❝ စာပေရေးသားခြင်း အနုပညာ ❞
( ညိုထွန်းလူ + မေဇွန်အေး )
မန္တလေးမြို့ မှာ စာပေချစ်သူများ အဖွဲ့ ၊ စာပေ နှင့် ပရဟိတကွန်ရက် ၏ စီစဉ်မှုအရ ၊ စာပေအနုပညာ မျှဝေခြင်း အမှတ်စဉ် ၁၇ ကို ၊ ၂၀၁၇ ဧပြီလ ( ၄ ) ရက်နေ့ မှာ ချမ်းအေးသာစံမြို့နယ် ၊ လှထွေတိုက် ဘဝတံခွန်ကျောင်း ၌ ပြုလုပ်ခဲ့ပါတယ် ။
အမှတ်တရပွဲ အဖြစ် ဆရာမင်းချမ်းမွန် က Moderator အဖြစ် ဆောင်ရွက်ပြီး မန္တလေးမြို့ မှ ဆရာ ညိုထွန်းလူ ၊ ဆရာမ မေဇော် နှင့် ရန်ကုန်မြို့ မှ ဆရာမ မေဇွန်အေး တို့ ဖြင့် ဝတ္ထုတို နှင့် အက်ဆေးအကြောင်း စာပေစကားဝိုင်း ပုံစံ မျှဝေ ပေးခဲ့ပါတယ် ။
ဆရာညိုထွန်းလူ က
ဝတ္ထုတို တစ်ပုဒ် ဖန်တီးရာတွင် အတတ်ပညာ ရာခိုင်နှုန်း ၅၀ နှင့် အနုပညာ ရာခိုင်နှုန်း ၅၀ ပါဝင်ကြောင်း ထောက်ပြပြီး ၊ စံနမူနာ အဖြစ် ဆရာကြီးထင်လင်း ၏ ဝတ္ထုတို တစ်ပုဒ် ကို ထုတ်နုတ်ကိုးကား ဖတ်ကြား ရှင်းလင်း ခဲ့ပါတယ် ။
အက်ဆေး နှင့် ပတ်သက်၍ ဆရာညိုထွန်းလူ က ဘာပဲ ရေးချင် ရေးချင် စိတ်ထဲ ဖျတ်ခနဲ ပေါ်လာသော အတွေး ကို ချက်ချင်း ရေးပါ ။
အက်ဆေး ဆိုတာ ရသ နှင့် ပေါင်းစပ်ထားသော စာတစ်ပုဒ် ဖြစ်ဖို့ လိုသည့် အတွက် ဆရာတိုက်စိုး ၊ ဆရာမြသန်းတင့် တို့ ၏ အက်ဆေးများ ကို ဖတ်ဖြစ် အောင် ဖတ်ဖို့ တိုက်တွန်းသည် ။ ဆရာများ ၏ စာ ကို ဖတ်ခြင်း ဖြင့် နှစ်သက်မှု ကို ခံစား ရရှိပြီး ၊ အတုယူ တတ်လာမည် ဖြစ်ကြောင်း လည်း မျှဝေ ပေးခဲ့သည် ။
ဆရာမင်းချမ်းမွန် ၏ အမေး ကို ဖြေရာ တွင် ဆရာမ မေဇွန်အေး က
' ဝတ္ထု ' ဆိုတာ လူတွေ အကြောင်း ၊ လူ့ သဘော လူ့မ နော ၊ လူတို့ ၏ စရိုက် ကို သာ ရေးသားခြင်း ဖြစ်သည် ။ အနုပညာ ဆိုတာက ဖန်တီးမှု တစ်ရပ် ဖြစ်ပြီး အတတ်ပညာ ဆိုတာ က လေ့လာမှု နှင့် ဝမ်းစာပြည့်ဝမှု သာ ဖြစ်ရာ ၊ ဝမ်းစာ ပြည့်ဝအောင် စာများများ ဖတ်ဖို့ လိုကြောင်း ဆွေးနွေး ဖြေကြားသည် ။
ထို့ပြင် ၊ သွားလာလှုပ်ရှား ရင်း ၊ စာဖတ် ရင်း က အလင်းတစ်စ ဖျတ်ခနဲ ရပြီး ၊ ရင်ထဲ က အခိုက် တစ်ခု နှင့် ကြုံလာသောအခါ ဝတ္ထု တစ်ပုဒ် ဖြစ်လာ နိုင်သလား ဆိုသော အမေး ကို ဖြေ ရလျှင် အလွန် ဖြစ်နိုင်ပုံ ကို ၊ အနီးစပ်ဆုံး သာဓက အဖြစ် ဆရာညိုထွန်းလူ ၏ ' မျက်ရည်များ ' ဝတ္ထု ကို ဖတ်ပြီး ကျွန်မ ရင် ထဲ မှာ ရှိနေသည့် အခိုက် တစ်ခု နှင့် တိုးတိုက်မိလာ၍ ' အိုမင်းခြင်း တောအုပ်၏ လမ်းခွဲ ' ဝတ္ထုတို တစ်ပုဒ် ရေးသားဖြစ်ပုံ ကို ရှင်းလင်း မျှဝေ ပေးခဲ့သည် ။
▢ ညိုထွန်းလူ + မေဇွန်အေး
📖စာပေရေးသားခြင်း အနုပညာ
No comments:
Post a Comment