီး ရချင် ၊ လက်ထဲ ၌ ပိုက်ဆံများများ ကိုင်ချင်သော မိန်းမ ဖြစ်၏ ။ အေးရှင် ၏ ငွေကြေးရမ္မက် ကို ကျော်ခင် က မနှစ်သက်ရိုး မှန်သည် ။ သို့သော် အေးရှင် ကို သူ ချစ်၏ ။ ငွေမက်သည် ငွေရချင်သည် ၊ ချောင်ချောင်လည်လည် နေချင်သည် မှ အပ အေးရှင် သည် သူ့ အပေါ် ၌ အလွန် ဝတ္တရား ကျေပွန်သော မယား ဖြစ်သည် မဟုတ်ပါလော ။

“ ကြည့်သေးတာပေါ့ကွာ ။ လဆန်းရက် ဆိုတော့ နည်းနည်းများ ပို ဆွဲလို့ ကောင်းမလား မသိဘူး ”

“ အင်း လဆန်းရက် တော့ လဆန်းရက် ပဲ ။ ဒါပေမဲ့ ကျွန်မများ သိပ် ဗိုက်နာ နေမလားလို့ စိုးရိမ်လို့ ပြောတာပါတော် ။ သိပ် ဗိုက်နာ နေရင် အိမ် မှာ ကလေးတွေ နဲ့ ချည်း ဆိုတော့ ခက်သားလား ”

အေးရှင် မှာ ကိုယ်ဝန် နေ့စေ့လစေ့ ဖြစ်နေပြီ ။ သိပ် ဗိုက် နာမည်လား ဟု စိုးရိမ်သောကြောင့် မိမိ အား စောစော ပြန်ခဲ့ဖို့ အေးရှင် က မှာခြင်း ဖြစ်သည် ။ ထိုအခါက ကျော်ခင် က “ အေးလေ ... စောစောပဲ သိမ်းလာခဲ့မယ် ” ဟု ပြောခဲ့လေသည် ။

ဗိုက်နာ မှာ စိုးသည့် အကြောင်းကို တွေးမိသောအခါ ကျော်ခင် သည် လှစ်ခနဲ သူ့ အဖြစ် ကို သူ ပြန်ပြောင်း စဉ်းစားမိသည့် အတွက် ရှည်လျားလေးတွဲ့စွာ သက်ပြင်း တစ်ချက် ချလေသည် ။

“ အင်း .. နောက် တစ်ယောက် ... နောက် တစ်ယောက် ”

ကျော်ခင် ၏ ရင်တွင်း ၌ ပဲ့တင်ထပ် သွားသော စကားလုံးများ ဖြစ်သည် ။ ဤ စကားလုံးများ နှင့်အတူ သူ့ ရင်တွင်း ၌ လည်း တုန်ယင်လှုပ်ရှား သွားသည် ။ သား သမီးတွေ တပြွတ်ပြွတ် မွေးလှချည်ရဲ့ ဟု လည်း အေးရှင် ကို အပြစ် တင်မိသည် ။ ဘာဖြစ်လို့များ သားသမီးတွေ ဒါလောက် ရပါလိမ့် ဟုလည်း ကျိတ်မနိုင် ခဲမရ တွေးမိသည် ။ သားသမီး ခဏခဏ မွေးသည့် ကိစ္စ နှင့် ပတ်သက်၍ ကျော်ခင် နှင့် အေးရှင် တို့ သည် အကြိမ်ပေါင်း များစွာ ရန်ဖြစ်ခဲ့ရသည် ၊ စကား များခဲ့ရသည် မဟုတ်ပါလော ။

“ ဟုတ်တယ် .. ကျုပ် က မွေးချင်လို့ မွေးနေတာ .. မွေးချင်လို့ မွေးနေတာ ကဲ သိပြီလား ”

တစ်ကြိမ် က သူ နှင့် အေးရှင် တို့ စကား များကြလေရာ အေးရှင် က အထက်ပါအတိုင်း ပြန်၍ ရန်တွေ့ခဲ့သည် ။ သားသမီး မရလိုသော အေးရှင် က လည်း ကိုယ်ဝန် ရှိပြီ ထင်လျှင် သူ တတ် သလောက် မှတ် သလောက် ဆေးမြီးတိုတွေ နှင့် သားသမီး မရအောင် ကုစားသည် ။ သို့သော် ဤသို့ ပြုလုပ်နေသည့် အကြားမှာ ပင် အကြီးဆုံး သမီး က ၈ နှစ် ၊ အလတ် သမီး က ၆ နှစ် ၊ နို့ညှာ ယောက်ျားလေး က ၃ နှစ် ရှိလာကြပြီး ယခု တစ်ဖန် တစ်ယောက် မွေးရပြန်ဦးတော့ မည့် အဖြစ်သို့ ရောက်မှန်း မသိ ရောက်လာခဲ့ရသည် ။

“ တခြား မဟုတ်ပါဘူးကွာ သားသမီးတွေ သိပ် များတော့ ကသီလင်တ နိုင်လွန်းလို့ ပြောတာပါ ။ ငါ က မင်း ကို အားအားရှိ ကလေးတွေ မွေးနေရမလား လို့ အပြစ် တင်နေတာ မဟုတ်ပါဘူး ။ အခု ကြည့်စမ်း ကလေး သုံးယောက် နဲ့ တောင် ဘယ်လောက် ကသီ သလဲ ။ လင်မယား နှစ်ယောက် ရဲ့ ဗိုက် ဝဖို့ မနည်း ကြိုးစားနေရတာ အခု သားသမီး သုံးယောက် ရှိလာတော့ ပိုပြီး ကသီလင်တ ဖြစ်တယ် မဟုတ်လား ။ ဒါတောင် အငယ်ကောင် ကို ကျောင်းလေး ဘာလေး မပို့ရသေးဘူး ။ နောက် တစ်ယောက် သာ ရလာဦးမယ် ဆိုရင်တော့ ... အင်း ”

“ ဒီတော့လည်း ရောက်ယားပေါ့ တော်ရယ် ။ ဘယ် တတ်နိုင်ပါ့မလဲ ”

သူ ပေးလိုက်သော ဆင်ခြေဆင်လက် အားလုံးမှာ အေးရှင် ၏ နိဂုံးချုပ်ချက် တွင် အရည်ပျော်ကျရသည်သာ ဖြစ်လေသည် ။

“ အေးလေကွာ ... ရောက်ယားလို့ ပဲ ပြောရတော့မှာပေါ့ ”

ဤ စကားကို အေးရှင် က မကျေနပ်ချေ ။ မျက်စောင်း တစ်ချက်ထိုး ကြည့် သော်လည်း မည်သို့မျှ တုံ့ပြန် ပြောဆိုခြင်း မရှိတော့ဘဲ ငေးငိုင်၍ သာ နေလေသည် ။ အမှန်အားဖြင့် ကျော်ခင် ကိုယ်တိုင် ကလည်း “ အေးလေကွာ ရောက်ယား လို့ပဲ ပြောရတော့မှာပေါ့ ” ဟူသော စကား ကို ဆိုလိုက်သည် မှာ မကျေမနပ် နှင့် ဆိုလိုက်ခြင်း ဖြစ်၏ ။ ဘာရယ်ညာရယ် ဟု ကွဲကွဲပြားပြား ဝေခွဲ စဉ်းစားခြင်း မရှိ သိလည်း မသိစေကာမူ သားသမီးတွေ ကို တစ်ယောက် ပြီး တစ်ယောက် မွေးနေသည့် အတွက်ကား ကျော်ခင် မှာ ရင်လေးနေမိသည်သာ ဖြစ်၏ ။

သို့မို့ကြောင့် အရိပ် ကောင်းကောင်း တွင် ကျောဆန့် အပန်းဖြေ နေသော ကျော်ခင် သည် နောက်ထပ် သက်ပြင်း တစ်ချက် ကို မှုတ်ထုတ် လိုက်ပြန်၏ ။

ယနေ့ အဖို့ရာ ၌ သူ သည် နံနက် ၉ နာရီ လောက် က စ၍ ဆိုက်ကား ဂိတ် ထိုးခဲ့သည် ။ ထိုးသောဂိတ် မှာ ကီလီလမ်း နှင့် ကမ်းနားလမ်း ဆုံရာ အနီးတွင် ရှိသည် ။ ဤ ဒေသတစ်ဝိုက် မှာ သူလို ငါလို နေ့လုပ် နေ့စားတွေ ၊ ဈေးတောင်းခေါင်းရွက်တွေ ၊ ကူလီတွေ နှင့် သင်္ဘော အတက်အဆင်း ခရီးသည်တွေ ပေါများသော ဒေသ ဖြစ်သဖြင့် ဆိုက်ကားသမားများ အတွက် ဝင်ငွေ ထိုင်းသော နေရာမျိုး ဖြစ်သည် ။ ကူလီများ အထမ်းသမားများ နှင့် နေ့လုပ်နေ့စားသမားများ ဈေးတောင်းခေါင်းရွက်များ က လည်း ဆိုက်ကား ဆိုသည်မှာ ဈေးကြီးသော ယာဉ် ဟု သတ်မှတ်ကြလေ သလား မသိ ။ အစီး နည်းလှ၏ ။ သင်္ဘော အဆင်း အတက် ခရီးသည်တွေ ကို စောင့်ဆွဲရပြန်သော အခါ၌ လည်း များစွာသော ခရီးသည် တို့ မှာ ဆိုက်ကား ထက် သုံးဘီးကား ကို ပို၍ အသုံးများ ကြပြန်၏ ။ သုံးဘီးကား မရ၍ မတတ်သာလွန်းသော အခါမှ သာလျှင် ဆိုက်ကား စီးလေ့ ရှိကြသည် ။ သို့ကလို စီးပြန်သောအခါ ဆိုက်ကား ဦးရေ က များပြီး ခရီးသည် ဦးရေ က နည်းနေတတ် ပြန်သည် ။

ကျော်ခင် သည် အိတ်ထောင် အတွင်း၌ ထည့်ထားသော ပိုက်ဆံကို ထုတ်၍ ရေလေသည် ။ ကျပ်တန် က ၄ ရွက် ၊ အကြွေ က ပြား ၅ဝ ။

“ အင်း မဆိုးလှဘူး ”

၄ ကျပ်ခွဲ မျှသော အသပြာ ကို ရေတွက် ကြည့်ပြီး နောက် အိတ် ထဲသို့ ပြန် ထည့်ရင်း နှုတ် က ရေရွတ်မိသည် ။

ထိုအခိုက်မှာ ပင် နံနက်စာ မစားရသေးသော သူ့ အဖြစ် ကို ဖျတ်ခနဲ သတိရလေသည် ။ နံနက်စာ စားလိုက်လျှင် အနည်းဆုံး ပြား ၅ဝ လောက်တော့ လျော့သွားဦးမည် ။ နံနက်စာ နှင့် မှ မပြီးနိုင်သေးဘဲ လက်ဖက်ရည် တစ်ခွက် လောက် သောက်ဦးမည် ဆိုလျှင်တော့ ငွေ ၄ ကျပ် ပြည့်အောင်ပင် ကျန်တော့မည် မဟုတ်ဟု တွေးမိပြန်သည် ။

ဤသို့လျှင် ရှုပ်ထွေး များပြားလှသော အတွေးများ အကြား မှ အေးမြ တိတ်ဆိတ်သည့် ပတ်ဝန်းကျင်၏ အတွေ့အထိကြောင့်လား မသိ ကျော်ခင် မှာ မနိုး တစ်ဝက် နိုးတစ်ဝက် မှေးစက် ငိုက်မျဉ်း နေမိသည် ။

( ၂ )

ကျော်ခင့် အသက်မှာ ၃၁ နှစ် ရှိချေပြီ ။ အေးရှင် နှင့် အိမ်ထောင်ကျစဉ် က ဆိုလျှင် ကျော်ခင် က အသက်၂ဝ ကျော်ကျော် ရှိပြီး အေးရှင် က အသက် ၂ဝ ပြည့် ခါစ အရွယ်ကောင်း အချိန်ကောင်း ဖြစ်ခဲ့သည် ။

ကျော်ခင် သည် ဇလွန်နယ်သား ဖြစ်၏ ။ ဇလွန်နယ် တွင် အခြေအနေ မငြိမ်မသက် ဖြစ်နေချိန်၌ မနေရဲတော့သည့် အတွက် ရန်ကုန် သို့ လာရောက် နေထိုင် သူ ဖြစ်၏ ။ ရန်ကုန် ရောက်စ တွင် သူ သည် ဟိုယောင်ယောင် သည်ယောင်ယောင် လုပ်ကာ ပါလာ သမျှ ငွေစကြေးစကလေးတွေ ကို ဖြုန်းတီး ပစ်ခဲ့ပြီး နောက် အလုပ် မရှိတော့သည့် အဆုံးတွင် မှ ကမန်းကတန်း ဆိုက်ကား တစ်စီး ကို နေ့စား အငှား ယူ၍ နင်းခြင်းဖြစ်၏ ။

ယင်းသို့ ဆိုက်ကား နင်းစဉ် အခိုက်အတန့် တွင် ကျော်ခင် သည် ညောင်ပင်လေးဈေး ၌ ဈေးရောင်း နေသော အေးရှင် နှင့် မျက်မှန်းတန်းမိခြင်း ဖြစ်သည် ။ အေးရှင် ကား ဆူးကလပ်ရေကျော် ဘက်မှ ရန်ကုန် သို့ လာရောက် နေထိုင်သူ ဖြစ်သည် ။ အမေအို နှင့်အတူ ဒိုးတူဘောင်ဘက် ဈေးတောင်း ခေါင်းရွက် လုပ်ကိုင်စားသောက်နေသူ လည်း ဖြစ်သည် ။ အေးရှင် သည် ဈေး ရောင်းလျှင် လည်၏ ။ သွက်လက်ချက်ချာ၏ ။ ဝမ်းရေး အတွက် လုပ်ကိုင်ရာ တွင် လာဘ်မြင်သူ လည်း ဖြစ်၏ ။ မင်းမနိုင်ကွက်သစ် ရှိ အိမ်တွင် အမေ လုပ်သူ နှင့် အတူ နေရင်း ညောင်ပင်လေးဈေး သို့ လာကာ ပျံကျ ကုန် ကောက်၍ ရောင်းသည် ။ ကုန် သယ်ရင်း ဟိုပို့သည်ပို့ ပို့ရင်း ကျော်ခင် နှင့် သိစွမ်း ကျွမ်းဝင်လာခြင်း ဖြစ်သည် ။

ကျော်ခင် ကား သွက်လက်ချက်ချာသော အေးရှင် ကို မြင်မြင်ချင်း ချစ်ကြိုက်မိလေသည် ။ သို့သော်လည်း ဈေးသည် ပီပီ ဇတ်ဇတ်ကြဲ နိုင်လှသော အေးရှင် ကို ဗြုန်းခနဲ ဖွင့် ပြောရမှာလည်း ခက်နေသည် ။ အကယ်၍ ဖွင့်ဟပြောဆို လိုက်သည့် အခါ၌ အေးရှင် က ကျေနပ်လျှင် တော်သေး၏ ။ မကျေနပ်၍ အမျက် ဒေါမာန် ပွားလျှင် ခက်ရချည်ရဲ့ ဟု တွေးကာ တော်တော် နှင့် မပြောဖြစ်ဘဲ အောင့်အည်း မျိုသိပ်ထားခဲ့လေသည် ။

ဤသို့နှင့်ပင် ကျော်ခင် သည် ဇလွန်မြို့ တွင် ကျန်နေသော မိဘ ထံသို့ ပို့ရမည့် ငွေစကလေးတွေ ကို တစ်ကိုယ် ထီးတည်း လည်း သုံးဖြုန်း နေမိလေ၏ ။ ဆိုက်ကား နင်း၍ ရသမျှ ပိုက်ဆံ ကို မျောက်ပန်း လှန်သည် ။ ခေါင်းပန်း လှည့်သည် ။ အရိပ် ကောင်းသော ဆိပ်ကမ်းဂိုထောင်များ နံဘေး တွင် ကြေးကြီးကြီး လောင်း၍ ကျားထိုး အဆင်သင့် လျှင် အရက်ကလေး ဘာကလေး သောက်လိုက်သေးသည် ။ သို့ကလို စည်းမဲ့ကမ်းမဲ့ သုံးဖြုန်း၍ ကုန်ပြီ ဆိုလျှင် သူ သည် ဖောက်သည် ဖြစ်နေ သော အေးရှင် ထံမှ ပိုက်ဆံ ချေးလေတော့သည် ။ ချေးသမျှ ပိုက်ဆံ ကို ဆိုက်ကားစီးခ များဖြင့် နှိမ်ပါ ဟု သူ က ပြော သော်လည်း အေးရှင် က မနှိမ်ချေ ။

“ ရှင့် ပိုက်ဆံတွေ ဘယ် ရောက်ကုန်ပြီလဲ ” ဟု ပင် အေးရှင် က မေးတတ် သည် ။ ထိုအခါမျိုး၌ ကျော်ခင် သည် ယောင်တီးယောင်တ လုပ်ကာ ဝေ့လည်ကြောင်ပတ် အဖြေတွေ ကိုသာ ပေးလေတော့သည် ။

သူ့ အဖြေတွေ ကို အေးရှင် က ယုံ မယုံတော့ မသိ ။ ကျော်ခင် တောင်းသော ပိုက်ဆံ ကို မူ ပေးလေ့ ရှိ၏ ။

ညောင်ပင်လေးဈေး မှာ အရောင်းအဝယ် ကောင်းသော ဈေးကွက် တစ်ခု ဖြစ်သည့် အတွက် အေးရှင် မှာ ထိုအချိန်က ငွေစ ရွှင်နေလေသည် ။ တစ်စ ထက် တစ်စ ရင်းနှီးကျွမ်းဝင် လာသောအခါ အကွက်ကောင်း စောင့် နေသည့် ကျော်ခင် က အေးရှင် အား ချစ်စကား ကြိုက်စကား ပြောသည် ။ အေးရှင် က လည်း ငြင်းဆိုခြင်း မပြုပေ ။

ဤသို့ နေခဲ့စဉ် အေးရှင် ၏ မိခင်ကြီး မှာ ကွယ်လွန်ခဲ့ လေရာ မိခင် မရှိသည့် နောက်ပိုင်း၌ တစ်ကောင်ကြွက် ဖြစ်နေသော အေးရှင် ကို ကျော်ခင် သည် ယူလိုက်လေ၏ ။ သူတို့ သည် မင်္ဂလာအခမ်းအနား ဟူ၍ ကြီးကြီးကျယ်ကျယ် ပြုလုပ်ခြင်း မရှိဘဲ ကျော်ခင် ၏ အပေါင်းအသင်း ဖြစ်သော ဆိုက်ကားသမား အချို့နှင့် အေးရှင် ၏ အပေါင်းအသင်း ဖြစ်သော ဈေးသည် အချို့ ကို ဖိတ်၍ လက်ဖက်ရည် နှင့် မုန့် နှင့် ဧည့်ခံကာ လက်ထပ်ပွဲကြီး အား ပြီးမြောက်စေခဲ့သည် ။

ညားကာစ ဆိုလျှင် ကျော်ခင် ရော အေးရှင် ပါ ပျော်မွေ့မိကြ၏ ။ ဘဝ အတွက် အလှမ်းကျယ်ကျယ် နှင့် ရှည်ရှည်ဝေးဝေး တွေးမနေ ။ နောင်ရေး ဆိုသည် ကို မစဉ်းစား ။ သွေးတက်စ နုပျိုစ အချစ်စိတ်တွေ ပွင့်လန်းစ အရွယ်တွေ ပီပီ ။ သွားလိုက် လာလိုက် စားသောက်လိုက် နှင့် သာ အချိန် ဟူသမျှကို ဖြုန်းတီး ခဲ့ကြလေ၏ ။ အရာရာတိုင်း သည် သူတို့ အတွက် ပျော်စရာ အတိ သာ ဖြစ်၏ ။ ပျော်ပွဲရွှင်ပွဲတွေ ပေါလှသော သွားစရာ လာစရာ များလှသော ရန်ကုန်မြို့တော်ကြီး ၌ သူတို့ ၏ အိမ်ထောင်ရေး မှာ အပူအပင် ဆိုတာ ကင်းမဲ့လှသည့် အိမ်ထောင်ရေးမျိုး သာ ဖြစ်ခဲ့၏ ။

ညောင်ပင်လေးဈေး သည် လည်း တိမ်ကော သွား၏ ။ မင်းမနိုင်ကွက်သစ် မှ တစ်ဆင့် သူတို့ သည် ပရွက်ဆိတ်ကုန်း သို့ ပြောင်းရွှေ့လာကြရ၏ ။ အေးရှင် မှာ လည်း သားသမီးတွေ တစ်ယောက် ပြီး တစ်ယောက် ရလာပြီ ဖြစ်သည့် အတိုင်း ဟိုစဉ်က လို ဈေးမရောင်းနိုင် ကျော်ခင် သည် လည်း အိမ်ထောင်ကျကာစ ဆိုက်ကား နင်း သည့် အလုပ် ကို ပစ်၍ အေးရှင် နှင့် အတူတူ ပျော်ပျော်ကြီး သုံးခဲ့လေရာ မှ ယခု ငွေစ ကြေးစများ ခမ်းရုံမျှ မက အခြား တစ်ပါးသော အလုပ် ကို မရွေးချယ် နိုင်တော့သည့် အားလျော်စွာ မူလ ဆိုက်ကား နင်းသည့် အလုပ် ကို သာ ပြန်လည် လုပ်ကိုင်ရလေတော့ သည် ။

“ ကလေးတွေ လက်လွှတ် ရ ရင်တော့ ဈေးကလေး ဘာလေး ပြန်ရောင်းဦးမှပါ ”

တစ်နေကုန် တစ်နေခန်း ဆိုက်ကားန င်းနေသော ကျော်ခင် အတွက် မကြည့်နိုင်သည့် အလား အေးရှင် က ပြော၏ ။

“ ကိစ္စ မရှိပါဘူးကွာ ငါ နင်းနိုင်ပါတယ် ”

“ နင်း တော့ နင်းနိုင်တာပေါ့လေ ။ ဒါပေမဲ့ ကျွန်မ ပါ ဈေး ရောင်းရင် ပိုပြီး ချောင်လည်အောင် လို့ပါ ”

“ မင်း ဥစ္စာက ပြောသာ ပြောနေရတယ် ။ ကလေး က လည်း တစ်ယောက် လက်လွှတ်ရမယ် ကြံလိုက် တစ်ယောက် လာတော့တာပဲ ။ တစ်ယောက် နဲ့ တစ်ယောက် ဆက်နေတာ နဲ့ မင့် မလည်း မအားရပါဘူးကွာ ။ အဲဒီတော့ မထူးပါဘူး ဈေးရောင်းဖို့ လည်း စိတ်မကူးနဲ့ ”

“ ဈေး မရောင်းတော့ ပိုက်ဆံ က ရှင် နင်းတာပဲ ရတာပေါ့ ။ ဈေးရောင်း တော့ ပိုက်ဆံ ပို ရမှာပေါ့ ”

“ ဒီ ပိုက်ဆံ စကားပဲ ပြောနေတာပဲ အချိန်တန်တော့ လည်း ပိုက်ဆံ ဆိုတာ ရဦးမှာပေါ့ကွာ ။ မင်း တို့ဟာ နည်းနည်းတော့ လောဘ ထွက်လွန်း အားကြီးတယ် ”

ကျော်ခင့် စကား ကို အေးရှင် က မခံနိုင်ချေ ။

“ လောဘ ထွက်တယ်လို့ ရှ င်က ပြောတာကိုး ။ စားတဲ့ ပါးစပ်ပေါက်တွေ တိုး လာတာရော တွက်ဦးမှပေါ့ ။ ဟိုတုန်းက တစ်နေ့ ကို သုံးလေးကျပ် ပဲ ရဦး ရေသောက် ဗိုက်မှောက် အိပ်နေလို့ ရတယ် ။ အခု ရှင့် ဒီဟာလေးတွေ က အဲဒီလို ရေသောက် ဗိုက်မှောက် အိပ်မယ့် ဟာလေးတွေ မဟုတ်ဘူး ။ အချိန်တန် ရင် မုန့် အချိန်တန် ရင် ထမင်း တစ်မျိုးပြီး တစ်မျိုး ”

ကျော်ခင် သည် ဘာမျှ ဆက် မပြောတော့ဘဲ အတန်ကြာမျှ ငြိမ်သက် နေ၏ ။ သူ့ ရင်တွင်း ၌ လှိုင်းဂယက် ရိုက်ခတ် သလို အတွေးများ စိတ်ကူးများ ခုန်ပျံလှုပ်ရှား လျက်ရှိ၏ ။ အေးရှင် ပြောသော စကားတွေ မှန်ပါကလား ဟု ရုတ်ချည်း သဘော ပေါက် နေမိ၏ ။ သို့သော် တစ်စုံတစ်ခု ကို မူ စိတ်တွင်း က မကျေမနပ် ဖြစ်နေသေး၏ ။

“ အေးလေ ... ဒီ ကလေးတွေ ကလည်း တစ်ကောင် ပြီး တစ်ကောင် ထွက် ထွက် နိုင်လွန်းတယ် ”

ကျော်ခင် ၏ မကျေနပ်ချက် မှာ ပေါက်ကွဲ၍ ထွက်လာသည် ။ ကလေးတွေ တစ်ယောက် ပြီး တစ်ယောက် ရလာသည် ကို သူ မကျေနပ် ခြင်းဖြစ်သည် ။ အေးရှင် ၏ အတွင်းစိတ် ကို မူ ကျော်ခင့် မှာ သိနိုင်သည့် အစွမ်းသတ္တိ မရှိချေ ။

“ ဒါကတော့ ဘယ့်နှယ့် လုပ်မလဲ ကိုကျော်ခင် ရယ် ” ဟု အေးရှင် က တီးတိုး ညည်းတွား လေသည် ။ ထိုအခါ ကျော်ခင့် မှာ အေးရှင် အပေါ်၌ သနား မိပြန်သည်တည်း ။

( ၃ )

“ ဆိုက်ကားဆရာ အားသလား ”

“ ဟုတ် .. ဟုတ်ကဲ့ အားပါတယ် ”

ကျော်ခင် က အိပ်မက် ထဲ မှာ လို ကယောင်ကတန်း ပြန် ဖြေရင်း မျက်စိ ဖွင့် ကြည့်သောအခါ သူ့ ဆိုက်ကား နား၌ လူ တစ်ယောက် ရပ်နေသည် ကို ဝိုးတဝါး တွေ့ရလေ၏ ။

“ ဒါဖြင့် မြန်မြန် လုပ်စမ်းဗျာ ။ ကျုပ် ကို ဒပ်ဖရင် ဘက် ပို့ ပေးစမ်းပါ နီးသားပဲ ”

ကျော်ခင် သည် ထို လူ ကို တင်ကာ နင်း ထွက်လာ၏ ။ သစ်ပင်ရိပ်များ မှာ အတန်ငယ် ရှည်လျား နေကြလေပြီ ။ အပူရှိန် သည်လည်း စောစောက ထက် လျော့ပါး သွားသည် ကို သတိထား မိလိုက်လေသည် ။

“ ဘယ်နှနာရီ လောက် ရှိပြီလဲမသိဘူး ”

“ ၄ နာရီ ထိုးတော့မယ် ။ အေးဗျာ .. ခပ်သုတ်သုတ်ကလေး နင်း ပေးစမ်း ပါ ။ ကျုပ် မိန်းမ က ဗိုက်နာတယ် ဆိုပြီး ဆေးရုံ တင်ထားရတာ ၄ ရက် ရှိသွားပြီ ။ ဒီနေ့များ မွေးမလား မသိဘူး ။ အရေးထဲ ကျမှ အိမ် က ကား ကလည်း ဝပ်ရှော့ ပို့ထားရ တယ် ။ ခက်လိုက်ပုံများနှယ် ”

ထိုအခါကျမှ ပင် ကျော်ခင် သည် နာရီ အတော်ကြာမျှ အိပ်ပျော်သွားကြောင်း သိရလေတော့သည် ။ ယင်းသို့ သိသည်နှင့် တစ်ပြိုင်နက် သူ့ ရင်တွင်း မှာ ဘလောင်ဆူ လာပြန် သော်လည်း ကိုယ့်သောက ကို မစဉ်းစားအားသေးဘဲ မိန်းမ ဗိုက်နာ နေသည် မှာ ၄ ရက် ရှိပြီ ဆိုသော ၊ ကား ကို ဝပ်ရှော့ ပို့ထားရသည် ဆိုသော မိမိနံဘေး မှ ခရီးသည် ၏ အလိုကျ ဖြစ်စေရန် အားတိုက်ခွန်တိုက် နင်းလာခဲ့လေသည် ။

“ ကျေးဇူးပဲ ရော့ဗျာ တစ်ကျပ် ယူ ”

ထို ခရီးသည် မှာ သားနား သပ်ရပ်သော အဝတ်အစားများ ဝတ် ထားသည် ။ အဝတ်အစား အဆင်အပြင် နှင့် ပြောပုံဆိုပုံ ကို ထောက်ချင့်ရခြင်း အားဖြင့် အတန်ငယ် အထက်တန်းကျသူ ဟု ထင်ရသည် ။ ယခု လည်း ပြား ၅ဝ မျှ သာ တန်သော ခရီး အတွက် ငွေ တစ်ကျပ် ပေးနေသည် ။

ထို ခရီးသည် ပေး သွားသော ငွေတစ်ကျပ် ကို ယူကာ ကျော်ခင် သည် ကမန်းကတန်း ပြန် ထွက်လာသည် ။ ဗိုက်နာ နေမည် စိုးသည် ဟု မှာ လိုက်သော အေးရှင် ကို လည်း လှစ်ခနဲ ပြန် သတိရလာသည် ။ မိမိ ရ ထားသော ပိုက်ဆံ က လည်း စောစောက တစ်ကျပ် ပါ ထည့်ပေါင်း မှ ၅ ကျပ် ကျော်ကျော်မျှ သာ ရှိသေးသည် ။

ကီလီလမ်း အတိုင်း နင်း လာပြီးနောက် ဝမ်း ထဲမှာ ဘလောင်ဆူနေသော ဆာလောင်မွတ်သိပ်ခြင်း ဒဏ် ကို မခံနိုင်တော့သည့် အဆုံး ရေခဲစက် နား ရှိ ကု,လားထမင်းဆိုင် တစ်ဆိုင် သို့ ဝင်၍ ကမန်းကတန်း ထမင်း မှာ စားလိုက်သည် ။ ဝမ်းပြည့် သွားသောအခါ စောစောက ခရီးသည် ၏ အကြောင်းသည် သူ့ ဦးနှောက် အတွင်းသို့ ဝင်လာပြန်၏ ။ မိန်းမ ဗိုက်နာ နေသဖြင့် ရေးကြီးသုတ်ပျာ ဆေးရုံသို့ သွားသော ထို အမည်မသိ ခရီးသည် အကြောင်း ကို ရောက်တတ်ရာရာ လျှောက် စဉ်းစားနေမိရင်း သူ့ အတွေးများသည် လျင်မြန်သော မြှားတံ ပမာ ရွေ့လျား ပြေးလွှား နေလေ၏ ။

“ အေးရှင်များ ဗိုက်နာ နေမလား ”

ဤ အမေးကို သူ့ ဘာသာ သူ မေးပြီး သူ့ ဘာသာ သူ လည်း မဖြေတတ်ချေ ။ ဗိုက်နာ လျှင် မိမိ အနားမှာ ရှိဖို့ လိုသည် ။ အနားမှာ ရှိဖို့ အတွက် ပြန်ရအောင် ကလည်း တစ်နေ့တာ အတွက် ငွေ ကမရသေး ။ အုံနာခ နှုတ်လျှင် အများဆုံး ကျန်လှ ကိုယ့် အတွက် ၃ ကျပ် ပဲ ကျန်မည် ။

နောက်ဆုံး၌ အတွေးများ ဒဏ် ကို မခံနိုင်တော့သည့် အလား ကျော်ခင် သည် ဆိုက်ကား အပ်နေကျ အိမ်တွင် ဆိုက်ကား ကို အပ်ထားခဲ့ ပြီးနောက် မြောက်ဥက္ကလာသို့ ကား စီး၍ ပြန်လာခဲ့လေ တော့သည် ။

“ ရှင် .... စောလှချည့်လား ”

အိမ် ထဲသို့ ဝင်မိသည် နှင့် တစ်ပြိုင်နက် အေးရှင် က ဆီး ပြောသည် ။ သမီး အကြီး မှာ မီးဖိုချောင် တွင် ဟင်းအိုး မွှေးနေပြီး သမီး အလတ် နှင့် နို့ညှာသားကလေး တို့ မှာ အိမ်ရှေ့ တွင် ဖုတ် အလူးလူး ဖြင့် ကစား နေကြလေ၏ ။

“ မင်း ဗိုက်နာသေးလား ”

အေးရှင် ၏ အမေး ကို မဖြေဘဲ အေးရှင် ကို သာ သူ က မေးလိုက်သည် ။ အမောတကော ဖြစ်နေသော ကျော်ခင် ကို ကြည့်ကာ အံ့အားသင့် နေသည့် အေးရှင် က သင်ဖြူးဖျာ ထက် တွင် လဲလျောင်းနေရင်း ...

“ အင်း ... နည်းနည်း နာတယ် ”

“ မင်း ဆေးရုံ ကို သွားမလား ။ ဒပ်ဖရင် ကို လေ ... ငါ လိုက်ပို့ပေးမယ် ”

အေးရှင် သည် သူ့ ယောက်ျာ အား ထူးဆန်းသော သတ္တဝါ တစ်ကောင် ကို တွေ့မြင်ရ သလို ကြည့်နေမိ၏ ။ သမီး အကြီး မှ စ၍ အားလုံးသော ကလေးများ ကို အိမ် မှာသာ လက်သည် ဖြင့် မွေးခဲ့သည် ကို ကျော်ခင် ကောင်းစွာ သိပါလျက် နှင့် အဘယ့်ကြောင့် ယခုမှ ဆေးရုံ သွားမလား ဘာလား ဖြင့် မေးနေရပါသနည်း ။

“ ရှင် ကလည်း ဘာဖြစ်လာတာလဲ ။ အိမ် မှာ မွေးနေကျ ဥစ္စာ ”

အေးရှင် က စိတ် မရှည်တော့ သလို ပြောလေသည် ။

“ အေးလေ .. ဘာမှ မဖြစ်ပါဘူး ။ မင်း သိပ်များ နာနေသလားလို့ပါ ။ ဒါဖြင့် ငါ ဆရာမ သွား ခေါ်လိုက်မယ်လေ ”

“ နေပါစေ .. စောစောက တစ်ခေါက် လာသွား ပြီးပြီ ။ တော်ကြာမှ ပြန်လာလိမ့်မယ် ။ ဒီည မွေးမယ် တဲ့ ပြောသွားတယ် ။ နို့ ဒါထက် နေပါဦး ။ ရှင် သိမ်းလာတာ စောလှချည့်လား ”

“ အေး ... မင်း သိပ် ဗိုက်နာနေမှာ စိုးလို့ ”

ကျော်ခင် က လေအေးအေး နှင့် ဖြေလိုက်သည် ။ အေးရှင် ကမူ ထူးထူးခြားခြား ဖြစ်လာသော သူ့ လင် အား ငေးစိုက်နေဆဲပင်တည်း ။

ညဦးပိုင်း က စ၍ အေးရှင် ဗိုက်နာ လေတော့သည် ။ ဆရာမ လည်း ရောက်လာသည် ။ ကျော်ခင် မှာ မူ ကလေး သုံးယောက် ကို နေရာ ချပေးရ ၊ တောက်တို မယ်ရ လုပ်ရ နှင့် အလုပ် ရှုပ်လျက်ရှိ၏ ။ ခါတိုင်း ဗိုက်နာပြီ ဆိုလျှင် လျှောလျှောရှူရှူ မွေးလေ့ ရှိသော အေးရှင် မှာ တစ်ညလုံးလုံး ဗိုက်နာ ပြီးနောက် မိုးလင်းခါနီး မှ ပင် မွေးလေတော့သည် ။

“ ယောက်ျားလေး မောင်ကျော်ခင် ရေ .. နည်းတဲ့ အကောင်ကြီး မဟုတ်ဘူး ”

မီးနေခန်း အဖြစ် လုပ် ထားသော အိပ်ခန်းတွင်း မှ ဆရာမ ၏ အသံ ပေါ်ထွက် လာသော အခါ ကျော်ခင့် နှလုံးသွေးများ သည် ပို၍ အခုန် မြန်လာကြ၏ ။ ဝမ်းသာသလား ၊ ဝမ်းနည်းသလား စသည်ဖြင့် ရေရေရာရာ ဝေခွဲ၍ မရသော စိတ် ကလည်း သူ့ တစ်ကိုယ်လုံး ကို လွှမ်းမိုး ကြီးစိုးလျက် ရှိ၏ ။

အခန်း အတွင်း သို့ ဝင်လာခဲ့သည် ။ အေးရှင် သည် ဖျော့တော့အားနည်း သော မီးရောင် အောက် တွင် နွမ်းနယ်လှသည့် မျက်လုံး အစုံဖြင့် လှမ်း ကြည့်လျက် ရှိသည် ကို ကျော်ခင် တွေ့ရ၏ ။ ထိုအခိုက် မိုးပြေးကလေး တဖြောက်ဖြောက် ရွာချ လာ လေသည် ။ မုတ်သုန်ဦး ၏ တေး ကို ဟစ်ကြွေးရင့်ကျူးသော မိုးပြေးကလေး ပင် ဖြစ်ပါ လိမ့်မည် ။ ထို မိုးပြေးကလေး တဖြောက်ဖြောက် နှင့် အတူ မိုးသက်လေ လည်း လိုက်လာသည် ။ ကျော်ခင် သည် တုန်ယင် လှုပ်ရှားနေသော ရင် ကို ရှင်းလင်း ကြည်လင်စေရန် အလို့ငှာ သက်ပြင်း တစ်ချက် ကို မသိအသာ ချလျက် အေးရှင် ၏ အပါး ၌ ဝင် ထိုင်လိုက်သည် ။

“ သား က တကယ့် လူထွားကြီး ပဲ နော် ”

အေးရှင် က လေသံယဲ့ယဲ့ ဖြင့် ပြောသည် ။ ကျော်ခင် သည် ခေါင်း ကို တဆတ်ဆတ် ညိတ်ကာ မွေးကင်းစကလေး ၏ မျက်နှာ ကို တစ်လှည့် ၊ အေးရှင် ၏ ဖျော့တော့ နွမ်းလျ သော်လည်း ပြုံး နေသော မျက်နှာ ကို တစ်လှည့် ကြည့် နေမိလေ၏ ။ သူ့ ရင်တွင်း ၌ လည်း တုန်ယင်လှုပ်ရှား လျက် ရှိ၏ ။

“ ကျွန်မတို့ တော့ သား တစ်ယောက် မွေးပြန်ပြီ ... ” ဟု အေးရှင် က ဆိုသည် ။

“ အိုကွာ ... မွေးတာ ဘာဖြစ်လဲ ၊ ကောင်းတာပေါ့ကွ ။ ဒါမှ တို့မှာ သားသမီးတွေ တပြုံကြီး နဲ့ ဘယ်လောက်များ ပျော်စရာ ကောင်းမလဲ ။ ဝင်ငွေ ပို လာအောင် ငါ ပိုပြီး ကြိုးစားမှာပေါ့ ”

ကျော်ခင် က နှစ်သိမ့်စကား ပြော လိုက်ရသည် ။ ဤ စကား သည် အေးရှင် ကျေနပ် နှစ်သိမ့်စေရန် အတွက် လောက်သာ ပေါ်ထွက် လာသော စကား မဟုတ် ။ ကျော်ခင် ၏ ရင် တွင်း နှလုံးသား တွင်း မှ အန်ထွက် ပွင့်ကျလာသော စကား ဖြစ်သည် ကို အေးရှင် က ရိပ်စားမိလေသလား မသိ နွမ်းနယ်သည့် အကြားမှ ပင် သူ ၏ ဖျော့တော့ သော နှုတ်ခမ်း အစုံ တွင် အပြုံးပန်း ကို ဖူးပွင့်ထားစေလေသည် ။ ကျော်ခင် က လည်း အေးရှင် ၏ လက်ဖဝါး ကို အသာအယာ ဆုပ်ကိုင် ထားလိုက်ကာ ပြုံး နေမိ၏ ။

အပြင်ဘက် ၌ မူ မိုးတဖွဲဖွဲ ကျနေရာ မှ သည်း လာသော မိုးစက် မိုးပေါက် များ က မုတ်သုန်တေး ဖြင့် လောက ကို အလှ တစ်မျိုး ခြယ် နေလေပြီ ။

▢ မောင်နေဝင်း
📖မြဝတီ မဂ္ဂဇင်း
     ဇူလိုင် ၊ ၁၉၆၅

No comments:

Post a Comment