❝ ကျူး ❞
( မျိုးသည်မင်း )
၁၉၉ဝ ။
ပြဇာတ် အမည် ၁၉၉ဝ ။ ဖြစ်ရပ်မှန် ကို အခြေ ခံထားသော ပြဇာတ် ။ အဲဒီ ပြဇာတ် မှာ ရွာ တစ်ရွာ ပါတယ် ။ မိသားစု တစ်စု ပါတယ် ။ သူတို့ တွေ့ကြုံခဲ့ရ သမျှ ဟာ အဲဒီ ကာလ မှာ အားလုံး ခံစားရတာတွေ ရဲ့ ကိုယ်စား ဖြစ်တယ် ။ ၁၉၉ဝ ။
••••• ••••• •••••
၁ ။
ရိုးပြတ်တော ထဲ က စိမ်းမြနုသစ်သော ကုလားပဲပေါက်တွေ ကို ငေးကြည့် နေတဲ့ မောင်မျိုးတင့် ရဲ့ နား ထဲ ကို လယ်တော နဲ့ မဟပ်စပ်တဲ့ အသံတွေ ဝင်လာတယ် ။ ပထမ တော့ အံ့သြတယ် ။ ဒီ လယ် ၊ ဒီ မြေ မှာ ... အသံချဲ့စက်သံ ဖြစ်ဖြစ် ကြားရတတ် တာ ပဲ ရှိတယ် ။ အခု ကြား ရတာ ကားသံ တွေ ၊ ကားသံ တွေ ... ။ ဘူတာရုံ ကို သင်္ဘောကြီး တွေ ဆိုက်လို့ရယ် ဆိုတဲ့ သီချင်းစာသား အတိုင်း ပဲ လား ။ လယ်တော ထဲကို ကားတွေ ၊ ကားတွေ ၊ ကုန်ကားတွေ ။ တဝေါဝေါ တဂူးဂူး တဂီးဂီး နဲ့ ဝင် လာ လိုက်ကြတာ မောင်မျိုးတင့် တော်တော် လန့်ဖျပ်သွားခဲ့ရတယ် ။ တောခြောက်တာလား ၊ ဘာလား ပေါ့ ။ သူ့ မြေ ၊ သူ့ ရေ ထဲ ကို အကြောင်း မကြား တစ်ဇွတ်ထိုး တိုးဝင် လာတဲ့ သတ္တဝါ တွေ ။ ခပ်တည်တည် ပါ ပဲ ။ ရဲဝံ့ လိုက်ကြတာ ။ ဓားမ ဦးချ အဘိုး ဘေး လက်ထက် ကတည်း က ဒီ မြေ တွေ ထဲ ဘယ်က ဘယ်လို ရောက် လာ မှန်းမသိတဲ့ ကားတွေ .. ။ လူတွေ ။ အသံတွေ ... ။
၁၆ နှစ်သား သာသာ ရှိ တဲ့ မောင်မျိုးတင့် ဘာလုပ်ရ မှန်း မသိတော့တာ အမှန် ။ သူ တို့ ကလည်း မောင်မျိုးတင့် ကို အင်္ဂါဂြိုဟ် က .. ET လို ကြည့် ကြတယ် ။ မောင်မျိုးတင့် ကလည်း သူတို့ ကို နာနာဘာဝ တွေ လို ကြည့်ပစ် ။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ မှ တော ထဲ မှာ တစ်ဦးတစ်ယောက် မှ မောင်မျိုးတင့် နဲ့ အဖော် မရှိ ။
ကားတွေ က ဇွတ်တိုး ဝင် လာ ကြတယ် ။ ဝီစီမှုတ်သံတွေ လည်း တစ်ဆက်တည်း ပေါ်လာကြတယ် ။
“ ဟိုဘက် သွား ၊ ဒီဘက် သွား ။ ပစ္စည်းတွေ အသာ ချ ။ ကွဲစရာတွေ ပါတယ် ” ဆိုတဲ့ အသံတွေ ညံ လို့ ပေါ့ ။
ရွာ ထဲ ဓားပြတွေ ဝင်လာ သလိုပါပဲ ။
ဘယ်သူ့ ကို မေးရင် သင့်လျော် မလဲ ။
“ ဒါက ကျွန်တော်တို့ လယ်မြေတွေ ပါ ။ ခင်ဗျား တို့ က ဘယ်က လာသလဲ ”
မေးဖို့ ဆိုတာ ဝေ လာ ဝေး ။ သူတို့ ဇောနဲ့ သူတို့ ။ လူ ကို တောင် ဝင် တိုက်မလား ထင်ရရဲ့ ။ မနည်း ရှောင်ရင်း နောက်ဆုတ် နောက်ဆုတ် နဲ့ ၊ နောက်ဆုံး ရွာ ဘက် ကို အပြေး ပြန် ဖို့ မောင်မျိုးတင့် စဉ်းစားမိတယ် ။
အဖေတို့ တော့ သိမှာပဲပေါ့ ။
အမေတို့ တော့ သိမှာပဲပေါ့ ။
တစ်ရွာလုံး က လည်း ဒီနေ့ တော ထဲ တစ်ယောက် မှ ထွက် မလာကြ ။ ဆန်းတော့ ဆန်းနေပါပြီ ။
••••• ••••• •••••
လယ်တော နဲ့ ရွာ အကြား သစ်သားတံတားလေး ကျော် လိုက်ချိန် မှာ မြင်ကွင်းတွေ ရင်ဆို့စရာပင် ။
မောင်မျိုးတင့် ခေါင်းကြီး သွားတယ် ။
လယ်တော ထဲ အမျိုးအမည် မသိ ၊ အဆက်အစပ် မသိ ဝင် လာသည့် ကားများ ၊ လူများကြောင့် ပဟေဠိ ဖြစ်နေသူ မောင်မျိုးတင့် အတွက် ရွာ အဝင် မှာ တွေ့ရတဲ့ မြင်ကွင်း က ဘူဒိုဇာ နဲ့ ဖြိုချ နေတဲ့ သွပ် အမိုးတွေ ကို အမြန် လိုက် ကောက် နေကြတာ ။ အော်ကြ ၊ ငိုကြ ။ တကယ်ကို ကမ္ဘာ ပျက် နေသလား အောက်မေ့ရတယ် ။ ကလေး တွေ ၊ ခွေး တွေ တရုန်းရုန်း နဲ့ ။ တဝုန်းဝုန်း ဖြိုချသံ တွေ .. ။ တရုန်းရုန်း ပြေးသံ တွေ ... ။
၁၉၉၀ ။
“ မြို့ပတ်သံလမ်း ဖောက်မယ့် နေရာ နဲ့ မလွတ်လို့ တဲ့ သားရေ ... ”
အမောဆို့ နေတဲ့ အမေ က မျက်လုံးပြူး ၊ မျက်ဆန်ပြူး နဲ့ ဆွံ့အ နေတဲ့ မောင်မျိုးတင့် ကို ရှင်းပြရင်း ခြေဖဝါး မှာ ဆူး နေတဲ့ သံ ကို သွေးစိမ်း ရှင်ရှင် ပန်းထွက် နေတဲ့ ကြား က ဆွဲနုတ်ရင်း ပြောရှာတယ် ။
မန္တလေး ဟာ မြို့ပတ်သံလမ်း လို တဲ့ ပထဝီမြေပုံ ရှိ သလား ။
မန္တလေး ဟာ စက်ဘီး တစ်စီး ရှိရင် ပတ်စမ်းပါ မြို့ တစ်ပတ် ။
အခြေအမြစ်မဲ့ ဆင်ခြေ စကား က မောင်မျိုးတင့် နား ကို ခါး စေရဲ့ ။
“ လယ် ထဲ မှာ လည်း လူတွေ .. ကားတွေ ကားတွေ ”
တုန်ယင် နေ တဲ့ မောင်မျိုးတင့် ရဲ့ စကားသံ ကို အမေ က ခနဲ့တဲ့တဲ့ အပြုံး နဲ့ တုံ့ပြန်တယ် ။
“ ဟုတ်တယ် အမေ သိပြီးပြီ ... ”
ဂေါဝိန်ဆိပ် နား က “ ကျူး ” တွေ ကို နေရာ ချထား ပေး တာတဲ့ ။ လုပ်ရက်ကြတာ ၊ လုပ်ရက်ကြတာ ”
••••• ••••• •••••
၃ ။
တစ်ရွာလုံး တဝုန်းဝုန်း ဆူညံပြီး တဖြုတ်ဖြုတ် ငြိမ်ကျ သွားတာကို သတိထား မိရဲ့ ။ တစ်ရွာလုံး က လယ်သမား မိသားစု တွေ ချည်း ။ လယ်တွေ ကို သိမ်း ယူလိုက် ကြပြီ ဆို ကတည်းက လန့်ထိတ် တိတ်ဆိတ် ။ ပြန်လှန် ပြောဆိုခွင့် မရှိ ကာလ ...
၁၉၉၀ ။
လယ်တွေ နဲ့ နှစ်ပေါင်း များစွာ ထွန်ယက်စိုက်ပျိုး ၊ ဘဝ ရပ်တည် ရှင်သန်ကြတဲ့ မိသားစုတွေ ... ။ ရေ ထဲ က ငါးတွေ လို ကုန်း ပေါ် ပစ်တင် လိုက်ကြတာ ။
မတွေးဘူးလား ။
နည်းနည်းလေး မှ မတွေးဘူးလား ။
ရေ ထဲ က ငါးတွေ ... ။
ကုန်း ပေါ် မှာ ... အသက် ဘယ်လို ရှူရမလဲ ။
ဘဝ ... ဘယ် လို ရှင်သန်မလဲ ... ။
ရွာထိပ် က မောင်မျိုးတင့် ဘကြီး က ပြောတယ် ။ “ အနိုင် ကျင့်ကြတာ ” တဲ့ ။ ရွာအလယ် က မောင်မျိုးတင့် ဦးလေး က တော့ “ ဒီကောင်တွေ စစ်ဦးဘီလူး ” တွေ တဲ့ ။ မောင်မျိုးတင့် က တော့ ဘယ် နားလည်မလဲ ။ စိမ်းဝေဝေ ရှုခင်းတွေ ၊ ကောက်စိုက်ကြတဲ့ မြင်ကွင်းတွေ ၊ နေ့လယ် အလုပ် နားချိန် ထမင်းဝိုင်း ဝိုင်းစု စားကြပုံတွေ ၊ တစ်ယောက် နဲ့ တစ်ယောက် ကျီစယ်ကြပုံ တွေ မြင်ယောင် လို့ ပေါ့ ။ ဒီနှစ် မှ ထယ်ထိုးနည်း အဖေ့ ဆီ က သင်ထားတဲ့ မောင်မျိုးတင့် လက်တွေ့ ပင် ထယ်ထိုးခြင်း မလုပ်လိုက်ရ ။ အစ်ကိုကြီး ရွှေဘ က တော့ ညီလေး ကို ကြည့်ပြီး သနားနေ ပုံ ။
“ ဘာအရေးလဲ ကွာ ၊ ရ ရာ အလုပ် ဝင် လုပ်ရုံရှိတာ ပေါ့ ငါ့ညီရာ ” တဲ့ ။ အစ်ကိုကြီး ရွှေဘ က သူ့ ရဲ့ ခံ့ထည်တုတ်ခိုင်တဲ့ လည်ပင်းကြီး ထဲ က အသံလုံးလုံးကြီး နဲ့ အားပေး နေပေမဲ့ မောင်မျိုးတင့် က ငိုချင် နေ တုန်းပင် ။ နားလည်း မလည်နိုင် ။ ဘယ်သူတွေ က ဘာကြောင့် ငါတို့ လယ်တွေ ကို သိမ်း ၊ ငါတို့ အိမ် ကို ဘူဒိုဇာ နဲ့ ထိုး ။ ဘယ် အာဏာ ၊ ဘယ် ဥပဒေ နဲ့ လုပ်ကြတာတုံး ။
၁၉၉ဝ ။
••••• ••••• •••••
၄ ။
ဒီလိုနဲ့ မြို့ကွက်သစ် ဆို ပြီး လယ်မြေတွေ ကို ကွက်စိပ် ရိုက်ကြတော့တာ ။ ကွက်စိပ်ရိုက် တာဝန်ခံ ဆိုတဲ့ ဗိုလ်မှူး ဆိုတာ က တော့ ဒီ နယ် မှာ တော့ နာမည်ကြီး ပေါ့ ။
သူ့ နား လည်း ဝိုင်းဝိုင်းလည် ပေါ့ ။
အဆိုးဆုံး က တော့ မြန်မာစကား မပီ တပီ ၊ အသားဝါဝါတွေ က အညှီ ရှိ ရာ ယင်တွေ အုံသလို တရုန်းရုန်း ။ ပွဲတော်ကြီး တမျှ ...။
ရွာနေ ပြည်ထိုင် မောင်မျိုးတင့် တို့ တစ်ရွာ ၊ ဘေးနား က တစ်ရွာ ၊ နောက်နား က တစ်ရွာ ၊ အားလုံး ရွာ ငါးရွာ က မိသားစုတွေ က တော့ လယ်မြေတွေ မရှိတော့ လို့ ဝမ်းနည်း ၊ အလုပ်အကိုင် ပျောက်သွားလို့ ပူဆွေး ၊ ရွာတွေ မှာ လေ ကျတ်တီးကုန်း လို ၊ သုသာန် တစပြင် လိုလို ... တိတ်လို့ ။
ရေမြေ့ရှင် ဆိုတာ ရှိတာ ကလား ဆိုပြီး နား ချ သူ က ချ ။
မရပါဘူး ။ တဝုန်းဝုန်း ၊ တရုန်းရုန်း နဲ့ စစ်ရှုံးမြေ တစ်ခု လို ။
“ ငါ ရရာ အလုပ် ထွက် လုပ်မယ် ညီလေး ။ အမေ နဲ့ အဖေ့ နား သာ မင်း နေ ၊ ကြားလား ”
မောင်မျိုးတင့် အစ်ကို ရွှေဘ က အမှာစကား ပါးပြီး ကိုယ့် မြေ ၊ ကိုယ့် ရေ ၊ ကိုယ့် ခြံ ထဲ မှာ လာပြီး နေရာ ယူတော်မူကြတဲ့ အသားဝါဝါ ၊ အသံဝဲဝဲတွေ ဆီ အလုပ် တောင်းဖို့ ထွက် ရှာတယ် ။
“ မိလ္လာကန် ပြည့် ရင် ပြောပါ ၊ ကျွန်တော်တို့ လာ ဆယ်ပေးမယ် ။ ရှင်းပေးမယ် ၊ လုပ်အားခ မများစေရဘူး ”
ဒါ ... ရွှေဘ နဲ့ တစ်ဝမ်းကွဲ ညီအစ်ကိုတွေ ရဲ့ အလုပ်တောင်း စကား ။
ခါတိုင်း အပူအပင် မရှိ တွံတေးသိန်းတန်သီချင်းလေး တအေးအေး နဲ့ နွေ ၊ မိုး ၊ ဆောင်း အလှည့်ကျ လယ်လုပ် ၊ ကိုင်းလုပ် ၊ ယာလုပ် ၊ ခြံလုပ် အဆင်ပြေ နေရှာတဲ့ ဘဝတွေ ၊ အခုတော့ ဘဝကူး မြန်လိုက်တာ ။
မိလ္လာ ဆယ်ခွင့် ရတဲ့ တစ်နေ့ ။
အဲဒီနေ့ မှာ ရွှေဘ ဘဝ ကူး မြန်သွားပုံ ။ မောင်မျိုးတင့် ကို ကျန်ရစ်သူ တစ်ဝမ်းကွဲ တွေ က ပြောပြလို့ သိရတာပါ ။
“ တို့တွေ တက်ညီလက်ညီ မိလ္လာတွေ ဆယ်ပြီး ပစ် လိုက်တော့ ညနေ ၆ နာရီ လောက်မှာ အလုပ် လက်စသတ်တယ် ။ အဲဒီမှာ မင်း အစ်ကို ရွှေဘ က ငါတို့ အရက် သောက် နား နေတုန်း ငါ မစင် တွေ ပြောင် မပြောင် ဆင်း ကြည့်ဦးမယ် ဆိုပြီး မိလ္လာကန် ထဲ ဆင်းကြည့် ၊ မှောင် နေ တော့ ဂက်စ်မီးခြစ် ခြစ် ကြည့် ၊ အောက်က ဓာတ်ငွေ့ နဲ့ ဂက်စ် နဲ့ တွေ့ပြီး ငုံ့ကြည့်နေ တဲ့ သူ့ ခေါင်း မီးလောင်တော့ တာပဲ ”
“ အဲဒီမှာ မောင်မြင့် က ဆွဲ တင်ပြီး မူးမူးနဲ့ သဲပုံ ပေါ် ကိုင်ပေါက် လိုက်တာ အသက် ကို လည် မလာတော့တာပဲကွာ ”
မောင်မျိုးတင့် မျက်ရည် ပေါက်ခနဲ ကျလာတယ် ။ အဖေ က တောက်ခနဲ ခေါက် တယ် ။ အမေ က ခေါက်ခနဲ လဲကျ သွားတယ် ။ ၁၉၉ဝ ။
••••• ••••• •••••
၅ ။
“ မင်း အဖေ လည်း အသက်ကြီး မှ ပျက်စီး နေပြီ သားရယ် ”
အမေ့ စကား ကို မောင် မျိုးတင့် ခေါင်း မညိတ် ၊ ခေါင်း လည်း မခါ ။ အမေ ဆိုလိုတာ ကို တော့ မောင်မျိုးတင့် သိတယ် ။ အစ်ကို ရွှေဘ ဆုံးပါး သွား ကတည်း က လယ်သမားကြီး အဖေ ဟာ အိမ် ကို မကပ်တော့ဘူး ။ တစ်နေကုန် ပျောက် သွားတယ် ။ လယ်မြေ ဧက ၂ဝ အတွက် ၊ ပေ ၄၀× ၆ဝ မြေကွက် တကွက် အစား ရ လိုက်တာ ကို အဖေ ကျေနပ် မှာ မဟုတ်ဘူး ဆိုတာတော့ အမေ လည်း သိတယ် ။ မောင်မျိုးတင့် လည်း သိတယ် ။ ဒါပေမဲ့ အဖေ ပျောက် နေတာ တော့ ဆန်းတယ် ။ တစ်ခါ ... တစ်ခါ ငါးရက် လောက် အဖေ အိမ် ပြန်မလာဘူး ။ အသံတွေ ကြား နေရတယ် ။
အရင်က ဒီနား တစ်ဝိုက် ရွာစဉ် တစ်ရိုး အဖေ့ ရဲ့ ကြိုးစားမှု ကို ရွာတိုင်း က အသိအမှတ် ပြုထားတာ တော့ရှိတယ် ။ အဖေ့ ရဲ့လယ်မြေတွေ ဟာ အသီးအနှံ အထွက် ကောင်း တာ ၊ အဖေ စည်းကမ်းကြီးတာ ၊ ခရီးတွေ ထွက် ပြီး သီးနှံအသစ်ဆန်းတွေ စွန့်ဦး စိုက်တာတွေ ကြောင့် အဖေ့ ကို ဒီနယ် တစ်ရိုး က လေးစားရင်းစွဲ ရှိပြီးသားပေမဲ့ ...။
အခုတော့ ။
ရွာနေပြည်ထိုင် တွေ နေရာ မှာ အသစ် အစားထိုး လာသူတွေ က အဖေ့ ကို ဘယ် သိမှာလဲ ။ အဖေ့ လို လယ်သမား ရိုးရိုးကြီး ဟာ သူတို့ ရဲ့ ဗီဒီယိုရုံတွေ ထဲ ဝင်ပါ့ မလား ။ သူတို့ ရဲ့ စားတော်ဆက် တွေ ထဲ ဝင်ပါ့မလား ။ အရင် က ရွာ ၊ အခု မြို့သစ် ။ အဖေ က ရွာစိတ် ၊ ရွာသုတ နဲ့ ပဲ နေမှာပေါ့ ၊ မြို့သစ် ဆိုတဲ့ အမည် နဲ့ အံဝင်ခွင်ကျ ရှိပါ့ဦးမလား ။
••••• ••••• •••••
၆ ။
“ မတင့်ဝေ ... ဟေ့ ... မတင့်ဝေ ... အိပ်ပလားကွ ”
အဖေ့ ရဲ့ မူးယီသံ ၊ မောင်မျိုးတင့် တစ်သက်လုံး ဒီ တစ်ခါ ပဲ ကြားဖူးတယ် ။ အမေ့ ကို မတင့်ဝေ လို့ ခေါ်တာ လည်း ဒီတစ်ခါပဲ ... ၊ အရင်ဆို ... မေကြီးရေ ... တဲ့ ။
“ ပြော .. ကိုကံ မိုးချုပ်ပြီ လေ ၊ ဘေးအိမ် တွေ လည်း အားနာ ၊ ရှင် ... လဲ အိမ် ကို မှတ်မိတာပဲ ကျေးဇူးတင်ရမယ် ”
“ ဟေ့ ရှည်ရှည်ဝေးဝေး မကြားချင်ဘူး ။ ဒီမှာ ဒါ ကလေးလေး တစ်ယောက် ။ မဖြစ်မနေ မင်း ကျွေးမွေးရမယ် ။ စောင့်ရှောက်ရမယ် ”
“ ရှင် ... ကြားရတာ နားမရှင်းစရာပဲ ။ ဘယ်က ကလေး လဲ ။ ရှင် ရှုပ်ရှုပ်ယှက်ယှက် လုပ်မလာနဲ့ နော် ၊ ရှင့် ကာလာအိုကေ က ကောင်မတွေ ရဲ့ ကလေးတွေ လား ”
မောင်မျိုးတင့် ခေါင်း ကြီး သွားတယ် ။ ဘူးလေးရာ ဖရုံဆင့် သလိုမျိုး လား ။ အမေ ပြော သလို “ ကာလာအိုကေ ” ခေါ် ပန်းကုံးစွပ်ပစ်တမ်း ကစား တဲ့ စားတော်ဆက်တွေ က အဖေ့ ဘဝ ကို လုံးခြေ လိုက်ပြီလား ။
၁၉၉၀ ။
“ မင်း နားမလည်ပါဘူး ။ မွေးစရာ ရှိ မွေး ၊ ကျွေး စရာ ရှိ ကျွေး ။ ဒီမယ် ...
တင့်ဝေ .. မတင့် ဝေ ... ‘ လောက် ’ ဖြစ်မှ ချေး ကြောက် မနေတော့နဲ့ဟေ့ ”
••••• ••••• •••••
၇ ။
မောင်မျိုးတင့် က သူ နဲ့ ဘာမှ မတော်သော ကလေးမလေး ကို “ ကျူး ” ဟု ခေါ်သည် ။ ကလေးမလေး က လည်း နားလည် လို့ လား ၊ ဘာလား တော့ မသိဘူး ။ “ ကျူး ” ဟု ခေါ်တိုင်း တခစ်ခစ် ။ အမေ က တော့ မငို ၊ မပြုံး ။
“ ငါ က တော့ လေ .. လျှာပေါ် မြက် ပေါက် ချင် ပေါက်ပါစေ ။ အဲဒီ မြေကွက်ချထားရေး ဗိုလ် ဆိုတဲ့ ကောင်တွေ နဲ့ ဘယ်လို မှ မပေါင်းနိုင်ဘူး ။ နင့် အဖေ သာ ရူးချင် ယောင် ဆောင်ပေါင်း ၊ မြေကွက် ကလေး တစ်ကွက် ၊ နှစ်ကွက် ထပ် ရဖို့ အရေး ၊ ပြော မပြောချင်ဘူး ။ အဲဒီ နင့် “ ကျူး ” ဟာ နင့် အဖေ ဒူးမနာ သမီးလေး နေမှာ ။ ဟို အကောင် မြေကွက် ချထားရေး ယိုသမျှ ချေး နင့် အဖေ ခေါင်း မှာ ပုံလာတာနေမှာ ”
••••• ••••• •••••
၈ ။
၁၉၉ဝ မှာ ကျူး က လသားလေး ။ အခု ၂၀၁၆ ဆိုတော့ ကျူး အသက် က ၂၆ နှစ် ရောက်ပြီ ။ မောင်မျိုးတင့် က အခုတော့ ဦးမျိုးတင့် ဖြစ်နေပြီ ။
“ ကျူး ” အိမ်ထောင်ပြု ပြီး “ ကျူး ” ကလေးတွေ ပေါက်ဖွား လာဦးမှာ တွေး ကြောက်နေသူ မှာ ဦးမျိုးတင့် မှ လွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမလဲ ။
••••• ••••• •••••
ပြဇာတ် အမည် က
၁၉၉ဝ ။
◾မျိုးသည်မင်း
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇန်နဝါရီ ၂၀၁၇
No comments:
Post a Comment