Saturday, May 10, 2025

လန်းဖိုင်စာသိုက် ( ၂၆ )


 

❝ မျက်ရည်များ ဖြင့် ပြုံးစေသူ ❞

၁၉၉၇ ခုနှစ် သည် ကျွန်တော့် အစ်ကို ၏ အအောင်မြင်ဆုံး စီးပွားရေးနှစ် ဖြစ်ပါသည် ။ သူ ဖွင့်ထားသော အိမ်ခန်းများ မှာ စင်ကာပူ တွင် မနည်းလှပါ ။ ပါရာလေဘာ ၊ မက်ပါဆန် ၊ အပ်ပါးစီရန်ကုန်း တို့ အပြင် အကျိုးဆောင်ခ ယူပြီး ငှားပေးခဲ့သည့် အိမ်ခန်းများ လည်း ရှိသေးသည် ။ ဘန်ကောက် မှာ တော့ သူ့ သူငယ်ချင်းများ အတွက် အခန်း တစ်ခန်း ၊ သူ့ ပါစင်ဂျာများ အတွက် အခန်းတစ်ခန်း ငှားထားပါသည် ။

တစ်လ လျှင် လူ ဆယ်ယောက်ကျော် အပို့အကြို လုပ်ပေးရာ မှ ရသော ဝင်ငွေ ဖြင့် ပင် သူ့ ဝင်ငွေသည် လစဉ် ဒေါ်လာ သောင်းချီ နေခဲ့သည် ။ စိတ်ညစ်ဖွယ်ရာ ကတော့ မသေးလှပါ ။

မြန်မာပြည် မှ ပြည်ပ သို့ ပထမဆုံး ထွက်လာကြသူများ ကို စင်ကာပူ ရောက်ရန် အားထုတ်ပေးရာ၌ ဦးစွာ ကြုံရသည် က ဘာမှ နားမလည် ကြခြင်း ဒုက္ခ မှ စလေသည် ။ စားပုံ ၊ နေပုံ ၊ ဝတ်ပုံ ၊ လှုပ်ရှားသွားလာပုံ က အစ ဂရုတစိုက် ပြောပြရသည် ။ ဘာသာစကား ပြဿနာ မှာ က ကြီး မားပါပေ၏ ။ ထို လုပ်ငန်းများ ထဲ သို့ ကျွန်တော် တစ်ယောက် ပါရမီ ဖြည့်ရန် အတွက် ဘန်ကောက်မြေ သို့ လာခဲ့ရပါတော့သည် ။ သည် တစ်ခါ ဘန်ကောက် သို့ ကျွန်တော် ခြေချရသည် က အသာစီး မှ ဖြစ်တော့မည် ။

ဘန်ကောက်မြို့ကြီး သည် ကျွန်တော့် ကို သစ်လွင်စွာ ကြိုဆို နေတော့၏ ။ လေယာဉ်လက်မှတ် ကိစ္စ ၊ လေယာဉ်ကွင်း သို့ အပို့အကြို ကိစ္စ ၊ နယ်စပ်သို့ အပို့အကြို ကိစ္စ ၊ ဧည့်သည်များ ကို နေရေးထိုင်ရေး စီစဉ်ပေးသည့် ကိစ္စ များ အတွက် ကျွန်တော် ဦးဆောင်ခွင့် ရပါတော့သည် ။ အမျိုးသား ဧည့်သည်များ က ကိစ္စ မများ လှ ။ အမျိုးသမီး ဧည့်သည်များ အတွက်မူ အပြင် ထွက် လည်ချင်သည့် အရေးကိစ္စ နှင့် ဈေးဝယ် ထွက်ချင်သည့် အရေးကိစ္စ သည် အထူး ဆောင်ရွက် ပေးရသော ကိစ္စ ဖြစ်ပါသည် ။

အမျိုသားများ အတွက် ကိစ္စ မများ လှ ဟု ကျွန်တော် ဆိုရခြင်းမှာ သူတို့ သည် တစ်ခါတစ်ရံ ဆွိုင်စီ သို့ သွားလည်ချင်သူ ရှိသည် ။ ကုန်တိုက် များ တွင် တစ်နေကုန် လျှောက်ကြည့်ချင်သူ ရှိသည် ။ ညစ်ညမ်းဌာန များ သို့ ခရီးကြုံ ဝင်ချင်သူ ရှိသည် ။ ချောင်းဆိုးပျောက်ဆေးရည် ကို ပုလ င်းကြီးကြီး ဝယ်ပြီး အရသာ ခံချင်သူ ရှိသည် ။ ဗီဇာသက်တမ်း တိုးရမည့် သူ ၊ နယ်စပ် မှ ပြန်ချင်သူ ရှိသည် ။ ဒါတွေက အားလုံး အသေးအဖွဲ မျှသာ ဖြစ်သည် ။

ဆွိုင်စီခရီးသည် ဆိုပါစို့ ။

ဘီယာတစ်ခွက် ဝယ် သောက်ရင်း ကိုယ်လုံးတီးအကများ ၊ ပူဖောင်း ဖောက်ခြင်းများ ၊ ပုလင်းဖုံးဖွင့်ပြပုံ များ ကို နိုင်ငံကြီးသားကြီးများ ကြား တွင် ဝင် ထိုင်၍ ကြည့်နိုင်သည် ။ ပြီးလျှင် အနှိပ်ခန်း သွား၍ တစ်နာရီ ဘတ် ထောင့်ငါးရာ ပေး၍ အနှိပ် ခံမည် ။ ဖန်ပေါင်းချောင် ထဲမှ နံပါတ်ချိတ် ထားသည့် မနုဿရုပ်တုများ ကို ခေါ်၍ စက်တော်ခေါ်မည် ။ သည့်အတွက် လိုက်ပါ ပို့ဆောင်ပေးလိုသူများ က အိမ် မှာ ရှိပြီးပြီ ။

ချောင်းဆိုးပျောက်ဆေး သောက်ချင်သူ အတွက် လည်း ဝယ်ပေးသူ က အသင့် ။ ကုန်တိုက်ကြီးများ တွင် ငေးမော အချိန် ဖြုန်းချင်သူများ အတွက် လည်း ဘတ်စ်ကားနံပါတ် သုံး လေးစီး မှတ် ပေးလိုက်လျှင် ရပြီ ။

နယ်စပ် ပြန်ချင်သူ နှင့် ဗီဇာသက်တမ်း တိုးရမည့် သူများ အတွက် တော့ စနစ်တကျ စီမံရတော့သည် ။ တစ်ခါတစ်ရံ ကျွန်တော် ကိုယ်တိုင် လိုက်၍ ပို့ဆောင်ပေးရပါသည် ။ ထို အလုပ်များ က အန္တရာယ် မကင်း ။ ဘန်ကောက် လ.ဝ.က မှာ သွား တိုးသည် ကတော့ ပြဿနာ မရှိပါ ။ စာအုပ် နှင့် ဓာတ်ပုံ သုံးပုံ ယူ သွားရသည် ။ ပုံစံ ဖြည့်ရသည် ။ ဗီဇာကြေး ပေးခဲ့ရ ည် ။ နောက်နေ့ တွင် သွား ယူလိုက်လျှင် တစ်လ သက်တမ်း တိုးရပါ သည် ။ ထို သက်တမ်း ကုန်၍ နယ်စပ်သို့ သွားရသည့် အခါ မှာ တော့ အဆင်ချောဖို့ သေသေချာချာ စီစဉ် ပေးရပါတော့သည် ။

ကျွန်တော်တို့ ရိုတီ ရောင်းစဉ်က ကိုင်ဆောင် ခဲ့သော စာအုပ်များ အတွက် နယ်စပ်ဗီဇာ လိုလျှင် ဟပ်ယိုင် ( ဟပ်ချိုင် ) မှ ဖိဘောင် ဆိုသူ ထံ စာတိုက် မှ ချောစာ ဖြင့် စာအုပ် ပို့ရသည် ။ ဘဏ် မှာ ငွေသွင်း ရသည် ။ သူ ပြန်ပို့လာ သော စာအုပ် ၌ နယ်စပ်ဗီဇာ ပါလာခဲ့တော့သည် ။ ယခင်က တော့ လူ တစ်ဦး ကို လွှတ်၍ စာအုပ် သုံးလေးအုပ်စာ ပို့ခိုင်းခြင်း ဖြစ်ပါသည် ။ စာတိုက် မှ ပို့သော စနစ် ကို လုပ်ခဲ့သူမှာ ကျွန်တော် ဖြစ်သည် ။ စ လုပ်ဖြစ်ခဲ့ပုံ က စင်ကာပူ မှာ ဖြစ်သည် ။

ယောက်ျားလေး တစ်ယောက် ဘန်ကောက် လေဆိပ် မှ တစ်ဆင့် မြန်မာပြည် သို့ ကိုယ်ပိုင်စာအုပ် ဖြင့် ပြန် ဝင်ချင်နေသည် ။ သူ က စင်ကာပူ မှ နေ၍ စာအုပ် ငှားပြီး ထွက်မည် ။ ဘန်ကောက်လေဆိပ် သို့ ထို စာအုပ်ဖြင့် ပင် ဝင်မည် ။ သို့ရာတွင် ဘန်ကောက် ၌ ကိုယ့်လူ က ညမအိပ်ချင် ။ မအိပ်ရဲ ။ ဘန်ကောက် မှာ တစ်ည နှစ်ည ဝင်အိပ် ရင်း ပါသမျှ ပြောင်သလင်း ခါ သွားကြသည့် မြန်မာခရီးသွား တို့၏ ဒုက္ခ ကို ကြားဖူးထား၍ ဖြစ်ပါသည် ။ ဘန်ကောက် သည် စာအုပ် လုတတ်၏ ။ ရဲအတုများ က ကလိမ် ကျတတ်၏ ။ တည်းခိုခန်းများ ၌ စာအုပ် ခိုးတတ်၏ ။ တက္ကစီသမားများ က မတော်မတရား ဈေးတောင်းတတ်ကြ၏ ။ ဤ ပြဿနာများ က တစ် နေ့တခြား တိုးပွားနေသည် ။ ထို့ကြောင့်လည်း ကိုယ့်လူ က ဘန်ကောက် မှာ ည မအိပ်ရဲချေ ။ အိပ်ရလျှင်ပင် လေဆိပ် မှ ဧည့်ဆောင် တွင် ငုတ်တုတ် အိပ်မည် ဟု သူရသတ္တိ ပြလေပြီ ။

ဤ အခြေအနေ တွင် ကျွန်တော် ဟပ်ယိုင် မှ ဖိဘောင် ကို သတိရပြီး ဖုန်းဆက် ဖြစ်တော့သည် ။ ဖိဘောင် က ကျွန်တော် ပြောသော ယိုးဒယားစကား နှင့် ဗရုတ်သုက္ခ အင်္ဂလိပ်စကား ကို လုံးစေ့ပတ်စေ့ နားလည်သူ ဖြစ်၏ ။ ကျွန်တော် စာအုပ် တစ်အုပ် ပို့လိုက်မည် ။ DHL ဖြင့် ပို့မည် ။ ဗီဇာ ကို ဘန်ကောက်လေဆိပ် မှ ကွန်ပျူတာ စစ် လျှင် အာမခံသည့် ဗီဇာ လိုချင်သည် ။ အတုတုံးများ ဖြင့် မလိုချင် ဟု ပြောပြသည် ။ သူ က ပုံမှန် ထက် ဈေးသုံးဆ ပို တောင်း သလို သုံးရက် အချိန် တောင်း၏ ။ ကိစ္စ မရှိ ။ သူ့ ဘဏ်စာရင်း ထဲ သို့ ကျွန်တော် ထည့် ပေးလိုက်သော ငွေ ပမာဏ ကို လက်ခံရရှိပြီးကြောင်း သူ့ ထံ မှ ဖုန်းပြန် ဆက် လာသည့် နောက် ဘန်ကောက် လေဆိပ် ကို ဖြတ်သန်းနိုင်သော ဗီဇာဖြင့် စာအုပ် ပြန်ရောက်လာတော့၏ ။ ကိုယ့် လူ ကိုတော့ အထူး သတိပေးရတော့သည် ။ စာအုပ် နှစ်အုပ် ကို လေဆိပ် လ.ဝ.က မှ မိသွားပါက ကျေးဇူးပြု၍ ကျွန်တော်တို့ အား အိုးစား မကွဲစေလိုကြောင်း ၊ ကိုယ်ဖြစ် ကိုယ်ခံ သာ ဖြစ်ကြောင်း ထပ်ခါထပ်ခါ စကား အမှာ ပါး ရလေသည် ။ ကိုယ့် လူ က ဘန်ကောက် မှ ရန်ကုန် သို့ ချောမောစွာ ရောက်သွားခဲ့လေသည် ။

ဤဖြစ်ရပ်ကား ကျွန်တော့် အား လ.ဝ.က ဖြတ်သန်းနည်း ၊ အသစ် ကို သင်ကြား ပေးလိုက်သော နည်းသစ် ဖြစ်ပါတော့သည် ။ ကျွန်တော့် နှင့် ဖိဘောင်တို့ သည် ကား လ.၀.က ဥပဒေသစ် ကို တွေ့ရှိသူများ အဖြစ် အကွက်ကြီး ဆိုက်ခဲ့ပါလေတော့သည် ။ သူ မည်သို့ ကြိုးပမ်းပေးသည် ကို ကျွန်တော် မသိသော်ငြား သူ ဆောင်ရွက်ပေးသော စာအုပ်များ သည် ကား ဘန်ကောက်လေဆိပ် တွင် ကွန်ပျူတာ စစ်လျှင် ဗီဇာ အစစ် ဖြစ်နေမြဲ ဖြစ်သည် ။ ကုန်ကျစရိတ် အနည်းငယ် ပိုသော်ငြား လူ မသွားရဘဲ ကိုယ်စားလှယ် မှ တစ်ဆင့် ဗီဇာ တိုးနိုင်ခြင်းသည် ကျွန်တော့် အစ်ကို လုပ်ငန်း အတွက် ကြီးမားသော အောင်မြင်မှု ဖြစ်ခဲ့ပါသည် ။

နောက်ပိုင်းမှာ တော့ ထို စနစ်ကို ဘန်ကောက်လေဆိပ် မှ ရိပ်မိကာ အထူးကြပ်မတ် ဆောင်ရွက်ပါတော့သည် ။ ဟပ်ယိုင်နယ်စပ် မှ လာ သော ဗီဇာ နှင့် သက်တမ်းတိုး ထားသည့် စာအုပ် ဆိုလျှင် မလေးရှားဗီဇာ ပါ အပြ ခိုင်းတော့သည် ။ ဟပ်ယိုင် သည် မလေး ၊ ထိုင်း နယ်စပ် ဖြစ်သည် ကိုး ။

သည် တော့ ကျွန်တော်တို့ ဗျူဟာ ပါ ပြောင်းရတော့သည် ။

ကျွန်တော်တို့ ဧည့်သည်ကြီးများ ကလည်း နိုက်ကလပ် သို့ သာ ရဲရဲ တက်ရဲ ရှာသည် ။ နယ်စပ်သို့ ဗီဇာ သက်တမ်း တိုးရန် ကိုယ်တိုင်သွားပါ ဆိုလျှင် ကလေးဆိုးကြီးများ လို ပြောရ ခက်လှတော့သည် ။ သည်တော့ လူစားထိုး ၍ လွှတ်ရသည် ။ ကမ္ဘောဒီးယားနယ်စပ် သို့ အသွားအပြန် ခရီးတွေ ထမ်းဆောင်ရတော့သည် ။ နယ်စပ် ရောက်လျှင်တော့ အခက်အခဲ မရှိလှပါ ။ ဘန်ကောက် မှ မနက်စောစော ရထားစီး သွားလျှင် ကမ္ဘောဒီးယား ခမာ နယ်စပ် သို့ နေ့လည်ရောက်၏ ။ ဗီဇာ တိုးရန် နှစ်ဖက် နယ်စပ်ဂိတ် သို့ အဝင်အထွက် မှာ တစ်နာရီ မျှ အချိန် ပေးရ လျှင် ကမ္ဘောဒီးယား မှ ပြန်ထွက် ၊ ထိုင်း သို့ ပြန်ဝင် ၊ ဗီဇာ လေးချက် ထု လျှင် ရပြီ ။ အချိန် အားလျှင် နယ်စပ်ဈေး ထဲ လျှောက်လှည့်ကာ ဆေးလိပ်တောင့်များ ဝယ်ကြမည် ။ အခွန်ကင်းလွတ် ထားသည့် မှောင်ခိုဈေး ဖြစ်၍ မာဘိုလို တောင့်များ ဈေးသက်သာသည် ။ ကျွန်တော်တို့ မဖြစ်မနေ ဝယ်သည် က ဆေးလိပ် မဟုတ်ဘဲ ဖဲထုပ် ဖြစ်သည် ။ ဘန်ကောက် မှာ ဆိုလျှင် ဘတ်နှစ်ရာကျော် ဈေးကွာသည် ။ နယ်စပ် မှ ဝယ် လျှင် ထိုမျှ ဈေးသက်သာ၏ ။ အိမ် မှာ နေ့နေ့ညည ဖဲဝိုင်း မပြတ်တတ်ပေ ။ အထူးသဖြင့် ဟောလိဝုဒ် ကစားနည်း ဖြင့် အချိန်ဖြုန်း နိုင်ကြသည် ကိုး ။

ထို နယ်စပ်သို့ ဗီဇာသက်တမ်း တိုးရန် ဧည့်သည် များ ကို ပို့ရသည့် အခါ အထူး သတိထားရသည် မှာ လူ မကွဲဖို့ ပင်ဖြစ်သည် ။ ရထား ပေါ်၌ မကြာခဏ ဆိုသလို ရဲများ တက်တက် လာကြပြီး လက်မှတ်စစ်ခြင်း နှင့် အတူ ဌာနေသို့ ပြန်လာကြသည့် ခမာများ ကို ဖမ်းတတ်ကြသည် ။ ခမာ များ မှာ ကျွန်တော်တို့ မြန်မာများ နှင့် မျက်နှာ ထားရော အသားအရေ ပါ တူကြသည့် အပြင် အလုံးအရပ်မှာ လည်း မကွာကြ ။ ခမာ အများ စုမှာ တရားမဝင် အလုပ်သမားများ ဖြစ်သည့် အပြင် ရိုးသားထုံအကြသူများ မို့ ရဲ တက် ဖမ်းလျှင် ရှိသမျှ ပုံအော ပေးလိုက်ကြရသည် ။ ထို ရဲများက လူ ထက် ပစ္စည်းများ ကို အဓိကထားသော ရဲများ ပင် တကား ။ ထို ဖမ်းဆီးမှု များကို တွေ့လျှင် ကျွန်တော် အတိတ် ဖြစ်စဉ်များကို သတိရမိပြန်သည် ။ ကမ္ဘာ ပေါ်ရှိ တရားမဝင် အလုပ်သမားများ ၏ ပြောင်းရွှေ့ ကျင်လည်မှုကြီး က အထိတ်တလန့် တိုးပွား နေလေပြီ ။ ကျွန်တော် တွေးမိသည် က တော့ အနောက်ဘက် ကမ္ဘာ များ ၏ ဖွံ့ဖြိုးတိုးတက်မှု နောက်သို့ အားခဲ၍ လိုက်ရသော အရှေ့နိုင်ငံများ အဖို့ ဖွံ့ဖြိုးတိုးတက်မှု အားကြီးလာ လေလေ လူတွေ ကွဲပြားခြားနားမှု ကြီးမား လာလေ ဖြစ်ပြီး လူတို့ ရပ်တည်မှု အတွက် လိုအင်ဆန္ဒများမှ တစ်ဆင့် တရားမဝင် အလုပ်သမားများ ပေါ်ပေါက်လာသည် ဟု ထင်ပါသည် ။

အနောက်ကမ္ဘာ သည် ကျွန်တော်တို့ ကို အစိမ်းရောင် ဒေါ်လာ နောက် ကောက်ကောက်ပါအောင် မြူဆွယ် ခေါ်ဆောင်ခဲ့ပြီကိုး ။

ကျွန်တော် သည် ပင်လျှင် ထို ဒေါ်လာ ကို မက်မောရင်း လူပေါင်းများ စွာကို ကုန်ပစ္စည်း အဖြစ် ဖလှယ် နေပါရောလား ။

ဒေါ်လာ ကို ထွက် ရှာချင်သူများ ကျွန်တော် နှင့် တွေ့သည် ။ ဒေါ်လာ ပိုက်မိလာသူများ ကျွန်တော် နှင့် တွေ့သည် ။ ကျွန်တော် က ကြားခံ ဘူတာရုံလေး အဖြစ် နီ ၊ စိမ်း ၊ ဝါ ၊အချက် ပြရင်း ခရီးသည် များအား ပို့ဆောင် ပေးခဲ့ရင်း ဖြင့် ဒေါ်လာကျေးကျွန် ဖြစ်နေခဲ့ပြီ ။ လ.ဝ.က ဥပဒေများ အရ ကြည်လျှင်တော့ ကျွန်တော့် မှာ အပြစ် များ လှ၏ ။ ဧည့်သည်များ အနေ ဖြင့် ကျေးဇူးရှင် ဖြစ်ခဲ့ပြီ ။

တစ်ချီ မှာ တော့ ကျွန်တော် တွက်ကိန်း လွဲမှားခဲ့ သဖြင့် မိတ်ဆွေတစ်ဦး သံတိုင်ကြား သို့ ကျဆင်းသွား ခဲ့ရလေ၏ ။

တရုတ်ပြည် မှ ခရီး ထွက်၍ ပြန်လာသော မြန်မာစာအုပ် တစ်အုပ် ကျွန်တော့် ထံ ရောက်နေသည် ။ ထို စာအုပ်ပိုင်ရှင် မှာ လေဆိပ် သို့ ပြန်မလာ ပါ ဟု ခံဝန်ချက် ပေး၍ ထွက်လာရသူ ဖြစ်သည် ။ ထိုစာအုပ် ကို ကျွန်တော် ရထားသည် ။ စင်ကာပူ မှ ပြန်လာသော မိတ်ဆွေ တစ်ဦးက ကျွန်တော့် အား သူ လေယာဉ် ဖြင့် သာ မြန်မာပြည် ပြန်ချင်ပါသည် ။ မြန်မာပြည် ရောက် မှ လ.ဝ.က ၌ အဖမ်းခံ ၊ ဒဏ်ငွေ ဆောင်မည် ဟု ဆို၏ ။ စင်ကာပူ မှ သူ ငှား၍ ထွက်လာသော စာအုပ် မှာ လည်း စင်ကာပူ ၌ ကျောင်းတက်နေသူ ၏ စာအုပ် ဖြစ်၍ ယူသွားရန် မဖြစ် ။ ကျွန်တော် ခပ်ပေါ့ပေါ့ ပင် သဘောထား၍ တရုတ်ပြည် မှ ပြန်လာသော စာအုပ် ကို ပေးလိုက်သည် ။ လေဆိပ် က သူ့ ကို ဖမ်းပြီး အချုပ် ချ ကာ နယ်စပ် သို့ ပို့လိုက်ပါတော့၏ ။

စင်ကာပူ သို့ ဝင်ချင်သူများ အတွက် လိုအပ်သော ဗီဇာ ရရန် စာရွက် စာတမ်းများ ရောက်လာလျှင် ဧည့်သည် ကို စင်ကာပူသံရုံး သို့ ကျွန်တော် လိုက် ပို့ပေရသည် ။ တစ်ခါတစ်ရံ ကျောင်းဗီဇာ ၊ တစ်ခါတစ် ရံ အလည်အပတ်ဗီဇာ ၊ တစ်ခါတစ်ရံ သင်္ဘော တက်ဖို့ ဗီဇာများ တောင်း ပေးရသည် ။ ဤ ကိစ္စ ကတော့ ဘုရားတရ သည် မှ အပ ဘာမှ အန္တရာယ် မရှိပါ ။ ဗီဇာကြေး ဘတ်ငါးရာ သွင်းရသည် ။ ဖောင် ဖြည့်ရသည် ။ စာရွက်စာတမ်းများ တင်ထားခဲ့ရသည် ။ ရက်ချိန်း တောင်း၍ စောင့်ရသည် ။ ပြီးလျှင် လေယာဉ်လက်မှတ် အသွားအပြန် ဝယ်၍ တင်ပြရသည် ။ လိုအပ်လျှင် အဝင်အထွက် ရက် ကိုပါ လေယာဉ်လက်မှတ်၌ တစ်ပါတည်း တပ်ထားပေးရသည် ။ ပထမ တော့ ကျွန်တော် နားမလည်နိုင် ။ တကယ်ပင် လေယာဉ်လက်မှတ် ကိုယ်စားလှယ်ရုံး သို့ သွား ကာ ဝင်မည့် ရက် ၊ ထွက် မည့် ရက် ကပ်လာခဲ့၏ ။ နောက်တော့ ကျွန်တော့် အစ်ကို က ထိုသို့ လုပ်ရန် မလိုကြောင်း ရှင်းပြသည် ။ လေယာဉ် လက်မှတ် ပေါ်၌ ကပ်သော စီးမည့် ရက်များ ကို စတေကာ ဝယ်၍ ကိုယ် လိုသည့် ရက် ကို ကပ်လိုက် ဟု အကြံပေးသည် ။ သို့မှသာ ဗီဇာ ရသည့် ရက်နှင့် သွားမည့် ရက် ကွာဟ နေလျှင် လက်မှတ် ကို ကြိုတင်ခရီးစဉ် ပြောင်းရွှေ့ရန် လုပ်စရာ မလိုတော့ဟု သိလာရသည် ။

ဘန်ကောက် ရှိ စင်ကာပူသံရုံး မှ တာဝန်ကျသူ ဒေါ်ဂျမ်းဘုံ မှာ တော့ ကျွန်တော်တို့ ညီအစ်ကို ၏ မဟာပြိုင်ဘက်ကြီး ဖြစ်ပါတော့သည် ။ အ ဟောက် ၊ အငေါက် အလွန် ကြမ်းသည့် အပြင် တော်ရုံတန်ရုံ သူ့ ဘာသာ ဆုံးဖြတ်ပြီး ဗီဇာ မပေးဘဲ ပြန် လွှတ်တတ်သည် မို့ ကျွန်တော် တို့ က ဒေါ်ဂျမ်းဘုံ ဟု အမည် ပေးထားသော ထိုင်းအဒေါ်ကြီး ဖြစ်ပါ၏ ။

ဤနေရာ၌ စင်ကာပူ လ.၀.က ၏ နိုင်ငံခြား ဆက်ဆံရေး ကို ကျွန်တော် နည်းနည်း သဘောပေါက် လာခဲ့သည် ။ စင်ကာပူ လ.ဝ.က သည် အာရှသား ပီသစွာဖြင့် အနောက်ကမ္ဘာသူ ကမ္ဘာသားများ အပေါ်တွ င် လွန်ကဲစွာ တာဝန် ကျေလျက် ။ အရှေ့တောင်အာရှသားများ အပေါ်၌ တင်းကျပ်သော လူဝင်မှုဥပဒေ ကို ပြထားရှာသည် ။ ဘန်ကောက် ရှိ စင်ကာပူသံရုံး သည် အာရှနိုင်ငံသားများ အဓိက ဝင်ထွက်ရာ ဌာနဖြစ်သည် ။ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ တရုတ် ၊ ထိုင်း ၊ မြန်မာ စသည့် နိုင်ငံမှ နိုင်ငံသားတို့ ဗီဇာ ဝင်ရောက် တောင်းခံသည့် ဌာန ဖြစ်သည် ။ ထိုနေရာမျိုး တွင် အပေါက် ဆိုးဆိုး သဘော ဆိုးဆိုး မျက်နှာထား ဆိုးဆိုး အမျိုးသမီးကြီး ကို အာဏာ အပြည့်အဝ ပေးထား ခြင်းဖြင့် တော်ရုံတန်ရုံ ဗီဇာ လိုချင်သူများ တပ်ခေါက်ရလေ၏ ။

ထိုသို့ တပ်ခေါက်ရသူများ ကြားတွင် အောင်ပွဲဆင်နိုင်သူ က ကျွန်တော့် အစ်ကို ဖြစ်သည် ။ သူ့ ဝါဒက ရှင်းသည် ။ မရမချင်း ဝါဒဖြစ် သည် ။ ဒေါ်ဂျမ်းဘုံ က အထောက်အထား မစုံ ဟု အကြောင်းပြခွင့် ရအော င် စာရွက်စာတမ်း ကို တမင် ချန်ထားသည် ။ ငြင်းပယ်လျှင် ထို အကြောင်းပြချက်ကြောင့်လား ဟု ဆိုကာ လိုအပ်သော စာရွက်စာတမ်း ကို ပြသည် ။ မရသေးလျှင် ဘာကြောင့်နည်း ဟု အဖြေ တောင်း၏ ။ တာဝန်ရှိသူ နှင့် တွေ့ခွင့် တောင်း၏ ။ ကြာတော့ ဒေါ်ဂျမ်းဘုံ ထံ မှ အဆင်မပြေ ၍ မကြာခဏ သံမှူး နှင့် ဝင်တွေ့ရသည့် အဖြစ်မျိုး ခပ်များများလေး ဖန်တီးပေးလိုက်သော အခါ ကျွန်တော့် အစ်ကို အား ဒေါ်ဂျမ်းဘုံ လန့်ရှာသည် ။ နောက်ပိုင်းတွင် ကျွန်တော့် အစ်ကို ကိုင်ဆောင် လာသော ဗီဇာ ဖောင် ဆိုလျှင် မညစ်တော့ ။ လိုအပ်သလို စစ်ဆေးပြီး လေယာဉ်လက်မှတ် တောင်းကာ ဗီဇာ ပေးလိုက်တော့သည် ။

ဤသို့ဖြင့် ၁၉၉၈ - ၉၉ ဝန်းကျင် တွင် စင်ကာပူ ၌ ‘  ကိုသားကြီး ’ ဟူသော ကျွန်တော့် အစ်ကို သည် နာမည် တစ်လုံး ဖြင့် ထင်ရှား၍ ဝင်ငွေ ဖြောင့်တန်း လာပါတော့၏ ။

ဘန်ကောက် ၌ ထို လုပ်ငန်းကိစ္စများ ကျွန်တော် ဆောင်ရွက် ပေးနေစဉ် ဖိုင်တို့ သားအမိ ကို သုံးလေးကြိမ် ကျွန်တော် သွားရှာသည် ။ LATPHRAO ( 120 ) လမ်းထိပ်မှ သင်္ဘောသီးထောင်း ရောင်းသော ကျွန်တော့် မိတ်ဆွေ လင်မယား ထံမှ သတင်း သဲ့သဲ့ကြားရသည် ။ ဖိုင်တို့ မဟာထိုင်လမ်း သို့ ပြောင်းရွှေ့သွားသည့် သတင်းဖြစ်သည် ။ ဖိုင်တို့ က အရင် စက်ရုံ မှာ လည်း မလုပ်ကြတော့ပေ ။

ကျွန်တော် ဆိုင်ကယ် ငှားပြီး မဟာထိုင် လမ်းမကြီး မှ ဆိုင်ကယ် ကယ်ရီဂိတ်များ သို့ လျှောက်ပတ်ကာ ဖိုင် ၏ ဓာတ်ပုံ ကို ပြ၍ မေးကြည့်သည် ။ သိသလို ရှိ၍ အတိအကျ မသိကြ ။ မဟာထိုင်လမ်းမကြီး ကလည်း ရှည်လျားပါသည် ။ LATPHRAO မှ ဝင် သွားလျှင် ဟိုးအဆုံး ၌ နာ့လမ်း နှင့် ဆက်သွား၏ ။ နာ့လမ်း မှာ အမျိုးသားအားကစားကွင်းကြီး နှင့် တည့်တည့်ကျ၍ ရခမ်ဟန်းတက္ကသိုလ် ၊ နာ့လမ်းတက္ကသိုလ်များ သို့ တိုက်ရိုက် ရောက်သည် ။ မဟာထိုင် လမ်းမကြီး ပေါ်မှာ ပင် လမ်းခွဲ လမ်းသွယ်တွေ က ခပ်များများ ရှိ၏ ။

တတိယမြောက် အခေါက် ၌ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်တော့ သည် ။ ယခင် ဖိုင်တို့ အိမ်နား မှ ဈေး ရောင်းသော ဦးလေးကြီး သည် ကျွန်တော့် အား ခင်သည် ။ သူ့ ကို အရင် သွား တွေ့ပြီး ကျွန်တော် လက်ဆောင် ပစ္စည်းများ ပေး၍ ဖိုင် တို့ ထံ ပို့ခိုင်းမည် ။ လူချင်း တွေ့ခွင့် တောင်း၍ လက်ခံလျှင် ဖိုင်နှင့် ဦးစွာတွေ့လိုသည် ။ ဖိုင် နှင့် မတွေ့ရ လျှင် ဖိုင့် အဖေနှင့် တွေ့ချင်သည် ။ ထို တောင်းဆိုချက်များ ဖြင့် ကျွန်တော် လက်ဆောင်ပစ္စည်းများ ဝယ်ကာ ဦးလေးကြီး ဈေးရောင်း ပြန်လာမည့် လမ်း မှာ သွား စောင့် နေလိုက်၏ ။ တွေ့သည့် အခါ သူ ကျွန် တော့် ကို အံ့ဩနေသည် ။ သူ ပြောသည် က -

ကျွန်တော် ဘယ်တော့မှ ပြန်လာမည် မထင်ကြောင်း ၊ ဖိုင်တို့ သားအမိ အတော်ပင် ဒုက္ခ ရောက်နေကြကြောင်း ၊ ဖိုင် ခေါင်းမာသဖြင့် နောက် အိမ်ထောင် ပြုပေးလို့ လည်း မရကြောင်း ၊ အခု ဖိုင့် ကို တွေ့လိုစိတ် ရှိ ၊ မရှိ သူ မေးကြည့်ဦးမည့် အကြောင်းများ ပြောကာ ကျွန်တော့် လက်ဆောင် ပစ္စည်းများ ကို သူ လက်မခံဝံ့သေးကြောင်း ပြောပြပါ၏ ။ မှန်ပါသည် ။ ကျွန်တော် က သစ္စာပျက်နေသည် ကိုး ။ ကျွန်တော် က ဦးလေးကြီး အား ကျွန်တော် နေ သော အိမ်မှ ဖုန်းနံပါတ် ပေး၍ ပြန်လာခဲ့သည် ။ ထို ည မှာ ပင် ဖိုင့် အဖေ မှ ကျွန်တော့် ဆီ ဖုန်း ဆက်လာ၏ ။ စတင်၍ နှုတ်ဆက် လိုက်သည် ကြေကွဲစရာ ။

“ သားလား သားရယ် ဘာလို့ အဖေ့ ဆီ မလာတာလဲကွာ ။ သား လာခဲ့ပါ ။ အဖေ အားလုံး တာဝန်ယူတယ် ။ လာခဲ့ပါ သားရယ် ” တဲ့ ။

ည ဆယ်နာရီ မှာ ပင် ကျွန်တော် ကား ငှား၍ ဖိုင် တို့ ရှိရာ လမ်းထိပ် သို့ ထွက်လာခဲ့သည် ။ ကျွန်တော့် ကို မကြိုဆို ။ သူ့ ရင်သွေး ကျွန်တော့် သမီး စူဒါနမ် ကို ပွေ့ဖက်၍ မျက်နှာထား တင်းတင်း ဖြင့် ကြည့်၏ ။ ကျွန်တော့် က ဖိုင့် အချိုး ကို သိပြီး လေပြီ ။ ဖိုင့် အဖေ က ကျွန်တော့် ကို ကြိုလာခဲ့သည် ။ ကျွန်တော် က

“ ဘာဖြစ်နေတာလဲ မျက်နှာ က ”

ဟု ပြောကာ ဖိုင့် ခေါင်းကို ပုတ် ထည့်လိုက်၏ ။

“ အလိုလေး ဒါ မယားရပြီးတဲ့ ရုပ် ပဲ ။ ကြည့်ကြဟေ့ ကြည့်ကြ ”  

“ ဖိုင် ရူးနေသလားဟ ”

“ ဟုတ်ပါ့ ဟုတ်ပါ့တော် ။ ကျွန်မ ရူးနေပါရဲ့ ။ ဟွန်း သေချာပါပြီ ဒါ မယားသစ် ရထားတဲ့ ရုပ်ပါပဲ ”

တကယ်တော့ ဖိုင် သည် သူ့ မိသားစုနှင့် ကျွန်တော် အကျွမ်းဝင်စေ ရန် ရည်ညွှန်းဖတ်ညွှန်း ပြောနေခြင်း ဖြစ်သည် ။ ကျွန်တော် က ဖိုင့် အမေ ကို လက်အုပ်ချီ ၍ ဆာဝါဒီခပ် ဟု နှုတ်ဆက်သည် ။ ဖိုင့်ညီမ နှစ်ဦး နှင့် တူမ နှစ်ယောက် ကို တော့ ပြုံးရင်း နှုတ်ဆက် လိုက်သည် ။ ထို့နောက် ကျွန်တော့် သမီး စူဒါနမ် ကို ကြည့်လိုက်၏ ။ ဖိုင့် ကျွန်တော့် ကို ကြောက်လန့် တကြား ထွက်ပြေးရခြင်း ၏ ရင်းမြစ် ကို ကျွန်တော် သိလိုက်တော့သည် ။ စူဒါနမ် သည် ကျွန်တော် ဖြစ်နေပါတကား ။ ကျွန်တော့် မျက်လုံး ၊ ကျွန်တော့် မျက်နှာ ၊ ကျွန်တော့် အသားအရေ ဖြင့် ကျွန်တော့် အဖေ ၏ ဆံပင်တွန့်လေးများ ပိုင်ဆိုင်ထားသော စူဒါနမ် ကို ကြည့်၍ ကျွန်တော် ခေါင်း ခါယမ်းနေမိသည် ။

ဖိုင်

ဖိုင် သည် အားငယ်သော မျက်ဝန်း ၊ ရှုံးနိမ့်သူ မျက်ဝန်း ၊ ခံရခက်သည့် မျက်ဝန်းများ ဖြင့် ကျွန်တော့် ကို ကြည့်နေ၏ ။ ပြုံးရခက်ခက် ငိုရခက်ခက် ဖြစ်နေရှာသည် ။

အေး

ဇနီးအေး သည် လည်း ကျွန်တော် ပြည်ပ သို့ ထွက်ခါနီး တွင် ဤသို့ ကြည့်လာဖူး၏ ။ ဤသို့ ပြုံးပြခဲ့ဖူးသည် ။

ကျွန်တော် ဖိုင့် ကို လက်ဖဝါး ညှစ်ကာ ခေါင်း ခါယမ်းရင်း စကားတစ်ခွန်း ပြောချလိုက်ပါသည် ။

“ ကျွန်တော် သမီး ကို ဘယ်တော့မှ မယူသွားပါဘူး ဖိုင် ။ ကျွန်တော် သစ္စာ စကားပါ ” 

ဖိုင် ပြုံးလာသည် ။ ဖိုင့် အဖေ နှင့် အမေ လည်း ပြုံးကြသည် ။ မည်သူ တွေ ထပ် ပြုံးကြသည် ကိုတော့ ကျွန်တော် မသိတော့ ။ ကျွန်တော် သိသည် မှာ တော့ ဖိုင်တို့ နှင့် ဝေးရာသို့ နှစ်ပေါင်းများစွာ ကျွန်တော် ပြေးထွက် နေရဦးမည် ကို ဖြစ်ပါသည် ။

စူဒါနမ် ကို ကျွန်တော် စိတ်ချလေပြီ ။ စူဒါနမ်နှ င့် ဖိုင် တို့ အတွက် အကောင်းဆုံး ဝပ်ကျင်း သည် သည် မိသားစု သာ ဖြစ်၏ ။ ကျွန်တော် က သူတို့ ၏ ခရီးသွား မိသားစုဝင် မျှသာ ဖြစ်၏ ။ သည့် နောက်မှာ တော့ ကျွန်တော် တတ်စွမ်းသော ထောက်ပံ့မှုများ ဖြင့် ဖိုင်တို့ အိမ် ၌ တယ်လီဖုန်း တပ်ဆင် ပေးခဲ့သည် ။ ငွေကြေး ထိုက်တန်သလောက် ပေးခဲ့သည် ။ ပြီးတော့ ဖိုင်တို့ နှင့် ခွဲကာ ကျွန်တော် ခရီး နှင်ရပြန်လေပြီ ။

ဖိုင် သည် ကျွန်တော့် ကို ဘာမှ မမေးတော့ သလို ဘာမှ လည်း မတောင်းဆိုတော့ ။ ဖိုင် သည် ကွဲအက်ကျေပျက် ခဲ့သော ဘဝခရီးသည် ဖြစ်သည် ။ သူ သည် ထို ဘဝခရီးကြီး ထဲ၌ ကိုယ်ကျိုးမဲ့စွာ ခရီးနှင် နေရှာသည် ။ သူ့ အတွက် သူ အသက်ရှင် နေခြင်း မဟုတ် ။ မိသားစု အရေး ၊ သမီး ရဲ့ အရေးများ အတွက် ခရီးဆက် နေရှာသူ ဖြစ်၏ ။ ကျွန်တော် သည် သူ နှင့် အလွန် ဝေးကွာသော သူ ဖြစ်ခဲ့လေပြီ ။ သူ့ ကို ကျွန်တော် တွေးကြည့်သည် ။ မနက် ရှစ်နာရီ အလုပ်ခွင် သို့ ဝင်မည် ။ လမ်း ၌ မနက်စာ ကို တက်သုတ်ရိုက်၍ စားရဦးမည် ။ နေ့လည် ဆယ့်နှစ်နာရီ ထမင်း လာ ပြန်စားမည် ။ ညဘက် မှာ အချိန်ပို ရှိလျှင် ရှစ်နာရီခွဲ အထိ ဆင်းမည် ။ ပြန်လာလျှင် သမီးနှင့် တကွ သူ့ တူမများ ၊ မိဘ ၊ မောင်နှမများ နှင့် ထမင်းလက်ဆုံ စားကာ တစ်နေ့တာ ဖြတ်သန်းမှု ဇာတ်သိမ်း လိုက်၏ ။ သူ့ ဘဝ အတွက် ကျွန်တော် သည် ဘယ် အခန်း က မှ မလို ။ သူ ရင် ထဲမှာ တော့ ရှိနေပါလိမ့်မည် ။ အမုန်း ဖြင့် ရှိနေသည် လည်း ဖြစ်ချင် ဖြစ်မည် ။ အချစ် နှင့် ရှိ နေသည် လည်း ဖြစ်ချင် ဖြစ်မည် ။ အပြင် ဘဝ အတွက် မူကား ကျွန်တော် သည် ဘာမှ အသုံးမဝင်တော့ပြီ ။

ကိုယ့် အတ္တ ကို သာ ကိုယ် ချစ်သော ကျွန်တော် လို လူ အတွက် ဖိုင့် မှာ နေရာ မရှိတော့ပါလျှင် လွန်စွာ မှန်ကန်လှပါသည် ။

တွေ့စ က ဖိုင် သည် ကျွန်တော့် ထံ မှ တောင်းပန်စကားလေး ချစ်ခွန်း တုံ့တင်စကားလေး ကြားချင်မည်လား မသိ ။ ကျွန်တော် က မူ မပြော ၊ ပြောဖို့ လည်း ခက်လှ၏ ။ ကျွန်တော့် မှာ မာန ရှိသည် ။ ပေးသမျှ အပြစ် ကို ခံလိုက်မည့် မာန ဖြစ်သည် ။ တောင်းပန်စကား ဖြင့် သူ့ နှလုံးသား ထဲ ဝင် မတိုးချင် ။ ဤသည် ကပင် ‘  ဖိုင် ’ ချစ်ခဲ့သော ‘ အဒါ ’ ဖြစ်သည် ။ ‘ အဒါ ’ ကြွေးကြော်ခဲ့ဖူးသော စကား ကို မူ ဖိုင် မှတ်မိပါလိမ့်မည် ။ ဤ ကမ္ဘာဝယ် ‘  အဒါ ’ အား မုန်းနိုင်သူ သည် ‘ အဒါ ’ မှ လွဲ မရှိ ဟူသော စကား ဖြစ်သည် ။ ဤ စကား အတွက် ‘ အဒါ ’ ပြုရသော စိတ်ထားများ နှင့် တာဝန် ယူရသော ဆောင်ရွက်ဖွယ်ရာများ က များလှပါသည် ။ ကောက်ကျစ်မှု ကို နင်းဖြတ် ချေမှုန်း ပစ်ရသည် ။ ယုတ်မာမှု ကို နှိမ်နင်းပစ်ရသည် ။ သူတစ်ပါး အကျိုး ကို ဦးစားပေးရသည် ။ ကိုယ့် ကိုယ် ကိုယ် ဆုံးမစကားများ အစဉ် မိန့်ကြားနေရသည် ။ ‘ အဒါ ’ သည် ကိုယ့်နှလုံး ကို ဆေးကြော နေရပါသည် ။

ယခုအခါ မှာ လည်း ‘ စူဒါနမ် ’ ကို ဖိုင့် အား အပြီး ပေးလှူရ ပြန်ပြီ ။

စူဒါနမ် သည် ကျွန်တော် အားလေး အနည်းငယ် စိုက်ထုတ်ရုံ မျှဖြင့် ကျွန်တော့် မိဘ ထံ သို့ ရောက်သွားပါသည် ။ ဤကိစ္စ မှာ ကျွန်တော့် အတွ က် ဘာမှ မခက် ။ ခက်သည် က ကျွန်တော့် နှလုံးသား ၏ ဆန္ဒ ဖြစ်သည် ။ ဖိုင် သည် ကျွန်တော် နှင့် အတော်ကိုကွာခြားသော ဘဝ ၌ ရုန်းကန်ကျင်လည် နေရရှာသည် ။ ဖိုင် ၏ တစ်လစာ ဝင်ငွေ သည် ကျွန်တော် လူတစ်ယောက် ကို ဗီဇာ လျှောက်ပေးခ ရသည့် ဝင်ငွေ ထက် နည်းပါးလှသည် ။ ဖိုင့် အခြေအနေ ကို မူ အသေးစိတ် မပြောတော့ ။

ကျွန်တော် စင်ကာပူ သို့ ခေါ် ကြည့်သည် ။ ဖိုင် မလိုက်ချင် ။ ဟန်ဆောင် ကာဖြင့် လိုက်မည့် ဟန်လေးတော့ ပြသပါသည် ။ စူဒါနမ် ကို စင်ကာပူ မှာ ကျောင်းထားလို့ ရသည် ဆိုတော့ ဖိုင် သည် မူလ သံသယ ကို ပြန် ကိုင်စွဲ၍ ကျွန်တော့် ဖိတ်ခေါ်မှု ကို ငြင်းတော့သည် ။ ဖိုင့် မိဘများ ကလည်း သဘော မကျချင်တော့ ။ သူတို့ စိတ်စွဲ နေသည် မှာ စူဒါနမ် ကို ကျွန်တော် ခေါ်သွားမည့် အစွဲ ဖြစ်သည် ။ ‘ အဒါ ’ သည် အကြံ ကြီး၏ ။ လုပ်ချင်တာ လုပ်၏ ။ ဉာဏ်များ ၏ ။ လူပေါင်း ဆံ့၏ စသည် များ ကို သူတို့ တွက်ဆ မြင် တွေ့ထားပြီး လေပြီ ။ ‘ အဒါ ’ သည် ယခင် ‘ အဒါ ’ မဟုတ်တော့ ။ ထို့ကြောင့် မယုံရဲတော့ ။

ဖိုင် ကတော့ တစ်ခွန်း ပြောပါသည် ။

“ နမ့်ရို မရှိရင် အမေတော့ သေမယ် ။ ဖိုင် လည်း သေမှာပဲ ” ဟု ပြောဖူးသည် ။ သမီး ကို သူတို့ က အိမ် နာမည် ‘ နမ့်ရို ’ ဟု  ခေါ်ကြသည် ။

ကျွန်တော် ဘာ့ကြောင့် သူတို့ နှင့် မဝင်ဆံ့သည် ကို စဉ်းစာကြည့်မိပြ န်သည် ။ ထို့အတူ ကျွန်တော့် သမီး ကျတော့ ဘာကြောင့် သူတို့ နှင့် ဝင်ဆံ့ နေရသည် ကို စဉ်းစားမိပြန်သည် ။ ထို့အပြင် ကျွန်တော် သူတို့ နှင့် ဝင်မဆံ့ခြင်း က ထာဝရ ဖြစ်၍ သမီး သူတို့ နှင့် ဝင်ဆံ့ခြင်း က ထာဝရ ဖြစ်နေမည့် ကိစ္စတွေ ကို တွေးမိပြန်၏ ။

ကျွန်တော့် အတွက် စိတ်ခံစားချက် အသစ် ဖြစ်ပါသည် ။

ကျွန်တော် နှင့် ဖိုင် တို့ သည် မမုန်းကြ ။ သို့ပါလျက် နှော၍ မရ ။ သမီး နှင့် ကျွန်တော် သည် လည်း ထို့အတူ ဖြစ်နေ ပြန်၏ ။ သမီး က ဘန်ကောက်သူ အစစ် ။ ကျွန်တော် က ဧည့်သည် ။ နောင်တွင် သည့်ထက် ပို၍ ကွဲပြားရတော့မည် ။ သမီး သိမည့် ဘာသာစကား ၊ ဝန်းကျင် ၊ ဓလေ့ ၊ လူမျိုး ၊ နိုင်ငံ တို့သည် ကျွန်တော် နှင့် သမီး တို့ ကို ပို၍ ဝေးကွာစေတော့မည်ကိုး ။

ဖိုင် မှ လွဲ၍ တခြား လူတို့ သည် သမီး အား ကျွန်တော် သည် တရားမဝင် နိုင်ငံသား တစ်ဦး ဟု ပြောကြလေဦးမည် ။ သမီး မည်သို့ ခံစားရမည်နည်း ။ အဖေ ဆုံးရှာပြီ ဆိုလျှင်ပင် ကောင်းဦးမည်လား မသိ ။ ထို အတွေးသည် ကျွန်တော့် ရင် ကို ဆောင့်၏ ။ မျက်ရည်ဝဲ၏ ။ သို့ရာတွင် ကျွန်တော် မငိုဝံ့ ။ အဖေ ဆုံးစဉ်ကပင် မျက်ရည် ကို ကျွန်တော် နှိပ်ကွပ်ခဲ့ ပြီးပြီ ။ ယခု ရင်သွေး ကျမှ ငိုလျှင် ကိုယ့် ဝါဒ ကိုယ် သစ္စာဖောက်ရာ ကျမည် ။ ရှေ့တွင် ဘာတွေ ကြုံဦးမည် မသိသေးဘဲကိုး ။ ဤကိစ္စ မျှ ဖြင့် မျက်ရည် ကျပါလျှင် ‘ အဒါ ’ သည် လူပျော့လူညံ့ ဖြစ်ချေမည် ။ မငို သေး ။ ‘ အဒါ ’ မငိုသေးပါ ။

ထို မျက်ရည် ကျလုလု ခံစားချက် ဖြင့် ကျွန်တော် ကိုယ်ချင်းစာ မိသည် က ဖိုင် နှင့် ဇနီး အေး ကို ဖြစ်သည် ။ သူတို့ နှစ်ဦးစလုံး ကျွန်တော် ကြောင့် မျက်ရည်များ ဖြင့် ပြုံးကြည့်ခဲ့ကြသည် ။ ယခုတော့ ကျွန်တော် လည်း ချစ်သမီး စူဒါနမ် ကြောင့် မျက်ရည် ကျလုလု ဖြင့် ပြုံး ကြည့်ရသည် ။ ကျွန်တော့် အား စူဒါနမ် က မျက်ရည်များ ဖြင့် ပြုံး စေခဲ့သူတည်း ။

▣  မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်

No comments:

Post a Comment