Saturday, May 10, 2025

လန်းဖိုင်စာသိုက် ( ၂၇ )


 

❝ လှပူရီ ဂယက် ❞

ကျွန်တော့် အစ်ကို ထံ မှ ကျွန်တော် ရရှိထားသော သဘောတရား တချို့ ရှိပါသည် ။ အလုပ် ကိစ္စ တစ်ခုကို တစ်ကြိမ် မဖြစ်မြောက် လျှင် အကြိမ်ကြိမ် ပြန် ကြိုးစားသည့် သဘောတရား နှင့် ကိုယ့် ကိုယ် အားပြိုင် အားစမ်း လာလျှင် ပြတ်ပြတ်သားသား စိန်ခေါ် ရင်ဆိုင်ပစ်လိုက်သည့် သဘောတရား တို့ပင် ဖြစ်သည် ။

ထိုသဘောတရား ကြောင့်ပင် ကျွန်တော် နှင့် ကိုဆန်နီ တို့ ထိုင်းထောက်လှမ်းရေး ဗဟိုအချုပ် မှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည် ။

ပြဿနာများ ၏ အစ မှာ နယ် မှ သူငယ်ချင်း ဖြစ်သူ အေးဇော် ၏ ညီ တစ်ယောက် ကျွန်တော့် ထံ ရောက်လာခြင်း မှ စခဲ့ပါသည် ။ သူ က မိတ္ထီလာ မှ လာခဲ့သူ ဖြစ်သည် ။ ဘန်ကောက် ကို ထွက်နိုင်ဖို့ သူ့ မှာ စာအုပ် ရှိသည် ။ သူ့ အစ်ကို အေးဇော် ရှိရာ စင်ကာပူ သို့ ကျွန်တော်တို့ အစီအစဉ် ဖြင့် သွားမည့်သူ ဖြစ်၍ ကျွန်တော် ဘန်ကောက် လေဆိပ် မှ သွား ကြိုလာခဲ့သည် ။

ဤအထိ ကား ဘာ ပြဿနာ မှ မရှိသေး ။

ကျွန်တော် နှင့် သူ့ အစ်ကို အေးဇော် တို့ မည်သို့ ပြောဆိုထားကြသည် ။ မည်သို့ စီမံထားကြသည် ကို သူ က သေသေချာချာ မသိထားခဲ့ ။ ကျွန်တော့် ဆီ ရောက်ပြီး ငါးရက် အကြာ တွင် ကောင်လေး က တခြား လူပွဲစားများ ၏ စကား ကို နားယောင် ကာ ကျွန်တော့် ဆီ က ခွာချင် နေ၏ ။ သူ့ အပြစ် လည်း မဆိုသာ ။ တစ်လ တစ်လ လျှင် လူနှစ်ဆယ်နီးပါး အပို့အကြို လုပ်ပေး နေသော ကျွန်တော်တို့ လုပ်ငန်း ကို မနာလိုသူ တချို့ ရှိလာခဲ့သည် ။ အတူ နေသူ များ ထဲ မှ ပင် ဖြစ်ပါသည် ။ သူတို့ က ကျွန်တော့် အစ်ကို မရှိခိုက် ကျွန်တော့် ကို အားစမ်း လာကြ၏ ။ ကောင်လေး ကို ဈေးနှုန်းသက် သာစွာ ဖြင့် ပို့ပေးပါမည့် အကြောင်း စည်းရုံး တော့သည် ။ ကောင်လေး ကလည်း သူ ထင်ထားသည် မှာ ကျွန်တော့် ကို သူ့ အစ်ကို မှ ဒေါ်လာထောင် နှင့် ချီ၍ ပေးထား သဖြင့် ကူညီနေသည် ဟု ထင်ရှာပြီး ထို ငွေ ကို တောင်းလာ၏ ။ ကျွန်တော် ဘာမှ မပြောဘဲ သူ့ အစ်ကို အေးဇော် နှင့် ဖုန်း ပြော စေလိုက်၏ ။ ထိုအခါကျ မှ သူ့ ကို အကြွေး ဖြင့် ကျွန်တော် ဆောင်ရွက်ပေး နေမှန်း ရိပ်မိ သွားပြီး ဟိုဘက်မှ လူတွေ ကို ရှင်းပြသည် ။ ကျွန်တော် ထို တိုက်ခန်း မှာ ဆက် မနေတော့ဘဲ မဟာထိုင်လမ်းသွယ် ဘက်သို့ ပြောင်းခဲ့ပါတော့သည် ။ ကောင်လေး ထံ မှ စာအုပ် က သူတို့ လက် ထဲ ရောက်နေ သဖြင့် စောင့်၍ တောင်းခဲ့ရန် မှာ ပြီး ကျွန်တော် ထားခဲ့လိုက်သည် ။ သူ့ ကို နည်းနည်းလေး ဒုက္ခ တွေ့စေချင်၏ ။

ကျွန်တော့် အခက်အခဲ ကို ကူညီသူ မှာ ကိုဆန်နီ ဖြစ်သည် ။ သူ က သင်္ဘောသား ဖြစ်ပြီး ယခုတော့ ယိုးဒယား မှာပင် ကျင်လည်နေသူ ဖြစ်၏ ။ သူ့ အစ်ကို က အမေရိက မှာ ရှိသည် ။ သူ နှင့် ကျွန်တော် ရင်းနှီးလာကြသည် မှာ မကြာသေး ။ သူ့ ကို နှစ်ခါ သုံးခါ တွေ့ဖူးထားပြီး စင်ကာပူ သံရုံး ကိစ္စများ ၌ ထဲထဲဝင်ဝင် ကူညီ ပေးရင်းရင်းနှီး လာခဲ့ကြခြင်းဖြစ်သည် ။ သူ့ ဥပဓိရုပ် က ခန့်ညား၏ ။ သဘော ကောင်း၏ ။ ဖော်ရွေ ကူညီလိုစိတ် ရှိ၏ ။ ကျွန်တော် မဟာထိုင် မှာ အခန်း ငှားဖို့ ပြင်ဆင်နေစဉ် တစ်ဖက် လူများ နှင့် ပြဿနာ မဖြစ်အောင် ထိန်းပေးထား သဖြင့် သူ လည်း အတော့် ကို ငြူစူ ခံရသည် ။

မဟာထိုင်လမ်းသွယ် ထဲ တွင် ဖိုင်တို့ အဖေ က အခန်းလေး တစ်ခန်း ငှားပေးသည် ။ တစ်လ လျှင် ဘတ် တစ်ထောင် သာ ပေးရ၏ ။ လူ လေး ၊ ငါးယောက် နေလို့ ရသည် ။ ကျွန်တော် နှင့် အတူ ရန်ကုန် အိမ်ရှေ့ အိမ် မှ မောင်မောင် လိုက်လာခဲ့၏ ။ သူ က ဗီဇာ ရပြီးပြီ ။ မကြာခင် စင်ကာပူ ဝင် တော့မည် ။ ကျွန်တော် ပြောင်း လာပြီး နောက် နှစ်ရက် အထိ ကောင်လေး လက်ထဲ စာအုပ် ပြန် မရောက်သေး ။ ဟို လူများ က ကြိုတင် ဆောင်ရွက် ထားရသည့် အတွက် ကုန်ကျစရိတ် ရှိသည် ဆိုကာ ကောင်လေး ထံမှ ငွေ တောင်းနေသည် ဟု ကောင်လေး က ကျွန်တော့် ကို ဖုန်းဆက်သည် ။ ကိုဆန်နီ ၏ အဝတ်အစားအိတ် ကို လည်း အခန်းအပြင် သို့ ထုတ်ကာ ကိုဆန်နီ ကို လက်မခံတော့ ဟု သိရ၏ ။ ကျွန်တော် မိုက်သွေး ကြွလာခဲ့ပြီး ကြက်သ,တ်ရုံ မှာ လုပ်ခဲ့စဉ်က အတူ နေသူ “ အခါ ” ဆိုသူ က ကျွန်တော့် ပစ္စည်းပစ္စယများ ကို မြောင်းထဲ ပစ်ချခဲ့ သဖြင့် ပယ်ပယ်နယ်နယ် ရိုက်ပစ်ခဲ့ဖူးသည် ။ ယခုလည်း တစ်ပွဲ နွှဲရပြန်ဦးမည် ။ ကျွန်တော် ဘန်ဂပိဈေး သို့ သွားကာ ခုတ်ဓားရှည် တစ်ချောင်း ဝယ်လိုက်၏ ။ ပြီးတော့ တက္ကစီ ငှား၍ ကောင်လေး ကို ခေါ်ရန် ထွက်လာခဲ့ပါသည် ။ တိုက်ခန်း ကို ရောက်တော့ ဟို လူများ မရှိ ။ သူတို့ ချာတိတ်လေး နှစ်ယောက် သာ ရှိသည် မို့ ကောင်လေး ၏ စာအုပ် ကို တောင်းသည် ။ ကျွန်တော့် ကို ထုတ်ပေးကြပါ၏ ။

“ မင်းတို့ ဆရာတွေ လာရင် ပြောလိုက်ပါ ။ ငါ လာ ခေါ်သွားတယ်လို့ ကြားလား ”

ကျွန်တော့် လက်ထဲတွင် သတင်းစာ နှင့် ပတ်ထားသော အရာ ကို ကြည့်၍ ချာတိတ်လေးတွေ ခေါင်းညိတ်သည် ။ ကိုဆန်နီ ၏ အဝတ်အိတ် ကိုပါ ယူပြီး ကျွန်တော် ကောင်လေး ကို ခေါ်ကာ ထွက်လာခဲ့၏ ။ ကိုဆန်နီ လည်း ညနေ ကျတော့ လိုက်လာခဲ့သည် ။ ဤသို့ဖြင့် မဟာထိုင် လမ်းသွယ် ထဲတွင် အခန်းကျဉ်းလေး ငှားကာ နောင်ထပ် အပို့အကြိုများ လုပ်ဖြစ်ပါတော့သည် ။

တစ်ရက် မှာ တော့ စင်ကာပူ မှ အစ်ကို့ သူငယ်ချင်း ဖြစ်သူ ဂျွန်နသန် နှင့် သူ့ ရည်းစား တို့ ဘန်ကောက် ရောက်လာကြ၏ ။ ကျွန်တော် သူတို့ ကို အလည်အပတ် လိုက်ပို့ ပေးရန် အစ်ကို က ပြောလာသဖြင့် သူတို့ တည်းခိုရာ သို့ ကျွန်တော် လိုက်သွားခဲ့သည် ။ ကျွန်တော့် ကို တွေ့တော့ ဂျွန် တို့ ဝမ်းသာအားရ ဖြစ်သွားကြပါသည် ။ ဦးဆုံး ကျွန်တော် သူတို့ ကို အမဲသားမြေအိုးဟင်း ကျွေးဖို့ ခေါ်လာခဲ့ခြင်း ဖြစ်သည် ။ သူတို့ က သိပ် မလိုက်ချင် ။ ကျွန်တော် အဆမတန် ချီးမွမ်း ပြောဆိုသည့် ထို ဟင်းကို သံသယ ရှိနေကြ၍ ပင် ။ ပြီးတော့ သွားရမည့် ခရီး က မိနစ် လေးဆယ် နီးပါး ကြာဦးမည် ဆိုသဖြင့် မလိုက်လိုကြ ။ ကျွန်တော့် ဘက် ကလည်း မကောင်းဘူး ဆိုလျှင် စိတ်တိုင်းကျ ဖြစ်စေရမည် ဟု ကတိ ပေးကာ ခေါ်လာခဲ့ရသည် ။ ကျွန်တော် က သေချာပေါက် သိထားပြီး ဖြစ်သဖြင့် ထိုသို့ ခေါ်နိုင်ခြင်းပင် ။ ထို ဆိုင်မှ ရောင်းသော အမဲသားမြေအိုး ကြက်သားမြေအိုး ၊ ဝက်သားမြေအိုး နှင့် အကင်သုပ်မျိုးစုံဖြင့် ဧည့်သည် များစွာ ကို ကျွန်တော် မျက်နှာရ ခဲ့ပေါင်း များပြီကိုး ။ ဆိုင် အဆင်အပြင်လေး က ဘာမှ မဟုတ် ။ ကားဂိတ် နှင့် မလှမ်းမကမ်း ကွင်းပြင်တွင် တွန်းလှည်း ခပ်ကြီးကြီးကို ဗဟို ထားပြီး ထိုင်ခုံများ ခင်းကျင်းကာ ရောင်းချသော လမ်းဘေးဆိုင်လေး ပင် ဖြစ်၏ ။ သို့ရာတွင် တစ်ခါတစ်ရံ စားပွဲ အလုံး နှစ်ဆယ် မှာ လူ ပြည့်နေ တတ်၏ ။ဆိုင် ကို တွေ့တော့ ဂျွန်တို့ က ခေါင်းခါသည် ။ ကိစ္စ မရှိ ၊ ကျွန်တော့်ကို နောက် မိနစ် နှစ်ဆယ် ကြာလျှင် ကျေးဇူးတင်စကား ပြောတော့မည် ကို ကျွန်တော် သိပြီးပြီ ။ ကျွန်တော်တို့ စားပွဲ မှာ ဝင် ထိုင်တော့ ကျွန်တော့် ကို ရင်းနှီးနေသော ဆိုင်ရှင် က ထုံးစံအတိုင်းပဲလား ဟု နှုတ်ဆက်၏ ။ သူ သိထားသည် မှာ ကျွန်တော် လာလျှင် အမဲသားအရွတ်ကင် နှင့် အသားကင် ကြက်သားမြေအိုးဟင်း ၊ ကြက်သားသုပ်များ မှာနေကျ ဖြစ်၏ ။ ယခု လည်း ကျွန်တော် ခေါင်းညိတ်ပြီး စားစရာ တချို့ ထပ်တိုး မှာလိုက်၏ ။ မျက်နှာ မကြည်မသာ ဖြစ်နေသည့် ဂျွန် အား ဘီယာပုလင်း ဖြင့် စ၍ ဧည့်ခံတော့ နည်းနည်း ပြုံးလာ၏ ။ သူ က ဘီယာသမား ၊ အစ်ကို နှင့် သူတို့ ဘီယာဆိုင် ထိုင် လျှင် လေးဂျား အထိ ကုန်သည့် တိုင် အရှိန် မပျက်တတ် ။ ယခုလည်း ဘီယာ ကို တွေ့တော့ နည်းနည်း စိတ်ပျော်လာခြင်းဖြစ်မည် ။

ဂျွန်က ဓာတ်ပုံသမား ဖြစ်၏ ။ ဓာတ်ပုံပြပွဲများ ပင် ကျင်းပခဲ့ပြီးပြီ ။ အစ်ကို နှင့် သူ က အစုစပ်ကုမ္ပဏီ တစ်ခု ဖွင့်ထား၏ ။ ဂျွန် တစ်ယောက် မကြာခင် မြန်မာပြည် သို့ အလည်အပတ် သွားရင်း ဓာတ်ပုံရိုက်ဦးမည် ဟု သိထားပါသည် ။ မြန်မာ့ရေမြေ တောတောင် နှင့် ကျေးလက်ဒေသများ ကို ဓာတ်ပုံ ရိုက်ပြီး ပြပွဲ လုပ်ရန် စိုင်းပြင်းနေပါ၏ ။ ဘန်ကောက် ကို လာခြင်းမှာ လည်း လှပူရီ ရေပေါ်ဈေး သို့ ဓာတ်ပုံ ရိုက်ရန် လာခဲ့ခြင်း ဖြစ်သည် ။ မနက်ဖြန် ဆို လျှင် ပူရီသို့ ကျွန်တော် လိုက် ပို့ပေးရဦးမည် ။

ကျွန်တော်တို့ ဘီယာ ငုံနေစဉ် မှာ ပင် အကင် တချို့ ရောက်လာ၏ ။ မြေအိုးတစ်အိုး လည်း အောက်ခြေ၌ မီးသွေးဖို အသေးစားလေး ဖြင့် ရောက်လာ၏ ။ အသီးအရွက် ပန်းကန် လည်း ရောက်လာ၏ ။ အမဲသုပ်တော့ ရောက် မလာသေား မီးသွေးမီးအား ကောင်း လာအောင် စောင့်ရင်း ပွက် လာသည့် အခါ မြေအိုး ထဲ ထည့်ရန် ယမ်းစိမ်းတို့  ၊ အမွှေးနံ့သာ တို့ ဖြင့် စီမံထားသော အသားပန်းကန်များ ထဲ မှ အသားများ ဖြည်းဖြည်းချင်း ထည့်ရ၏ ။ မြေအိုး က ပရိတ်အိုး သာသာလေး ဖြစ်သည် မို့ အများကြီး ထည့်၍ မရ ၊ မီးအားပြင်း လာပြီး အသား မကျက် တကျက် မှာ အသီးအရွက်များ ထည့်သည် ။ နည်းနည်း မွှေပြီး လျှင် စားလို့ ရပြီ ။ ဂျွန် တို့ ရှေ့ မှာ ပန်းကန် လုံးများ ထဲ သို့ ကျွန်တော် စပ်ထည့်ပြီး အချဉ် နှစ်မျိုး ရှိသည့် အနက် ကြိုက်တာ နှင့် တို့ စားရန် ရှင်းပြသည် ။ အနံ့ က ထောင်းထောင်းထ နေ ပြီမို့ သူတို့ ကြာကြာ မစောင့်တော့ဘဲ စားကြ၏ ။ အချဉ် က အစပ်ပြင်းပြင်း က တစ်မျိုး ၊ အစပ် မပါသည် က တစ်မျိုး ဖြစ်သည် ။ သူတို့ နှစ်ယောက် စလုံး အစပ် ဖြင့် သာ တို့ ကြ၏ ။ ကျွန်တော် ဘာမှ မပြောဘဲ အမဲသုပ် ကို စား နေကြရင်း စောင့်ကြည့်နေ၏ ။ ဂျွန်တို့ နှစ်ယောက်စလုံး အပြုံး ကိုယ်စီ ဖြင့် စကားတွေ တွတ်ထိုး နေကြပြီ ။ နောက် တော့ သူတို့ ဘာသာ စပ်၍ တစ်ပွဲ ပြီး တစ်ပွဲ စားကြလေပြီ ။ ဂျွန် တစ်ယောက် ဘီယာ ငုံ လိုက် ၊ ဟင်းတွေ စား လိုက် ဖြင့် သူ့ ရည်စားက တား မှ ပင် ဘီယာ နှစ်လုံး ကုန်ပြီး နောက် ဘီယာ ထပ် မမှာ တော့ ။ ဟင်း ကိုတော့ စားဆဲ ပင် ။ စား၍ သောက်၍ ဝကြပြီ ဆိုမှ ဂျွန် က ပြောလာ၏ ။

“ မင်း ကို အစက မယုံဘူး ဒီလောက် ကောင်းမယ်လို့ မထင်ခဲ့ဘူး ။ စားလို့ မကောင်းရင် လာခဲ့ရတဲ့ အချိန် တွေကို ပြန် လျော်ခိုင်းမလို့ ကွ ။ အခုတော့ ကျေးဇူးပဲဟေ့ ”

ကျွန်တော် ပြုံးရင်း နောက် တစ်နေ့ လှပူရီ ရေပေါ်ဈေး သွားဖို့ ကိစ္စ ဆွေးနွေး ဖြစ်ကြ၏ ။

လှပူရီ ရေပေါ်ဈေး ကို ကျွန်တော် မရောက်ဖူးပါ ။ သွားပုံ ကို တော့ သိသည် ။ ထို့ကြောင့် အဝေးပြေး ကားဂိတ် သို့ ကား ငှားပြီး ထွက်ခဲ့ကြပါသည် ။ အချိန် က မနက် ဆယ်နာရီ ကျော်ကျော် သာ ရှိသေး၏ ။ ကျွန်တော်တို့ စီး လာသည့် ကား မှ တက္ကစီဆရာ က ရေဒီယို ဖွင့်ရင်း သီချင်း နားထောင် လာ၏ ။ ထိုအချိန် မှာ ပင် သီချင်းသံ ရပ်သွား ပြီး အရေးပေါ်ကြေညာချက် ထွက်လာ၏ ။ လှပူရီ မှ ဆေးရုံ တစ်ရုံ ကို မြန်မာလက်နက်ကိုင် ကျောင်းသားတွေ ဝင် စီးထားသည့် သတင်း ဖြစ်၏ ။ သတင်း ကြေညာချက် ကို ကျွန်တော် နား မရှင်းသဖြင့် တက္ကစီဆရာ ကို မေးကြည့် ရာ တကယ်ပါ ဟု ဆို၏ ။ တိုက်ရိုက် ထုတ်လွှင့်နေခြင်း ဟု ပင် ရှင်းပြ၏ ။ ကျွန်တော် ဂျွန် တို့ကို ရှင်းပြသည် ။ ဂျွန် တို့လည်း အံ့အားသင့် နေ၏ ။ ယခုမှပင် လှပူရီ ရေပေါ်ဈေး သို့ သွားရန် အဝေးပြေးဂိတ် သို့ လာခဲ့ကြသည် ကိုး ။

ကျွန်တော် စဉ်းစားရတော့သည် ။

“ ဂျွန်ရေ ငါ လိုက်လို့ မဖြစ်ဘူး ။ ငါတို့ ရောက်ရင် ကားဂိတ်တွေ မှာ စစ်ဆေးနေမှာ သေချာတယ် ”

“ ဘာဖြစ်လို့ လဲကွာ မင်း မှာ ပတ်စပို့ဒ် ရှိတာပဲ ”

“ မတူဘူး ဂျွန် ဒီအချိန် အဲဒီကို ငါ ရောက်သွားရင် ဘာမှ မေးမြန်းနေမှာ မဟုတ်ဘူး  ။ မြန်မာ ဆိုတာနဲ့ ခေါ်ထားမှာ သေချာတယ် ။ မင်းတို့ က ကိစ္စ မရှိဘူး ။ စင်ကာပူ တွေ ။ ဒါပေမဲ့ ဂျွန် မင်း ဓာတ်ပုံ ရိုက်ရင်တော့ သတိထားနော် ။ ဒီ နယ်မြေတွေ က သိပ် မကောင်းဘူး ”

ဂျွန် က ကျွန်တော့် ကို နားမလည် ။ သို့သော် ကျွန်တော် မလိုက်ခြင်း ကို မူ မကန့်ကွက် ။ ဤသို့ဖြင့် ဂျွန်တို့ နှစ်ဦး အား လှပူရီကား ဖြင့် တင် ပေးပြီး အခန်း သို့ ကျွန်တော် ပြန်လာခဲ့ပါသည် ။ လှပူရီ ကို ကျွန်တော် ရှောင်ခဲ့ သော်ငြား လှပူရီ ဂယက် က ကျွန်တော် နှင့် ဆန်နီ ကို မရှောင်ပါချေ ။ နောက် သုံးရက် အကြာတွင် ဖိုင် တို့ လမ်း ထဲ မှ ရဲ သတင်းပေး ကောင်လေး တစ်ယောက် က ကျွန်တော်တို့ ကို ဘာတွေမှန်း မသိ ဟု တိုင်တန်းလာသဖြင့် လေဆိပ် သို့ ဧည့်သည်များ ပို့ပြီး ပြန် အလာတွင် လမ်းထိပ် ၌ ဆီး ဖမ်းပါတော့သည် ။ ဤနေရာ သည် ယခင် နေခဲ့သော တိုက်ခန်းများ လို မဟုတ် ။ ဆူပွက် ရှုပ်ထွေး သော ရပ်ကွက်ငယ်လေး ဖြစ်၍ လူမျိုး စုံနေကြ သည့် ရပ်ကွက် ဖြစ်၏ ။ ရဲ သတင်းပေးတွေ ကလည်း များလှပါ၏ ။ ကျွန် တော့် ကို ဖမ်းချိန်၌ ကျွန်တော့် မှာ စာအုပ် က နှစ်အုပ် ။ နှစ်အုပ်စလုံး က ဗီဇာ ရှိနေ၏ ။ ကိုဆန်နီ မှာ လည်း သင်္ဘောသား စာအုပ်ရော ပတ်စ်ပို့ဒ် စာအုပ် ပါ အဆင်သင့် ရှိနေ၏ ။

ကိုထောက်လှမ်းရေးကြီးများ က ဒါကို လက်မခံ ၊ ရုံး ရောက်မှ စစ် ဆေးပြီး လွှတ်ပေးမည် ဟု ဆိုကာ လက်ထိပ် နောက်ပြန် ခတ်ပြီး ဟိုင်းလတ်ကား ပေါ် မတင်ကာ ခေါ်သွားပါတော့သည် ။ ကျွန်တော်တို့ အား လှပူရီ ကန့် ထဲမှ လူများ ဟု ထင်နေကြ၏ ။ ဘယ်လိုမှ ရှင်းပြ၍ မရ ။ ထိုင်းစကား တတ်သလား မေးတော့ ကျွန်တော် ရော ကိုဆန်နီ ပါ အင်္ဂလိပ်လို ချည်း ဘုတောတော့သည်  ။

“ ခွေးသားတွေ မျက်နှာ က သူပုန်ရုပ်တွေပဲဟေ့ ” ဟု သူတို့ က ကောက်ချက် ချ၏ ။ သို့ရာတွင် အင်္ဂလိပ် စကားတတ်သူ မရှိ ၊ ယိုးဒယား လိုသာ အမေ နှမ မိုးမွှန်အောင် ဆဲ၍ ဓာတ်ပုံများ ယူကာ တိုက် ကြည့်ကြ၏ ။ ဓာတ်ပုံများ နှင့် ကျွန်တော်တို့ ပုံများ မတူလေ သူတို့ ဒေါပွလေလေ ပင် ။ သူတို့ ထင်သည် က လှပူရီ မှ လက်နက်ကိုင် ဝင် စီးသူများ နှင့် ကျွန် တော်တို့ တစ်ဖွဲ့တည်း ဟု ယူဆကာ သူတို့ ရထားသော ဓာတ်ပုံများ နှင့် လာလာ တိုက်ကြည့် နေခြင်းပင် ။

စခန်း ကို ရောက်သည် အထိ မပြီးသေး ။ လင်မယား နှစ်စုံတွဲ ၊ လူလတ်ပိုင်း နှစ်ဦး ကို ခေါ်ကာ ကျွန်တော် တို့ ကို ပြ၏ ။ ဟိုလူတွေ က ခေါင်းခါ ပြသည် ။ ဒါလည်း သူတို့ က မလွှတ်ပေးသေး ။ ပြီးတော့ သူတို့ အကြံ က မကုန် သေးပြန် ။ ကျွန်တော်တို့ နား တွင် မြန်မာ တစ်ယောက် လာ ထားပြီး ကျွန်တော်တို့ စကားများ ကို နားထောင်ခိုင်း၏ ။ တော်တော် ကြာတော့မှ ကျေနပ်လက်ခံပြီး စကားအေးအေး ပြောလာ တော့၏ ။ သူတို့ လူမှား ဖမ်းလာသည့် အကြောင်းပင် ။ သို့သော် စစ်ဆေး ၍ မပြီးမြောက်သေး သဖြင့် အချုပ် ထဲ သို့ ဝင်လိုက်ပါဦး ဟု နားချလေ၏ ။

ကျွန်တော်တို့ ကို ခေါ်လာစဉ် က လေဆိပ် သွားသည့် လမ်းမကြီးဘေးမှ ရဲသင်တန်းကျောင်း ဟု ဆိုင်းဘုတ်တပ် ထားသော သာမန် ဝင်းခြံလေး ထဲ သို့ ခေါ်လာ သော်ငြား အချုပ်ဆောင်ကြီးများ မှာ အထဲ ၌ ခိုင်ခိုင်မာမာကြီး ဆောက်ထား၏ ။ အချုပ် ထဲ ရောက်တော့ ကျွန်တော်တို့ ပို၍ ပင် အံ့ဩရပြန်သည် ။ ဤ အချုပ်သည် ဝင်ပြီး လျှင် ခြောက်လ နှင့် ပြန် မလွတ်နိုင်သော နိုင်ငံရေးသမား တို့ ၏ အချုပ်ဆောင် ဖြစ်ကြောင်း အထဲ မှ အချုပ်သားများ က ရှင်းပြ၍ ပင် ။ ကျွန်တော် မယုံကြည် ။ သို့ရာတွင် သူတို့ က ကရုဏာသက်သော မျက်လုံးများ ဖြင့် ကြည့်၍ အားပေးကြ၏ ။ ကိုဆန်နီ လည်း ပက်လက်လန်ပြီ ။

အချုပ်ဆောင်ကြီး က မည်းမှောင်၍ တိတ်ဆိတ် နေ၏ ။ စားစရာ မှာ လိုလျှင် တော့ မကြာခဏ ရောက်လာသော သန့်ရှင်းရေးသမား က ဝယ်ပေးပါသည် ။ ကျွန်တော်တို့ ရောက်ပြီး နာရီဝက်မျှ အကြာ တွင် အချုပ်ဆောင်များ မှ နှုတ်ခွန်းဆက်စကားများ  ၊ အားပေးစကားများ ၊ လက်ဆောင်ပစ္စည်းများ ရောက်လာ၏ ။ သူတို့ စကားများ ထဲ တွင် တချို့က နှစ် ပြည့် တော့မည် ။ တချို့ က တခြားနိုင်ငံများ သို့ သွားရတော့မည် ။ တချို့ က လှပူရီ ပြန်ရတော့မည် ဆိုသည် များ ပါလာ၏ ။ ကျွန်တော်တို့ တော့ ဒုက္ခများ လေပြီ ။ ကျွန်တော်တို့ နှစ်ဦး မှာ ထောက်လှမ်းရေးသမားများ အလိုရှိ နေသူများ မဟုတ်ပါ ဆိုသည့် တိုင် အချုပ် ထဲ ရောက်ခဲ့ရပြီ ။ ရှေ့ဆ က် ဘာဖြစ်ဦးမည် မသိ ။ ဘယ်ကို တိုင်ရမှန်း လည်း မသိ ။ မကြာခင်မှာ ပင် ခေါက်ဆွဲပြုတ်များ ရောက် လာပြီး နှုတ်ခွန်းဆက် စကား ပို့လာပြန်၏ ။ ဘယ်မှာ စားနိုင်ပါမည်နည်း ။ ကိုယ် က နိုင်ငံရေးသမား မဟုတ်ပါဘဲ အချောင် အထဲ သို့ ရောက်နေရသည့် အထဲ သူတို့ က ဝမ်းသာအားရ လက်ဆောင် စားဖွယ်များ ပို့သ လာကြ၏ ။ ထောက်လှမ်းရေးသမားများ ပို၍ ပင် မယုံမကြည် ဖြစ်ကြတော့မည် ။

ည ရောက်တော့ အိပ်၍ မပျော် ။

သစ္စာ တော့ ဆိုရ ချေတော့မည် ။

ကျွန်တော် ဤသို့ အကျပ်အတည်း တွေ့လျှင် ဆိုနေကျ သစ္စာစကား ရှိ ပါသည် ။

“ ဗုဒ္ဓသာသနာကြီး အတွက် အလုပ် လုပ်ပါမည် ” ဟု သုံးကြိမ် ဆို၏ ။ ပြီး လျှင် “ ထေရဝါဒ ဗုဒ္ဓသာသနာ တော် အစစ်အမှန် ကမ္ဘာကျော် ထွန်းလင်း တည်တံ့ ခိုင်မြဲနိုင်ပါစေသတည်း ” ဟု သုံးကြိမ် ရွတ်ဆို၏ ။ ထို့နောက် ဤ ဆုတောင်းများ ၊ အဓိဋ္ဌာန်များ ကို ကြိမ်ဖန်များ စွာ ကျွန်တော် ရွတ်ဆိုခဲ့ပါကြောင်း ။ ထို သစ္စာစကား မှန်ကန်ပါ က ဤ အချုပ် မှ မကြာခင် လွတ်မြောက်ရပါစေလိုကြောင်း သစ္စာ ပြုရတော့သည် ။

နောက်တစ်နေ့ မနက်မှာ ကျွန်တော့် ကို ထပ်မံ စစ်ဆေးပြန်သည် ။ လူ သုံးလေးဦး ကို ခေါ်ပြ၏ ။ သည် အခါ မှာ တော့ သူတို့ ခေါ်ပြသူများ မှာ တော်တော် လူရည်သန့်သူများ ဖြစ်ပြီး ဌာနဆိုင်ရာ အရာရှိများ ဖြစ်ဖို့ များသည် ။ ပြီးတော့ ကျွန်တော်တို့ ကို ည က စစ်ဆေးခဲ့သော အရာရှိ ထံ ခေါ်သွားကြ၏ ။ သူတို့ က “ ဆာလဝပ် ” ဟု ခေါ်ကြ သည်  ။

ထို ‘ ဆာလဝပ် ’ နှင့် ကျွန်တော် တို့ က ည က စကား အနည်းငယ် များ ခဲ့ကြသေး၏ ။ သူ က ကျွန်တော်တို့ ကို မှားယွင်း ဖမ်းဆီးမိကြောင်း သိပြီး သည့် အခါ တာဝန်အရ စစ်ဆေးရသည် ကို ရှင်းပြ၏ ။ သူ့ တပည့်များ ကား ပေါ်တွင် ရုန့်ရင်းကြမ်းတမ်းခဲ့သည် များကို တောင်းပန်စကား ဆို၏ ။ ထိုစဉ်က ကျွန်တော်တို့ ကို လက် နောက်ပြန် လက်ထိပ် ခတ် ထားသည် ကိုပင် အားမရဘဲ လူ တစ်ယောက် က ကုပ်ပိုး အား လက် ဖြင့် ဖိနှိပ် ထားသောကြောင့် ကျွန်တော် ထ ဆဲတော့သည် ။ မင်းတို့ တိုင်းပြည် က လူ့အခွင့်အရေး ဆိုတာ ဘာလဲကွ ဟု အင်္ဂလိပ်စကား ဖြင့် ကျွန်တော် အော်ကြီးဟစ်ကျယ် လုပ်၏ ။ ကျွန်တော့် အား မျက်နှာ ကို ပိတ်ရိုက်မည် ပြုစဉ် တခြား လူများ က ထို လူ ကို ဝိုင်း ဆွဲကြ၏ ။ ကိုဆန်နီ က လည်း အင်္ဂလိပ် လို မိုးမွှန်အောင် ဆဲသည် ။

ကျွန်တော်တို့ ဤသို့ ဆဲလိုက်ခြင်း ကြောင့် ကျွန်တော်တို့ ကံကောင်းခဲ့ ကြခြင်းပင် ။ တရားခံ မဟုတ်၍ ဆဲ မှန်း သိသွားကြသည် ။ မဆဲ၍ လည်း မဖြစ်တော့ ။ ငြိမ် ခံနေလျှင် နိုင်ငံရေးသမား အဖြစ် ထောင်ကျ သွားမည် ကိုး ။ ထောင် ထဲ ရောက်လျှင် နိုင်ငံရေးသမား မဟုတ်မှန်း သိလျှင် ပို ခံရ ဦးမည် ။ ဒါကြောင့် ကျွန်တော် ရော ကိုဆန်နီ ပါ သူတို့ မေးသမျှ ခပ်ကြမ်းကြမ်းသာ ဖြေခဲ့ကြ၏ ။

‘ ဆာလဝပ် ’ က သဘောထား ပြည့်ပါသည် ။

နောက်ထပ် မည်သည့် မေးခွန်းမျှ မမေးတော့ကြောင်း ၊ သူ့ လူများ ကို လည်း ပြောထားပြီး ဖြစ်ကြောင်း ၊ မနက် ကျ လျှင် သူ ကိုယ်တိုင် လွှတ်ပေးမည် ဖြစ်ကြောင်း ပြောပြသည် ။ သို့ရာတွင် မနက်ပိုင်း မှာ တခြား လူများ က ကျွန်တော်တို့ ကို လာ ကြည့်ရှု နေသဖြင့် ကျွန်တော်တို့ စိတ်ဓာတ်ကျ ပါတော့သည် ။ ‘ ဆာလဝပ် ’ ထံ ရောက်မှ ပင် သူ က ကျွန်တော် အား ( UN ) မှ လူများ ကို သက်သေပြ၍ သူတို့ လူ မှား၍ ဖမ်းထားသူများ အား လူ့အခွင့်အရေး အပြည့် ပေးကာ ပြန် လွှတ်ပေးမည် ဖြစ်ကြောင်း ပြခဲ့ခြင်း ဖြစ်၏ ။

ကျွန်တော်တို့ ကတော့ ထားပါတော့ ။ ကျွန်တော်တို့ ကဲ့သို့ အဖမ်းခံရ သူများ ထဲ တွင် သက်သေ မခိုင်မာသူများ  ၊ စာအုပ် မရှိသူများ မှာ တော့ ဘယ်ဌာနေ ရောက်လေဦးမည် မသိ ။ လှပူရီ ဂယက် က ကြီးမားလှပါ၏ ။ မနေ့ ည က စစ်ဆေးကြစဉ် ကလေးငယ်လေး ပိုက်ရင်း မျက်စိသူငယ် နားသူငယ် ဖြစ်နေရှာသည့် သားအမိ နှစ်ယောက် ကို တွေ့၍ ကျွန်တော် နှင့် ကိုဆန်နီ ဘတ်ငါးရာကျော် ပေးလိုက်ကြသေးသည် ။ သူ့ ယောက်ျား က ပန်းရန် သမား ဟု သိရ၏ ။ သူ့ ယောက်ျား ကို လာ ဖမ်းခြင်း မှာ ဆံပင် ကြောင့် ဖြစ်သည် ။ ဆံပင် အရှည်ကြီး ထားပြီး ပုံစံ က ပန်းရန်သမား မို့ ကျားကျားလျားလျား ဖြင့် လူမြင်ကွင်း ၌ ထင်ပေါ်နေပါ၏ ။ နယ်စပ် မှ လူ များ မှာ လည်း ထို ဟန်မျိုး ရှိတတ်၍ လာ ဖမ်းခြင်းပင် ။ ရိုးရိုးသားသား လုပ်စား နေသူ ဟု သိသွားကြသည့် တိုင် တရားမဝင် ခိုးဝင်လာသူ များ ဖြစ်နေ၍ နယ်စပ် အချုပ်သို့ ပို့ရတော့မည် ။ သူတို့ လို လူများ ဘယ်နှယောက် ဖြစ်ခဲ့ပြီ မသိနိုင် ။ကျွန်တော် တို့ ကို ကားပေါ် တင်ပြီး စခန်း အပြင်ဘက် သို့ မောင်း၍ ခေါ်လာခဲ့၏ ။ လေဆိပ်လမ်းမကြီး ပေါ်ရောက်တော့ ကားရပ် ပေးပြီး သွားခွင့် ပေးသည် ။

‘ ဆာလဝပ် ’ ကို ကျေးဇူးတင် စကား ဆိုပြီး ကျွန်တော် တို့ ကားငှား ကာ ပြန်လာကြတော့သည် ။ ဤသည်ကား ဒုတိယအကြိမ် ကံကောင်းခြင်း ဖြစ်ပါ၏ ။ ကျွန်တော့် အဖို့ ပထမအကြိမ် လူမှား အဖမ်းခံ ရသည် လည်း ရှိသေး၏ ။

ထိုစဉ်က ကျွန်တော့် ထံသို့ ရန်ကုန် မှ ညီဝမ်းကွဲ ဖြစ်သူ ဘိုဘို နှင့် ဗ န်း ( ၃ ) လမ်း မှ မူမူဝင်း တို့ ရောက် နေကြသည် ။ သူတို့ က ဘန်ကောက် ၌ ကျောင်းဗီဇာ စောင့်နေကြခြင်း ဖြစ်ပါသည် ။ ကျွန်တော်တို့ ညနေစာ စားချိန် တွင် မာဖီ နှင့် လူ သုံးယောက် ဝင်လာကြပြီး ကျွန်တော်တို့ အား စစ်ဆေးစရာ ရှိ၍ စခန်းသို့ လိုက်ခဲ့ပါရန် ခေါ်တော့ ၏ ။ ဖမ်းဆီးခြင်း မဟုတ်ပါကြောင်း သတင်း တစ်ခု ရ၍ လာ ခေါ်ရခြင်း ဖြစ်ပါကြောင်း ပြောပြ ပါသည် ။ ကျွန်တော်တို့ လိုက်သွားကြ၏ ။ စခန်း ရောက်တော့ ဘိုဘို နှင့် မူမူဝင်း တို့ စာအုပ်များ ကို စစ်ဆေးပြီး ပြန် လွှတ် ပေးပါသည် ။ ကျွန်တော့် ကို တော့ ဓာတ်ပုံများ ထုတ် ပြ၍ ထို ဓာတ်ပုံများ ထဲ မှ လူများ ဘယ်မှာ ရှိသနည်း ဟု မေးတော့သည် ။ ကျွန်တော့် အား ကျောင်းသား ဟု ထင်၍ မေးမြန်းနေခြင်း ဖြစ်သည် ။ ကျွန်တော် အကျေအလည် ရှင်းပြမှ ပင် သူတို့ လူ မှား၍ ခေါ်လာကြောင်း သိပြီး ပြန် လွှတ် ပေးတော့သည် ။ သူတို့ ရထားသော မှတ်တမ်းများ ၊ ဓာတ်ပုံများ ထဲတွင် ကျွန်တော့်ပုံ နှင့် ကျွန်တော့် သတင်း ရှိမှ မရှိဘဲကိုး ။

ထိုင်းထောက်လှမ်းရေး မှ ခေါ်သွားစဉ် ည က ကျွန်တော် နှင့် ကိုဆန်နီ တို့ နှစ်ဦး အား ' ဆာလဝပ် ' က ရင်းနှီးပွင့်လင်းစွာ ညီရင်းအစ်ကို လို စကားပြောကြမည် ဟု ဖိတ်ခေါ်၍ ကော်ဖီ ဖြင့် ဧည့်ခံကာ စကား ပြောဖြစ်ခဲ့ ကြပါသည် ။

ယိုးဒယားအချုပ်များ ထဲ သို့ ကျွန်တော် ကြိမ်ဖန်များစွာ ရောက်ခဲ့ပြီး သည့် နောက် ကျွန်တော့် အတွေး ၌ မြန်မာအများစု အဖမ်းခံရခြင်း ၊ အချုပ်ကျခြင်း ၊ နယ်စပ်ပို့ခံရခြင်း များ မှာ ဘာမှ မဖြစ်စလောက်သော ပြစ်မှုလေး များ ကို အရေးတယူ အသက်သွင်း နေသော ဥပဒေသများကြောင့် ဟု တွေးလာမိ၏ ။ သူဌေးများ က ဈေးပေါပေါ နှင့် လုပ်အားများများ ထွက်သူများ ကို ခိုင်းကြသည် ။ ငွေ စုမိ လျှင် ပြန်ကြသူများ ကို ရဲ က ဖမ်းသည် ။ တစ်နှစ်တစ်ခါ အမှု အရေအတွက် ပြည့်ဖို့ရာ လည်း ဖမ်းသည် ။ အရက် မူးရင်း ဝင် ဖမ်းချင် ဖမ်းသည် ။ တစ်နှစ်စာ စာရင်းချုပ် လျှင် သူတို့ အနေဖြင့် တရားမဝင် အလုပ်သမားပေါင်း မည်၍ မည်မျှ ကို ဤသို့ စောင့်ရှောက်ခဲ့ပါကြောင်း မီဒီယာကြီးများ ဖြင့် ကမ္ဘာ ကို ဖွင့်ဟ၏ ။ ထိုင်းသူဌေးများ မည်မျှ ဝင်ငွေ တိုးပွားသွား၍ လုပ်ငန်းများ မည်မျှ အဆမတန် တိုးတက် အောင်မြင်ခဲ့ကြသည် ကို လည်းကောင်း ၊ အလုပ်သမားစရိတ် မည်မျှ သက်သာ၍ အမြတ်ခွန် မည်မျှ ရှောင်နိုင်ခဲ့သည် ကို လည်းကောင်း ကမ္ဘာ ကို မပြကြ ။

ထိုအထဲ မှ ပင် မြန်မာများ က ဒုက္ခပေးသည် ဟု ဆိုလာသော ‘ ဆာလဝပ် ’ ကို ကျွန်တော် မေးခွန်းတွေ မေးမိပါသည် ။ ကိုဆန်နီ လည်း မဟန့်တားနိုင်တော့ ။ ကျွန်တော့် မေးခွန်းများ က ပြင်းထန်သလောက် ‘ ဆာလဝပ် ’ အဖြေ က ဘာမှ မသေချာ ။ နောက်ဆုံး တာဝန်အရ ဟူသော စကား ကို သာ လက်စွဲ ပြုတော့၏ ။

ဤ လှပူရီ ဂယက်ကြောင့် ကျွန်တော့် နှလုံးသားသန္ဓေ တွင် အချစ်သစ် တစ်ခု တိုးပွားလာခဲ့တော့သည် ။ ဤ အချစ်ကား ဆန်းကြယ်၏ ။ ခန့်ညား၏ ။ ပီတိ အဟုန် ပြင်းလှချေ၏ ။

ကျွန်တော့် တိုင်းပြည် နှင့် ကျွန်တော့် လူမျိုး ကို နှလုံးသွေး ဖြင့် ချစ် လိုက်မိသော အချစ်ပင်တည်း ။

အချုပ် မှ ပြန် ရောက်လာသည့် အခါ ကျွန်တော့် နှလုံးသားများ ဆတ်ဆတ်ခါ နေခဲ့ပါသည် ။ တစ်နေ့လုံး တစ်ညလုံး ကြောက်လန့်ခဲ့ရသော အတွေးများ က ကျွန်တော့် ကို တိုင်းပြည် ချစ်စိတ် ၊ လူမျိုး ချစ်စိတ် မွေးဖွား ပေးခဲ့ခြင်းပါသည် ။ ကျွန်တော် ဘာကြောင့် ကြောက်ခဲ့သနည်း ။ အချုပ် ၌ တစ်ည အိပ်ခဲ့ခြင်း သည် ဘာမှ မဆန်း ။ သို့သော် ဖမ်းဆီး ခေါ်ဆောင် ခံရပုံ က ဆန်းသည် ။ ကျွန်တော် ရော ကိုဆန်နီ ပါ နိုင်ငံရေးသမားများ မဟုတ်ကြ ။ သူတို့ က မယုံ ။ နည်းမျိုးစုံ ဖြင့် ထို ပုံစံ ဝင်အောင် သွင်း သည် ။ ဓာတ်ပုံပေါင်း များစွာ နှင့် တိုက်ကြည့်သည် ။ လူလေးငါးဦး ခေါ် ပြသည် ။ ကြည့်စမ်း ခြေချော်လက်ချော် ပြီးသာ ကျွန်တော်တို့ ကို ဆွဲထည့်ချင်သူ ပါခဲ့လျှင် အိမ် ကို ပြန်ရတော့မည် မဟုတ် ။ ကိုယ် နိုင်ငံရေး လုပ် လို့ အဖမ်း ခံရလျှင် ဖြေသာပါသေး၏ ။ ဂုဏ် ပင် ရှိဦးမည် ။ မဟုတ်ဘဲ အဖမ်းခံ လျှင် အထဲ မှာ လည်း သိက္ခာ ရှိမည် မဟုတ် ။ မည်သူမှ လည်း လာ ကယ်မည် မထင် ။ အကြောက်ဆုံး မှာ အမိနိုင်ငံ သို့ ပြန်၍ မရတော့မည့် ကိစ္စ ဖြစ်သည် ။

ကျွန်တော့် မှာ ရှိသော နိုင်ငံရေးစိတ် က တစ်မျိုး ဖြစ်သည် ။ အသား
အနာ မခံနိုင်သော စိတ်မျိုး ဖြစ်သည် ။ လူကြောက်စိတ် ဖြစ်သည် ။ စကား ဖြင့်သာ ကလိ ချင်သော စိတ်ဖြစ်သည် ။ ပုဂ္ဂလိကစိတ် နှင့် ဖြစ်သည် ။

နောက်တော့ ကျွန်တော် စဉ်းစားမိလာသည် ။ နိုင်ငံရေး လုပ်ချင်သူ တွင် သတ္တိ နှင့် ဓန တစ်မျိုးမျိုး ရှိရမည် ဟု စဉ်းစားမိလာခြင်း ဖြစ်၏ ။ ဓန သည် ကျွန်တော့် မှာ မရှိ ။ သတ္တိ က လည်း ကျွန်တော့် မှာ အတော် ခေါင်းပါးလှ၏ ။ ပုဆိုး ခြုံ၍ သာ လက်သီး ပြချင် ပြရဲမည် ။ ထို့ထက် ပိုသော သတ္တိတော့ ကျွန်တော့် မှာ မရှိ ။ ကျွန်တော် က လောင်းကစား လုပ် လျှင် သေချာပေါက် နိုင်မည် ထင် မှ ပုံအော လောင်းဝံ့သူ ဖြစ်၏ ။ နိုင်ငံရေး မှာ က အရှုံး ကို ကြောက်လို့ မရ ။ ထို့ကြောင့် ကျွန်တော် နှင့် မကိုက် ။ ကျွန်တော့် လို လူစား နိုင်ငံရေးလောက ထဲ ရောက်လျှင် ကဂျီ ကဂျောင်သမား အဖြစ် လောက်သာ အသုံးဝင်မည် ထင်ပါ၏ ။ အရှုံး ကို လည်း ကြောက် ၊ အနစ်နာ ခံဖို့ လည်း စိတ်ဓာတ် မရှိလျှင် နိုင်ငံရေး နှင့် ဝေးရာမှာ နေ သည် က ကောင်းပါလိမ့်မည် ။

ကျွန်တော့် မှာ ရှိသော တိုင်းပြည် နှင့် လူမျိုး ချစ်စိတ် က ဘာသာ တစ်ခု ဖြစ်၏ ။ လူမျိုးရေး အတွေး ဖြင့် ချစ်ခြင်း ဖြစ်၏ ။ အမျိုးသားရေး ဟု ဆိုကောင်း ဆိုနိုင်၏ ။ ကျွန်တော်တို့ တိုင်းပြည် နှင့် လူမျိုး ဆင်းရဲကျပ်တည်း နေသည် ကို ကျွန်တော် မမြင်ချင် ၊ မကြားချင် မတွေ့ချင် ၊ လူတွေ တိုးတက်စေချင်သည် ။ အနှိမ် ခံနေရသည် ကို စိတ် ထဲ ခံပြင်းလှ၏ ။

ယိုးဒယားတီဗွီ အစီအစဉ်များ ၌ တရားမဝင် အလုပ်သမားများ ၊ ဖမ်းဆီး အရေးယူသည့် သတင်းများ က ခပ်စိတ်စိတ် ပါလာတော့သည် ။ လှပူရီ ဂယက် က မလေးလှ ။ တစ်ကြိမ် တစ်ခါမျှ မဖမ်းဖူးသော မတ်ဆောက် နယ်စပ် မှာ ပင် ဖမ်းပြ နေတော့သည် ။ လုပ်ငန်းရှင်ကြီးများ ခက် ကုန်ကြသည် ။ နယ်စပ်မြို့များ တွင် အလုပ်သမား ရှားပါးမှု ကြီးထွားလာ၏ ။ ကျွန်တော် မခံချင်တော့ပြီ ။ မခံချင်မှုများ က တစစကြီး ထွားလာရင်း ကဗျာ တစ်ပုဒ် ရေးစပ်ချင်မိတော့သည် ။

▣  မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်

No comments:

Post a Comment