❝ ရာသီမိုး ❞
( ကြည်အေး )
( ၁ )
လေးငါးရက် ကြာခဲ့ပြီ ဖြစ် သော်လည်း အေးအေး သည် ရှက်ကြောက် ၍ မပြီးနိုင်ဘဲ ရှိသည် ။ ရင် က လည်း ခုန်လိုက်ပါဘိ ။
စာ ကျက်ရင်း ။ ထမင်း စား ရင်း ။ စကား ပြော ရင်း က အပြော စကားများ ကို ဗြုန်းခနဲ သတိရ တတ်သည် ။ မျက်နှာလေး ရဲရဲ သွားအောင် ရှိတတ်သည် ။ အတန်း ထဲ က ကောင်မလေး များ က ပင် “ အေး ... ဘာဖြစ်လို့လဲ ဟင် ” ဟု မေးကြသည် ။ အေးအေး သည် ငေး ပြီး ဘာမှ မပြောဘဲ ရှက် ၍ သာနေသည် ။
အမေ့ ပြော စကား မှာ စင်စစ် တော့ ဆန်းလှသည် မဟုတ် ။ မိန်းမ အဖြစ် ဖြင့် မွေးဖွားလာသော လူသတ္တဝါ တိုင်း အရွယ် ရောက်စ ၌ မိခင် ထံ က ကြားရမည့် စကား ပင် တည်း ။
လွန်ခဲ့သော သောကြာနေ့ မနက် က အေးအေး သည် ခါတိုင်း ထက် အိပ်ရာ ထ နောက် ကျသည် ။ အိမ်ဘေး က သူငယ်ချင်းမကလေးများ နှင့် ပုံ ပြောတမ်း ကစားကြရာ က တစ္ဆေပုံ ရောက်သွား သောကြောင့် ကြောက် လည်း ကြောက် ။ ကြိုက် လည်း ကြိုက် ဖြစ်ကာ ညဉ့်နက် သွားကြသောကြောင့် ပင် ဖြစ်လေ၏ ။
ထို ည က လ အလွန် သာ သည် ။ ထုပ်ဆီးတိုး တော့ မကစား ရတော့ပြီ ။ အမေ သည် အေးအေး ကို ညတိုင်း လမ်းမ ထွက်ခွင့် မပေးတော့ချေ ။ အကြောင်းပြချက် မှာ “ အေးအေး ... ညည်း ကလေး မဟုတ်တော့ဘူး ” ဟူ၏ ။
“ ကလေး မဟုတ်တော့ဘူး ” ဟု ပြောတာ လောက် မကြိုက်တာ မရှိဘူး ထင်သည် ။ သို့သော် လည်း အေးအေး သည် လိမ္မာချင်သော သမီး ဖြစ် လေရာ အမေ့ စကား ကို မကျေနပ် လှ သော်လည်း လမ်းမ မဆင်း တော့ချေ ။
ထို့ကြောင့် သူငယ်ချင်းမလေးများ က အေးအေး ၏ အိမ် ကို လာကြ၏ ။ ကတမ်း ခုန်တမ်း ကစားရ၏ ။ ထမင်းလက်သုပ် ရောင်း ကြရ၏ ။ ပုံ ပြော ကြရ၏ ။ အေးအေး ကိုယ် ၌ ကလည်း တယ်ပြီး ခုန်ပေါက် ပြေးလွှားချင် လှသည် ဟု မရှိတော့ ချေ ။ အေးအေး သည် စိတ်ကူးယဉ် လာလေသည် ။
မိမိ ၏ ပြေး အလှည့် ရောက်သော် ကိုယ့် ဒဏ္ဍာရီ ကို ကိုယ့် ဘာသာ ထွင် ယူမိလေ၏ ။ အေးအေး ၏ ပုံ ထဲ မှ ဇာတ်လိုက် မှာ ဥစ္စာစောင့် ဘဝ က ဝင်စားလာသော မမိုးသူ ဖြစ်လေ၏ ။ မမိုးသူ ဟူသော အမည် မှာ အေးအေး ၏ အဘွား နာမည် ပင်တည်း ။ အေးအေး သည် ကြားဖူးနားဝ နှင့် ဖြီးကာ ဖြန်းကာ နေ လေ၏ ။ လူဝင်စားမကလေး သည် မွေးမွေးချင်း “ အစ်ကိုကြီးရေ ” ဟု တစ်လုံး ပီပီသသ အော် လိုက်သည် ။ လ သာသော ညတိုင်း မာလကာပင် အောက် မှာ ထိုင်ပြီး ငို တတ်သည် ။
ပယောဂဆရာ နှင့် အစွဲ ချွတ် ပြန်တော့ အစ်ကိုကြီး ဥစ္စာစောင့် နှင့် လည်း မခွဲချင် ။ လူ့ ဘဝ က မိဘများ နှင့် လည်း ချစ်ခင် နေ၍ အလွမ်းဇာတ် စ လေတော့သည် ။ အေးအေး သည် ကိုယ့် ပုံ မှာ ကိုယ်တိုင် ဇာတ်လိုက် ဖြစ်ကာ ငို တရှိုက်ရှိုက် ပင် ဖြစ်လုခမန်း ရှိလေ၏ ။
အိပ်ပျော်တော့တောင် အေးအေး သည် ဥစ္စာစောင့် အိပ်မက်များ ကို ဆက် ၍ မက်နေ သေး၏ ။ အိပ်မက် ထဲ ၌ ဥစ္စာစောင့် အစ်ကိုကြီး မှာ ကိုကိုမောင်ဆွေ ဖြစ် နေသည် ။ ကိုကိုမောင်ဆွေ သည် အေးအေး မှာထား သော ရင်ကမ်းသီးများ ကို အမေ တို့ အဖေ တို့ မသိအောင် ဝှက်၍ ယူလာသည် ။
မိုး လင်း၍ အိပ်ရာ မှ နိုးသော် နေရောင် သည် အတော်ပင် ဝင်းဝါ လျက် ရှိပေပြီ ။ အဖေ တောင် ကမ်းနားလမ်း ကုန်တိုက် သို့ ထွက်သွား ပြီ ဖြစ်လေ၏ ။ အေးအေး သည် အလွန်အိုက် နေသည် ။ အင်္ကျီ ကို ကမန်းကတန်း ချွတ် ပစ်ကာ ရေချိုးခန်း သို့ ပြေး ဝင်သည် ။ ရေချိုး ပြီး မှ အပြင် ၌ ရပ်ကာ သွားတိုက် နေလေ၏ ။
အမေ က ထမင်းဟင်း ချက်ပြုတ် နေရာ က ဗြုန်းခနဲ ရပ် လိုက်ကာ အေးအေး ကို စိုက်ကြည့်သည် ။ ကြာတော့ မနေတတ် မထိုင်တတ် ပင် ဖြစ်လာသည် ။ အမေ သည် သည်လိုပင် မျက်တောင် မခတ် ကြည့်တတ်သည် ။ ည အိပ်ရာ ဝင်ပြီ ဆိုလျှင် အေးအေး သည် အမေ နှင့် မျက်နှာချင်း ဆိုင်ပြီး အိပ် ရသည် ။ ဒါမှ အိပ်ပျော်သည် ။ သို့မဟုတ် လျှင် တစေ့စေ့ ကြည့်နေ တတ်ရကား နေမထိ ထိုင်မသာ နှင့် အိပ် မပျော်တော့ ချေ ။
ယခု တစ်လော ကြည့်ပုံ က တော့ ပို၍ပင် စိတ်ညစ်စရာ ကောင်း သေးသည် ။ အမေ့ အကြည့် ထဲ တွင် အပြစ် ဆိုချင် ဟန် ။ ဆူပူချင် ဟန်များ ကို တွေ့ သလိုလို ထင် မိသည် ။ အေးအေး သည် အပြစ် မရှိပါဘဲ အပြစ် ရှိ သလို ဖြစ်ကာ မလုံမလဲ ရှိလှသည် ။
အမေ က ပထမ ဆူပြီး အစပျိုးသည် မှာ “ ရေချိုး ပြီးမှ သွားတိုက်ရသလား ဟဲ့ ။ ထမင်း စားပြီး မှ ပဲ တိုက်ပါ တော့ အေ ”
တကယ်တော့ အမေ သည် ဒါကို အရေးတကြီး ထား၍ ပြောချင်တာ မဟုတ် ဟု အေးအေး သိလေသည် ။ အေးအေး သည် ဘာမျှ ပြန် မပြောဘဲ သွား တိုက် မြဲ တိုက် နေသည် ။
“ အေးအေး နော် ... ”
အမေ က ချော့ သံ လိုလို ငေါက် သံ လိုလို မဝေခွဲ တတ်သော အသံနေ အသံထား နှင့် ပြောသည် ။
“ အေးအေးနော် .. ညည်း မငယ်တော့ဘူး ။ ကလေး မှ မဟုတ်ဘဲ ”
ထို့နောက် အမေ သည် မျက်နှာ ကို တစ်ဖက် လွှဲ ကာ “ ရေချိုးတဲ့ အခါ ထဘီ ကို ရင်ရှား ရတယ်ဟေ့ ” ဟု ပြော လိုက်လေရာ အေးအေး နား ထဲ ၌ အမြောက် ဆယ်လုံး တစ်ပြိုင်တည်း ပစ်လိုက် သလို အလန့်တကြား မြည်ဟည်း သွားလေ၏ ။
အေးအေး သည် ယောင်ကန်းကန်း နှင့် သွား ဆက်ပြီး တိုက် လိုက်သေး၏ ။ ထို့နောက် ဘာမှ မပြောဘဲ မိမိ အိပ်ရာ သို့ ပြန်ပြေးခဲ့လေသည် ။ ရှက်လိုက်တာ ။ ရှက် လိုက်တာ ။ အမေ့ ကို စိတ်ဆိုးချင် သလိုလို ပင် ။ ဘာဖြစ်လို့ သည်လို ပြောရတာပါ လိမ့် ။ ငါ့ ဘာသာ ငါ လုပ်မှာပေါ့ ။ ငါ သိသားပဲဟာ ။ သို့သော်လည်း အမှန် မှာ အေးအေး သည် ထဘီရင်ရှား ဝတ်ဖို့ တစ်ခါမှ စိတ် မကူး မိသေးချေ ။
စိတ် ကို တင်းပြီး ထမင်း စား သော်လည်း မမြိန်ရှက်ချေ ။ ထိုကြောင့် ကျောင်း သို့ စောစော ထွက်ခဲ့ ရ၏ ။ အေးအေး ကို ယခု ကျောင်း သို့ တစ်ယောက်တည်း မလွှတ်တော့ပြီ ။ တစ်အိမ် ကျော် က ကိုကိုမောင်ဆွေ ကို သွား စောင့်ရ၏ ။ ကိုကိုမောင်ဆွေ က ကျောင်း အထိ လိုက်ပို့ ပြီးမှ သူ့ ရုံး သို့ သူ ဆက် ၍ သွား လေ၏ ။
ကိုကိုမောင်ဆွေ ၏ အိမ် သို့ ရောက် သော် အေးအေး သည် ခါတိုင်း လို ပျော်ရွှင်စိတ် နှင့် လှမ်းပြီး မ အော် မိချေ ။ အိမ်ရှေ့ လှေကား မှာ ခပ်ငေးငေး ထိုင်မိ၏ ။ ရှက်စိတ်များ ဝေနေ ၏ ။ ဘာကြောင့် သည်လောက် ရှက်နေသလဲ တော့ မသိ ။ အလျင်တုန်း က ဆိုလျှင် ရှက် လျှင် ငိုပစ် လိုက်သည် ။ ယခုတော့ ငိုလည်း မငို ချင်ပေ ။ ဖျား သလို တစ်ကိုယ်လုံး ပူ နေလေသည် ။ ထိတ်လန့်ခြင်း လည်း ဖြစ်နေသည် ။
ကိုကိုမောင်ဆွေ က တောင် ပြော ရသည် ။ “ ဟေ့ မိအေး ။ နေမကောင်းဘူးလား
မျက်နှာတွေ အမ်း နေ သလိုလို ...” ကိုကိုမောင်ဆွေ သည် နှဖူး ကို ခပ်ဖိဖိ လာ ၍ စမ်း၏ ။ ထိုနောက် အေးအေး ၏ နဖူး ပေါ် က ဗွေပိုကလေး လို ရစ် ဝေ့ ၍ ပေါက်သော ဆံပင်လိမ်လိမ်ကွေ့ကွေ့ ကလေးများ ကို ချစ်စနိုး နှင့် သပ် ၍ ပေးလေ၏ ။
သည်တော့မှ ငိုချင် လာ၏ ။ အား လည်း ရှိလာ လိုက်သေး၏ ။ ကိုကိုမောင်ဆွေ ၏ လက်ဖဝါးများ မှာ နွေးထွေး လှသည် ။ အရွယ် ရောက်သော ယောက်ျား လက် မို့ မာ ၍ ကြမ်း သော်လည်း ဖိကပ်ပြီး နေ လိုက် ချင်၏ ။ အေးအေး သည် မျက်ရည်စများ နှင့် မော် ၍ ကြည့်၏ ။ ကိုကိုမောင်ဆွေ ၏ လက်ချောင်းများ ကြား မှ သူ့ မျက်နှာ ကို တစ်မြှောင်းစီ မြင် ရသည် ။ သိပ် ချောတာပဲ ဟု ထင်၏ ။ မိန်းမ ထဲ မှာ တော့ အေးအေး တို့ အတန်း က အင်္ဂလိပ်စာ ပြသော ဆရာမကလေး သည် အချော ဆုံး ပင် ။
အေးအေး သည် မိမိ လည်း ချော ရင်ကောင်းမှာပဲ ။ ချောသလား မသိ ဟု တွေး မိ၏ ။ ကိုကိုမောင်ဆွေ ၏ လက်ချောင်းများ ကို ဖယ်ရှား ပစ်ပြီး ဗြုန်းခနဲ ပြေးထွက် သွား၏ ။ ဘုရားစင် အောက် မှာ ချိတ် ထားသော မှန် ကို ခြေဖျား ထောက် ပြီး ကြည့် လေ၏ ။ မှန် ထဲ တွင် မျက်နှာ တစ်ခုလုံး ရဲရဲ နီသော ကလေး လည်း မဟုတ် လူကြီး လည်း မပီ သေးသည့် မိန်းမငယ် တစ်ယောက် ကို မြင်ရ လေ၏ ။
“ အောင်မယ် ။ အပျို က မှန် ကြိုက်တတ်လာပြီ ” ဟု ကိုကိုမောင်ဆွေ က နောက်သည် ။
သူ အင်မတန် စ တတ်သည် ။ စည်းကမ်း မရှိသော စကားမျိုး ကို လည်း ပြောလေ့ ရှိသည် ။ သူ့ စကားများ မှာ အမေတို့ ပြော စကားများနှင့် ကန့်လန့်ချည်း ဖြစ်လေသည် ။ သို့သော် ကိုကိုမောင်ဆွေ ဘာ ပြောပြော အေးအေး မရှက် ၊ ဂရုလည်း မစိုက် ။ အဓိပ္ပာယ် လည်း မကောက် ။ ရယ်ကာ သာ နေသည် ။ ကိုကိုမောင်ဆွေကြီး ကို ချစ်သည် ။
နှစ်ယောက် ကျောင်းသို့ သွားသော် အေးအေး သည် ခါတိုင်းထက် ပျော် သလိုလို စိတ်လှုပ်ရှား နေလေသည် ။ ပခုံး ပေါ် လာ တင် နေသော သူ့ လက် ကို ပဲ သဘောကျ နေသည် ။ ပါးပြင် ကို ဆွဲယူပြီး မျက်နှာ အပ် ကာ နမ်း လိုက် ချင်သည် ။
စင်စစ်တော့ ကိုကိုမောင်ဆွေ သည် အေးအေး ၏ မိတ်ဆွေကောင်းကြီး ပေ တည်း ။ မပြောရဲ ဖြစ်နေသည့် အခါ ကိုကိုမောင်ဆွေ ကို ပြော ရသည် ။ အမေတို့ မကြိုက်သော ရုပ်ရှင် အကြောင်း ၊ သီချင်း အကြောင်း ၊ ဝတ္ထုမဂ္ဂဇင်း အကြောင်း များ ကို သူ နှင့် ပြောရသည် ။ သူငယ်ချင်းများ နှင့် မခေါ်သည့် အခါမျိုး၌ ကား “ အမယ်လေး ကိုကိုမောင်ဆွေ ရှိပေလို့ ။ နို့မဟုတ်ရင် သိပ် ပျင်း မှာ ။ သူတို့ ကို ငါ က ချည်း ခေါ်ရမှာ ” ဟု တွေးပြီး ကျေးဇူး တင် တတ်သည် ။
အိမ် မှာ ဆို လျှင် ဘာမှ မလွတ်လပ်ချေ ။ အမေ က နေရာတကာ ပါ လွန်းသည် ။ အခု တစ်လော ဆို ရှက် တာက လည်း တစ်မျိုး နှင့် မို့ ဘယ်လို နေရမှန်း မသိချေ ။
အိမ် မှာ စကားပေါ့ စကားပျက် ပြောလို့ မရ ။ သီချင်း ကျယ်ကျယ် ဆိုလျှင် တောင် ယခု မကြိုက်ချင်ကြတော့ပြီ ။ မနက် အိပ်ရာ က ထ ၍ ရေ ချိုး လျှင် စိတ်ဒုက္ခ တစ်မျိုး ဖြစ်သည် ။ အမေ့ စကား ကို နား လည်း ထောင်ချင်၏ ။ ခွ တိုက်ပြီး လုပ်ချင်စိတ် လည်း ထူးထူးဆန်းဆန်း ပေါ်ပေါက် လာ တတ်သေးသည် ။
သို့သော် အမေ့ ကွယ်ရာပင် ဖြစ်စေဦးတော့ ။ အေးအေး သည် စိတ် တစ်မျိုး ဖြစ်ကာ ဝမ်းကွဲအစ်မ အပျိုကြီးများ ဟန် ကို အတု ခိုး ကာ နေမိ လေ တော့သည် ။
ထဘီ ကို ခြေသလုံးသားကလေး ပေါ် ရုံ သာ လှန် ကာ သေသေသပ်သပ် ဆပ်ပြာ တိုက် သည် ။ ရင် မှာ ဝတ်ထား ရသဖြင့် ကျပ်တတ်တတ် သော်လည်း စောင်ခြုံ ထားရသလို စိတ် လုံခြုံလျက် ရှိနေ လေတော့သည် ။
မျက်နှာ ကို ဆင်ပြာ တိုက် ရင်း လူကြီးများ လုပ် သလို မျက်လုံး ဖွင့် စမ်းကြည့်သည် ။ အလျင်က ဆိုလျှင် ရေ အထပ်ထပ် လောင်းပြီး မှ မျက်စိ ဖွင့် ရဲသည် ။ ကံကောင်းချင် တော့ ဆပ်ပြာမြှုပ်များ သည် မျက်လုံး ထဲ သို့ မဝင်ဘဲ နေကြရာ အေးအေး ကျေနပ် သွားပြီး နောက်နောင် မျက်နှာ တိုက် လျှင် မျက်လုံး ဖွင့်ဖွင့် ပြီး နေဖို့ ဆုံးဖြတ် လိုက်လေ၏ ။
ဘာပဲဖြစ်ဖြစ် ရှက်တာ က တော့ မပျောက်နိုင် ။ အမေ့ ကို လည်း မျက်နှာချင်း မဆိုင်ဝံ့ သလို ဖြစ်နေ လေရာ အိမ် မှာ တယ်ပြီး မနေမိတော့ချေ ။ ကိုကိုမောင်ဆွေ ဆီ ချည်းပဲ သွားနေသည် ။ သူငယ်ချင်းမလေးများ နှင့် လည်း ယခု တစ်လော မတည့်လှ ။
သည်လို ဆိုပြန်တော့ လည်း အမေ့ မှာ ပြောစရာ ရ လာပြန်သည် ။
“ ဟဲ့ မအေး လည် လှချည်လား အေ ။ နေဝင် မိုးချုပ် ထိ သူများ အိမ် မှာ နေရသလား ။ မိန်းကလေး အေ ... ယောက်ျားလေး မဟုတ်ဘူး ”
အေးအေး သည် ဘာကြောင့်မှန်း မသိ အလွန် နာကြည်း သွားကာ မျက်နှာ အောက် သိုး ၍ “ ဘယ်က သူများ အိမ် ရမှာလဲ ။ ကိုကိုမောင်ဆွေ ဆီ သွားတာ ”
အမေသည် တစ်ခုခု ပြောဦးမည် ပြုပြီး မပြောတော့ ချေ ။ မျက်လုံးများ အရောင်တောက် လာကာ သမီး ဖြစ်သူ ကို ကြည့်သည် ။ အေးအေး နားမလည်နိုင်သော လျှို့ဝှက်သည့် အရိပ် အငွေ့ များ သန်း သလိုလို ။
ယခုတစ်လော ဒါတွေချည်း တွေ့ နေရသည် ။ ကျပ်ပါဘိနော် ဟုသာ ညည်းချင်သည် ။ သို့သော်လည်း အေးအေး သည် တယ် ဂရုမစိုက်တော့ ဘဲ ကိုယ့် ဘာသာ ကိုယ် နေတတ် သလို နေသွား ဖို့ ရာ သာ ရှိသည် ။
အမေ က ဘာ လိုချင်မှန်း မသိ ။ သမီး ဖြစ်သူ က ဘာ ပေးရမှန်း မသိ ။ မိမိ အပေါ် ၌ မိဘများ သည် အနည်းငယ် ရက်စက်လာသည် ဟု ထင်စ ပြုသည် ။ ဘာကြောင့်လဲ ။ ငါ ဟာ ကလေး မဟုတ်တော့ လို့ လား ။ မိန်းကလေး မို့ လား ။ သူငယ်ချင်းမကလေးများ နှင့် ပြန်တည့် သွားကာ ကိုကိုမောင်ဆွေ တို့ အိမ် ဘက် သို့ မရောက်ပြန်တော့ချေ ။ ထို့ကြောင့် အိမ်လည် ပြဿနာ အလိုလို ပြေသွားသည် ။
( ၂ )
ကျောင်း တက်ရသည် မှာ လည်း ပျင်းစရာ ကောင်း ၍ နေသည် ။ အထူးသဖြင့် အတွက် တွက်ရသည်မှာ ပျင်းစရာ သက်သက်ပေတည်း ။
အင်္ဂလိပ်စာ ဖတ် ရတာ ပျော်စရာ ကောင်းသည် ။ ခင်လက်မကလေး အကြောင်းများ ဆိုလျှင်တော့ ဖတ် ၍ မပြီးနိုင် ။ ဖားမကြီး သား နှင့် ခင်လက်မကလေး ကို မင်္ဂလာဆောင် တော့မည် လုပ်သည့် အခါမူ ကား အေးအေး သည် မခံချိမခံသာ ဖြစ်လျက် ဒေါသ ထွက်၏ ။ သည် လောက် အရုပ်ဆိုး တဲ့ ဖားကြီးများ ဟု မဲ့ရွဲ့ မိ၏ ။ ပုံပြောဆရာ ကို လည်း သည်းမခံနိုင် ဖြစ်မိသည် ။ သို့သော်လည်း ကံကောင်းထောက်မ ၍ ခင်လက်မကလေး သည် နောက်ဆုံး ပန်းနတ်သားကလေး နှင့် ရ လေရာ အေးအေး သည် စိတ်နှလုံး နူးညွတ် နစ်မျော သွားလေ သည် ။
ထိုနေ့ သည် သောကြာနေ့ ဖြစ်ရ ကား အင်္ဂလိပ်စာ ဖတ်ပြီး သော် မိန်းကလေး တို့ သည် အချုပ်အလုပ် သင်ရန် တစ်ချိန် ယူ ကြရသည် ။ သူတို့ အခေါ်အတိုင်း ထို “ အပ်ချုပ်ချိန် ” မှာ ပျော်စရာ ကောင်းလှပေ၏ ။ မိန်းကလေးများ ဝိုင်းစု ကာ စကားမျိုးစုံ ပြောရသည် ။
အချုပ်အလုပ် သင် ဆရာမ က မူကား ထိုအချိန် ဆို လျှင် ကျောင်းအုပ်ဆရာမကြီး ၏ မောင် နှင့် စကားပြော နေ တတ်သည် ။ ဆရာမ ၏ ထူးဆန်းသော ပြုံးစကလေးများ ကို မြင်ရတတ်သည် ။
ဘာဖြစ်ဖြစ် ကျေနပ်၏ ။ အကြောင်းမူကား ကျောင်းသူမကလေးများ ကို အဖက် လှည့် ၍ မှ မလုပ်သော ကြောင့် သူတို့ ၏ ချုပ်လုပ်ပြီးသား ပစ္စည်းများ မှာ ကိုင် ကြည့်ချင်စရာပင် မကောင်းလှချေ ။
သိုးမွေးဦးထုပ်ကလေးများ မှာ နဂိုရောင် ပျောက် ကာ ချွေး နှင့် လည်း ညစ်ထေး၏ ။ အပင်ကျ ကာ အပေါက်အပေါက် နှင့်လည်း ရှိသည် ။ အေးအေး ၏ ဦးထုပ် မှာ အပင် တစ်ရာ နှင့် စထားရာ တစ်မိုက် မျှ ရသော် အပင် နှစ်ဆယ်ကျော်ကျော်လေး ကျန်တော့ သဖြင့် အပင် သိမ်းဖို့ရာ မလိုတော့ ဘဲ ဖြစ်နေတော့၏ ။
အေးအေး နှင့် မတည့်ဆုံးသော နယ်လီ က မူ ကား အပင်တစ်ရာ စလျှင် တစ်ရာ့ငါးဆယ် လောက် ရအောင် ဟိုက သည်က ကောက် တတ် လေသည် ။ ထို့ကြောင့် နောက်ဆုံး နှစ် ကုန်ခါ နီး ၍ စစ်ဆေး ကြည့်ရှုသူ လာခါ နီး လျှင် ဆရာမ သည် လက် မအားတော့ချေ ။ သိုးမွေးဦးထုပ်များ တစ်လုံး ပြီး တစ်လုံး ထိုး ကာ ကျောင်းသူမလေးများ နာမည် ကပ် ရသည် ။
အေးအေး သည် မိမိ ၏ စာအိတ်ကလေး ကို ယူကာ ထိုးလက်စ သိုးမွေးစ နှင့် သိုးမွေး ခင် ကို ယူလေ၏ ။ ပန်းရောင် သိုးမွေး မှာ လက် က ကြေးညှော် နှင့် ချွေးကြောင့် လိမ္မော်ရောင် ညစ်ထပ်ထပ် အကွက်များ ထင် နေ၏ ။ လက် ကို ဘယ်လိုပင် ဆပ်ပြာ နှင့် ဆေးသော်လည်း မစင်ချေ ။
သိုးမွေးဦးထုပ် မှာ နမ်း ကြည့်သည့် အခါ ချဉ်စော်ပင် နံ လိုက်သေး၏ ။ စိတ်ပျက်သွား ပြီး ဘေး က ကလေးမများ ၏ ပစ္စည်းလေးများ ကို ကြည့်သော် သူလို ကိုယ်လို ထက် မထူးသည် ကို တွေ့ရ၏ ။ စိတ် သက်သာ သွားပြီး နယ်လီ့ ဦးထုပ် ကို ကြည့်သည် ။
နယ်လီ ကို ခင်သလောက် မျက်နှာကြော မတည့်လှရကား နယ်လီ လုပ်သည့်အရာ ကို လည်း ကောင်းသည် မထင်ချေ ။ သို့သော် နယ်လီ ထိုး နေသော ဦးထုပ် မှာ အားလုံး ထဲ တွင် အဖြူစင်ဆုံး ။ နဂိုရောင် အပေါ်ဆုံး ပေတည်း ။ အဆင်အကွက် လည်း မပျက် ရှိ လေရာ အပင်ကျ ပုံ ။ လို သည် ထက် ပို သွားပုံ မပေါ်ချေ ။ နယ်လီ ၏ လက်ချောင်းကလေးများ လည်း သွက်လက်လှသည် ။
“ သူ က ကု,လားချွေးမ ကိုး တတ်မှာပေါ့ ။ ဒါပေမဲ့ သူ့ ဟာကြီး က ကောင်းကောင်း မကောင်းပါဘူး ” ဟု တွေး၏ ။
နယ်လီ သည် အေးအေး ၏ ကိုကိုမောင်ဆွေ ကို အင်မတန် အရေးပါချင်၏ ။ နယ်လီ သည် အပျိုဖော် လည်း ဝင်လာပြီ ။ အတန်းထဲ တွင် အကြီးဆုံး ဖြစ်၍ အင်္ဂလိပ်သွေး နှင့် ကု,လားသွေး လည်း တစ်ဝက် တစ်ပျက် စပ်ရကား ထွားကျိုင်း သန်မာလှသည် ။
“ ငါ့ ဟာ ပြီးတော့မယ် ဆရာ ” ဟု နယ်လီ က ဦးထုပ်ကလေး ကို မြှောက်၍ ပြလေ၏ ။
“ ဟုတ်လား ...” ဟု ဂရုမစိုက် သလို ဟန် လုပ်ပြီး ခေါင်း မလှည့် သော်လည်း မျက်စိ ' တွေ က စွေစောင်း လှမ်း ကြည့်မိသည် ။
“ ဒီကို လာပါကွယ် ။ ဟေ့ ... လာကြပါကွယ် ။ အားလုံး ... တို့ ဒီမှာ စကားပြော
ရအောင် ”
ကျောင်းသူမကလေး တို့ သည် လက် က အချုပ် ထိုး တစ်ချက် မထိုး တစ်ချက် နှင့် စကား ပြောကြသည် ။
ဆူဆူညံညံ ကြား ထဲ က နယ်လီ သည် အားလုံး ကို လွှမ်းမိုး ၍ အော်ရယ် တတ်သည် ။ ဣန္ဒြေ လည်း နည်းနည်း မှ မရ ။ လက်ကိုင်ပဝါ ကို ရင်ဘတ် ထဲ ထည့်လိုက် ။ ပြန်ထုတ်လိုက် နှင့် လုပ်သည် ။ ကျစ်ဆံမြီး ကို လည်း ဘယ် တစ်ဖက် ညာ တစ်ဖက် ပြင်ပြီး ကျစ်ပြန်သည် ။ နောက်ဆုံး၌ ကား မျက်နှာ ပြောင်စပ်စပ် နှင့် အခြောက်တိုက် ရယ်ကာ “ ဟော ဟိုမှာ ...” ဟု မေးငေါ့ ပြလေသည် ။
နယ်လီ မေးငေါ့ ပြရာ သို့ အားလုံး လည်၍ သွားကာ ကြည့်ကြ လျှင် ကျောင်းဆင်း လာ ကြိုသော မော်တော်ကား ဒရိုင်ဘာများ ကို တစ်သိုက်ကြီး တွေ့ ရ၏ ။
“ ဟော ဟိုက ညည်း အဆက် ” ဟု နယ်လီ က မဆီမဆိုင် အေးအေး ကို လက်ညှိုးထိုး လေ၏ ။
“ အောင်မာ ... ငါ့ ဘာသာငါ နေတာပါ ။ နင် က ဘာလဲ ...” ဟု သာ ပြောတတ်၏ ။ သို့သော် အေးအေး သည် ထို စကားမျိုး ကို မကြိုက်သလို ကြိုက်သလို ရှိကာ မျက်နှာထား မတတ်ဘဲ လှမ်းတော့ ကြည့်မိ၏ ။ နယ်လီ ပြသူ မှာ ရုပ် ခပ်ဖြောင့်ဖြောင့် ။ ကိုယ် ခပ်တောင့်တောင့်ပင် ။ သို့သော်လည်း ယောက်ျား မားမားကြီး ဖြစ်ရကား အေးအေး သည် စိတ် မထွေ ပြား လှချေ ။
ထို လူ သည် ဘယ်သူ့ ကို မှန်း မသိ ပြုံး၍ ပြသည် ။ အေးအေး သည် စိတ်တုန်လှုပ် သွား မျက်နှာ ပျက်သွားပြီး ဘေး က မိန်းကလေးများ ရိပ်မိသလား ဟု လှည့်ပတ် ကြည့်မိ၏ ။ နယ်လီ က ခပ်ရဲရဲကလေး ပြန်လည် ပြုံး ပြသည် ကို တွေ့ရ၏ ။ နယ်လီ လုပ် သလို လုပ်ချင်ချင် လည်း ဖြစ်လာ၏ ။ သို့သော် ထို သူ သည် အေးအေး ကို အဖက် မလုပ်ချေ ။
ကျောင်းသူမကလေး တစ်သိုက် သည် စကားပြော အနည်းငယ် တိုး သွားသည် ။ အေးအေး လည်း စိတ်ဝင်စား လာသည် ။ ဆရာမ အလိုတော်ရိ သုံးလေးယောက် သာ ခပ်လှမ်းလှမ်း မှာ တည်တည်ကြည်ကြည် နေကြသည် ။ သူတို့ ကြား မှာ ကြောက်လှရသည် ။ အေးအေး သည် တိုးဝင် လာသော ခေါင်းများ ကြားဝယ် ဇက်ခိုင် နေ မိလေသည် ။
“ ဟေ့ .... ဟေ့ ဟိုဘက် ကစားကွင်း မှာ လာ လာ ကစားတဲ့ကောင် က ဘယ်သူတဲ့ လဲ ”
“ ဘယ်က ကောင်လဲ မသိပေါင် တော် ” ဟု နယ်လီ က ဖြေ၏ ။
“ အမယ် ... ညည်း ကို စာ လိုက်ပေး တာ ငါ တွေ့သားနဲ့ ။ မနေ့က နေ့လယ် အိမ်ပြန် တော့လေ ။ ညည်းတောင် စာ ကို ဆွဲဆုတ် ပစ်လိုက်သေးတယ်လေ ”
“ မဟုတ်ပါဘူး ဟယ် ။ မြမြ ကို မေးကြည့်ပါဦး ။ အဲဒီတုန်း က မြမြ ရှိပါတယ် ။ ငါ့ ကို စာ လိုက် ပေးတာ မဟုတ်ပါဘူး ။ သူ့ ဘာသာ ဘောလုံး လိုက် ကောက်တာပါ ”
မြမြ က နယ်လီ ကို ထောက်ခံ၏ ။ စင်စစ် မြမြ နှင့် နယ်လီ မှာ နှစ်ယောက်သား တိုင်ပင် ၍ ရည်းစား ကိုယ်စီ ထားကြသူများ ဖြစ် လေ၏ ။ သူတို့ နှစ်ယောက် သည် ရည်းစားစာ ချင်း လဲ ဖတ်ကြသည် ။ ညနေ ကျောင်းဆင်းချိန် မှာ ကိုယ့် ရည်းစား ကိုယ် ချိန်း တွေ့ ကြသည် ။ သူတို့ ၏ ရည်းစားများ မှာ လည်း ကျောင်းဘေး ကစားကွင်း သို့ လာ ကစား ကြသော တရုတ် ကပြား တေတေပေပေ များပေတည်း ။
မြမြ နှင့် နယ်လီ တို့ သည် အေးအေး ကို များ တော့ ဂရု စိုက်လောက်စရာ ဟု မထင်ကြပေ ။ အေးအေး ရှေ့ မှာ ပင် ညစ်တီးညစ်ပတ် စကားများ ပြောလေသည် ။ ဘယ်က တတ်သလဲတော့ မသိ ။ အေးအေး ပြော လိုက်သည့် စကားများ ကို လည်း အနက် ကောက်ပြီး ရယ် တတ် သည် ။ အပျိုဟန်ပန် လည်း လုပ် တတ်သည် ။ ထို့နောက် အေးအေး ကို သင်ကြသည် မှာ “ ဟိုဘက် က လက်ရည်ဆိုင် ကို ဟိုကောင်မတွေ နဲ့ လိုက် မသွားနဲ့ ။ အဲဒီမှာ နောက်ပိုးတွေ ရှိတယ် သိရဲ့သား ”
“ ရှိတော့ ဘာဖြစ်သလဲ ” ဟု အေးအေး က ခပ်ရိုးရိုး မို့ မေးမိသည် ။
“ လက်သရမ်းတာပေါ့ ရှင် ”
“ ဘယ်လိုလဲကွ ”
“ ဟော ... ဒီလို ” ဟု နယ်လီ က လက်သရမ်း ပြ လိုက်လေရာ အေးအေး သည် နာ လည်း နာ ။ ရှက် လည်း ရှက်ပြီး ငိုရသေး၏ ။
အဲသည်တုန်း က တော့ အေးအေး သည် နယ်လီ တို့ နှင့် အရော မဝင်တော့ ဟု ထင်စား မိ၏ ။ သို့သော် မနေနိုင်ချေ ။ နယ်လီ နှင့် မြမြ တို့ ပြောကြသည်များ ကို ယခု အဓိပ္ပာယ် လည်း နားလည် တတ်လာ၏ ။ တိတ်တဆိတ် လည်း အရသာ တွေ့၏ ။ ကိုယ်တိုင် လည်း ပြော ကြည့် ချင်၏ ။ မတတ် လို့ သာ နေ ရသည် ။ မိမိ ထက် ငယ်သော ကလေးများ နှင့် ဇယ်ခုနစ်လုံး တောက် ရာ ဒန်းလွှဲ ရတာ ကို အမြဲ မပျော်ပိုက်နိုင်ပြီ ။
“ အေူးအေး ရေ ... နင့် ကိုကိုမောင်ဆွေ လည်း မတွေ့သေးပါ လား ”
“ သူ က လေးနာရီ မှ ရုံး ဆင်း မှာ ”
“ ငါ ညည်း ကို စောင့်နေပါ့မယ် ။ ညည်း တစ်ယောက်တည်း ” ဟု နယ်လီ က ပြော၏ ။
“ ဟင့်အင်း ... ငါ စာကူး နေမှာပေါ့ ”
နယ်လီ ကို ကိုကိုမောင်ဆွေ နှင့် မတွေ့ စေချင်ပေ ။
“ ငါ လည်း စာ ကူးစရာ ရှိသေးတယ် ။ တို့ နှစ်ယောက် အတူ ကူး တာပေါ့ ”
မြမြ က လည်း သူပါ နေမည် ဟု ပြော လေရာ အေးအေး မတတ်နိုင်တော့ချေ ။
“ ကိုကိုမောင်ဆွေ က ညည်း ဦးလေး အရင်း လား ” ဟု မြမြ က မေး၏ ။ မိန်းကလေး မျက်နှာ မှာ မျက်နှာပိုး မသတ် တာ ကို ဟန် လုပ်ပြီး လုံလှပြီ ထင် နေသော အမူအရာ နှင့် ပင် ။
“ ဦးလေး နှစ်ဝမ်းကွဲ ” ဟု အေးအေး က မဖြေချင့် ဖြေချင် ဖြေ၏ ။
“ ချောတယ် နော် ”
“ သူ နဲ့ ပါ လာတဲ့ လူကြီး က သာ ချောသေး ”
အေးအေး သည် နိုးကြား လာ ကာ “ အမယ် ... ဘာ ချောလို့တုံး ။ ဒီ လူကြီး က သွားခေါကြီး ဥစ္စာ ။ ကိုကိုမောင်ဆွေ က အသားလည်း ဖြူ သေးရဲ့ ”
“ သွား မခေါပါဘူး တော် ”
“ ခေါလွန်း လို့ ”
“ အမယ် ... ငါတော့ ကိုကိုမောင်ဆွေ က ပို ချောတယ် ထင်တယ် ” ဟု နယ်လီ က မျက်စ တစ်ဖက် ချီ ၍ ပြော လေ၏ ။ ထိုအခါများ ဆိုလျှင် နယ်လီ သည် လူကြီးစင်စစ် ဖြစ်လေ ပြီ ဟု အေးအေး ထင် တတ်သည် ။ နယ်လီ့ အမူအရာများ သည် အတော်အတန် ကြီးရင့်ပေပြီ ။
မြမြ က နယ်လီ ကို ပြိုင် မငြင်းချေ ။ သူတို့ သည် အချင်းချင်း နားလည် ပြုံး ပြုံးကြလေ၏ ။
“ အေးလေ ... ငါ ကတော့ ဟိုလူကြီး က ချောပဲပေါ့ ”
လေးနာရီ ထိုးသော် သူတို့ သုံးယောက် သည် ကိုကိုမောင်ဆွေ နှင့် ဟို လူကြီး တို့ နှင့် အတူ ပြန်ကြသည် ။
နယ်လီ နှင့် မြမြ တို့ သည် အေးအေး ကို တယ် ဂရု မစိုက်တော့ ဘဲ ယောက်ျား နှစ်ယောက် ကို သာ စကား ပြောလျက် ရှိ လေသည် ။ သူတို့ သည် အပျိုဖားဖားကြီးများ နှင့် မတူ တူ အောင် ကြိုးစားရသည် မှာ မောလှလေပြီ ။ နယ်လီ ပင် လျှင် မျက်စ တစ်ဖက် ချီ ရ လွန်း ၍ ညာဘက် ပြောင်း ချီမည် ကြံ သော်လည်း ဘယ် မသန် ရ ကား နှစ်ဖက်လုံး မြင့် တက် သွား သဖြင့် လက်လျှော့ ရ လေ၏ ။
ကိုကိုမောင်ဆွေ နှင့် ပါလာသူ မှာ “ ကောင်မလေးတွေ ။ ကောင်မလေးတွေ ” ဟု ပါးစပ် က ခေါ်ရင်း လက် က ကောင်မလေး နှစ်ယောက် ကို ပွတ်သပ်ဖက်ရက် လုပ် လာ၏ ။ ကိုကိုမောင်ဆွေ က လည်း တစ်ချက် တစ်ချက် ခေါင်း ပုတ်လား ။ ပါး ဆွဲ လား လုပ်လေရာ အေးအေး သည် မျက်ရည်များ စို့ လာ လေတော့သည် ။
အေးအေး မျက်စိ မှာ သူတို့ လေးယောက် ကို ကြည့် ၍ မရ ။ မိမိ ကိုယ် ကို လူမမည်ရွယ် ကလေး လို့ ထင်ကာ စိတ်အား ငယ်၏ ။ မိမိ ကို သယ်သူ က မှ အဖက် မလုပ်ဘူး ထင်၏ ။ ခါတိုင်းလို ကိုကိုမောင်ဆွေ နှင့် နှစ်ယောက်တည်း အေးအေး ပြန် ချင်၏ ။ စိတ်အေးချမ်းသာ နှင့် မွေး ကတည်း က နေခဲ့သည့် အတိုင်း ကိုကိုမောင်ဆွေ ခါး ကို ဖက်မှီကာ ပြန်ချင်လေ ၏ ။ သူတို့ တစ်တွေ လက် တွေ မေး တွေ ပခုံး တွေ ခါးတွေ ရှပ် နေ တာ ကို တော့ ကြည့်ရတာ နည်းနည်း ရှက်သည် ။
သို့သော် အေးအေး သည် မျက်ရည် ကျကျနန မစို့ ရ ခင် ကိုကိုမောင်ဆွေ ၏ လက်တစ်ဖက် သည် အေးအေး ၏ ပခုံး ကို ညင်သာစွာ လာ ၍ ဆုပ်၏ ။ စ်တ်ပြေ လိုက်တာ ။ ကိုကိုမောင်ဆွေ ကို ချစ်တယ် ။ ကိုကိုမောင်ဆွေ ၏ လက်ချောင်းများ သည် အေးအေး ၏ ကျစ်ဆံမြီး ကို ဖြေ နေ ကြလေသည် ။ အေးအေး ကား ရင် ထဲ ၌ လှိုက်လှဲ ကျေနပ်၏ ။ ကိုကိုမောင်ဆွေ သည် နယ်လီ တို့ ကို မစိုက်တော့ ဘဲ ရှိလေ၏ ။
“ အေးအေး က ငြိမ်လှချည်လား ” ဟု ဟိုလူကြီး က လှည့် လာသော် ကိုကိုမောင်ဆွေ ၏ လက်မောင်းများ သည် မာကျော သွား ပြီး အေးအေး ၏ ပခုံး နှင့် လည်ကုပ် ကို ဖိမိလေ၏ ။ အေးအေး သည် ပြုံးရွှင် ကာ နေ လိုက်ပြီး မကြားချင် ယောင် ဆောင်နေလေသည် ။
ထို ညနေ အိမ်ပြန်ရသည် မှာ ပျော်ရွှင်မှု သက်သက် မျှ မက ရ လေ သည် ။ ထူးဆန်းသော ဝေဒနာများ ပါ လာသည် ။ ရင်လည်း ပထမ ဆုံး ခုန်လေပြီ ။
( ၃ )
“ မိအေး နော် ... တင်ဆွေ နဲ့ တော်တော် ရော ။ တော်ကြာ ရယ်ဟ - ရယ်ဟ နဲ့ နွားပြာ ကြီး အောက်သွား မရှိဘဲ ဖြစ်စေဦးမယ် ”
ဤသို့ အမေ က မျက်နှာ ထိ မျက်နှာ ထား နှင့် ပြော သော် အေးအေး သည် ထိတ်လန့် အံ့အားသင့် ကာ ဘာကို နားလည်ရမလဲ ဟု စဉ်းစား၍ မရ ဖြစ်လေ၏ ။ အ မေ့ စကားပုံ ကို လည်း စက်ဆုပ် ရွံရှာသည် ။ ကိုကိုမောင်ဆွေ ဘက် က လည်း နာသည် ။ မိမိ အတွက် တော့ ကြောင်တိကြောင်တောင် ဖြစ်ရအောင်ကို ရှက်ကြောက်တုန်လှုပ်၏ ။ ဒေါသ လည်း ပြင်းစွာ ထွက်၏ ။ ဝမ်းနည်း ငိုချင်ကြီးလည်း ဖြစ်၏ ။ အမေ့ ကို မုန်း သွား၏ ။ ရန်သူ လို သဘော ထားမိလေသည် ။
အမေ သည် သမီးငယ် ၏ ရပ်တည်ရာ မရ အောင် ထိခိုက်သွားပုံ ကို ရိပ်မိဟန်ဖြင့် အသံ အနည်းငယ် ပျော့လာသည် ။
“ တင်ဆွေ ဆိုတာ က အနု မရ ။ အကြမ်း မရ ပေါ့ပေါ့နေ ပေါ့ပေါ့စား အကောင်မျိုး မအေး ရဲ့ .. ။ ဆွေမျိုးစပ် ပေမဲ့ သစ္စာစောင့် တတ်တဲ့ လူမျိုး မဟုတ်ဘူး ။ ကိုယ် လည်း အရွယ် ရောက်လာပြီ ပဲ ။ ပွတ်သီးပွတ်သပ် နေလို့ ဘယ် ဖြစ်မလဲ ။ မိန်းကလေး နဲ့ ယောက်ျားလေး ”
အေးအေး က မူကား နောက်ဆက်တွဲ စကားများ ကို နား မဝင်တော့ပြီ ။ နှုတ်ခမ်း ကို ကိုက် ပြီး သာ ကြိတ်ပြီး နေသည် ။ ပါးစပ် က ဘာမှ လည်း မရှင်း ချင်တော့ ။ ဘဝ သည် ကြမ်းကြုတ် ၍ လာပြီ ။
အိမ် မှာ နေချင်စိတ်များ ပျောက်လျက် ရှိ၏ ။ ကိုကိုမောင်ဆွေ ဆီ လည်း အလျင်လောက် အခါခါ မသွားဝံ့ ။ စိတ်တွေ ညစ်လ၏ ။ ထွက်ပြေးချင် ၏ ။ အမြဲ ဆိုးနေမိ၏ ။ ထူးဆန်း ထွေပြားလေသည့် စိတ်ဝေဒနာများ ဖြစ်ပေါ် နေပေ၏ ။ အားကိုးရာ ကို ရှာ ချင်၏ ။
မတွေ့ ။
ကိုကိုမောင်ဆွေ ၏ အပြစ် ကင်းစင်သည် ဟု မိမိ ယုံကြည်သော မျက်နှာ ကို မှုန်ရေး ရစ်ဝဲ ကာ မြင် ရလေ၏ ။
ဒုက္ခများ ဝန်းရံလျက် ရှိသည်ဟု ထင်သည် ။ အမေ သည် မိမိ ကို အပြစ် ရှာလျက် ရှိသည် မဟုတ်လား ။
အိမ်ရှေ့ အိမ်မှ ဂဏန်းသင်္ချာ အပို ပြသေးသည့် ကု,လားဆရာကြီး ကို လည်း လူပျိုကြီး မို့ မယုံစား ပြန်ပြီ တဲ့ ။ ဘယ်လို ဘယ်လို မှန်း မသိ ။
အေးအေး ၏ ကော်ပီစာအုပ် ထဲ လာဆွဲ သွားသော သွေးတစ်စက်စက် ကျ သည့် မြားဒဏ်ရာ နှင့် အသည်းပုံ ကို လည်း အမေ သည် စစ်ကြော မေးမြန်း ၍ မဆုံး ။ နယ်လီ စ တာ ဟု ထင် သော်လည်း မပြော ပြဝံ့ ပြန်ချေ ။
ယောက်ျားသူငယ်ကလေးများ အနား သို့ ရောက်ပြီ ဆိုလျှင် တော့ အေးအေး သည် လှုပ် ပင် မလှုပ်ရဲတော့ချေ ။ အမေ ၏ စုံစမ်းမေးမြန်း နေသော မျက်လုံးများ ကား စူးရှ ပြင်းထန်လှ ချေ၏ ။
သည်အထဲ အေးအေး က လည်း ကဲ၍ တစ်ည ဆင်း ကစား လိုက်သေး၏ ။ ပြေးရင်း ကစားရင်း နယ်လီ့ မောင်လေး နှင့် ဖက်မိသည် ကို အိမ် ထဲ မှာ အိပ်ပျော် နေသည် ထင်ရသော အမေ က မြင်လိုက်ကာ “ ထဦး ဟဲ့ ဒီအရွယ် နဲ့ ၊ ထဦး ဟဲ့ ” ဟု လက်ဝါး နှင့် ကျောပြင် ကို လည်း ချသေးသည် ။ သည် ဘဝ မှာ ဘာများ ပျော်စရာ ရှိတော့ မလဲ ။
ထို့ကြောင့် သေသွား လျှင် ကောင်းမည် ။ သေကြောင်း ကြံတော့မည် ။
မိဘများ ညှဉ်းပန်းရက်စက်မှု ကြောင့် အပြစ် မရှိသော သမီးကလေး သ,တ်သေသွား ရပုံ ကို စာပေ တစ်ခု ဖွဲ့နွဲ့သွားမည် ။
ထိုအခါ မိဘ တို့ သည် “ တို့ မှားလေခြင်း သမီးရဲ့ ” ဟု ငိုကြွေးကြပေတော့မည် ။ နောင်တ ပူလောင် ကြပေတော့မည် ။ လူသူ လေးပါး ကလည်း “ အတော် မိုက်တဲ့ မိဘတွေပါ လား ” ဟု ဆိုကာ မိမိ ကို သနား စုတ်သပ်ကြပေလိမ့်မည် ။
အို ... သိပ် ကောင်းမှာပဲ ။ ဒါက အကောင်းဆုံး လက်စားချေနည်း ပဲ ။
သေသွား ၍ တစ္ဆေ ဖြစ်လျှင်တော့ အကုန် လိုက် ခြောက်မည် ဟု လည်း ဒေါသ ထား၏ ။ သို့သော် တစ္ဆေ ဖြစ်လျှင် အခြား တစ္ဆေများ နှင့် အတူ နေရမှာ ကြောက်လိုက်ပါဘိ ။
မိမိ ၏ သ,တ်သေခြင်း ဝတ္ထု ကို အလွန် ခမ်းနားသည် ဟု ထင်စားလေ၏ ။ နောက်ဆုံး နှုတ်ဆက် ခဲ့တော့မယ် ။
ထိုခဏ ၌ ဖခင် ဖြစ်သူ ကို သတိ ရ၏ ။ အဖေ သည် ဘယ်လိုများ အငြိုးထားလေသည် မသိ ။ ဆံပင်အုပ်လုံးသိမ်း ထားသည် ကို လည်း ကု,လားမ နှင့် တူသည် ဟု ဆူစရာ မရှိ ကြံဖန် ဆူ၏ ။
စိတ်နာသည် ။ သူတို့ ကို နှုတ်ဆက် စာ ဖွင့် မရေးခဲ့ချင်တော့ ။
ဟောဒီ ဝရန်တာ က ခုန်ချ လိုက်ရင် တော့ အုံးခနဲ နေမှာပဲ ဟု တွေးကာ ဝမ်းနည်း၏ ။ မျက်ရည်များ သည် ကြွေ ကျသော သစ်ရွက်များ လို တဖြောက်ဖြောက် ကျလေ၏ ။
နာကြည်း ပြီး နောက် စွန့်ခွာရခြင်း သည် အလွန်လှသော ကဗျာ တစ်ပုဒ် ကို ဖြစ်စေ၏ ။
အပြင် ၌ လ သည် အလွန် မြင့် ကာ ကြည်ကြည်လင်လင် လာလေပြီ ။ တိမ် တို့ သည် လ နှင့် ဝေးရာ သို့ သွား ၍ စုကာ ငြိမ်နေကြသည် ။
အားလုံး ဖြူ၏ ။ ပုတိုသော အရိပ်နက်များ က ဖြူသည့် အရာ မှန်သမျှ ကို ပို၍ ပင် ဖြူစေ သေး၏ ။ အဖြူ နှင့် အနက် သည် သေမင်း နှင့် သင်္ချိုင်း လို ပင် တွဲဖက်မိ၏ ။ အေးအေး သည် လူစိတ်များ ပင် ပျောက်လျက် လာ တော့သည် ။
ဝရန်တာ လက်ရန်း ကို မှီလျက်နေ၏ ။
နောက် ငါးမိနစ် အတွင်း မှာ လှုပ်ရှားခြင်းကြီး တစ်ခု ဖြစ်ပေါ်တော့မည် ။
သို့သော်လည်း ထို ခဏ အတွင်း မှာ တော့ အေးအေး သည် ခပ်ငြိမ်ငြိမ် မလှုပ်မယှက် နေချင်၏ ။ ထို့ကြောင့် စိတ်အေးအေး ထား ကာ လမ်း ပေါ် သို့ ငုံ့ ကြည့် နေ လိုက်သည် ။
လှလိုက်တာ နော် ။
အေးအေး ၏ မျက်စိ ထဲ ၌ ကာကီယူနီဖောင်း လောက် လှ တာ မရှိ ။ ထို့ကြောင့် ပုလိပ်များ ၊ စစ်သားများ ကို အစဉ် ချစ်သည် ။ အထူးသဖြင့် ပုလိပ်များ ကို ပို ချစ်သည် ။
သူတို့ သည် သေးသွယ်နွဲ့ ပျောင်းနိုင်သည် ။ မေးကြိုး သိုင်း ၍ ဦးထုပ် ဆောင်း လိုက် လျှင် မျက်နှာ သည် ရှည်သွယ်ကာ မျက်လုံး မျက်ခုံးများ ပို၍ ထင်လင်း လာ ပေ၏ ။
အေးအေး သည် ရင်မ ၍ နှစ်ဆင့် ရှိုက်ကာ ငေး၏ ။
ပက်တရောင် လှည့်သော ပုလိပ်လေး သည် သ,တ်သေမည် ကြံသော ကလေးမ တစ်ယောက် ခေါင်း ပေါ် တွင် ရှိ နေမှန်း လုံးဝ မသိဘဲ စက်ဘီး ကို ဖြည်းညင်းစွာ စီးလာ၏ ။ အလွန် ဖြည်းညင်းစွာ စီးလာလေ၏ ။ သူ့ ဦးထုပ် ပေါ် ၊ ပခုံး ပေါ် ဒူးပေါ် ကို လရောင် သည် ဖြာယှက် ကွန့်မြူး ၍ ကျလာလေ၏ ။
အလှ ကို မြင်ခြင်း ။ ဘဝ ကို ညည်းခြင်း လွတ်ရာကို ရှာခြင်းတို့ သည် ပျက်တယ် ဖြစ်ဖြစ် ၊ တကယ် ဖြစ်ဖြစ် နုပျိုလန်းဆန်းလှသေး သည့် နှလုံး ထဲ မှာ စုပေါင်း မိသည့် အခါ ၌ ကား ဘယ်လမ်း မှ မဆို ငွေဖဲပြား တစ်ခွေ ဖြစ်နေမည် ဖြစ်၏ ။ ဘယ် သီချင်း မဆို လရောင် မှာ စောင့်ခိုင်း သည့် မှာတမ်းပင် ဖြစ်နေမည် ဖြစ်၏ ။
အေးအေး သည် ကဗျာ ကို ရွတ်စ ပြုလေသည် ။
လမင်း လည်း နေရစ် ပေတော့ ။
အေးအေး သည် တစ်ယောက် တည်း လေလွင့်လာ ကာ အိပ်ရာ ထဲ သို့ ဝင်လေသည် ။
( ၄ )
ယခုတော့ စိတ်ကူး တစ်ခု ဆန်းသစ်လေပြီ ။
လောက ၌ ခေါင်းဝှက် ၍ ငိုစရာ ရင်ခွင် တစ်ခု တော့ ရှိမည်ဖြစ်၏ ။ ထို စိတ်ကုး ကြောင့် အား လည်း နွဲ့ရ၏ ။ ရင် လည်း နွေးရ၏ ။ အသက် ရှည်ရှည် လည်း နေချင်လာ၏ ။
အေးအေး သည် အနည်းငယ် ငြိမ်ဆိတ် သွား၏ ။ စိတ် သည် သာ မမြင်ကွယ်ရာ မှာ မို့ ပျံသန်းလွင့်ပါး နေပေ၏ ။
အမြဲတမ်း အိပ်မက် မက် နေ သလို ဖြစ်နေပေ၏ ။ ပုံဝတ္ထုများ ကို ကြိုက်လာ၏ ။ စာဖတ် ပြီး နေ ချင်၏ ။ ဘုရားရှိခိုး လျှင် တောင် ဖြူဖွေး အေးစက်သော ကျောက်ဆင်းတု ၏ မျက်နှာ ကို မျက်တောင် မခတ် ငေး ကြည့်ခြင်းဖြင့် သာ အဆုံးသတ်၏ ။ ကြည်ညို သဒ္ဒါ စိတ်တွေ ပွား၏ ။
တစ်ခါတစ်ရံ တော့ လည်း သီချင်း ကို စိတ်ပါလက်ပါ ဆို ပြီး အဆုံး ၌ ငိုကြီးချက်မ
ငိုချ ရ၏ ။
စိတ်အာရုံ တို့ သည် ထွေဆန်း လှပေတော့သည် ။ ဆန့်ကျင်ဘက် လိင် ကို တွန်းလှန် ရုန်းကန်လိုခြင်း သည် လည်း ရှိသည် ။ တပ်မက် စွဲငင်ခြင်း လည်း ရှိသည် ။ ယောက်ျားများ ၏ မျက်လုံး ၌ ရမ္မက် ကို မြင်တတ် လေပြီ ။ မရဲမဝံ့ လည်း တုံ့ပြန် တတ် လေပြီ ။
လူတိုင်း ပင် မသန့်ရှင်းဘူး ဟု ထင်သည် ။ မိမိ က သန့်ရှင်း ချင် သေးသည် ။ သို့သော် လည်း မရ ။ ကိုယ့် ကိုယ် ကိုယ် စက်ဆုပ် ရွံရှာ၏ ။ သို့သော် သူမ သည် ချစ်ချင် ကြိုက်ချင် သော စိတ် များ လျက် ရှိတာတော့ အမှန်ပင် တည်း ။
ရင် သ ည် မကြာခဏ ထိတ်ရ၏ ။ အမေ ၏ မျက်လုံး တဝင့် မှာ ပင် သတိ ရ ကာ ထိတ်ရ ၏ ။ ကိုကိုမောင်ဆွေ နှင့် ခါတိုင်း လို စကားတွေ လာ ပြောနေ ရ အကောင်းသား က အမေ့ ကို သတိ ရ လျှင် မျက်စိ မျက်နှာ ပျက်သွား လေတော့သည် ။ လက်ဖျားများ အေးစက် လေ တော့သည် ။
“ မိအေး ... ဘာဖြစ်တာလဲ ” ဟု ကိုကိုမောင်ဆွေ က မေး တတ်သည် ။
“ ဘာမှ မဖြစ်ပါဘူး ”
သို့သော်လည်း ဖြေသည့် အသံ သည် မူမမှန်ချေ ။
သူ့ မျက်လုံးများ နှင့် ကြာရှည် ဆိုင်မိတတ်သည် ။ ပထမ တော့ ကိုယ် က စ ၍ လွှဲရ၏ ။ ထိုနောက် ကား စွန့်စားလိုစိတ်များ ဖြင့် အနိုင် ပြိုင်၍ ဆိုင်တတ်သည် ။
ထိုအခါ ထွေပြားခြင်း တစ်ခု ကို ရ၏ ။ ထို ထွေပြားခြင်း သည် ကိုကိုမောင်ဆွေ့ မျက်လုံးများ မှာ ရှိတာလား ။ မိမိ ၏ မျက်လုံးများ ထဲ ၌ ရှိကာ အရှေ့ က ကာ နေတာလား မပြောတတ်တော့ပြီ ။
ဘယ်သူ မှ မမြင်သော နေရာ၌ ကိုကိုမောင်ဆွေ နှင့် နှစ်ယောက် တည်း ထိုင် နေချင်သည် ။
ယခင် က လို သူ့ ရည်းစားများ အကြောင်း ကို နားမထောင် နိုင် တော့ချေ ။ မိမိ သာ ပိုင်ဆိုင်ချင်၏ ။
အမြတ်ထွက် သည်မှာ ကိုကိုမောင်ဆွေ က “ အေး ” ဟု လေးလေးစားစား ခေါ်လာခြင်းပင် ။ ကျေနပ်၏ ။ အမေ့ ရှေ့ ဆို လျှင် သူတို့ သည် မတိုင်ပင်ဘဲ ပြိုင်တူ ဟန်ဆောင် မိလျက် သား ဖြစ်လေ၏ ။ တစ်ယောက် ကို တစ်ယောက် အဖက် မလုပ် သလိုပင် နေသည် ။ တစ်ခါ တလေ ရန် ပင် လို နေလိုက်ကြသေးသည် ။
စိတ်အေး သွားသော အမေ က တစ်ဖက်သို့ လှည့် သွား လျှင် တစ်ယောက် ကို တစ်ယောက် နားလည် ပြုံး ပြုံးကြ၏ ။ သူ က မျက်လုံး တစ်ဖက် မှိတ်သည် ။ အေးအေး က ရှက်သည် ။
အမေ့ ကွယ်ရာ မို့ ထင်၏ ။ ငယ်ငယ် ကတည်း က လုပ်နေကျ ဖြစ်သော တစ်ယောက် လက် တစ်ယောက် ဆုပ်ခြင်းသည် ပင် အဓိပ္ပာယ် ရှိ လာ၏ ။ အေးအေး ၏ ကျစ်ဆံမြီး ကို ဆော့ ကစား သော လက် သည် လည်း အဖိုးတန် လာလေ၏ ။
အေးအေး သည် ရင်လှိုက်မောပန်း မိလေပြီ ။
သို့သော် လည်း အေးအေး သည် သည်ကြား ထဲ က ရည်းစား တစ်ယောက် ကောက်ရလေသည် ။
နယ်လီ ၏ မောင် သည် ဗြုန်းခနဲ့ အရပ် ရှည်လာ၏ ။ နယ်လီ ထံ မှ တစ်ဆင့် စာတွေ တစ်စောင် ပြီး တစ်စောင် လာ၏ ။ အင်္ဂလိပ် လို ရော ။ မြန်မာ လို ရော ရေး၏ ။
ဖတ်လို့ လည်း ကောင်းလှသည် ။ ရွယ်တူ ချင်း မို့ ပိုပြီး နားလည် နိုင်သော အကြောင်း အရာများ ပါ တတ်သည် ။ ဥပမာ ... ပိုက်သာဂိုးရပ် ဂရပ်သီအိုရီ ဆိုသည် မှာ က နှစ်ထပ် နှင့် ခ နှစ်ထပ် ပေါင်းလျှင် ဂ နှစ်ထပ် နှင့် ညီမျှသည် ဟု အလွတ် ကျက် ထား လျှင် အလွယ်လေး ပင် ဖြစ်ကြောင်း ။
အေးအေး သည် ရည်းစားစာ မရေးဖူး ရ ကား နယ်လီ ၏ ထံ မှပင် အကူအညီ ယူ ရသည် ။ နယ်လီ က ကြီးကြပ် စီမံ ပေး၍ တစ်ည လသာသာ ၌ စာတိုက်ပုံး အနီး တွင် ချိန်း ၍ တွေ့ကြ၏ ။
“ အေးအေး တို့ ခိုး ပြေးရအောင် ။ ပဲခူး ကို သွားမယ် ။ မီးရထား စီး သွားမယ် ။ တစ်ခါက ရောက်ဖူး ဆရာ ။ သိပ် ပျော်စရာ ကောင်းတာပဲ ။ ငါတို့ ဦးလေး အိမ် ရှိတယ် ” ဟု ပီတာ က ပြော၏ ။
အေးအေး သည် ရှက်မူရှက်ရာကလေးများ နှင့် ပီတာ ၏ ဖုန် ပေ သော ဘောင်းဘီရှည် လေး ကို သာ ကြည့်၍ သဘောကျ နေလေ၏ ။ သည် ဘောင်းဘီရှည်ကလေး ကြောင့် ပီတာ သည် ချစ်စရာ ကောင်းလှသည် ။
သူတို့ သည် လူမှန်း သိ ကတည်း က တစ်ယောက် နှင့် တစ်ယောက် သိကျွမ်း လာ ကြ ရကာ ယခုလို သမီးရည်းစား ဖြစ်ပြီး ချိန်းတွေ့ ရ သော်လည်း သိပ်ပြီး အိပ်မက် မဆန်ချေ ။
“ အို မောင့် အသည်းကလေး ” ဟု ပီတာ က သူ့ အစ်မ သင် ပေးလိုက် သလို ဟန်ပန် လေသံ နှင့် ခေါ်လေ၏ ။
“ ဘာလဲ အချစ် ” ဟု အေးအေး က မရဲတရဲ ထူး ကြည့်ရင်း က ခေါ်ရဲဖူးတာ ကို အရသာ တွေ့ သွား လေတော့သည် ။
သူတို့ သည် အိပ်မက် ဆန်လာပြီ ထင်သည် ။
အေးအေး သည် အနည်းငယ် ချမ်းတုန် လာသည် ။
ပီတာ ကို ကြည့် လိုက်သော် သူ လည်း ချမ်းတုန် နေဟန် ကို တွေ့သည် ။
ထိုခဏ ၌ နှစ်ယောက်လုံး မှာ ပြောင်းလဲခြင်း ဖြစ်၏ ။ အေးအေး သည် ငို ချင် လာသည် ။ သူတို့ သည် ကလေးသူငယ် မဟုတ်တော့ပြီ ။ သို့မဟုတ် မကြာခင်ပင် ကလေး သူငယ် မဟုတ်တော့ပြီ ဆိုတာ ကို ဝန်ခံတော့မည် ဟု သိလာ၏ ။ မနက်ဖြန် ပင် လျှင် အရွယ် ရောက် ပြီး သော ယောက်ျား နှင့် မိန်းမ ဖြစ်ပေတော့မည် ။ အေးအေး သည် အန္တရာယ် ဆိုတာ ကို မြင်၏ ။
ရင်တွင်း ၌ ဟုတ်ခနဲ ပူ ၏ ။ အိမ် ပြန်ပြေး ရလျှင် ကောင်းလေ မလား ။ သည်မှာ ယခုလို ဆိတ်ငြိမ်ပြီး နှစ်ယောက် သား ရပ် နေရခြင်း ကို လည်း နှစ်သက်၏ ။ ဘာ လုပ်ရမလဲ ၊ ဘာ လုပ်ရမလဲ ။
ပီတာ က သူမ ၏ လက်မောင်းကလေး ကို ကိုင် လိုက်ရာ မသိလိုက်ဘဲ ဖျတ်ခနဲ ရုန်း မိ၏ ။ အင်္ကျီစ ကို သာ သူ က ကိုင် ထား မိ၏ ။ အေးအေး သည် သွေးရောင်လျှမ်း သော ပီတာ ၏မျက်နှာ ကို တစ်ချက် ကြည့် ကာ ဘာမှ မပြောဘဲ ပြေး ထွက်ခဲ့ လေသည် ။
အေးအေး သည် ပီတာ ကို နောက်ထပ် မတွေ့ချင်တော့သည့် အကြောင်း ကို စာ တစ်စောင် ပြီး တစ်စောင် ရေးရသည် ။ နယ်လီ နှင့် လည်း စိတ်ဆိုး ရသည် ။ သို့သော် စင်စစ် ပီတာ နှင့် ထပ် ပြီး တွေ့ချင်သည် ။ ထို ည က ထက် ပိုပြီး ပြင်းထန်သော တွေ့ခြင်းမျိုး ကို ပင် တောင့်တသည် ။ တစ်ည လောက် များ ပီတာ သည် အိမ် ရှေ့ ကို ဖြတ်၍ အသည်းကွဲသည့် သီချင်းတ စ်ပုဒ် လောက် ဆို သွားလျှင် အေးအေး သည် မျက်ရည်စ နှင့် ချက်ချင်း ဆင်းခဲ့မည်
ဖြစ်ပေ၏ ။
ကိုကိုမောင်ဆွေ ကို မေ့ နေ၏ ။ သတိရ ပြန် လည်း ပေါ့ရွှတ်ရွှတ် နိုင်သည် ။ အို ... သူ့ ရည်းစား အိမ်တွေ သွားနေ မှာ ပေါ့ ။ ဒါမှမဟုတ် သူ့ သူငယ်ချင်းတွေ နဲ့ ဖဲကစား နေ မှာ ။ အလကား ကြမ်းပိုးကြီး ဟု ဆဲလိုက်မိ၏ ။ သို့သော် ကိုကိုမောင်ဆွေ ကို ဘယ်လိုမှန်း မသိ ။ သိပ် ချစ်တာပဲနော် ဟု တွေး မိလေသည် ။
သည်လိုနှင့် အေးအေး သည် ရှစ်တန်းစာမေးပွဲ ကို ကျအောင် သာ ဖြေနိုင် လေသည် ။
အဖေ ၏ အမိန့်ကြောင့် အေးအေး သည် နယ်လီ နှင့် စကား မပြောရတော့ချေ ။ ကျောင်း လည်း ပြောင်း လိုက်ရသည် ။ ပီတာ နှင့် စိတ်ကောက် ကာ လမ်း မှာ တွေ့၍ စကား မပြော နိုင်ကြ ။
အမေ သည် ဘာ စိတ်ကူး ပေါက်သည် မသိ ကိုကိုမောင်ဆွေ နှင့် ဟိုဟိုသည်သည် လွှတ် ပြန်သည် ။ ရေးရောထွေးထွေး နေရပြန်သည် ။
အေးအေး သည် ယခင် လောက် စိတ် လှုပ်ရှားခြင်းများ ဆက်တိုက် မဖြစ်တော့ဘဲ ဣန္ဒြေ အတော် ရ လာသည် ။ ကိုယ်ခန္ဓာ လည်း လူကြီး နှင့် တူ လာ လေပြီ ။
မှန် ရှေ့ မှာ ကြည့် လိုက် လျှင် ယခု ဖွင့်လှစ် လိုက်သော နှင်းဆီ လို နုနယ် သော် လည်း အဖူး မဟုတ်တော့ ဆိုတာ ကို တွေ့ရ၏ ။ အဆင်အပြင် လည်း တတ်လာ၏ ။ သပ်ရပ် လာ၏ ။
ကာလပေါ်သီချင်းများ ကို ကျက် ချင် လာသည် ။ သီချင်းများ ကူး ရသည် ။ အော်တို စာအုပ်များ လည်း အပင်တပန်း ထားရ ၊ ရေးရသည် ။ တစ်ခါတစ်ရံ ကာရန် မကိုက်သော ကဗျာကလေးများ ဆိုစပ်သည် ။ ရှေးကဗျာများ ထဲ ကလည်း မသိမသာ ကူး ထပ် ချရသည် ။ တစ်နေ့ တော့ ဝတ္ထုတွေ လည်း ရေး ဦးမည် ဟု စိတ်ကူးထားသည် ။ နာမည် ကျော်ကြား ခြင်း ဆိုတာ ကို စုံမက် မြတ်နိုး လာ လေတော့သည် ။
“ မဟုတ်ဘူး အေး .. အေး ဟာ အရင်လို မဟုတ်တော့ဘူး ။ စိမ်းစိမ်းကြီး ” ဟု ကိုကိုမောင်ဆွေ က ဝမ်းနည်း စကား ပြော လာလေသည် ။
ဟင်အင်း ... စိမ်းတာ မဟုတ်ပါ ။ အေး လည်း ပြော မပြတတ် ။
စင်စစ်တော့ ကိုကိုမောင်ဆွေ အပေါ် ၌ အရင် လို ဒရောသောပါး လည်း နိုင်၍ အဓိပ္ပာယ် လည်း ကင်းမဲ့ သော အာရုံမျိုး မရှိတာ တော့ အမှန်ပင် ။
အေးအေး သည် အစွဲ တစ်ခု တော့ ရှိ နေသည် ။ ထို အစွဲ သည် ကိုကိုမောင်ဆွေ ပင် ဖြစ်၍ ဘဝ တစ်လျှောက် မှာ သဏ္ဌာန် အမျိုးမျိုး ကို ဆောင်၍ သွားလျှင် သွားမည် ဖြစ်သော်လည်း အတွင်း က တော့ သည် အစွဲ အတိုင်း ပင် နေမည် ဖြစ်လေ၏ ။
အထဲ က ကွီနိုင်လုံး သည် ကွီနိုင်လုံး ပင် ဖြစ်ကာ အပြင် က သကြား က ဒိုင်းမွန်း ပုံ ။ လခြမ်း ပုံ အစုံ ပြောင်းချင် ပြောင်းမည် ။ ဒါကို နားလည်အောင် ပြောပြချင်သည် ။
“ ဒေါ်ဒေါ် က ဘာပြောထားတဲ့ အေး ” ဟု သူ က မေး ပြန်၏ ။
“ ခုတော့ ဘာမှ မပြောပါဘူး ။ အမေ က အလျင်တုန်း ကတော့ ”
“ ဆိုစမ်း ” ဟု သူ က ပြော၏ ။ သို့သော် ဘယ်လို ပြောရမယ် ။ ယခုတော့ ထိုစကား များ ကို ရှက်စရာ သာ မက မဟုတ်တာ ဟု လည်း ထင်ပြီး
“ အေး ... မပြောချင်ဘူး ”
“ ဘာလဲ ကိုကိုမောင်ဆွေ နဲ့ ကြိုက်သွားမှာ စိုးလို့လား ”
ကြည့်စမ်း .. ဆိုး လိုက်တာ ။
အေးအေး သည် မနှစ်မြို့ နိုင် သလို ဖြစ်ကာ သူ့ မျက်နှာ ကို ကြည့်သည် ။ သူ သည် လူငယ် တစ်ယောက် ပင် ဖြစ်ကာ မိမိ နှင့် ကိုယ် ရင့် တန်းတူ ဖြစ်ပါကလား ဟု ပထမဆုံး သိလာလေ၏ ။
သူ့ မျက်နှာ က ခပ်ရဲရဲပင် ။ မနှစ်မြို့ သလို ဖြစ်မိ၏ ။ ထို့နောက် ကား ရင်တွင်း ၌ ကျဉ် ၏ ။ အပြစ် ရှိသည် ဟု ပင် ကိုယ့် ကိုယ် ကိုယ် ထင် လာ၏ ။ သည်လို မနှစ်မြို့ မိသည့် အတွက် ဘာနှင့် ပင် လျော်ရ လျော်ရ လျော်လိုက် ချင်သည် ။ အနစ်နာ ခံ လိုက်ချင်၏ ။
စင်စစ်တော့ ကလေးဘဝ တလျှောက်လုံး ၏ အကောင်းဆုံး သော အဖော် ပင် မဟုတ်ပါလား ။
ပြီးတော့ ကိုကိုမောင်ဆွေ ကို ချစ်သည် ။ သိပ် ချစ်သည် ။
အေးအေး သည် မျက်ရည် လည် လာပြီး နောက် ပြုံး ကာ ခေါင်းခါ ပြသည် ။
“ ဟုတ်တယ် ။ ကြိုက်နေပြီ လို့ ပြောလိုက် ”
သူ့ ပါးစပ် က အရက် လည်း နံ နေသည် ။ အေးအေး သည် အခြေအနေ ကို သိလေ သည် ။ ကိုကိုမောင်ဆွေ က ပြောင်ပြောင်ပင် ဖြားယောင်း နေသည် ဆိုတာ သိသည် ။ ခက် လိုက်တာ က သူ ဖြားယောင်း နေတာ ကို အေးအေး က သဘောကျ နေခြင်းပင်တည်း ။
သူ က မဖြားယောင်း တောင် သူမ က စပြီး ဖြားယောင်း ဖြစ်ချင် ဖြစ်မှာပဲ ဟု ခေါင်းမာစွာ တွေး၏ ။ တစ်ခါတုန်းက ကိုကိုမောင်ဆွေ ၏ အိပ်ခန်း သွားပြီး သူ့ ကိုယ်နံ့ကလေးတွေ ကို ခေါင်းအုံး မှာ ၊ အိပ်ရာ မှာ ၊ ရှပ်အင်္ကျီ မှာ ရှာဖွေ၍ နမ်းခဲ့တာ ကိုယ့် ဘာသာ ဘယ် မေ့နိုင်မလဲ ။
အေးအေး သည် မိုက်မဲ ရ မှာ မကြောက်ဘဲ ရှိသည် ။
“ အေး မှတ်မိသေးလား ။ ကိုယ်တို့ အင်းလျား ကို သွား တာလေ ” ဟု သူ က မေး၏ ။
“ အေး က ခုလောက် မထွားသေးဘူး ။ အေး နဲ့ ကိုယ် နဲ့ နှစ်ယောက် တည်း လှေ တစ်စင်း ဟို အဝေး ကြီး လှော်သွားပါ ရော ”
ဒါတွင် ဘယ်က မလဲ ။ အေး မှတ်မိသေးသည် မှာ ငြိမ်၍ စီးခြင်း မရှိသော ရေပြင် ပေါ် မှ လေ တိုး ၍ လှုပ်ရွ လာသော လှိုင်းတွန့်ကလေးများ ရယ် ။ ညနေစောင်း ၏ ကျ နေ နီရဲရဲ ရှေ့ မှ ရွှေလျှံမောင်း သော တိမ်တွေ ရယ် ။ ပြီးတော့ ..
“ ပြီးတော့ ထိုင်ခုံကျဉ်းကျဉ်းလေး ထဲ မှာ အေး နဲ့ ကိုယ် နဲ့ နှစ်ယောက် တိုးပြီး ထိုင်ရပါကော ”
အေး သည် ညှို့ကွင်း ထဲ သို့ အလွယ် နှင့် ပင် လိုက်ခဲ့သည် ။
“ အဲဒီ ကတည်း က ပါ ... အေး ”
အေးအေး သည် စိတ်တွင်း မှ ခေါင်းခါ လေသည် ။ အဲဒီ ကတည်း က တော့ မဟုတ်ပါ ဘူး ။ သို့သော်လည်း လောက မှာ မယုံကြည်ခြင်း က တခြား ။ မယုံတာ ကို မိုက်မဲစွာ လက်ခံတာ က တခြားပင် ။
ဒါဟာ အချစ် ပဲ ဟု အေးအေး ၏ နုပျိုသော စိတ်ကလေးက ဆုံးဖြတ် ပေး၏ ။ သူ့ လက်နှစ်ဖက် နှင့် ဆုပ်ကိုင် ထားသော ပခုံးကလေးများ ကို မတွန့်မိ ။ ဒါမှ တကယ် ချစ်ကြိုက်ခြင်း နှင့် တူသည် ဟု ထင်စား၏ ။
“ အေး ... အိမ် မှာ နေရတာ မပျော်ဘူး မဟုတ်လား ”
မသိ ။
“ အေး ဟာ ကလေးလေး မဟုတ်တော့ဘူး ။ ဒီလို ငုတ်တုတ်ကြီး လုပ်မနေနဲ့ ဗျ ”
ထို့နောက် ယခုမှ သူစိမ်း နှင့် တူ လာသော ကိုကိုမောင်ဆွေ သည် စကား တွေ အများ ကြီး ပြော၏ ။ နားထောင် ရင်း သူ ဟာ ငါ့ အပေါ် စိတ်ကောင်း မှ ထားရဲ့လား ဟု လည်း ကြောက် ရွှံ့ မိသေး၏ ။
သို့သော် ငယ် ကတည်း က ယုံကြည်ထား သူ ကို ဆက်ပြီး ယုံကြည် ချင်သည် ။ လိမ် ပြော တာတွေ ကို လည်း လိမ် ပြောတာ မှန်း သိသည် ။ သို့သော် မသိချင်ယောင် ဆောင် လျှင် စိတ် ကူးယဉ် ချင်သော အရွယ် ၌ စိတ်ကူးယဉ် ခွင့် ရမည် ကို ကျေနပ်၏ ။
သို့သော် သူ့ နေရာ မှာ တခြား လူ ရောက် နေပြီး ခု ပြောတဲ့ စကားတွေ ပြော နေရင်ကော ။ အေးအေး ကို ခြောက် လည်း ခြောက်၏ ။ ချော့ လည်း ချော့ ၏ ။ ညာ လည်း ညာ၏ ။ အေးအေး က မူကား စိတ်လက် လျှော့ ထား လိုက်သည် ။ သူမ စိတ် ထဲ တွင် သူ့ ကို ချစ်ကြိုက်နေပါ၏ ဟု ဝန်ခံစကား ကို တမင် ပြော နေ မှ တော့ အားလုံးသည် ပြီးစီး အေးချမ်း လေပြီ ။
နောက်ဆုံး၌ သူ က ပြော နေသော စကား နှင့် မဆီမဆိုင် အေးအေး ၏ နှုတ်ခမ်းများ ကို စုပ်ယူ လိုက် လျှင် တော့ အေးအေး သည် တကယ့် ကို ချစ်ကြိုက် သွား လေတော့သည် ။
( ၅ )
အပြင် ၌ မိုးတွေ သည်း နေပြီ ကို အေးအေး သိလေသည် ။ အေးအေး သည် ချစ်သူ နှင့် ချိန်း ၍ ရုပ်ရှင် ကြည့် နေသည် ။ အေးအေး သည် ဘယ်လိုပင် လူကြီး ဟန် ဖမ်း သော်လည်း ငယ်ရွယ်သေးခြင်း မှာ ပျောက်ကွယ် ၍ မသွားရ ကား ထို လူ သည် လူများ က ဝိုင်း ကြည့်ကြ သည် ။
ပြီးတော့ ကိုကိုမောင်ဆွေ က လည်း ဟိုဘက် ပခုံး ကို ရဲရဲတင်းတင်း ကျော် ၍ ဆုပ်ထား သည် ။ မီးငြိမ်း လိုက် မှ ပင် နေသာ ထိုင်သာ ရှိသည် ။
“ အိမ်ရှေ့အိမ် ” ဟု ဗြောင် လိမ် ကာ ထွက်ခဲ့ရ၏ ။ ယခု တစ်လော အေးအေး သည် ကြိတ်၍ ရိုက်ခြင်း ခံ ရသည် ။ အဖေ နှင့် အမေ သည် စိတ်ချမ်းသာခွင့် ကို မပေးတော့ချေ ။
အေးအေး က ကိုယ့် ကိုယ် ကိုယ် တကယ် ကြီးရင့်တာ ထက် ပိုပြီး ကြီးရင့်ပြီ ဟု ထင် သလောက် သူတို့ က တကယ် ငယ်ရွယ် တာ ထက် ပို၍ ငယ်သေးသည် ဟု ထင် သည် ။ သူတို့ သည် သမီး လုပ်သမျှ ကို ပိတ်ပင် ဆန့်ကျင်ခြင်း နည်း တစ်ခု သာ သုံး တတ်သည် ။
ထိုအခါ လိမ်ရ၏ ။ စဉ်းလဲရ၏ ။ အလိုအလျောက် နေ လျှင် မလုပ်မိမည့် ကိစ္စတွေ ကို လုပ်မိရ၏ ။
ယခု တစ်ခါ တော့ အေးအေး သည် အနည်းငယ် ကြောက် နေ လေသည် ။ ခါတိုင်း ဆိုလျှင် ၁၂ နာရီ ပွဲ ကြည့် မြဲ ပင် ။ သည်တစ်ခါ ညပွဲ ကြည့် သည် ။
ဆောင်းဦး ပေါက် လာ ကာ အေးမြခြင်း နှင့် အတူ ညတာ ရှည် လာသည် ။ ထို့ကြောင့် စောစော မိုးချုပ် လေ ရ ကား အိမ် ပြန် လျှင် တော့ အဆူ ခံရတော့မှာပဲ ဟု ပူ သည် ။ သို့သော် လည်း သူ က ပူဆာ လွန်း လှသည် ။ ဘယ် တတ်နိုင်မလဲ ။ ချစ်တယ် ဆိုရင် စွန့်စားရ တာပဲ ။
သည်လောက် ဆိုလျှင် တော်ပေသေး၏ ။ ယခု အပြင် ၌ မိုး ရွာပြီ ။ ရာသီ မဟုတ် ရွာ သော မိုး ။ ရွာမည် မထင်ဘဲ ရွာသော မိုး ။ သူတို့ သည် ထီး လည်း မယူခဲ့ကြ ။
“ ကို ... မိုးတွေ ရွာကုန်ပြီ ”
“ ရွာပေ့စီလေ ” ဟု သူ က ပြောပြီး ရုပ်ရှင် ကြည့်မြဲ ကြည့်သည် ။
“ သူ ကတော့ ဘာ ဂရုစိုက်မလဲ ။ ကြောက်ရတဲ့ လူ မှ မရှိဘဲ ”
“ အေး ရဲ့ ။ ကိုယ် ချစ်ချင်တဲ့ လူ ချစ် ရတာ ၊ ချစ်လို့ ချစ် သလို လုပ်ရတာ ဘာမှ ကြောက်စရာ မရှိဘူး ”
“ အေး သိပ် ကြောက်တာပဲ ”
ကိုကိုမောင်ဆွေ က ဘာမှ ပြန် မပြောချေ ။
အေး တစ်ယောက် တည်း သာ ပူ ရသည် ။ မေး လျှင် ဘယ်လို ပြောရပါ့ မလဲ ။ ယခု သူတို့ ကို တွေ့ခွင့် မပေးတော့ချေ ။
စင်စစ်တော့ ရုပ်ရှင် ကြည့်ချင်လှသည် မဟုတ် ။ နှစ်ယောက် အတူ နီးနီးကပ်ကပ် နေချင်သည် ။ ငယ်ငယ် က လိုများ ပျော်ပျော်ရွှင်ရွှင် နေခွင့် ပေး လျှင် သည်လို ချိန်း တွေ့ပြီး မိုးမိနေသည့် အဖြစ် ကို ရောက်မည် မဟုတ် ။
“ ကဲ.. မိုးတွေ ပို သည်းလာပြီ ”
“ နောက် တစ်ပွဲ ဆက် လိုက်ရုံပေါ့ အေး ရာ ”
မိုး သည် မမျှော်လင့်ဘဲ သည်း လာသည် ။ ရုပ်ရှင် လည်း မိုးစဲ ကို မစောင့်နိုင်ဘဲ ပြီးသည် ။ အပြင်သို့ ထွက် လာသော မိုးသံလေသံ သည် ဝေါခနဲ လာ တိုး၏ ။ ကောင်းကင် သည် မည်းမှောင် ကာ လျှပ်များ ပင် ဝင်းဝင်းပြက် ချေ သေး၏ ။
မှောင် သဖြင့် ဆိုင်များ သည် မီး စတင် ထွန်းကြပေပြီ ။ လမ်းမီးများ လည်း လာပြီ ။ ည ပဲ ။ နာရိ ကို ကြည့် သော် ငါးနာရီ ထိုးပြီးစကလေး ပါပဲ ။ ယခု နေ ပြန်ရ လျှင် နာရီ ကို မြှောက် ပြနိုင်၏ ။
သို့သော် မိုး သည် သွန်အန် ၍ ကျ လာ၏ ။ ဘယ်သူ မှ မသွားနိုင် ။ မိုး ခို ပြီး နေ ရသည် ။ ယာဉ်များ သည် တချို့ ရပ် ကာ တချို့က အပြင်း မောင်း ပြေး၏ ။
“ ချမ်းနေမှာပဲ အေး ... နော် ”
ချမ်းရမှန်း တောင် မသိပြီ ။ စိတ် ပူ ကာ ငိုမဲ့မဲ့ ဖြစ် လာ၏ ။
“ အေး ရယ် ... အလကား အပြင် မှာ လေတိုက် ခံနေမယ့် အတူတူ တစ်ပွဲ ထပ် ကြည့် လိုက်ရအောင် ။ မိုး က ပက် နဲ့ ဟောဒီ အမိုး အောက် က ကူး သွားမယ် ”
“ နေပါဦး မိုး သိပ် မသည်းတော့ဘူး ထင်တယ် ”
“ သည်း နေတာပဲ ။ လေငြိမ် သွားတာ တစ်ခု ပဲ ”
“ ဒုက္ခပဲ ကို ရဲ့ ... ဒုက္ခပဲ ။ အေး ကို တော့ ရိုက်တော့မှာ ပဲ ”
“ အို ကို လိုက် ပို့မယ် ။ မရိုက် ရအောင် ပြောပေးမယ် ။ ဘာ လုပ်တာ မှတ်လို့ ။ ဘိုင်စကုပ် ကြည့်တာပဲ ။ နေပါဦး ။ အေး ကို တစ်သက်လုံး ဘယ်သူ က ဘယ်လိုက် ပို့ လို့ တုံး ။ ကို ချည်း ပို့တာ မဟုတ်လား ”
“ အခု အေး က အပျို ဖြစ်ပြီကိုး ရှင့် ” ဟု အမေ့ စကား ကို ထပ် ပြော၍ လှောင် လိုက် မိသည် ။
“ ကြည့်မိတော့ မထူးပါဘူး သူတို့ ကို ရှင်းပြရုံ ပေါ့ ။ မိုးသည်း ရွာ နေတာကိုး ။ လာပါ ။ အထဲ ထဲ သာ ဝင် ထိုင် နေရအောင် ။ မိုးတိတ် သွားတော့ ပြန်ထွတ်မယ် ”
“ ပြီးအောင် မကြည့်ရဘူး နော် ။ မိုး တိတ် ရင် ပြန်မယ် ”
သူ က ဘာမှ မပြောဘဲ အေး လက် ကို ဆွဲကာ ဟိုဘက် ရုံ သို့ ပြေး၏ ။
သို့သော် မိုး သည် ပို၍ သည်း ကာ တစ်ညလုံး မစဲ အောင် ရွာတော့မည့် ဟန် ဆင်လေ၏ ။
အားလပ်ချိန် မှာ ထွက် လာ သော်လည်း သည်း တုန်းပင် ။
အေးအေး သည် လက်မှတ် ရောင်းသော ရုံကလေး ၏ မှောင်ရိပ် ကို ခိုကာ မျက်ရည် သုတ်သည် ။
“ ကို ... အေး မပြန်ရဲတော့ဘူး ”
“ ကောင်းတာပေါ့ ခိုး ပြီး သား ဖြစ်တာပေါ့ ”
“ အမယ်လေး ။ မနက်ဖြန် ကျရင် တော့ ကျောင်း မှာ နာမည် ကျော် တော့ မှာ ပဲ ကို ရယ် ။ အမေ တို့ ကို လည်း မတွေ့တော့ဘူးပေါ့ ။ အေး ကြောက်တယ် ။ အိမ် လည်း ပြန်ချင် တယ် ။ ပြီးတော့ ဆာ လည်း ဆာတယ် ”
အေး သည် ကို ၏ လက်မောင်း ကို လှုပ်၍ လှုပ်၍ ငို လေ၏ ။ အေးအေး တကယ် ဒုက္ခ ဖြစ်မှန်း သိ၍ ကိုကိုမောင်ဆွေ လည်း တည်ကြည် လာသည် ။ သူ့ မျက်နှာ ၌ ရိုးဖြောင့်သော အမူအရာ ကို တွေ့ ရ လာသ ည် ။
“ လာ ... အေး ။ မိုးရေ ထဲ သွားမယ် ။ ကားတွေ ရပ် မပေး ရင် လျှောက် ပြန်မယ် ။ မရိုက်စေရဘူး ။ ကို အပြစ် ခံ ရအောင် ပြောမယ် အေး ။ ကိုကို သူတို့ ဘာမှ မလုပ်နိုင်ပါဘူး ။ အေး ကို နှိပ်စက်မယ် ကြံ ရင် ကို အိမ် ပေါ် က မဆင်းဘူး ။ ပြီးတော့ အေး နဲ့ ကို နဲ့ ဟာ ”
“ ဆွေမျိုးအရင်းကြီး ပဲ ” အေးအေး က ခါးခါးသီးသီး ထောက်၏ ။
ကို က မျက်နှာ ပျက် သွားပြီး
“ ဟုတ်တယ် အေး ... အေး ဟာ ကလေး ပဲ ရှိသေးတယ် ။ စာ လည်း ကောင်းကောင်း မသင်သေးဘူး နော် ”
သည်လို စကား တော့ လည်း မကြားရက်ပါ ။ သည်လောက် ငယ်ငယ်ကလေး နှင့် ဘဝ ၏ တွေ့စမြဲ အဖြစ်များ ကို တော့ မတွေ့ ချင် သေးတာ အမှန် ပင် ။
သို့သော် ချစ်တယ် လေ ။ ချစ်တယ် ဆိုတာ တစ် ဘဝ မှာ တစ်ခါပဲ ဟု လည်း ထင်၏ ။ ဘယ်သူ့ မှ လည်း မချစ်နိုင်ပါဘူး ။ အသက် ၆၀ ကျော် လို့ အမယ်အို ဖြစ် နေလည်း ကို ပဲ ကို ပဲ ။
“ အေး မပြန်ဝံ့ဘူး ” ဟု ဖြည်းညင်းစွာ ပြော၏ ။
“ ပြန် ရင်တော့ ဆိုး တော့ တော်တော် ဆိုးမှာပဲ ။ ရှစ်နာရီ ခွဲပြီ ”
“ ဘာ လုပ်ကြမလဲ ”
ကို သည် မျက်ခုံး ပင့် ပြ၏ ။ ပြုံးစေ့စေ့ လုပ်လိုက် သေးသည် ။ ပြီးမှ အေးအေး ၏ ဆံပင်ကလေးများ ကို အကျင့် ပါ နေသော လက်များ ဖြင့် မွှေ့ယမ်း လိမ်ဆွဲသည် ။
အေးအေး လည်း မျက်ရည် ကျ ရ ပြန်ကာ စိတ် ထဲ က ဦးလေး တော် သွား ပြန်လေသည် ။ အား နည်းနည်း ရှိ လာသည် ။
“ အေး သဘော ပဲ ။ အိမ် လိုက် ပို့ ဆိုရင် လည်း ပို့မယ် ။ မပြန်ရဲဘူး ဆိုရင် လည်း .. ”
အေးအေး သည် မော့ ကာ ကြည့် နေ လေရာ သူ သည်ပင် ရင်ဆို့ သွားဟန် ဖြင့် “ အေး ရာ ခက်လိုက်တာ ကွာ ။ အေး အသက် ဘယ်နှနှစ် ရှိပြီလဲ ” ဟု တစ်ခါ မှ မညည်းဖူး သူ ၊ ပျော်ပျော် နေ၍ သေခဲသူ က ရှည်ရှည်ဝေးဝေး ညည်း လေ၏ ။
“ ၁၆ နှစ် ”
“ ပြည့် ပြီးပြီလား ”
“ ပြည့် ပြီးပြီ ”
“ သနားတော့ သနားတယ် အေး ရယ် ”
သည်လို ဆိုပြန်တော့ အတော် ကျေနပ် သွားကာ သတ္တိတွေ ရှိ လာ ပြန်၏ ။
မိုး တိတ် သွားသော် ကိုးနာရီ ထိုးလေပြီ ။ သည် အချိန် ဆိုလျှင် အိမ် မှ လိုက်ရှာ နေကြပြီ ။ အိမ်နီးချင်းများ က တစေ့တစောင်း ကြည့်ကြပြီ ။
ဘယ်နည်း နှင့် မှ ပြန်၍ မဖြစ် ဟု အေးအေး ထင် လေသည် ။ အေးအေး သည် ဘာကို မှ ရင် မဆိုင်တော့ချေ ။ လွတ်ရာသာ ပြေးစိုးရဲ့ ဟု ပြောတော့မည် ။ မျက်ရည်ပူ တို့ သည် တစ်ပေါက် ပြီး တစ်ပေါက် ကျလာလေသည် ။
ဤသို့ သူတို့ နှစ်ယောက် တွဲကာ လျှောက် ကြ၏ ။
သူ ၏ ယုယသော လက်များ သည် လာ ၍ သိုင်းဖက် ထား ကြရာ ထို လက်များ သည် သည်လိုပင် အမြဲ နူးညံ့နေပါစေ ဟု ဆုတောင်း ရ တော့မည် ။
အလင်းရောင် ကို ကတ္တရာလမ်း ပေါ် မှ ရေလွှာ ကို ဖမ်းယူကာ ပြိုးပြက် နေ ရာ ထို ရွှေ လို ဝါမောင်း သော် လည်း ရွှေ မဟုတ်သော အရောင် တို့ ပေါ် ဖြတ်သွားသော အေးအေး ၏ ခြေများ သည် အလှမ်း မရေရာ ဘဲ ဘယ်မှန်း မသိသော သူ ခေါ်ရာ သို့ ဆုတ်ဆိုင်းဆိုင်း ပင် လိုက်လျက် ရှိလေသည် ။
◾ကြည်အေး
📖 ရှုမဝ မဂ္ဂဇင်း
အမှတ် ၇၀
မတ် ၊ ၁၉၅၃
No comments:
Post a Comment